Monday, July 21, 2025

အကြံကောင်း၍သာ

 

❝ အကြံကောင်း၍သာ ❞
           ( ပုံပြင် )
        
တစ်နေ့တွင် ဆင်းရဲသား တစ်ယောက်သည် သူ၏ လယ်ကွင်းထဲတွင် တွင်းတစ်ခုကို တူးရာ တူရွင်းသည် သံသေတ္တာ တစ်လုံးကို တူးမိလေ၏ ။ ဆင်းရဲသားသည် သံသေတ္တာကို တွင်းထဲမှ ဆွဲထုတ်ကြည့်သည်တွင် သံသေတ္တာထဲ၌ ရွှေငွေများနှင့် ကျောက်မျက်ရတနာများ ဖြင့် ပြည့်နေသည်ကို တွေ့ရလေ၏ ။

ထိုလူဆင်းရဲသည် နေ့အချိန်တွင် သံသေတ္တာကို မူမပျက်ပြန်ထားပြီး ညရောက်မှ သူ့မယားနှင့် အတူ အိမ်သို့ သယ်၍ ယူခဲ့လေ၏ ။

“ ငါတို့ ကံကောင်းလို့ ဒီပစ္စည်းရတနာတွေကို ရတာပဲ ၊ ဒါတွေကို ဘယ်မှာ ဝှက်ထားကြမလဲ ၊ တကယ်လို့ ဘုရင်မင်းမြတ် ကြားသွားရင်တော့ ဒီပစ္စည်းတွေကို သိမ်းယူမှာသေချာ တယ် ”

ဆင်းရဲသားသည် ရတနာပစ္စည်းတွေကို ကြည့်ကာ ခုလို စိုးရိမ်မကင်းသော အမူအရာ နှင့်ပြောလေ၏ ။

“ လွယ်ပါတယ်ရှင် ၊ အိမ်အောက်မှာ မြှုပ်ထားလိုက်ရင် ပြီးတာပဲ ၊ ဘယ်သူ သိနိုင်မှာလဲ ”

မယားဖြစ်သူ အကြံပေးသည့် အတိုင်း ဆင်းရဲသားသည် ရွှေငွေနှင့် ကျောက်မျက်ရတနာတွေ ထည့်ထားသည့် သံသေတ္တာကို အိမ်အောက်တွင် မြှုပ်၍ ထားလိုက်လေ၏ ။

ဆင်းရဲသား၏ မယားသည် ရွှေငွေတွေ နှင့် ကျောက်မျက်ရတနာတွေ ကို ရသဖြင့် အထူး ဝမ်းသာ၍ နေလေ၏ ။ သို့ရာတွင် လင်ဖြစ်သူ ဆင်းရဲသား ခမျာမှာမူ သူ့မယား၏ နှုတ်ကမြင်းပုံကို သိရှိထား၍ သူမ ရေခပ်သွား နေစဉ်တွင် ဟိုတွေးဒီတွေး တွေးကာ စိုးရိမ်မကင်း ဖြစ်၍ နေရှာလေ၏ ။

“ ဒီမိန်းမက သိပ်စကားများတာ ၊ တကယ်လို့ ရေခပ်သွားရာတွင် တစ်ဦးတစ်ယောက်
နှင့် တွေ့ပြီး ပြောကုန်ရင်ဖြင့် ငါတို့ လျှို့ဝှက်ချက်ကို လူတွေ သိကုန်တော့မှာပဲ ”

ထိုသို့ သူ့ကိုယ်သူ ပြောပြီး ဆင်းရဲသားသည် မယား ဖြစ်သူ ရေခပ်ရာက ပြန်မလာမီ မှာပင် အိမ်အောက်တွင် မြှုပ်ထားသော သံသေတ္တာကို တူးဖော်ပြီး လယ်ကွင်းထဲသို့ သွား၍ မြှုပ်ထားလိုက်လေ၏ ။ ထို့နောက် သူဆင်းရဲသည် မယားဖြစ်သူ ရေခပ်ရာက ပြန်လာသောအခါတွင် အကြောင်း တစ်စုံတစ်ရာကြောင့် ဝမ်းသာသည့် အသွင်ဖြင့် ...

