Friday, July 11, 2025

စာရေးဆရာ နဲ့ အမှား ဆယ်ခု


 

❝ စာရေးဆရာ နဲ့ အမှား ဆယ်ခု ❞

မောရိုးဂျူနီယာကလေး စာအုပ်ထုတ်ဝေရေးလုပ်ငန်း မှာ အယ်ဒီတာ လုပ်သက် ၁၀ နှစ် ရှိခဲ့တဲ့ စာရေးဆရာမ အယ်ဒီတာ မာရီယမ်ရင်း ( န် ) က သူ့ အတွေ့အကြုံအရ စာ ရေးစ ပုဂ္ဂိုလ်များ မှားလေ့ မှားထရှိတဲ့ အချက် ၁၀ ချက်ကို ဖော်ပြထားပါတယ် ။

ဆရာမရဲ့ စာပေ ဆောင်းပါးများစွာတို့ဟာ Jewish Standard , ORT Reporter , Trenton Times , Christian Monitor နဲ့ အခြား မဂ္ဂဇင်း သတင်း များပြားစွာမှာ ပုံနှိပ် ဖော်ပြခြင်းခံခဲ့ရသူ ဖြစ်ပါတယ် ။ ဆရာမ မှားတတ်တဲ့ အမှားနဲ့ ဒီအမှားကို ဘယ်လို ပြင်မယ်ဆိုတာ ရေးသားထားတာ ၉၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ထုတ် The Writer မှာ ဖတ်လိုက်ရတဲ့အတွက် ရွှေအမြုတေ စာချစ်သူများအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

••••• ••••• •••••

အယ်ဒီတာ စားပွဲပေါ် ရောက်လာတဲ့ စာမူတချို့ဟာ သေသေသပ်သပ် ရှိတတ်ပေမယ့် စာမူတိုင်းဟာ စင်းလုံးချောတော့ မဟုတ်ကြပါဘူး ။ စာရေးသက်ရသူ တချို့ အပါအဝင် စာရေးဖို့ ကြိုးစားနေတဲ့ သူတချို့ဟာ အမှားတွေကို ထပ်ဖန်တလဲလဲ ရေး နေကြတဲ့အတွက် အပယ်ခံ နေကြရပါတယ် ။ ဂျူနီယာမောရိုး စာအုပ်တိုက်နဲ့ ခရောင်း စာအုပ်တိုက်တွေ မှာ ကျွန်မ အယ်ဒီတာ လုပ်ခဲ့တဲ့ ကာလအတွင်း ဖတ်ခဲ့ရတဲ့ စာမူတွေဟာ ထောင်ပေါင်းများစွာ ရှိလောက်ပါရဲ့ ။ တချို့က နာမည် အတန်အသင့် ရပြီးသား စာရေးဆရာတွေရဲ့ စာမူတွေ ဖြစ်ပြီး တချို့ကတော့လည်း အသစ်တွေပေါ့ ။ အဲဒီ စာမူတွေထဲက အများစုဟာ မှားပြီးသား အမှားကိုပဲ ထပ်ဖန်တလဲလဲ မှားနေကြတော့ မသုံးဖြစ်ဘဲ ပယ်ခဲ့ရတယ် ။

စာရေးဆရာများ အနေနဲ့ မှားလေ့မှားထ ရှိတဲ့ အဲဒီ သာမန်အမှားလေးတွေ ကို ရှောင်နိုင်ကြမယ် ဆိုရင် သူတို့ဝတ္ထုတွေ ဟာ မဂ္ဂဇင်းတွေမှာ ရွေးချယ်ခံရမှာ မလွဲပါဘူး ။ မှားလေ့ မှားထရှိတဲ့ သာမန် အမှား ဆယ်ခုရှိပါတယ် ။

အဲဒါတွေ ကတော့ -

၁ ။ ဝတ္ထုတိုမှာပဲ ဖြစ်ဖြစ် ၊ ဝတ္ထုရှည်မှာပဲ ဖြစ်ဖြစ် အရေးကြီးဆုံး အမှားက ဇာတ်အိမ်မဖွဲ့တတ်ခြင်း ပါဘဲ ။

စာရေးဆရာအားလုံး ကြားဖူး ၊ ဖတ်ဖူးမှာပဲ ။ “ မပြောနဲ့ ၊ ပြပါ ” ဆိုတဲ့ စကားလေ ။ ဒါပေမဲ့ ဒီ စကားကို ကြိမ်ဖန် များစွာ လျစ်လျူရှု ထားတတ်ကြပါတယ် ။ စာရေးသူတစ်ယောက် အနေနဲ့ စာဖတ်သူကို သူ့ ဝတ္ထုဇာတ်ကြောင်း က ဘာဖြစ်နေတယ် ဆိုတာ တိုက်ရိုက်ပြော လိုက်ရတာက လွယ်တယ် ။ စာရေးဆရာက သူ ရေးမယ့် ဇာတ်ကို အားလုံး စဆုံး သူသိပြီးသားဖြစ်နေတာ ကိုး ။

