Saturday, July 12, 2025

မိန်းမကြောက်


 

❝ မိန်းမကြောက် ❞
   ( သိန်းဖေမြင့် )

မောင်ဘိုးထွန်း သည် မြန်မာလို ခုနစ်တန်းနှင့် အယ်လီမန်ထရီ ဆရာဖြစ် စာမေးပွဲကို အောင်ပြီးနောက် မင်းဝန်ရပ် ဦးဘိုးဉာဏ်ကျောင်း၌ လက်ထောက်ဆရာ လုပ်နေလေသည် ။ သူသည် တင်မေနှင့် ညားသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ကလေး တစ်ယောက်မျှ မရသေးချေ ။ တင်မေသည် ကလေး လိုချင်လှသည် ။ ဘိုးထွန်းကား တင်မေ၏ တင်သား ၊ ရင်သားတို့သည် ကလေးမွေးလာက ဖောင်းအိ စိုပြည်ခြင်းဂုဏ် ကင်းသွားမည်ကို စိုးသဖြင့် ကလေး မလိုချင်ပေ ။

သူသည် ထိုနေ့၌ အိမ်ပြန် နောက်ကျလေသည် ။ ရုံးမှ လခငွေ ၂၅ကျပ် ထုတ်လာပြီးနောက် လစဉ်ဆရာများ၏ အစည်းအဝေးသို့ သွားတက်လေသည် ။ ထိုအစည်းအဝေးတွင် ပညာအုပ်အသစ်က တရားဟော နေရာ အတော်ပင် အချိန်ညောင်းသွားသည် ။ ဆရာမ မမိုးစိန် ကလည်း သင်ခန်းစာတစ်ခု ပြရာ လေအတော်ရှည်နေသည် ။ နောက် ဆရာများ စကားအချေအတင် ပြောပွဲကလည်း စကားလက်စ မသိမ်းနိုင်အောင် ရှိနေသည် ။

အိမ်အဝင်ဝသို့ ရောက်လျှင်ရောက်ချင်း အိမ်တွင်းသို့ ရှာဖွေသော မျက်လုံးဖြင့် ကြည့်လေသည် ။ “ အို … မတင်မေ ဘယ်သွား နေပါလိမ့်မလဲ ” အပေါ်ထပ် တက်ကြည့် မတွေ့ ၊ အခန်းတွင်း ဝင်ကြည့် မတွေ့  ၊ အိမ်နောက်ဖေး ကြည့် မတွေ့ ။

“ မတင်မေရေ ဘာလုပ်နေသလဲ ” ဟု ဘိုးထွန်းက နှုတ်ဆက်၏ ။

“ တကတဲ ကိုဘိုးထွန်းရယ် လာမှ လာပေသေး ၊ ကျွန်မ တစ်ညနေလုံး စောင့်နေရတာ ” ဟု ဆီး၍ ရန်တွေ့၏ ။

“ အို .. လခထုတ် နေလို့ပါကွယ် ၊ ရော ... ရော့ ယူလှည့် ” ဟုပြောကာ လက်ကိုင်ပဝါ ဖြင့် ထုပ်ထားသော ငွေကို လှမ်းပေး၏ ။

တင်မေသည် ငွေကို မယူသေး ၊ ရေကို ဖန်ခွက်ဖြင့် ထည့်ယူခဲ့၏ ။ မျက်နှာ သုတ်ပဝါလည်း ပြေး ယူလိုက်သေး၏ ။ “ ကိုင်း မျက်နှာများ သုတ်ပါဦး ၊ ပြီးတော့ ရေသောက်ပါ ” ဟု လောကွတ် ကောင်းနေသည် ။

“ ရော့ကွာ ဒါယူပါဦး ” ဟု ငွေပေးပြီး ချွေးအရွှဲရွှဲ စိုနေသော မျက်နှာကို သုတ်ပြီး နောက် ရေသောက်လေ၏ ။ တင်မေသည် လက်ကိုင်ပဝါ ငွေထုပ်ကလေးဖြင့် မိမိ ကျောကို ထုနေလေ၏ ။ မျက်နှာသုတ်ပဝါနှင့် ဖန်ခွက်ကို ၎င်းတို့၏ အသီးသီးသော နေရာတို့၌ နေကြ စေပြီးနောက် ငွေထုပ်ကို ဖြေလေ၏ ။

“ ကိုဘိုးထွန်း ဘယ့်နှယ်လဲ ၊ ငွေ ၁၄ ကျပ် သုံးမူးထဲပါကလား ၊ သည့်ပြင် ငွေတွေကော ” ဟု မေး၏ ။

“ ကွာ ... စိတ်ညစ်ပါရော ၊ တစ်လတစ်လ ဆို တယ်ကုန်တာကိုး ။ အသင်းကြေးပေးရ ၊ မြေပုံဖိုးပေးရ ၊ စာအုပ်ဖိုးပေးရ ” ဟု ညည်း၏ ။

