❝ ဘယ်လောက်တိုရင် ဝတ္ထုတိုလဲ ❞
အောက်တိုဘာလဆန်းပိုင်းက အားမာန်သစ်စာပေတိုက်ရှေ့မှာ ကိုညိုမှိုင်း ဖွင့်တဲ့ ဒဲဒေ လက်ဖက်ရည်ဆိုင် ဖွင့်ပွဲကို သွားတော့ ဝေဖန်ရေး သတင်းစာဆရာ သာထက်အောင် နဲ့ စကားဝိုင်းဖွဲ့ ဖြစ်ကြတယ် ။
စကားဝိုင်းမှာ ဒီနေ့ ဝတ္ထုတိုတွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့် လာကြောင်း ၊ တစ်မျက်နှာ ဝတ္ထုတိုကလေးတွေ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ နေရာ ပေးလာကြကြောင်း ၊ အရင်က တစ်မျက်နှာဝတ္ထု တို့ ၊ စာညွှန်း စသည် တို့ကို မဂ္ဂဇင်း အဖြည့်စာမျက်နှာအဖြစ် သုံးခဲ့ကြပေမယ့် ခုတော့ တစ်ခန်း တစ်ကဏ္ဍ ဖြစ်လာခဲ့ကြကြောင်း ၊ ဒါပေမဲ့ တချို့သော မဂ္ဂဇင်းများက တစ်မျက်နှာ ဝတ္ထုတို အတွက် စာမူခပေးရာမှာ အလွန်နည်းကြောင်း ၊ တကယ်တော့ တစ်မျက်နှာဝတ္ထု ဆိုတာလည်း ဝတ္ထုတိုတစ်ပုဒ် ပင် ဖြစ်တဲ့အတွက် ဝတ္ထုတိုများနဲ့ တန်းတူ စာမူခ ပေးသင့်ကြောင်း ပြောဖြစ်ကြပါတယ် ။
အယ်ဒီတာစားပွဲ ကျွန်တော် ထိုင် ဖြစ်လာတဲ့ ကာလမှာ “ ဝတ္ထုတို ရေးချင်ရင် စာမျက်နှာ ဘယ်နှမျက်နှာ ရေးရမလဲ ” လို့ အမေးခံရတဲ့ အကြိမ်တွေ မနည်းတော့ဘူး ။ ဘယ်နှမျက်နှာ ရေးပါလို့ ပြောရတာ တော်တော် ခက်ပါတယ် ။ ရေးမယ့် လူရဲ့ လက်ရေး အကြီးအသေး ၊ အစိပ်အကျဲ တစ်ယောက် နဲ့ တစ်ယောက် တူကြတာမှ မဟုတ်ဘဲ ။ ဒီတော့ How Short is short ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာ ၊ ကဗျာဆရာ ၊ ပါမောက္ခ တီအလန်ဘရိုတန် ရဲ့ စာပေဆောင်းပါးကို စာချစ်သူများ အတွက် ဖော်ပြပေးချင်ပါတယ် ။
••••• ••••• •••••
အတိုတကာ့ အတိုစား ဝတ္ထုတိုတွေဟာ ဒီနေ့ခေတ်မှာ အလေးထား ခံလာရပါပြီ ။ ဒီအချက်ကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောနိုင်တာက ပုံနှိပ်ဖော်ပြခြင်း ခံရတဲ့အကြောင်း တစ်ခုတည်းကြောင့် မဟုတ်ဘူး ။ စာဖတ် ပရိသတ်ကပါ အသိအမှတ် ပြုလာကြလို့ပါပဲ ။
