❝ ဝတ္ထု တစ်ပုဒ် အစ ခက်နေသူသို့ ❞
( ဝင်းငြိမ်း )
ညတုန်း က အားလပ်တဲ့ အချိန် ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်လိုက်တော့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ ရောက်နေတဲ့ သားတပည့် တစ်ဦး ဖြစ်သူ သံလွင်ကို က သူ ဝတ္ထုတစ်ပုဒ် စရေးဖို့ အခက်အခဲ ဖြစ်နေတဲ့ ပုံစံ ဓာတ်ပုံရိုက်ပြီး တင်ထားတာကို တွေ့လိုက်ရပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင် ပဲ ကျွန်တော် ကလည်း ဒီလ မှာ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ကဏ္ဍ အတွက် Short Story Magazine စာရေးဆရာမ ဂျေမီလီဝါးလေ့စ် ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ် ကို ရွှေအမြုတေ ပရိသတ်များ အတွက် ဖော်ပြပေးဖို့ ဖတ်ပြီးခါစ အချိန် ဖြစ်ပါတယ် ။ ဆရာမ က ဝတ္ထုတို လောက မှာ အောင်မြင်ထင်ရှားသူ တစ်ဦး ဖြစ်တဲ့အပြင် လူသိများတဲ့ ဘလော့ဂ်ဂါ တစ်ဦး လည်း ဖြစ်ပါတယ် ။ သူ ရေးထားတဲ့ စာရေးဖို့ သိပ် ပင်ပန်းနေသလား ဆိုတဲ့ ခေါင်းစဉ် နဲ့ ရေးသားထားတဲ့ ဆောင်းပါး ကို စာရေးချင်သူများ အတွက် ဖော်ပြပေးလိုက်ပါတယ် ။
••••• ••••• •••••
စာရေးတယ်ဆိုတာ လက်တွေ့အားဖြင့် အများကြီး အားစိုက်ထုတ်ရတာ မဟုတ်ပါဘူး ။ ဘောလ်ပင် သို့မဟုတ် ခဲတံ တစ်ချောင်း နဲ့ စာရွက် ပေါ်မှာ ချရေးတာပဲ ဖြစ်ဖြစ် ၊ ကွန်ပျူတာ နဲ့ ရေးတာပဲ ဖြစ်ဖြစ် အားစိုက်ထုတ်မှုက သိပ် မများပါဘူး ။ လက်ပ်တော့ပ် နဲ့ ရေးသားသူများ အတွက်ကတော့ အိပ်ရာ ပေါ်မှာ ခေါင်းအုံး တစ်လုံးနဲ့ မှီပြီး လှဲနေရင်း က တောင် ရေးလို့ရပါတယ် ။
ခက်ခဲတဲ့ အပိုင်းက ဘာကို ရေးမှာလဲ ဆိုတဲ့ စိတ်ကူး ရလာဖို့ပါ ။ ရလာတဲ့ စိတ်ကူး ကို စာဖတ်ပရိသတ် ထံ တင်ပြရာမှာ ထိရောက်မှု ရှိစေဖို့ မှန်ကန်တဲ့ စကားလုံး ရွေးချယ်နိုင်ရမယ် ။ ဒီ စကားလုံးတွေ ကို အထားအသို ဘယ်လို ထားမယ် ။ လှလှပပ လည်း ဖြစ်ရမယ် ။ အဓိပ္ပာယ် လည်း ပြည့်ပြည့်ဝဝ ပေါ်လွင်စေရမယ် ။
ဒါကြောင့် စာရေးတယ်ဆိုတာ စူပါမင်း လို ခွန်အားဗလ မလိုပါဘူး ။ သက်လုံ ကောင်းဖို့လည်း မလိုပါဘူး ။ ကိုယ့် ခေါင်း ထဲမှာ ရေးမယ့် စကားလုံးတွေ စီနိုင်ဖို့သာ အဓိက ဖြစ်ပါတယ် ။ ဒါပေမဲ့ စာရေးဆရာ အများစု ကြုံတတ်တာက စာရေးဖို့ အခက်အခဲ ကြုံတွေ့တတ်ခြင်းပါပဲ ။
