❝ နန်းညွန့်ဆွေ နှင့် တွေ့ဆုံပေးခြင်း ❞
ကဗျာ ၊ ဂီတ ၊ ယဉ်ကျေးမှု သုတေသန စတဲ့ အနုပညာနယ်ထဲမှာ ကျင်လည်နေတဲ့ ဆရာ နန်းညွန့်ဆွေ နဲ့ တွေ့ဆုံပေးဖို့ အလှည့်ကျလာပြန်ပါတယ် ။ ဆရာ့ကဗျာတွေ ၊ ဆောင်းပါးတွေမှာ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ အရေးများတာမို့ လူငယ် စာဖတ်ပရိသတ်နဲ့ ကတော့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် ယဉ်ကျေးမှု ၊ မြန်မာမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ ဆရာ့စာနဲ့ ပိုပြီး ရင်းနှီးကြပါတယ် ။ ကဗျာ ၊ ဂီတ ၊ ပြဇာတ် စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြားမြောင်လှတဲ့ ဆရာ့ အတွေ့အကြုံတွေထဲက လက်လှမ်းမီသမျှ ဆွေးနွေးတင်ပြရရင် ... ။
••••• ••••• •••••
ⓌⓃ ဆရာ စာပေလောက ဝင်လာခဲ့ပုံ စပြီး ပြောကြရအောင် ။
ⓃⓃⓈ ငယ်ငယ် ကတည်းက ကဗျာကို ဝါသနာပါပြီး လေ့ကျင့်ခဲ့ပါတယ် ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စ ရန်ကုန်မြို့မှာ ဂရိတ်တားအေရှ ( Greater Asia ) ဆိုတဲ့ သတင်းစာ ထွက်ပါတယ် ။ အဲဒီမှာ အရှေ့အာရှတိုက် သာတူညီမျှ ကောင်းစားရေးဝါဒအကြောင်း ကဗျာပြိုင်ပွဲ လုပ်တယ်ဆိုလို့ ရတုပိုဒ်စုံ ရေးပြီး ပို့ပါတယ် ။ အယ်ဒီတာ့ လက်မှတ်နဲ့ စာပြန်လာတယ် ။ ကျေးဇူးတင်ကြောင်း ၊ ငွေ ၂၅ ကျပ် ပူဇော်ပါကြောင်း ရေးထားတယ် ။ အဲဒါ အစပါပဲ ။
စစ်တွင်းခေတ် ရန်ကုန်မှာ လာနေတော့ ၁၉၄၃ ခု ၊ သြဂုတ်လ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ကြေညာပေးပါတယ် ။ ဒီအခါ မြန်မာ့လွတ်လပ်ရေးဘွဲ့ ရတုပိုဒ်စုံကို ရေးပြီး အသံလွှင့်ဌာနက ကိုယ်တိုင် ဖတ်ကြား အသံလွှင့်ခဲ့ပါတယ် ။ အဲဒီမှာ မဟာဂီတဆရာကြီး ဦးသိုက် ၊ ဦးကျော်ညိန်း ( မာတလိ ) ၊ ဦးသန်းမြင့် ( အဘ ) တို့နဲ့ ခင်မင်ရင်းနှီးရပါတယ် ။ ဟောပြောချက်အခန်းကနေပြီး မြန်မာစာပေအကြောင်း ၊ မြန်မာမှုအကြောင်းများကို မကြာခဏ အသံလွှင့်ရပါတယ် ။
စစ်ပြီးခေတ် ရန်ကုန် ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ ကျဆုံးသွားတဲ့ အတွက် တမ်းတတဲ့ မဟာကဗျာ လေးချိုးကြီးတစ်ပုဒ် ရေးပြီး မြန်မာ့အလင်း သတင်းစာကို ပေးတဲ့အခါ တခမ်းတနား ပါလာပါတယ် ။ ဝမ်းသာသွားတာပေါ့လေ ။ ၁၉၄၈ ခု ၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့ မြန်မာ့လွတ်လပ်ရေးဘွဲ့ မဟာကဗျာ လေးချိုးကြီး တစ်ပုဒ်ကို မြန်မာ့အလင်း သတင်းစာ မှာပဲ ရေးခဲ့ပါတယ် ။ လွတ်လပ်ရေးအထိမ်းအမှတ် လူငယ်များ အစည်းအရုံးက ကျင်းပခဲ့တဲ့ ကဗျာပြိုင်ပွဲမှာ ဆုရတဲ့အတွက် ပတ်ကား ဖောင်တိန် ၊ စာအုပ်နဲ့ ငွေ ၃၅ ကျပ် ရပါတယ် ။
အဲဒီနောက် သတင်းစာ အထူးထုတ်များနဲ့ မဂ္ဂဇင်းစာစောင်များမှာ ဆောင်းပါး ၊ ကဗျာများကို ရေးခဲ့ ပါတယ် ။ ကျွန်တော့်ရဲ့ ပထမဆရာက ဦးညာဏ ပါ ။ ဒုတိယဆရာက ဦးသိန်းဖေမြင့် ပါ ။ ဦးညာဏ ကတော့ ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ထဲ ဝင်စေချင်တယ် ။ ဦးသိန်းဖေမြင့် က ဝတ္ထုရေးစေချင်တယ် ။ ဒါပေမဲ့ ကျွန်တော်က စာပေသုတေသနဘက်မှာ စိတ်သန်နေတော့ ဝတ္ထုလည်း မရေးဖြစ်ဘူး ။ ရုပ်ရှင်ဘက်လည်း မရောက်ဘူး ။ အဲဒီမှာ ယဉ်ကျေးမှုဌာန ရောက်တော့ ပိုပြီး သုတေသနဘက် သန် သွားတာပေါ့လေ ။