ဒီလို ဝတ္ထု အတိုစားတွေ နေရာ ရလာတာနဲ့အမျှ ကျွန်တော့်မှာလည်း ဝတ္ထုတိုဆိုတာ အရှည် ဘယ်လောက်ပဲ ရှိမလဲလို့ တိတိကျကျ သိချင်ကြတဲ့ စာရေးဆရာတွေ ၊ စာဖတ်သူတွေရဲ့ မေးခွန်းတွေ များလာပါတယ် ။ ဝတ္ထုတို ဆိုတာ ဘယ်လောက် တိုပြီး ကဗျာပုံစံနဲ့ ရောထွေးသွားတတ်ပါ သလဲ ။ ဘယ်အချိန်မှာ ဝတ္ထုရှည် ဖြစ်လာသလဲ ။ ဘယ်အခါမျိုးမှာ ဝတ္ထုတိုတစ်ပုဒ်ဟာ စကားလုံးတွေ ဖောင်းပွပြီး ဝတ္ထုရှည် ဖြစ်သွားတတ်ပါသလဲ ။ ဘယ်အခါမျိုးမှာ ဝတ္ထုရှည် ဖြစ်သင့်တဲ့ ဝတ္ထုတစ်ပုဒ်ဟာ ချုံ့ လွန်းအားကြီးတဲ့ အတွက် ဝတ္ထုတို ဖြစ်သွားတတ်ပါသလဲ ။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဝတ္ထုတစ်ပုဒ် ရဲ့ တိုခြင်း ရှည်ခြင်း ဟာ ဝတ္ထု ကောင်းခြင်း နဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ဝတ္ထုတစ်ပုဒ်ဟာ ကောင်းမယ် ၊ ပရိသတ် ရင်ထဲ ထိရောက်မယ် ဆိုရင် ပြီးတာပဲ ။ စာရေး ဆရာရဲ့ တာဝန်က သူ ၊ သို့မဟုတ် သူမ စွမ်းအား ရှိ သလောက် အကောင်းဆုံး အားထုတ် ရေးသားဖို့ပါ ။ သူ ရေးတဲ့ ဝတ္ထုဟာ ရှည်ချင် ရှည်မယ် ၊ တိုချင် တိုမယ် ။
စာရေးဆရာများကို ကျွန်တော် ပေးနေကျ အကြံကတော့ “ ပထမဆုံး ရေးတဲ့ စာမူကြမ်းမှာ ရေးနိုင် သလောက်များများ ရေးချ ပစ်လိုက်ပါ ” ။
ကျွန်တော် သိသလောက် ပြောရရင် စာရေးဆရာ တစ်ယောက်က ဝတ္ထု တစ်ပုဒ်ကို ချရေးချိန်မှာ ဇာတ်က ဘယ်လို ၊ ဇာတ်ကောင်တွေက ဘယ်သူတွေလဲ ။ အဲဒီ ဇာတ်ကောင်တွေက ဘာ လုပ်ကြမှာလဲ ။ ဘာတွေ ကို ဖော်ပြပြီး ဘာတွေကို ဖုံးအုပ် ထားသင့်သလဲ ။ ဒီအချက်တွေကို စာရေးဆရာ ကိုယ်တိုင် စာမူကို နှစ်ကြိမ် သုံးကြိမ် အကြမ်းရေးပြီးတဲ့ အထိ မသိနိုင်သေးပါဘူး ။ ဝတ္ထုတစ်ပုဒ် ရေးချင်တဲ့ စိတ် ပေါက်လာရင် ရေးချင်တဲ့ နေရာက စပြီးရေး ။ ရေးရင်းနဲ့ ကိုယ့်ဇာတ်လမ်းက ဘယ်ကို ဦးတည်နေပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ရေးလက်စကို ရပ်ပြီး အသစ်ပြန် ရေးပေတော့ ။
ကျွန်တော့် စိတ်ထင် ပြောရရင် ဇာတ်လမ်းတင်ဆက်ပုံ အမှား ၊ အကြောင်းအရာ တစ်ခုကို ထပ်ဖန် တလဲလဲ ရေးသားမိခြင်း စတဲ့ အမှားတွေ မလုပ်မိဘဲနဲ့ ဘယ်စာရေးဆရာမှ ဝတ္ထုကောင်း တစ်ပုဒ်ကို ဖန်တီးနိုင်မယ် မထင်ပါဘူး ။
