Thursday, July 24, 2025

ရှုတင်မန်နေဂျာ


 

❝ ရှုတင်မန်နေဂျာ ❞

သူ့အသက်က ၆၁ နှစ် ဆိုတော့ ဦးခင်မောင်တင့် လို့ ခေါ်ထိုက်တဲ့ အရွယ်ပါ ။ ဒါပေမဲ့ သူက ပြုံးပြုံးပျော်ပျော် အမြဲနေတယ် ၊ ခေတ်လူငယ် တစ်ယောက်လို ဝတ်ဆင်နေထိုင်တယ် ။ ရှိတဲ့ အသက်အမှန်ထက် ငယ်တဲ့ပုံ ရှိတယ် ။ သူနဲ့ ဆက်ဆံတဲ့ သူတွေက ‘ ကိုတင့် ’ လို့သာ ရင်းရင်းနှီးနှီး ခေါ်ကြတယ် ။

ကိုတင့်ရဲ့ အလုပ်အကိုင် က ရှုတင်မန်နေဂျာ ( shooting manager ) ၊ ရုပ်ရှင်ရိုက်ကွင်းတွေ အဆင်ပြေအောင် စီစဉ် ပေးရသူ ၊ စီမံခန့်ခွဲရသူ ။

ကိုတင့် ရှုတင်မန်နေဂျာ လုပ်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ၊ ဗီဒီယိုကားပေါင်း တစ်ရာ ကျော်သွားပြီ ။ ဂျပန်ပညာရှင်တွေနဲ့ လက်တွဲ လုပ်ကိုင်ရတဲ့ သွေး ဇာတ်ကား ၊ သူ့ကျွန်မခံပြီ ၊ သင်္ကြန်မိုး ၊ မမစိမ်း ၊ ဒဏ္ဍာရီ ၊ ပန်းဒဏ္ဍာရီ ၊ မိုးကုပ်စက်ဝိုင်းကို ကျော်လွန် ၍ ၊ အချစ်ကို မွေးဖွားခြင်း ၊ ပေးဆပ်သူတို့ နှလုံးသား ၊ ကိုးဆယ်ဆ သာလိမ့်မယ် စတဲ့ ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အောင်အောင်မြင်မြင် ပြီးမြောက်အောင် ကိုတင့် ပါဝင် စီစဉ်ဆောင်ရွက်ခဲ့ရတယ် ။

ရုပ်ရှင်ကား တစ်ကားမှာ ရှုတင်မန်နေဂျာရဲ့ အခန်းကဏ္ဍက အရေးကြီးတာကို သိသူ သိပ်နည်းတယ် ၊ သူတို့က ကန့်လန့်ကာ နောက်ကွယ်က ဖြစ်ကြတယ် ။

ကန့်လန့်ကာ နောက်ကွယ်က သူ့ဘဝကို သိဖို့ ကိုတင့်ကို တွေ့ဆုံပြီး မေးတော့ သူက ယခုလို ပြောပြပါတယ် ။

••••• ••••• •••••

၁၉၆၃ - ၆၄ ခုနှစ်မှာ ကျွန်တော် ဟိုက်စကူးဖိုင်နယ် အောင်တယ် ။ ပုဂ္ဂလိက ကျောင်း ရတနာပုံကျောင်းက အောင်တာ ။ စာမေးပွဲ အောင် ပြီးတော့ သူငယ်ချင်း တစ်ယောက် ရဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲ မှာ တီးဝိုင်းနဲ့ သီချင်း တက် ဆိုတယ် ။ ဦးဘိုခင် ရဲ့ မိုးကေသီ တီးဝိုင်းက အဆိုတော် လုပ်ဖို့ ချက်ချင်း ခေါ် သွားတယ် ။ အဲသည့်နေ့ မနက်ပွဲမှာ ဆိုပြီး ညနေပွဲမှာ တောက်လျှောက် ပါသွားတာ ။ တစ်လကို မဆိုရဘူးဆိုရင် ပွဲချီ ၄ဝ လောက် ဆိုရတယ် ။ တစ်နေ့ နှစ်ပွဲ ၊ သုံးပွဲ ရှိတဲ့ အခါ ရှိတာကိုး ။

