Sunday, July 13, 2025

နှစ်သိမ့်မှုပေးရန် နှိုးဆွခြင်း


 

❝ နှစ်သိမ့်မှုပေးရန် နှိုးဆွခြင်း ❞

စာရေးဖို့ ကြိုးစားနေကြတဲ့ ညီ ၊ ညီမများအတွက် အိုကလာဟိုးမား တက္ကသိုလ်က အကြီးတန်းပါမောက္ခကြီး တစ်ဦးဖြစ်တဲ့ လေမက်ဒီဆင်ဒေးဗစ် ရဲ့ စာပေဆောင်းပါး တစ်ပုဒ်ကို တင်ပြပေးချင်ပါတယ် ။

ဆရာကြီးက Professional Writing Program ဆိုင်ရာ ပါမောက္ခ ဖြစ်ပြီး သူ ရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက The murder offrau schitz ဝတ္ထု ဆိုရင် အဂ္ဂါအယ်လင်ပိုး စာပေဆု ဆန်ခါတင် အရွေးခံရတဲ့ အထိ အောင်မြင်မှုရခဲ့ဖူးသူပါ ။ Red Knight စုံထောက်ဝတ္ထု အပါအဝင် ဝတ္ထုပေါင်းများစွာ ရေးသား ခဲ့ပြီး ဝတ္ထုမဟုတ်တဲ့ စာအုပ် ( ဆောင်းပါး ) တွေလည်း ရေးသားထုတ်ဝေခဲ့ရာမှာ တွိန်းစာအုပ်တိုက်က ထုတ်ဝေခဲ့တဲ့ Dick Francis နဲ့ မစ္စစ္စပီ တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့တဲ့ Conversation with Rovertson Davies တို့ လည်း အပါအဝင် ဖြစ်ပါတယ် ။

••••• ••••• •••••

ပထမဆုံးအကြိမ် ရေးသား ပုံနှိပ်ထုတ်ဝေကြတဲ့ ဝတ္ထုရေးဆရာတွေမှာ အမှားတွေ အများကြီး ပါကြတာ သဘာဝကျပါတယ် ။ ဒါပေမဲ့ ကျွန်တော် သတိထား ဖတ်မိတဲ့ အချက်က စာရေးနည်း အတတ်ပညာကို သိသင့်ပါရက်နဲ့ သတိမမူကြဘဲ ဝတ္ထုဇာတ်လမ်း နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စောစောစီးစီး ချရေးပြတတ်ခြင်းပါပဲ ။

ခလုတ်တစ်ချက် နှိပ်လိုက်ရုံ နဲ့ ဖျော်ဖြေရေးကို အဆင်သင့် ရနိုင်ပြီး ချက်ချင်း လက်ငင်း စိတ် ကျေနပ်မှုရစေနိုင်တဲ့ ကျွန်တော်တို့ ခေတ်မှာ စာရေးချင်တဲ့ ဆန္ဒ ပြင်းပြနေသူတိုင်းက ဘယ်လို နားလည် ထားသလဲဆိုတော့ ဝတ္ထု စဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တာလွှတ်လိုက်တဲ့ ပြိုင်မြင်းများ လို တစ်ဟုန်ထိုး ပြေးရတော့မယ်လို့ သဘောပေါက် နေကြတယ် ။

ဗီရို ဖွင့်လိုက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ ရုပ်အလောင်းကောင်ကြီး ထွက်ကျလာမယ် ။ ခင်ပွန်းသည်ရဲ့ အင်္ကျီအိတ်ထဲက တခြား အမျိုးသမီးတစ်ယောက် ရဲ့ ဖုန်းနံပါတ်ရေး ထားတဲ့ စာရွက်တစ်ရွက် ရုတ်တရက် ရှာတွေ့ မယ် ။ ဒါမှမဟုတ် သွေးစုပ်ဖုတ်ကောင်ကြီးက သူ လဲလျောင်းနေတဲ့ ကျောက်သားခေါင်းကြီးထဲက ထလာမယ် ။ ဒီလိုမျိုး ဝတ္ထုအဖွင့်တွေ ဟာ စာဖတ်ပရိသတ်ရဲ့ ရင်ကို ရုတ်တရက် စွဲငြိသွားစေမယ်လို့ ခံယူထားကြတယ် ။ အနည်းဆုံး တဒင်္ဂတော့ စိတ်ဝင်စား သွားမယ်ပေါ့လေ ။

ဒါပေမဲ့ စာဖတ်သူကို အဲဒီလို ဆွဲဆောင်လိုက်ပြီး စာဖတ်သူက စိတ်ဝင်စားလာချိန်မှာ အရေးအသား တော်တော်ကောင်းတဲ့ စာရေးဆရာများက ရုတ်တရက် ချက်ချင်းဆိုသလိုပဲ လှုပ်ရှားမှုများ ကို နှေးကွေးပစ်လိုက်ပြီး အချက်အလက် အကြောင်းအရာတွေကို မပြောသင့် သေးတဲ့အချိန်မှာ အစောကြီး ပြော ၊ အများကြီး ပြောချ ပစ်လိုက်ကြတော့ တာပါပဲ ။ ဇာတ်ကောင်စရိုက် အသေးစိတ် ၊ နောက်ကြောင်း ကိုယ်ရေးရာဇဝင်တို့ကို လက်ရှိ အခြေအနေမှာ မဖော်ပြသေးဘဲ ဇာတ်ရှိန်မြင့်လာတဲ့ အချိန်မှာ တဖြည်းဖြည်း ဖော်ပြသွားရမယ့် အစား ချက်ချင်းကြီး ဖော်လိုက်တော့ ကိုယ် ဆက်ပြီး ရေးရတော့မယ့် အဓိက ဇာတ်အိမ်ရဲ့ အကျဉ်းချုပ်ကို ဖော်ပြလိုက်သလို ဖြစ်သွားပါတယ် ။

