❝ ဝတ္ထုတိုများနှင့် အားကောင်းသော အမျိုးသမီးဇာတ်ကောင်များ ❞
ဝတ္ထုတိုများ ရေးသားရာမှာ အားကောင်းတဲ့ အဓိက ဇာတ်ကောင်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ လိုတယ်လို့ စာရေးဆရာ ဟယ်လင်လူးဝစ္စကော့ ( ဖ် ) ဖား က ဆိုပါတယ် ။
ဆရာမ ဟယ်လင်က ဝတ္ထုရေးသက်တမ်း ( ၁၅ ) နှစ်ကျော်ရှိပြီး သတင်းထောက် ၊ အယ်ဒီတာ နဲ့ ဝတ္ထုရေးခြင်း အတတ်ပညာများနဲ့ အသက် မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပါတယ် ။ ဆရာမ ရဲ့ ဝတ္ထုတိုတွေ ကို Good House Keeping မဂ္ဂဇင်း က မကြာခဏ ဖော်ပြလေ့ ရှိပါတယ် ။ နောက်ဆုံး ဖော်ပြခဲ့တဲ့ ဝတ္ထုတိုက Keith and Mai ဝတ္ထု ဖြစ်ပြီး ၁၉၉၃ ခုနှစ် မတ်လ ထုတ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ခြင်းပါ ။
အောက်မှာ ဖော်ပြပေးမယ့် ဆောင်းပါးမှာ ဆရာမက ဝတ္ထုထဲက အချက်အလက်တွေကို ကိုးကားဆွေးနွေး ထားပါတယ် ။
••••• ••••• •••••
ဝတ္ထုတစ်ပုဒ်ရဲ့ အဓိက ကျတဲ့ ဇာတ်ကောင် ဖန်တီးဖို့ရာနဲ့ ဒီ ဇာတ်ကောင်က စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားချုပ်ကိုင်ထားနိုင်အောင် ရေးနိုင်စွမ်း ရှိဖို့က စာရေးဆရာရဲ့ အဓိက ကျတဲ့ တာဝန် တစ်ရပ် ဖြစ်ပါတယ် ။ ဒီနေ့ မဂ္ဂဇင်းတွေအတွက် ဝတ္ထုတို ရေးရာမှာ ဒီအချက်က ပိုလို့ တောင် အရေးပါလာပါသေးတယ် ။
မဂ္ဂဇင်း တော်တော်များများမှာ ဝတ္ထုရဲ့ အခန်းကဏ္ဍဟာ အာမခံချက် သိပ်မရှိတော့ဘူး ။ ဝတ္ထု တွေက ဒီနေ့ မဂ္ဂဇင်းတွေမှာ တွင်တွင်ကျယ်ကျယ် နေရာယူ လာတဲ့ အိမ်အလှပြင်နည်း ဆောင်းပါးတို့ ၊ ကျန်းမာရေး ဆောင်းပါး တို့နဲ့ ယှဉ်ပြိုင်နေရသလို ဒိုင်ယာနာ ရဲ့ နောက်ဆုံး သတင်းကို ထိုးဖောက်နိုင်တဲ့ အင်အားရှိဖို့ လိုလာပါတယ် ။ ထိုးဖောက်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက် ဖြစ်စေ ဦးတော့ ရှည်လျားပေများနေလို့ မရတော့ဘူး ။ ကိုယ် တင်ပြချင်တာကို တိုတို တုတ်တုတ် တင်ပြရတဲ့ အခြေအနေမှာ ရှိပါတယ် ။
ဘယ်လောက် တိုတဲ့ ဝတ္ထု ပဲဖြစ်ဖြစ် ထုံးစံအတိုင်း ပါဝင်ရမယ့် အချက်တွေ ဖြစ်တဲ့ ပဋိပက္ခ ၊ သည်းထိတ်ရင်ဖို နဲ့ နောက်ဆုံးမှာ ပြေလည်မှု ရသွားတာ ၊ လူတစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲ ဖြစ်သွားတာကို စာပေရဲ့ အစဉ်အလာအတိုင်း ကျွန်မတို့က ရေးရတာပဲ ။ ရတဲ့ စာမျက်နှာ နေရာ နည်းနည်းကလေးမှာ ရေးပြရမှာတွေက များပါဘိ ။