ⓌⓃ ကဗျာမှာလည်း ဆရာ ရေးခဲ့တာ လေးချိုးတွေ များတယ်နော် ။ ဆရာပြောတဲ့ မဟာကဗျာလေးချိုးကြီး ဆိုတာကတော့ ခုခေတ်ဆိုရင် မတွေ့မိသလောက်ပါဘဲ ။
ⓃⓃⓈ ဆရာကြီး ဦးသာမြတ် က ကျွန်တော့်ကို ပြောပါ တယ် ။ ဘကြီးမှိုင်း ရဲ့ အမွေကို ဆက်ခံနိုင်တာ ခင်ဗျား တစ်ယောက်ပဲ ရှိတယ် ။ ဆက်ကြိုးစားပါတဲ့ ။ ကျွန်တော်လည်း ကြိုးစားပါတယ် ။ ၁၉၅၆ ခုနှစ် မေလထုတ် ရှုမဝမှာ ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ဘွဲ့ လေးချိုးကြီးကို ရေးခဲ့ပါတယ် ။ ဒါပေမဲ့ လေးချိုးကြီးကို ဆက်မရေးနိုင်ဘူး ။ အင်မတန် ခက်ပါတယ် ။ ဒါနဲ့ လေးချိုးလတ် ၊ လေးချိုးပုလဲနဲ့ လေးချိုး သံချိုလောက်ကိုပဲ ရေးနိုင်ပါတယ် ။
ⓌⓃ လေးလုံးစပ် ကဗျာကော ရေးပါသလား ဆရာ ။
ⓃⓃⓈ လေးလုံးစပ် ကဗျာကိုလည်း ရေးပါတယ် ။ ဆယ်တန်းကျောင်းသုံးစာအုပ်မှာ ပါတဲ့ “ နွေဦးဂီတ ” ကဗျာဟာ လေးလုံးစပ်ပါ ။ လေးလုံးစပ်ကဗျာကို ရေးတဲ့ အခါမှာလည်း မြန်မာဟန် မပျက်အောင် ထိန်းပြီး ရေးပါတယ် ။ ကျယ်ကျယ်ပြန့်ပြန့် အတွေးအခေါ်ကို ရေးချင်ရင် လေး လုံးစပ်ကဗျာနဲ့ ရေးပါ တယ် ။ လေးလုံးစပ်ရေးနည်းက ချောင်ပါတယ် ။ ဝေါဟာရကို နိုင်နင်းပြီးသား ဆိုတော့ အတွေးအခေါ်ပဲ လိုပါတယ် ။ လေးချိုးကဗျာ ကတော့ စည်းကမ်းဘောင် ရှိနေတဲ့အတွက် မချောင်လှဘူး ။ နည်းနည်း ကျပ်ပါတယ် ။ ဒါကြောင့် ခေတ်စမ်းခေတ်က ဆရာများဟာ လေးချိုးသံချိုကို ရေးကြပါတယ် ။ လေးချိုး သံချိုက ကာရန်တစ်လုံး ချိတ်နိုင်ရင် ပြီးတာပဲ ။ လေးချိုးပုလဲကျတော့ ကာရန်အပြည့် ထပ်ရတဲ့အတွက် အလွန်လည်း ခက်ပါတယ် ။ အလွန်လည်း ကျပ်ပါတယ် ။
ဒီခေတ်မှာ လေးချိုးပုလဲ ကို ရေးသူ မရှိတော့ပါဘူး ။ ကျွန်တော်ကတော့ ရှေးဆရာကြီးများရဲ့ ရှေးမူရှေးဟန် မြန်မာဆန်ဆန်ကလေးကို မပျောက်အောင် ထိန်းတဲ့အနေနဲ့ လေးချိုးပုလဲကို ဆက်ရေးနေပါတယ် ။
ⓌⓃ ဆရာ ထုတ်ခဲ့တဲ့ ကဗျာစာအုပ် ဘယ်နှအုပ်ရှိပြီလဲ ။
ⓃⓃⓈ နှစ်အုပ် ရှိပါပြီ ။ “ မေတ္တာတေးသံ ကဗျာများ ” စာအုပ်ကို ၁၉၆၁ ခုနှစ်က ဟံသာဝတီ စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေပါတယ် ။ ဒီစာအုပ်မှာ ကျွန်တော် ငယ်ငယ်က ရေးခဲ့တဲ့ အချစ်ကဗျာ ၊ အလွမ်းကဗျာနဲ့ အလှကဗျာလေးများကို တွေ့ပါလိမ့်မယ် ။ အချို့က ကျွန်တော့်ကဗျာများကို ဂီတဆန်တယ်လို့ ပြောကြပါတယ် ။ မှန်ပါတယ် ။ ကျွန်တော်ကိုယ်တိုင် ဂီတသမား ဖြစ်နေလို့ ဂီတဆန်တာပါ ။ ဒါနဲ့ပတ်သက်လို့ ပြောရရင် လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးပေးတဲ့ ရတုပိုဒ်စုံကို ဂရိတ်ဦးဘိုးစိန် က မဆိုတတ်ဘူးလို့ ဆိုတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ် ။
ဦးမောင်ကြီး ဟာ ပညာရှိကြီးပါ ။ ခက်ခက်ခဲခဲနက်နက်နဲနဲ စကားလုံးတွေ ရေးထားပေမဲ့ ဂီတနဲ့ ပတ် သက်တဲ့ဘက်မှာ မကျွမ်းတော့ ဂီတသဘောနဲ့ ဖတ်ရာမှာ မချောဘူးပေါ့ ။ ကျွန်တော် ရေးတဲ့ ရတုဆိုရင် ဖတ်လို့ ဆိုလို့ ချောအောင် ရေးပါတယ် ။ အဆိုတော် တင်တင်မြ ၊ မာမာအေး ၊ သင်းသင်းမြတ် ၊ မူမူခင် တို့ဟာ လှလှပပ သီဆိုနိုင်ကြပါတယ် ။