ဝတ္ထုတစ်ပုဒ်ရဲ့ လျှို့ဝှက် ထားရမယ့် အချက်တွေကို အကျဉ်းချုပ် ရေးပြလိုက်ပြီးတော့မှ ဒီဝတ္ထုကို ဘယ်လိုဆက် ရေးတော့မှာလဲ ။ ဆက် ရေးနေရင်လည်း ပြောပြီးသား အကျဉ်းချုပ် ကို အကျယ်ချဲ့ ရေးနေတာပဲ ဖြစ်တဲ့ အတွက် စာဖတ်သူကို တရွတ်တိုက် ဆွဲခေါ်သွားသလို ဖြစ်နေပါတော့မယ် ။ စာဖတ်သူအတွက် ရှေ့ဆက်ဖတ်လို့ ဘာမှ အံ့ဩစရာ မရှိတော့ သလို စိတ်ကြည်နူးစရာ လည်း ရစရာအကြောင်း မရှိတော့ပါဘူး ။

ဥပမာ တစ်ခု ကျွန်တော် တို့ ကြည့်ရအောင် ။ ကျွန်တော့်ကို တစ်ခါတုန်းက လေယာဉ်တင်သင်္ဘောပေါ် က လေယာဉ်မောင်းသမား ဘော့ ( ပ် ) အကြောင်းရေး ထားတဲ့ စာမူတစ်ပုဒ် ဖတ်ခိုင်းပါတယ် ။ အဖွင့်က သိပ် ကောင်းတယ် ။ ဘော့ ( ပ် ) က သူ့လေယာဉ်ကို သင်္ဘောပေါ် ဆင်းနိုင်ဖို့ ကြိုးစားနေတယ် ။ သင်္ဘောကြီးကလည်း လှိုင်းတွေ လေတွေ ထန်နေတာကြောင့် လိမ့်နေတယ် ။ ဆင်းဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့တာကြောင့် လေယာဉ်မှာ ဆီကလည်း တော်တော် နည်းနေပြီ ။ သင်္ဘောသားတွေက သူ ဆင်းလို့ရအောင် သင်္ဘောပေါ် မှာ သံမဏိ ပိုက်ကွန်တွေ ဖြန့် ခင်းပေးဖို့ စီစဉ်နေကြပြီ ။ ဒီလိုဆင်းရင် အန္တရာယ်များတာ အမှန်ပဲ ။ အဖိုးတန် ဂျက်လေယာဉ် ထိခိုက် ပျက်စီးနိုင်တယ် ။ ဒါကြောင့် လေယာဉ်မှူးအနေနဲ့ အများကြီး တွက်ရတယ် ။ တွက်နိုင်မှလည်း သူ့အနေနဲ့ ဒဏ်ရာ အနာတရ ဖြစ်မယ့် ဘေး က လွတ်နိုင်မယ် ။ ဂျက်လေယာဉ်တစ်စင်း ပျက်စီးသွားနိုင်မယ့် အခြေအနေ ၊ လူ တစ်ယောက် ဘေးအန္တရာယ် ကြုံ နေရတယ် ။ ဒါတွေဟာ စာဖတ်သူအတွက် တစ်ခါမျှ မကြုံဖူးသေးတဲ့ အခြေအနေတွေမို့ ဇာတ် အဖွင့်ဟာ စိတ်ဝင်စားစရာ ကောင်းနေပြီ ။ အချိန်က တစ်စတစ်စ ကုန်လာပြီဆိုတော့ စာဖတ်သူ လည်း ရင်ခုန်သံမြန်လာမယ် ။

စက်မှုအခြေအနေဘက်က ပြန်သုံးသပ်ကြည့်မယ် ဆိုရင် စာဖတ်သူ တော်တော်များများ မသိနိုင်တဲ့ အခြေအနေ တွေ သိခွင့်ရစေတယ် ။ ဥပမာအားဖြင့် လေယာဉ်တင် သင်္ဘောတစ်စီးပေါ်ကို လေယာဉ်တစ်စီး ဘေးအန္တရာယ် မရှိဘဲ ဆင်းသက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားရတယ် ဆိုတာရယ် ၊ တကယ်လို့ လှိုင်းလေတွေ နဲ့ ကြုံလာရင် ခုလို သံမဏိပိုက်ကွန် ခင်း ပေးရတယ်ဆိုတဲ့ အချက်တွေကို သိလာစေပါတယ် ။ ပြီးတော့ စာရေးတဲ့သူရေးပြ နေတာ က F - 15 လေယာဉ်တစ်စင်း ကောင်းကင် ကနေ တံဆိပ်ခေါင်းကလေး တစ်ခုလို ပျံဝဲ ကျ လာ သလိုမျိုး ဖြစ်နေတော့ စာဖတ်ရင်းနဲ့ပဲ အသည်း တထိတ်ထိတ် ၊ ရင် တဖိုဖို နဲ့ လေယာဉ်မှူး ဘော့ ( ပ် ) နဲ့ အတူ ခြေဖျားလက်ဖျား အေးလာစေနိုင်ပါတယ် ။

ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက စာရေးသူဟာ လေယာဉ်မှူး ဘော့ ( ပ် ) က သင်္ဘောပေါ် မှာ သံမဏိပိုက်ကွန် မခင်းဘဲ နောက်ဆုံးအကြိမ် အနေ နဲ့ ဆင်းသက်ကြည့်ဖို့ ကြိုးစားနေစဉ် ကာလအတွင်းမှာ ကြားဖြတ်ပြီး သူ့ဘဝ နောက်ကြောင်းပြန် အဖြစ်အပျက် အစအဆုံးကို ချရေးပြ လိုက်ခြင်းပါပဲ ။ ရေးလိုက်သမှ ဘဝရဲ့ တစ်စိတ်တစ်ဒေသ တောင် မဟုတ်ဘူး ။ သူ့ဘဝ အစအဆုံးကို ချရေးပစ်လိုက်တာပါ ။

ဘော့ ( ပ် ) တို့ က မျိုးရိုး အလိုက် စစ်မှုထမ်းခဲ့ကြသူတွေ ။ သူ့အဖေ ဆိုရင် သူရဲကောင်းတံဆိပ် တောင် ရခဲ့တဲ့ စစ်သည်တော် ဖြစ်တယ် ။ ဘော့ ( ပ် ) က ဗီယက်နမ် စစ်မြေပြင်မှာ အမှုထမ်းချင်ပေမယ့် လူကြီးတွေက သူ့ ကို မြေထဲပင်လယ်ဘက် တာဝန်ချထားတယ် ။ ဘော့ ( ပ် ) ရဲ့ ရည်းစား က လည်း ဘော့ ( ပ် ) ကို ပစ်ပယ်သွားတယ် ။ သူငယ်ချင်း တစ်ယောက် က အကျင့်စာရိတ္တ ပျက်ပြားလို့ အရေးယူ ခံထားရတယ် ။ ဘော့ ( ပ် ) မှာ တစ်ချိန်တုန်း က သိပ်ချစ်စရာကောင်းတဲ့ ခွေးကလေး ရစ်ကင်ဘက်ကာ ရှိခဲ့ဖူးပေမယ့် ထရပ်ကားတစ်စီးနဲ့ တိုက်ခံရလို့ သေသွားရှာတယ် ။ အဲဒီလို အသေးစိတ် အချက်အလက်တွေနဲ့ နောက်ကြောင်းပြန် ထားတာ စာမျက်နှာ ဒါဇင်ဝက်လောက် ရှိတယ် ။ နောက်ဆုံး လေယာဉ်မှူးက အရှိန်လျှော့ ပြီး သင်္ဘောပေါ်ဆင်းလိုက်ချိန် မှာ စာဖတ်သူရဲ့ စိတ်ဝင်စားမှုက သူ့လေယာဉ်နဲ့ အတူ မရှိတော့ဘဲ လေထီးနဲ့ သမုဒ္ဒရာထဲ ခုန်ဆင်းသွားပြီ ။

ကိုင်း ... ဘာမှားသွားသလဲ ။ စာရေးသူတစ်ယောက် အနေ နဲ့ ကိုယ့်ဇာတ်ကောင်အကြောင်း ပြည့်ပြည့်စုံစုံ သိရမယ်ဆိုတဲ့ အချက်နဲ့လည်း ကိုက်ညီတယ် ။ စာဖတ်သူ ပြည့်ပြည့်စုံစုံ သိပါစေ ဆိုတာနဲ့ လည်း ကိုက်ညီပါတယ် ။ ကျွန်တော် သုံးသပ်မိတာ ပြောရရင် ပထမအချက် က စာရေးနည်း ဥပဒေသ ဟောင်း တစ်ခု ဖြစ်တဲ့ “ ပြပါ ၊ မပြောနဲ့ ” ဆိုတဲ့ အချက်ကို ချိုးဖောက် ထားတယ် ။

ဒါပေမဲ့ အဲဒီထက် အရေးကြီးတဲ့ အမှားက စာရေးသူဟာ သူ့ဇာတ်ကောင် ဘော့ ( ပ် ) ကြုံတွေ့ နေရတဲ့ သေရေးရှင်ရေး ပြဿနာတွေကို ပိုမို လေးနက်စေချင်တဲ့ သဘောနဲ့ ဘော့ ( ပ် ) ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေကို မပြောသင့်တဲ့ အချိန်မှာ စာဖတ်သူကို ပြောပြလိုက်ခြင်းပါပဲ ။

စာဖတ်သူတစ်ယောက် အနေနဲ့ ဘော့ ( ပ် ) နေရာ မှာ ရောက်နေပြီး ဘယ်လို ခံစားနေရမယ် ဆိုတာကို စာရေးသူက မေ့သွားတယ် ။ နောက်ကြောင်း ရာဇဝင် အသေးစိတ်တွေ ပြောနေတာက စာဖတ်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ။ ဘော့ ( ပ် ) က ကွယ်လွန်သူ သူ့အဖေ ကို တမ်းတပြီး စကားပြောမယ် ။ သူ့ကလေးတွေ ဓာတ်ပုံ ကြည့်မယ် ။

