❝ မနက်ဖြန် ❞
( မာန် - တောင်လုံးပြန် )
ကိုစောသိန်းသည် သူ့မယား မျက်နှာကို တစ်ချက် လှမ်းကြည့်ပြီး ကတ္တီပါဖိနပ်ကို တံခါးဝသို့ ချလိုက် သည် ။ “ မနက်ဖြန် ပေးမှာပါကွာနော် ” သူ့မယားက မျက်လုံးတစ်ချက်လှန်ကြည့်ပြီး အလုပ်သွားတော့မည့် ကိုစောသိန်း အတွက် ထမင်းချိုင့်ကို ကမ်းပေးလိုက် သည် ။ ကိုစောသိန်း ကတိပေးသည်ကို မယုံမရဲ ဖြစ်နေရှာသည် ။ နှုတ်က ထုတ်၍မပြောချေ ။
“ ရမှာပါကွာ ။ မပူပါနဲ့ ။ မနက်ဖြန် ငါရအောင် ရှာခဲ့မယ် ”
“ အိမ်စာချုပ် က ”
သူ့မယားက စကားမဆက်လိုသဖြင့် တံတွေး မျိုချရင်း မျက်နှာ လွှဲလိုက်သည် ။ အိမ်လခ လစေ့နေ ပြီ ။ အိမ်ရှင် က ပြီးခဲ့သည့် တစ်ပတ်ကျော်ကပင် စာချုပ်အသစ်ထပ်ချုပ်ရန် မေးမြန်းဆွေးနွေး လာခဲ့ပြီ ။
“ ငါ ရအောင် တောင်းခဲ့မှာပါကွာနော် ”
“ ဟိုတစ်ခါလို ဖြစ်မှာစိုးလို့ပါ ”
ကိုစောသိန်းက စကားမပြန်တော့ဘဲ ကမ်းပေးနေသည့် ထမင်းချိုင့်ကို ဆွဲယူ၍ ထွက်လာခဲ့သည် ။ အိမ်လခ နောက်ထပ် ခြောက်လ ထပ်ချုပ်နိုင်ဖို့ ယခုထိ ယတိပြတ် အဖြေမပေးနိုင်သေးပေ ။ အလုပ်ရှင်သူဌေး ကတော့ လစာအထုတ်များ နေသည့်အဖြစ်ကို ဘာမှ မပြောချေ ။ လစာ လွန်နေသည်က နှစ်လစာ ပြည့်တော့မည် ။ ကိုစောသိန်း အကြောင်းပြချက်မျိုးစုံဖြင့် ကြိုတင်ထုတ်ထားပြီးလေပြီ ။ အလုပ်ကပင် ပြန်၍ အကြွေးတင်နေရသည်ကိုး ။
မနက်ဖြန် ၊ မနက်ဖြန်တွင် အတိုးနှုန်း နှစ်ဆယ် ဖြင့် သူဌေးက အစ်မဖြစ်သူထံ ပြောပေးထားသည် ။ ငွေခြောက်သောင်းကို အတိုးငွေ ကြိုတင် နုတ်ယူပြီးလျှင် တစ်သောင်းနှစ်ထောင် လျော့တော့မည် ။ ဤသည်မှာ အလွတ်တိုး ထုံးစံဟု ဆိုသည်ကော ။ ငွေခြောက်သောင်းကို တစ်လစာအတိုး ကြိုတင်ဖြတ်ယူ ထားလေသည် ။
ထိုမနက်ဖြန် သည်ပင် သေချာပေါက် ရမည် ၊ မရမည် သူဌေးက အာမမခံသေး ။ ပြောပေးထားရုံသာ ဖြစ်သည် ။ ကိုစောသိန်း ၏ လစာငွေက လေးသောင်းငါးထောင်ရှိသည် ။ တနင်္ဂနွေ အချိန်ပို ဆင်းလျှင် နှစ် ထောင်ရမည် ။ တစ်ခါတစ်ရံ ညဂျူတီသမား အတွက် အရေးပေါ် ဆင်းပေးလျှင် နှစ်ထောင်ရမည် ။