ဒါကို ကောက်ချက် ဆွဲထုတ်လိုက်တော့ “ အဓိက ဇာတ်ကောင်သည် ဇာတ်အိမ်ကို သယ်ဆောင်သွားခြင်း ဖြစ်သည် ” ဆိုတဲ့ ကောက်ချက် ထွက်လာတယ် ။
◾ဇာတ်အဖွင့်
စာ စရေးတော့မယ် ဆိုရင် ပထမဆုံး စာပိုဒ်တွေမှာ ကိုယ့်ဇာတ်ကောင်ရဲ့ အခြေအနေကို စာဖတ်သူ က စိတ်ဝင်စားသွားအောင် တိတိကျကျ ဆွဲဆောင်သွားဖို့ လိုပါတယ် ။ ၁၉၉၃ ခုနှစ် ၊ မတ်လထုတ် Good Housekeeping မဂ္ဂဇင်း မှာ ဖော်ပြခဲ့တဲ့ ကျွန်မ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ Keith and Mei ကို အောက်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်မ စဖွင့်ခဲ့ပါတယ် ။
မေကာတာ သည် ယခုနှစ် ဆောင်းရာသီတွင် ဖွင့်လှစ်မည့် သက်ကြီးစာသင်ကျောင်း ဒုတိယပိုင်းတွင် တက်ရောက် သင်ကြားရန် အတွက် ဒီတစ်ကြိမ်တွင် နှောင့်နှေးဖင့်နွှဲခြင်း မရှိတော့ဘဲ စာရင်းသွင်းလိုက်၏ ။ ကျောင်း မတက်ဖြစ်ရန် အကြောင်း မရှိတော့ပါ ။ သင်တန်းသား နှစ်ဆယ်သည် အသက်ကြီးနေပြီ ဖြစ်သူများသာ ဖြစ်ကြသည် ။ အသက်အရွယ်အမျိုးမျိုး ပါဝင်ကြသလို နိုင်ငံသား အမျိုး မျိုးလည်း ပါဝင်ကြ၏ ။ အားလုံး ဆွဲဆောင်မှုရှိသူတွေ ချည်းပါပဲဟု မေ က တွေးမိသည် ။ “ ဘယ်သူမျိုးပဲ ဖြစ်ဖြစ် လှပါတယ် ” လို့ ကွယ်လွန်သူ သူ့ခင်ပွန်း ပေါ ( လ် ) က မေ ဘယ်နိုင်ငံသား ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲနေကြသူများနှင့် တွေ့တိုင်း ပြောလေ့ရှိသည်ကို သတိရမိ၏ ။
ဝတ္ထု ၊ စဖတ်လိုက် ကတည်းက မေဟာ မုဆိုးမတစ်ယောက် ဖြစ်တယ် ။ နိုင်ငံခြားသူ တစ်ယောက်ဖြစ်ပြီး စိတ်အားငယ်နေတယ် ။ ဒါပေမဲ့ သူ့ကိုယ်သူ တိုးတက်မှုရှိအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကို စာဖတ်သူက သိခွင့်ရလိုက်ပြီ ။ တကယ်လို့ ကျွန်မ စဖွင့်လိုက်တဲ့ စာပိုဒ်က အောင်မြင်သွားပြီ ဆိုရင် စာဖတ်တဲ့ သူက မေ ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်တဲ့ အတွက် ဒီဝတ္ထုကို ဆက်ဖတ်ပါလိမ့်မယ် ။
လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ရေးသားထုတ်ဝေခဲ့တဲ့ ကျွန်မ ဝတ္ထုတွေကို ပြန်သုံးသပ်ကြည့်တော့ တချို့တလေက လွဲရင် ကျွန်မ ဟာ ဝတ္ထု အဖွင့်တိုင်းမှာ အဓိက ဇာတ်ကောင်ရဲ့အခြေအနေကို ဖော်ပြပြီး စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့တယ် ဆိုတာ ကောက်ချက်ချလို့ ရပါတယ် ။ တကယ်တော့ အဓိက ဇာတ်ကောင်ကို ရုတ်တရက် ချက်ချင်း ဖော်ပြပေးခြင်းဟာ စာဖတ်သူ အတွက် အသေအချာ လိုအပ်တာ ဖြစ်သလို ပြဿနာအခြေ အနေကို ချက်ချင်း တင်ပြလိုက်ခြင်း ဟာလည်း အဓိကကျပါတယ် ။ ဒီနည်းစနစ်ဟာ ထိရောက်တဲ့ နည်းဖြစ်တာကို ကျွန်မ တွေ့လာရပါတယ် ။
◾အဓိက ဇာတ်ကောင်အား ဖွံ့ဖြိုးလာစေခြင်း
စိတ်တိုင်းကျ နည်းကို ပြောရရင်တော့ စာဖတ်သူများဟာ အမျိုးသမီး ဇာတ်ဆောင်များ အပေါ်မှာ စိတ်ဝင်စားမှု ပို ရှိပါတယ် ။ အမျိုးသမီး ဇာတ်ဆောင်ရဲ့ ဇာစ်မြစ်ကို စိတ်ဝင်တစား လိုက်ရင်းက ဖြစ်ရပ်တွေ တစ်ခုပြီး တစ်ခု ဖြစ်ပျက်သွားတဲ့နောက် စာဖတ်သူက ပါသွားပါတယ် ။ ဒီလို ရေးသွားရင်းက ဇာတ်ဆောင် မင်းသမီးရဲ့ အရည်အသွေးကို ထည့်သွင်း ပေးသွားရတာလည်း ဖြစ်ပါတယ် ။ ကျွန်မ ဝတ္ထုထဲမှာ မေ ရဲ့ အရည်အသွေးကို ဖော်ပြသွားတဲ့ စာပိုဒ် နှစ်ပိုဒ် ဥပမာ ပေးပါရစေ ။ ဇာတ်ဝင်ခန်း က မေနဲ့ သူ့ ကျောင်းနေဖက် သူငယ်ချင်း ကိတ် ( သ် ) တို့ ဆုံစည်းမှုများပါပဲ ။
ကိ ( သ် ) က ခေါင်းစွပ်ကို ခေါက်လိုက်ပြီး ခပ်ပြုံးပြုံး လျှောက်လာ၏ ။
“ မဟုတ်ပါဘူး ၊ ကိုယ်လက်တွေက ကောင်းပါတယ် ၊ မကောင်းတာက ခေါင်း ”
မေ က “ အဲဒါ မဖြစ်နိုင်ဘူး ၊ ခေါင်းက လက်တွေကို ကြီးစိုးထားတာပဲ ” ဟု ဆိုလိုက်၏ ။
ကိတ် ( သ် ) က မျက်လုံး ပြူးလိုက်သည် ။
“ တယ်ကောင်းတဲ့ စကားပါလားကွ ”
နောက်တော့ -
ကိတ် ( သ် ) က “ မေ့ အနေနဲ့ ကန်ထရိုက် ကောင်းကောင်း တစ်ယောက် ငှားဖို့ ကောင်းတယ် ။ အဲဒီ လိုဆိုရင် ကိုယ်လည်း ကူနိုင်တာပေါ့ ။ ကိုယ် အားတဲ့ အချိန်တွေမှာ လုပ်နိုင်တာ ဝင် လုပ်ပေးတော့ မေ့ အတွက် တစ်ပြားမှ အပို မကုန်စေရဘူး ” ဟု ဆို၏ ။
မေက ကိတ် ( သ် ) စကား နားထောင် နေရင်းက “ ဟင့်အင်း ၊ … အဲဒါတော့ မေ သဘော မတူနိုင်ဘူး ၊ မိတ်ဆွေ ဆိုတာ တန်ဖိုး ထားဖို့ပါနော် ။ အသုံးချဖို့ မဟုတ် ပါဘူး ” ဟု ငြင်းလိုက်၏ ။