တကယ်တော့ လက်ရှိ ကြုံတွေ့ နေရတဲ့ အခက်အခဲ အချိန်မှာ စာဖတ်သူက ဘော့ ( ပ် ) အဖေ ဘယ်လို သေသွား ခဲ့တယ် ။ ဘော့( ပ် ) ရဲ့ ကလေးတွေ နာမည်က ဘယ်သူတွေလဲ ။ ဒါတွေကို စာဖတ် ပရိသတ်က ဒီအချိန်မှာ သိဖို့ မလိုသေးဘူး ။ သိလည်း မသိချင်သေးဘူး ။ ဘော့ ( ပ် ) လေယာဉ်တင် သင်္ဘောကြီးပေါ်ကို ဘေးမသီရန် မခဘဲ ဆင်းလိုက်နိုင်တဲ့ တိုင်အောင် စာဖတ်ပရိသတ်က သူနဲ့ ပတ်သက်ပြီး သိချင်တာတွေ အများကြီး ရှိနေသေးတယ် ။ ဒါလောက် သတ္တိကောင်းတဲ့ လေယာဉ်မှူးဟာ ဘယ်သူလဲ ။ သူက ဘာကြောင့် ကွယ်လွန်ပြီးဖြစ်တဲ့ သူ့အဖေကို လှမ်း တိုင်တည်စကား ပြောရတာလဲ ။ ဓာတ်ပုံထဲက ကလေးတွေက ဘယ်သူတွေလဲ ။ စာဖတ်သူရဲ့စိတ်ထဲမှာ အဲဒီလို သိချင်လာ အောင်လို့ စာရေးဆရာက ညင်သာသိမ်မွေ့စွာနဲ့ ဆွပေးထားရမယ် ။ ဒီလိုမဟုတ်ဘဲ ရိုးရိုးစင်းစင်းကြီး ချရေးပြထားလိုက်ရင် စာဖတ်သူက ရှေ့ဆက် ဖတ်ချင်စိတ်ရှိဖို့ရာ သိပ် နည်းသွားပြီ ။

နောက်ထပ် ပေးချင်တဲ့ ဥပမာ တစ်ခုတော့ ကျွန်တော့် တပည့်မကလေး တစ်ယောက် ရေးထားတဲ့ ဝတ္ထုပါ ။ ဇာတ် ဖွင့်ဖွင့်ချင်း ကလေးမလေးက သူ့ မိခင်အပေါ် သစ္စာမဲ့တဲ့ ဖခင်ကို ပစ်သ,တ် လိုက်ပါတယ် ။ ဒုတိယ အခန်းကျတော့ သူက ဆယ်စုနှစ် တစ်ခု ကျော် ပစ်လိုက်ပြီး အမျိုးသမီး ဇာတ်ကောင်ကလေး အဲလစ် မိန်းမရွယ်ဘဝ ရောက်သွားတယ် ။ ဒီ ကာလတွေ အတွင်းမှာ ငယ်ငယ်တုန်းက သူ ကျူးလွန်လိုက်မိတဲ့ ပြစ်မှု အရိပ်မည်းကြီးက သူ့ နှလုံးသားမှာ စွန်းထင်း နေပါတော့တယ် ။

ကိုင်း ... ဒီတော့ ပြဿနာက ဘာလဲ ။ ဝတ္ထု ဖွင့်ဖွင့်ချင်း မိန်းကလေး တစ်ယောက်က အဖေကို ပစ်သ,တ်လိုက်တယ်ဆိုတာ ရေးပြခဲ့တဲ့ အတွက် မြန်လွန်း အားကြီးသွားတယ် ။ စာဖတ်သူရဲ့ ရှေ့ဆက် ဖတ်ချင်စိတ် နည်း သွားပြီ ။ အဲလစ် ရဲ့ အဖေ နဲ့ အမေ ရဲ့ ဆက်ဆံမှု အခြေအနေကိုလည်း စိတ်ဝင်စားမှ ဝင်စားတော့မယ် ။ အဲဒီတော့ ဒီဝတ္ထုမှာ အပြောက နည်းပြီး အပြက များသွားပြန်တယ် ။

ပြဿနာက ဘယ်မှာ စသလဲဆိုတော့ ဒုတိယ နဲ့ တတိယ အခန်းတွေကျမှ စတယ် ။ အဲဒီကျတော့မှ သူက အဖေ နဲ့ အမေ ကိစ္စကို နောက်ကြောင်းပြန်ထားတယ် ။ အဲဒီမှာ တစ်ကြိမ် စာဖတ်သူကို နှိုးဆွပေးရမယ့် အချက်နဲ့ ကျေနပ်နှစ်သိမ့်မှု ရစေမယ့် အချက်တွေက ကွယ်ပျောက်သွား ပြန်ရော ။ စာဖတ်သူက ဒီမိန်းကလေး ဘာကြောင့် သူ့အဖေကို ပစ်တာလဲဆိုတာ ရှာဖွေ ဖတ်ရှုရင်းနဲ့ စိတ်ဝင်စားမှု ရှိရမှာကို သူက ဖော်ပေးလိုက်သလို ဖြစ်သွားတယ် ။

