❝ မျှော် ... ❞
▢ ရောင်နီသက်လွင် ( ဘိုကလေး )
အခန်း ( ၁ )
အမှောင်ထဲကနေ ရုန်းထွက်လာစ နေရောင်ခြည်လေးက အခုမှ အားယူနေပုံရတယ် ။ နေခြည်နွေးနွေးလေးနဲ့ အလင်းကို တဖြည်းဖြည်းနဲ့ ထွန်းပြနေတာ တဖက်တောတန်းလေးထဲက ငှက်တစ်အုပ် ထပြန်သွားတဲ့ပုံက တစ်နေ့တာ အစာရှာဖို့ကို သံချောင်းခေါက်လိုက်သလိုပဲ ။ နံဘေးချောင်းရိုးလေးက ရေစီးသံလေးတွေတောင် ခဏ တိတ်ဆိတ်သွားသလို ။
ဒါ ကျွန်မနေတဲ့ နေရာလေးက မနက်ခင်းလေးတိုင်း ဖြစ်နေကျ သဘာဝရဲ့ ကဗျာတစ်ပုဒ်ပေါ့ ။ ကျွန်မ စိတ်ထဲက နေတောင် နေတိုင်း လိုက် ညည်းနေမိသေးတယ် ။ ရင်ထဲက အလွမ်းတွေ ပြေလိမ့်နိုးနဲ့ပါ ။ ကျွန်မ မျှော်နေတဲ့ သူတွေ မလာခင် အထိတော့ ညည်းနေဖြစ်မှာပါ ။
ဒီနေရာလေးကို ကျွန်မ သိပ်ချစ်တယ် ။ ဒီနေရာလေးမှာ နေချင်တယ် ။ ကြည့်ပါဦး ဘေးမှာ ကြည်လင်အေးမြပြီး အမြဲတမ်း ပြေးလွှားနေတဲ့ ချောင်းရိုးလေးရှိတယ် ။ တဖက်မှာက တောင်ကုန်းမို့မို့လေးတွေနဲ့ အမြဲတမ်း စိမ်းလန်းစိုပြေနေတဲ့ တောအုပ်ကလေးရှိတယ် ။ ကျွန်မနေတဲ့ နေရာက အဲဒီ တောင်ကုန်းတောအုပ်ကလေးနဲ့ ချောင်းရိုးလေး ကြားက သိပ်မကျယ်ဝန်းတဲ့ မြက်ခင်းစိမ်းလွင်ပြင်ကလေး မှာပေါ့ ။ ဒီနေရာလေးကို စ တွေ့ ကတည်းက နေချင်စိတ် ဖြစ်မိတာ ။ အဲဒီနေ့က ချောင်းရိုးလေးအထက် ကျွန်မ နေထိုင်ရာ စည်ကားတဲ့ ရွာကြီးကနေ ခွင့်တွေ ကိုယ်စီနဲ့ ပြန်လာတဲ့ သား နှစ်ယောက်နဲ့ အတူ လှေကလေး ကို ရေစုန်မျော လာရင်း သည်နေရာလေးကို စတွေ့တာပေါ့ ။
“ ဟယ် ... သားကြီးရေ ကြည့်ပါအုံးကွယ် ဘယ်လောက် နေချင်စရာ ကောင်းတဲ့ နေရာလေးလဲလို့ ”
လှေပဲ့ပိုင်းမှာ ထိုင်ပြီး လှေကို လိုသလို ထိန်းနေတဲ့ သားကြီးကို ကျွန်မ လှမ်းပြောလိုက်တယ် ။ ဒါကို လှေရဲ့ ဦးပိုင်းမှာ ထိုင်နေတဲ့ သားငယ်က အရင် ထောက်ခံတယ် ။
“ ဟုတ်တယ် အမေ တော်တော်လှတာပဲနော် ”
အမြဲတမ်း အမေ့ သဘောဆို သူ့သဘော လုပ်နေကျ သားငယ်ပါ သားကြီးက အကြောင်းသိ သူ့ညီ စကားနဲ့ အမေ့ ခံစားချက်ဆို အပြုံးနဲ့ အားပေးနေကျပေါ့ ။
