❝ အသပြာငွေ တစ်ကျပ် ❞
( ပုံပြင် )
ရှေးအခါက ရွာတစ်ရွာမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးလုပ်ကိုင်ပြီး မိခင်ကြီးကို လုပ် ကျွေးနေတဲ့ ဖိုးခင် ဆိုတဲ့လူတစ်ယောက် ရှိတယ် ။ ဖိုးခင် ဟာ မွေးချင်းပေါက်ဖော် မရှိဘူးကွယ့် ။ ဖိုးခင် ငယ်ငယ်လေးတည်းက ဖခင် ကွယ်လွန်ခဲ့လို့ မိခင်ကြီးနဲ့ပဲ နေခဲ့ရတယ် ။ ကြီးပြင်းလာတဲ့ အခါမှာ သူ့မိခင်ကြီးကို လုပ်ကိုင် ကျွေးမွေးရင်း မိခင်ကြီး နဲ့ အတူနေတယ် ။
သူ့ ခြံထဲမှာ စိုက်ပျိုးထားတဲ့ ပဲပင် ၊ ဘူးပင် ၊ ခရမ်းပင် ၊ ဖရုံပင် ၊ ချဉ်ပေါင်ပင် အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်တွေကို စိုက်ပျိုးပြီး မနက် အစောကြီး သူ့ခြံထဲက ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ ကို အတော်ဝေးတဲ့ မြို့မှာ သွားရောင်းရတယ် ။
ဖိုးခင် ဟာ မနက်တိုင်းလိုပဲ လေးလံတဲ့ ဟင်းသီးဟင်းရွက် တောင်း နှစ်တောင်း ကို ထမ်းပိုး နဲ့ နှစ်နာရီကျော် ထမ်းပြီး သွားရောင်းရရှာတယ် ။ ဟင်းသီးဟင်းရွက် ဆိုတော့ကွယ် ဈေးပေါတဲ့ ပစ္စည်းမျိုး ဆိုတော့ နှစ်နာရီကျော်ကျော် လေးလေးပင်ပင် ထမ်းပြီး သွားရောင်းရပေမယ့် ငွေများများတော့ မရဘူးပေါ့ကွယ် ။
ဒါပေမယ့် ဖိုးခင် ဟာ စိတ်မပျက်ဘူးကွယ့် ။ ဟင်းသီးဟင်းရွက် ရောင်းလို့ရတဲ့ ငွေကလေးနဲ့ သူ့ မိခင်ကြီး စားသောက်ဖို့ စားစရာလေးတွေ ဝယ်ပြီး ပျော်ပျော်ရွှင်ရွှင် ပြန်သွားလေ့ ရှိတယ်တဲ့ ။
တစ်နေ့တော့ကွယ် ၊ ဈေးရောင်းပြီးလို့ မြို့ပြန်လာတဲ့ အခါမှာ လူဆိုးတစ်စုနဲ့ တွေ့ပါလေရောကွယ် ။ လူဆိုးတွေဟာ ဖိုးခင် ကို တွေ့တဲ့အခါမှာ ဖိုးခင် ဆီက ပါလာတဲ့ ပစ္စည်းတွေ လုယူချင်တာကြောင့် “ ဟေ့လူ ... ရပ်လိုက် ” လို့ အမိန့် ပေးလိုက်တယ် ။
ဒါပေမယ့် ဖိုးခင် က သူ့ကို ပြောတယ်လို့ မထင်မှတ်တာကြောင့် သူ့ခရီးကို ဆက်ပြီးသွားသတဲ့ ။
ဒီအခါမှာ လူဆိုးတွေဟာ ဖိုးခင် အနား ကပ်လာပြီး ...
“ မင်းမှာ ငွေဘယ်လောက် ပါသလဲ ၊ တို့ကို အားလုံး ပေးရမယ် ” လို့ ဓားပြပြီး တောင်း ကြတယ်တဲ့ကွယ် ။
ဒီတော့မှ ဖိုးခင် ဟာ သူ့ကို ပြောမှန်း သိတာကြောင့် ...