“ အို … ဘာပဲ ပေးရပေးရ ၊ သည်လောက် ကုန်ရသလား ၊ မှန်မှန်ပြောပါ ။ ရှင် ဘယ်သူ့များ ပေးရသေးသလဲ ၊ ရှင့်အမေကို ဘယ်လောက် ပူဇော်တော်မူခဲ့သေး သလဲရှင့် ”

“ တစ်ပြားမှ မပေးရရိုး အမှန်ပါဗျာ ၊ ဟို ဦးလေးညွန့်ကိုတောင် ၂ ကျပ်လောက် ကြည့်ချင်တာ ပေး , မပေးခဲ့ရဘူးကွာ ”

“ မဟုတ်ဘူး ရှင်ပေးတယ် ၊ ဘယ်မယားငယ် ပေးခဲ့သလဲ ၊ ပြော ”

“ အို .. ဘယ်က မယားငယ်လဲ ၊ ငါ့မယားငယ် မရှိပါဘူး ၊ အဟုတ်ကိုပဲ ကျောင်းမှာပဲ ကုန်တာပါကွ ”

“ မယုံဘူး မယုံဘူး ၊ ဘယ်မှာ သည်ငွေ ၁၄ ကျပ် သုံးမူးနှင့် လောက်မလဲ ။ အမေတို့ ဆီက ဆန်တွေ ယူထားပြီး တစ်ပြားမှ ပြန်မပေးရသေးဘူး ၊ သည်လ ဆန်ဖိုး နည်းနည်းဖဲ့ဆပ် မယ်လို့ဟာ ၊ ဘယ်မှာလဲ ဘယ်လိုလုပ် ပေးရမလဲ ”

“ ဟား ဟား ၊ သူများကြွေး မှတ်လို့ကွာ ၊ မပေးဘဲ ထားလိုက်တာပေါ့ကွာ ”

“ မနေနိုင်ဘူးရှင့် မနေနိုင်ဘူး ၊ ကျွန်မတို့က မကျွေးရတဲ့အပြင် အမေဆီက ယူယူ စားနေရတာ ကောင်းသေးရဲ့လား ”

“ ကောင်းတာပေါ့ကွ ၊ တို့အမေကလည်း လစဉ် ဆီပေးတယ် ။ ပဲပေးတယ် ။ မင့်လိုသာ အကြွေးဆပ် နေရရင် မခက်သေးဘူးလား ” ဟု ပက်လက် ကုလားထိုင်ပေါ်သို့ လှဲထိုင်လိုက်ရင်း ပြောလေ၏ ။

“ ခက်ပစေ ကျွန်မ အမေရဲ့ကြွေးကိုတော့ ပေးရမယ် ၊ ရှင့်လခ မပြည့်တာက ရှင်ပေး ချင်ရာပေးထားခဲ့လို့ဟာပဲ ”

“ တောက် ... မဟုတ်ပါဘူး ဆိုတာ မယုံဘူးလားဟေ့ ”

“ ယုံဘူး ယုံဘူး ဘာလို့ ယုံရမှာလဲ ၊ သူတို့ယောက်ျားတွေ သည်လိုချည်းပဲ ။ ပြီးတော့ ရှေ့လက ကြက်သွန် ၊ ငါးရံ့ခြောက် ၊ ငါးပိ ၊ ပုစွန်ခြောက် ဝယ်တဲ့ ကြွေး ၅ ကျပ်ကလည်း မလှရွှေတို့ဆိုင် ပေးရဦးမယ် ။ ကိုဘထူးတို့ ဆိုင်က လုံချည်ဖိုးရယ် ၊ အင်္ကျီဖိုးရယ် ၊ ပေါင်းကြွေး ၆ ကျပ် ။ ရှင် ကော်ဖီဆိုင်မှာ ယူထားတဲ့ ကြွေးက ၂ ကျပ်ခွဲ ။ ကဲ ... ဘာတွေ ဘယ်လိုလုပ် ဆပ်ရမလဲ ၊ အမေ့ဆီလည်း ဆန်ဖိုး ငွေ ၇ ကျပ်လောက် ဆပ်ရမယ် ” ဟု အကြောင်းပြ ပြန်၏ ။

“ အို ဘယ်ဖြစ်နိုင်မလဲကွာ ၊ မင့်အမေဆီ မပေးပါနှင့် ဆိုနေတာ ။ မလှရွှေတို့ကို ၂ ကျပ်ပဲ ပေးလိုက် ၊ ကိုဘထူးကို ၃ ကျပ် ပေးလိုက် ၊ ကာကာကို တစ်ကျပ်ခွဲ ပေးလိုက် ၊ တော်ရောပေါ့ ။ သည်လ အကုန်အကျ များလို့ မပေးနိုင်သေးဘူး ပြောတာပေါ့ ”

“ အို … မဖြစ်နိုင်ဘူးရှင့် ၊ အမေ့ငွေလည်း ပေးရမှာပဲ ၊ အကုန်အကျ ရှင့် ဘာသာရှင် များနေတာ ဘယ်သူက ယုံမတဲ့လဲ ”

“ အို မင်း မယုံချင် မယုံနဲ့ ပေါ့ ၊ ဟော ...