ဝတ္ထုဆိုတာ ဇာတ်အိမ် ဖွဲ့ပြီး စာဖတ်သူကို ပြသွားရတာမျိုး ။ သတင်းစာလို အဖြစ်အပျက် တစ်ခုကို သတင်းပေးတဲ့ သဘော သက်သက် ရေးလို့ မရဘူး ။ စာဖတ်သူက ဝတ္ထုဇာတ်လမ်းထဲ မှာ ကိုယ်တိုင်စီးဝင် မျောပါနေချင်တာ ။ သူက ဇာတ်လမ်းကို နားထောင်ချင်တဲ့သူ မဟုတ်ပါဘူး ။

သူတို့ အနေနဲ့ ဝတ္ထုထဲက မြင်ကွင်းပေါ် မှာ ကိုယ်တိုင်ရောက် နေချင်တယ် ။ ဇာတ်ကောင်တွေ ဘာလုပ်နေကြသလဲဆိုတာ မြင်ချင်တယ် ။ ဘာတွေ ပြောနေကြသလဲ ဆိုတာ ကြားချင်တယ် ။ အဲဒါကို စာရေးတဲ့သူက ကြားဖြတ်ပြီး အတိုချုပ် ပြောထည့်လိုက်ရင် စာ ဖတ်သူ ရသင့်ရထိုက် တဲ့ အရသာကို အတင်းလု ယူလိုက်တာနဲ့ တူတယ် ။ စာဖတ်ခြင်းဟာ “ ခံရသူ ” နေရာထက် “ ပြုလုပ်သူ ” နေရာနဲ့ အနေအထား ပိုပြီး တူတယ် ။

ဒါကြောင့် စာရေးဆရာက ဇာတ်ကောင်တွေရဲ့ စကားပြောက တစ်ဆင့် သဲလွန်စတွေ ၊ ပုံပန်းသဏ္ဌာန် ဖော်ပြချက်တွေကို စာဖတ်သူအတွက် ဖြည့်ဆည်းပေးရမယ် ။ စာဖတ်သူက အဲဒီ စကားပြောတွေက တစ်ဆင့် ကောက်ချက် ဆွဲယူ သွားလိမ့်မယ် ။ စာရေးဆရာက ကိုယ့် အလုပ် ကိုယ်မလုပ်ဘဲ စာဖတ်သူရဲ့ အလုပ်ကို ပါဝင် လုပ်သွားမယ် ဆိုရင် စာဖတ်သူကို လိမ်လည်လှည့်ဖြားရာ ရောက်တဲ့အတွက် စာဖတ်သူက သူ့ စာကို ဖတ်မှာ မဟုတ်တော့ဘူး ။ အောက်မှာ ဖော်ပြ ထားတဲ့ စာပိုဒ်နှစ်ပိုဒ်ကို ယှဉ် ဖတ်ကြည့်ပါ ။

        သူမသည် တံခါးအနီးတွင် တစ်မိနစ် ခန့် ရပ်ကာ အသက် ပြင်းပြင်း ရှူသွင်းလိုက် ပြီးနောက် နောက်တန်းရှိ ခုံ တစ်လုံးဆီသို့ လျှောက်သွား၏ ။ ခုံပေါ် တွင် ထိုင်ချလိုက်ပြီး နောက် အခန်း ပတ်ဝန်းကျင်ကို လေ့လာရင်း နှုတ်ခမ်း ကို လျှာဖြင့် လျင်မြန်စွာ သပ်လိုက်သည် ။ မကြာမီပင် သူမသည် ခြေနှစ်ချောင်းကို ချိတ် လိုက်ပြီး လက်ထဲမှ အညိုရောင် လက်ကိုင်အိတ်ကို ဖိခြေ နေတော့၏ ။