“ အမေ ဒီနေရာလေးမှာ အေးအေးချမ်းချမ်းနဲ့ လာနေချင်လိုက်တာကွယ် ”
“ ကိုကို ”
သားငယ်က သူ့အကို ကို အသံ လှမ်းပေးလိုက်တယ် ။ သားကြီးက ပြုံးနေတုန်းပါပဲ ။ ဒါဆို သေချာတယ် ကျွန်မ ဒီနေရာလေးမှာ နေရတော့မယ်ဆိုတာ ။ ကျွန်မ ဘဝက မိသားစု စုံစုံလင်လင်နဲ့ နေရတယ်ဆိုတဲ့ အချိန်က ရှားတယ် ။ အစောကြီး လောကကြီးကို နုတ်ဆက်သွားတဲ့ ကျွန်မ ခင်ပွန်းကြောင့် သားနှစ်ယောက်နဲ့ ဘဝကို ခက်ခက်ခဲခဲပဲ သားတွေအတွက် ကျွန်မ ရင်ဆိုင်ခဲ့ရတယ် ။ အဓိက သားနှစ်ယောက်ရဲ့ပညာရေးပဲ ။ သွားလေသူ ကျွန်မ ခင်ပွန်းရဲ့ ဆန္ဒအရ လည်း သားနှစ်ယောက် ဘဝအတွက် ကျွန်မ ဘဝကို ချခင်းပေးခဲ့တယ် ။ အကုန်အကျ များလွန်းတဲ့ သားနှစ်ယောက်ရဲ့ စားဝတ်နေရေး ပညာရေးစရိတ် အားလုံး အတွက် ကျွန်မ ရရာ အလုပ်နဲ့ ငွေရှာခဲ့တာပေါ့ ။
အခုတော့ ကျွန်မ သားတွေရဲ့ ပညာရေးလည်း ပြီးဆုံးပြီ ။ သူတို့ ဆိုင်ရာ နေရာဒေသ အသီးသီး ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေတယ် ။ ကျွန်မသာ တစ်ယောက်တည်း ရွာမှာ ကျန်ခဲ့တာပေါ့ ။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကျွန်မအတွက် အေးချမ်းတဲ့ ဒီနေရာလေးကို သားနှစ်ယောက်က ပြောင်းရွေ့ပေးခဲ့ကြတယ် ။ မိသားစုအတွက် မိန်းမသားတန်မဲ့ ရုန်းကန်ရှာဖွေခဲ့တဲ့ ကျွန်မ အဲဒီ ဒဏ်တွေနဲ့ နွမ်းနယ်နေခဲ့ပြီလေ ။ ကျွန်မ နားချင်နေပါပြီ .. ။
••••• ••••• •••••
အခန်း ( ၂ )
“ ဟေ့ ဆောင်းရိပ်မြုံ ဆိုပါလား .... လက်စသတ်တော့ ဆောင်း က ဒီမှာ အေးအေးဆေးဆေး လာနေတာကိုကွ ”
“ အေး အဲဒါကြောင့် ဆောင်း ရွာကနေ ပျောက်သွားတာကို ”
“ ဆောင်း ရဲ့ အလှနဲ့ အပြုအစုအယုယ ကတော့ ငါတော့ တစ်သက်မမေ့ပါဘူး ”
“ ဟား ... ဟား ... ဖောက်သည်အစစ်တွေပဲကိုကွ ”
“ ဟား ... ဟား ... ဟား ... ”