ကိုစောသိန်း အတွက် အလုပ်နှင့် လစာသည် ဝဋ်ကြွေးတစ်ခု ဆပ်နေရသည်သာ ဖြစ်၏ ။ လင်နှင့် မယား နှစ်ကိုယ်တည်း ဖြစ်သည့်တိုင် အလျဉ်မမီချင် ။ မြို့တော်ရန်ကုန် ၏ လူနေမှုဘဝတွင် ကိုစောသိန်း အတွက် မနက်ဖြန်သည် စနက်တံ ဖွင့်ထားသော နောက်ထပ် လက်ပစ်ဗုံးတစ်လုံးကို စနစ်တကျ ပြန်တပ်ဆင်ရသည်နှင့် မခြား ။
သို့သော် ထို မနက်ဖြန်သည် မုချမသွေ ရောက်ပေဦးမည် ။
မယားအချစ်၏ ပူပင်သောကကို ဖြေရှင်းပေးရမည့် မနက်ဖြန်သည် ကိုစောသိန်း အတွက် ယဇ်ပလ္လင် ဖြစ်နေသည်လား ။
••••• ••••• •••••
“ မနက်ဖြန် ပြန်လာခဲ့လေ ။ အုံနာကို မေးပေးထားမယ် ”
ကျော်စိုးသိန်း ခေါင်းညိတ်၍ ထိုင်ခုံမှ ထရန်ပြင်သည် ။
“ ကျွန်တော်ပြန်ဦးမယ် ”
“ အေး ”
အဒေါ်ကြီးက သူ့ထက် အရင် ထလိုက်သည် ။ ကျော်စိုးသိန်း က စားပွဲပေါ် မှ စပယ်ယာလိုင်စင်ကို အိတ်ထဲသို့ ပြန်ထည့်သည် ။
သူ့အဖို့ မနက်ဖြန်တွေ များလှပြီ ။ ခြောက်တန်းဖြင့် ကျောင်းထွက်ခဲ့သော အညတရ ဆင်းရဲသား တစ်ဦးအတွက် ရွှေမြို့တော်ရန်ကုန်သည် ဘုံကျွန်ဘဝ သာ သူ့ကို ပေးခဲ့၏ ။
ခွေးလေကြမ်းပိုး ၊ ကျောင်းမှ မနေချင်တဲ့ကောင် ဟု အဖေ က စိတ်တိုတိုဖြင့် ပြောဖူးပါသည် ။ လက်ဖက်ရည်ဆိုင်အလုပ်သမား ၊ ပွဲဈေးလှည့်၍ ဈေးရောင်းသော အကြော်ဆိုင်များမှာ တစ်လှည့် ၊ ကားဝပ်ရှော့မှာ တစ်ဘဝ ၊ သူ ကျင်လည် လူလားမြောက်ခဲ့သော ကာလများဖြစ်သည် ။ ထိုကားဝပ်ရှော့ကို လာသည့် ဒိုင်နာ ကားပိုင်ရှင် ဦးတိုး က သူ့ ကို ဝပ်ရှော့ဆရာ ထံမှ တောင်းသည် ။ ဦးတိုး က သင်္ဃန်းကျွန်းဈေးနှင့် သီရိမင်္ဂလာဈေးကို ကုန်စိမ်းဆွဲသည့် အုံနာဖြစ်သည် ။ သူက လည်း ထိုအလုပ်ကို သဘောကျခဲ့သည် ။
အဖေကတော့ ဘာမှ မပြော ။ သူ့ကို ပေယျာလကန်ပြုထားပြီး ကျောင်းတက်နေသော သူ့ ညီမနှစ်ဦးကို ဂရုစိုက်တော့သည် ။ အဖေ့ လက်သမားအလုပ်ကို သူက စိတ်မဝင်စားသလို အဖေကလည်း အားမပေးခဲ့ ။ ကိုယ့်ဘဝကိုယ်ကျောင်း ၊ ကိုယ့်လမ်း ကိုယ် ရွေးပေတော့ တဲ့ ။