ဂီတဆန်လို့လည်း အဆိုတော် ရုပ်ရှင်မင်းသား တွံတေးသိန်းတန် သီဆိုထားတဲ့ “ ထွေးညို ” သီချင်းကို မိတ်ဆွေတို့ ကြားဖူးကြမှာပေါ့ ။ ကျွန်တော်ရဲ့ “ ကြွေလုဟန်စော ” လေးချိုးကဗျာကို ယူပြီး ရေးထားတာပါ ။ “ ထွေးညို ” ဟာ တစ်နိုင်ငံလုံး ပျံ့နှံ့တဲ့ သီချင်းပါပဲ ။ ကျွန်တော်လည်း စောစောက မသိပါဘူး ။ နောက်မှ သူတို့ လာပြောလို့ သိရပါ တယ် ။
ပြီးတော့ ကျွန်တော့်ရဲ့ “ ယဉ်မျိုးစု ” ကဗျာကို ဂီတစာဆို ရန်နိုင်ဆွေ က အသံသွင်းပြီးတော့ အဆိုတော် ကိုညွန့်လွင် နဲ့ သီဆိုထားပါတယ် ။ ပြည်လမ်း အသံလွှင့်ရုံ ကြီး ရောက်တော့ မူလက အသံသွင်းထားတဲ့ ဓာတ်ပြား မကောင်းတော့လို့ ထပ်ပြီး ဓာတ်ပြားသွင်းပေးရပါတယ် ။
ဒါကြောင့် ဂီတဆန်တယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ် ။ ဂီတဆန်လို့လည်း ကျွန်တော့် ကဗျာကလေးတွေက ကာရန်နဲ့ သံစဉ် ချောမွေ့နေတာကို ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ် ။ နည်းနည်း ထူးခြားတာလေးကို ပြောရရင် “ ယုံတမ်းစကား ” ကဗျာလေးကို ဖတ်ကြည့်ပါ ။
ရေမြေဆုံးစေတော့
မောင်ဘုန်းကို ထာဝစဉ်ပ
ကမ္ဘာတွင် မေ့ပါဘူးရယ်လို့
အစိန္တေသင်္ချေစူးစေတော့
ဆိုဖူးခဲ့ သစ္စာတွေ ။ ။
တစ်မိုးအောက်တွင်ဖြင့်
တစ်ယောက်မောင် ထင်ပါလေနဲ့
ကြင်နာတွေ ချစ်ကြည်နှလုံးရယ်နဲ့
ကိန္နရီ မဒီရှုံးမယ်လို့
အပြုံးသာသာချိုချိုပ
ခရာပို သူ့အပြောရယ်က
မောလောက်ပါပေ ။ ။
ယခုများမှာတော့
သူ့စကားဟာက
ရွှေကျား ရွှေယုန်တို့
တစ်နေကုန် သက်ငယ်ရိတ်တယ်လို့
ကလေးကို အငိုတိတ်အောင်ပ
သိပ်ရှာတဲ့ ပုံအနေ
ယုံစေတော့ တိုက်တွန်း ။
ပြောင်းရွှေ့ကာပင်
ဆောင်းလေပမာ အသွင်ပေါ့
ငွေသဇင် ပေါ်လုဆဲဟာမို့
ခဝဲကို သူ မပန်ဘု
တစ်မူဟန်သွေတဲ့ အလားရယ်နဲ့
သနစ်စုံ ဖြစ်ပုံများကိုလ
ယုဂန်ဗွေ ငွေရထားကိုကွယ်
ကြားသိစေညွှန်း ။ ။
ⓌⓃ ဒါက ဆရာပြောတဲ့ လေးချိုးသံချို ထင်ပါရဲ့နော် ။
ⓃⓃⓈ ဟုတ်ပါတယ် ။ ရှေးက မောင်းထောင်ဦးကျော်လှ ဆိုတဲ့ ဆရာကြီးဟာ ရုပ်သေးစင် လက်တန်းကို ကိုင်ပြီး သံချိုကဗျာများကို ရွတ်ဆိုသွားခဲ့ပါတယ် ။
ⓌⓃ လေးချိုးပုလဲ ဆိုတာကကော ဆရာ ။
ⓃⓃⓈ ပုလဲတစ်တန့် ၊ ရွဲတစ်တန့် စီထားသလို ကာရန်တူ အသံတူ စကားလုံးကလေးတွေကို အပြည့်ထပ်ရေးထားတဲ့ လေးချိုးမျိုးကို လေးချိုးပုလဲလို့ ခေါ်ပါတယ် ။ သူက အင်မတန် ခက်ပါတယ် ။ ကာရန်ကို လိုက်ရလွန်းတော့ မလိုအပ်တဲ့ စကားလုံးတွေ ၊ အဓိပ္ပာယ် ချော်ထွက် စကားလုံးတွေ ပါရင် မကောင်းဘူး ။ အဓိပ္ပာယ်လည်း ရှိရမယ် ။ ကဗျာလည်း လှရမယ် ။ အတွေးအခေါ်လည်း ကောင်းရမယ်ဆိုရင် အကောင်းဆုံးပေါ့ ။ ကိုင်း - ဟောဒီ “ နွေနှောင်းနယုန် ” ဆိုတဲ့ ကဗျာကို ဖတ်ကြည့်ပါဦး ။
အရွယ်တူ အဆင်းညီကလေးတွေပေါ့
တကယ်ကြူ သင်းကြည်မွှေးရန်ကော
စံပယ်ဖြူ ခင်းဆီနံဘေးမှာတော့
နှင်းရည်သွေး မြတ်လေးငုံ ။ ။
ကြွေစလုဖွယ် ညှာတံရိုးငယ်နဲ့
သပြေနုငယ်သာဟန်ပျိုးပါဘိ
နွေရတုဝယ် ရွာရန်မိုးတွေက
ဖြိုးလင့်ကာအုံ ။ ။
ဝါမဝင်မီ သုတ္တန်ဓမ္မရယ်နဲ့
ခါယခင်ညီ သရုပ်မှန်ပြပါလို့
စာသဘင်မည် ထုတ်ပြန်ကြပါတဲ့
နှုတ်ဝစနံအရ ကဝိမြတ်ဂုဏ်
သိမှတ်ကုန်ရော့လို့ ယူမျှော်စရာမလွဲ
ပိဋကတ်အစုံကိုဖြင့် ပူဇော်မဟာပွဲ ။ ။
