Monday, July 21, 2025

မပြောဘဲ မြင်စေသော စကားပြော


 

❝ မပြောဘဲ မြင်စေသော စကားပြော ❞

မတ်လ ( ၂၄ ) ရက်နေ့ ညဦးပိုင်းမှာ ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တော့ တစ်ဖက်က ဆက်သွယ်လာတဲ့လူနဲ့ ကျွန်တော် ဒီလို ပြောကြပါတယ် ။

“ ဟလို ”

“ အစ်ကိုလား ”

“ အေး ”

“ ရာပြည့်နဲ့ ပြောချင်လို့ ”

“ ရာပြည့် အောက်ဆင်းသွားတယ် ၊ ဘာကိစ္စ ရှိလို့လဲ ”

“ အဲ ... ရာပြည့်နဲ့ ပြောမှ ဖြစ်မလားလို့ ”

“ မရှိဘူး ၊ အောက်ဆင်းသွားတယ် ၊ မှာထားခဲ့လေ ”

“ ဒီလို အစ်ကိုရ ၊ အဲ - ဆန်နီက ညနေကတည်းက အိမ်ကို ဖုန်းဆက်နေတာ မရလို့တဲ့ ”

“ ဘာကိစ္စလဲတဲ့ ”

"အဲ .. သူက ကျွန်တော့် ကို ဝင်မှာသွားတယ် ။ အိမ်ကို ဖုန်းဆက်ပြီး ပြောပေးပါတဲ့ ”

“ ဘာတဲ့လဲ ”

“ အဲ ... ”

“ ပြောလေကွာ ”

“ ကိုမျိုး နဲ့ ပတ်သက် ပြီးတော့ အရေးကြီးတဲ့ ကိစ္စ ပြောစရာရှိလို့တဲ့ ၊ အဲ ... ရာပြည့် ဖြစ်ဖြစ် ၊ အစ်ကို ဖြစ်ဖြစ် သူ့အိမ် လာခဲ့ပါတဲ့ ”

ပြောဖြစ်ကြတာက ဒါပဲ ။ ကိုမျိုး ဆိုတာက အဝေးရောက်နေတဲ့ ကျွန်တော့် ညီ ။ ဖုန်းဆက်ပေးနေတဲ့သူ က ညီတစ်ယောက် ဖြစ်တဲ့ ဆန်နီ့ သူငယ်ချင်း ... သန်းထွဋ် ။ သူက ကျွန်တော်နဲ့ ပြောရာမှာ ခု ရေးပြထားတဲ့ အတိုင်း တအဲအဲ လုပ်နေတော့ အင်မတန် အရေးကြီးတာ တစ်ခုကို ပြောချင်ပေမယ့် ကျွန်တော် သိစေချင်ပုံ မရဘူး ။ သူ့အသံ အနေအထားကြောင့် ရင်တထိတ်ထိတ် ခုန်လာပြီး နှလုံးဆေး ၊ သွေးကျဆေးတွေ ထ သောက်ရတယ် ။ လူ တစ်ယောက်ရဲ့ စကားပြောသံဟာ ဘယ်လောက် တာသွားတယ်ဆိုတာ ပြောတာပါ ။ သူ့ အသံမှာ ဖုံးချင်ကွယ်ချင်တာတွေ ပါနေတယ် ။ ခု ကျွန်တော် ချရေးပြထားတာ သူ့ အသံထွက် အတိုင်းပဲ ။ ဖတ်ကြည့်ရုံနဲ့ သူ့အသံ အနေအထားကို အကဲခတ်လို့ ရပါလိမ့်မယ် ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ မတ်လထုတ် Writer မဂ္ဂဇင်းမှာ Dialogue That Shows - Without Telling ဆိုတဲ့ ဆောင်းပါးကို ဖတ်ရပါတယ် ။ ဆောင်းပါးရှင်က စာရေးဆရာ ဝီလျံဂျီတက် ( ပ် ) လီ ဆိုတဲ့ ဆရာပါ ။ ဆရာဝီလျံရဲ့ ဝတ္ထုတိုတွေ ၊ ဆောင်းပါးတွေက မဂ္ဂဇင်းပေါင်းများစွာမှာ ဖော်ပြခြင်းခံရပြီး စုံထောက်လုံးချင်းဝတ္ထု ( ၁၂ ) အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့ စာရေးဆရာဖြစ်ပါတယ် ။