နောက်တစ်ကြိမ် အဲလစ် နဲ့ စာဖတ်သူ ပြန်ဆုံပေးတော့ အဲလစ် က အတိတ်က အရိပ်တွေကြောင့် စိတ္တဇဝေဒနာ ခံစားနေရတယ် ။ သွက်သွက်ခါ မဟုတ်ပေမယ့် သူ့ အပြုအမူတွေက ထူးခြားနေတယ် ။ ဒါကို သူမရဲ့ဘဝထဲ ဝင်လာတဲ့ မိုက် ( ခ် ) က ကုစား ပေးချင်တယ် ။ ဒီအထိ ကောင်းပါတယ် ။ ဒါပေမဲ့ စာဖတ်သူ အတွက် ရှာဖွေသိချင်စရာ အချက်အလက် ဘာပါတော့လို့လဲ ။ မိုက် ( ခ် ) အနေနဲ့ သူ့ချစ်သူ အဲလစ် ရင်ထဲက ဝေဒနာ ဘာကြောင့် ရလာတယ်ဆိုတာ ရှာရမယ် ။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ စာဖတ်သူက သိပြီးသား ဖြစ်နေမှတော့ ဘာ စိတ်ဝင်စားစရာ ရှိတော့ သလဲ ။

အဲလစ် အပြုအမူ တစ်ခု ထူးခြားတိုင်း မိုက် ( ခ် ) က တလွဲတချော် တွေးနေတတ်တော့ သူပဲ အရာရောက်နေတယ် ။ စာဖတ်သူတွေ သိပြီး သား အကြောင်းအရာကို သူက ဘာဖြစ်လို့ မသိရသလဲ ဆိုတဲ့ အတွေးက ဝင်လာစရာ ဖြစ်လာပါတယ် ။ သူက ရှေ့က ရေးပြခဲ့တာတွေ မသိဘူးလား ။ တကယ်တော့ မိုက် ( ခ် ) က ဝတ္ထုထဲက ဇာတ်ကောင် တစ်ယောက်သာဖြစ်တဲ့ အတွက် ရှေ့က အခန်းကို မသိတာ သဘာဝ ကျတယ် ။ ဒါပေမဲ့ စာဖတ်သူက ကိုယ် သိသလို သူလည်း သိထားတယ်လို့ ယူဆတာပဲ ။

ရုပ်ရှင်တွေမှာ ဒီလို ဇာတ်ကွက်မျိုးကို ရော်ဂျာအဲဘတ် က “ အသုံးမကျ တဲ့ ဇာတ်ကွက် ” လို့ ကင်ပွန်းတပ်ပါတယ် ။ စာဖတ်သူက သာမန် အသိဉာဏ်မျိုးနဲ့သာ ဝတ္ထုကို ဖတ်ပါတယ် ။ ကက်ဒီလက်ကားကြီး စီးလာတဲ့သူကို ဘဏ်ဥက္ကဋ္ဌ လို့ ထင်ထားပေမယ့် စာရေးသူက အဲဒါ ဘဏ်ဥက္ကဋ္ဌ က ခေါ်ခိုင်း လိုက်တဲ့ သူ့ အပ်ချုပ်သမား လို့ လည်း ဖန်တီးလို့ ရပါတယ် ။ ဒီလို လုပ်လိုက်ခြင်းက တကယ့်ကို အထင်နဲ့ အမြင် တက်တက်စင် လွဲ သွားစေတဲ့ လှည့်ကွက်တစ်ခုပါ ။

တစ်ဖက်က လှည့် စဉ်းစား ကြည့်ရအောင် ။ စာဖတ် ပရိသတ်ကို စိတ်ဝင်စားအောင် ဒီ ဝတ္ထုကို ဘယ်လို နှိုးဆွနည်း နဲ့ ရေးမလဲပေါ့ ။ အဲလစ် ဟာ အိမ်ပြင်ထွက်ရမှာ သိပ်ကြောက်တဲ့ မိန်းကလေး ၊ ဘာဖြစ်လို့ ကြောက်တာလဲ ။ တချို့က ပြောတော့ ဒီမိန်းကလေးဟာ သူ့ အဖေကို ပစ်သ,တ်ခဲ့ သတဲ့ ။ ဘာဖြစ်လို့ ပစ်သတ်ခဲ့တာလဲ ။ အဲဒီလို အချက်အလက် တစ်ပိုင်း တစ်စချင်းကို စာဖတ်သူက အဲလစ် ရဲ့ ချစ်သူ မိုက် ( ခ် ) နဲ့ မှ တစ်ပြိုင်တည်း သိခွင့်ရလာမယ် ဆိုရင် ပိုမကောင်းဘူးလား ။ စာဖတ်သူ ကိုယ်တိုင်က သို့လော သို့လော စိတ်ဝင်တစားနဲ့ ရှေ့ စာမျက်နှာတွေကို ဆက်ဖတ်သွားပြီး အံ့ဩစရာ ကောင်း လောက်တဲ့ အချက်အလက်တွေ မမျှော်လင့်ဘဲ တွေ့လာမယ်ပေါ့ ။ ဒီနည်းနဲ့သာ ရေးခဲ့ရင် စာဖတ်သူကို ငြိနေအောင် ဆွဲဆောင်သွားနိုင်မှာပါ ။