ဘေးတဖက် ချောင်းထဲကနေ လှေတစ်စီးနဲ့ လူနှစ်ယောက် ကျွန်မ အကြောင်းပြောပြီး ရယ်မောသွားကြတယ် ။ ကျွန်မ မသိသလိုပဲ နေလိုက်တယ် ။ ဒါကြောင့်လည်း ကျွန်မ ရွာထဲမှာ မနေတော့ပဲ ဒီနေရာလေးမှာ နေတာပေါ့ ။ သွေးသားရမ္မက်ဆန္ဒတွေ နဲ့ လှိုင်နေတဲ့ ညများစွာက ပေးဆပ်ခြင်းဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ကျွန်မရဲ့ မျက်ရည်စက်တွေက စတေးခံ သက်သက် ကြွေကျခဲ့ဖူးတယ် ။ ရွာထဲက လူအများစုရဲ့ စက်ဆုပ်တဲ့ အကြည့်တွေ ရဲ့ ဝေးရာ ဒီနေရာလေးက ကျွန်မ အတွက် အဆင်ပြေခဲ့တာပေါ့ ။
••••• ••••• •••••
“ အမေ သားက ဆရာဝန်ဖြစ်ချင်တာ ”
“ ဖြစ်ရမှာပေါ့ကွယ် အမေ့ သားငယ်က တော်ပြီးသားပဲဟာ ”
ကျွန်မ ရင်ခွင်ကြားက သားငယ်ကို နှစ်သိမ့်လိုက်ရင်း ဆရာဝန် ဖြစ်ချင်တဲ့ သားငယ် ဆန္ဒကို ကျွန်မ ပုခုံးနဲ့ မဖြစ်မနေ ထမ်းတင်ပေးရအုံးမယ် ။ သားကြီးကိုလည်း သူ ဖြစ်ချင်တဲ့ စစ်တက္ကသိုလ်ကို ပို့ခဲ့ပြီးပြီ ။ အခုသားငယ် အလှည့် ... ကျွန်မ ကြိုးစားခဲ့တယ် ။ သားတွေရဲ့ ရည်မှန်းချက်တွေ အတွက် ကျွန်မ ဘဝ လှေကားလိုပါပဲ ။ အမြင့်သို့ တစ်ဆင့်ချင်း တွန်းတင်ပေးခဲ့တယ် ။ ဒါ ကျွန်မ ဘဝအတွက် အဓိက ရည်မှန်းချက် ပေါ့ ... ။
အခုဆို အဝေးရောက် ကျွန်မသားလေးတွေ ကျွန်မဆီ ပြန်မလာတာ ကြာပြီ ။ အရင်ဆို လေးငါးခြောက်လ ဆို တစ်ခေါက် ၊ တစ်နှစ်ကို နှစ်ခေါက်လောက်ကို သားနှစ်ယောက်က တစ်ယောက် တစ်လှည့် လာတတ်တယ် ။ တာဝန်ကိုယ်စီ ထမ်းဆောင် နေကျရတဲ့အတွက် နှစ်ယောက် အတူ အမေ့ဆီကို ဆုံလာဖို့ဆိုတာ ရှားပါတယ် ။ မဖြစ်နိုင်ပါဘူး ... ။ အခုနောက်ပိုင်း ကျွန်မ သားလေးတွေ အမေဆီကို ပြန်မလာကြတာ နှစ်နဲ့ ချီ ကြာနေပြီ ။ မိခင်တစ်ယောက် အနေနဲ့ သားသမီးဆိုတာ စစ်ဗိုလ်ကြီး ဆရာဝန်ကြီးပဲ ဖြစ်သွားကြပါစေ ... မိခင်ရဲ့ စိတ်ထဲမှာတော့ ကလေးပါပဲ ။ အဝေးကနေ ပြန်လာမဲ့ သားတွေအတွက် ကျွန်မ ရင်ခွင် ထဲ ချွေးသိပ်ပေးချင်တာပါ .. ။