မြန်မာစာပေဟာ တိုင်းတစ်ပါးစာပေတွေနဲ့ လုံးဝ မတူဘူး ။ ကာရန်ကြီး ၁၆ ပါး ၊ ကာရန်ငယ် ၆၄ ပါး ရှိတဲ့အတွက် အလွန် ကာရန်ကြွယ်ဝတဲ့ ဘာသာတစ်ရပ်ပါ ။ ဒါကြောင့်လည်း ဘကြီးမှိုင်းတို့ ရေးလိုက်တဲ့ လေးချိုးကြီးတွေဟာ စကားလုံး ၁၄ လုံး ၊ ၁၅ လုံးထိ အပြည့် ထပ်ပြီး ရေးနိုင်တာပေါ့ ။ ကမ္ဘာပေါ်ရှိ ဘယ်လူမျိုး ၊ ဘယ်စာပေမှာမှ အဲဒီလို ရေးဖို့ ကာရန်မရှိဘူး ။ အသံပဲ ရှိတယ် ။ သံစဉ်ကလေး ညီအောင်ရေးကြတယ် ။
ⓌⓃ ဒါဖြင့် စိတ်မရှိပါနဲ့ ဆရာ ၊ ကာရန်မဲ့ကဗျာ ဆိုတာကို ဘယ်လို သဘောထားပါသလဲ ။
ⓃⓃⓈ ဟာ ... အဲဒီ မေးခွန်းကို သိပ်ဖြေချင်တယ်ဗျာ ၊ မြန်မာစာပေဟာ အလွန် ကာရန် ကြွယ်ပါတယ်လို့ ပြောခဲ့ပြီ ။ ကုသိုလ်ကံ ကောင်းလွန်းလို့ ဒီစာပေကို ရထားတဲ့ အတွက် အလွန် ဂုဏ်ယူသင့်ပါလျက် ကာရန်မဲ့ပြီး ကဗျာကို ရေးမယ် ဆိုရင်တော့ ကဗျာစည်းကမ်း ၊ ကဗျာ သိက္ခာကို ထိခိုက်စေတယ်လို့ ယူဆပါတယ် ။ နောက်ပြီး ကာရန်မဲ့တဲ့ အတွက် ကဗျာအဖြစ် သီကုံးမှု အားမာန်လည်း လျော့စေတယ် ။ ဆိုလိုရင်းကတော့ ကာရန်မဲ့ကဗျာ ဆိုတာ မရှိသင့်ပါဘူး ။
ⓌⓃ ဆရာ့ နောက်စာအုပ်အကြောင်း ဆက်ပါဦး ။
ⓃⓃⓈ နောက်ထပ် ရေးတဲ့ ကဗျာကလေးများကို စုပေါင်းပြီး “ စာဆို့မာန် ” အမည်နဲ့ ၁၉၇၈ ခုနှစ်က ထုတ်ဝေခဲ့ပါတယ် ။ “ မေတ္တာတေးသံ ” စာအုပ်တုန်းကတော့ ငယ်ငယ်က ရေးတာမို့ အလှကို အဓိကထား ရေးခဲ့တယ် ။ “ စာဆို့မာန် ” ကျတော့ အလှကို လျှော့ပြီး အတွေးအခေါ်ကို အဓိကထား ရေးခဲ့တယ် ။ ဒါကြောင့် ရေးရတာ နည်းနည်း ချောင်တဲ့ လေးချိုးသံချိုနဲ့ လေးလုံးစပ်ကဗျာကို အားပြုပြီး ရေးပါတယ် ။ ဟောဒီ ကဗျာကလေးကို ဖတ်ကြည့်ပါ ။
▬ ဧရာဝတီ၏ သြဝါဒ
ဇော်ဂျီမြစ်လောင်း
မြစ်ငယ်ချောင်းလည်း
စုပေါင်းဝင်လာ မြစ်ဧရာသို့
ဝဲမှာဘက်က ရှိနေ၏ ။
ချင်းတွင်းမြစ်ကြောင်း
မုန်းမန်းချောင်းလည်း
စုပေါင်းဝင်လာ မြစ်ဧရာသို့
လက်ယာဘက်က ရှိနေ၏ ။
လက်ဝဲမြေဝယ် ၊ တည်နေပေါက်ဖွား
ညီနောင်များတို့ ၊ သွေးသားတူမျှ
ဧရာမနှင့်
အညမည ဖြစ်သတည်း ။
လက်ယာမြေဝယ်
တည်နေပေါက်ဖွား
ညီနောင်များတို့ ၊ သွေးသားတူမျှ
ဧရာမနှင့်
အညမည ဖြစ်သတည်း ။
မေခ - မလိခါ ၊ သည်းနှစ်မြွှာမှ
ဝဲယာဖြန့်ရစ် ၊ ဧရာမြစ်သည်
မဇ္ဈိမလမ်း ၊ ဖြောင့်တန်းတန်းတည်း ။
ဪ ...
ပထဝီနေထား ၊ သဘာဝများပင်
တရားယူဆောင် ၊ တို့ပြည်ထောင်ကို
ဦးဆောင်ညွှန်ပြ ၊ သက်သေရသည်
မြစ်မဧရာ စီးမြဲပင် ။
ချစ်ကြစေရာ နည်းမကွဲအစဉ် ။ ။
ဒီကဗျာကို ၁၉၇၂ ခု ၊ ပြည်ထောင်စုနေ့က ရေးခဲ့ပါတယ် ။ အချပိုဒ်မှာ နှစ်ဆင့်ချ ကလေးတွေကို ကျွန်တော်က စထွင်ပြီး သုံးခဲ့တာပါ ။ အဓိပ္ပာယ်လည်း ရှိရမယ် ။ ကဗျာလည်း လှရမယ်ပေါ့ ။ ဒီလိုဟာကျတော့ လေးချိုးတို့ ၊ တေးထပ်တို့နဲ့ မရဘူးဗျ ။ လေးလုံးစပ်နဲ့မှပဲ ဖြစ်တယ် ။
“ စာဆို့မာန် ” စာအုပ်မှာ ပါတဲ့ ကဗျာ ၅၂ ပုဒ်ဟာ အားလုံး အတွေးအခေါ်ချည်းပါပဲ ။ အလှသက်သက် မဟုတ်တော့ဘူး ။
ⓌⓃ စာအုပ်အမည်ကို “ စာဆို့မာန် ” လို့ ဘာကြောင့် အမည်ပေးသလဲ ဆရာ ။
ⓃⓃⓈ ဟုတ်သားပဲ ၊ အဲဒါကို အရင် ရှင်းရမှာဗျ ။ စာဆိုဟာ မိမိ အားမာန်ကို ဆောင်ပြီး လက်သီးလက်မောင်း တန်းပြတာပါပဲ ။ အစဆုံး မျက်နှာက ကဗျာကို ဖတ်ကြည့်လေ ။
▬ စာဆို့မာန်
ငါ၏အသွေး ၊ နီတွေးတွေးကို
စုဝေးပျော်ပျော် ၊ မင်ရည်ဖျော်အံ့
ငါ၏အသား ၊ ညံ့ထွားထွားကို