၁၉၉၀ ခုနှစ် ၊ ဖေဖော်ဝါရီလ ထုတ် Good Housekeeping မှာ ဖော်ပြခဲ့တဲ့ A Delicate Affair ဝတ္ထုမှာ မင်းသမီး ကော်နီရဲ့ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားကို မင်းသား ကားလို ( စ် ) နဲ့ ဆုံတဲ့ အခန်းမှာ ပေါ်လွင်အောင် ရေးဖွဲ့ထားပါတယ် ။ ကားလို့ ( စ် ) ဆိုတာက ချမ်းသာကြွယ်ဝတဲ့ မက်ဆီကန် စီးပွားရေးသမား တစ်ဦး ။ ကော်နီ အမေက ကော်နီ ကို ကားလို့ ( စ် ) နဲ့ လက်ထပ်စေချင်တယ် ။
ခွဲခါနီးတွင် ကားလို့ ( စ် ) က ကော်နီ မျက်နှာလေးကို ငေးစိုက်ကြည့်နေသည် ။ သူ့ မျက်ဝန်းတွင် လွမ်းငွေ့များ ဝေနေသည်ကို တွေ့ရ၍ ကော်နီ နှလုံးသား ထိခိုက်သွား၏ ။
ကားလို့ ( စ် ) က ကော်နီ လက်နှစ်ဖက်ကို တယုတယ နမ်းလိုက်သည် ။ “ မိန်းမချောကလေးရယ် ၊ မက္ကဆီကိုမြို့ က မင်း ထွက်ခွာသွားမှာကို ကိုယ် စောင့်မကြည့်ရက်တော့ဘူး ၊ မင်း ပြန်လာမယ့်ရက်ကို ကိုယ် လက်ချိုး ရေတွက်နေမှာပါ ” ဟု ဆို၏ ။
တရွေ့ရွေ့ ထွက်ခွာသွားသော ကားလို ( စ် ) ကို ကြည့်ရင်း ကော်နီ ရင်တွင်း၌ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်လာတော့သည် ။
◾ဇာတ်ပို့
ဇာတ်ကြောင်းကို တဖြည်းဖြည်း ဖော်ပြသွားရာမှာ စာဖတ်သူက အဓိက ဇာတ်ကောင် နောက်ကို မျောပါသွားတယ် ဆိုပေမယ့် ဒီနေ့ မဂ္ဂဇင်း ဝတ္ထုတိုတွေမှာ ဇာတ်ပို့ အကြောင်း ဖော်ပြ လောက်အောင် အပို ဇာတ်ကွက် ရေးပြဖို့ နေရာမပေးနိုင်တော့ဘူး ။ အဓိက ဇာတ်ကောင် နဲ့အတူ ဇာတ်အိမ်ကို ရွေ့လျားသွားစေဖို့ အမှန်တကယ် လိုအပ်တော့မှသာ ဇာတ်ပို့ကို ထည့်သုံးရ တော့တယ် ။
Keith and Mei ဝတ္ထုမှာ မေ ရဲ့ စကားပြောတွေအရ သူ့မှာ သိပ်ချစ်တဲ့ သားနှစ်ယောက် ရှိတယ်ဆိုတာ စာဖတ် ပရိသတ်က သိထားပေမယ့် ဇာတ်ကြောင်းထဲမှာ ဒီ သား နှစ်ယောက် ကိုယ်တိုင် လှုပ်ရှားမှုက နည်းနည်းပဲ ဖော်ပြခွင့်ရခဲ့ပါတယ် ။ ဒါပေမဲ့ အကြီးဆုံးသားဖြစ်တဲ့ ပေါ ( လ် ) ရဲ့ စကားတစ်ခွန်းက ဇာတ်ရှိန် အမြင့်ဆုံးအခန်း အဓိက အကျဆုံးစကားဖြစ်စေခဲ့ပါတယ် ။
ကိတ် ( သ် ) က အခန်းကို လှည့်ပတ် ကြည့်ကာ “ မေ နဲ့ ကလေးတွေ ဒီမှာ ရှိနေတဲ့ အချိန် မှာတော့ ဒီအိမ်ဟာ ပျော်စရာကောင်းတဲ့ အိမ်ပါပဲ ” ဟု ဆိုသည် ။
မျက်နှာသုတ်ပဝါ အကြီးကြီး ပတ်ကာ ရေကူး ကန်မှ တက်လာသော ပေါ ( လ် ) က ကိတ် ( သ် ) စကား ကြားလိုက်သဖြင့် မှတ်ချက် တစ်ခု ဝင်ပေးလိုက်၏ ။
“ ဟုတ်တယ် ၊ ကျွန်တော်တို့က ဒီ အိမ်မှာပဲနေချင်တာ ၊ အန်ကယ် နဲ့ မာမီ က ဘာကြောင့် လက်မထပ်ကြ သေးတာလဲ ” သူ့ စကားက တည်တည်တံ့တံ့ ပြောနေ ခြင်းဖြစ်သည် ။
