❝ မနက်သော အဖြူ ❞
( သန်းမြင့်အောင် )
“ ဟဲ့ အမယ်လေး ၊ ငါ့သားကြီးတို့ပါလား ၊ သမီးနဲ့ မြေးပါ လိုက်လာကြတယ်နော် ၊ လာမယ်ဆို ကြိုတင်ပြောရောပေါ့ သားရယ် ၊ အမေတို့ သင်္ဘောဆိပ် လာကြိုမှာပေါ့ ၊ သမီးနဲ့ မြေးလည်း ခုမှ ပဲ တွေ့ရတော့တယ် ။ အမေ ဝမ်းသာလိုက်တာကွယ် ၊ ငါ့သားကြီးက အသားတွေ မည်းသွားပါလား ၊ ပိန်လည်း ပိန်သွားတယ် ထင်တယ် ၊ မတွေ့တာ ကြာသွားလို့ လား မသိဘူး။ ဒါမှမဟုတ် အလုပ်တွေများ သိပ်ပင်ပန်းလို့ လား ”
ကိုမျိုးအောင်တို့ လင်မယား ရောက်လာတော့ တစ်အိမ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ပြီး ဝမ်းပန်းတသာ ကြိုဆိုကြသည် ။ သက်က မျက်နှာကို အစွမ်းကုန် ပြုံးထားလိုက်ပေမဲ့ ရင်ထဲကတော့ -
“ တော်တော် အဖြစ်သည်းတဲ့ အဘွားကြီး ၊ သူ့သားကိုပဲ ငါက အသေအလဲ ခိုင်းစားနေတဲ့ ပုံစံ မျိုးနဲ့ ”
ဟု ရင်ထဲတွင် မျက်ခနဲ ဖြစ်သွားရသည် ။
ကိုမျိုးအောင်တို့ က မောင်နှမ သုံးယောက်ရှိသည် ။ ကိုမျိုးအောင် တစ်ယောက်သာ ရန်ကုန်မြို့ မှာ အခြေကျနေခြင်း ဖြစ်ပြီး ကိုမျိုးအောင် အောက် ကိုတိုးအောင် မှာ တစ်မြို့တည်းနေ ခင်လေးနှင့် အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ရသည့်တိုင် အမေနှင့် အတူနေသည် ။ အငယ်ဆုံးညီမ နုထွေး ကို ရင်အုပ်မကွာ ရှိနေရသည့် အမေ့အိမ်သည် ကိုတိုးအောင်တို့ မိသားစုနှင့် ဥမကွဲ သိုက်မပျက် နေရသည်ကိုက အမေ စိတ်ချမ်းသာနေသည် ။
သက်တို့ ရောက်သွားချိန်က မွန်းတည့်နေပေပြီ ။ သင်္ဘောပေါ်မှာ တစ်ညလုံး လိုက်ပါလာရ သဖြင့်လည်း ဆာလောင်လာကြသည် ။ သူ့မြေးကို ချီထားလျက်မှ သားနှင့် ချွေးမအတွက် အမေက အစားအသောက် စီမံရသည် ။
“ ခင်လေးရေ ထမင်းပွဲပြင်ပါ ၊ သမီး အစ်ကိုနဲ့ အစ်မ ဆာလှရောပေါ့ ၊ သမီးရေ ဒီမနက် တော့ ရှိတာနဲ့ ပဲ စားကြပေတော့ကွယ် ၊ ညစာကျမှ ထမင်းမြိန်အောင် အမေ စီစဉ်ပေးမယ် ”
ချွေးမအငယ် ခင်လေး နှင့် နုထွေး တို့ က ပျာပျာသလဲ ထမင်းပွဲပြင်ကြသည် ။