တကယ်လို့ Jane Eyre ဝတ္ထု အစကတည်းက ရိုချက်စတာမှာ ရူးသွပ်နေတဲ့ ဇနီးသည် ရှိပြီး သူ့ကို အခန်း ပိတ်လှောင် ထားရတယ်ဆိုတာ စာဖတ်သူက ကြိုသိထားမယ်ဆိုရင် ဒီ ဝတ္ထုဟာ ဘယ်လောက် အားပျော့သွားမလဲ ။ ထိုနည်းတူစွာပဲ လျှို့ဝှက်သည်းဖို ဝတ္ထုတွေရဲ့ ပထမ အခန်း ကတည်းက လူသ,တ်မှု ဘာကြောင့် ဖြစ်ရတယ် ၊ ဘယ်သူက သ,တ်သွားတယ် ဆိုတာကို ပရိသတ်က သိနေရင် စာဖတ်သူအတွက် ရှေ့ဆက် ဖတ်စရာ ဘာကျန်တော့ မှာလဲ ။

••••• ••••• •••••

ဝတ္ထု စဖွင့်ဖွင့်ချင်း အများကြီး ဖော်ပြလိုက်ကြတာလည်း အကြောင်းတွေ အများကြီး ရှိပါတယ် ။ ဝတ္ထုရေးဆရာ ဖီးလစ်ရိုဇင်းဘာ့ ( ခ် ) က ဝတ္ထုရေးတာကို ဘာ နဲ့ တင်စားသလဲ ဆိုတော့ နယူးယောက်မြို့ ကနေ ကာလီဖိုးနီးယား အထိ လမ်းလျှောက်ရတာနဲ့ တူတယ်တဲ့ ။ တာ ထွက်ထွက်ချင်းမှာ အားသွန်ခွန်စိုက် ရှိတယ် ။ လျှောက် ၊ လျှောက် ၊ လျှောက် တစ်နေ့လုံး မမောမပန်း လျှောက်လိုက်တာ နောက်ဆုံး ခြေကုန်လက်ပန်း ကျ ချိန်ကျတော့ နယူးဂျာစီ ကိုတောင် မရောက်သေးဘူး ။ ဝတ္ထု စ ရေးတဲ့သူ တစ်ယောက် အနေနဲ့လည်း ဒီလိုပဲ ဖြစ်တတ်တယ် ။

ပြောချင်တာတွေက များ နေတော့ လွတ်သွားမှာ ၊ ပျောက်သွားမှာ စိုးပြီး အကုန် စွတ်ရေးချတော့ တာပဲ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကလည်း နည်းပါးသေးတော့ ကိုယ် ချထားတဲ့ လမ်းကြောင်းက သွေဖည် မသွားအောင် ပထမ စာမျက်နှာ နှစ်ဆယ် လောက်မှာ ကတည်းက သွန် ရေးချ လိုက်ကြတယ် ။ စာမျက်နှာ သုံးရာ လောက် ရေးရမယ့် ဇာတ်လမ်းကြီးရဲ့ အသေးစိတ် အချက်အလက်ကို ခေါင်းထဲမှာ အသေးစိတ် ထည့်ထားဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ။ အဲဒီတော့ ကိုယ်ပြောချင်တဲ့ အချက် ၊ အရေးကြီးတဲ့ အချက် တစ်ခုတလေ ကျန်ရစ်မှာကို ပူပန်တတ်တာ ဓမ္မတာပါ ။ ဝတ္ထုရှည် ( လုံးချင်း ) သုံးလေးပုဒ် လောက် ရေးပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတန်အသင့် ရှိလာပြီမို့ ဒီ ပြဿနာကို ကိုင်တွယ်တတ်သွားပါပြီ ။ ဒါပေမဲ့ ပထမဆုံး လုံးချင်းရေးရာမှာတော့ အားလုံး ချ ရေးချင်တဲ့ဇောနဲ့ ပျာနေမှာ သေချာပါတယ် ။ အဲဒီတော့ အဖွင့်မှာပဲ အားလုံးချရေး လိုက်မိရော ။ ဒီတော့ စာဖတ်သူ အတွက် စိတ်ဝင်စားစရာ ရယ်လို့ ဘယ်မှာ ကျန်ပါတော့မလဲ ။ ပျော်စရာလည်း မရှိတော့ဘူး ။ ကြည်နူးစရာလည်း မရှိတော့ဘူး ။ အားလုံး ကုန်သွားပြီလေ ။

ဖိလစ် ပြောသလို လမ်းလျှောက်တာနဲ့ နှိုင်းရရင် တစ်ယောက်တည်း လမ်း လျှောက်တာ နဲ့ မတူဘဲ အုပ်စုလိုက် ခရီးထွက် လာတာ နဲ့ တူနေပြီး ဗုဒ္ဓဟူးနေ့ ဆိုရင် ကျွန်တော်တို့ဟာ ကလေ့ ( ဗ် ) လ ( န် ) ကိုတောင် ရောက်နေလောက်ပြီပေါ့ ။

စာရေးကောင်းသူ တစ်ယောက်ဟာ သူ့ ဇာတ်ကောင်တွေရဲ့ ရှေ့နောက် ၊ အနိမ့်အမြင့် ၊ အတက်အကျ အားလုံးကို သိတယ် ။ လော့ ( ဒ် ) ဂျူး မော့ ( န် ) အူ အတက်ပေါက်လို့ ခွဲစိတ်ကုသဖူးတာကို သိသလို သူ့ အဖေကြီးက အသည်းမာတတ်တာကိုလည်း သူတို့ သိထားကြ တာပဲ ။ အမျိုးသမီးကြီးများနဲ့ ပတ်သက်လာရင် အားနည်းချက် သူ့မှာ ရှိတာကို စာရေးဆရာက သိထားသလို သူ့ ဇာတ်ကောင်ဟာ ဘာတွေ လုပ်လေ့လုပ်ထ ရှိပြီး ဘာကိုတော့ လုပ်လေ့လုပ်ထ မရှိဘူး ဆိုတာလည်း သိထားတာပဲ ။