        အမျိုးသမီး အမူအရာမှာ စိတ် လှုပ်ရှားနေပုံရ၏ ။

ဒီ နှစ်ခု စလုံးက ပေးတဲ့ အကြောင်းအရာ ( သတင်း ) က အတူတူ ပါပဲ ။ ဒါပေမဲ့ ပထမ စာပိုဒ်က ပိုပြီး ထိရောက်တယ် ။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်သူ အနေနဲ့ သူ ကိုယ်တိုင် စိတ်လှုပ်ရှား နေရသလို ခံစားနိုင်လို့ပါပဲ ။ စာဖတ်သူ အနေနဲ့ ရှေ့ဆက် ဘာ ဖြစ်မှာလဲ ဆိုတာ တွေးလာမယ် ။ ဒီလို တွေးခွင့် ပေးဖို့ စာရေးဆရာက လမ်း ပေးရမယ် ။

၂ ။ စာရေးသူ အတော်များများဟာ ဇာတ်လမ်း နဲ့ ဇာတ်ကွက် ကို မခွဲခြားတတ်ကြဘူး ။ ဇာတ်လမ်းက စာတစ်အုပ်ရဲ့ အစအဆုံး ဖြစ်ပြီးတော့ ဇာတ်ကွက်က အခန်း ( တစ် ) ရဲ့ အစအဆုံးသာ ဖြစ်ပါတယ် ။ ကျွန်မ အခု ပြောပြမယ့် ဇာတ်လမ်းကို ဖတ်ကြည့်ပါ ။

        မကြာသေးမီ ကမှ မိခင်ဖြစ်သူ ကွယ်လွန်သွား၍ ပူဆွေးသောက ရောက်နေရှာသော အမျိုးသမီးငယ်သည် ဖခင် သိပ္ပံပညာရှင် ၊ ဒေါသကြီးလွယ်သော အစ်ကို ဖြစ်သူ တို့ နှင့် ကျွန်းကလေး တစ်ကျွန်းသို့ ခရီးထွက်ခဲ့သည် ။ ကျွန်းပေါ် တွင် နေစဉ် ကာလအတွင်း သူမ၏ ဆုံးရှုံးမှုများ အတွက် အစ်ကို ဖြစ်သူ နှစ်သိမ့်မှုကြောင့် ကြေကွဲမှုများကို ဖြေသိမ့်နိုင်ခဲ့၏ ။ အဆုံးတွင် သူမ၏ ဘဝခရီး ဆက် လှမ်းနိုင်ရန် ခွန်အား ရရှိတော့သည် ။

ဒါက ဇာတ်လမ်း အကျဉ်းချုပ်ပဲ ။ ဇာတ်ကွက် က ဘယ်မှာလဲ ။ အခန်း ( တစ် ) မှာ ဘာဖြစ်ခဲ့သလဲ ။ ဇာတ်ကောင် အမျိုးသမီးကလေးရဲ့ အခြေအနေကို ဇာတ်လမ်းအကျဉ်း အရ ကျွန်မတို့ သိခွင့်ရပေမယ့် သူ့ စိတ် ဘယ်လို ပြောင်းသွားခဲ့တာလဲ ။ ကျွန်းပေါ် မှာ ဘာတွေ ဖြစ်ခဲ့သေးသလဲ ။ ( လျှို့ဝှက်သည်းဖို ကိစ္စတွေ ဖြစ်ချင်လည်း ဖြစ်မယ် ။ ကျွန်းပေါ် က လူငယ်ကလေး တစ်ယောက်နဲ့ မေတ္တာမျှ သွားကြတာ ဖြစ်ချင်လည်း ဖြစ်မယ် ။ ) အဲဒါကမှ ဇာတ်ကွက် ။ ခိုင်မာတဲ့ ဇာတ်အိမ် ၊ ဇာတ်ကွက် ရှိမှသာ ဝတ္ထု တစ်ပုဒ်ဟာ လှပအောင်မြင် နိုင်ပါတယ် ။ ဇာတ်ကွက် အားကောင်းနေရင် ရှေ့ဆက် ဘာဖြစ်မှာလဲ ဆိုတာ စာဖတ်သူက သိချင်လာတာပဲ ။

၃ ။ စာရေးခါစ ပုဂ္ဂိုလ် တော်တော်များများက သူတို့ ဝတ္ထုတွေမှာ စာဖတ်ပရိသတ်ကို ဖမ်းစားနိုင်အောင် ဝတ္ထု ကို ရှုထောင့်ပေါင်းစုံက ရေးတတ်ကြတယ် ။ တကယ်တော့ စာဖတ်ပရိသတ် စိတ်ဝင်စားတာက အဓိက ဇာတ်ကောင် တစ်ယောက်တည်းရဲ့ ရှုထောင့် ပါ ။ သူတို့ ကိုယ်တိုင်က အဲဒီ ဇာတ်ကောင် ဖြစ် နေတော့ ဒီဇာတ်ကောင်ရဲ့ ရှုထောင့်ကပဲ မြင်ချင် သိချင်တယ် ။ အဲဒါကို မမေ့သင့်ဘူး ။