နှစ်ရက် နေမကောင်းလို့ ကျောင်းပျက်တွက် နုတ်တာက ၁ိ - ၁ဝ ပဲ

အာစရိယ သမဂ္ဂအသင်း ‌ေအတွက်  - ၈ ပဲ

တို့အသင်းက ဆရာ တစ်ယောက် ကျန်းမာရေးပညာသင် သွားတာက ၂ိ -

စာအုပ်သစ် ၊ မဂ္ဂဇင်းပါရော ၂ိ - ၈ ပဲ

အတန်းသင်ဖို့ မြေပုံဝယ်ရတာက ၂ိ - ၄ ပဲ

ဝတ္ထုပစ္စည်း သင်ခန်းစာအတွက် - ၁ိ - ၈ ပဲ

နေ့လယ်က လက်ဖက်ရည်သောက်တာက - ၄ပဲ

အားလုံးပေါင်း ငွေတစ်ဆယ့်နှင့်ခြောက်မူး ဗျား ၊ မင်းယုံချင်ယုံ မယုံချင်နေတော့ ”

“ မယုံဘူး ၊ ရှင် ယိုးမယ်ဖွဲ့ပြောတာ ၊ ရမယ်ရှာပြောတာ ။ ဘယ်မှာ စာအုပ်ဖိုးတွေ ၊ ဝတ္ထုပစ္စည်းဖိုးတွေ ၊ မြေပုံဖိုးတွေ ကုန်မလဲ ။ အလကား သူပေးချင်ရာလူ ပေးခဲ့ပြီး ညာ ညာ ပလီပြောတယ် ” ဟု မဲ့ရွဲ့ကာ ပြောလေ၏ ။

“ အို …. ငါမပြောတော့ဘူး ၊ မင်း ငါ့ပဲ မယုံသင်္ကာ ရှိနေသေးတယ် ”

နဂိုကပင် ညစ်နေသော ဘိုးထွန်း၏ စိတ်သည် မည်းသွားလေ၏ ။ ငွေအပို ကုန်တာတွေ များသဖြင့် မိမိ ကိုယ်တိုင် စိတ်မချမ်းမြေ့ ဖြစ်ခဲ့၏ ။ မိန်းမကို အကျိုးအကြောင်း ပြောပြ ရလျှင် ဘာမျှ စိတ်မရှိတန်ကောင်းဟု အောက်မေ့ခဲ့၏ ။ ယခုမူ မိမိပြောပြရသမျှအကြောင်းကို လက်မခံသော မိန်းမသည် မိမိအား သက်သက်မဲ့ ဒုက္ခပေးနေပြန်၏ ။ မိမိ ကိုပင် မယုံဘဲ မယားငယ်ထားနေသည်ဟု ထင်နေပြန်ချေ၏ ။ သူသည် မိမိ မယားကို အလွန်ချစ်သူဖြစ်၏ ။ မိမိ မယားမှ တစ်ပါး မိန်းမ မရှိဟု အယူရှိသူ ဖြစ်၏ ။ မိမိ မယားမှ တစ်ပါး အခြားမိန်းမကို တပ်မက်သူ မဟုတ်ချေ ။ ထိုမျှသမာဓိခိုင်ခိုင်ဖြင့် ချစ်ခဲ့သူကို သက်သက်မဲ့ စွပ်စွဲလေသည်ဟု ဒေါသဖြစ်၏ ။ ဘာကြောင့် စွပ်စွဲရသလဲ ဟုမေး၏ ။ မိမိမယားသည် အကြောင်း လုံလောက်အောင် ပြပါလျက်နှင့်ပင် မယုံကြည် ၊ အသုံးစရိတ်ကို တွက်ပြပါလျက် နားမထောင် ၊ အဘယ်ကြောင့် ထိုမျှ အဆင်ခြင် အနှိုင်းဆ နည်းရလေသနည်း ။ သက်သက်ပင် ရန်ရှာလို၍ မိမိအား မယုံခြင်း မဟုတ်ပါလော ၊ မိမိက ချစ်ပါလျက် သူကမချစ်၍ မိမိအား တစ်ပါးသော မိန်းမနှင့် ယုတ်ပတ်သည် မဟုတ်ပါလော ။ ဘိုးထွန်းသည် စိတ်နာသွား၏ ။