••••• ••••• •••••

ကျွန်တော်တို့ ပြင်ပ လောကမှာ လူ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြတာတွေက တစ်ဝက် တစ်ပျက် ပြောတာတွေလည်း ရှိမယ် ။ ထပ်ပြန် တလဲလဲ ပြောတာတွေလည်း ရှိမယ် ။ ထစ်နေတာလည်း ရှိချင် ရှိမယ် ။ ( အထက်မှာ ကျွန်တော် စိတ်ပူစေခဲ့တဲ့ စကားပြောနည်းမျိုးပေါ့ ။ ) အဲဒီလို စကားမျိုး ပီသအောင် တစ်ခါတလေမှာ စာရေးဆရာက ရေးတတ်ပါတယ် ။ ဒါပေမဲ့ ဒီလိုမျိုး တိတိကျကျ ရေးလိုက်ပြန်တော့ စာဖတ်သူဘက်က အဖတ်ရခက်တဲ့ စကားပြော ၊ အဓိပ္ပာယ် မပြည့်စုံတဲ့ စကားပြောတွေ ဖြစ်တတ်တယ် ။

ဥပမာအားဖြင့် အပြင် လောကမှာ အမျိုးသမီးတစ်ယောက်ကို သူ့ ချစ်သူက တစ်ည အတူ အိပ်ခွင့်တောင်းရာမှာ မိန်းကလေးက ငြင်းတာကို နားထောင်ကြည့်ရင် ဒီလို ကြားရမယ် ။

“ ကိုယ် ... အင်း ဘာပြောရမလဲ ၊ သေချာတယ်နော် ၊ ကိုယ် ဒီည ဒီမှာနေခွင့် မရနိုင်ဘူးဆိုတာ ”

“ ဟုတ်တယ် ၊ မဟုတ်ဘူးလေ ၊ သိတယ် မဟုတ်လား ။ ကျွန်မ ပြောတာက ဒီည မဟုတ်ဘူးလို့ ။ ဒီည မဟုတ်ဘူးလို့ ပြောတာ ”

“ ဟာ ... ကောင်းပြီလေ ၊ ကိုယ် ထင်ပါတယ် ”

“ မောင် သဘောပေါက်လားဟင် ”

“ အင်း ... ကိုယ်ထင်တယ် ၊ အား မဟုတ်ဘူးကွာ ၊ အသေအချာတော့ မဟုတ်ဘူး ၊ ကိုယ် နားမလည်ဘူး ”

“ ဘယ်လို ပြောရမလဲ ၊ အာ ... ကျွန်မ စိတ်ရှုပ်နေတယ် မောင် ”

“ ချစ်က ကိုယ် ဆိုလိုတာက ဘာဖြစ်လို့ ၊ အာ ... ကိုယ့်ကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ရှင်းမပြ နိုင်တာလဲလို့ ”

“ သိပ်သေချာတာပေါ့ ၊ ကျွန်မ ပြောပြမယ် ။ ဒီလိုလေ ၊ ကျွန်မ အမှန်အတိုင်း ပြောရရင် ဟိုလေ တစ်ယောက်တည်း နေချင်လို့ပါ ”

“ ချစ် ဆိုလိုတာက ၊ အဲ .. ချစ် ပြောချင်တာက မောင် နဲ့ မနေချင်ဘူး ၊ ဟုတ်လား ၊ အဲဒီလို ပြောတာလား ”

“ ဘယ်လို ပြောရမလဲ မောင်ရယ် ၊ အဲဒီလို ထင်တာပဲ ၊ ဟုတ်ပါတယ် ”

“ ဪ ... ကိစ္စမရှိပါဘူးကွာ ၊ ကိုယ့်အတွက် ဘာမှ ကိစ္စမရှိပါဘူး ”

“ ကျွန်မ ဝမ်းနည်းပါတယ် ။ တကယ် ပြောတာပါ ။ ကျွန်မ အဲဒီလို တစ်ယောက်တည်း မနေချင်ရင် ကောင်းမှာ ၊ ထားပါတော့ ။ ကျွန်မ ပြောချင်တာက ကျွန်မ ဝမ်းနည်းပါတယ် ။ ဒါပါပဲ ”

“ စိတ်မကောင်း မဖြစ်ပါနဲ့ကွာ ”

“ ဒီ တစ်ညပဲ ပြောတာပါ ။ အိုကေနော် ၊ ဒီ တစ်ညပဲ ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ။ ဒါပါပဲ ”