အမှန်ကို ရဖို့အတွက် အမှားနဲ့ စကြရတာပဲ ။ မှားနေမှန်း သိတော့မှ အမှန်ကို ရောက်အောင် ပြန်ပြင်ယူရမယ် ။ အဲဒီလို ပြင်တဲ့အခါကျတော့ မှ ကိုယ့်ဇာတ်ကောင်တွေ ရဲ့ လိုအပ်ချက်တွေကို ထပ် ဖြည့် ၊ မလိုအပ်တာတွေ ကို ဖြုတ်ပစ်ခြင်း အားဖြင့် ကျစ်လျစ်သိပ်သည်းတဲ့ ဝတ္ထု ဖြစ်လာနိုင်ပါတယ် ။ ဒီလိုဖြစ်လာတော့မှ ဈေးကွက်ဝင် ဝတ္ထုတစ်ပုဒ်ပေါ့ ။
ဘာနဲ့တူသလဲ ဆိုတော့ ကျောက်ဆစ်ပန်းပုထုသူရဲ့ အလုပ်ရုံ ကြမ်းပြင်ပေါ် မှာ ဖဲ့ချ ၊ ခြွေချ ထားတဲ့ ကျောက်တုံး အပိုင်းအစတွေလိုပေါ့ ။ လိုတာကို ယူမယ် ၊ မလိုတာကို ဖဲ့ထုတ်ပစ်ရမယ် ။
ဘယ်စာရေးဆရာမှ စကားလုံး မဖောင်းပွလိုကြပါဘူး ။ ဝတ္ထုရေးခြင်း အတတ်ပညာမှာ မလိုအပ်ဘဲ ပြော မထားခြင်းဟာလည်း အတတ်ပညာ တစ်ခုပါ ။ ဝါကျ တစ်ခု ၊ စာပိုဒ် တစ်ခု မှာ မလိုအပ်တဲ့ စကားလုံးတွေ မပါခြင်းဟာ တိုခြင်း ရှည်ခြင်းထက် အရေးပါ အရာ ရောက်ပါတယ် ။ ခဲလုံး သေးသေးကလေး တစ်လုံးကို ရေ မျက်နှာပြင်ပေါ် ပစ် လိုက်တဲ့ အခါမှာ လှပတဲ့ စက်ဝိုင်းကလေးတွေ ဖြစ်သွားသလို ဝတ္ထုတို တစ်ပုဒ်ဟာလည်း စာဖတ်သူအတွက် အတွေးတွေ အများကြီး ရစေနိုင်ပါတယ် ။
ဒါပေမဲ့ ကျွန်တော့် အတွေ့အကြုံအရ မရှည်သင့်ဘဲ ရှည်နေတဲ့ ဝတ္ထုတိုတွေ ကြုံတွေ့ ရသလို အပြန်အလှန်အားဖြင့် မတိုသင့်ဘဲ တိုနေတဲ့ ဝတ္ထုရှည်တွေလည်း တွေ့ နေရတယ် ။
ဒီနေ့ ဝတ္ထုများရဲ့ သွားရာ လမ်းကြောင်းက စားသောက်ဆိုင်တစ်ခုကို သွားတာနဲ့ တူနေတယ် ။ စားသောက်ဆိုင်မှာ လျှော့စားတဲ့ သူက စားတယ် ။ ပိုစားတဲ့သူ က စားတယ် ။ ပြီးတော့ ဒီနေ့ လူငယ်စာဖတ် ပရိသတ် ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်မှာ ကျော်အောင် ညာတဲ့ စီးပွားရေးကြော်ငြာတွေ က များနေတယ် ။ ဒီတော့ တော်ရုံ ကြော်ငြာ မြင်ရုံနဲ့တော့ သူ့ အညွှန်းတွေကို မယုံကြတော့ဘူး ။ အဲဒီလိုပဲ ဝတ္ထုကြော်ငြာ တွေကိုလည်း မြင်လာကြတယ် ။