“ မသင်္ကာတယ် ဘာဖြစ်သလဲ ၊ ရှင်ကမှ မူမမှန်ဘဲ ။ ကျွန်မတော့ ကြွေးအကုန်ပေးပစ်မယ် ၊ အမေ့ ကိုလည်း ဆန်ဖိုးငွေ ခုနစ်ကျပ် ပေးရမယ် ”

“ ပေးချင်ပေး ၊ မပေးချင်နေ ငါ့မပြောနှင့် ။ မင်းဘာသာမင်း ငွေရှာပေး ၊ မင်း ဘယ်ကရှာရှာ ” ဟု အော်ငေါက်လေ၏ ။

“ ကျွန်မ မရှာနိုင်ဘူး ၊ ဒီငွေကိုပဲ ပေးရမယ် ။ ရှင် ယောက်ျား တစ်ယောက် လုပ်နေပြီး ငွေရှာ မရဘူးလား ၊ ရှင်ယောက်ျား ဆိုပြီး မိန်းမတောင် လုပ်ကျွေးနိုင်တာ မဟုတ်ဘူး ”

“ အကန်းမ အယုတ်မ ၊ နင့် ငါကျွေးနေတာ ဘယ်လောက်ကြာပြီလဲ ”

“ အောင်မာ သူက ငါ့အကန်းဆိုရသေး ၊ ရှင်သာ အကန်း ၊ ရှင်သာ အယုတ် ” ဟု ပြောရင်း ငိုလေ၏ ။

“ ကျွန်မ သွားမယ် ၊ ရှင့်လို မယားငယ် ထားတဲ့လူ ၊ ရတဲ့ငွေ မိန်းမငယ် ပေးပစ်တဲ့ လူ ၊ ကျွန်မကို မိန်းမယုတ် ဆိုတဲ့လူနဲ့ မနေချင်ဘူး ၊ ကျွန်မသွားမယ် ၊ အမေ့အိမ်သွားမယ် ” ဟုပြောကာ ငွေဆယ့်လေးကျပ်လုံးကိုယူ၍ ထွက်သွားလေ၏ ။

တင်မေသည် ငဲ့ညှာရန် ကလေး မရှိသောကြောင့် လင်နှင့် ပြတ်စဲဖို့အရေး တာဝန် လေးသည် မဟုတ် ။ တင်မေသည် အဆင်ခြင်နည်း၏ ။ သူ၏ရုပ်အတွက် အတော်ပင် မာန်တက် လျက်ရှိသေး၏ ။ အပျိုဘဝတွင် ပိုးပန်းသူ ၊ ချစ်ကြိုက်သူ ၊ ရည်းစား အလွန် များခဲ့၏ ။ ထိုအကြောင်းကြောင့် ဒီလင်က မချစ်လျှင် နောက်ထပ် လင်ရရန် မခဲယဉ်းဟု ထင်မြင် ယူဆလျက်ရှိ၏ ။ ယခု အပျိုမဟုတ်တော့ပြီ ။ အပျိုတုန်းကလို ချစ်စရာတွေ မက်စရာတွေ မရှိတော့သည်ကို တင်မေ မသိ ဖြစ်ခဲ့၏ ။ တစ်ခုလပ် ခြံကျော်ကလေး ဖြစ်က လင်ကောင်းမရ နိုင်တော့သည်ကို မတွက်မိသောသူ ဖြစ်၏ ။ ထို့ပြင် မိဘအတွက် တော်တော် မာနတက်၏ ။ လင်နှင့် ပြတ်စဲနေက မည်သူကမျှ မကျွေးမမွေးဦးတော့ မိဘက ကျွေးမွေးမည် အယူရှိ၏ ။ ထို့ကြောင့်လည်း အမေ့အိမ်သို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည် ။

ဘိုးထွန်းသည် အလွန် မောလှသဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍ မျက်စိ မှိန်းနေလေ၏ ။ သူ၏ စိတ်သည် မိုးလင်း၍ ဇာတ်သိမ်း သွားသော ဇာတ်ခုံနှင့် တူလေသည် ။ ညအချိန်က ဓာတ်မီးရောင်ဖြင့် တောက်ပြောင်ခမ်းနားခဲ့သော်လည်း နံနက်နေရောင်တွင် အလွန်စိတ်ပျက်ဖွယ်ကောင်းသော ဇာတ်ခုံဖြစ်နေလေသည် ။ ညအခါက ပျော်ဖွယ်ကောင်း သလောက် နံနက်အခါတွင် ပျင်းဖွယ်ငြီးငွေ့ဖွယ် ကောင်းလေသည် ။ ရှေးက တင်မေတည်း ဟူသော ဓာတ်မီးရောင်က သူ့စိတ်ကို တောက်ပြောင်ခမ်းနားစေခဲ့သည် ။ တင်မေ၏ စကား ပြောသံ ရယ်သံတည်း ဟူသော ဆိုင်းသံဗုံသံက သူ၏ စိတ်ဇာတ်ခုံကို သာယာပျော်မြူးဖွယ် ကောင်းစေခဲ့သည် ။ သူ၏ စိတ်သည်လည်း ဟာ၏ ။ ဝမ်းသည်လည်း ဟာ၏ ။