ဒါက အပြင်မှာ ပြောကြတာ ။ ဒါကို စာရေးဆရာက ဝတ္ထုထဲ မှာ ထည့်ရေးတော့ အင်တွေ အားတွေ ထည့်မနေတော့ဘူး ။ စကား ထပ်တာတွေလည်း မပါတော့ဘူး ။ သူက စကားလုံး အတိအကျနဲ့ ပဲ ရေးချလိုက်ပါတယ် ။

“ ကိုယ် ဒီည နေခွင့် မရနိုင်ဘူး ဆိုတာ သေချာတယ်နော် ”

“ ဒီ ညတော့ မဟုတ်ဘူး မောင်ရယ် ”

“ အိုကေ ”

“ နားလည်တယ် မဟုတ်လား မောင် ”

“ ဟင့်အင်း ”

“ ကျွန်မ စိတ်ရှုပ်နေတယ် ”

“ ကိုယ့်ကို ရှင်းပြပါလား ”

“ အိုကေ ၊ ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ”

“ ဆိုလိုတာက ကိုယ်နဲ့ အတူမနေချင်ဘူးပေါ့ ”

“ ဟုတ်တယ် ”

“ ပြဿနာ မရှိပါဘူး ”

“ ကျွန်မ စိတ်မကောင်းပါဘူး ”

“ စိတ်မကောင်း မဖြစ်ပါနဲ့ ”

“ ဒီည ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ။ ဒီ တစ်ညတည်းပါ ။ အိုကေနော် ”

ဒီလို ရေးပြလိုက်တော့ ပရိသတ် ဖတ်ရတာ ရှင်းတယ် ။ ဇာတ်ကောင်ရဲ့ စကားပြော ကြားက စကားကို ဆွဲပြော နေတာတို့ ၊ စကားထစ် နေတာတို့ ၊ သူ ပြောနေကျ ပုံစံအတိုင်း အပို စကားတွေ ပါနေတာတို့ ဘာမှ မပါတော့ဘူး ။ ပြောချင်တဲ့ အကြောင်းအရာကို စာဖတ် ပရိသတ်က ရှင်းရှင်းလင်းလင်း ၊ ပြတ်ပြတ်သားသား ၊ တိတိကျကျ သိခွင့် ရလိုက်တယ် ။

ဒါပေမဲ့ ဒီလို ချ ရေးလိုက်တဲ့ အတွက် အပြန်အလှန် စကား ပြောနေတဲ့ ဇာတ်ကောင်နှစ်ယောက် ရဲ့ စိတ်လှုပ်ရှားမှု ၊ ခံစားချက်တွေ ပါမလာတော့တဲ့ အတွက် စာဖတ်သူ အတွက် ဒီစကားပြောတွေ က အားပျော့သွားစေတယ် ။

ပထမ ရေးပြထားတဲ့ အပြန်အလှန် စကားပြောမှာ ဇာတ်ကောင် နှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ပါတယ် ။ ဒါပေမဲ့ ဖတ်လို့ မချောဘူး ။ ဟုတ်တယ် မဟုတ်လား ။ ဒါကြောင့် ပိုနေတဲ့ စကားလုံးတွေကို “ သန့်စင် ပေးလိုက်ခြင်း ” အားဖြင့် ဇာတ်ကောင်တွေရဲ့ စကားပြောတာတွေက တုံးတိတိ ဖြစ်သွားစေတယ် ။ အသက် မပါတော့ဘူး ။ ဒီလို ရေးလိုက်ခြင်း အားဖြင့် သဘာဝ မကျတော့ဘူး ။ ပင်ကို သဘာဝမှာ ပြောနေကျ ရစ်သမ်တွေ ၊ ထိရောက် သက်ဝင်မှုတွေ ပျောက်သွားစေပါတယ် ။