အယ်ဒီတာတွေကလည်း ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ရင် စာဖတ်သူ အပေါ် တော်ရုံနဲ့ အထင်မကြီးတော့ဘူး ။ ဝတ္ထုစာမူ တစ်ပုဒ် ဖတ်တော့မယ်ဆိုရင် စာ လေးငါးခြောက်ကြောင်း လောက် ဖတ်လိုက် ၊ ချ ထားပြီး ကော်ဖီသောက် လိုက် ၊ နောက်ထပ် လေးငါးကြောင်း လောက် ဖတ်လိုက် ။ ချ ထားလိုက်ပြီး ဒီနေ့ ထုတ် သတင်းစာ ကောက်ဖတ် ချင် ဖတ် ၊ တယ်လီဖုန်း ကောက် ဆက်ချင် ဆက် ဒီလိုဖြစ်နေကြတယ် ။ ဒီတော့ စာရေးသူတွေရဲ့ ဝတ္ထုကို သူတို့ခံစား နေတာက ဘာနဲ့တူသလဲဆိုတော့ ရဟတ်စီး သလိုပေါ့ ။ ဖတ်နေချိန်မှာ ခံစားချက်က မြင့် သွားလိုက် ၊ ချထားလိုက် ချိန်မှာ ခံစားချက်က လျော့သွားလိုက် ဖြစ်နေ တယ် ။ ဒီလို အခြေအနေမျိုးနဲ့ ဖတ်နေကြတာဆိုတော့ စာမူရှင်ဘက်က ဆွဲဆောင်မှုအား ပြည့်ပြည့်ဝဝ ရှိဖို့လိုပါတယ် ။
ဆယ့်ကိုးရာစု နှစ် လောက်က ဝတ္ထုတစ်ပုဒ် ကောက်ယူပြီး ဒီနေ့ ဝတ္ထုတို တစ်ပုဒ်နဲ့ ယှဉ် ဖတ်ကြည့်ပါ ။ စာဖတ်သူ အနေနဲ့ ဒီနေ့ ဝတ္ထုတိုတွေဟာ ဟိုတုန်းက စာတစ်ပိုဒ် နှစ်ပိုဒ် လောက် ချဲ့ပြီး ရေးကြတာမျိုးတွေကို စာနှစ်ကြောင်း သုံးကြောင်းလောက်နဲ့ ချုံ့ရေးထားကြတယ်လို့ ကောက်ချက်ချလို့ ရပါတယ် ။ ဒီနေ့ ခေတ် စာဖတ်ပရိသတ် လူငယ်တွေက စာနှစ်မျက်နှာ သုံးမျက်နှာလောက် ရှည်လျားတဲ့ စာပိုဒ်များကို ဖတ်ရမှာ စိတ်မရှည်ကြတော့ဘူး ။
ဒါပေမဲ့ အဲဒီ ဆယ့်ကိုးရာစုက ဝတ္ထုတွေမှာလည်း ဝတ္ထုရေးခြင်း အတတ်ပညာ အပြည့်အဝနဲ့ ရေးခဲ့ကြတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး ။ သူတို့ ဝတ္ထုတွေ ဘယ်လောက်ပဲ ရှည်ရှည် ကျွန်တော်တို့ ဖတ်ပြီးရင် မမေ့နိုင်ကြခြင်းက သူတို့ အတတ်ပညာ စွမ်းအားပဲ ။
နှစ်ဆယ်ရာစု ဝတ္ထုရေး ဆရာကြီး ဟဲမင်းဝေး ရဲ့ Big Twohearted River Part I နဲ့ ဆယ့်ကိုးရာစု နှစ်က ဆရာ ဟင်နရီ ဂျိမ်း ( ဒ် ) ရဲ့ The Beast in the Jungle ထဲက စာပိုဒ်နှစ်ခုကို ယှဉ်ဖတ် ကြည့်ပါ ။ ဟဲမင်းဝေး က စာတစ်ပိုဒ်မှာ ဝါကျ ဆယ့်လေးခုလောက်နဲ့ ဖွဲ့စည်းပြီး ဟင်နရီဂျိမ်း ( စ် ) ကတော့ စာတစ်ပိုဒ် ကို ဝါကျ လေးခုလောက် နဲ့ပဲ ဖွဲ့ပါတယ် ။ သုံးချိုး တစ်ချိုးလောက် ရှိပါတယ် ။ ကျွန်တော်ကတော့ နှစ်မျိုးစလုံးကို ကြိုက်တယ် ။