ကျွန်တော်က အနုပညာ ဝါသနာပါတော့ အိမ်နီးချင်း ဆိုင်းဆရာ စိန်ထွန်းဖြူ က မင်း ပြဇာတ် ကမလား မေးတယ် ။ ကျွန်တော် ကလည်း လုပ်ကြည့်ချင်တော့ မင်းသား ဦးအောင်မောင်းကြီး ဇာတ်ထဲ ပါသွားတယ် ။

စစ်ကိုင်း ရွာသစ်ကြီး မှာ ပွဲသုံးည ကနေတာ ၊ အဲသည့် လိုက် သွားရတယ် ။ ဇာတ်ရုံထဲ မှာ ညနေ ထမင်း ကျွေးတော့ ဟင်း က အာလူး တစ်ခြမ်းစီ ပန်းကန်ထဲ ပုံကျွေးတယ် ။ မစားနိုင်တာနဲ့ ပွဲဈေးတန်းကို လက်ဖက်သုပ် ဝယ်မယ် လို့ ထွက်လာတာ ။ ဇာတ်ရုံ အပြင်ဘက်မှာ ကျွန်တော့် ပုံကြီး အကြီးကြီး ချိတ် ထားတယ် ။ ပြဇာတ်မင်းသား နာမည်တောင် သူတို့ သဘောနဲ့ သူတို့ ကျွန်တော့်ကို ပေးထားကြတယ် ။ ကျော်ကျော်ထွန်း တဲ့ ။ ကိုယ့်ပုံ ကိုယ်မော့ ကြည့်ပြီး ကြောက်သွားတယ် ။ သည်လိုကြီးလားပေါ့ ။

ပထမညမှာ ပြဇာတ် ကတော့ ဖိုက်တင် ချတဲ့ အခန်းပါတယ် ။ လူဆိုး လုပ်မယ့် သူက ဓားနဲ့ ထွက်လာတော့ ကျွန်တော် လန့် သွားတယ် ။ အိုက်တင် လုပ်ပြီး ခံချရတာပေါ့ ။ သူ့ ဓားကိုင်ထားတဲ့ လက်ကို ကိုယ်က ဖမ်းဆုပ်ကိုင် ထားရတယ် ။ သူ ထိုးချလိုက်တဲ့ ဘက်ကို ကိုယ်က ရှောင်ချလိုက်တာ ၊ ဓားထိုးမိပြီး နားရွက် ပြတ်သွားရော ၊ သွေးတွေ ရွှဲနစ်သွားတာပဲ ။ သုံးချက်ချုပ်ယူရတယ် ။ အဲဒါ ပထမဆုံးည ပါပဲ ။ ပြည်ဖုံးကား ချပြီး ပြဇာတ်မင်းသား ဓားစိုက်မိတာ ဝိုင်း ပြုစုပေးရတော့တာပေါ့ ။

ကျွန်တော်လည်း မကတော့ဘူး ၊ ပြန်မယ်လို့ အထုပ်အပိုး ပြင်တယ် ။ ဇာတ်သူ ဇာတ်သားတွေက ဝိုင်း ချော့ကြတာနဲ့ ဆက် က ဖြစ်သွားတယ် ။ အဲသည်တုန်းက အသက်က နှစ်ဆယ် မပြည့်သေးဘူး ။

မြစ်ကြီးနားမှာ ပွဲ က နေတော့ သိပ်ခင်တဲ့ အဘိုးကြီး တစ်ယောက် က ကျွန်တော့်ကို ဗလာစာအုပ် ယူခိုင်းပြီး နတ်ပြော တို့ ဘီလူးပြော တို့ သင်ပေးတယ် ။ ရေးမှတ်ထား ၊ ကျက်ထားတဲ့ ။ နောင်ခါ အသက်ကြီးလာရင် မင်း ဒါတွေနဲ့ လုပ်စားရမှာတဲ့ ။ ငါလည်း ငယ်ငယ်က မင်း လိုပဲ ပြဇာတ်မင်းသား ပေါ့ ၊ ယခု အရွယ်အထိ လုပ်စားလို့ရတာ ဒါတွေ တတ်လို့တဲ့ ။ သူပြောတာ ကြားတော့ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ် ။ ကျွန်တော် အဲသည်အရွယ်ထိ လုပ်စားနေရမှာလားပေါ့ ။ သူက ကျွန်တော်တို့လို ဇာတ်ခုံပေါ်မှာ မနေရဘူး ။ ဂုန်နီအိတ်ကြီး ချုပ်ထားတဲ့ အခင်းကို မြေကြီးပေါ်မှာ ခင်း အိပ်ရရှာတာ ။ သူ ကူးခိုင်းလို့သာ ဇာတ်စာတွေ ကူးရတယ် ။ စိတ်က မပါဘူး ။ စာတွေလည်း ကူးပြီးရော အဝတ် နှစ်စုံ ၊ သုံးစုံ ယူပြီး မြစ်ကြီးနား ဘူတာကို ဆင်းပြီး မန္တလေး ပြန်ခဲ့တော့တာပဲ ။ ဇာတ်သေတ္တာထဲမှာ အဝတ်အစားတွေ ရှိသေးပေမယ့် အပြင်မှာ ဝတ်လို့ မရဘူး ။ ဒါကြောင့် သူများကို တစ်ခါတည်း အပြတ်ပေးပစ်လိုက်တော့တယ် ။