ဇာတ်ကောင်တွေ စကားပြောရာမှာ သက်ဝင်လှုပ်ရှားစေတဲ့ နောက် ရေးနည်း တစ်ခု ကတော့ သူတို့ခံစားချက်ကို ထည့်သွင်း ဖော်ပြပေးတဲ့ နည်းပဲ ။ စကားပြောထဲမှာပဲ ခံစားချက်ကို ထည့်ရေးရတာ ဆိုတော့ ဒီနည်းကတော့ ဘောင် ကျဉ်းတယ် ။ ကိုယ့် ခံစားချက်ကို ကိုယ် ပြောနေရတာ ဆိုတော့ အမှန်တရား ( အပြင်ဘက်က စကားပြောတာနဲ့လည်း နီးစပ်မှု သိပ်မရှိတော့ပါဘူး ) ခံစားချက်ကို တစ်ပါတည်း ထည့်ပြောပေးရတဲ့ အတွက် စာဖတ်ပရိသတ်က ဇာတ်ကောင်နေရာမှာ ဝင်ပြီး စိတ်ကူးယဉ်လို့ မရတော့ဘူး ။ ဒီ အခွင့်အရေး စာဖတ်သူ ဘက်က ဆုံးရှုံးသွားစေပါတယ် ။ အောက်မှာ ရေးနည်း တစ်ခု ရေးပြပါဦးမယ် ။ ဒီနည်းက ဇာတ်ကောင်ရဲ့ ခံစားချက်ကို လိုအပ်တာထက် ပိုပြီး ဖော်ပြသလို ဖြစ်စေပြန်ပါတယ် ။

“ ကျွန်မ စိတ် မကောင်းပါဘူး ။ မောင့်ကို ဒီစကား ပြောလိုက်ရတာ ကျွန်မ သိပ်ကို ခံစားရပါတယ် ။ ကျွန်မ မောင့်ကို သိပ်သဘောကျပါတယ် ။ မောင့်ကို ကျွန်မ ချစ်တယ် ။ အဲဒါကိုတော့ မောင် ဘယ်တော့မှ မမေ့ပါနဲ့ ။ မောင် နဲ့ ကျွန်မ နေခဲ့ရတဲ့ အချိန်လေးတွေဟာ တကယ်ကို အံ့သြစရာ ကောင်းလောက်အောင် ပျော်စရာ ကောင်းတဲ့ အချိန်လေးတွေပါ မောင်ရယ် ။ ခုတော့ ကျွန်မ စိတ် အရမ်းရှုပ်နေတယ် ။ ကျေးဇူးပြုပြီး ကျွန်မကို နားလည်ပေးပါနော် ”

“ စိတ်မပူပါ နဲ့ အချစ်ရယ် ၊ ကိုယ် ဘာမှ မဖြစ်ပါဘူး ။ ကိုယ့် ရင်ထဲမှာ တော်တော်ကလေး ခံစားလိုက်ရတာတော့ အမှန်ပဲ ။ ချစ် ဘယ်လို ခံစားနေရတယ်ဆိုတာ ကိုယ် နားမလည်တော့ ဝမ်းလည်းနည်းတယ် ။ ဒေါသလည်း ထွက်မိတယ် ။ ဒါပေမဲ့ ကိုယ့် စိတ်ကို ပြေနိုင်အောင် ကြိုးစားပါ့မယ် ”

••••• ••••• •••••

စာရေးဆရာ အနေနဲ့က သူ့ ဇာတ်ကောင် ဘယ်လို ခံစားနေရတယ်ဆိုတာ စာဖတ်သူ သိရအောင် ကြိယာဝိသေသန တွေ ထည့်ပေးတဲ့ နည်းနဲ့ လည်း ဖော်ပြနိုင်ပါတယ် ။

“ ကျွန်မ စိတ်မကောင်းပါဘူး ”

သူမက ဝမ်းနည်းစွာ ညည်းတွားလိုက်သည် ။

“ စိတ်မပူပါနဲ့ ”

သူက သွားစေ့ထားရင်း ပြောလိုက်၏ ။

“ ဒီည ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ”

သူမက မျက်ရည်ဝဲလျက် တီးတိုးဆိုသည် ။

“ ဒီ တစ်ညတည်းပါ ”

သူမက ရှိုက်လိုက်၏ ။

“ နော် ”

သူမက မျှော်လင့်ချက် ကြီးစွာဖြင့် တောင်းပန်လိုက်သည် ။

ဒီနည်းနဲ့ ရေးရင် ဇာတ်ကောင် ရဲ့ ခံစားချက်ကို စာဖတ်သူ က မြင်နေရတယ် ။ ဘယ်လို ပြောတယ်ဆိုတာ ဖော်ပြထားတာကိုး ။

ညည်းတွား လိုက်သည် ၊ သွားစေ့ ထားရင်း ပြောလိုက်၏ ၊ တီးတိုး ဆိုလိုက်သည် ဆိုတဲ့ စကားတွေက အသံကို ဘယ်နည်း ပြောတယ် ဆိုတာ ပရိသတ် သိမြင်စေတယ် ။ ဒီထက် ပိုပြီး ထင်ရှားစေတဲ့ ကြိယာဝိသေသနတွေ ဖြစ်တဲ့ ဝမ်းနည်းစွာ ၊ မျက်ရည် ဝဲလျက် ၊ မျှော်လင့်ချက် ကြီးစွာတို့က ဇာတ်ကောင်ရဲ့ ခံစားချက်ကို နားလည်စေပါတယ် ။