စာရေးဖို့ အတွက် စာရေးချင်သူ တစ်ယောက် ဟာ နေ့စဉ် လေ့ကျင့်ခန်းများ လုပ်သလို သတ်သတ်မှတ်မှတ် အချိန် နဲ့ သတ်မှတ်ထားရမယ် ။ စာရေးဖို့အတွက် သီးသန့် အချိန် ရှိရမယ် ။ ဒီလို နေ့စဉ်လေ့ကျင့်ခန်း တစ်ခု သဖွယ် လုပ်မှသာ ရေးချင်စိတ် ပေါ်ထွန်းလာမှာ ဖြစ်သလို ရေးနိုင်အားလည်း တက် လာမှာ ဖြစ်ပါတယ် ။ ငယ်ငယ်တုန်းက အိမ်မှာ ကစားစရာနေရာ သီးသန့် ရှိသလို အခု စာရေးတဲ့ အချိန်မှာလည်း စာရေးတဲ့ နေရာ သီးသန့် ဖန်တီး ထားသင့်ပါတယ် ။ ရေးဖို့ အချိန်ရယ် ၊ ရေးရမယ့် နေရာရယ် ဟာ စာရေးချင်သူများ အတွက် အမှန်တကယ် လိုအပ်တဲ့ အချက် နှစ်ချက် ဖြစ်ပါတယ် ။ ဒါပေမဲ့ ရင်ထဲမှာ ဘာမှ မရှိဘဲ စာရေးမယ့် နေရာကို လာပြီး ထိုင်နေမယ် ဆိုရင်တော့လည်း ဘာ စာမှ ရေးလို့ ရမှာ မဟုတ်ပါဘူး ။
••••• ••••• •••••
➦ နေရာ ၊ အချိန်တို့ သာ မက စာ ရေးဖို့ အတွက် ခွန်အား လည်း လိုပါတယ်
တီထွင်ဆန်းသစ်တဲ့ အလုပ် ကို လုပ်လိုသူတိုင်းမှာ ခွန်အား ရှိဖို့လိုပါတယ် ။ အဲဒီလိုပဲ စာရေးမယ် ဆိုရင် ကိုယ့်မှာ ခွန်အား ရှိနေဖို့ အမှန်တကယ် လိုအပ်ပါတယ် ။ တစ်နေ့လုံး ပြေးလွှား လုပ်ကိုင် နေရပြီး အိပ်ရာ ကို လေးဖက်ထောက် ဝင်ရတော့မတတ် ပင်ပန်းနေသူ
တစ်ယောက် အတွက် တီထွင်ဆန်းသစ်တဲ့ စာကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး ။ ကိုယ်တိုင် ဖန်တီးဖို့ နေနေသာသာ သူများ ရေးထားတဲ့ စာ ကိုတောင် ဖတ်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး ။
ဒါကြောင့် ကိုယ်က အရမ်း ပင်ပန်းနေပြီဆိုရင် စာ ရေးဖို့ မကြိုးစားပါနဲ့ ။ အင်မတန် ခက်ခဲပါလိမ့်မယ် ။ ကိုယ့် ဘဝ ကို ကိုယ်သာ နားလည်ပါတယ် ။ ပေးစရာ ကြွေးမြီတွေ က ရှိ ၊ နောက်ဆုံးရက် က ကပ်နေ ၊ ကလေးတွေ ကို ကျွေးဖို့မွေးဖို့ ချက်ပြုတ်ရဦးမယ် ဆိုရင်တော့ ဒီလို လူ တစ်ယောက် က ဘယ်နည်း နဲ့ မှ တီထွင်ဆန်းသစ်တဲ့ စာတွေ ကို ရေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး ။ အဲဒီလို အခြေအနေမျိုးမှာ စာတစ်ပုဒ်ကို ဖန်တီးနိုင်တဲ့ သူ ရှိနိုင်ပါ့မလား ။
မရှိနိုင်ပါဘူး ။
အဲဒီလို အခြေအနေမျိုး ကြားကနေ မဖြစ်မနေ ရေးမယ်ဆိုရင် ကိုယ့်ဘက်က ပေးဆပ်ရမယ့် တန်ဖိုးက မနည်းလှပါဘူး ။ ရေးလို့ ရတယ် ဆိုရင်လည်း ကြာတဲ့အခါ စာရေးရတာ မပျော်ဘူးဆိုတဲ့ အတွေးမျိုး ဝင်လာမှာ သေချာပါတယ် ။
စာရေးနိုင်ဖို့ အတွင်းအား ရရှိအောင် ကြိုးစားဖို့ရာ သိပ် မခက်ပါဘူး ။ နှစ်ပတ်လောက် ကိုယ့်ဘဝ အနေအထိုင် ပုံစံ ပြင် လိုက်ပြီး ကြိုးစားလိုက်မယ်ဆိုရင် အစစ အဆင်ပြေ လာပါလိမ့်မယ် ။