မျက်နှာ ပူသွားတဲ့ မေ က သူ့ သားတွေကို အဝတ်ဝတ်ခိုင်းလိုက်သည် ။ နှစ်ယောက် တည်း ကျန်ရစ်ချိန်မှာ ကိတ် ( သ် ) နှင့် မေ တို့သည် သားကြီး မေးသွားသော မေးခွန်းကို ဖြေနိုင်အောင် ညှိနှိုင်းကြရတော့၏ ။
မဂ္ဂဇင်း ဝတ္ထုတိုများရဲ့ ထုံးစံအတိုင်း ဇာတ်ပို့က ခဏပဲ ။ ပြီးရင် အဓိက ဇာတ်ကောင်တွေ ပေါ်မှာပဲ အာရုံဝင်စားစေပါတော့တယ် ။
ကျွန်မ ရေးခဲ့တဲ့ A Delicate Affair ဝတ္ထုမှာ ကော်နီ ရဲ့အမေ နဲ့ အဒေါ် တို့ဟာ ကော်နီ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲ နေကြတယ် ။ ကော်နီ အမေက မက်ဆီကန် စီးပွားရေးသမား ကားလို ( စ် ) နဲ့ အိမ်ထောင် ပြုခြင်းအားဖြင့် ချမ်းသာတဲ့ အိမ်ထောင်ရှင်မဘဝ ရောက်သွားစေ ချင်တယ် ။ သူ့ အဒေါ် ရို့ ( စ် ) ကတော့ ကော်နီ ကို ဘယ်သူ့ကိုမှ မှီခိုအားထားခြင်း မပြုဘဲ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်နိုင်တဲ့ အမေရိကန်မလေး တစ်ဦး အဖြစ် ရှိစေချင်တယ် ။
တကယ်လို့ ဝတ္ထုရှည် ( လုံးချင်း ) မှာသာ ဆိုရင် ဒီ အကွက်က တော်တော် ကလေး ချဲ့ရေးလို့ ရနိုင်တယ် ။ ဒါပေမဲ့ မဂ္ဂဇင်းဝတ္ထုတို ဖြစ်တဲ့ အတွက် ရို့ ( စ် ) ကဏ္ဍကို သိပ်ထည့်လို့ မရဘူး ။ အမေ ရဲ့ အကြောင်းက ကော်နီ့ ဆီ ရေးတဲ့ စာတွေနဲ့ ဖော်ပြပြီး အဒေါ်ရို့ ( စ် ) နဲ့ ပတ်သက်လို့ကတော့ နောက်ကြောင်းပြန် တစ်ခန်း လောက်ပဲ ထည့်ပြီး စကားပြော နည်းနည်း ပေးနိုင်ရုံလောက်ပဲ ရှိတယ် ။
စိတ်ညစ် နေသော ကော်နီ က စာကို သူ့ အဒေါ်ရို့ ( စ် ) လက်သို့ ပေးလိုက်ပြီး “ ကျွန်မ ဘာလုပ်ရမလဲ ” ဟု မေးလိုက်၏ ။
“ ကော်နီ … ညည်း အသက် ၂၁ နှစ် ရှိနေပြီပဲ ၊ ညည်း ဘာလုပ်ချင်သလဲ ”
“ ကျွန်မက ကျောင်းပြီးမှပဲ မက္ကဆီကိုမှာ ရှိတဲ့ မိသားစုဆီ အလည် သွားလည်ချင်တာ ၊ အခု မသွားချင်သေးဘူး ”
“ ကောင်းတယ် ၊ အဒေါ် လုပ်ပေးမယ် ”
ရို့ ( စ် ) က စကားဖြတ်လိုက်၏ ။
“ ကော်နီ … ညည်းဘာဖြစ်လို့ လက်ချောင်းတွေ လိမ်တွန့် နေရတာလဲ ”
“ ဟို …. ကျွန်မလေ .. ကားလို ( စ် ) က လက်ထပ်ခွင့် တောင်းလာမှာ ကြောက်နေတယ် ”
“ အဒေါ့် စိတ်ထဲမှာ မိန်းကလေး အတော် များများ ညည်း လို ပြဿနာ ကြုံကြပါ့မလားလို့ သံသယ ရှိနေတယ် ။ အေးလေ ... ညည်း လက်မထပ်ချင်ဘူး ဆိုရင်လည်း သူ့ကို ငြင်းလိုက်ပေါ့ ”