ပျားချပ်သီချုပ် ၊ စက္ကူလုပ်အံ့
ငါ၏အရိုး ၊ မာခေါင်မျိုးကို
သင့်နိုးရွေးချယ် ၊ စုတ်တံသွယ်အံ့
ငါ၏ဆံပင် ၊ သေးမျှင်မျှင်ကို
စုံလင်စုပြီး ၊ ပန်းဖွားစည်းအံ့
အသားစက္ကူ ၊ ရိုးမူကလောင်
သွေးရောင်မင်လဲ့ ၊ ဆနွဲ့ ပန်းဖွား
စတေးထားပြီး ၊ ရေးသားပြုစု
ကဗျာနုဖြင့် -
ပြည်သူ့နှလုံး ၊ ရွှင်စေပြုံးအံ့
ပြည်သူ့အသည်း ၊ သံမှိုစွဲအံ့
ပြည်သူ့သည်းခြေ ၊ ခိုင်မာစေအံ့ ။
မသွေဓိဋ္ဌာန် ၊ ငါ စိတ်သန်သည်
နောက်ဆံမြူမျှ -
တစ်ချက်မဆုတ်တကား ။
ဖောက်ပြန်သူများအတွက် မဟုတ်တကား ။
ⓌⓃ ဆက်ပြီး မေးချင်တာကတော့ ကဗျာတွေ ဆက်ရေးဦးမှာလားလို့ ။
ⓃⓃⓈ ရေးပါ့မယ် ၊ နောက်ထပ် ရေးတဲ့ ကဗျာတွေကို စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ဖို့ စီစဉ်နေပါတယ် ။
ⓌⓃ အဲဒီမှာလည်း အတွေးအခေါ် ကဗျာတွေပဲလား ဆရာ ။
ⓃⓃⓈ ဟုတ်ပါတယ် ၊ ကဗျာရေးရန် အကြောင်း နှစ်ချက် ရှိပါတယ် ။ ပထမအချက်ကတော့ မည်သူမျှ မတွေးဖူး ၊ မရေးဖူးတဲ့ အကြောင်းအရာအသစ်ကို ရှာပြီး ရေးခြင်း ဖြစ်ပါတယ် ။ ဒုတိယအချက် ကတော့ အကြောင်းအရာအသစ်ကို မရှာနိုင်ရင် အကြောင်းအရာ အဟောင်းကို အမြင်သစ် ( ရှုထောင့်အသစ် ) နဲ့ ရေးသားခြင်းဖြစ်ပါတယ် ။ နှစ်မျိုးစလုံးမှာ အတွေးအခေါ် ကတော့ ပါရပါမယ် ။
ⓌⓃ စောစောက ဆရာပြောခဲ့တဲ့ လေးချိုးပုလဲ ဆိုတဲ့ ကဗျာကလေးတွေကော ထပ်ရေးဦးမှာလား ဆရာ ။
ⓃⓃⓈ ဟုတ်ကဲ့ ၊ ရှေးဆရာကြီးများရဲ့ ဟန် ၊ မြန်မာ ဆန်တဲ့ လေးချိုးပုလဲ ကဗျာကလေးတွေကို မတိမ်ကော ၊ မပပျောက်ရအောင် ဆိုပြီး ကျွန်တော် ကြိုးစားရေးနေပါ တယ် ။ မယ်ကုဝဏ်နဲ့ စန္ဒမုခိဘီလူးမ နှစ်ယောက် အကြောင်း စပြီး ရေးပါတယ် ။ ဘီလူးမ ဆိုပြီး လူတွေက ချိုးချိုးဖဲ့ဖဲ့ နှိမ့်ချထားတာကို တော်လှန်ပြီး ဘီလူးမ ဘက်က သနားကရုဏာ ဖြစ်စရာကောင်းအောင် ရေးထားပါတယ် ။
အဲဒီလို ပုဂ္ဂိုလ်ရေးကဗျာ တော်တော်များပါပြီ ။ နတ်ရှင်နောင် ၊ ဓာတုကလျာ ၊ အနောက်နန်း မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် ၊ မောင်ဖေငယ် စသူတို့ရဲ့ အကြောင်းကို လေးချိုးပုလဲ ကဗျာကလေးတွေချည်း ရေးထားပါတယ် ။ ရှေးဆရာကြီးများရဲ့ မြန်မာဟန် မပျောက်စေချင်လို့ပါ ။
ⓌⓃ နမူနာကလေး တစ်ခုလောက် ကြည့်ပါရစေ ။
ⓃⓃⓈ လူတိုင်း သိနေတဲ့ အနောက်နန်း မမြကလေး အကြောင်းကိုပဲ ဖတ်ကြည့်ပါဗျာ ၊ ဟောဒီမှာ ... ။
▬ အနောက်နန်းမမြကလေး
ချစ်သမျှကို သီတာရေမြေအဆုံးပါပဲ
လှစ်ဟဆို စီကာအထွေထွေကုံးပါလို့တီတီတာတာလေ အပြုံးရယ်နဲ့
ထွေးဖွဲ့ကြူကာနော်
ဤကမ္ဘာမြေအလုံးမှာဖြင့်
အတွေးနဲ့ သူဟာပျော် ။
မြကလေးရယ်လို့
လှသွေးရည် တကယ်ပေါ်တဲ့
တစ်ဆယ်ကျော်သက်ရွယ်နုစဉ်က
ဖက်မဆွယ်မက်စဖွယ်မှုတွေနဲ့
နှိုင်းတုမမျှော် ။
စံပယ်ဖြူ ၊ အပြစ်ဆိုစရာ မတွေ့သလိုပ
ငယ်ရွယ်သူ အချစ်ကိုသာ မွေ့စဉ်က
မြင်းမိုရ်ပမာလေ့
အတုအယောင်မပေါ်
ဗြဒုဆောင်ပေါ်က အသစ်ပိုပူပုံပွား
သူ့မောင်တော်ရဲ့ အချစ်ကို သူ ယုံစား ။
နည်းလမ်းပျက်ရှာ
ထီးနန်းတွက်တာ အာဏာလုကြတော့
ဘယ်သူ့ကို ဘယ်အသွင်လို့
တကယ်ပင် မမြင်တတ်သူမို့
ပိုးအကုန် ကြိုးစုံတပ်ပါလို့
သံသာသာ ထံတျာခတ်နေခိုက်
ထီးမငြိမ်စဉ် မီးရှိန်ဟပ်သလိုပ
ကျဉ်းကျပ်ကာ ကြမ္မာဆောင်တော့