အသက်မှန်မှန် ရှူသွင်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ ။ နေ့လယ်ခင်း အိပ်မက် မက်တယ် ဆိုတာမျိုး စိတ်ကူးပါ ။ ကစားစရာ ရှိရင် ကစား လိုက်ပါ ။ ပြီးရင် ကောင်းကောင်း အနားယူပါ ။ ဒီလို လေ့ကျင့်ယူလိုက်ရင် ကိုယ့် ရင် ထဲမှာ ပူပန်သောက တွေလည်း ငြိမ်းအေးလာပြီး စိတ်ကူး ကောင်းတွေ ရလာမယ် ။ ယထာဘူတ ကျတဲ့ အတွေးအခေါ်တွေ ရလာပါလိမ့် မယ် ။ ဒါပေမဲ့ ကျွန်မတို့ အားလုံး ဟာ လူသားများ သာ ဖြစ်တဲ့အတွက် လူ ပီသစွာ ကိုယ်ရေးကိုယ်တာ ကိစ္စကလေးတွေ ကတော့ အနည်း နဲ့ အများ ရှိကြမှာပါပဲ ။ ဒီတော့ ကျွန်မ အတွေ့အကြုံ အရ စာရေးဖို့ စိတ်ဝင်စားသူများ အတွက် အကောင်းဆုံး အကြံဉာဏ်ပေးချင်ပါတယ် ။
➦ အိပ်ပါ
အိပ်တယ် ဆိုတာဟာ ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး ။ ဒါပေမဲ့ လူ တော်တော်များများက အလေးမထား ကြတာ ကို တွေ့ရပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် အိပ်ဖို့ အခြေအနေ လိုအပ်တာချင်း မတူကြ ပြန်ပါဘူး ။ ဘယ်လိုနည်း နဲ့ပဲ ဖြစ်ဖြစ် တစ်နေ့ ကို ၈ နာရီ အိပ်ဖြစ်ဖို့ အရေးကြီးပါတယ် ။ ကျွန်မ အိမ်က ကြောင်တွေ ဆိုရင် တစ်နေ့ ကို ၁၈ နာရီ မှ နာရီ ၂၀ လောက်အထိ အိပ်တတ်ကြ ပါတယ် ။ ဒါကြောင့် သတ္တဝါများထဲမှာ ကြောင်များ ဟာ ကျွန်မ သိသလောက် ဆိုရင် အင်မတန် သက်သက်သာသာ အရှိဆုံး သတ္တဝါများ ဖြစ်ပါတယ် ။ တစ်နည်း ပြန်တွေးကြည့်ရင်တော့ အိပ်တိုင်းသာ စိတ်ကူးတွေရမယ် ဆိုရင်တော့ လည်း ကြောင်တွေ က ကျွန်မတို့ ရဲ့ အင်တာနက်တွေ ကို ကြီးစိုး ကုန်မှာပေါ့ ။ ဒီတော့ တစ်နေ့ ၈ နာရီ ဆိုတာ လုံလောက်ပါတယ် ။
➦ လှုပ်ရှားပါ
ပြေးမယ် ၊ ခုန်မယ် ၊ ကမယ် ၊ စက်ဘီးစီးမယ် စသဖြင့် လှုပ်ရှားမှု တစ်ခုခုကို လူတိုင်း နေ့စဉ် လုပ်သင့်ပါတယ် ။ လူတစ်ယောက် က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုရင် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု တော့ ရှိရပါလိမ့်မယ် ။ ဒါမှလည်း ခန္ဓာကိုယ် အတွင်း က သွေးလည်
ပတ်မှုတွေ ပုံမှန် အနေအထား မှာ ရောက်ရှိပြီး စိတ်ရွှင်လန်းပါလိမ့်မယ် ။ လူ ဆိုတာက ကိုယ့်ကိုယ်ကို အင်မတန် သက်ညှာတတ်ပါတယ် ။ ဒီနေ့တော့ ပင်ပန်း လို့ နားလိုက်ဦးမယ် ဆိုတာမျိုးတွေ ရှိတတ်ပါတယ် ။ အဲဒီလို အတွေး ဝင်လာတိုင်း ငါ နားလို့ မဖြစ်ဘူး ၊ ကိုယ်လက်လှုပ်ရှား ရဦးမယ် ဆိုတဲ့ အတွေး ဝင်နိုင်အောင် ကြိုးစားပါ ။ ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့ နေ့ နဲ့ မရှိတဲ့ နေ့ ကိုယ့် ကိုယ်ကို နှိုင်းယှဉ် ကြည့်ရင် ဘယ်နေ့က နေလို့ကောင်းတယ် ဆိုတာ သိသာပါလိမ့်မယ် ။