ဈေးကားကို သူ သဘောကျသည် ။ ကုန်စိမ်းသမများက ကြမ်းပေ့ရမ်းပေ့ နှုတ်သရမ်းနေ့များက ခပ်များများပင် ။ ပညာတွေ မျိုးစုံရသည် ။ စကားမျိုးစုံ ကြားရသည် ။ ကုန်စိမ်းသမများသည်ကား ဈေးရောင်း မြတ်တာ နှစ်ကျပ်ခွဲ ၊ ရည်းစားထားတာ အမြတ်ပဲဟု ပြောကြသည် ။
ကျော်စိုးသိန်း က လူပျိုပေါက် ဖြစ်ခါစ ။ ကုန်စိမ်းသမများက ရည်းစားထားသည့်အရွယ်များ မဟုတ် ။ လင် နဲ့ သား နဲ့ အတွင်းစကားမျိုးစုံ ပြောကြသည် ။ သူ သဘောကျ၍ မဆုံးတော့ ။
ထိုမှတစ်ဆင့် ၃၈ ဒိုင်နာလိုင်းသို့ သူရောက်လာခဲ့သည် ။ အသက်လည်း ၁၈ နှစ် ပြည့်ပြီမို့ စပယ်ယာလိုင်စင် ကိုင်နိုင်ပြီ ။ သို့သော် ထိုလိုင်စင်က လိုင်းကားလိုက်သည်မှ စ၍ ချလန်ဖြင့် လဲထားရသည်ချည်းသာ ။ ဘယ်တော့မှ လက်ထဲ မှာ မရှိ ။
ယခုတော့ မနက်ဖြန်ကို မျှော်ရတော့မည် ။
၃၈ ဒိုင်နာကားများ မြို့ထဲသို့ ဆွဲခွင့် မရှိတော့ ။ အုံနာကလည်း သူ့ကို အလုပ်မပေးနိုင်တော့ပြီ ။ ထိုကာလမှစ၍ စပယ်ယာလိုင်စင်ကို ကိုင်၍ လိုင်းကားကြီးများ ကိုင်သည့် အုံနာ အသီးသီးထံ အလုပ်ရှာရပြီ ။ တွေ့သမျှ အုံနာများက မနက်ဖြန်သာ ရက်ချိန်းပေးကြသည် ။
ပါးလျသော သူ့ဖိနပ်များ၏ ဦးတည်ရာကား ရွှေပြည်သာမြို့သစ်သို့ ပြန်ရမည့် မီးရထားဘူတာဆီ သို့သာ ။ ငွေနှစ်ဆယ်တန် တစ်ရွက်တော့ သူ့မှာ ကျန်သေး၏ ။ ရထားခပေးဖို့ ဖြစ်သည် ။
မနက်ဖြန် ဆိုလျှင်တော့ ။
••••• ••••• •••••
မအေးမိ တစ်ယောက် လက်ထဲမှ ဘောက်ချာ စာရွက်ကလေး ကိုင်ပြီး ခေတ္တတွေဝေနေမိတော့သည် ။
ပန်းဆိုးတန်း တစ်ဝိုက်မှ စာအုပ်ဆိုင်များ ၊ ဗိုလ်ချုပ်လမ်းပေါ်မှ စာအုပ်ဆိုင်များ ၊ ရန်ကင်း ၊ ရွှေဘုံသာ ၊ လှည်းတန်း ၊ မြေနီကုန်း နှင့် မြို့ပြတစ်ခွင်မှ စာအုပ်ဆိုင်များဆီသို့ ခြေတိုအောင် လှည့်ခဲ့သည် ။ ၃၁ လမ်းနှင့် ၃၂ လမ်းက အဆိုးဆုံး ။
နောက်နေ့မှ ပြန်လာခဲ့ပါ ။ မနက်ဖြန် ပြီး မနက်ဖြန် ။