မင်းဝံတောင် နေစွယ်ငုပ်ချိန်က
ဖြေမဆီ ကေသီရုပ်ပါလို့
ရက်အရှည် မျက်ရည်သုတ်ရပေါ့
( ဩော် ... )
ရှုပ်သမျှ ဖန်လာတဲ့
သမုဒယမှန်စွာ တရားရယ်ကြောင့်
( ဆရာတို့ရယ် ... )
ဒုက္ခသံသရာက
သူ့ဘဝ ကံကြမ္မာကို သနား ။
ⓌⓃ ကဗျာနဲ့ ပတ်သက်တဲ့ ဆရာ့ အယူအဆကို ပြောပါဦး ။
ⓃⓃⓈ ကဗျာဟာ ပြောချင်တဲ့ အကြောင်းကို တိုက်ရိုက် မပြောဘူး ။ ဝင်္ကဝုတ္တိ ၊ ပဟေဠိ သဘောနဲ့ ပြောတယ် ။ တိုက်ရိုက်ကြီး ၊ တဲ့တိုးကြီး ပြောရင် ကဗျာ မဟုတ်တော့ဘူး ။ ဆောင်းပါးကျတော့ ပြောချင်တာကို တည့်တည့် ပြောတယ် ။
ⓌⓃ ဆရာ ကဗျာရေးတာ နည်းနည်းကျဲသလားလို့ ။
ⓃⓃⓈ ဟုတ်ပါတယ် ၊ ကျဲရတဲ့ အကြောင်းက နှစ်ချက် ရှိပါတယ် ။ ပထမအချက်ကတော့ သုတေသနဆောင်း ပါး ၊ စာတမ်းများကိုလည်း မပြတ်မလပ် ရေးနေရတဲ့ အတွက်ပါ ။ ဒုတိယအချက် ကတော့ ကဗျာကို ကဗျာဖြစ်ရင် ပြီးရော မရေးပါဘူး ။ ထူးထူးခြားခြား အတွေးအခေါ်ရှိမှ ၊ မြန်မာဆန်ဆန် လှလှပပကလေးလည်း ဖြစ်မှ ရေးပါတယ် ။ Quality ကို အဓိက ရေးပါတယ် ။ ဒါကြောင့် ကျဲရတာပါ ။ ဒီ့ပြင် အကြောင်းတစ်ခုကတော့ အနှောင့်အသွား လွတ်မှလွတ်ပါ့မလားဆိုတာတွေ စဉ်းစား ရတာလည်း ပါပါတယ် ။
ⓌⓃ ဆရာ အသက်ရှည်သမျှ ကဗျာကောင်းတွေ ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ် ။ သုတေသနလုပ်ငန်း ဘက်ကို ဆက်ပါဦး ။
ⓃⓃⓈ ယဉ်ကျေးမှုဌာန ရောက်တယ်ဆိုရင်ပဲ ကျော်အောင်စံထားဆရာတော်ရဲ့ ဝေါဟာရတ္ထပကာသနီကျမ်းကြီး တည်းဖြတ်ရပါတယ် ။ မြန်မာစာပေမှာ မရှိမဖြစ်တဲ့ ကျမ်းကြီးပါ ။ ပေါ့ပေါ့ပါးပါးကတော့ မုဒုလက္ခဏပျို့ ဖြစ်ပါတယ် ။ ကျွန်တော် တည်းဖြတ်တဲ့ မုဒုလက္ခဏပျို့ ကို တက္ကသိုလ် ဥပစာ ( က + ခ ) မှာ နှစ်အတော်ကြာ သင်ရပါတယ် ။ မင်္ဂလာစေတီမော်ကွန်း ၊ လွှတ်တော်မှတ်တမ်း ၊ ဆုံးမစာပေါင်းချုပ်ကြီးကိုတော့ မြန်မာစာဂုဏ်ထူး တန်းအတွက် ပြဋ္ဌာန်းပါတယ် ။
ပြီးတော့ ဇယဒိသပျို့ ၊ နဝရတ်ပျို့ ၊ ဂီတရော ဝါဒဆုံးမစာ ၊ ဦးကုလားရာဇဝင် တတိယတွဲ ၊ ရတနာသီခ မဟာရာဇဝင် ၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းကြီးတို့ ဖြစ်ကြပါတယ် ။ မနှစ်က ထွက်တဲ့ မောင်းထောင်ဦးကျော်လှ သံချိုကဗျာပေါင်းချုပ် အထိပါပဲ ။ ဒါက ယဉ်ကျေးမှု ဌာနက စာအုပ်တွေပါ ။ မြန်မာနိုင်ငံ စာပေပြန့်ပွားရေး အသင်းအတွက် ပြုစုပေးရတာက လက်ဝဲနော်ရထာ ၊ ဦးဖိုးကျား ၊ မဟာဂီတဦးပြုံးချို ၊ ဂီတနက်သန်ကိုစောညိန်းနဲ့ ပီမိုးနင်း စာအုပ်များ ဖြစ်ပါတယ် ။
ⓌⓃ ကျေးဇူးတင်ပါတယ် ဆရာ ၊ ယဉ်ကျေးမှုစာစောင် ကို ဆရာ ထုတ်ခဲ့ရသေးတယ်နော် ။
ⓃⓃⓈ ဟုတ်ပါတယ် ၊ ဆရာကြီးဦးဖိုးလတ်က တာဝန်ပေးတဲ့အတွက် တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ရပါတယ် ။ အဲဒီတုန်းက သုတေသနစာပေဟာ မဖွံ့ဖြိုးသေးဘူး ။ ဒီတော့ ယဉ်ကျေးမှုစာစောင်ဟာ သုတေသနဂျာနယ်လောက်လည်း မခက်ခဲ မနက်နဲစေရ ၊ အပြင် စာစောင်တွေ လိုလည်း မပေါ့စေရ ဆိုပြီး ထုတ်ခဲ့ပါတယ် ။ ဝတ္ထု ပြဇာတ် ၊ ခေတ်ကဗျာတွေကို လုံးဝ မထည့်ပါဘူး ။ ဆရာကြီး ဦးဖေမောင်တင် ၊ ဆရာကြီးလုစ် ၊ ဦးဖိုး လတ် ၊ ဦးသာမြတ် ၊ ဇေယျ ၊ ဦးသိမ်းမောင် ၊ ဒေါက်တာသန်းထွန်း ၊ ပါမောက္ခ ဦးအေးမောင် ၊ မင်းသုဝဏ် ၊ မြကေတု ၊ မာဃ စတဲ့ ဆရာကြီးများရဲ့ ဆောင်းပါးတွေကို အမြဲတမ်း ဖော်ပြခဲ့ပါတယ် ။