တခြားတစ်ဖက်က ပြောစရာ ရှိတာကတော့ ရှုထောင့်ပေါင်းစုံက ရေးခြင်းဟာ စာဖတ်သူ ကို စိတ်လှုပ်ရှားစေပြီး ဇာတ်ကောင်စရိုက် ထက် ဇာတ်ကွက်ဇာတ်လမ်း ပေါ် မှာ ပိုပြီး အာရုံ စူးစိုက်စေပါတယ် ။ ဘယ်သူ ဖြစ်နေတာလဲ ဆိုတာထက် ဘာဖြစ်နေတာလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားစေပါတယ် ။ ဒါမျိုးက လျှို့ဝှက်သည်းဖို ဝတ္ထု မှာ အသုံးများတဲ့ နည်းပါ ။ ( ဆရာ Elmore Leonard က ဒီနည်းကို သုံးတယ် ) Tom Wolfe ကလည်း The Bonfire of The Varities ကို ရေးရာ မှာ ဒီနည်းကိုပဲ သုံးသွားခဲ့ပါတယ် ။ ဒီနည်းက စာဖတ်သူတွေကို ဘေးဖယ်ထားတာနဲ့ တူ တဲ့ အတွက် အားပျော့တယ် လို့ ကျွန်မ ထင်ပါတယ် ။

၄ ။ ဝတ္ထုကောင်း တစ်ပုဒ်ဟာ ဖတ်သူအတွက် အချက်အလက် တစ်စုံတစ်ခု ရစေရပါမယ် ။ ဒီလို ပြောလိုက်တဲ့ အတွက် စာဖတ်သူကို သင်ခန်းစာတစ်ပုဒ် ပို့ချ ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ဓမ္မကျမ်းစာ ပို့ချပါလို့ ပြောတာလည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ဝတ္ထုတစ်ပုဒ် ဖတ်လိုက်လို့ ဆုံးသွားရင် “ အား ” လို့ အသံထွက် လောက်အောင် တစ်စုံ တစ်ခု ရစေသင့်တယ် ။ ဆုံးတော့မှ “ ဘာလဲ ဟ ” လို့ စာဖတ်သူက ပြန်မေးခံရရင် ဒီဝတ္ထုဟာ စာဖတ်သူကို တစ်စုံ တစ်ခုမှ မပေးနိုင်တာ သေချာတယ် ။

၅ ။ ဝတ္ထုဇာတ်အိမ် တည်ဆောက်တာ ဘယ်နေရာ ၊ ဘယ်ဒေသမှန်း အတိအကျ မဖော်ပြ နိုင်တဲ့ ဝတ္ထုဟာ လည်း စိတ်ဝင်စားမှု လျော့ပါးစေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ် ။ အဲဒီအချက်ကတော့ စာမူပေါင်းများစွာ ဖတ်ခဲ့တဲ့ ကျွန်မ အတွေ့အကြုံ အရ သေသေချာချာ ပြောနိုင်တဲ့ အချက်ပါ ။

နေရာဒေသ အစစ်အမှန် တစ်ခုကို နောက်ခံ ထားပြီး တည်ဆောက်တဲ့ ဇာတ်အိမ်ဆိုရင် အယ်ဒီတာကို ဆွဲဆောင် နိုင်ပါတယ် ။ နေရာဒေသ စိတ်ကူးယဉ်နဲ့ ဖော်ပြပြီး ဇာတ်အိမ် ကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတွေလည်း အများကြီး ရှိပါတယ် ။ ဒါပေမဲ့ နေရာဒေသ တိကျမှု မရှိတဲ့အတွက် လေးနက်မှု မရှိလှဘူး ။ ဘယ်မြို့ ၊ ဘယ်ဒေသ မှာ ဇာတ်အိမ် တည်ထားမှန်း မသိတော့ ဇာတ်ကောင်တွေကလည်း ပေါ့နေတယ် ။ ကျောက်ချ မထားတဲ့ သင်္ဘောလို မျောချင်ရာ မျောနေတယ် ။