စာအုပ်ဖြန့်ချိရသည့် ဘဝကို မအေးမိ စိတ်ပျက်လှပါပြီ ။ ရသည့် ကော်မရှင်နှင့် လုပ်ရသည့်အလုပ်က အတော်ပင် အောက်ကျနောက်ကျ နိုင်လွန်းလှသည် ။ စာအုပ်ဆိုင် တော်တော်များများ သစ္စာမရှိ ။ ကတိ မတည်ကြတော့ပြီ ။ ကျင့်ဝတ်သိက္ခာ ယိုယွင်းနေကြပြီ ။ ဘောက်ချာရှင်းပါဆိုလျှင် အလှူခံကို ဆက်ဆံသလို သွားလိုက်ပါဦး ဟု ပြောလွှတ်နေကြပြီ ။ ဘာမှတော့ မတတ်နိုင် ။ သူတို့ ခေတ်တွင် သူတို့ စနစ်ဖြင့် ပညာပြ နေကြပြီကိုး ။
ထုတ်ဝေသူ အန်ကယ်ကြီး ထံသို့ပင် ဘောက်ချာများ အားနာနာနှင့် ပြန်ပေးရတော့မည် ။ မနက်ဖြန်တွင် တစ်ကျော့ကျော့ ရမည် ။
စာအုပ်တစ်အုပ် တင်လျှင် အမြတ်ကော်မရှင် အပြည့်ယူသည် ။ စာအုပ်ကုန်လျှင် မဆက်သွယ်ချင် ။ အင်အားနည်းသော စာပေတိုက်မျိုး ဆိုပါက ရောင်းရ ငွေကို မလိမ့်တစ်ပတ် လုပ်ကြသည် ။
ဘောက်ချာ ရှင်းရမည် ဆိုလျှင် မနက်ဖြန် ၊ နောက်တစ်ရက် ၊ နောက်တစ်ပတ် စသည်ဖြင့် အားမနာပါးမနာ ပြောလိုက်၏ ။ နောက်တစ်နေ့တွင် နောက်တစ်ဦးက လက်ခံတွေ့ပြီး နောက်တစ်မျိုး ပြောသည် ။
သူတို့ ပါးစပ်က ပြောထွက်သည်မှာ မခက် ။
မအေးမိ လို ကော်မရှင်စား ဖြန့်ချိရေသမားအတွက် ငွေတစ်ထောင် ရပါမှ တစ်ရာကျန်သည် ။ ဆိုင်ရှင်က ပေးသော ငွေအတိုင်း ထုတ်ဝေသူထံ ဘောက်ချာပြ၍ ပြန်အပ်ပါမှ ဆယ်ရာခိုင်နှုန်းရသည် ။ ယနေ့ ဆိုလျှင် ခြေတိုအောင် လှည့်ခဲ့ပြီးကာမှ ငွေလေးထောင်သာ ရခဲ့သည် ။ ကော်မရှင်က လေးရာကျပ်သာ ရမည်မို့ ကားခပင် ရှုံးခဲ့ချေပြီ ။ မနက်ဖြန်ဟု ရက်ချိန်းပေး လိုက်သော စာအုပ်ဆိုင်က အများစု ။
မအေးမိ တော့ မထင် ။ မထင်သော်ငြား ရုန်းမထွက်သာသည့် ဘဝဝမ်းစာအတွက် မနက်ဖြန်ကို တိုက်ပွဲဝင်ရပေဦးမည် ။
••••• ••••• •••••
“ ဟဲ့ သေနာ ။ မနက်ဖြန် ငါ မြို့ထဲ ထွက်မယ်လို့ ပြောနေတယ်လေ ။ နင့် အပေါက်ကို ပိတ်ထားစမ်း ”
“ ခင်ဗျားကြီး ပြောလိုက်ရင် ၊ ဟွန်း ”
“ ဟဲ့ ခွေးလေကြမ်းပိုးကောင် ။ မမိုက်ရိုင်းနဲ့နော် ”
“ မရိုင်းချင်ရင် ထွက်ရှာလေဗျာ ။ ကလေးတွေ ဘာစားရမှာလဲ ”
“ နင်ကတော့ အပင်းဆို့ နေတယ် ။ ငါ အိုလို့ သေတဲ့အထိ ထွက် ရှာရဦးမှာလားဟဲ့ ၊ အကောင်စုတ်ရဲ့ ”