နောက်ဆုံး တစ်ခေါက် က သားနှစ်ယောက်စလုံး တိုက်ဆိုင်တယ်ပဲ ပြောရမယ် ။ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ် ။ အဲဒီတုန်းက သားငယ် ပြောတဲ့ စကားကို အမှတ်ရမိသေးတယ် ။
"ကိုကို ညီ တို့ နောက်တစ်ခါ အမေ့ဆီ လာရင် အတူ လာကြမယ် ။ ကိုကို လည်း ခွင့်တင်ရင် ညီ့ ဆီ ဖုန်းဆက်နော် ... ။ ဒါမှ ကိုကို နဲ့ ညီ အမေ့ဆီ အတူ လာလို့ရမှာ ”
ဒီတစ်ခါ သားငယ်စကားကို ကျေနပ်ပြီး ပြုံးလိုက်တာ သားကြီး တစ်ယောက်တည်း မဟုတ်ဘူး ... ကျွန်မ လည်း ပါတယ် ။ ကျွန်မ ရင်ထဲ ကျေနပ်လိုက်တာ .. အဲဒီ ကတည်းက သားနှစ်ယောက် ပြန်သွားကြတာ ...ငါးနှစ် ကျော်သွားပြီ ... ဒီနေ့ အထိ ဆိုပါတော့ ။
••••• ••••• •••••
လွမ်းလိုက်တာ သားတို့ ရယ် .... ။ ဒီ နေရာလေးကနေ နေ့တိုင်း ချောင်းအထက်ဘက်ကို ကျွန်မ ကြည့်နေတတ်တယ် ။ ဘယ်အကြောင်းတွေကြောင့် သားလေးတွေ မလာဖြစ်တာလဲ ဆိုတာ ကျွန်မ အရမ်း သိချင်တာပေါ့ ။ စိတ်လည်း ပူတယ် ။ ကျွန်မ နေ့တိုင်း ချောင်းရိုးလေးကို မေးတယ် ။ ညနေဘက် အိပ်တန်းပြန်တဲ့ ငှက်တွေကို မေးတယ် ။ တောတန်းလေးကို မေးတယ် ။ ချောင်းအလယ်က လှော်ခတ်သွားတတ်တဲ့ လှေပေါ် က လူတွေကို မေးတယ် ။ ဘယ်သူမှ ကျွန်မကို မဖြေကြဘူး ။ တိတ်ဆိတ်ကြလို့ ။ ကျွန်မ သားတွေက ကျွန်မဘဝရဲ့ အရာရာတိုင်းပါပဲ ။ ဖြစ်နိုင်ရင် သားတွေဆီကို လိုက်သွားချင်တယ် ဒါပေမဲ့ ကျွန်မ ။
••••• ••••• •••••
အခန်း ( ၃ )
နေမင်းက အနောက်တောင်တန်းပေါ် ကနေ တစ်နေ့တာ ဖြတ်သန်းလာမှုကို ပြန်လှည့် ကြည့်လို့ ။ တဖြည်းဖြည်း ကြီးစိုးလာတဲ့ အမှောင်ကြောင့် နေမင်းက သူ့ အလင်း သူ ပြန်သိမ်း နေတဲ့ပုံ ။ ကျွန်မ နဲ့ လောကကို စိတ်ချ သွားတဲ့ပုံ ။ ချောင်းရိုးလေးကတော့ အားမလျော့ဘဲ ဆက်လက် စီးဆင်းနေလို့ပေါ့ ။ တောအုပ်ကလေး ကတော့ အဝေးကနေ ကျွန်မကို ခပ်အုပ်အုပ် လှမ်းကြည့်နေတယ် ။ ဒီညနေကလည်း ကျွန်မ အတွက် ကဗျာတစ်ပုဒ် ဆိုရင် အလွမ်းရောင်နဲ့ ပဲ တောက်ပနေအုံးမှာပါ ... ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ကိုယ်ပိုင် အရောင်ကိုက ခတ်ဖျော့ဖျော့နဲ့ အလွမ်းရောင် ပေါ့ .. ။ လွမ်းလိုက်တာ သားတို့ရယ် ... ။