ဒါပေမဲ့ ဒီနေရာမှာ ပြဿနာက ဘာဝင်လာပြန်သလဲဆိုတော့ ဇာတ်ကြောင်းပြန် ပြော နေရတဲ့ စာရေးဆရာက မြင်ကွင်းထဲ ဝင်ပြီး ဘယ် ဇာတ်ကောင်က ဘယ်လို ခံစားနေရပါတယ် ဆိုတာကို ဝင်ပြောရာ ရောက်နေတယ် ။ ဘယ်လိုခံစား နေရတယ်ဆိုတာ စာဖတ်သူကို စာရေးဆရာက အသိပေးနေတယ် ။ ဒီလို ဝင်ပြောခြင်း အားဖြင့် စာဖတ်သူအနေနဲ့ သူ့ ဘာသာသူ စိတ်ကူးနဲ့ ဖတ်မယ့် စကားပြောတွေကို စာရေးသူက ဘောင် ကန့်သတ်လိုက်သလို ဖြစ်သွားတယ် ။ ဒီလို ရေးလိုက်ရင် စာဖတ်သူက ဇာတ်ကောင်နေရာမှာ သူ ဝင်ပြီး ခံစားလို့ မရတော့ဘူး ။ ဇာတ်ထဲမှာ စီးဝင်မျောပါ မသွားတော့ဘဲ သူတို့က ဘေးက ရပ်ကြည့်နေတဲ့ သူ သက်သက် ဖြစ်သွားရော ။ စာဖတ်သူက သူ့ စိတ်ကူးနဲ့ သူ ခံစားရမယ့် စကားပြောတွေမှာ စာရေးဆရာက ဒီ ဇာတ်ကောင်က ဒီလို ပြောချိန်မှာ ဘယ်လို ခံစားနေရပါတယ်ဆိုတာ လိုအပ်တာထက် ပိုပြီး ရှင်းပြပေးသလို ဖြစ်သွားတယ် ။

တကယ် ထိရောက်စေတဲ့ စကားပြော ဖြစ်စေချင်ရင် “ မပြောဘဲ နဲ့ ပြပါ ” လို့ ဆရာ့ ဆရာများ အားလုံး ပြောကြသလိုပဲ ပြောရပါလိမ့်မယ် ။ ဒီလို ပေါ်လွင်အောင် ရေးပြ နိုင်ရင် စာဖတ်သူက ဝတ္ထုဖတ်နေရင်းနဲ့ပဲ ရုပ်ရှင် ကြည့် နေရသလို အရုပ်တွေ မြင် ၊ အသံတွေ ကြားလာရပြီး သူ့ ဘာသာ သူ ခံစားလာရလိမ့်မယ် ။ စာရေးဆရာကို စာဖတ်သူက ဇာတ်ကောင်တွေ ကြားမှာ ရောပြီး မြင်နေစရာ မလိုဘူး ။ ဇာတ်ကောင် အကြောင်း ဇာတ်ကောင် ခံစားချက်ကို စာရေးဆရာ မပြောဘဲနဲ့ သူတို့ စကားပြောတွေက တစ်ဆင့်သာ စာဖတ်သူက နားလည်သွားစေရပါမယ် ။