တကယ်တော့ ဝတ္ထု တစ်ပုဒ် ရေးပြီ ဆို ကတည်းက ကိုယ့် ဝတ္ထုဇာတ်အိမ် ဘယ်မှာ တည်ထားတယ် ဆိုတာ ပရိသတ် သိသင့်တဲ့ အချက်ပဲ ။ ဗွီစီယားနား ပြည်နယ်က မြို့ကလေး တစ်မြို့မှာ လား ၊ ဒါမှမဟုတ် ကွန်နက်တီးကတ် ရဲ့ ဆင်ခြေဖုံးမှာလား ။ ဖီလာဒဲ ( လ် ) ဖီးယား ဆင်ခြေဖုံး က အီတာလျံရပ်ကွက်ကလေး မှာလား ။ ဒီလို အတိအကျ အခြေချ မထားရင် ဇာတ်ကောင်တွေက ဘယ်ကမှန်း မသိတော့ဘူး ။ ပရိသတ် ဘဝင် မကျနိုင်ဘူး ။ အဲဒီလို ဖြစ်လာရင် ဇာတ်လမ်းအတွက် အားပျော့လာစေပါတယ် ။ ဒါကြောင့် ကျွန်မ အနေနဲ့ ဇာတ်အိမ် တည်ရာ နေရာဒေသဟာ အရေးပါတဲ့ အချက် တစ်ချက်လို့ ပြောချင်တယ် ။

ဘာမဟုတ်တဲ့ အသေးစိတ် အချက်အလက် တစ်ခုဟာ ဝတ္ထုကို အထောက်အကူ အများကြီး ပြု စေတာတွေ ရှိပါတယ် ။ ဥပမာ ဆိုဖာလက်တန်း ပေါ် မှာ စွန်းပေနေတဲ့ အစွန်းတစ်စက် ၊ လမ်း တစ်ခုကို လျှောက်သွား ရာမှာ ရလေ့ရထ ရှိတတ်တဲ့ အနံ့ ၊ သြဂုတ်လမှာ မြင်တွေ့ရတဲ့ မြက်ခင်းရဲ့ အရောင် ၊ ဒါလေးတွေ က စာဖတ်သူကို ခံစားမှု ပိုမို ပေးစွမ်းစေတဲ့ အချက်တွေပါ ။

ဆိုကြပါစို့ ၊ လွီစီယားနား ပြည်နယ်က မြို့ကလေး တစ်မြို့ နဲ့ ကွန်နက် တီးကတ်မြို့ ရဲ့ ခြားနားမှု ။ ဒါကို ပရိသတ်က သိနေတဲ့အတွက် အသေးစိတ် အချက် တစ်ချက် ထည့်ရေးလိုက်ရုံနဲ့ စာဖတ်သူရဲ့ အာရုံဝင်စားမှုကို ပိုမို ရရှိစေပါတယ် ။

၆ ။ ဇာတ်လမ်းတစ်ခု အတွက် ဇာတ်ကွက်တွေကို ကိုယ်က ကြိုတွေး ထားရင် ရေးရင်း တန်းလန်း လမ်းပျောက်တဲ့ အဖြစ်မျိုးနဲ့ မကြုံနိုင်တော့ပါဘူး ။ ဖြစ်ရပ် တစ်ခုတိုင်းမှာ တန်ပြန် ရိုက်ခတ်မှု ရှိတယ်ဆိုတာ သတိထားပါ ။ ကိုယ့် ဇာတ်ကွက် တစ်ခုမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်ရဲ့ တန်ပြန်မှုဟာ နောက် ဇာတ်ကွက်တွေမှာ ပါရမယ် ။ ဒါမှ ဇာတ်လမ်းက ရှေ့ကို တိုးတက်သွားမှာပေါ့ ။ ဝတ္ထုတစ်ပုဒ် ရေးတယ်ဆိုတာ အဆင်သင့် လုပ်ထားတဲ့ ဘလောက်တုံးတွေကို ဆင့်ပြီး တည်ဆောက် သွားသလိုပါပဲ ။

အခန်း ( တစ် ) မှာ လူသေတယ်ဆိုတာ ပြောထားရင် ( နှစ် ) မှာ အသုဘအကြောင်း ဆက် လာရတော့မယ် ။ စူဇီ က အဲဒီ အသုဘမှာ ဘီ ( လ် ) ကို တွေ့ခဲ့ ကြောင်း ဂျော့ ( ခ် ) ကို ပြောပြတယ်ဆိုရင် အခန်း ( သုံး ) မှာ ဘီ ( လ် ) နဲ့ ပတ်သက်ပြီး ဂျော့ ( ခ် ) က လုပ်ရတော့မယ် ။  ဒီလိုနည်းနဲ့ ဝတ္ထုရဲ့ ဇာတ်ရှိန်ကို မြင့်သထက် မြင့်အောင် ဆွဲယူ လာရပါမယ် ။