ဘိုးထွန်းသည် မီးဖိုချောင်သို့ ဝင်သွား၏ ။ ထမင်းအိုး တစ်လုံးမှ တစ်ပါး ဘာမျှ မချက်ရသေးသည်ကို တွေ့လေ၏ ။ ဟင်းမရှိသည်နှင့် ဘဲဥတစ်လုံးကို ထမင်းအိုးတွင် အုံးထား လေ၏ ။ ဘဲဥ ၊ ဆီ ၊ ဆား ၊ ထမင်း အားလုံးနယ်ပြီး ပွဲတော်တည်ရလေ၏ ။ “ ဪ ... တင်မေသာ ရှိရင် ဟင်းကလေး ဖွယ်ဖွယ်ရာရာနှင့် စားရမှာပဲ ၊ သူကလေးဟာလေ စနေသမီးမို့ စိတ်ဆိုးတတ်တာ တစ်ခုပဲ ၊ အင်မတန် အချက်အပြုတ် ကောင်းတယ် ၊ အပြုအစုလည်း ပထမတန်း ၊ နောက် တကယ်လို့ သူ ပြန်မလာရင် ဖွဟဲ့ လွဲစေဖယ်စေ ၊ ငါထမင်း အစားရ မကျပ်ပေ ဘူးလား ၊ ငါဘယ်လို လုပ်ပြီး စားနေရပါ့မလဲနော် ” ဟု ပူပန်လေ၏ ။

မိမိ စားပြီးသော ပန်းကန်ကို ဆေး၏ ။ “ ဪ သူကလေးရှိရင် ငါ့ပန်းကန်ကို ဆေးမှာပဲ ၊ ခုတော့ ” ဟု တွေးပြီး ယူကျုံးမရ ရှိပြန်လေ၏ ။ ထမင်းစားပြီး မြီးကောက်ဆိုသော ခွေးကြီးကို အစာကျွေးရပြန်၏ ။ ထမင်းရည်က ကျဲနေသဖြင့် အပေါ်ရည်ကို သွန်ပစ်ရင်း “ တောက် .. ဒါ တင်မေ့ အလုပ်တွေပေါ့ နော် ” ဟု စဉ်းစားမိပြန်၏ ။ ဘုန်းကြီးကျောင်းမှ လောကဓာတ်ကျောင်းသို့ပြောင်း၍ စာသင်နေရသော ကျောင်းသားကလေးသည် ခေါင်းလောင်း ထိုးတိုင်း ဘုန်းတော်ကြီးကျောင်း၏ ဂုဏ်ဂုဏေးတွေကို အမှတ်ရတမ်းတသလို ဘိုးထွန်းသည် ထမင်းစားချိန်၌ တင်မေ၏ ဂုဏ်ဒြပ်အဝဝကို အကုန်အမှတ်ရလေ၏ ။

ထမင်းစားပြီးနောက် ပက်လက်ကုလားထိုင်တွင်ထိုင်၍ ငေးနေပြန်လေ၏ ။ တင်မေ အကြောင်း မစဉ်းစားတော့ပါဘူးဟု အခြားအကြောင်းတွေ ကြံစည်မိ၏ ။ ညနေက ပညာအုပ် ပြောသွားသော စကားများကို ပြန်ဖော်၏ ။ ပညာအုပ်စကားကြားမှ တင်မေ ပေါ်လာပြန်၏ ။ စကား အချေအတင် ပြောပွဲကို ဆင်ခြင်သုံးသပ်ပြန်၏ ။ အခြေဘက်မှ စကားများ ကြားတွင် တင်မေ ပေါက်လာပြန်၏ ။ နံနက်ခင်းက သူ့အတန်းသားများကို ဂဏန်းသင်္ချာ သင်ခဲ့သည်ကို သုံးသပ်ပြန်၏ ။ တပည့်မကလေး လှမြင့်ကို မြင်မိလေ၏ ။ လှမြင့်သည် ဇနီးတင်မေ နှင့် အတော်တူသည်ဟု အောက်မေ့မိလေ၏ ။ ငါးထောင်စားရာထူးကို လိုချင်သော တိုင်းပြည် ခေါင်းဆောင်သည် မဲဆန္ဒစကားကို နေရာတကာတွင် ကြားညှပ်၍ ပြောသကဲ့သို့ တင်မေကို အလိုရှိသော ဘိုးထွန်းသည် နေရာတကာတွင် တင်မေကို ကြားညှပ်၍ စိတ်ကူးလေသည် ။

နေမင်းကြီးသည် သူ၏ အလင်းရောင်များကို သိမ်းဆည်းလျက် ဤကမ္ဘာလောကကြီးကို ပစ်ခွာ၍သွားလေ၏ ။ လောကဓာတ်ကြီးသည် မှောင်အတိ ဖုံးလွှမ်းနေလေ၏ ။