နေရာဒေသ ဇာတ်ကောင် စရိုက်များနဲ့ ပတ်သက်လို့ ကိုယ် ထည့်သွင်းရေးသားရမယ့် အချက်တွေကို မှတ်စုနဲ့ သာ မှတ်သားထားသင့်ပါတယ် ။ ပထမဆုံး စာမျက်နှာ နှစ်ဆယ် အစိတ်လောက်မှာ ဒီ အချက်အလက်တွေကို ဖော်ပြရာမှာလည်း စာရေးသူက တိုက်ရိုက် ပြောပြတာထက် စာဖတ်သူက ရှာဖွေ တွေ့ရှိတာမျိုးပဲ ဖြစ်သင့်တယ် ။ စာရေးသူက စာဖတ်သူ ဒီအချက်တွေ မြင်လာအောင် ကိုယ့် အတတ်ပညာနဲ့ အသုံးချ သွားရပါမယ် ။

ဝတ္ထုကောင်း တစ်ပုဒ် ဆိုတာနဲ့ ပတ်သက်လို့ ဟဲမင်းဝေး ပြောဖူးတဲ့ စကား တစ်ခုကို သတိရတယ် ။

“ ဝတ္ထုကောင်း တစ်ပုဒ် ဆိုတာ ရေပြင်ပေါ် မှာ တစ်စွန်းတစ်စ ပေါ်နေတဲ့ ရေခဲတုံးကြီးနဲ့ တူတယ် ။ အစိတ်အပိုင်း တော်တော်များများက မြုပ်နေတယ် ။ ကျွန်တော်တို့ အနေနဲ့ ရေပေါ်မှာ ပေါ် နေတဲ့ အပိုင်းအစကို မြင်တွေ့ ခံစားရရုံနဲ့ ဒီရေခဲတုံးကြီး ဘယ်လောက်ကြီးမယ်ဆိုတာ မှန်းဆလို့ရတယ် ။ ဒါပေမဲ့ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ရေပေါ် မှာ ပေါ် နေတဲ့ အပိုင်းထက် ရေထဲမှာ မြုပ်နေတဲ့ အပိုင်းကို ပိုပြီး စိတ်ဝင်စားတာ သေချာတယ် ။ ဘာကြောင့်လဲ ဆိုတော့ မမြင်ရတဲ့ အပိုင်းကို ကျွန်တော်တို့က စိတ်ကူးနဲ့ ပုံဖော်ခံစားကြည့်ရတာကြောင့်ပဲ ” လို့ ဆိုခဲ့ဖူးပါတယ် ။

ခင်ဗျားက ပြောချင်ပေလိမ့်မယ် ။ “ နေပါဦး ၊ ရှင်းရှင်းလင်းလင်း မြင်ဖို့ အရေးမကြီးဘူးလား ” လို့ ။ သိပ် အရေးကြီးတာပေါ့ ။ အရေးကြီးတယ် ဆိုတာ ထက် မရှိမဖြစ် လိုအပ်တဲ့ အချက် တစ်ခုလို့ ဆိုချင်တယ် ။

ခင်ဗျား စာရေးတာ မရှင်းရင် စာဖတ်သူက စာအုပ်ကို အမြန်ဆုံး ပစ်ချလိုက်မှာပဲ ။ သိလိုစိတ်ကို ဆွပေးပါ ဆိုတဲ့ အချက်က မရှင်းမလင်း ဖြစ်အောင် ဝှက်ရေးပါ ဆိုတဲ့ စကား နဲ့ အများကြီး ခြားနား ပါတယ် ။ ဖြစ်ရပ် တစ်ခုနဲ့ ပတ်သက်လို့ စာဖတ်သူ သိသင့်သိထိုက်တဲ့ အချက်တွေ ကို မဖော်ပြပေးရင် စာဖတ်သူ အနေနဲ့ နားလည်နိုင်စရာ အကြောင်း မရှိပါဘူး ။

ဆိုကြပါစို့ ၊ လူတစ်ယောက် ဒေါသထွက်နေတဲ့ အကြောင်း စာတစ်ပိုဒ် ရေးပြီးမှ “ မင်း ကို ငါ ချစ်တယ် ” လို့ ပြောလိုက်တဲ့ အကြောင်း ရေးမယ်ဆိုရင် ခင်ဗျားဟာ စာဖတ်သူကို ဦးတည်ချက် လွဲ သွားအောင် ၊ ရှုပ်ထွေး သွားအောင် ရေးလိုက်တာနဲ့ အတူတူပါပဲ ။ ဒီလို အရေးအသားမျိုးက တော်တော်ညံ့တယ်လို့ ဆိုရလိမ့်မယ် ။