စာဖတ်ပရိသတ်က ရှေ့ပိုင်းမှာ ကော်နီ တစ်ယောက် သူ့ဆရာ အပေါ်မှာ တွယ်တာ နေမိပြီဆိုတာ သိထားပြီးသား ဆိုတော့ အမေ သဘောတူတဲ့ သူဌေး တစ်ယောက် ဇာတ်လမ်းထဲ ဝင်လာချိန်မှာ အသည်းထိတ်စရာ ဖြစ်လာပြီ ။ ကျောင်းပိတ်လို့ ကော်နီ တစ်ယောက် သူ့မိသားစု ရှိရာ မက္ကဆီကိုကို သွားလည်ရင် ဘာဖြစ်မလဲ ဆိုတာ .. စာဖတ်သူက တွေးလာပြီ ။ ဇာတ်အိမ်ကို တည်ဆောက်ရာမှာ .. ဒါ နောက်ဆုံး အခန်းအတွက် အရှိန်မြှင့်လာခြင်းပဲ ။ ကော်နီ ဆရာ က … ဆရာ နဲ့ တပည့် ဆိုတဲ့ စည်းကို စောင့်ထိန်းနေရာကနေ သူ့ခံစားချက်ကို ဖွင့်ပြောစေမယ့် အချက်ပဲ ။
◾နောက်ကြောင်းပြန်
မဂ္ဂဇင်းဝတ္ထုတိုများ အတွက် အချိန် ကန့်သတ်ချက်ဘောင်က ရှိနေလေတော့ နောက်ကြောင်းပြန် တို့ ၊ နောက်ခံအကြောင်းအရာ တို့ကို အတတ်နိုင်ဆုံး တိုအောင် ချုံ့ရပါမယ် ။ ဘယ်လောက်ပဲ ချုံ့ ချုံ့ လက်ရှိ အဖြစ်အပျက် အခြေအနေကို ရောက်လာအောင် ဖန်တီးလိုက်တဲ့ နောက်ခံ အကြောင်းအရာ ၊ ဖြစ်ရပ်ဆိုတာက လိုကို လိုပါတယ် ။ ဖြစ်နိုင်မယ် ဆိုရင် ဝတ္ထုတိုမှာ နောက်ကြောင်းပြန် ရေးမယ့် အစား အက်ရှင် အဖြစ် ရေးပါ ။ ကျွန်မ ရေးခဲ့တဲ့ A Delicate Affair မှာ ဆိုရင် ကော်နီ ရဲ့ နောက်ကြောင်းကို ပထမဇာတ် အဖွင့် ဖြစ်တဲ့ စာသင်ခန်း အကြောင်း ဖော်ပြပြီးတဲ့ နောက်မှာ ချရေး လိုက်တယ် ။ အဲဒီ ဇာတ်ဝင်ခန်းမှာပဲ ကော်နီ တွယ်တာမိမယ့် ဆရာဒေးဗစ် နဲ့ တွေ့တဲ့ အခန်းက ပါနေတာကိုး ။
အဲဒီတော့ ကျွန်မ ကော်နီ နောက်ခံအကြောင်းကို ဒီလိုရေးခဲ့တယ် ။
ကော်နီသည် အိမ်ပြန် ကားမောင်း လာရင်းနှင့် နှစ်နှစ်တာ ကာလအတွင်း သူ့ဘဝ အပြောင်းအလဲ ကြမ်းတမ်းမှုများကို တွေးနေခဲ့မိ၏ ။ သူ့ အစ်ကိုများ ရှိရာ မက္ကဆီကိုတက္ကသိုလ်ကို ဆက် တက်ခွင့်ရဖို့ ခေါင်းမာလှသော အဖေကြီးကို မနည်း တောင်းဆိုခဲ့ရသည် ။ ဒီလိုမှ တက်ခွင့်မရလျှင် သူမ ၏ ဘဝမှာ မက္ကဆီကိုစီးတီး ၏ ဆင်ခြေဖုံး မှာပင် တိမ်မြုပ် ရတော့မည်ဖြစ်၏ ။
အောင်မြင်သော စီးပွားရေး အခြေအနေမှ ရုတ်တရက် လျှောကျသွားသောအခါတွင် အဖေသည် နှလုံးရောဂါ အကြီးအကျယ် ရခဲ့သဖြင့် မိသားစုတစ်စုလုံး စားဝတ်နေရေး အတွက် အပြင်းအထန် ရုန်းကန်ကြရ တော့သည် ။