ဘိုးထွန်းသည် ခွေခွေကလေး အိပ်ရာမှ ထ၍ မီးထွန်း၏ ။ မီးထွန်းခြင်းသည် တင်မေ၏ အလုပ်ဖြစ်၏ ။ တင်မေကို တ,မိပြန်၏ ။ နောက် စိတ်ပြေလက်ပျောက် စာဖတ်လေ၏ ။ စာဖတ်၍လည်း စိတ်မဝင် ၊ သူ၏ စိတ်သည် ပြေးလွှားလျက် တင်မေ့ ဆီကိုသာ သွားနေ၏ ။ “ ဪ … တင်မေ တင်မေ ၊ မင်းဂုဏ်တွေ ၊ မင့်အရည်အချင်းတွေဟာ တယ်များပါကလား ၊ မင်းမရှိရင် ဘယ်လိုလုပ် နေနိုင်မလဲကွ ၊ မင်းထွက်သွားတာ ငါအစကတော့ မင့်အပြစ်လို့ ဆိုတယ် ၊ မင့်အပြစ် မဟုတ်ဘူးကွ ၊ ငါ့အပြစ်နော် ၊ ငါသည်လောက် ဂုဏ်နှင့် ကျေးဇူးနှင့် ပြည့်စုံသူကို လိုဘပြည့်အောင် ပျော်နိုင်အောင် ထားဖို့ရှိတယ် ။ ခုတော့ ငါက မင့် လိုဘပြည့်အောင် မထားနိုင်ဘူးကွနော် ။ ငါလိုတယ် ၊ ငါ့အပြစ်ကွာ ”

ဘုရားဝတ်တက် ဆင်းသော ခေါင်းလောင်းသံကို ကြားရလေ၏ ။ ‘ ဟီး အိပ်ဦးမှပဲ ’ ဟု ညည်း၍ အိပ်ရာသို့ဝင်၏ ။ ခါတိုင်း အိပ်ရာဝင်မည် ရှိလျှင် ‘ ကိုဘိုးထွန်း ၊ ခြေဆေးပြီးပြီလား ’ ဟု တင်မေက မေးလေ့ရှိ၏ ။ ယနေ့ အသူက မေးလေမည်နည်း ။ ‘ ပေး - ရော့ - အင့် ’ ဟုပြောပြီး စောင်လှမ်းယူလေ့ရှိ၏ ။ ယခုမူ စောင်ကို ကိုယ့်ဘာသာကိုယ် ယူရပြီ ။ ယခင် ညများညများက မအိပ်ခင် စကားတတွတ်တွတ် ပြောကြ၏ ။ ပြောသမျှ စကားတွေထဲတွင် ဤအချိန်အခါ ဤနေရာ၌ ပြောသော စကားသည် နားဝင်အချိုဆုံးဖြစ်ခဲ့၏ ။ အပြေပြစ်ဆုံးဖြစ်ခဲ့၏ ။ မယားက ပြောသည် ၊ လင်က ဆင်ခြေမတက် ၊ တစ်ယောက် စကား တစ်ယောက်က နားထောင်၍ အင်းလိုက်ခဲ့ကြ၏ ။ သည်နေ့ ညမှ ဘိုးထွန်း တစ်ယောက်တည်း ။ ဘိုးထွန်းသည် ယခင့် ယခင်ညများက တတွတ်တွတ် ပြောသလို ယခုညလည်း ပြောဆိုလို၏ ။ သူသည် အပြင်းပြဆုံးသော ဆန္ဒအာလျဖြင့် တင်မေနှင့် စကားပြောရရန် တောင့်တ၏ ။

ထို့နောက် ဘိုးထွန်းသည် တင်မေ၏ ခေါင်းအုံးကို ကြည့်ပြန်၏ ။ ခေါင်းအုံးပျောက် သွား၍ တင်မေ၏ မျက်နှာကလေး ရောက်လာ၏ ။ မျက်ဆန်ကလေး ကလယ်ကလယ် ၊ မျက်တောင်ကလေး ကော့တော့တော့ဖြင့် မိမိအားကြည့်နေ၏ ။ နောက် နှုတ်ခမ်းကလေးများ ဟပြီး ပြုံးလေ၏ ။ ဘိုးထွန်းသည် တင်မေ၏ခေါင်းအုံးကို လက်ဖြင့် ပွတ်သပ်လေ၏ ။ သက်ပြင်းရှူလေ၏ ။ တင်မေအိပ်သောနေရာတွင် ပက်လက်ကလေး အိပ်နေသော တင်မေကို မြင်ယောင်ယောင် ရှိလေ၏ ။ တင်မေ၏ ရင်မှာခုန်နေ၏ ။ တက်လိုက်ကျလိုက် လှုပ်နေသော ရင်ကလေးကို မြင်မိယောင်ယောင် ထင်လေ၏ ။ ထိုနေရာသို့ ဘိုးထွန်းသည် လက်တင်ထား လိုက်ပြန်၏ ။ ဘိုးထွန်း၏ရင်သည် ပူနေလေ၏ ။ ရင်က အပူသည် အထက်သို့ တက်၍လာ သဖြင့် အာခေါင် ခြောက်လှလေ၏ ။