ပဲကြီးနှင့် ဆူးပုပ်ရွက်ဟင်း ၊ ဆတ်သားခြောက်ဖုတ် ဆီဆမ်း ၊ ပုစွန်ကြော် ၊ သုံးဦးစပ် ငါးပိရည် ကျိုနှင့် စိုင်သရက်သီးကလေးများ နှင့် ဖွယ်ရာစွာ ပြင်ထားသည့် ထမင်းဝိုင်းကို ကြည့်ကာ မစားခင် မြိန်နှင့်နေသည် ။ သက်က ဆတ်သားခြောက်ကို အသေအလဲ ကြိုက်သည် ။ ပိုက်ဆံ နှမြောတတ် သော်လည်း ရန်ကုန်မှာ တစ်ခါတစ်ရံမှ ရတတ်သော ဆတ်သားခြောက်စစ်စစ် ကိုတော့ ဈေးကြီးပေး ဝယ်၍ မီးဖုတ်ပြီး မွနေအောင် ထုကာ ဆီရွှဲရွှဲဆမ်း၍ ဇိမ်ခံစားတတ်သည် ။ ယခုလည်း အကြိုက်တွေ့ နေပြီ ဆိုတော့ သက် လက် က ဆတ်သားခြောက်ပန်းကန် ထဲမှ မထွက်တော့။
“ ဟဲ့ သမီး မသက် ၊ ပုစွန်ကြော်တွေ ထည့်စားလေ ၊ ကိုမျိုး ... မသက်ထဲ ဟင်းထည့်ပေးစမ်း ”
“ နေပါစေ အမေ ၊ အမေ့သမီးက ဆတ်သားခြောက် သိပ်ကြိုက်တာ အမေရဲ့ ၊ သူ ဒီမှာ အကြိုက် တွေ့နေတာ ”
ထိုနေ့ မနက်က ထမင်းစားကောင်းပုံများတော့ မသက်တို့ တစ်သက်မှာ မေ့နိုင်တော့မည် မထင်။ ထမင်းစား ပြီးတော့ ခရီးကလည်း ပန်းလာသဖြင့် နုထွေး လာခင်းပေးသော ဖျာ နှင့် ခေါင်းအုံး ပေါ် အညောင်းဆန့်ရင်း မှေးခနဲ အိပ်ပျော်သွားတော့သည် ။
••••• ••••• •••••
“ အမေ ၊ ညနေစာအတွက် ဆတ်သား ထပ် ဖုတ်ဦးမလား ”
“ မဖုတ်နဲ့တော့ ခင်လေး ၊ ဆတ်သားခြောက်တွေ သိမ်းထားလိုက် ၊ ကိုတိုး ကို ရွာအလယ်ပိုင်း မှာ ပုစွန်တုပ်ကြီးကြီး သွားရှာခိုင်းထားတယ် ၊ ပြန်လာရင် မီးဖုတ်ပြီး သံပရာရည် ညှစ်ပြီး သုပ်စမ်း ၊ ကိုမျိုး သိပ်ကြိုက်တာ ”
မှေးခနဲ အိပ်ပျော်သွားရာမှ ပြန်လည်နိုးစ အာရုံထဲတွင် မီးဖိုဘက်မှ သဲ့သဲ့ကြားရသော အဘွားကြီး နှင့် ခင်လေးတို့ ၏ အသံကြောင့် ရင်ထဲတွင် အောင့်သွားရသည် ။
“ ကြည့်စမ်း ၊ ယောက္ခမ ပီသလိုက်တာ ၊ ဆတ်သားခြောက် ကို ငါကြိုက်မှန်း သိလို့ တမင် မထည့်ပေးတာ ၊ သူ့ သားကျတော့ တကူးတက ရှာဖွေ လုပ်ကျွေးတယ် ၊ မမစိုး ပြောတဲ့ သူတို့ ဥ မှ သူတို့ ဥ ဆိုတဲ့ စကား မှန်လိုက်တာနော် ”
ထိုအချိန်မှ စ၍ သက် ရင်ထဲတွင် မကြည်လင်တော့ ။ ညနေစာ ထမင်းဝိုင်းကြီး ကား ဟီးထ နေသည် ။ ကြက်သားဆီပြန် ၊ ငါးသလောက်ကြော်နှပ် ၊ ပုစွန်တုပ်မီးဖုတ်သုပ် ၊ ကြာဆံဟင်းခါး ၊ ငံပြာရည်ချက် စသည် ဖြင် ထမင်းမြိန်ချင်စရာ ကောင်းလှသော်လည်း သက် က တို့ ကနန်း ဆိတ်ကနန်းသာ စားဖြစ်သည် ။ ထမင်းစားရတာ စိတ်မပါရသည့် ကြားထဲ ခင်လေး နှင့် နုထွေးတို့ ၏ လက်ထဲမှ ပြိုးခနဲ ပြက်ခနဲ တွေ့လိုက်ရသော