သတိပေးချင်တဲ့ အချက် တစ်ခု ကတော့ ဝတ္ထု ဇာတ်သိမ်းဟာ ကိုယ် ဖြစ်စေချင်သလို ဆွဲပြီး မသိမ်းဖို့ပါဘဲ ။ ကိုယ် ဖြစ်စေချင်သလို ဇာတ်သိမ်း လိုက်ရင် ဒီ ဝတ္ထုဟာ အောင်မြင်တဲ့ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး ။ စာ ရေးစ ပုဂ္ဂိုလ်များက ပျော်စရာ ဇာတ်သိမ်းကလေးတွေ ရေးချင်ကြတယ် ။

ဆိုကြပါစို့ ၊ မင်းသမီးရဲ့ အမေကြီးက တစ်သက်လုံး အရက်သေစာ သောက်လာခဲ့တယ် ။ အဘွားကြီးက ရုတ်တရက် အရက်ဖြတ်လိုက်ပြီး ပုတီးကိုင် သွားတယ်ဆိုရင် စာဖတ်ပရိသတ် အနည်းစုကပဲ ယုံကြည်ပါလိမ့်မယ် ။ ဒါကြောင့် စာရေးဆရာဟာ ကိုယ့်ဇာတ်ကောင် ရဲ့ စရိုက်ကို နားလည် သဘောပေါက်နေရမယ် ။ ဒါမှ စာဖတ်သူက “ ဟုတ်တယ် ၊ သူ ဒီလို လုပ်သင့်တာပေါ့ ” လို့ ယုံကြည်မှု အပြည့် ရနိုင်ပါလိမ့်မယ် ။

၇ ။ ဝတ္ထုရဲ့ အစဟာ အရေးကြီးပါတယ် ။ အစမှား သွားရင် စာဖတ်သူက ဝတ္ထုရဲ့ တကယ့် အစကို လိုက် ရှာနေရလိမ့်မယ် ။ ကျွန်မ အတွေ့အကြုံအရ ပြောရရင် ဝတ္ထုတစ်ပုဒ်ကို စသင့်တဲ့ နေရာက ဇာတ်ရှိန် အမြင့်ဆုံး မတိုင်ခင် တစ်ခန်းကနေ စသင့်ပါတယ် ။ Nancy Price ရေးတဲ့ Sleeping with the Enemy ဟာ ဥပမာကောင်း တစ်ခုပါ ။

ဝတ္ထု စဖွင့်ဖွင့်ချင်း အဓိကဇာတ်ကောင် ဆာရာဟာ နှိပ်စက် ညှဉ်းပန်းလွန်းတဲ့ သူ့ခင်ပွန်းသည် ဆီက လွတ်မြောက်ဖို့ ကြိုးစား တာက စတယ် ။ ဆာရာ ထွက်လာချိန်ကျမှ စာရေးဆရာက သူမရဲ့ နောက်ကြောင်းပြန် ဇာတ် နဲ့ ပြန်ဖြည့်တယ် ။ အဲဒီမှာ စာဖတ်သူကို ဖမ်းစားထားပြီးသား ဖြစ်နေပြီ ။ ဆာရာ ဘာ ဆက် ဖြစ်မှာလဲဆိုတာကို တွေးနေပြီ ။

ဆာရာ လွတ်ပါ့မလား ။ ဒီ မကောင်းဆိုးဝါး ကောင်ကြီးရဲ့ လက်ထဲက ထွက်ပြေးဖို့ ဆုံးဖြတ်တဲ့ သူ့ ဆုံးဖြတ်ချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပါ့မလား ။ အသည်း တထိတ်ထိတ်နဲ့ ဖတ်နေရပြီ ။

ဒီဝတ္ထုကို တခြားပုံစံနဲ့ စ ကြည့်ရအောင် ။ ထွက်ပြေးတာနဲ့ မစဘဲ သူမရဲ့ ခင်ပွန်း မာတင် နဲ့ စတွေ့ပုံက စပြီး လက်ထပ်ကြတာကို ရေးမယ်ဆိုရင် စိတ်ဝင်စားမှု အား ကောင်းနိုင်ပါ့မလား ။ ဒီလို စခဲ့ရင် ဆာရာ ထွက်ပြေးတဲ့အခန်း ရောက်တော့ စာဖတ်သူကလည်း စိတ်ပျက်ပြီး သိပ် ဂရုစိုက်မှာ မဟုတ်တော့ဘူး ။