“ ငါတို့ တောထဲသွားပြီး ငါးဖမ်းကြရအောင် ၊ တောထဲမှာ ငါးတွေ အများကြီးရှိတယ်လို့ ကြားထားတယ် ”

“ ဘာပြောတယ်ရှင့် ၊ တောထဲသွားပြီး ငါးဖမ်းကြမယ် ဟုတ်လား ”

“ အေး ၊ ဟုတ်တယ် ၊ နက်ဖြန်ကျတော့ ရှင်မ တွေ့ရမှာပေါ့ ။ တောထဲမှာ ငါးရှိတယ် ဆိုတာ ”

နောက်တစ်နေ့ နံနက်တွင် ဆင်းရဲသားသည် အိပ်ရာ မှ အစောကြီး ထကာ ဘုရင့် ရေကန်ထဲမှ ငါးခိုးဖမ်းသည့် တံငါသည် ထံသို့ သွားပြီး ငါးအချို့ကို ဝယ်ယူလေ၏ ။ မုန့်ဖုတ်သူ ထံမှလည်း ကိတ်မုန့် ၁၂ - လုံးကို ဝယ်ယူခဲ့လေ၏ ။ အပြန်လမ်းတွင် ယုန်တစ်ကောင်ကို တွေ့၍ ဆင်းရဲသားသည် သ,တ်၍ ယူခဲ့သေး၏ ။

ဆင်းရဲသားသည် ထိုအရာများကို ယူသွားပြီး ငါးများကို တောထဲမှ နေရာ တစ်ခုတွင် ချထားခဲ့ကာ ကိတ်မုန့်များကို အခြား တစ်နေရာမှ သစ်ပင်၏ အကိုင်းများတွင် ချိတ်ဆွဲထားခဲ့လေ၏ ။ သ,တ်၍ ယူခဲ့သည့် ယုန်သေ ကိုမူ ငါးမျှားချိတ်ကြီးကြီး တစ်ခုတွင် ချိတ်ဆွဲကာ တော အနီးရှိ မြစ်ထဲတွင် ချထားခဲ့လေ၏ ။

သို့ပြုလုပ်ပြီးနောက် ဆင်းရဲသားသည် အိမ်သို့ ပြန်လာကာ မူမပျက် နေပြီး နံနက် မိုးသောက်သောအခါတွင် မယား ဖြစ်သူကို ခေါ်ကာ သူ နံနက်စောစောက သွားခဲ့သည့် လမ်းအတိုင်း တောထဲသို့ ထွက်၍လာခဲ့လေ၏ ။ တောထဲသို့ ရောက်သည်တွင် ဆင်းရဲသား၏ မယားသည် ငါးအချို့ကို မြေကြီးပေါ်တွင် တွေ့ရ၍ လွန်စွာအံ့ဩမိရှာလေ၏ ။ ငါးများကို ကောက်ယူကာ ရှေ့သို့ဆက်၍ လာခဲ့ကြသည်တွင် သစ်ပင်ပေါ်မှ သစ်ကိုင်းများတွင် ချိတ်ဆွဲနေသော ကိတ်မုန့်များကို တွေ့ရ၍ ...