ဘိုးထွန်းသည် အိပ်မပျော် ၊ မျက်လုံးကြောင်နေ၏ ။ တင်မေသာ ရှိရင် လေဟူသော ကြိမ်းဝါးချက်ကိုသာ ခဏခဏ ထုတ်နေလေ၏ ။ စိတ်ညစ်သဖြင့် ဖြုန်းခနဲ မှောက်အိပ်သော်လည်း အိပ်မပျော်ချေ ။

“ မဖြစ်ဘူး တင်မေ မရှိရင် ငါသေမယ် ၊ တင်မေဟာ ငါ့အသက်ပဲ ၊ ငါ့ အပြစ်တွေကို ဖျောက်ပြီး တင်မေကို ခေါ်မှပဲ ။ တင်မေ သဘောကျသလို ငါနေမှ ဖြစ်မယ် ။ ခု ငွေနည်း နေရင် ငါ တခြားက ငွေရှာရမယ် ။ ငွေမလောက်ရင် လောက်အောင်ရှာပေးဖို့ဟာ ငါ့တာဝန်ပဲ ။ ဘာမျှ မပြောနှင့်တော့ ၊ ငါ့ အမေဆီက လယ်တစ်ဧကတော့ သွားပြီး ပေါင်ဦးမှ ဖြစ်မယ် ၊ ငွေရရင် တင်မေနှင့် အတူတူ နေဖို့ပဲ ။ ငွေသာပြည့်စုံရင် တင်မေ ငါနှင့်ပျော်မယ် ၊ ဘယ်မှ သွားမှာ မဟုတ်ဘူး ။ နက်ဖြန် သွားခေါ်မှပဲ ၊ မဖြစ်ဘူး ၊ သည်လိုသာ နေရင် ငါသေမယ် ”

တင်မေ သွားစက ထမင်းစားရာတွင် အောက်မေ့ခြင်း ၊ ခွေးကျွေးရာတွင် တမ်းတခြင်း ၊ တင်မေကို အလိုရှိခြင်းတို့သည် ယခု အိပ်ရာဝင်ရာ၌ တင်မေကို တမ်းတခြင်းနှင့် စာသော် ငွေတစ်ကျပ် လိုချင်ခြင်းနှင့် အိုင်ယာလန် ထီပေါက်ချင်ခြင်းမျှလောက် ကွာခြား၏ ။ ဤအိပ်ရာ၌ တင်မေကို အောက်မေ့ခြင်းမှာ ဖိုဖြင့်ထိုးသော မီးနှင့်တူ၏ ။ ထိုဆန္ဒသည် တစ်ကိုယ်လုံးကို လောင်စေလေသည် ။

ထိုနေ့ည နာရီပြန် ၂ ချက်တီးမှ အိပ်ပျော်လေသည် ။ နံနက် ၅ နာရီတွင် ဘိုးထွန်းသည် အိပ်ရာမှ နိုး၏ ။ ငါးနာရီခွဲတွင် တင်မေ၏ အမေ့အိမ်သို့ သွား၏ ။ တင်မေ၏ မိခင်ကြီး မျက်နှာသစ်နေသည်ကို တွေ့၏ ။ ဘိုးထွန်းသည် ရှက်တက်တက်မျက်နှာနှင့် ယောက္ခမကြီးကို ကြည့်၏ ။ ယောက္ခမကြီးကား စကားမပြောသေး ၊ မျက်နှာတော် သန့်စင်မြဲ သန့်စင်နေလေ၏ ။

နောက် အိမ်ပေါ် တက်၍ မျက်နှာသုတ်ပဝါ ယူလေ၏ ။ မျက်နှာသုတ် ပြီးသော် သူ့ကို စကား ပြောလိမ့်မည်ဟု ဘိုးထွန်း ထင်လေ၏ ။ ယောက္ခမကြီးကား ဆင်းမလာသေး ။ ဆေးလိပ် ရှာသေး၏ ၊ မီးခြစ်ရှာသေး၏ ၊ ဆေးလိပ်မီးညှိပြီးမှ အောက်သို့ဆင်းလာ၏ ။

“ မင်းတို့ ဘာဖြစ်ကြတာတုံး ” ဟု မေးလေ၏ ။

“ ဗျာ ... ကျွန်တော် ကလည်း ကျောင်းမှာ အပိုတွေ ကုန်လွန်းလို့ စိတ်ကောက်နေဆဲ မတင်မေက ဆူတော့ ဘောက်ပြောမိလို့ ” ဟုပြောပြီး ခုတင်ပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်လေ၏ ။