တခြား အခန်းတစ်ခုမှာတော့ သူ့ အဒေါ်ရို့ ( စ် ) ရောက်လာပြီး အချစ်ဆုံးတူမ ကော်နီ ကို အမေရိကန်ပြည်ထောင်စု မှာ လိုက်နေဖို့ လာ ခေါ်ကြောင်း ဖော်ပြ လိုက်တယ် ။ ဒါလောက်ဆိုရင် စာဖတ်ပရိသတ် အတွက် ကော်နီရဲ့ နောက်ကြောင်းက ပြည့်စုံသွားပြီ ။ အဲဒီ အခါမှာ ဇာတ်က ရှေ့ဆက်သွားပြီး လက်ရှိ အခြေအနေ ရောက်အောင် ရေးလို့ ရပြီပေါ့ ။ အဲဒီလိုပဲ Keith and Mei ဝတ္ထုမှာ စာဖတ်ပရိသတ် အတွက် လိုအပ်တဲ့ သတင်း အချက်အလက် ပေးနိုင်အောင် ကျွန်မ ဒီလို ရေးခဲ့ပါတယ် ။
ကဖေးဆိုင်ကလေး သည် သူတို့ အတန်းတူ အတန်းသား သူငယ်ချင်းများ စုဝေးရာ နေရာကလေး ဖြစ်သွား၏ ။ နောက် ရက်သတ္တပတ်ပေါင်း များစွာတို့တွင်လည်း မေ သည် အကြိမ်ပေါင်းများစွာ ဒီနေရာကလေးကို ကိတ် ( သ် ) နှင့် လာရောက် နေထိုင်ဖြစ်ခဲ့ပြီ ။ အဲ ( လ် ) ဘတ်တို ၊ ဂျူလီ ၊ လူစီယာ နှင့် အခြားသူများလည်း ပါဝင်ခဲ့ကြသည် ။
မေ က “ ငါ မိတ်ဆွေတွေ တိုးပွားနေပြီပဲ ” ဟု တွေးဖြစ်ခဲ့၏ ။ မေ့ တွင် အပေါင်းအသင်းများစွာ ရှိခဲ့သည်မှာ ကြာခဲ့ပြီ ။ ပေါ ( လ် ) နှင့် လည်း မေတ္တာ သက်ဝင်ခဲ့ပြီး ဒီတိုင်းပြည်သစ် ၊ အိုးအိမ်သစ်မှာ နေသားတကျ ရှိနေခဲ့လေပြီ ။ သို့သော် ပေါ ( လ် ) တစ်ယောက် ရုတ်တရက် ကင်ဆာရောဂါ စွဲကပ်လာခဲ့ရာ ..
ဒီနေရာမှာ နောက်ကြောင်းပြန် က ခဏကလေးနဲ့ အချက်အလက် ပြည့်ပြည့်စုံစုံ ပြောသွားနိုင်ခဲ့တယ် ။ မေ့ အခြေအနေကို အချိန်တိုအတွင်းမှာ စာဖတ်ပရိသတ် သိသွားစေတယ် ။ စာရေးသက်များပြီး အတွေ့အကြုံ များလာရင် နောက်ကြောင်းပြန်ကို လက်ရှိဘဝထဲမှာ ရောမွှေပြီး အနှောင့်အယှက် မဖြစ်စေဘဲ ရေးတတ်လာပါလိမ့်မယ် ။
◾ပုံစံသစ် နဲ့ အမျိုးသမီး ဇာတ်ကောင်များ
ဒီနေ့ စာရေးဆရာတွေ အတွက် ကံကောင်းတာက ဇာတ်ကောင်တွေ ဘယ်အရွယ်ပဲဖြစ်ဖြစ် ပရိသတ်က လက်ခံစေတဲ့ အချက် ။ ကျွန်မ မဂ္ဂဇင်း ဝတ္ထုတွေ စရေးတဲ့ ခြောက်ဆယ်ခုနှစ်များ ကာလတုန်းက ဆိုရင် အမျိုးသမီး ဇာတ်ကောင်တွေက အသက် ၁၈နှစ် နဲ့ ၂၅ နှစ် ကြား အင်ဂလို အမေရိကန် ဖြစ်မှသာ စာဖတ်ပရိသတ်က လက်ခံပါတယ် ။ ဒီထက် အသက်ကြီးရင် လက်မခံကြတော့ဘူး ။