ဝတ္ထုတစ်ပုဒ်ကို တိုနိုင်သမျှ အတိုဆုံး ရေးမယ်လို့ စိတ်ကူးရင် အန္တရာယ်ကို သတိထားဖို့ လိုလိမ့်မယ် ။ ဝတ္ထုအစမှာ စာဖတ်သူကို စိတ်ကူးယဉ်လို့ ကောင်းမယ့် မျှော်လင့်ချက်တွေ တစ်ပုံတစ်ခေါင်းကြီး ထားပြီး ဝတ္ထု အဆုံးသတ်မှာ သူတို့ ထင်ထားတာနဲ့ တက်တက်စင် လွဲ သွားတဲ့ ဇာတ်သိမ်းမျိုး ဖြစ်သွားအောင် အစကတည်းက မဖန်တီးပါနဲ့ ။ ဒီလို ရေးခဲ့ရင် ဒီဝတ္ထုဟာ ဝတ္ထုရေးနည်း စည်းကမ်းချက်နဲ့ မညီညွတ်ဘူးလို့ ဆိုနိုင်ပါတယ် ။ စာဖတ်သူကို နှစ်သိမ့်မှု ပေးစေနိုင်မယ့် စကားလုံးများများ သုံးပေးခြင်းဖြင့်သာ ဒီ စွန့်စားမှုမျိုးကို ရယူသင့်ပါတယ် ။
ကျွန်တော် ဖတ်ဖူးတဲ့ ဝတ္ထုတို တော်တော်များများရဲ့အစမှာ ဇာတ်ကောင်ရဲ့ ပုံကြမ်း ဖော်ပြထားခြင်း ၊ ဒါမှမဟုတ် ဒီဇာတ်ကောင်နဲ့ ဆက်နွှယ်မှုတွေကို ဖော်ပြထားခြင်းနဲ့ စတင် ကြပေမယ့် နောက်ပိုင်း ဆက်ဖတ်သွားတဲ့ အခါမှာ ရှေ့က စထားတဲ့ အဖွင့်နဲ့ နောက်ပိုင်းမှာ မညီညွတ်တော့တာ တွေ့ရပါတယ် ။ စာပေပညာရှင် တော်တော်များများက ဝတ္ထုအဖွင့်ဟာ စာဖတ်ပရိသတ်ကို ဖမ်းစားနိုင်ဖို့ အရေးကြီး ကြောင်း အဆိုအမိန့်တွေ ရှိကြပါတယ် ။ အစ ကောင်းရုံနဲ့ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်မလာနိုင် သေးပါဘူး ။ နောက်ဆက်တွဲ ဝင် လာမယ့် ဇာတ်ကွက်တွေ က အဲဒီ အစနဲ့ ညီညွတ်မျှတမှု ရှိမှသာ ဝတ္ထုကောင်း ဖြစ်လာ ပါလိမ့်မယ် ။
ဝတ္ထုကို တိုဖို့ ကြိုးစားရင်း တစ်ခါတလေမှာ ဘာဖြစ် သွားတတ်သလဲဆိုတော့ ဇာတ်ကောင်စရိုက်က ပီပြင် မလာတော့ဘဲ သူ့ ထူးခြားချက် တချို့နဲ့ ကောက်ကြောင်း ကောက်ထားတဲ့ “ ကယ်ရီကေးချား ” သာ ဖြစ်သွားတတ်ပါတယ် ။
တချို့ ဝတ္ထုတွေ ကျွန်တော် ဖတ်ကြည့်တဲ့ အခါမှာ ကာယကံရှင် စာရေးဆရာက ခပ်ပေါ့ပေါ့ လွှတ်ထားတဲ့ ဇာတ်ကောင်ကို ကျွန်တော်က သနားစိတ် ဝင်ပြီး သူ ဘာဆက် ဖြစ်မှာပါလိမ့်လို့ တွေးချင် တွေးတတ်ပါတယ် ။ စာရေးဆရာက သူ့ကို ဇာတ်မြှုပ်ချင် မြှုပ်ပစ်လိုက်မယ် ။ ဒါပေမဲ့ ကျွန်တော် တဒင်္ဂ စိတ်ဝင်စားခြင်းက ပင် လျှင် ဒီဇာတ်ကောင် အပေါ် မှာ ဝင်စားထိုက်တယ်လို့ ထင်ပါတယ် ။ ကျွန်တော့်မှာ အကျင့် တစ်ခု ရှိတာက ကျွန်တော် လက် မခံနိုင်တဲ့ အမူအကျင့် ၊ ထူးခြားတဲ့ အမူအကျင့် ရှိတဲ့ သူမျိုးတွေကို လေ့လာဖို့ရာ စိတ်ဝင်စား တတ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ တစ်ခါတလေမှာ အဲဒီလို လေ့လာခြင်းအားဖြင့် ဒီလူတွေမှာ ကျွန်တော် မထင်မှတ်ထားတဲ့ အမူအကျင့်တွေ ပေါ်လာတတ်လို့ပါ ။
ဒါပေမဲ့ ဒီလို စိတ်ဝင်တစား လေ့လာ လောက်အောင် ဒီ ဇာတ်ကောင်နဲ့ ပတ်သက်လို့ ကျွန်တော် နားလည်လောက်တဲ့ အထိ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှု ၊ စရိုက်တွေကို ဖော်ပြထားဖို့တော့ လိုပါလိမ့်မယ် ။ ကျွန်တော် ဆိုတာက စာဖတ်သူပဲလေ ။ စာဖတ်သူက ဒီဇာတ်ကောင်ကို စိတ်ဝင်စားလာမှ သူ ဘာ ဆက်ဖြစ်မယ်ဆိုတာ ရေဆုံးရေဖျား လေ့လာလိုစိတ် ပေါ် လာမှာပေါ့ ။
စာရေးသူဟာ ဇာတ်ကောင် တစ်ယောက်ကို ဖန်တီးတိုင်း အဲဒီဇာတ်ကောင်ရဲ့ ခံစားမှုတွေကို သူကိုယ်တိုင် ထပ်တူခံစား နိုင်ရမယ် ။ အသေးအဖွဲ ကိစ္စကလေး အစ ခံစား ရတာကို စာဖတ်သူကလည်း သိနေအောင် ဖော်ပြဖို့လိုမယ် ။ ကျွန်တော့် စိတ်ကြိုက် ဝတ္ထုတိုတွေထဲမှာ ဝေလ ပြည်နယ်သား စာရေးဆရာ လက် ( စ် ) လီနော့ရစ္စ ရဲ့ Blackbarries ဆိုတဲ့ ဝတ္ထုတိုကလေး တစ်ပုဒ် ကို သိပ်သဘောကျတယ် ။
ဝတ္ထုကလေးက တကယ် ကို တိုတိုကလေးပဲ ။ ချာတိတ်ကလေး တစ်ယောက်ဟာ ဆံပင်ညှပ်ဆိုင်ကို ရောက်လာခဲ့တယ် ။ သူ့ဘဝမှာ ဒါ ဆိုင်မှာ ပထမဆုံး ဆံပင်ညှပ်ဖူးခြင်းပဲ ။ အမေက သူ့အတွက် အဖိုးတန် ကက်ဦးထုပ် အနက်ရောင်ကလေး တစ်လုံး ဝယ်ပေးတယ် ။ ချာတိတ်က သူ့အဖေနဲ့ ဘယ်ရီသီးတွေ ယာတောမှာ လိုက်ခူးတယ် ။ သားအဖနှစ်ယောက် ခူးလို့ရတဲ့ ဘယ်ရီသီးလေးတွေကို ကက်ဦးထုပ် အသစ်ကလေးထဲ ထည့် ယူခဲ့ကြတယ် ။ ဘယ်ရီသီးတွေ ပေကုန်တာကြောင့် ဦးထုပ်အသစ် ပျက်စီးသွားလို့ အိမ်ရောက်တော့ အမေက အဖေ့ကို အပြစ်တင်တယ် ။ အဖေက ဒေါသတကြီး တုံ့ပြန်တာ ကြောင့် အမေ နဲ့ အဖေ ရန်ဖြစ်ကြတယ် ။ ဒီတော့ ချာတိတ် အမေ နဲ့ အဖေ ရဲ့ ဘဝဟာ သူ့လို မအေးချမ်းကြောင်း မြင်လာပြီး တစ်ယောက်တည်း ဝမ်းနည်းကြေကွဲရတယ် ။