စကားပြောကို ရေးတဲ့ နေရာမှာ စာရေးဆရာက သုံးရမယ့် လက်နက် နှစ်ခုပဲလိုတယ် ။ ပထမ တစ်ခုက ဘာလဲဆိုတော့ ဇာတ်ကောင် နှစ်ယောက် ၊ သို့မဟုတ် အများ စကားပြောကြတဲ့ နေရာမှာ စာဖတ် ပရိသတ် ခေါင်းထဲမှာ ဘယ်သူပြောတဲ့ စကားမှန်း မသိ ရှုပ်ထွေး မသွားစေဖို့ပဲ ။ ဒါက စာရေးဆရာ ဘက်က အခြေခံ လိုအပ်ချက် ။ စကားပြောတိုင်းမှာတော့လည်း ဘယ်သူ ပြောတယ် ဆိုတာ ထည့်ရေးဖို့ မလိုအပ်ပါဘူး ။ အပြန်အလှန် ပြောကြတဲ့ နေရာ တချို့မှာသာ “ ပြော၏ ” ဆိုတာ တစ်လုံး လောက် ဝင်ခုပေးရ ပါမယ် ။ “ သူက ပြော၏ ” ဆိုရင် ဒါ အမျိုးသားပဲ ပေါ့ ။ အဲဒီ ပြော၏ ရှေ့မှာ ဘယ် ကြိယာဝိသေသနမှ မလိုဘူး ။ ဒီလို ရေးမှသာ စာဖတ်သူရဲ့ စိတ်ကူးကို စာရေးဆရာ က ညည်းတွား လိုက်သည် ၊ စိတ်တိုသံဖြင့် ပြောလိုက်၏ ဆိုတာလေးတွေ တစ်ခါတလေ ထည့်ပေးလိုက်ရင် စာဖတ်သူက သူ့စိတ်ကူး ကို ရပ်သွားပြီး စာရေးသူ ဝင်ပြောတာဘက် အာရုံရောက်သွားပါတယ် ။

ဒါကြောင့် စာရေးဆရာ အနေနဲ့ ကြိယာ ရွေးရာမှာ သတိထားဖို့ လိုပါတယ် ။ အရွေး မှားသွားရင် စာဖတ်သူက သူ ဖတ်နေတဲ့ ဇာတ်ကနေ ကင်းကွာသွားရော ။

ဘယ်သူက ပြောတယ် ဆိုတာ ညွှန်ပြတဲ့ စကားလုံးတွေက အထူးသဖြင့် စကားပြောရဲ့ ပထမပိုဒ်တွေမှာ ထည့်ပေးဖို့ အထူး လိုပါတယ် ။ ဒီလို ထည့်ပေးခြင်းက ‘ စည်းဝါးနဲ့ ’ တူပြီး စကားပြောရဲ့ ရစ်သမ်ကို အထောက်အကူ ပြုစေပါတယ် ။ စာဖတ်သူ အနေနဲ့ ဘယ်သူ ပြောနေတယ် ဆိုတာ အာရုံစိုက်နေစရာ မလိုတော့ဘဲ အလိုလို သိသွားစေပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ စကားပြော နှစ်ခုကို ယှဉ်ဖတ်ကြည့်ပါ ။ ဘယ် စကားပြောက ရစ်သမ် ပိုကောင်းတယ်ဆိုတာ သိသာပါလိမ့်မယ် ။

“ ဒီည ကျွန်မ တစ်ယောက်တည်း နေချင်တယ် ။ ဒီတစ်ည တည်းပါ ၊ ဟုတ်လား ”

သူမက ပြောသည် ။

ကျွန်တော်က ပြောလိုက်၏ ။

“ ရပါတယ် ”

“ ဒီည ” သူမက ပြောသည် ။

“ ကျွန်မ တစ်ယောက်တည်း နေချင်တယ် ။ ဒီတစ်ညတည်းပါ ၊ ဟုတ်လား ”

“ ရပါတယ် ”

ကျွန်တော်က ပြောလိုက်၏ ။

••••• ••••• •••••

စကားပြော ရေးတဲ့ စာရေးဆရာအတွက် ဒုတိယ လက်နက် ကတော့ ပြဇာတ် သရုပ်ဆောင်တွေ ပြောတဲ့ “ အလုပ် ဖြစ်တဲ့ စကားပြောနည်း ” ပါပဲ ။ ဇာတ်ခုံပေါ်မှာ သရုပ်ဆောင်ရင်း ပြောရတဲ့ စကားက ဇာတ်ကောင်ရဲ့ ခံစားချက်ကိုပါ ပါသွားစေတဲ့ အတွက် ဒီလို စကားပြောမျိုးကို ပြဇာတ်သရုပ်ဆောင်များက “ အလုပ်ဖြစ်တဲ့ စကားပြော ” လို့ ပြောကြပါတယ် ။ စကားပြောနဲ့ အမူအရာ ပေါင်းစပ် ပေးလိုက်ခြင်း အားဖြင့် ပွဲကြည့် ပရိသတ်က ဒီ ဇာတ်ကောင်ရဲ့ ခံစားချက်ကိုပါ သိမြင်ခွင့်ရသွားစေပါတယ် ။ ဇာတ်ခုံပေါ်မှာ ဆိုတော့ ပွဲကြည့်ပရိသတ် အနေနဲ့ သရုပ်ဆောင်မှု အမြင် အာရုံကို ခံစားရသလို စကားပြော အသံကိုလည်း ကြားခွင့်ရတဲ့ အတွက် ပိုပြီး ထိရောက်စေပါတယ် ။