••••• ••••• •••••
ညနေက နေရောင် မရှိတော့ အမှောင်ရိပ်က ပိုပြီး ကြီးစိုးလာခဲပြီး ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အေးစိမ့်စိမ့်နဲ့ အသံ တစ်ခု ကျွန်မ နားထဲ ဝင်လာခဲ့တယ် ။ ချောင်းရိုး အထက်ဘက်ကနေ လာနေတဲ့ အသံ တဖြည်းဖြည်း ပီပြင်လာတာက စက်တပ်လှေ တစ်စီး တရိပ်ရိပ် နဲ့ လာနေတာ ကျွန်မဆီကို ဦးတည်လို့ ။ ကြည့်နေရင်း ရင်ခုန် လာခဲ့တယ် ။
စက်တပ်လှေလေးက ကမ်းကပ်ပြီး လူတွေ ကမ်းပေါ် တက်လာတာ အမှောင်ရိပ်ကြောင့် သူတို့ မျက်နှာတွေက မပီဝိုးတဝါးပါ ။ ယောက်ျား နှစ်ယောက် မိန်းမ နှစ်ယောက် ဆိုတာတော့ သေချာတယ် ။ ရင်ခွင်ပိုက် ကလေးငယ် တစ်ယောက် ပါလာပုံရတယ် .. ။ သူတို့ ကျွန်မဆီကို လာနေကြတာ ။ မကြာခင်ပဲ သူတို့ အားလုံး ကျွန်မ အနားကို ရောက်လာတယ် ။ သူတို့ကို ပီပီပြင်ပြင် မြင်လိုက်ရမှ ကျွန်မ ဝမ်းသာသွားလိုက်တာ မျက်ဝန်းကပါ မျက်ရည်နဲ့ ကြိုလို့ပေါ့ ။ ဒါ ဝမ်းသာလို့ ကျလာတဲ့ ပီတိမျက်ရည်ပါ ။ ကျွန်မ ကိုယ်မှာ အချိန် အတော်ကြာအောင် နေရာယူထားတဲ့ အလွမ်းတွေက ချက်ချင်းပဲ အဝေးကို ထခုန် ပျံသန်းသွားလို့ ...
“ အမေ ”
ဒီအသံတွေက ကျွန်မ အရမ်း ကြားချင်နေတဲ့ အသံ
“ အမေရယ် သတိရလိုက်တာ ”
သားငယ်က စကားလည်း ပြောရင်း သူ့ လက်နှစ်ဖက်နဲ့ ကျွန်မကို ထွေးပွေ့လို့ နွေးထွေးလိုက်တာလေ ... ။
“ ကဲ ညီလေး အမေ့ကို အရင် ကန်တော့လိုက်ရအောင် ”
သားကြီးရဲ့ စကားကြောင့် နောက်က ပါလာတဲ့သူတွေပါ လှုပ်လှုပ်ရွရွ ဖြစ်နေပြီ ။ ခဏအကြာ ကျွန်မရဲ့ ပတ်ပတ်လည်မှာ ဝိုင်းထိုင်ကြလို့ ကျွန်မ သူတို့ကို တစ်ယောက်ချင်း သေချာ လိုက် ကြည့်နေမိတယ် ။ ဒါ ကျွန်မရဲ့ ဘဝလေးလေ ။ ပါးပြင်က ကျလာတဲ့ မျက်ရည်ကို ကျွန်မ ထိန်းမထားတော့ပါဘူး ။ အားရပါးရ ငိုဖြစ် ရင်တောင် ကျွန်မ သားတွေ သိမှာမှ မဟုတ်တာ ...