ဘဝဆိုတာ နားလည်သွားပြီး ကလေးဘဝကနေ သူ လူကြီးဖြစ်သွားတယ် ။ ဒီလို ဖြစ်သွားခြင်းက သူ့ ဦးထုပ်ကလေး ပျက်စီးသွားတယ် ဆိုတာထက် ပိုဆိုးသွားတယ် ဆိုတာ ကျွန်တော် အာမခံရဲတယ် ။ ကလေးရဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားရတော့ Gerard Manley Hopkins ရဲ့ Spring and Fall ကဗျာကို သွား သတိရတယ် ။
“ ခုတော့ ကလေးနာမည် ဘယ်သူဆိုတာ အရေးမကြီးတော့ပါ ၊ ဝမ်းနည်းခြင်း ချောင်းကလေးများသည် အားလုံး တူညီနေကြသည် ”
လို့ အဓိပ္ပာယ်ရပါတယ် ။
ဝတ္ထုတစ်ပုဒ်ကို ဇာတ်ကောင်နဲ့ စမယ် ၊ ဒါမှမဟုတ် အခြေအနေ အကြောင်းအရာ တစ်စုံတစ်ခုနဲ့ စမယ်ဆိုရင် ကိုယ်ရေးမယ့် ဝတ္ထုတိုထဲမှာ စာဖတ်သူ ခံစားနားလည် လောက်မယ့် ဇာတ်ကောင်စရိုက်ကိုတော့ မပျက်မကွက် ဖော်ပြဖို့လိုပါမယ် ။ ဒါဟာ ဝတ္ထုတိုအတွက် အဓိကကျတဲ့ အချက်ပဲ ။ တိုချင်ဇောနဲ့ မဖော်ပြရင် ဖတ်တဲ့သူကလည်း ဘာမှ ခံစားလို့ ရမှာ မဟုတ်တော့ဘူး ။ ဝတ္ထု သက်ဝင်လှုပ်ရှားနေအောင် ကြိုးစားပါ ။ ကိုယ့်ဝတ္ထုက ရှည်သင့် သလောက် ရှည် ၊ တိုသင့် သလောက် တိုပါစေ ။
ဘယ်လောက် ရှည်ရမယ် ၊ ဘယ်လောက် တိုရမယ်ဆိုတာကတော့ ဇာတ်ကောင်တွေကို သက်ရှိ လူတွေလို သဘောထားပြီး သူတို့ ဘဝရဲ့ အမှန်တရားကို လိုအပ်သလောက် ရေးသားဖော်ပြနိုင်တဲ့ အတိုင်းအတာဟာ ဝတ္ထုတို ၊ ဝတ္ထုရှည် ရဲ့ အတိုင်းအတာပါပဲ ။
••••• ••••• •••••
ဆရာ တီအလန်ဘာရို ရဲ့ အာဘော်ကတော့ ဝတ္ထုရေးချင်ရင် ကောက်ရေးလိုက် ၊ အတို , အရှည် ဆိုတာ စာမျက်နှာ အရေအတွက်နဲ့ မဆိုင်ဘဲ အနှစ်သာရနဲ့ ဆိုင်တယ်လို့ ဆိုလိုတာပါပဲ ။ ဒီတော့ စာရေးချင်ရင် အတို ဘယ်နှမျက်နှာ ရေးရမှာလဲ ဆိုတဲ့ အမေးအတွက် တွေးစရာကောင်းတဲ့ အဖြေတစ်ခု စာချစ်သူများအတွက် ရနိုင်ပြီ ထင်ပါတယ် ။
◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၅၀ )
ဒီဇင်ဘာလ ၊ ၁၉၉၃
No comments:
Post a Comment