အနုပညာစိတ်က ရှိနေတော့ မြို့မ မှာ သီချင်း ဝင်ဆိုတယ် ။ မြို့မ မှာ သီချင်းဆိုနေတုန်း ဇော်ဝမ်း က ငါနဲ့ လိုက်ခဲ့ကွာလို့ ခေါ်တယ် ။ သူနဲ့ ကျွန်တော်က ဆွေမျိုးနီးစပ် တော်တယ် ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရန်ကုန် ပါသွားတာပဲ ။ သည်လိုနဲ့ အဆိုတော်လောက ကနေ ရုပ်ရှင်လောကထဲ ရောက်သွားတယ် ။ ဇော်ဝမ်း က ဒါရိုက်တာ လုပ်ပြီး “ ပလက်ဖောင်းမင်းသား ” ဇာတ်ကား ရိုက်တယ် ။ အဲသည့်မှာ ကျွန်တော်က ရှုတင်မန်နေဂျာ သဘောမျိုး စလုပ်ရတာပဲ ။

ရှုတင်မန်နေဂျာ ဆိုတာ ရုပ်ရှင်ရိုက်တဲ့ ကိစ္စမှာ လိုအပ်တာတွေ အစအဆုံး အားလုံး စီစဉ်ပေးရတာပေါ့ ။ ဘုံကျွန်ပါပဲ လို့သာ ပြောလိုက်ချင်တော့တာပဲ ။ ဇာတ်ကား တစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်နားမှာ ရိုက်မှာ ၊ ဇာတ်ဝင်ခန်း အတွက် ဘာပစ္စည်းတွေ လိုမယ် ၊ ဘယ်သူတွေက လိုမယ် ဆိုတာတွေ အဆင်သင့် ဖြစ်နေအောင် စီစဉ် ပေးထားရတယ် ။ သွားမယ့် လာမယ့် ကား က အစ ကျွေးမယ့် အစားအသောက် အထိ စီစဉ်ပေးရတယ် ။ အစားမကောင်းရင် တစ်ဖွဲ့လုံးက ကျွန်တော့်ကို ဆဲကြမှာ ။ လမ်းခရီး အသွား မကောင်းရင် လည်း ကျွန်တော့် ဝိုင်း တုတ်ကြမှာပဲ ။

မင်းသား ၊ မင်းသမီး က ရိုက်ရက် ရက် ၂ဝ ပဲ ပေးတာ ။ အဲသည့် ရက် ၂ဝ အတွင်းမှာ ဇာတ်ကား ပြီးအောင် ရိုက်ဖို့ စီစဉ်ရတာ ။ အဲဒါ အမောဆုံးပါပဲ ။ အကွက်စေ့ နေအောင် ပြင်ဆင်ပေးရတာ ။ ဒါရိုက်တာ နဲ့ ကျွန်တော် နဲ့ ပေါင်းပြီး ဘယ်နေရာ ၊ ဘယ်ရက် ရိုက်မယ် ဆိုတာ စီစဉ်ရတာပဲ ။ တစ်ခါတလေ အဆင် မပြေလို့ ရက် ၂ဝ နဲ့ မပြီး ရင် ဒုက္ခ ရောက်တော့တာပဲ ။ မနက်ဖြန် ရိုက်မယ့် ရိုက်ကွင်းမှာ လိုအပ်တာ အားလုံးကို ကျွန်တော်က အဆင်သင့်အောင် ပြင်ဆင် ပေးထားရတယ် ။ တကယ် ရိုက်နေတဲ့ အချိန်ဆိုရင် ကျွန်တော် က ရိုက်ကွင်းမှာ မရှိတော့ဘူး ။ နောက်နေ့ ရိုက်မယ့် နေရာကို ကြိုတင်သွားပြီး စီစဉ်နေရပြန်ရော ။