ⓌⓃ ဆရာဟာ ဂီတသမား တစ်ယောက်လို့ စောစောက ပြောပါတယ် ။ အဲဒါကလေး ရှင်းပြပါဦး ။
ⓃⓃⓈ ကျွန်တော် ငယ်ငယ်ကတည်းက ပတ္တလားနဲ့ ကြိုးတပ်တူရိယာကို အသင့်အတင့် တီးတတ်ပါတယ် ။ သီချင်းကြီး ၊ ကာလပေါ်ကို လိုက်စားခဲ့ ပါတယ် ။ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းတွေကို မမေ့ပါဘူး ။ စာနဲ့ရော ၊ အသံနဲ့ရော မှတ်ထားပါတယ် ။ ဒါကြောင့်လည်း ကျွန်တော့်သား ဇာဂနာ တို့ရဲ့ မိုးနတ်သူဇာ အငြိမ့်အဖွဲ့က ရုပ်မြင်သံကြား အစီအစဉ်မှာ အမျိုးသားနေ့ ၊ လွတ်လပ်ရေးနေ့ နဲ့ တပ်မတော်နေ့ အထူးအစီအစဉ်တွေမှာ စစ်တွင်းခေတ်က သီချင်းတွေကို ပြန်လည် တင်ဆက်နိုင်တာပါ ။
ဂီတဆောင်းပါးတွေ ရေးဖြစ်တာကတော့ ယဉ်ကျေးမှုစာစောင်မှာ တာဝန်ခံအယ်ဒီတာ လုပ်ရတုန်းက အနုပညာရှင် တစ်ဦး အတ္ထုပ္ပတ္တိ ပါစေချင်လို့ ရွာစားကြီး စိန်ဗေဒါ ၊ ရွှေတိုင်ညွန့် ၊ သဟာယဆရာတင် ၊ မြို့မငြိမ်း စသူတို့ အကြောင်းကို ရေးခဲ့ပါတယ် ။ စာပေဗိမာန်က တိုက်တွန်းလို့ ရွှေတိုင်ညွန့် ၊ သဟာယဆရာတင် ၊ မိုးဒေဝါ မလှရွှေ ၊ အလင်္ကာကျော်စွာဦးဟန်ပ စာအုပ်များကို ရေး ပေးခဲ့ပါတယ် ။ ဝိုင်အမ်ဘီသခင်တင် ၊ ဒဂုန်ဆရာတင် ၊ ရန်နိုင်စိန် ၊ ရန်နိုင်ဆွေတို့ အကြောင်းကိုတော့ မဂ္ဂဇင်း ဆောင်းပါး ရေးခဲ့ပါတယ် ။ ပြီးတော့ ယဉ်ကျေးမှုမှာပဲ ဇာတ်သဘင် ဆောင်းပါးတွေကိုလည်း ရေးခဲ့ပါတယ် ။
ⓌⓃ ဇာတ်သဘင်နဲ့ ဆရာနဲ့ ဘယ်လို ရင်းနှီးခဲ့ပါသလဲ ။
ⓃⓃⓈ ဇာတ်သဘင်ကို ကျွန်တော် ဝါသနာပါပါတယ် ။ စစ်တွင်းခေတ်က ပြဇာတ်တွေ ကြည့်ရတော့လည်း စိတ် ဝင်စားပါတယ် ။ ဆရာကြီးဦးညာဏရဲ့ ဗမာသစ် ပြဇာတ် မှာ ကျွန်တော့်အကူအညီ ခပ်များများ ပါပါတယ် ။ ရုပ်ရှင် နဲ့ ပြဇာတ်ဌာန ရောက်တော့ လူ့ရွာနှင့် လူရွာတို့ အိမ်ကြီး ၊ တစ်လှေတည်းစီး ၊ ယမနေမယ် ၊ လယ်သမား ဘဝသစ် ၊ ဝေသာလီ ဆိုတဲ့ ပြဇာတ်တွေကို ကပြကြတာ မှာ အတွေ့အကြုံရပါတယ် ။ ဝေသာလီ ပြဇာတ်ကို ဦးဉာဏ ရေးတုန်းက ကျွန်တော့် အကူအညီ ပါပါတယ် ။
ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးခေတ်မှာ အသံလွှင့်ခဲ့တဲ့ လင်းရောင်ခြည် ၊ ဒေဝဓမ္မ ၊ ပုဂံခေတ်က ဒီမိုကရေစီ ၊ စဉ့်ကူးမင်း အသံလွှင့်ဇာတ်တွေကို ဦးစိန်ဝင်း ( မြန်မာ့အသံ ဦးဇော်ဝင်း ) နဲ့ ကျွန်တော်တို့ ရေးပြီး လွှင့်ခဲ့ကြပါတယ် ။ ဒါအပြင် စာရေးဆရာအသင်း ၊ စာပေပြန့် ပွားရေးအသင်း ၊ ဂီတသုခုမအဖွဲ့ချုပ်က အသံလွှင့်ခဲ့တဲ့ မဏိစောရဇာတ် ၊ မောင်ကျောက်ခဲဇာတ် ၊ မြစေတီဇာတ် ၊ ဆဒ္ဒန်ဆင်မင်းဇာတ် ၊ စလေဦးပုညဇာတ် ဆိုတဲ့ ဇာတ် တွေကို ကျွန်တော် ရေးခဲ့ပါတယ် ။ စာရေးဆရာအသင်း က စာဆိုတော်နေ့မှာ ကပြခဲ့တဲ့ လှိုင်ထိပ်ခေါင်တင်ဇာတ် နဲ့ စလေဦးပုညဇာတ် ကိုလည်း ကျွန်တော်ပဲ ဇာတ်ညွှန်းရေးခဲ့ပါတယ် ။
ⓌⓃ ဆရာ အပြင် ဇာတ်တွေကိုကော ရေးပေးဖူးပါသလား ။
ⓃⓃⓈ အပြင်မှာတော့ ရေးမပေးဖူးပါဘူး ။ အဲ ... ကျွန်တော် အစွဲအလမ်း ရှိနေတဲ့ ဇာတ်ဆရာ မောင်ကျောက်ခဲ ဇာတ်ကိုတော့ ကက်ဆက်ဇာတ်လမ်း သွင်းထားတာရှိတယ် ။ ပြီးတော့ မမြကလေးနဲ့ လှိုင်ထိပ်ခေါင်တင်တို့ သီချင်းများကို ဇာတ်လမ်းသဖွယ် စီစဉ်ထားတဲ့ ကက်ဆက်ခွေ တစ်ခုလည်း ရှိတယ် ။ အင်းဝဘုရင် မင်းဆွေနဲ့ ရှင်သိဒ္ဓတ်တို့ ဇာတ်လမ်းတိပ်ခွေ တစ်ခုလည်း ရှိတယ် ။ ပြီးတော့ မိုးနတ်သူဇာအဖွဲ့ရဲ့ ခေတ်ငါးခေတ် အငြိမ့် ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ပိုင်းရှိတယ် ။