➦ ကောင်းကောင်း စားပါ
ကျွန်မ ကတော့ အစားအသောက် နဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိပါဘူး ။ ကောင်းကောင်းစားတယ် ၊ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်စုံအောင် စားသုံးပါတယ် ။ အစား စားတဲ့ အခါတိုင်း မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ဟုတ်ရဲ့လား ဆိုတာ စိစစ်တဲ့ အလေ့အကျင့် ရှိပါစေ ။ တချို့က အစားအသောက် ကို တမင်တကာ လျှော့စားပါတယ် ။ ဝ , မှာ စိုးလို့ ဆိုတဲ့ ဆင်ခြေနဲ့ ပါ ။ စားပါ ၊ လှုပ်ရှားပါ ။ ဒါဆိုရင် စားကြောင့် ဝ , မှာ စိုးရိမ်စရာ မလိုတော့ပါဘူး ။
➦ စိတ်ငြိမ်အောင် ထားပါ
စိတ်ငြိမ်အောင် ထားပါလို့ ပြောလိုက်တဲ့ အတွက် လူတိုင်း အနေနဲ့ ဒီကိစ္စဟာ ကော်ဖီတစ်ခွက်သောက်သလို လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးလို့ အငြင်းပွါးစရာ ရှိပါတယ် ။ ကျွန်မ ကတော့ အနည်းဆုံး တစ်ကြိမ် လောက်တော့ ကြိုးစား ကြည့်ပါလို့ တိုက်တွန်းချင်တယ် ။ ကျွန်မ လည်း စိတ်ငြိမ်အောင်လို့ တရားထိုင်တဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင် နေပါတယ် ။ စိတ်ငြိမ်တဲ့ အခါမှာ ရေးရတာ ပိုပြီး သွက်လာတယ် ဆိုတာကို ကျွန်မ ကိုယ်တိုင် ကိုယ်တွေ့ ကြုံရပါတယ် ။ စိတ်ငြိမ်အောင် တရားထိုင်ခြင်း အားဖြင့် ပူပင်သောကတွေ ငြိမ်းအေး သွားစေပြီး ရေးချင်တဲ့ စာတွေကိုလည်း အရင်က ထက် ပိုပြီး ရေးနိုင်စွမ်း ရှိလာတာကို တွေ့ရပါလိမ့်မယ် ။
➦ ရယ်မောပါ
ဆေးပညာရှင်များ က အသက် ၄ နှစ် အရွယ် ကလေး တစ်ယောက် ဟာ တစ်နေ့ ကို အကြိမ် ၃ဝဝ ရယ်တယ် လို့ ဆိုကြပါတယ် ။ အသက် ၄ဝ အရွယ် လူတစ်ယောက် ကတော့ တစ်နေ့ ကို ၄ ကြိမ်သာ ရယ်တတ်ပါသတဲ့ ။ ဒီ ကိန်းဂဏန်းတွေ ကို ကြည့်မယ်ဆိုရင် တော်တော်ကြီး ခြားနားနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ။ ကျွန်မ အနေနဲ့ ရယ်မောခြင်း နဲ့ ဦးနှောက် ရဲ့ ခွန်အား တို့ ဘယ်လို ဆက်
နွယ်မှုရှိတယ် ဆိုတာ ကိုတော့ မသိပါဘူး ။ ဒါပေမဲ့ ခပ်များများ ရယ်ဖြစ်တဲ့ နေ့တွေ ဆိုရင် ပိုပြီး နေလို့ ထိုင်လို့ ကောင်းတာတော့ အမှန်ပါပဲ ။ ခွန်အားတွေ ပို ပြည့်လာသလို ခံစားရတယ် ။ ဒါကြောင့်