ဒါပေမဲ့ တစ်ခါတလေ ကျတော့ သရုပ်ဆောင်တွေက လိုတာထက် ပိုပြီး သရုပ်ဆောင်တာ ( overact ) လိုက်တော့ ပရိသတ်အတွက် အနှောင့်အယှက် ဖြစ်သွားတတ်ပြန်ပါတယ် ။ စာရေးဆရာက အဲဒီ သရုပ်ဆောင်တွေကို အိုဗာအိုက် မဖြစ်အောင် ရှောင်ရပါတယ် ။

ဇာတ်ခုံပေါ် ကနေ စကားပြောတွေမှာလည်း အတတ်နိုင်ဆုံး ပြင်ပ လောကက လူတွေ စကားပြော နေတာနဲ့ တူအောင် ဖြတ်တန် ဖြတ် ၊ နားတန် နား ၊ စကားမပြောဘဲ နေသင့်ရင် နေခိုင်းရပါတယ် ။ ဒါမှလည်း မြင်ကွင်းရဲ့ ရစ်သမ်က လှပစေပါလိမ့်မယ် ။ ပြဇာတ်မှာ ဇာတ်ကောင်က စကားမပြောဘဲ လှုပ်ရှားနေလို့ရတယ် ။ ဒါကို ကျွန်တော်တို့က ဝတ္ထုထဲမှာ ထည့်ရေးတဲ့ အခါကျတော့ မလွှဲမရှောင်သာဘဲ စာရေးဆရာက ဝင်ပြောပေးရတော့တာပဲ ။ အချိန်ကြာမြင့်စွာ ငြိမ်သက် သွား၏ ဒါမှမဟုတ် စကားဆက်မပြောမီ သူသည် ခေတ္တဆိုင်းငံ့ နေလိုက်သည် ဆိုတာမျိုး ဖြည့်ပေးရတာပဲ ။

ကျွန်တော် နောက်ဆုံး ရေးသားထုတ်ဝေခဲ့တဲ့ The Snate Eater ဝတ္ထု မှာ အထက်မှာ ဖော်ပြခဲ့တဲ့ စကားပြောရေးနည်း အားလုံး ရောမွှေထားတာ တွေ့ရပါမယ် ။

သူမသည် သူမ၏ တိုက်တံခါးဝတွင် ကျွန်တော့်အား တပ်မက်စွာဖြင့် ကြာရှည် နမ်းလိုက်၏ ။ ကျွန်တော်က မေးလိုက်သည် ။

“ ကိုယ့် ကို ဒီည မနေစေချင်ဘူး ဆိုတာ သေချာတယ်နော် ”

“ ဒီည မဟုတ်ဘူးလေ ”

ကျွန်တော် ပခုံးတွန့် လိုက်မိ၏ ။

“ အိုကေ ”

“ ကျွန် မပြောတာ နားလည်လား ”

“ ဟင့်အင်း ”

သူမက လက်နှစ်ဖက်ဖြင့် ကျွန်တော့်လည်ပင်းကို သိုင်းဖက်ကာ ပါးကို ရင်ခွင်တွင် အပ်ထားလိုက်၏ ။

“ စိတ်ရှုပ် နေတယ်ကွယ် ”

“ ကိုယ့်ကို ရှင်းပြပါလား ”

“ အိုကေ ၊ ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ”

“ ချစ် ဆိုလိုတာက ကိုယ်နဲ့ မနေချင်ဘူးပေါ့ ”

“ ဟုတ်ပါတယ် ”

“ ကိစ္စ မရှိပါဘူး ”

သူမသည် ရင်ခွင်မှ ပါးကို ခွာကာ ကျွန်တော့်မျက်နှာကို ကြည့်လိုက်၏ ။

“ ကျွန်မ စိတ်မကောင်းပါဘူး ”

သူမ ပြောသည် ။

“ ကျွန်မ ... ”

“ အဲဒီအတွက် စိတ်မပူပါနဲ့ကွာ ”