ⓌⓃ ကျေးဇူးတင်ပါတယ် ဆရာ ။ တော်တော်စုံပါ ပြီ ။ ဒါထက် ဆရာ့ နာမည်ရင်းက ဦးအောင်သိန်း နော် ၊ နန်းညွန့်ဆွေ လို့ မှည့်တာက .... ။
ⓃⓃⓈ အဲဒါကို ပြောရရင် စစ်ပြီးခေတ် စာရေးကြတော့ ကလောင်နာမည်လှလှ ရွေးကြတယ် ။ ဦးဝန် ( မင်းသုဝဏ် ) ၊ ဦးဘဆွေ ( မဟာဆွေ ) ၊ ဦးလှတင် ( လှသမိန် ) ၊ ဦးစန်းမောင် ( တက္ကသိုလ်စန်း ) စသည်ဖြင့် လူနာမည်နဲ့ ကလောင်နာမည် လိုက်လျောညီထွေ ရှိတယ် ။ ကျွန်တော့် မှာတော့ နာမည် ရှာမရဘူး ။ ဖော်ကွာဝေး ယိုးဒယားသီချင်းထဲက “ အို ဖော်ကွာဝေးသူမို့ ဆွေးပူရတယ် ၊ ကြံကာပန်းပါဘိ ၊ နန်းနေညွန့်နွယ် ...” ဆိုတဲ့ အပိုဒ်ကို ဖတ်ရတော့ နန်းညွန့်နွယ် ဆိုတဲ့ စကားလုံးကလေးကို ကြိုက်တယ် ။ ဒီမှာ “ နွယ် ” ကို ဖြုတ်ပြီး “ ဆွေ ” ကို ထည့်လိုက်တာပါပဲ ။ ကဗျာဆရာ ဆိုတော့ နုချင်တာကိုး ။ ဒါပေမဲ့ ရှမ်းပြည်နယ် ရောက်တော့ ဒီနာမည်နဲ့ ဒုက္ခရောက်ရော ၊ ၁ဝ တန်း ကျောင်းသူကလေးတွေက နန်းညွန့်ဆွေ ဆိုတာ မိန်းကလေးလို့ ထင်နေတာကိုး ၊ “ နွေဦးဂီတ ” ကဗျာအကြောင်း လာမေးကြတော့ ကျွန်တော့်မှာ နေရထိုင်ရ အတော်ခက်သွားတယ် ။
ⓌⓃ စာပေနဲ့ ပတ်သက်ပြီး ဆရာ့ ခံယူချက်ကို သိပါရစေ ။
ⓃⓃⓈ ကျွန်တော်ဟာ ဝတ္ထုရေးဆရာ မဟုတ်လို့ နာမည်မကြီးသော်လည်း မိမိ ကျွမ်းကျင်တဲ့ ဆောင်းပါး ၊ ကဗျာတို့ဖြင့် အများပြည်သူတို့အကျိုးကို ရှေးရှုပြီး အမြဲမပြတ် ရေးသွားမှာပါ ။ မိမိ ကျွမ်းကျင်တဲ့ ဂီတပညာဖြင့် တိုင်းပြည်ကို အလုပ်အကျွေးပြုသွားမှာပါ ။ အဲ ... တစ်ခုတော့ မှာချင်ပါတယ် ။ နန်းညွန့်ဆွေဟာ ဆောင်းပါးကိုပဲ ရေးရေး ၊ ကဗျာကိုပဲ ရေးရေး စာဖြစ်ရင် ပြီးရော ၊ မဂ္ဂဇင်းစာအုပ်ထဲ ပါရင် ပြီးရောလို့ ဘယ်အခါမှ မရေးပါ ဘူး ။ စာဖတ်သူမှာ ထူးထူးခြားခြား အသိအမြင်တစ်ခု သို့မဟုတ် အတွေးအခေါ် တစ်ခု ရသွားနိုင်အောင် ကြိုးစားရေးပါတယ် ။ ပေါ့ပေါ့တန်တန် ရေးလေ့ မရှိပါဘူး ။ နန်းညွန့်ဆွေရဲ့ စာကို ဖတ်ရတာ တစ်ခါလာ မဲပြာပုဆိုးပဲလို့ အဆိုခံရမှာကို အထူးကြောက်ပါတယ် ။ နန်းညွန့်ဆွေရဲ့ စာကို အတွေ့ရ နည်းပါလိမ့်မယ် ။
ဘာကြောင့်လဲ ဆိုတော့ အရေအတွက်ကို အဓိကထားပြီး မရေးပါဘူး ။ အရည်အချင်း ( Quality ) ကို အဓိကထားပြီး ရေးလို့ပါပဲ ။ ဒါကြောင့် ပေဖူးလွှာမှ တစ်ဆင့် စာပေပရိသတ်ကြီးကို ပြောလိုက်ချင်တာကတော့ နန်းညွန့်ဆွေရဲ့ စာကို ဖတ်တဲ့အခါ ရသနဲ့ လေးနက်မှုကို အလေးထားပြီး ဖတ်ကြည့်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။
ⓌⓃ ကျေးဇူးတင်ပါတယ် ဆရာ ၊ ဆရာတို့လို ပုဂ္ဂိုလ်ကြီးတွေ ခုလို ပြောနိုင်ဆိုနိုင်တုန်း အချိန်မှာ ဆရာတို့ရဲ့ အယူအဆတွေကို မှတ်တမ်းတင်နိုင်ဖို့ ကျွန်တော်တို့ မဂ္ဂဇင်းရဲ့ ကြိုးပမ်းမှုမှာ ပါဝင်ကူညီပေးတဲ့ အတွက် စာတည်းအဖွဲ့ ကိုယ်စား ကျေးဇူးတင်စကား ဆိုခဲ့ပါရစေ ဆရာ ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၅၅
ဒီဇင်ဘာလ ၊ ၁၉၈၅ ခု
No comments:
Post a Comment