တစ်တန်းသွား စိန်လက်စွပ်ကလေးများကြောင့် ရင်ထဲတွင် ဝေဒနာ အသစ်တစ်ရပ်
ထပ်မံတိုးရပြန်သည် ။ ရင် ထဲမှာ အားငယ် သလိုလို ၊ ဝမ်းနည်း သလိုလို ၊ သဝန်တို သလိုလို ၊ ဘာလိုလိုကြီးမှန်း မသိ။
“သူတို့ တောင် တောမှာ နေပြီး စိန်လက်စွပ်တွေ ၊ ဘာတွေ ဝတ်နိုင်ကြသေးတယ် ၊ ငါ့မှာ တော့ ရန်ကုန်မြို့ က အပြိုင်အဆို င် တွေ ကြားထဲ မှာ ကျောက်နီလက်စွပ်ကလေး
တစ်ကွင်းတောင် အနိုင်နိုင်ရယ် ၊ ဒါမျိုးတော့ ထီပေါက်မှ ပဲ ဝတ်နိုင်တော့မယ် ထင်ပါရဲ့ ”
ဟု အားငယ်စိတ်နှင့် တွေးပြီး ထမင်း ပင် မျိုမကျတော့။
“ မသက် ၊ ထမင်းစား နည်းလှချည်လား ၊ စားမကောင်းဘူးလား ”
နုထွေး ၏ အမေးကို ရင်ထဲက မဲ့ပြုံး ပြုံးလိုက်သော်လည်း အပြင်ပန်း မှာတော့ ကြည်လင်သော မျက်နှာထားဖြင့် -
“ ကောင်းပါတယ် ညီမလေးရဲ့ ၊ မနက်က စားထားတာ များသွားလို့ပါ ”
ဟု တိုတိုပြတ်ပြတ် ပြောလိုက်သည် ။
“ ကိုယ်ကတော့ မနက်ကလည်း ကောင်း ၊ ခုညနေလည်း ကောင်း ၊ ကောင်းလွန်းလို့ ထတောင် မထနိုင်တော့ဘူး ၊ အမေ့ အိမ်မှာ သာ တစ်လလောက် နေလိုက်ရင် ပေါင်ချိန်နှစ်ဆ တိုးပြီး ရန်ကုန် က လူတွေ မမှတ်မိတော့မှာ သေချာတယ် ”
ကိုမျိုးအောင် ၏ အပြောကို အားလုံးက သဘောကျစွာ ရယ်မောကြသည် ။
ညဘက် လက်ဖက် တစ်အုပ် ၊ ရေနွေးတစ်အိုး နှင့် မိသားစု စကားဝိုင်းဖွဲ့ကြသော အခါတွင်လည်း သက်က ခဏတစ်ဖြုတ်သာ စကားဝိုင်း ထိုင်ပြီး ခရီးပန်းလာသည် ကို အကြောင်းပြကာ ကလေး နှင့် အိပ်ရာထဲ စောစောဝင်ခဲ့သည် ။ သက် စိတ်ထဲ မရှေးမနှောင်း မှာ မောင်ပါ လိုက်ဝင်ခဲ့မည် ထင်သော်လည်း သက် တစ်ရေးနိုးသည် အထိ
မောင် ရောက်မလာတော့ မောင်တို့ မိသားစုအပေါ် သဝန်တို ငြူစူမိသည် ။
“ ပြောလို့ ဆိုလို့ ကို အားမရနိုင်ကြဘူး ၊ တစ်သက်လုံးပဲ ခေါ်ထားလိုက်ကြပါတော့ ။ ဘာတွေ များ ဒီလောက် ပြောနေကြတယ် မသိဘူး ။ ဟိုတစ်ယောက်ကလည်း ကိုယ့်မယား တစ်ယောက်တည်း ရပ်ရွာမှာ ဘယ်လောက် အားငယ်နေမယ် ဆိုတာ
မတွေးမိဘူးလား မသိဘူ။ အလိုက်ကန်းဆိုး မသိကြတဲ့ လူတွေနဲ့ နေရတာ စိတ်ကုန်တယ်။ ပြန်မယ့်ရက်သာ မြန်မြန်ရောက်စမ်းပါတော့ ”
ဟု ငြူစူတမ်းတမိရင်း ပြန်လည်အိပ်ပျော်သွားသည် ။
••••• ••••• •••••
သည် လိုနှင့် သက် ရင်ထဲမှာ အလိုမကျမှုတွေ ၊ သဝန်တိုငြူစူမှုတွေကို ဟန်ဆောင်ပြုံးနှင့် ဖုံးကွယ်ရင်း ပြန်မည့်ရက်သို့ ရောက်လာသည် ။
မနက်ဖြန် သင်္ဘောဆင်းရမည် ဆိုတော့ ဝန်စည်စလယ်များကို ထုပ်ပိုးပြင်ဆင်ပြီး ညဘက် အမေ့ ကို ကန်တော့ကြသည် ။ အမေ က ဆုတွေကို မျိုးစုံအောင် အရှည်ကြီး ပေးသည် ။ ဆုပေးနေရင်းမှ အမေ့လက်က ချွေးခံအင်္ကျီအိတ်အတွင်းမှ အဝတ်အိတ်ရှုံ့ သေးသေးကလေး တစ်ခုကို နှိုက်ထုတ်လိုက်သည် ။ ပြီးတော့ သူ့ ကြိုး နှင့် သူ ပြန်ပတ်ထားသော အိတ်ရှုံ့မှ ကြိုးစ ကို ဖြည်းဖြည်းချင်း ဖြေပြီး အထဲမှ စက္ကူထုပ်သေးသေးလေး တစ်ခုကို နှိုက်ယူလိုက်သည် ။ တစ်ဖန် စက္ကူထုပ်ကို ဖွင့်ပြီး အထဲမှ ဖုံးအုပ်ထားသော ဂွမ်းစကလေးကို အသာလှပ်လိုက်တော့ တစ်တန်းသွား စိန်လက်စွပ်ကလေး တစ်ကွင်းက လက်ခနဲ ပေါ်ထွက်လာသည် ။ သက် တစ်ယောက် အသက်ရှူရန်ပင် မေ့သွားသည် ။
“ သမီး သက် ”
“ ရှင် အမေ ”
“ ဒါလေးဟာ အမေ အပျိုဘဝက ဝတ်ခဲ့တဲ့ လက်စွပ်ကလေးပေါ့ကွယ် ၊ ဒီလို တစ်တန်းသွားကလေးတွေချည်း သုံးကွင်း ရှိတယ်။ အခု အမေက သမီးတို့ ကို ပြန်ပြီး အညီအမျှ ခွဲပေးတာ ၊ ခင်လေး က တစ်ကွင်း ၊ နုထွေး က တစ်ကွင်း ၊ ဒီတစ်ကွင်းက ရန်ကုန်မှာ ရှိတဲ့ ငါ့သားကြီး နဲ့ ချွေးမကြီး အတွက် ဆိုပြီး ရည်စူးပြီး သိမ်းထားခဲ့တာ ၊ အခု သမီးတို့ ရောက်လာတော့ အတော်ပဲ ၊ ဒါ သမီး အတွက် ၊ ရော့ ဝတ်ထားလိုက် ”
အမေ လှမ်းပေးသော စိန်လက်စွပ်ကလေးကို လှမ်းယူပြီး ဝတ်နေသော မသက် လက်ကလေး တွေ တဆတ်ဆတ် တုန်နေသည် ။
“ သမီးရေ ၊ ခင်လေး ”
“ ရှင် ၊ လာပြီ အမေ ”
ချွေးမငယ် ခင်လေး အမေ့ နားသို့ အပြေးအလွှား ရောက်လာသည် ။
“ အမေ ဟိုနေ့က သိမ်းခိုင်းထားတဲ့ အထုပ်ယူပြီး နင့်အစ်မ စားစရာခြင်းထဲ တစ်ခါတည်း ထည့် လိုက်လေ သမီး ၊ တော်ကြာ မေ့သွားဦးမယ် ”
“ ဟုတ်ကဲ့ အမေ ”
ခင်လေး အခန်းထဲ ဝင်သွားပြီး ပြန်ထွက်လာသောအခါ အထုပ်ကြီး တစ်ထုပ် ပါလာသည် ။