“ ငါ ပင်ပင်ပန်းပန်း လုပ်ကိုင် ထားရတဲ့ ငွေကို မင်းတို့ ဘာဖြစ်လို့ ပေးရမှာလဲ ” လို့ ပြန် ပြောလိုက်သတဲ့ ။
ဒီအခါမှာ လူဆိုးဗိုလ် လုပ်တဲ့လူ က “ ဟေ့လူ ... စကားများ မနေနဲ့ ၊ မင်းမှာ ပါတာ ပေးမလား မပေးဘူးလား ၊ ဒါပဲပြော ” လို့ အော်ဟစ်ပြီး မေးလိုက်တယ် ။
ဖိုးခင် ကလည်း “ မပေးဘူး ” လို့ ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်တယ် ။
ဖိုးခင် လည်း ဒီလို ပြောလိုက်တဲ့အခါမှာ လူဆိုးဗိုလ်ဟာ စိတ်ဆိုးလွန်းလို့ ဖိုးခင် တစ်ကိုယ်လုံးကို ရှာဖွေဖို့ တပည့်တွေကို အမိန့်ပေးလိုက်တယ် ။
လူဆိုးတွေဟာ ဖိုးခင် ကိုယ်မှာ ရှာဖို့ ဝိုင်းလာကြတာနဲ့ တစ်ပြိုင်နက် ဖိုးခင် ဟာ သူ့မှာ ပါလာတဲ့ ထမ်းပိုးကို မြဲမြဲကိုင်ပြီး သူ့ အနား ပထမဆုံး ကပ်လာတဲ့ လူဆိုးကို ရိုက်ထည့်လိုက် သတဲ့ကွယ် ။
ဒီအခါမှာ ကျန်တဲ့ လူဆိုးသုံးယောက်ဟာ ဖိုးခင် ကို ဖမ်းဖို့အနားကပ် လာကြပြန်တယ် ။ ဖိုးခင် ဟာ သူ့နား ကပ်လာတဲ့လူကိုတော့ အလစ်မပေးဘူးကွယ့် ။ ထမ်းပိုးနဲ့ချည်း လှမ်းရိုက်တာပဲတဲ့ ။ လူဆိုးတွေ ဟာ ဖိုးခင် အနားကိုသာ ကပ်ပြီး ဖမ်းဖို့ စိတ်ကူးတယ် ။ သူတို့မှာ ပါလာတဲ့ ဓားနဲ့ ဖိုးခင် ကို ခုတ်ဖို့ သတိမရကြဘူးတဲ့ကွယ် ။ လူဆိုးဗိုလ် ကိုယ်တိုင်ပဲ ဖိုးခင် လက်ထဲ က ထမ်းပိုးကို ဝင်လုသတဲ့ ။
ဖိုးခင် နဲ့ လူဆိုးငါးယောက် ဟာ အပြန်အလှန် သတ်ပုတ်နေကြတာ ဖိုးခင် ကလည်း အလျှော့ မပေး ၊ လူဆိုးငါးယောက်ကလည်း သဲသဲမဲမဲ ဖိုးခင် ကို အရဖမ်းနဲ့ တစ်နာရီ နီးနီး ကြာသွားကြတယ် ။
တစ်ယောက် နဲ့ ငါးယောက် ဆိုတော့ ဖိုးခင် ဟာ လက်ပန်းကျလာတယ် ။ ဒါပေမယ့် အလျှော့မပေးဘူးကွယ့် ။ သူ့ထမ်းပိုးနဲ့ ရိုက်ပုတ်ရင်း ခုခံနေတာပဲ ။ လူဆိုးငါးယောက်ဟာ ဖိုးခင် လက်ပန်းကျနေမှန်း သိတဲ့ အခါမှာတော့ အတင်းဝင်ပြီး နောက်ဘက်ကနေ ဖမ်းကြတဲ့ အခါမှာ ဖိုးခင် ဟာ အမိခံလိုက်ရတယ် ။
ဖိုးခင် ရဲ့လက်နှစ်ဖက်ကို ချုပ်ကိုင်တဲ့ သူက ကိုင်ပြီး ကျန်တဲ့ သူတွေက ဖိုးခင် ရဲ့ တစ်ကိုယ်လုံး ကို ရှာကြတာပဲတဲ့ ။ သူတို့ စိတ်ထဲ မှာတော့ သူတို့ကို ဖိုးခင် ပြင်းပြင်းထန်ထန် ခုခံတာ ဟာ ဖိုးခင် မှာ ရွှေငွေပစ္စည်းတော်တော်များများ ပါလာလို့ ဖြစ်မှာပဲလို့ ထင်တာကိုးကွယ့် ။ ဖိုးခင် ရဲ့ တစ်ကိုယ်လုံး ရှာလိုက်ကြတာ အသပြာငွေ တစ်ကျပ် ရသတဲ့ ။ လူဆိုးတွေဟာ မကျေနပ်နိုင်တာကြောင့် အင်္ကျီအိတ်တွေထဲ နှိုက်ပြီး ရှာပြန်ပေမယ့် နောက်ထပ် ဘာမှ မတွေ့ဘူးတဲ့ ။
ဒီအခါမှာ လူဆိုးဗိုလ်ဟာ မကျေနပ်ပြန်သေးတာကြောင့် ...