ဆောင်းပါးမှာ ကောက်နုတ် တင်ပြနေတဲ့ ဝတ္ထုနှစ်ပုဒ် ထဲက ဇာတ်ကောင်တွေဆိုရင် အရင်ကထက် ရေးရတာ လွတ်လပ်လွယ်ကူသွားပြီ ။ ကော်နီ ဆိုရင် မက္ကဆီကိုစီးတီး ဇာတိ ၊ အမေရိကားကို ပြည်ဝင်ခွင့် ဗီဇာနဲ့ လာနေတာ ။ မေ ဆိုရင် အမေရိကန် တရုတ် ကပြားမလေး ။ မုဆိုးမ ၊ အသက်က သုံးဆယ်ထဲ ရောက် နေပြီ ။ ခုနောက်ပိုင်း ကျွန်မ ဝတ္ထုတိုတွေထဲက အမျိုးသမီး ဇာတ်ဆောင်တွေက အရင်ကလို နုနုဖပ်ဖပ် ဆယ်ကျော်သက်ကလေးတွေ မဟုတ်တော့ဘူး ။ ရင့်ကျက်တဲ့ ၊ ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းမှု ကို ပြုနိုင်တဲ့ အမျိုးသမီး ဇာတ်ကောင်တွေ ဖြစ်လာပါတယ် ။ စာရေးဆရာဘက်က ဒီလို ပြောင်းလာတာ စာဖတ်ပရိသတ်ဘက်ကလည်း ရင့်ကျက် လာကြလို့ပါပဲ ။
A Delicate Affair ဝတ္ထု ဖော်ပြခဲ့တဲ့ Good Housekeeping မဂ္ဂဇင်းမှာပဲ တခြား စာရေးဆရာမ တစ်ယောက် ရေးထားတဲ့ ဝတ္ထုတို တစ်ပုဒ် ပါပါတယ် ။ သူ့ဝတ္ထုမှာ အဓိက ဇာတ်ကောင် အမျိုးသမီးက သတို့သမီးရဲ့ အမေပါ ။ သတို့သမီးကို ဇာတ်ကောင် မထားပါဘူး ။ ဒီနေ့ စာဖတ်ပရိသတ်က ရင့်ကျက်လာတော့ အဓိက ဇာတ်ကောင်တွေ ဟာလည်း ဆယ်ကျော်သက်ဖြစ်စရာ မလိုတော့ဘူးပေါ့ ။ ကျွန်မတို့ စာရေးသူတွေဘက်မှာ အဲဒီလို ဇာတ်ကောင်ကို ထားချင်တဲ့ အရွယ် ထားလို့ရပြီဆိုပေမယ့် အဓိက သတိပြုရမယ့် အချက်က ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်ဟာ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိရမယ် ဆိုတဲ့ အချက်ပဲ ။ သို့သော် စာဖတ်ပရိသတ် အရင် ဆွဲဆောင်မှုရှိဖို့က စာရေးသူ ကိုယ်တိုင်ပဲ ။
ကိုယ် ဖန်တီးပေးလိုက်တဲ့ အခြေအနေတွေကို ကိုယ့်ဇာတ်ကောင် အမျိုးသမီးက ရင်ဆိုင်ချိန်မှာ စာရေးသူက သူ့လှုပ်ရှားမှု ၊ တန်ပြန်မှုတွေ ကို လေးစားရမယ် ။ အလေးထားရမယ် ။ ဒီလို ဖန်တီးနိုင်ရင် အောင်မြင်တဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်လာနိုင် သလို ကိုယ့်ဇာတ်ကောင် ပြောသမျှတွေဟာလည်း စာဖတ်သူ ရင်ထဲအထိ ထိရောက် ဆွဲဆောင်နိုင်ပါလိမ့်မယ် ။
••••• ••••• •••••
စာရေးဆရာမ ဟယ်လင် က သူ့ ဝတ္ထုထဲမှာ ပါတဲ့ အမျိုးသမီး ဇာတ်ကောင်တွေ ဖန်တီးရာမှာ အားကောင်းအောင် ဘယ်လိုဖန်တီးတယ် ဆိုတာ ပြောပြထားပါတယ် ။ ဝတ္ထုတိုရေးရာမှာ သတိပြုသင့်တဲ့ အချက်များ ပါဝင်လို့ စာရေးချင်တဲ့ ညီ ၊ ညီမငယ်များ လေ့လာသင့်တဲ့အတွက် ဖော်ပြပေးခြင်းပါပဲ ။
⎕ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၅၁ )
ဇန်နဝါရီလ ၊ ၁၉၉၄ ခု
No comments:
Post a Comment