သွေး ဇာတ်ကားကြီး ရိုက်တုန်းက ဂျပန်အဖွဲ့က တော်တော် အချိန်တိကျ တာ ။ အချိန်မီ အဆင်ပြေအောင် လုပ်ရတာ သိပ်ခက်တယ် ။ ကိုယ့် လူတွေက မြန်မာစံတော်ချိန် တွေ ။ မနက် ၄းဝဝ နာရီ ကစပြီး ကား နဲ့ ပတ်ခေါ်လည်း ရိုက်ကွင်း ကို ၇း၃ဝ ၊ ၈းဝဝ နာရီ မှ ရောက်တာ ။ ကျွန်တော် ရောက်မှ အိပ်ရာထတဲ့ သူက ထ ၊ မုန့်စားနေလို့ ၊ အဝတ်လဲ နေလို့ စောင့်ပါဦး ပြောသူက ပြော ။ နောက်ဆုံးကျတော့ သူတို့ တစ်ဦးချင်း ကိုယ့်ဟာ ကိုယ် လာဖို့ ကားခ ထုတ်ပေးတယ် ။ မနက် ၅း၃၀ နာရီ အရောက် လာခဲ့ ၊ အချိန်မီ ရိုက်ကွင်း မရောက်ရင် နေ့တွက် မရဘူး ဆိုမှ အဆင်ပြေသွားတယ် ။

ဇာတ်ကား ထဲမှာ ဂျပန်စစ်သား ၃ဝ ထည့် ရိုက်ချင်တယ် ၊ စီစဉ်ပေးပါတဲ့ ။ မနက်ဖြန် ကျောက်ချော မှာ ရိုက် မှာ ဆိုရင် ကျွန်တော်က ကြိုတင် သွားပြီး လူ ၅ဝ လောက် စုတယ် ။ အသားအရေ ဖြူဖြူစင်စင်လေးတွေ ၃ဝ ဆွဲထုတ်လိုက်တယ် ။ နေ့တွက် ၁ဝဝဝ တန်တဲ့ နေရာ ၂၀၀၀ ပေးလိုက်တယ် ။ သူတို့ကို ယူနီဖောင်း ဝတ်ပေးတယ် ။ နောက်နေ့ နောက်တစ်နေရာ ပြောင်းရိုက်ပြန်တော့လည်း ကျွန်တော်က ရိုက်မယ့် နေရာက လူတွေစုခေါ်ပြီး ယူနီဖောင်းဝတ်ပေး လိုက်တာပဲ ။ ဂျပန်အဖွဲ့ က သည်လူတွေ ၃ဝ ကို ပဲ တစ်လျှောက်လုံး လျှောက်ခေါ် လာတာလို့ ထင်နေတာ ။

ရိုက်ပြီးသွားတော့ တင့်စံ သည် လူတွေကို ရန်ကုန် ကို ဘာနဲ့ ပြန်ခေါ်မှာလဲ မေးတယ် ။ မခေါ်တော့ဘူး ။ သည်မှာပဲ ထားခဲ့မယ် ။ ဘာကြောင့်လဲတဲ့ ။ လူ ၃ဝ ကို လိုတဲ့နေရာ ရောက်မှ လိုက်ခေါ်ပြီး ရိုက်တာလို့ ပြောတော့ ဒါရိုက်တာကြီး ပါးစပ်ဟ သွားတယ် ။ မင်း လုပ်တာ အံ့ဩစရာကြီး တဲ့ ။ အဲ့သည်လို လုပ်တဲ့ အတွက် စရိတ်စကတွေ အများကြီး သက်သာသွားတယ် ။