၈ ။ ဝတ္ထုထဲက စကားပြောဟာလည်း ဝတ္ထုတစ်ပုဒ်ရဲ့ အားကောင်းမှု ၊ အားပျော့မှုကို ဖန်တီးပေးနိုင်ပါတယ် ။ တစ်ခါတလေမှာ စကားပြော ကောင်းမှုကြောင့် သာမန်ဝတ္ထု တစ်ပုဒ်ဟာ ဝတ္ထုကောင်း တစ်ပုဒ် အဆင့် ရောက်လာတတ်ပြီး စကားပြော ညံ့မှုက ကောင်းတဲ့ ဇာတ် တစ်ပုဒ်ကို သာမန် အနေအထား ရောက်စေနိုင်ပါတယ် ။ စကားပြော ဟာ သဘာဝကျဖို့ လိုတယ် ။ ဒါပေမဲ့ လက်တွေ့ ဘဝက စကားပြောနဲ့တော့ ထပ်တူ ၊ ပုံတူ မဖြစ်နိုင်ပါဘူး ။ လက်တွေ့ ဘဝက လူတွေ ပြောနေတာကို အယ်ဒီတာတွေလည်း ကြားဖူးနေတာပဲ ။ အဲဒီ သာမန်စကားတွေကိုပဲ စာရေးဆရာက ဝတ္ထုဉာဏ် ကွန့်မြူးပြီး နားဝင်ကောင်း အောင် ရေးသားဖော်ပြတတ်ဖို့ လိုပါတယ် ။

ဥပမာ ဆိုကြပါစို့ ။ အကြောင်းအရာ တစ်ခု တည်းကိုပဲ အသက် ငါးဆယ်ကျော် လူတစ်ယောက် ပြောတာနဲ့ ကလေးတစ်ယောက် ပြောတာ ပုံစံချင်း မတူနိုင်ဘူး ။ မိဘ နဲ့ သားသမီး ၊ ယောက်ျား နဲ့ မိန်းမ မတူနိုင်ပါဘူး ။ ကလေးတစ်ယောက်က “ အဲဒါ သားသားဟာ လို့ ဘွားဘွားက ပြောတာပဲ ” လို့ ပြောမယ့် အကြောင်းအရာကို မိန်းမ တစ်ယောက်က ပြောမယ် ဆိုရင် “ ဪ ဒါ ကျွန်မဟာလေ ၊ ကြာလှပါပြီ ၊ အဘွားက ပေးခဲ့တာ ” လို့ပြောမယ် ။ ယောက်ျား တစ်ယောက် က ပြောမယ်ဆိုရင် “ ကျွန်တော် ငယ်ငယ်တုန်း က တစ်ယောက်ယောက် ပေးခဲ့တယ် ထင်တာပဲ ၊ မဆိုးဘူး ၊ တော်တော်လေး ကောင်းတယ် ” လို့ ပြောမယ် ထင်ပါတယ် ။

၉ ။ ပရိသတ် ယုံကြည်မှု မရှိလောက်တဲ့ ဇာတ်ကောင်များကို ဖန်တီးရေးဖွဲ့ခြင်းဟာ ဝတ္ထုကို အများကြီး အားပျော့ သွားစေတတ်ပါတယ် ။ ဒါကြောင့် စာရေးဆရာ တစ်ယောက် အနေနဲ့ စာမျက်နှာတွေပေါ် မှာ သက်ဝင်လှုပ်ရှားနေ တဲ့ ဇာတ်ကောင်တွေကိုပဲ ဖန်တီးပါ ။ ဒီလို ဖန်တီးနိုင်ဖို့ဆိုတာ စာရေးဆရာရဲ့ စွမ်းရည်ပေါ် မှာ မူတည်သလို ရိုးသားဖြူစင်မှုပေါ် မှာလည်း အများကြီး တည်မှီနေပါတယ် ။

ကိုယ် ဖန်တီးထားတဲ့ ဇာတ်ကောင် “ နာ ” သွားမှာ စိုးလို့ သူ့စရိုက်အရ ပြုရမယ့် မကောင်းမှု တစ်ခုကို စာရေးဆရာက ရှောင်ပေးလိုက်ရင် သူဟာ ရိုးသားမှု မရှိတော့ပါဘူး ။ တချို့က စင်းလုံးချော ဇာတ်ကောင်တွေ ဖန်တီးတတ်ပြီး တချို့ကျတော့လည်း ဘဝမှာ ခက်ခဲ ရုန်းကန်ရတဲ့ ဇာတ်ကောင်တွေကို ဖန်တီးကြပါတယ် ။ ကိုယ်က ဇာတ်ကောင်စရိုက် ဖန်တီးမှု အားမသန်ဘူး ဆိုရင် ဇာတ်လမ်း ၊ ဇာတ်ကွက် ကိုသာ အားပြုရေးပါ ။ စကားပြော ၊ ဆက်တင် အနေအထားတို့နဲ့ ဖမ်းစားခြင်း အားဖြင့်လည်း ဝတ္ထုရဲ့ အရည်အသွေး တောက်ပြောင်လာတတ်ပါတယ် ။