ကျွန်တော်က ပြောလိုက်သည် ။

သူမက ပြုံးပြရန် ကြိုးစားသော်လည်း အသက်မပါလှ ။

သူမက ကျွန်တော့်ကို နမ်းလိုက်ပြီး ဖိထားသည် ။

ကျွန်တော်က ခပ်တင်းတင်း ဖက်ထားလိုက်၏ ။ အချိန် တော်တော်ကြာကြာ ဖက်ထားကြပြီးနောက် သူမက ညင်သာစွာ ခွာလိုက်သည် ။

“ ဒီည ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါ ။ ဒီ တစ်ညတည်းပါနော် ”

“ ရပါတယ် ”

ကျွန်တော်က ပြောလိုက်၏ ။

သူမက ကျွန်တော့်ကို ခပ်မြန်မြန် တစ်ချက် ဖက်လိုက်ပြီး ပိုက်ဆံအိတ် ဖွင့်ကာ အခန်းသော့ ရှာလိုက်သည် ။

“ ဖုန်းဆက်မလား ”

“ ဆက်မယ်လေ ”

ကားရပ်ထားရာ နေရာသို့ ကျွန်တော် လျှောက်လာခဲ့သည် ။ ကားနား ရောက်ချိန်တွင် တယ်ရီ အား လက်ပြ နှုတ်ဆက်ရန် လှည့်ကြည့်လိုက်သောအခါ သူမသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်၏ ။

ဒီဇာတ်ဝင်ခန်းမှာ ကျွန်တော်က ဇာတ်ကောင်နေရာမှ ဝင်ပြီး 1st person ကာယကံရှင် ( ပထမလူ ) အနေနဲ့ ပရိသတ်ကို ဇာတ်ကြောင်းပြန် ပြောပြနေတာပဲ ။ ပရိသတ် အနေနဲ့ ဒီ အမျိုးသား အနေနဲ့ သွေးသား ဆူဝေနေတယ် ။ ဒေါသဖြစ်နေတယ် ။ ဝမ်းနည်းနေတယ် ဆိုတာ နားလည်ခွင့် ရစေတယ် ။ တစ်ပြိုင်တည်းမှာပဲ ဒီဇာတ်ကောင်က သူ့ရဲ့ ယောက်ျားမာနကိုလည်း ဖော်ပြနိုင်လိုက်တယ် ။ ဒုတိယဇာတ်ကောင်ရဲ့ လှုပ်ရှားမှုကို ကြည့်ရင် တယ်ရီ ဟာ မဝေခွဲနိုင်ဘဲ စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သိသာစေတယ် ။ သူမကို သူ့ချစ်သူက ဘယ်လောက်ချစ်တယ် ဆိုတာ သိတယ် ။ ဒီည လက်မခံနိုင်ဘူးဆိုတဲ့ စကားကြောင့် ဘယ်လောက်ခံစား သွားရတယ် ဆိုတာကိုလည်း တယ်ရီ သိပါတယ် ဆိုတာ ပရိသတ်ကို စာရေးဆရာက မပြောဘဲ နဲ့ အပြ နဲ့ ပဲ သိစေတယ် ။

ဒီလို အောင်မြင်တဲ့ မြင်ကွင်းမျိုးကို ရေးပြတတ်ရင် ဇာတ်ကောင်တွေ ဘယ်လို ခံစားရတယ်ဆိုတာ စာဖတ်ပရိသတ်ကို စာရေးဆရာက ပြောဖို့ မလိုဘဲ သိလာပါလိမ့်မယ် ။

••••• ••••• •••••

စကားပြော ရေးနည်းနဲ့ ပတ်သက်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆရာ ဝီလျံ ရဲ့ အယူအဆ အပြင် ဧပြီလ ထုတ် ရွှေအမြုတေ အမှတ် ( ၅၄ ) မှာ ဖော်ပြ ခဲ့တဲ့ ဆရာမ နုနုရည် ( အင်းဝ ) ရဲ့ နတ်ချော့သူ ဝတ္ထုတိုကိုလည်း လေ့လာကြည့်စေချင်ပါတယ် ။ နတ်ချော့သူ ဝတ္ထုမှာ ဇနီးသည်ရဲ့ စကားနဲ့ ပဲ ခင်ပွန်းသည် ဘယ်လိုခံစားရတယ် ။ ပတ်ဝန်းကျင်မှာ ဘယ်လို ရှိတယ်ဆိုတာ မြင်သာစေနိုင်ခဲ့ပါတယ် ။

▢ ဝင်းငြိမ်း

📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၅၅ )
      မေလ ၊ ၁၉၉၄ ခုနှစ်

No comments:

Post a Comment