“ အမေ ”
သားကြီးရဲ့ခေါ်သံကြောင့် ကျွန်မ မျက်ရည် ကြားကနေ အပြုံး တစ်ခုကို အစွမ်းကုန် အမြန် ဖန်ဆင်းလိုက်မိတယ် ။
“ သားတို့အားလုံး အမေ့ကို ကန်တော့ပါတယ် ”
လက်အုပ်ချီပြီး သားကြီးရဲ့ အသံက အရင် ပေါ်လာတယ် ။
“ ဒီတစ်ခါ အမေ့ဆီက ပြန်ပြီးရင် နောက်ဆို အမေ့ဆီ လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး အမေ ”
ဒီစကားကတော့ ကျွန်မ ရင်ညွန့်တည့်တည့်ကို လာ ထိတာ ၊ ဒါပေမဲ့ သားတွေကို အမြဲ မြင်ချင်တွေ့ချင်တဲ့ စိတ်ကြောင့်သာ ၊ တကယ်ဆို အမေ ဖြစ်တဲ့ ကျွန်မက နားလည်ပေးသင့်တာပေါ့ ။
ကျွန်မ ပြုံးထားဆဲပါပဲ ... ။
“ မိသားစုတာဝန် အလုပ်တာဝန်တွေနဲ့ သားတို့ အမေ့ဆီကို လာနိုင်မှာ မဟုတ်တော့ဘူး အမေ ”
ဟုတ်ပါတယ် ကျွန်မ အမြင်မှာ ကျွန်မ သားတွေက ကလေးလေးတွေလိုပဲ မြင်နေခဲ့တာ ။ သေချာ စဉ်းစား ကြည့်မိတော့ သူတို့ အသက်တွေ မငယ်ကြတော့ဘူး ။ အလုပ်တာဝန်တွေ အခုဆို မိသားစုတာဝန်တွေ ပါ ကျွန်မ သားတွေ ထမ်းနေရပြီ ဆိုတော့ ။ အတောင်အလက် စုံ နေပြီပေါ့ ။ သူတို့လေးတွေ လွတ်လပ်စွာ ပျံသန်းသင့် နေပြီလေ ... ။ ပျံသန်းရစ်တော့ သားတို့ ရေ ။ မျက်ရည်ကြား ကနေ ကျွန်မ ပြုံးထား ဆဲပါ ... ။
“ အမေ ကောင်းရာမွန်ရာ ဘဝကို ရောက်ပါစေ အမေ ”
သားကြီးရဲ့ ဆုတောင်းသံကြောင့် ကျွန်မ အလန့်တကြား ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိလိုက်တယ် ။
... ဘုရား ဘုရား ...
ပါးလွှာတဲ့ အရာတစ်ခု ခြားထားသလိုပဲ ... ။ ဒါက ဘယ်လို ဘဝမျိုးလဲ သား ဆိုတဲ့ သံယောဇဉ်ကြိုးတွေထဲ အထပ်ထပ် ချည်နှောင်ထားတဲ့ ကျွန်မ ၊ အေးချမ်းတဲ့ ဒီ နေရာလေးမှာ နေချင်တဲ့ ဆန္ဒ ၊ နေ့တိုင်း အလွမ်းတွေ မျက်ရည်တွေနဲ့ ဖြတ်သန်းနေတဲ့ ကျွန်မ ၊ ဒါတွေကတော့ အစစ်အမှန်တွေပါ ။ ဘယ်အရာက ကျွန်မ ကျွန်မ .. ကျွန်မ .. ။
••••• ••••• •••••
နိဂုံး
“ ကဲ အားလုံး အမေ့ကို ကန်တော့လိုက်ကြတော့ ”
“ ကိုကို ကြည့်ပါအုံးဗျာ အခုမှ သတိထားမိတယ် အမေ့အုတ်ဂူလေး ဆေးအရောင်တောင် မရှိတော့ဘူး ”
“ အေး ညီညီ အကိုတို့ မနက်မှ တစ်ခေါက် ပြန်လာပြီ ဆေးသုတ်လိုက်တာပေါ့ အခုတော့ မှောင်နေပြီ ... ကဲ အားလုံး ပြန်ကြမယ် ”
“ ညီညီ မင်း မိန်းမကို သေချာ တွဲခဲ့အုံးနော် ”
“ ဟုတ် ကိုကိုလည်း တူလေး နဲ့ အမကို ဂရုစိုက်အုံး ”
“ ကဲ အမေရေ သားတို့ ပြန်ပြီနော် ”
ဒါက နှုတ်ဆက်ချိန်တဲ့လား ။ ကျွန်မ အပါးကနေ တဖြည်းဖြည်း ပြန်လည် ဝေးကွာသွားလိုက်တာ သူတို့ အသံလေးတွေက အမှောင်ထုထဲ တစ်စတစ်စ မပီဝိုးတဝါးနဲ့ ။
ကျွန်မက ဒီနေရာလေး ဒီ အလွှာပါးလေးရဲ့ အနောက်ကနေ ဘယ်အချိန်ထိ ဆက်ပြီး မျှော်နေရမလဲ ဆိုတာ ။
▢ ရောင်နီသက်လွင် ( ဘိုကလေး )
📖တစ်ယောက် တစ်ဘဝ ( ၂ )
No comments:
Post a Comment