“ မင်းမှာ ဒီအသပြာ ငွေတစ်ကျပ်ပဲ ပါသလား ” လို့ မေးတယ် ။
“ ကျုပ်မှာ ဒီငွေ အသပြာငွေ တစ်ကျပ် ပဲ ပါတယ် ” လို့ ဖိုးခင် ကလည်း ပြန်ဖြေတယ် ။
လူဆိုးဗိုလ် ဟာ တဟားဟားနဲ့ ရယ်ပြီး ...
“ ဒီအသပြာငွေ တစ်ကျပ် နဲ့များ တို့ငါးယောက်ကို မင်း ဒီလောက် ခုခံရသလား ၊ အသပြာ ငါးကျပ်သာ ဆိုရင် တို့ကိုများ မင်း သ,တ်မလား ၊ ဒီလောက်ငွေလေးနဲ့များ ဒီလောက်ဖြစ်ရတာ ရှက်စရာ ကောင်းလိုက်လေ ” လို့ ဖိုးခင် ကို ပြောင်လှောင်ပြီး ပြောလိုက်သတဲ့ ။
ဒီအခါမှာ ဖိုးခင် က “ ကျုပ် ဒီအသပြာငွေ တစ်ကျပ် ရဖို့ ဘယ်လောက် ပင်ပန်းခံပြီး လုပ်ထားရသလဲ ၊ မြေကြီးပေါက် ၊ သစ်စေ့ ကို စိုက် ၊ ရေကို လောင်း ၊ မြက် ကို နှုတ် အစာကျွေးပြီးလို့ ကြီးပြင်း သီးပွင့်လာမှ လေးလေးပင်ပင် ခရီးအဝေးကြီးကို ထမ်းလာပြီး ရောင်းချမှ ဒီငွေ အသပြာ လေး တစ်ကျပ်ရတာ ၊ ကျုပ်နဖူး က ချွေး ခြေမ ကျအောင် ခွန်အား စိုက်ထုတ်ပြီး လုပ်ကိုင်ရှာဖွေ ထားရတဲ့ ငွေတစ်ကျပ်ကို မင်းတို့ မတရား တောင်းတိုင်း ပေးရမှာလား ၊ ကျုပ် ငွေအသပြာ တစ်ကျပ် အတွက် မတရားလက်နက် နဲ့ ခြိမ်းခြောက်ပြီး တောင်းတာ ကို မပေးနိုင်လို့ ခုခံတာ ရှက်စရာ မကောင်းပါဘူး ၊ မင်းတို့ သာ ကိုယ့်အား ကိုယ့်ခွန် နဲ့ လုပ်ကိုင် မစားချင်ဘဲ သူတစ်ပါး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ပစ္စည်းကို လက်နက်ပြပြီး ခြိမ်းခြောက် မတရား တောင်းတာသာ ရှက်စရာ ကောင်းပါတယ် ” လို့ သတ္တိရှိရှိပဲ ပြန်ပြောလိုက်သတဲ့ ။
လူဆိုးဗိုလ်ဟာ ဖိုးခင် ရဲ့စကားတွေကို ကြားရတဲ့အခါမှာ အမှန်တရားကို သိမြင်လာပြီး သတိတရား ရတာကြောင့် ဖိုးခင် ဆီက ရှာဖွေယူထားတဲ့ အသပြာငွေ တစ်ကျပ်ကို ဖိုးခင် ပြန် ပေးလိုက်တဲ့အပြင် သူတို့လည်း သူတစ်ပါး ခွန်အား စိုက်ထုတ်ပြီး ရှာဖွေထားတဲ့ ပစ္စည်းကို မတရား တောင်းယူတဲ့ အလုပ်မျိုး စွန့်လွှတ်ပြီး လက်နဲ့ ခြေနဲ့ ခွန်အား စိုက်ပြီး လုပ်ကိုင်စား သောက်တော့မယ့်အကြောင်း ဖိုးခင် ကို ကတိပေးလိုက်သတဲ့ကွယ် ။
မောင် ၊ ညီမလေးတို့ လုပ်အားတန်ဖိုး ချစ်မြတ်နိုးတတ်သူလေးတွေ ဖြစ်ပါစေ ။
⎕ တင်တင်ရီ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၆ ၊ ဇွန်
No comments:
Post a Comment