၁ဝ ။ နောက်ဆုံး ပြောချင်တာကတော့ ကိုယ့်ဝတ္ထုနဲ့ ပတ်သက်ပြီး သူများတွေ ဘာဝေဖန်သလဲ ဆိုတာ နားစွင့်ပါ ။ စာရေးဆရာ အချင်းချင်း ဝေဖန်တာပဲ ဖြစ်ဖြစ် ၊ အယ်ဒီတာရဲ့ အကြံပေးချက်ကိုပဲ ဖြစ်ဖြစ် လေးစားပါ ။

အယ်ဒီတာ က ဘယ်နေရာမှာ အားပျော့ သွားတယ်လို့ ပြောတာ ကို ကိုယ်က အလေးထား လေ့လာရမယ် ။ ပယ် ခံရတဲ့ ဝတ္ထုတွေဟာလည်း ပြန်ပြင်ရင် ဝတ္ထုကောင်း ဖြစ်လာတတ် ပါတယ် ။ ထောက်ပြ ဝေဖန်ပြတာတွေကို ကိုယ်က ကောင်းသွားအောင် ပြင် လိုက်ရင် ကောင်းသွားတာတွေ ရှိပါတယ် ။

ပြင်ဆင်မှု အလျှင်းမရှိဘဲ ပုံနှိပ်ဖော်ပြခံရတဲ့ ဝတ္ထု နဲ့ အယ်ဒီတာ အကြံပေးချက် အရ ပြင်ဆင်တဲ့ ဝတ္ထုတွေရဲ့ ခြားနားမှုဟာ ကြီးမားတတ်ပါတယ် ။

••••• ••••• •••••

ဆရာမ ကတော့ ဝတ္ထုတွေအပေါ် အယ်ဒီတာ အကြံပေးချက် လိုက်နာပြီး ပြင်ဆင်ကြဖို့ အဓိက တိုက်တွန်းထားတာပဲ ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ခက်နေတာက ကိုယ်တိုင် ရေး ၊ ကိုယ်တိုင် အယ်ဒီတာ လုပ်နေကြရတဲ့ သူတွေက များနေတော့ ရောက်လာသမျှ စာမူတွေကို ဖတ်ပေမယ့် “ ပယ် ” တဲ့ စာမူတွေအတွက် ဘာကြောင့် ပယ်ပါတယ်ဆိုတာ တစ်ပုဒ်ချင်းအတွက် မှတ်ချက် ရေးမပေးနိုင်တာ အားနည်းချက် ရှိပါတယ် ။

ကျွန်တော် ဆိုပါတော့ ။ ကလောင်ခွဲတွေနဲ့ စာရေးရတာက တစ်ဖက် ၊ ရောက်လာတဲ့ စာမူတွေ ဖတ်ရတာက တစ်ဖက် ဆိုတော့ တချို့ ဝတ္ထုလေးတွေ ပြင်ပေးလိုက်ရင် ကောင်းမယ်ဆိုတာ သိပေမယ့် အချိန်မပေးနိုင်တဲ့အတွက် အယ်ဒီတာ မှတ်ချက်စာရွက်မှာ ကြက်ခြေခတ် ပေးလိုက်ရုံပဲ တတ်နိုင်ပါတယ် ။

စ ဖတ်လိုက်ရင် ကောင်းတော့မယ် ဆိုတာ သိလို့ အဆုံးထိ ဖတ်ခါမှ အဖျားရှူး သွားတာတွေလည်း ရှိတယ်ပေါ့လေ ။ ဒါမျိုးဆိုရင် ကျွန်တော်တို့ ဘက်က အကြံပေးပြီး ပြင်ခိုင်းသင့်တယ် ။ ဒါပေမဲ့ အချိန်မပေးနိုင်တာ က ပြဿနာ ။ ကျွန်တော့် နည်းတူ တခြား အယ်ဒီတာတွေမှာလည်း လစဉ် စာအုပ်ပုံမှန် ထွက်ရှိရေး လုံးပန်းနေရတဲ့အတွက် အချိန်နည်းနေကြတယ် ။ ဒါကြောင့် ဆရာမ အကြံပေးချက်များကိုသာ အဓိက အလေးအနက်ထားကြပါလို့ ။

◾ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၄၄ )
      ဇွန်လ ၊ ၁၉၉၃ ခုနှစ်

No comments:

Post a Comment