မင်္ဂလာနံနက်ခင်းသည်ကား ဘွားမြ နှင့် သမက် ဖြစ်သူ ကြွက်ကြီးတို့၏ အိမ်တွင်းတိုက်ပွဲဖြင့် ပျက်စီးခဲ့လေပြီ ။ ကြွက်ကြီး ခမျာ အော်သာ အော်နေသည် ။ လူက အိပ်ရာထဲမှ ထနိုင်သူ မဟုတ် ။ ယခင်ကတော့ ဆိုက်ကား နင်းပါသည် ။ ယာဉ်တိုက်မှုကြောင့် ခြေနှစ်ဖက်စလုံး အကြောသေ သွားခဲ့ပြီး ဒုက္ခိတ ဘဝဖြင့် မယား လုပ်စာ ထိုင်စားခဲ့သည် ။ မယား ဖြစ်သူ ဆုံးပါးသွားချိန်တွင် ယောက္ခမဖြစ်သူ အပေါ် အိမ်တာဝန်တို့ ပုံကျခဲ့လေပြီ ။
ဘွားမြသည် အသက် ခုနစ်ဆယ် ကျော်ခဲ့ပြီ ။ မြေးနှစ်ယောက် နှင့် သမက်ဒုက္ခိတ အတွက် အရပ်တကာ လှည့်၍ အလှူခံနေရသူ ဖြစ်တော့သည် ။
လွန်ခဲ့သော နှစ်ရက်က ဘွားမြ ဖျားခဲ့သည် ။ တုတ်တုတ်မျှ မလှုပ်သာအောင် ဖျားခဲ့သည် ။ ယနေ့ နာလန်ထစမို့ ရန်ကုန်မြို့ထဲသို့ မချီတက်နိုင် ။ အိမ်မှာလည်း ရိက္ခာ ပြတ်လေပြီ ။ မနေ့ညပိုင်းက အံ့ကြီးရပ်ကွက် ၊ မြို့မ ( ၁ ) တံတားအနီး၌ စတုဒိသာ ဆန်ပြုတ် ပေးလှူသဖြင့် မပူပင်ခဲ့ရချေ ။
ရန်ကုန်ကို သွားနိုင်ပါက ဘွားမြ မကြောက် ။ ပုဇွန်တောင်ဘူတာအနီးမှ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် အလှူခံခွင့် ရထားပြီးဖြစ်သည် ။ မြို့လယ်ကောင်သို့ ပုံမှန် လည်ပတ်ခွင့်ရပါလျှင် ထိုနေရာများသို့ သွားရန်မလိုပါချေ ။
ကုန်သည်လမ်းတွင် ဘွားမြကို အမြဲကြည်ဖြူသည့် စေတနာရှင် သုံးဦး ရှိသည် ။ တစ်ရာ မျိုး ၊ နှစ်ရာ မျိုး မကြာမကြာ လှူဒါန်းကြသည် ။ ရွှေဘုံသာလမ်းက ဆေးဆိုင်တစ်ဆိုင်မှလည်း သုံးလေးရက် တစ်ခါ ငွေငါးရာ စွန့်ကြဲမြဲပင် ။ ဆူးလေလမ်းမကြီး မှာလည်း သဒ္ဓါရှင် မရှားလှချေ ။
မြေးနှစ်ယောက်က ငယ်သေးသည် ။ အကြီးမက ခြောက်နှစ် ။ အငယ်ကောင်က လေးနှစ် ။ သူတို့ ဘဝရှေ့ရေးကို ဘွားမြ ကျားကန်နေရပါသည် ။ အကြီးမကတော့ တစ်ခါတစ်ရံ ခေါ်သွားခေါ်လာ အားကိုးရနေ၏ ။ မျက်နှာလေးက အမေတူ သမီးမို့ ချစ်စရာ ။ ကြက်လျှာစွန်းဒံပေါက်ဆိုင်သို့ လာစားတတ်သည့် လူကြီးတစ်ဦး ဆိုလျှင် အကြီးမကို တွေ့တိုင်း ဒံပေါက် တစ်ပွဲ စွန့်ကြဲ သွားတတ်သည် ။ ထိုနေ့မျိုးတွင် သမက် ဒုက္ခိတမင်းသားက အားရပါးရ ချီးမွမ်းတတ်ပါသည် ။
ဒီနေ့ မနက်တော့ ဘွားမြ နာလန်ထစ ပြုပြီ ။
မနက်ဖြန် ဆိုလျှင် ၂၆ ရက် ၊ သောကြာနေ့ ။ ဖေဖော်ဝါရီလ ၏ လကုန်ရက် နီးနေပြီ ။ ဝန်ထမ်းများ လစာထုတ်ကြမည် ။ ထိုမနက်ဖြန်ကို မျှော်ကိုး၍ မြို့လယ်တစ်ခွင် ပြဲပြဲစင်အောင် လှည့်ဖို့ ဘွားမြ အားမွေးနေပါသည် ။
မနက်ဖြန် ရွှေနေ့ ငွေနေ့ ဖြစ်စေသတည်း ။
••••• ••••• •••••
ဒေါက်တာကျော်အောင်က သတင်းစာ ဖတ်လျက်က ဇနီးဖြစ်သူကို ဝမ်းသာအားရ ပြောပြလိုက်သည် ။
“ ဒီနှစ်ထဲမှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပဖို့ သေချာပြီကွ ။ တိုင်းပြည်တော့ တကယ်ကောင်းပြီဟေ့ ”
ဇနီးဖြစ်သူက မျက်လုံးတစ်ချက် လှန်ကြည့်သည် ။
ထိုအကြည့်ကို ဒေါက်တာကျော်အောင် သိပါသည် ။ အသက်ခြောက်ဆယ် ကျော်လာပြီမို့ ငယ်မယား၏ အကြည့်ကို ဘာဆိုလိုချင်မှန်း သိနေခဲ့ပါသည် ။ ဘာအကြည့် ကြည့်လာလျှင် ဘာပြောချင်မှန်း သိနေပါသည် ။
“ ရွပိုးထိုးပြန်ပြီလား ”
ဟော ... ဇနီးဖြစ်သူ ပြောထွက်လာပြီကော ။
“ ဒီတစ်ခါတော့ ငါလည်း ”
ဒေါက်တာကျော်အောင်က စကားမဆက် ။ စာအုပ်စင်၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်အဟောင်းလေးကို လှမ်းကြည့်မိသည် ။ သူလည်းလေ လောကီသားပေမို့ လူညီလျှင် ဤကို ကျွဲ လိုက်ချင်သေးသကိုး ။
“ လုပ်ကြပါတော် ။ တော့် လူတွေနဲ့သာ အဆင်ပြေကြပါစေ ”
“ ဟ ၊ ဒါတော့ ပါတီထောင်မှာလေကွာ ။ ဆွေးနွေးရ ၊ ငြင်းခုံရတာတော့ ရှိမှာပေါ့ ”
“ ဟွန်း ၊ ရှင်တို့ ပြောလိုက်ရင် ဒါပဲ ။ ငြင်းရင်းခုံရင်း စကား များကြတာပဲ ။ တကတည်းမှပဲ ”
ဒေါက်တာကျော်အောင် နှုတ်တုံ့ မပြန်ခင် တယ်လီဖုန်းသံ မြည်လာသည် ။ နိုင်ငံရေးကို နကန်း တစ်လုံး နားမလည်သော မိန်းမဟု စိတ်ထဲမှ တွေးကာ တယ်လီဖုန်းရှိရာ ထသွားလိုက်သည် ။
“ ပြောပါ ။ ကျော်အောင် ပြောနေပါတယ် ”
“ ... ..... ”
တစ်ဖက်က ပြန်ပြောလိုက်သံကြောင့် ဒေါက်တာကျော်အောင် အားရဝမ်းသာ ထအော်သည် ။ ဟိုက လည်း ထပ်ပြောသည် ။ ဒီဘက်က အော်သည် ။ ဝမ်းခေါင်းသံကြီး လိုက်နေသည် ။
ဖုန်းပြောနေရင်းမှ မျက်စောင်းခဲနေသည့် ဇနီးသည် ဘက်သို့ လှမ်းကြည့်ရင်း ဒေါက်တာကျော်အောင် က ပါးစပ်လှုပ် ပြသည် ။
“ ဝင်းမောင် ၊ ဝင်းမောင် ပြန်လာမယ်တဲ့ ။ ပါတီထောင်မှာတဲ့ ”
ဇနီးဖြစ်သူက ပို၍ မျက်စောင်း ထိုးလိုက်တော့သည် ။ ရှေ့မှ သတင်းစာကို ဆတ်ခနဲ ကောက်လိုက်သည် ။
“ အေး... အေး ၊ မနက်ဖြန် ငါလာကြိုမယ် ။ ညပိုင်းလား ။ အေးပါ ၊ ဆက်ဆက်လာမယ် ။ စိတ်ချ ၊ စိတ်ချ ၊ ဟိုကောင်တွေလည်း မင်းကို မျှော်နေတာ ၊ အေးပါဟ ”
ဒေါက်တာကျော်အောင် အလွန်ရွှင်မြူးနေသည် ။ တယ်လီဖုန်းကိုပင် ကလေးငယ်တစ်ဦးလို အသာလေး ရွရွချ၍ ပါးစပ်ကလည်း သီချင်း ဟဲနေပြန်သည် ။ ပြောချင်ရာလည်း ပြောနေပြန်၏ ။
“ ဇမ္ဗူတစ်ဝန်းမှာ လှူဒါန်းမယ့်သူတွေ အောင်ပါစေ ဟေ့ ။ အင်း ၊ ကိုဝင်းမောင် ပြန်လာမယ်တဲ့ ။ ဒါပေါ့လေ ။ ကိုယ့် တိုင်းပြည်လောက် ဘယ်တိုင်းပြည်မှ မကောင်းဘူး ။ ပါတီ ပြန်ထောင်ကြမယ် ။ ကဲ ကိုယ်မပြောဘူးလား ။ ဒီနှစ်ဟာ တိုင်းပြည် အတွက် အစစအရာရာ ပြောင်းလဲမယ့် နှစ်ပါလို့ ။ မြန်မာနိုင်ငံတော်ဝယ် မင်း ၊ သူဌေး ၊ ကုန်သည် ၊ လယ်ပိုင်ရှင် ၊ လယ်သမား ၊ ဆင်းရဲသား မကျန်ပေ ။ လိုရာဆန္ဒ ပြည့် အောင်ပါစေ ဟေ့ ။ ကြီးပွားရေ နဲ့ သမီးရည်းစားအရေးနဲ့ တယ့်နှယ်တူနှယ် ၊ တယ့်နှယ်တူနှယ် ။ ရွှေမန်းကိုအောင်ရဲ့ ပါတီသစ္စာတွေ ပါတီမေတ္တာတွေ ဟေ့ ဟေ့ ”
ဒေါက်တာကျော်အောင် တစ်ယောက် သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိသည့် တိုက်အိမ်ကြီး အတွင်း၌ ဝမ်းသာရွှင်မြူးစွာ သီချင်း တစ်ပုဒ်ကို ဆိုချင်သလို ဆိုနေပါတော့သည် ။
ခံ့ညားကြီးမားသည့် တိုက်အိမ်ကြီးအတွင်းမှ သူ့ သီချင်းသံသည် ပြင်ပကမ္ဘာသို့ မပျံ့လွင့်နိုင်ပါချေ ။ မနက်ဖြန်ဆိုလျှင် သူ့ထက် အဆပေါင်းများစွာ ကြွယ်ဝချမ်းသာသည့် ကိုဝင်းမောင် ဆိုသူ ပြန်လာပေတော့မည် ။
သူတို့ မနက်ဖြန်သည် တစ်မျိုးသာစွတကား ။
⎕ မာန် ( တောင်လုံးပြန် )
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂၀၁၁ ၊ ဇန်နဝါရီ
No comments:
Post a Comment