“ ဟိုမှာကြည့်စမ်း ၊ ကိတ်မုန့်တွေ သစ်ကိုင်းပေါ်မှာ ချိတ်တင်နေကြတယ် ”

မယားဖြစ်သူက လွန်စွာ အံ့သြ၍ နေသော်လည်း လင်ဖြစ်သူ ဆင်းရဲသားကမူ မထူး ဆန်းလှသည့် အသွင်ဖြင့် ဤသို့ ပြန်လည်ပြောဆိုလေ၏ ။

“ ဒါ အဆန်းမှတ်လို့ ၊ မုန့်မုန်တိုင်းမိုး ရွာလို့ ဒီသစ်ပင် ပေါ်မှာ တချို့တလေ ချိတ်ကျန်ခဲ့တာပေါ့ ”

ထို့နောက် သူတို့သည် သစ်ကိုင်းမှ ကိတ်မုန့်များကို ဖြုတ်ယူကာ ရှေ့သို့ဆက်၍ သွားကြသည်တွင် တောင်အနီးရှိ မြစ်ကမ်းသို့ ရောက်၍ လာကြလေ၏ ။

“ နေဦးဟေ့ ၊ ငါ မျှားထားခဲ့တဲ့ ငါးမျှားချိတ်မှာ ဘာကောင် မိသလဲ ဆိုတာ ကြည့်ခဲ့ဦးမယ် ”

ဆင်းရဲသားသည် ငါးမျှားချိတ်ကြိုးကို ဆွဲယူလိုက်ရာ ယုန်ကြီး တစ်ကောင် ငါးမျှား ချိတ်တွင် မိ၍ ပါလာသည်ကို တွေ့ရသဖြင့် မယား ဖြစ်သူ ခမျာမှာ လွန်စွာအံ့ဩသွားကာ ...

“ ဟယ် ... ဘယ်လောက် ထူးဆန်းသလဲ ၊ မြစ်ထဲ ငါးမျှားတာ ယုန်ကြီး တစ်ကောင် မိလာတယ် ”

သို့ရာတွင် လင်ဖြစ်သူ ဆင်းရဲသားကမူ ဘာမျှ မထူးလှ သကဲ့သို့ အေးအေးပင် ပြန်၍ ပြောဆိုလေ၏ ။

“ ဒါ ... မထူးဆန်းပါဘူး ၊ ရေထဲမှာ ယုန်များလည်း နေကြတယ်ဆိုတာ ရှင်မ မတွေ့ဖူးလို့လား ”

“ ဟင့်အင်း ၊ ကျွန်မတော့ တကယ်ပဲ ရေထဲနေတဲ့ ယုန် ရှိတယ်ဆိုတာ ကြားတောင် မကြားဖူးပါဘူး ”

ထို့နောက် ဆင်းရဲသား လင်မယားသည် အိမ်သို့ပြန်လာကာ တောထဲမှ ရလာသော ငါး နှင့် မြစ်ထဲမှ ရလာသော ယုန်သားကို ကောင်းမွန်စွာ ချက်ပြုတ်စားသောက်ကြလေ၏ ။

နောက်ရက်တွင် လူ အများသည် ဆင်းရဲသား တွေးထင်ခဲ့သည့် အတိုင်း သူ ကျောက်မျက်ရတနာ နှင့် ရွှေငွေများ ရထားသည့် အကြောင်းကို ဟိုးလေးတကြော် ပြောဆို၍နေကြလေ၏ ။ ထိုနှင့် မရှေးမနှောင်းမှာပင် ဘုရင့်နန်းတော်က စေတမန် လွှတ်ကာ ဆင်းရဲသားအား ဆင့်ခေါ်လေတော့၏ ။ သို့ဖြစ်ရခြင်းအတွက် ဆင်းရဲသားသည် သူ တွေးထားသည့်အတိုင်း ဖြစ်လာခြင်းဖြစ်၍ ထူးဆန်းသည်ဟု မထင်မိရှာပေ ။

နန်းတော်သို့ ရောက်သည် တွင် ဆင်းရဲသားသည် ဘုရင့်ရှေ့တော်၌ သူ့မယား လည်း ရောက်နေနှင့်သည်ကို တွေ့ရလေ၏ ။ ဆင်းရဲသား ရှေ့တော်သို့ ရောက်ကြောင်း သိရသည်တွင် ရှင်ဘုရင်က ဤသို့မေးလေ၏ ။

“ အသင်ဆင်းရဲသားသည် ရွှေငွေ နှင့် ကျောက်မျက်ရတနာများ ရထားသည်ဟု ကြားရသည် ၊ အမှန်ပဲ မဟုတ်လား ”

ဘုရင့် အမေးစကားကို ကြားရသော ဆင်းရဲသားသည် ထူးဆန်းအံ့ဩလှသော ဟန်ပန်ဖြင့် ...