ကျွန်မ ကတော့ နေ့စဉ် ရယ်စရာတွေ ကို ရှာပြီး ရယ်လေ့ ရှိတယ် ။ ဒါကြောင့် စာရေးဖို့အတွက် စိတ် ရွှင်လန်းလိုသူများ နေ့စဉ် ရယ်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ။
➦ စိတ်လှုပ်ရှားမှု ရှိပါစေ
တစ်ခါတလေ မှာ ကိုယ် လုပ်ချင် တဲ့ အလုပ်ကို လုပ်ရတာ က ကိုယ့် အတွက် ခွန်အား ပို ရှိစေပါတယ် ။ ဆိုကြပါစို့ အလုပ်တစ်ခု လက်ခံ ထားပြီး ညစဉ် ညဉ့်နက် သန်းခေါင် အထိ လုပ်ပေမဲ့ ကိုယ် ပြောထားတဲ့ အချိန် နဲ့ နီးကပ်လာတဲ့ အချိန်အထိ အလုပ် က မပြီးနိုင်သေးဘူး ဆိုရင် အလိုလို စိတ်လှုပ်ရှားလာပါတယ် ။ အဲဒီ လှုပ်ရှားမှုက ကိုယ့်အတွက် တွန်းအား ကို ဖြစ်စေပါတယ် ။ ဒါကြောင့် စာရေးချင်သူများ အနေနဲ့ ရက် တစ်ခု သတ်မှတ်ထားပြီး အဲဒီ ရက်မှာ ပြီးရမယ်ဆိုတဲ့ အသိ နဲ့ ရေးကြည့်ပါ ။ သတ်မှတ်ထားတဲ့ ရက် နီးလာလေလေ ကိုယ့်မှာ ရင်ခုန် လေလေ ဖြစ်တတ်ပါတယ် ။
••••• ••••• •••••
အထက်မှာ ကျွန်မ ပြောခဲ့တဲ့ အချက်များဟာ စာရေးရာ မှာ သာမက ဘဝ အတွက် လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ် ။ ဘဝမှာ ကြုံတွေ့လာတဲ့ စိန်ခေါ်မှုတွေ ၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ကို အထက်မှာ ဖော်ပြခဲ့တဲ့ အချက်များ ကို လိုက်နာကျင့်သုံးခြင်း အားဖြင့် တွန်းလှန် နိုင်ပါလိမ့်မယ် ။ ခွန်အား ပြည့်နေမှသာ လူ က ကိုယ် လုပ်ရမယ့် အလုပ်ကို အောင်မြင်ပေါက်မြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။
စာရေးဆရာ တစ်ယောက် အတွက် နည်းလမ်း တစ်ခု ဟာ တခြားတစ်ယောက် အတွက် တူချင်မှ တူပါလိမ့်မယ် ။ စာရေးရာ မှာ တချို့က လက်ရေး နဲ့ ရေးမယ် ၊ တချို့က ကွန်ပျူတာ နဲ့ ရိုက်မယ် ၊ တချို့က Notebook နဲ့ ရေးမယ် ၊ တချို့ က စာ ရေးရင်း ကော်ဖီ သောက်မယ် ၊ တချို့က လက်ဖက်ရည် သောက်တယ် ၊ အဲ ... တချို့ကကျတော့ ချောကလက် စားပါတယ် ။ ဘယ်လိုပဲ ရေးသည် ဖြစ်စေ အဓိက က တော့ စာရေးသူ တစ်ယောက်ဟာ ငြိမ်းချမ်းတဲ့ စိတ်ရှိနေဖို့ အဓိက ဖြစ်ပါတယ် ။ အဲဒီလို ငြိမ်းချမ်းအောင် ခန္ဓာကိုယ် ကို ကျွန်မ ပြောခဲ့တဲ့ နည်းများ နဲ့ ဆန်းစစ်ပြီး ငြိမ်းချမ်းအောင် ကြိုးစားပါ ။ အရမ်း ပင်ပန်းနေပြီဆိုရင် မရေးပါနဲ့ ။ ဦးနှောက်ကို နားထားလိုက် ပါ ။ နောက်တော့မှ ပြန်ရေးရင် ရပါတယ် ။
▢ ဝင်းငြိမ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၆
No comments:
Post a Comment