“ ဘာတွေလဲ အမေ ၊ စားစရာတွေ ထည့်ပေးတာလည်း စုံနေပြီပဲ ၊ ပုစွန်တုပ်ကြီးတွေရော ၊ ငါးကြော်တွေရော ၊ ငံပြာရည် ၊ ငါးပိပါ မကျန်ဘူး ကြိမ်ခြင်းကြီးနဲ့ အပြည့်ပဲ ၊ ကျွန်တော်တို့ တောင် မနည်းသယ်ရမှာ ၊ တော်ပါပြီ အမေရာ ”
ကိုမျိုးအောင် က ခေါင်းယမ်းရင်း ပြောသည် ။
“ အဲဒါတွေက မင်းတို့ သားအဖတွေ စားမှာ ၊ ဒါက မသက် ကြိုက်တဲ့ ဆတ်သားခြောက်ကွဲ့ ၊ ဆတ်သားစစ်စစ် က ရခဲဘိခြင်း ၊ အမေတောင် သူများ လက်ဆောင်ပေးလို့ နှစ်ပိဿာလောက် ရထားတာ ၊ မသက် ကြိုက်တယ်ဆိုလို့ အိမ်မှာ တောင် ထုတ်မစားနိုင်တော့ဘူး။ ရန်ကုန်ကျမှ သူ့ဟာ သူ စိတ်တိုင်းကျ စားပါစေ ဆိုပြီး အမေ အားလုံး
သိမ်းခိုင်းထားတာ ”
“ အို .. အမေရယ် ”
မသက် ရင်ထဲ များ စွာ ထိခိုက်ကြေကွဲသွားသည် ။ ရင်မှာ နာကျင်မှု နောင်တများစွာနှင့် ဝိုးတဝါး ယှက်သန်းလာသော မျက်ရည်စတွေကို မောင် နှင့် အမေ မမြင်အောင် လျင်မြန်စွာ ပုတ်ခတ် ထိန်းသိမ်းရသည် ။
အမေ့မျက်နှာပြင် ပေါ်က အကြင်နာရိပ် ၊ မေတ္တာရိပ် ၊ ကရုဏာရိပ်တွေ ကို ရှာဖွေ တွေ့ရှိရသည် ။ ခဏမှာ အမေ နှင့် ဝေးရမှာ အကြောက်ကြီး ကြောက်လာသည် ။ ကုန်လွန်ခဲ့သော ရက်ပိုင်းများ ကို နှမြောလှစွာနှင့် နောင်တတရား ကို ရင်မှာ ပိုက်မိရသည် ။ နောင်အခါ အခွင့်သင့်၍ အမေ့ ထံ တစ်ကျော့ ပြန်ရောက်ရမည့် ကာလကိုသာ
တောင့်တမျှော်လင့်ရပေတော့မည်။
တကယ်တော့ ယောက်မ ၊ ယောက္ခမ မှန်လျှင် မကောင်းတတ်ဘူး ဟူသည့် ပတ်ဝန်းကျင် သွေးခွဲစကား နှင့် လွဲမှားသည့် ခံယူချက်ကို ယုံကြည်မိသော ငယ်ရွယ်သူ ပီပီ သက်သက် သည် အမေတို့ မိသားစု အပေါ် မျက်မှန်စိမ်း တပ်၍ ကြည့်မိခြင်းသာ ဖြစ်ပါသည် ။
အမှန်တော့ လူနှင့်လူချင်း ဆက်နွှယ်ပေါင်းသင်းကြရာတွင် ယောက်မ ၊ ယောက္ခမ ၊ ချွေးမ ဟူသော တော်စပ်မှု အခေါ်အဝေါ် ၊ အမည်နာမ ၊ ပညတ်များ နှင့် ဘာမှ မဆိုင် ။ အဓိကကျသည် မှာ မေတ္တာတရား ၊ ကရုဏာတရား နှင့် ကိုယ်ချင်းစာနာမှု စိတ်ထားများ သာ အရေးကြီးကြောင်း မသက် ကောင်းကောင်း သဘောပေါက် နားလည်ခဲ့သည် နှင့်အမျှ ရင်တွင်းမှ နေ၍ အမေ့ အား ခွင့်လွှတ်ပါမည့် အကြောင်း အကြိမ်ကြိမ် ဆုတောင်း၍ ဦးခိုက်ကန်တော့ရပါတော့သည် ။
▢ သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment