❝ ဘဝဇာတ်ခုံ မဆုံးများစွာ ❞
သျှီ ( အင်ကြင်း )
လေးအိမ်စု ဟူသော ရွာကလေး၏ မူလ အမည်သည် ‘ ဆူးရစ်ကုန်း ’ ဟူ၍ဖြစ်သည် ။ ဆူးရစ်ကုန်းရွာ နှင့် မနီးမဝေး တစ်နေရာတွင် ကတ္တရာလမ်းသစ်ကြီး တစ်ခု ဖြတ်သန်း ဖောက်လုပ်ပြီးသောအခါ ရွာထဲမှ တစ်ဦးစ နှစ်ဦးစ လမ်းဘေးဈေးဆိုင်ဖွင့် ရောင်းချရာမှ ‘ ဈေးကုန်းစု ’ ဟူသော အမည်တစ်ခု တိုးလာသည် ။ ယခုတော့ ထို ဈေးကုန်းစုသည် ထမင်းဆိုင် ၊ အရက်ဆိုင် ၊ လက်ဖက်ရည်ဆိုင်များ ဖြင့် အသင့်အတင့် စည်ကားနေလေပြီ ။
နောက်တစ်စု ကား ‘ ထန်းတောစု ’ ဖြစ်သည် ။ ယခင်က ထန်းတောစု သည် ထန်းရွက်တဲ ခပ်ကျဲကျဲသာ ရှိသည် ။ ထန်းလျက်ချက်သည် ။ အရက်ချက်သည် ။ ထန်းရည်ခါး ဖောက်သည် ။ ထန်းရည်သောက်သူ ၊ အရက်သောက်သူ ရှိချိန်များ မှ လွဲလျှင် ထန်းတောစု သည် တိတ်ဆိတ် ခြောက်သွေ့နေ၏ ။ ယခုတော့ ထန်းသမား မိသားစု ဦးရေတွေ တိုးလာသလို ထန်းရွက်တဲတွေလည်း စိပ်လာသည် ။ ထန်းရည် သောက်သူ အရက်သောက်သူတွေ ဖြင့် အဆက်မပြတ် စည်ကားလာသည် ။ ထန်းလျက် ဈေးကောင်းလာသည် ။ ထန်းလျက်ဈေး ကောင်းလာ၍ ထန်းလျက်ချက် လုပ်ငန်း ပိုဖြစ်လာသည် ။ စီးပွားတက်လာသည် ။ ထန်းရွက်တဲ အချို့ပင် ထရံကာ သက်ငယ်မိုး အိမ်လေးတွေ ဖြစ်လာသည် ။ ထန်းတောစုသည် ရွာတစ်ရွာ နီးပါး စည်ကားလာသည်ကား အမှန်ဖြစ်သည် ။
မူလ ပထမ ဆူးရစ်ကုန်းရွာသည် လည်း လူဦးရေတိုး ၊ အိမ်ခြေတွေတိုးလာကာ ရွာလယ်လမ်းမကို ဗဟို ထား၍ တောင်စု နှင့် မြောက်စု ဟု ကွဲပြားလာသည် ။ ဆူးရစ်ကုန်း တောင်စု ၊ မြောက်စု ၊ ထန်းတောစု ၊ ဈေးကုန်းစုတို့ကို စုပေါင်း၍ လေးအိမ်စု ဟု အမည်တွင်လာသည် ။ လေးအိမ်စု တောင်ပိုင်း ၊ လေးအိမ်စု မြောက်ပိုင်း ၊ လေးအိမ်စု ထန်းတော ၊ လေးအိမ်စု ဈေးကုန်း ဟူ၍ အသီးသီး ခွဲခြား သတ်မှတ်ခေါ်ကြသည် ။ မူလ ဆူးရစ်ကုန်းရွာမှ လေးပိုင်း ခွဲထွက်သော်လည်း ရွာသင်္ချိုင်းကား တစ်ခုတည်းသာ ရှိသည် ။ မည်သည့်အပိုင်းစုမှ ကွယ်လွန်သည်ဖြစ်စေ ၊ ထို သင်္ချိုင်းမှာပဲ သင်္ဂြိုဟ်ကြသည် ။ ရွာ မှာ မွေးဖွားနှုန်းက အဆများစွာ တိုးသော်လည်း သေပျောက်နှုန်းက နည်းပါးလှသည် ။ စစ်စစ်ပေါက်ပေါက် တွက်ကြည့် မှ တစ်နှစ်တွင် တစ်ယောက်သာ သေနှုန်းရှိသည် ထင်ပါရဲ့ ။ မှတ်မှတ်ရရ တစ်မြန်နှစ်က အသက် ( ၈၀ ) ကျော် အဘမြိုင် ဆုံးသည် ။ မနှစ်က တောင်စုမှ ကျော်လှ ပိုးထိပြီး ကွယ်လွန်သည် ။
လေးအိမ်စုရွာ ၏ ထူးခြားချက်မှာ လူ တစ်ဦး တစ်ယောက် ကွယ်လွန်လျှင် ဂူသွင်း သင်္ဂြိုဟ်ကြခြင်းပင် ဖြစ်သည် ။ ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည် ဖြစ်စေ သေဆုံးခဲ့လျှင် ရုပ်ကလာပ် ကို အုတ်ဂူသွင်း သင်္ဂြိုဟ်ခံရမှာကတော့ သေချာသည် ။ ဒါကိုပင် ရွာသားတွေက သေမှ အုတ်တိုက်နှင့် နေရမယ်ဟု နောက်ပြောင်စကား ဆိုကြသည် ။
ဤကိစ္စ နှင့် ပတ်သက်၍ အချိန်ကန့်သတ်ချက် တစ်ခုတော့ ရှိပါ၏ ။ ယင်းအချိန်ကာလသည် ဘခက် ၏ သက်တမ်း နှင့် တိုက်ရိုက် ပတ်သက်ပါ၏ ။ အဘယ်ကြောင့် ဆိုသော် ဘခက်သည် သူတို့ ရွာ၏ တစ်ဦးတည်းသော ပန်းရန်ဆရာကြီး ဖြစ်သလို လေးအိမ်စုရွာ မှ ကွယ်လွန်သူများအတွက် အုတ်ဂူအမျိုးမျိုးကို အခမဲ့ ဆောင်ရွက်ပေးသောကြောင့်တည်း ။
အုတ်ဂူဆောက်ရန် လိုအပ်သော အုတ် နှင့် အခြားပစ္စည်းများကို သိန်းတစ်ထောင် အုတ်စက်ပိုင်ရှင် ဦးမြမောင် က အခမဲ့ ပေးကမ်း လှူဒါန်းသောကြောင့်လည်း ဘခက် အုတ်ဂူ ဆောက်ပေးနိုင်ခြင်း ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ လေးအိမ်စုရွာသားတစ်ဦး သေဆုံးလျှင် အုတ်ဂူ သွင်းခံရမှာ သေချာသည်ကား ငြင်းနိုင်ဖွယ်မရှိပါချေ ။ ဤကိစ္စနှင့် ပတ်သက်၍ ဘခက်သည် လည်းကောင်း ၊ ဦးမြမောင် သည်လည်းကောင်း ခံယူချက်တစ်မျိုးစီ ရှိကြလေ၏ ။
••••• ••••• •••••
ဘခက်သည် လေးအိမ်စုရွာသားစစ်စစ် မဟုတ်ချေ ။ ရှေးသူကြီး လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော ရွာဦးစေတီကြီး ယိုင်နဲ့ အက်ကွဲစ ပြုလာသဖြင့် ရွာသားများ ၏ မ,တည်ငွေဖြင့် ပြုပြင်ရန် ဆောင်ရွက်ချိန် မှာ မြို့ မှ ပန်းရန်အဖွဲ့ နှင့် လိုက်ပါလာသော အလုပ်သမားတစ်ဦး ဖြစ်သည် ။ ထိုစဉ်က ဘခက် သည် သန်လျက်ကိုင် ပန်းရန်ဆရာ မဖြစ်သေး ။ ထုံး ၊ သဲ ၊ ဘိလပ်မြေ တို့ကို အချိုးကျ မွှေစပ်ပေးရသော သရိုးနယ် အလုပ်သမားလေးသာဖြစ်သည် ။
မူလက ပန်းရန်အဖွဲ့ကို ဘုရားကြီး ပြုပြင်ရန်ကိစ္စ တစ်ခုတည်း အတွက် ငှားရမ်းခဲ့သော်လည်း အလှူငွေက ထင်မှတ်ထားတာထက် ပိုရသဖြင့် အရံစေတီ တည်ခြင်း ၊ ရင်ပြင်တော် အုတ်ခင်းခြင်း ၊ အုတ်တံတိုင်းခတ်ခြင်းများအပြင် ဆရာတော်၏ ကျောင်းဆောင် အောက်ထပ် ကိုပင် အုတ်တက်ရန် ဆောင်ရွက်ဖြစ်ကြသည် ။
ဤမှာပင် ပန်းရန်ဆရာက ရွာမိရွာဘတွေကို အကြံကောင်းပေးသည် ။ သူပေးသော အကြံကား အခြားမဟုတ်ချေ ။ လုပ်ငန်းကြီး၍ အုတ်များစွာ လိုမည့် အတူတူ ရွာမှာပင် အုတ်ဖုတ်ရန် ဖြစ်သည် ။ သူက အုတ်ဖုတ်လုပ်ငန်းကို နားလည်သဖြင့် ကူညီနိုင်သည်ဟု ဆိုလာသည် ။ မြို့မှ အုတ် မှာယူလျှင် ကုန်ကျနိုင်သည့် သယ်ယူစရိတ် ၊ တင်ခ ချခစရိတ်တွေ တွက်ချပြသည် ။ ဆရာတော် ပင်လျှင် ပန်းရန်ဆရာ၏ အကြံပေးချက် ကို လက်ခံကာ အုတ်ဖုတ်ရန် အတွက် ရွာထဲမှ ငွေကြေး တတ်နိုင်သော ဦးမြမောင် ကို တာဝန်ယူစေသည် ။ ထိုစဉ်မှ စ၍ ဦးမြမောင် အုတ်ဖုတ်ခဲ့ကာ ယခု ဆိုလျှင် သိန်းတစ်ထောင်အုတ်စက်ပိုင်ရှင်ကြီးပင် ဖြစ်နေလေပြီ ။ ဦးမြမောင် သိန်းတစ်ထောင် မချမ်းသာသေး သော်လည်း ရွာပြင်က တိုး မပေါက်ခဲ့သော တောကြီးကား သစ်ပင်ပေါင်း သိန်းတစ်ထောင် မက ကုန်သွားသည် ။ တော ပျောက်၍ တလင်းပြင်ကြီး ဖြစ်သွားပြီ ။
“ ဥတုရာသီ တောကိုမှီ၏ ” ဟူသော လမ်းဘေးဆိုင်းဘုတ်လေးကို မြင်တွေ့တိုင်း စိတ်မှာ မလုံမလဲ ဖြစ်မိသော်လည်း သူ၏ အုတ်ဖုတ်လုပ်ငန်းကို တော့ မစွန့်နိုင်ခဲ့ပေ ။ ယခုတော့ ထင်းစားထိုး လောင်စာ ဆိုပြီး မြို့မှ တာဝန်ရှိသူများက နည်းညွှန်ပြ၍ အုတ် ကို ကျောက်မီးသွေး နှင့်ဖုတ်သော အတတ်ပညာ ကို ရရှိခဲ့သည် ။ ကျောက်မီးသွေးကို လောင်စာအဖြစ် မသုံး၍လည်း မရတော့ပေ ။ ထင်းက ရှားပါးသလို ဈေး ကလည်း ကြီးလာသည် မဟုတ်ပါလား ။
ဦးမြမောင် သည် ရွာကို ကျေးဇူး ဆပ်တာလား ၊ ကျေးဇူး ပြုတာလား မသိနိုင်ပါ ။ ဘခက် အသုံးပြုမည့် အုတ်များ ကို အခမဲ့ ပေးသလို ဘိလပ်မြေဖိုး ၊ သဲဖိုး ပါ လှူဒါန်းပေးသည် ။ ဤသည်ကား ဦးမြမောင် ၏ အုတ် အခမဲ့ပေး လှူရခြင်း အကြောင်းရင်း ဆိုပါက ဘခက် အုတ် အခမဲ့ လုပ်ပေးရခြင်း အကြောင်းရင်းလည်း အမှန်တကယ် ရှိခဲ့ပါ၏ ။
စောစောက ပြောခဲ့သလို ဘခက် သည် ဘုရား တည်မည့် ပန်းရန်ဆရာအဖွဲ့ နှင့် ပါလာသော သရိုးနယ် အလုပ်သမားလေး အဖြစ် လေးအိမ်စုသို့ ရောက်ခဲ့ခြင်းဖြစ်သည် ။ ရွာဦးစေတီ နှင့် ဆက်စပ်ပြီး လုပ်ငန်းတွေက များလာကာ ရွာမှာ အနေကြာလာတော့ ထန်းတောစု မှာ ထန်းရည်သောက်ရင်း အေးသုံ ဆိုသော မိန်းမပျိုလေး နှင့် နဖူးစာ ရွာလည်ခဲ့လေ၏ ။ ပန်းရန်အဖွဲ့ လုပ်ငန်း သိမ်းပြီး မြို့ ပြန်သွားတော့ ထန်းတောစုမှာ ဘခက် ကျန်ရစ်ခဲ့သည် ။ အေးသုံ ၏ အစ်ကိုကြီး က သူတို့အတွက် ထန်းတော တစ်အုပ် လက်ဖွဲ့သော်လည်း ဘခက် က ထန်းပင် မတက်တတ်ပါ ။ သူ တတ်သော ပန်းရန်အလုပ် ကလည်း ရွာမှာ အလုပ်မဖြစ်ချေ ။ ထို့ကြောင့် ထန်းတက်သမား ငှားပြီး ထန်းတက်သည် ။ အေးသုံ က ထန်းလျက် ချက်သည် ။ ထန်းရည်ခါး ဖောက်သည် ။ ဘခက် သည် စားသုံးသူများနှင့် အပြိုင် အေးသုံ ၏ အခမဲ့ အားပေးသော ဖောက်သည် တစ်ယောက် ဖြစ်လာလေ၏ ။
ဘခက်သည် ထန်းတက် အလုပ်ကို မလုပ်တတ်သော်လည်း သူပိုင် ထန်းတောမှာ ထန်းပင် အသစ်တွေ စိုက်သည် ။ ထန်းသီးချိန်မှာ ထန်းပင်မြစ် လုပ်သည် ။ ထန်းသီးချိန်မှာဆို ထန်းသီး ( ထသီး ) တွေက ပေါမှပေါ ။ အချို့ဆိုလျှင် ထန်းသီးကို နွားစာစဉ်း ကျွေးကြသည် ။ ဘခက်က ထန်းအမှည့်တွေ ကို စုသည် ။ အနက် နှစ်ပေ လေးပေပတ်လည် ကျင်းတွေတူး ထန်းသီးစေ့တွေ စီချသည် ။ ပြီးတော့ သီးစေ့တွေကို လေလုံအောင် မြေဖို့သည် ။ ခြောက်လခန့် ကြာလျှင် ထန်းဆံ မှ ထန်းမြစ်တွေ ထွက်လာသည် ။ အောက်မှ ထန်းပင်မြစ်တွေကို ဖော်၍ ဆယ်ပင်စည်း , စည်းကာ ဈေးကုန်းသို့ သွားရောင်းသည် ။ ဘခက်သည် ထန်း နှင့် ပတ်သက်၍ ထန်းပင်မြစ် ဟူသော အလုပ်ကိုတော့ နှစ်စဉ်ပုံမှန် လုပ်လေ့ ရှိသည် ။
နောက်တစ်ခု ဘခက် ပုံမှန်လုပ်သော အလုပ်မှာ ထန်းပင်မြစ် လုပ်ရန် ထန်းဆံ မြှုပ်လေတိုင်း ထန်းပင်သစ် စိုက်ခြင်းဖြစ်သည် ။ ထန်းတောမြေကွက်လပ် မြေအနက် တစ်တောင် တူးပြီး ထန်းသီးအဆံကို မြေမြှုပ်ပေးခြင်း ဖြစ်သည် ။ ထန်းပင်မ ကို လိုချင်လျှင် ထန်းစေ့ကို ပက်လက်ထား စိုက်ပေးရသည် ။ ထန်းပင်ဖို လိုချင်လျှင် ထန်းစေ့ကို မှောက်လျက် စိုက်ရသည် ။ ထန်းတစ်ပင် စိုက်လျှင် ဆယ်နှစ် ကျော်မှ အသုံးဝင်သည်ဆိုသော်လည်း ဘခက် ထန်းပင်စိုက်ခြင်း တာဝန်ကို မပျက်မကွက်ပါချေ ။
“ အရင် လူတွေ ထန်းပင် စိုက်ခဲ့လို့ ငါတို့ အခု ထန်းရည် သောက်ရတာ နောက်လူတွေ ထန်းရည် သောက်ဖို့ ထန်းပင်သစ်တွေ စိုက်ပေးခဲ့ရမှာပေါ့ ။ ထန်းတစ်ပင် တန်ဖိုးနည်းမှတ်လို့ ”
ဒါက ဘခက်၏ လက်သုံးစကား ဖြစ်သည် ။ သူ ပြောသလို ထန်းတစ်ပင် ၏ တန်ဖိုးကလည်း မနည်းပါချေ ။ နွားတစ်ကောင်၏ အသုံးဝင်မှုမှာ ပစ်ရက်စရာ မရှိသလို ထန်းတစ်ပင် မှာ ပစ်ရက်စရာ မရှိပါချေ ။
ထန်းနို့မှ ထွက်သော အရည်ကို ထန်းရည် ၊ အရက် ၊ ထန်းလျက် ချက်ရသည် ။ ထန်းသီးကို စား၍ရသည် ။ ထန်းပင်မြစ် လုပ်၍လည်း စားနိုင်သည် ။ ထန်းပင်မြစ်မှ ကွာကျလာသော ထန်းစေ့ခွံ ( ထန်းသီး ခွက် ) ကိုပင် အရိုးတပ်၍ ဆီမှုတ် လုပ်နိုင်သည် ။ ပြီးတော့ ထို ထန်းသီးခွက်တွေ ကို ထန်းလျက် ချက်ရာမှာ ဖြစ်စေ ၊ ထမင်းဟင်း ချက်ပြုတ်ရာမှာ ဖြစ်စေ ၊ လောင်စာ အဖြစ် အသုံးပြုနိုင်သည် ။ ထန်းသီးခွက်ခြောက်သည် မီးရှိန် အလွန် ကောင်းသော လောင်စာ တစ်မျိုးဖြစ်သည် ။
ထန်းပင်မှ ရသော ထန်းရွက်က အညာနွေ၏ အပူရှိန်ကို အကောင်းဆုံး အကာအကွယ် ပေးနိုင်သည် ။ ထန်းတဲများ မှာ ထန်းရွက်မိုးပြီး ထန်းရွက်ကာထားခြင်း ဖြစ်သည် ။ ထန်းတဲ ဆောက်ရာမှာလည်း သံတစ်ချောင်းမှ ရိုက်စရာ မလိုပါ ။ ထန်းလျှော်ကို နှီးအဖြစ် အသုံးပြု ချည်နှောင်ပြီး ဆောက်နိုင်သည် ။ ထန်းရွက်၏ အညှာဖြစ်သော ထန်းလက်ကို စားပွဲ ၊ ကုလားထိုင် ပြုလုပ်နိုင်သေးသည် ။ ထန်းပက်လက် ကုလားထိုင်သည် နွေအခါ အေးမြသော ဓာတ်ကို ပေးနိုင်သဖြင့် မြို့ပေါ်မှ လူအချို့ပင် ဝယ်ယူ အသုံးပြုနေကြလေသည် ။
ထန်းတစ်ပင်လုံး သေဆုံးလဲကျ သွားလျှင်လည်း ပစ်စရာ မရှိပါ ။ ပင်စည်ကို ခွဲစိတ်၍ အဆောက်အအုံတွေ မှာ ထုတ် ၊ ယောက် ၊ ခါးပန်း ဆင့် ၊ ကြမ်းခင်းများ အဖြစ် အသုံးပြုနိုင်ပါသေး၏ ။
ဘခက် နှင့် အေးသုံ သည် အိမ်ထောင်သက် ကြာလာသော်လည်း သားသမီး မထွန်းကားချေ ။ အိမ်ထောင်သက် ဆယ်နှစ် ကျော်မှ အေးသုံ အမျိုးသမီးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်တော့ ဘခက် အရူးကြီးတစ်ပိုင်း ဖြစ်ပြီး ကျန်ရစ်ခဲ့သည် ။ အေးသုံ ၏ ရုပ်ကလာပ် ကို သူကိုယ်တိုင် ဂူသွင်းမည်ဆိုကာ ပန်းရံ သန်လျက်ကို စ,ကိုင်သည် ။ ခင်မင်ရင်းစွဲ ရှိသော အုတ်ဖိုပိုင်ရှင် ဦမြမောင်က ဘခက် အသုံးလိုသော အုတ်နှင့် ပစ္စည်းဖိုး ထုတ်ပေးသည် ။
အေးသုံ၏ အုတ်ဂူကို ကိုင်တွယ်တော့ ဘခက်၏ အရက်သောက်ဖက် သံချောင်းက ကူညီသည် ။
“ ကိုဘခက် ရယ် ၊ ကျုပ်လေ မြို့ ရောက်တုန်းက ကုန်တိုက်ကြီးတွေ ကြည့်ရတာ သိပ် သဘောကျတာပဲ ။ ဒီဘဝမှာ တိုက်အိမ်လေးနဲ့ သာ နေရရင် သေပျော်ပါရဲ့တော် ”
ဂူ အတွက် အုတ်စီရင်း အေးသုံ ပြောခဲ့ဖူးသော စကားတွေ ကို ကြားယောင်လာသည် ။ ဘခက် သည် အေးသုံ၏ ဆန္ဒ ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် သူမ၏ အုတ်ဂူ ကို နှစ်ထပ်တိုက် ပုံသဏ္ဌာန် မြင့်မြင့် တည်သည် ။ အထက်ပိုင်းကို အမိုးသဏ္ဌာန် ပုံဖော်သည် ။ ပြီးတော့မှ သင်္ဘောဆေးဖြင့် အရောင်ခြယ်သည် ။ အုတ်ဂူနံရံမှာ အိမ်တံခါး ၊ ပြတင်းတံခါးတွေ ရေးဆွဲသည် ။ ပြတင်းပေါက် မှာ ဇာခန်းဆီးလေးပင် ပါသေး၏ ။ ပန်းရံ နှင့် ပန်းချီပညာ ပေါင်းစပ်ပြီး အေးသုံ လဲလျောင်းရာ အုတ်ဂူလေးကို နှစ်ထပ်တိုက်အသွင် ဖန်တီးပေးထားခြင်း ဖြစ်၏ ။
အေးသုံ၏ အုတ်ဂူလေးကို လေးအိမ်စုရွာသားတွေ အလွန် သဘောကျသွားသည် ။ သူတို့ သေဆုံးလျှင် အုတ်ဂူကို မည်သို့ပုံသဏ္ဌာန် လုပ်ပေးပါဟု နောက်ပြောင် ပြောရင်း ဤကိစ္စသည် အတည် ဖြစ်သွားလေ၏ ။ ဘခက် သည်လည်း လေးအိမ်စုရွာ သုသာန်မှာ ဂူအမျိုးမျိုးကို အခမဲ့ ပြုလုပ်ပေးသော ပန်းရန်ဆရာကြီး ဖြစ်သွားလေတော့၏ ။
••••• ••••• •••••
လေးအိမ်စုရွာ၏ သုသာန်သည် လှည်းလမ်းကြောင်းတစ်ခု၏ ဘေးမှာရှိ၏ ။ သုသာန် အနီးမှ ဖြတ်သန်းသွားသူတိုင်းက အစီအရီ တည်ထားသော အုတ်ဂူပုံစံများကို စိတ်ဝင်စားစွာ ကြည့်သွားကြသည် ။
တစ်ထပ်တိုက်ပုံ ၊ နှစ်ထပ်တိုက်ပုံ အုတ်ဂူများကြားမှာ သင်္ဘောပုံ ၊ လေယာဉ်ပျံပုံ ၊ အုတ်ဂူလေးတွေကို လည်း တွေ့ ရသည် ။ ဒါကလည်း ပန်းရန်ဆရာကြီးဦးဘခက်၏ လက်ရာပဲဟု ဆိုကြသည် ။ ဗီဒီယိုတွေမှ တစ်ဆင့် အကြားအမြင် ဗဟုသုတ ပြည့်စုံလာသော ရွာသားအချို အနက် သင်္ဘောသား လုပ်ချင်သည်ဟု ပြောဖူးသော ကွယ်လွန်သူ သာလှ၏ အုတ်ဂူကို သင်္ဘော ပုံသဏ္ဌာန် လုပ်ပေးထားသည် ။ လေယာဉ်မောင် လုပ်ချင်သည် ဆိုသော ငမောင် အတွက်လည်း လေယာဉ်ပျံပုံ အုတ်ဂူလေး လုပ်ပေးထားပြန်၏ ။ ဘခက်သည် ရွာသားတစ်ဦး သေဆုံးလျှင် သူ စဉ်းစားမိသမျှ သေဆုံးသူ၏ ဆန္ဒနှင့် ကိုက်ညီမှု ရှိအောင် ဂူတွေကို ဖန်တီးပေးတတ်သူဖြစ်သည် ။ ဘခက် နှင့် သောက်ဖော်သောက်ဖက် ၊ အုတ်ဂူ လုပ်သည့်အခါ ကူဖော်လောင်ဖက် ဖြစ်သော သံချောင်းက သူသေလျှင် အုတ်ဂူကို မြူအိုးပုံ လုပ်ပေးပါဟု ဆန္ဒပြုထားသည် ။ ထိုအချိန်ကတော့ သံချောင်း ထက် စောစွာ သူသေဆုံးလိမ့်မည်ဟု ဘခက် ထင်မှတ် မထားမိခဲ့ပါချေ ။ မည်သို့ပင်ဖြစ်စေ လေးအိမ်စုရွာ၏ သုသာန်သည် ဘခက် နှင့် ဦးမြမောင် ၏ ကောင်းမှုကြောင့် ရွာ တစ်ရွာ ၊ မြို့ တစ်မြို့ လို ခံ့ညား စည်ပင်နေလေ၏ ။
ထိုသို့သော သုသာန်၏ လမ်း အစွန်ဆုံးတွင် တခြား အုတ်ဂူများ နှင့် မတူသော အုတ်ဂူကြီး တစ်လုံး ရှိနေသေး၏ ။ အရွယ်အစားက သာမန် ဂူထက် လေးဆခန့် ကြီးပေမည် ။ ဂူ အမြင့်ကပင် လူတစ်ရပ် နီးပါရှိ၏ ။ လေးထောင့်ပုံသဏ္ဌာန် ပြုလုပ်ထား သော်လည်း အချိုးမကျဘဲ ရွဲ့စောင်းကြီးဖြစ်နေသည် ။ အုတ်ဂူနံရံသည် မညီမညာ ပလာစတာ ကိုင်ထားသဖြင့် အဖုအထစ်တွေဖြင့် ကြမ်းရှရှ ဖြစ်နေသည် ။ အလှပစ္စည်း ဖန်တီးထားသော အုတ်ဂူပုံစံ လှလှများ ကြားမှာ ထိုအုတ်ဂူကြီး က အကျည်းတန် အရုပ်ဆိုး လွန်းလှသည် ။
ဂူ၏ ခေါင်းရင်းထိပ်ကို အနီးကပ် သွားကြည့်ပါက ..
ဦးဘခက် ( ၆၆ ) နှစ် ၊
ပန်းရန်ဆရာကြီး
ဟူသော စာတမ်းကို မညီမညာ မလှမပ ထွင်းပြီး ရေးထားသည်ကို တွေ့ ရပေလိမ့်မည် ။ ဂူ၏ အောက်ခြေ မှ ‘ သံချောင်း ’ ဟု ဖော်ပြ ထားသော ရွဲ့စောင်းစောင်း လက်ရေးက ဘခက် ၏ အရက်သောက်ဘက် တစ်ဖြစ်လဲ အကူပန်းရန်ဆရာ တစ်ဦး၏ နောက်ဆုံး အမှတ်တရ လက်ရာဖြစ်ကြောင်း ဖော်ပြလျက်ရှိသည် ။
အခြားသော ကွယ်လွန်သူများအတွက် စိတ်ကူးယဉ် ဆန်စွာ အုတ်ဂူလှလှလေးတွေ ကို တည်ဆောက်ပေးခဲ့သော ပန်းရန်ဆရာကြီး ဦးဘခက် ၏ အချိုးမကျ အကျည်းတန်လှသော အုတ်ဂူကြီး ကို ကြည့်ရသည်မှာ ငိုမဲ့မဲ့ နှင့် ရယ်ချင့်စဖွယ် ဖြစ်နေလေ၏ ။
ထန်းပင်ပျိုများ အုံ့ဆိုင်း ဝိုင်းရံလျက်ရှိသော လေးအိမ်စုရွာ အစွန်ရှိ သုသာန် အတွင်းမှ ဂူများစွာသည် သံဝေဂတရားနှင့် အတူ ရသ တစ်မျိုးကိုပါ ပေးစွမ်းနိုင်သည်ကိုကား ငြင်းပယ်၍ မရပါတကား ။
〇 သျှီ ( အင်ကြင်း )
📖စိမ်းရောင်လွင် မဂ္ဂဇင်း
၂၀၀၁ ၊ သြဂုတ်လ
No comments:
Post a Comment