ဂျပန်ဒါရိုက်တာ ကိုဂျီချီနို က တို့ ရိုက်ကွင်းတွေ အားလုံး အဆင်သင့်ဖြစ်နေတာ တင့်စံ လုပ်ပေးလို့ပဲ ။ ရှေ့ကနေ ကြိုတင်ပြီး ဖန်တီးလုပ်ကိုင်ပေးတာ မိုးနတ်မင်း စီစဉ် သလိုပါပဲ ။ အများကြီး ကျေးဇူးတင်ပါတယ်တဲ့ ။ ကျွန်တော်ကတော့ ဂျပန်ဒါရိုက်တာကြီးရဲ့ စကားနဲ့ တစ်ဘဝစာလုံး ကျေနပ်သွားပါတယ် ။

ကျွန်တော့် မျက်စိက သူခိုးမျက်စိ ၊ ဘယ်သူ့ အိမ်မှာ ဘာပစ္စည်း ရှိသလဲ ကြည့်ထားတယ် ၊ မှတ်ထားတယ် ။ ဇာတ်ဝင်ခန်း အတွက် လိုတဲ့အခါ ပြေးဆွဲရတာပေါ့ ။ ငှားလာတဲ့ ပစ္စည်းပျောက်သွား ၊ ပျက်သွားရင် လျော်ရတယ် ။ ဒါပေမဲ့ ပစ္စည်းရှင်က လျော်တာကို မကြိုက်ဘူး ။ သူ အမြတ်တနိုးထားတဲ့ ပစ္စည်းကိုး ။ ဒါကြောင့် ကျွန်တော် ကိုယ်နှိုက်က ပစ္စည်းတွေ အမျိုးစုံ ဝယ်ပြီး ထူထောင် ထားရတယ် ။ ပန်းကန်တွေ ၊ ဖန်ခွက်တွေ ၊ အရက်ပုလင်း အမျိုးစုံ ။ ယွန်းထည်တွေ ၊ ရှေးပစ္စည်းတွေ ၊ တောက အသုံးအဆောင်တွေ စုံနေတာပဲ ။ ဒါတွေကို အိမ်တစ်လုံးနဲ့ သီးခြားထားရတယ် ။

သူ့ကျွန်မခံပြီ ဇာတ်ကားကို မန္တလေးနန်းတော်ကြီး ထဲမှာ ရိုက်ကြတုန်းက ငှားသုံးရတဲ့ အဝတ်အစားတွေ ၊ အသုံးအဆောင်ပစ္စည်းတွေ တစ်ခု တစ်ခုရဲ့ တန်ဖိုးက နည်းတာ မဟုတ်ဘူး ။ လှေသင်းအတွင်းဝန် နဲ့ စကားပြောတဲ့အခန်း ရိုက်တဲ့နေ့က ညနှစ်ချက်ခွဲလောက်မှာ ပြီးတယ် ။ ပစ္စည်းတွေက တန်ဖိုးကြီးတော့ ပျောက်မှာစိုးတော့ ကျွန်တော် သိမ်းနေတယ် ။ ကျွန်တော့် လက်ထောက် မန်နေဂျာကလည်း ကျွန်တော် ပြန်သွားပြီ ထင်ပြီး မစောင့်တော့ဘူး ။ ကားတွေ အကုန်ထွက်သွားတော့ နန်းတော်ကြီးပေါ်မှာ ပစ္စည်းတွေနဲ့ ကျွန်တော်နဲ့ ပဲ ကျန်ရစ်တယ် ။

ကျွန်တော် အိပ်လို့မရဘူး ၊ ဟိုနား သည်နား လမ်းလျှောက်သွားတဲ့ ခြေသံတွေ တစ်ညလုံး ကြားနေခဲ့တာ ။ ဒါနဲ့ နောက်နေ့ မနက်မှာ လူကြီးတွေကို ပြောပြတော့ ချက်ချင်းပဲ ဆွမ်းကျွေးပြီး မကျွတ်မလွတ်သေးသူတွေကို ရည်မှန်းအမျှဝေ လိုက်ကြရတယ် ။

ရှုတင်မန်နေဂျာ လုပ်ရတာ အမျိုးစုံ ကြုံရတော့ သိပ် ပင်ပန်းတယ် ။ စိတ်ကုန်တယ် ။ တစ်ခါတစ်ခါ နောက် မလုပ်တော့ဘူး စဉ်းစားမိတယ် ။ အခု အသက် ၆၁ နှစ် ရှိပြီ ၊ ကျွန်တော့် ကိုယ် ကျွန်တော် သိပါတယ် ။ သေတဲ့ အထိ လုပ်သွားမှာပါ ။

⎕  ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

No comments:

Post a Comment