“ ဒါတင် ဘာကမလဲကွယ် ၊ မင်းကလည်း သိပ်ယောက်ျားမပီတာဘဲ ။ မိန်းမတစ် ယောက်မှ ဝအောင်မကျွေးနိုင်ဘူး ” ဟုပြောပြီး ဆေးလိပ်ကို ရှိုက်နေပြန်လေ၏ ။

“ ဟုတ်ကဲ့ လခ နည်းနေတာကိုးဗျ ၊ သို့ပေမဲ့ ခုတော့ ကိစ္စမရှိပါဘူး ၊ အမေ့ လယ် တစ်ဧကကို သွားပြီးရောင်းရတော့မှာပဲ ”

“ အေးလေ ... ဒါတော့ မင်းအစွမ်းနှင့် မင်း ဘယ်လိုရှာရှာ မိန်းမကို ဝအောင်ကျွေးဖို့က အရေးကြီးတာပဲ ”

“ အခု မတင်မေ ဘယ်မှာလဲ ခင်ဗျာ ”

“ အိမ်ပေါ်မှာ အိပ်တုန်းပဲ ၊ သွားနှိုးပြီး ချော့မော့ ခေါ်သွားပေရော့ ၊ ငါတော့ ပြောမနေ ချင်ဘူး ” ဟု ဆိုကာ ရေအိုးကို ရွက်၍ ထွက်သွားလေ၏ ။

ဘိုးထွန်းသည် ခြေဖျားထောက်ပြီး အိမ်ထဲသို့ ဝင်သွားလေ၏ ။ တင်မေသည် တစောင်း အိပ်နေလေ၏ ။ “ လန့်ပြီး အော်ထုတ်လေမည်လား ” ဟု ဘိုးထွန်းသည် ကြောက်မိ၏ ။ စိတ်ကိုတင်းကာ -

“ မတင်မေ မတင်မေ ” ဟု ခေါ်၏ ။

“ ဘာလဲ ၊ ဘယ်သူလဲ ” ဟု မျက်စိ မဖွင့်ဘဲ ထူး၏ ။

“ ငါပါကွ ၊ ထပါဦး ” ဟု ချွဲ၏ ။

“ အို .. ကိုဘိုးထွန်းလား ၊ မလာခဲ့နဲ့ ” ဟု ငေါက်၏ ။

“ အို .. ပြောတာ နားထောင်ပါဦးကွာ ”

“ နားမထောင်ဘူး ” ဟု ပြောပြီး မျက်စောင်းထိုး ကြည့်၏ ။

ဘိုးထွန်းသည် တင်မေ့ အနား၌ ထိုင်၏ ။

“ ငါ မှားပါတယ် မတင်မေရယ် ၊ ငါ့အပြစ်ပါပဲ ။ အခု ငါ ငွေရှာထား ပြီးပါပြီ ၊ မင်း ဖောဖောသီသီ သုံးနိုင်အောင် ငါလုပ်ပါ့မယ် ၊ ငါ့အမေ လယ်တောကို ပေါင်ပြီး မင်းလိုသလောက် ငွေကို ပေးပါ့မယ် ။ ပြီးတော့ နောင်လည်းပဲ ဖောဖောသီသီ သုံးရအောင် ငါ ကိုးတန်းစာမေးပွဲ ဝင်ပါ့မယ် ။ စကင်ဒရီစာမေးပွဲလည်း ဝင်မယ် ၊ သည်တော့ လခလည်း ငါးဆယ်ရမှာ ကွဲ့ ။ အို မတင်မေ လိုက်ခဲ့ပါနော် ”

“ လိုက်ဘူး ”

“ အဟုတ်လား ” ဆိုသံ ကြားပြီးနောက် တင်မေ၏ တစ်ကိုယ်လုံးသည် ဘိုးထွန်း၏ လက်မောင်းတွင်းသို့ ရောက်သွားလေ၏ ။

“ လိုက်မှာ မဟုတ်လား ”

တင်မေ က ပြုံးလေသည် ။

အနာဂတ် အဖို့၌ ဘိုးထွန်းသည် တင်မေ ထွက်သွားမည်ကို စိုးလှ၍ တင်မေ့ အကြိုက် ကိုသာ လုပ် ၊ တင်မေ့ စကားကိုသာ နားထောင်သဖြင့် “ မိန်းမကြောက် ” ဟု အခေါ်ခံရလေသတည်း ။

〇 သိန်းနေနွယ်
📖ဒီးဒုတ်သတင်းစာ
     အတွဲ - ၁၂ ၊ အမှတ် - ၁၆
     ၄ ဇန်နဝါရီ ၁၉၃၆ ။

No comments:

Post a Comment