“ မဟုတ်ကြောင်းပါ ”

“ ဒါပေမယ့် အသင့် မိန်းမကတော့ အမှန်ပဲလို့ ပြောနေပါလား ”

“ ကျွန်တော်မျိုး မယား ရူးနေရှာပါသည် ၊ သနားစရာကောင်းသော မိန်းမပါ ၊ သူမ ဘာပြောသည် ဆိုတာကိုပင် သူမ မသိရှာပါ ”

ဆင်းရဲသား၏ စကားကို ကြားရသည်တွင် မယား ဖြစ်သူသည် စိတ်မာန်ဆိုးကာ ဤသို့ အော်ဟစ်၍ လျှောက်တင်လေ၏ ။

“ ကျွန်တော်မ ယောက်ျား ရွှေငွေနှင့် ကျောက်မျက်ရတနာသေတ္တာကို ရထားသည်မှာ အမှန် ဖြစ်ပါသည် ။ ထိုသေတ္တာကို အိမ်အောက်မှာ မြှုပ်၍ ထားပါသည် ”

“ သင့် ယောက်ျား ၊ ရတနာများကို ဘယ်တော့ တွေ့ခဲ့သလဲ ”

“ တစ်နေ့ညနေက သူ တောထဲသို့ ငါးသွားရှာရင်း တွေ့ခဲ့ခြင်းဖြစ်ပါသည် ”

“ သင် ဘာတွေ မဟုတ်မဟပ် ပြောနေသလဲ ”

“ ကျွန်တော်မ အမှန်ကို လျှောက်တင်နေပါသည် ။ ထိုရတနာများ တွေ့ပြီး ညတွင် ကိတ်မုန့်မုန်တိုင်းမိုးလည်း ရွာပါသည် ။ နောက်နေ့ တောထဲသို့ ငါးရှာသွားရာတွင် ကျွန်တော်မတို့ ကိတ်မုန့် ၁၂ - လုံးကိုပင် သစ်ကိုင်းမှ ရခဲ့ပါသေးသည် ။ ထို့နောက် ကျွန်တော်မ ယောက်ျားသည် တော အနီးမှ မြစ်ထဲက ယုန်တစ်ကောင်ကိုလည်း ငါးမျှားချိတ်နှင့် မျှားယူ၍ ရခဲ့ပါသေးသည် ”

ဆင်းရဲသားမယား၏ စကားအဆုံးတွင် ဘုရင်က ...

“ ဤမိန်းမ ရူးနေသည်မှာ အမှန်ဖြစ်ကြောင်း သူ့စကားအရ သိရပြီ ၊ သို့သော် တာဝန်ရှိသည့်အတိုင်း ဆင်းရဲသား၏ အိမ်အောက်သို့ သွားပြီး ရှာဖွေကြရဦးမည် ”

အစေအပါးတို့သည် ဘုရင့်အမိန့်အတိုင်း ဆင်းရဲသား၏ အိမ်အောက်သို့ သွားကာ တူးဆွရှာဖွေကြလေ၏ ။ သို့ရာတွင် သူတို့သည် ဘာမျှ မတွေ့ရ၍ အကြောင်းစုံကို ဘုရင်အား ပြန်လည် လျှောက်တင်ကြလေ၏ ။

သို့ဖြင့် ဆင်းရဲသားသည် သူရထားသော ပစ္စည်းရတနာများကို သူ၏ ကောင်းသော အကြံအစည်တို့ဖြင့် ကာကွယ်ထိန်းသိမ်းထားနိုင်ခဲ့လေ၏ ။

⎕ ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ ဩဂုတ်

No comments:

Post a Comment