ဘာကြောင့်လဲ ဆိုတော့ ဒေါသထွက်နေရင်းက ချစ်စကား ဘာကြောင့် ပြောရတယ်ဆိုတဲ့ အကြောင်း ပရိသတ် နားလည်အောင် ဒီ ဇာတ်ကောင် ရဲ့ စရိုက် ၊ သူ့ ရဲ့နောက်ခံရာဇဝင် ဘာကြောင့် ဒီလို ဖြစ်လာရတယ် ဆိုတာတွေ ရေးပြရတော့မယ် ။ ဒီလိုရေးပြ နေမှတော့ စာဖတ်သူ ဘက်က ဘာရှာဖွေ စူးစမ်းစရာ ကျန်တော့မှာလဲ ။ ဒါကြောင့် သိပ်ကို ညံ့တဲ့ အရေးအသားလို့ ကျွန်တော် ပြောတာပါ ။ ဒေါသထွက်နေချိန်မှာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ မေတ္တာစကား ပြောစေခြင်းဟာ ထူးခြားတဲ့ ပေါင်းစပ်မှုပဲ ။ ဒါကို ပရိသတ်က စိတ်ဝင်စားလာ စေရမယ် ။ ဘယ်လို ဖြစ်ကြတာပါလိမ့်လို့ စပ်စုလိုစိတ်တွေ ပေါ်လာစေရမယ် ။ အဲဒါဟာ စာရေးနည်းပါပဲ ။

စာရေးခြင်းအတတ်ပညာ အများကြီး ရှိပါတယ် ။ ဒီ အတတ်ပညာတွေထဲက ဘယ်နည်းကို ကိုယ်ရွေးမယ် ဆိုတာကတော့ ကိုယ့်ကျွမ်းကျင် လိမ္မာမှုပေါ် မူတည်ပါတယ် ။ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတိုင်းဟာ အချက်အလက်ကို နည်းနည်း ဖော်ပြခြင်း ၊ သို့မဟုတ် များများ ဖော်ပြခြင်း နည်းတွေ သုံးလေ့သုံးထ ရှိတတ်ကြပါတယ် ။ ဒါကြောင့်လည်း သူတို့ တစ်တွေထဲက တော်တော်များများဟာ ဒီအမှားနဲ့ ကြုံကြရ ပါတယ် ။ မတော်တဆ မှားကြတာလား ။ ပြန်ပြီး တည်းဖြတ် လိုက်ရင် ဒီ အမှားဟာ ပပျောက်သွားနိုင်ပါတယ် ။ စာမူအကြမ်းပေါ် က အမှား ဟာ ပုံနှိပ်ခြင်း မပြုမီအထိ ပြင်လို့ရတဲ့ အမှားပါ ။ ဒီအမှားမျိုး ပါတဲ့ စာမူကို အယ်ဒီတာဆီ ပို့လိုက်မိရင်တော့ အပယ် ခံရမှာ သေချာတယ် ။

ပုံနှိပ်ထုတ်ဝေ ခံနေကြရတဲ့ စာရေးဆရာများ နဲ့ ပုံနှိပ်ထုတ်ဝေ မခံရတဲ့ စာရေးဆရာများရဲ့ အဓိက ခြားနားချက်ကို ပြောရရင် နောက်လူတွေက သူတို့ အမှားကို သူတို့ မသိဘဲ ရေးချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ တင် ရေးနေကြလို့ပါပဲ ။

အထက်မှာ ကျွန်တော် ဥပမာ တင်ပြခဲ့တဲ့ စာရေးဆရာနှစ်ယောက် အနေနဲ့ သူတို့ရဲ့ “ အတ္တ ” ကလေးတွေကို ဘေးဖယ်ပြီး ဝတ္ထုပုံစံ ပြန်ပြင်ကြမယ်ဆိုရင် ဝတ္ထုကောင်းတွေ ဖြစ်လာနိုင်ပါတယ် ။ ဇာတ်ဖွင့်ဖွင့်ချင်း အဲလစ် ကလေးက သူ့အဖေကို ပစ်သ,တ်တဲ့ အခန်း ဖြုတ်ပစ်လိုက် ။ ဒါဆို ဝတ္ထုကောင်း တစ်ပုဒ်ပဲ ။ မကြာခင်မှာ ဒီ ဝတ္ထုကို ပုံနှိပ်ထုတ်ဝေဖို့ စီစဉ် နေပါပြီ ။

စာရေးသူ တစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရမှာက ကိုယ်ဟာ ဖျော်ဖြေရေး လုပ်ငန်းတစ်ခု လုပ်နေတယ် ဆိုတာပါပဲ ။ ဖျော်ဖြေရေးဆိုတဲ့ နေရာမှာ ပုံစံအမျိုးစုံ ရှိသလို လူတန်းစား အလွှာ အသီးသီးနဲ့ ပတ်သက် လာပါတယ် ။ စာရေးခြင်း အတတ်ပညာမှာ လူတွေရဲ့ ရင်ထဲက လှုပ်ရှားမှုတွေက အစ လူသားအားလုံးနဲ့ ဆက်နွှယ်နေတဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်လာပါတယ် ။ ဒီတော့ စာဖတ်သူ စိတ်ဝင်စားလာအောင် ကိုယ်က စာရေးခြင်းအတတ်ပညာနဲ့ စာဖတ်သူရဲ့ စိတ်ကို နှိုးဆွ ပေးနိုင်ရပါမယ် ။

ဒီနေရာမှာ စာရေးခြင်း အတတ်ပညာကို ဖျော်ဖြေရေး လုပ်ငန်းလို့ ပြောလိုက်တဲ့အတွက် တခြား ဖျော်ဖြေရေး လုပ်ငန်းတွေနဲ့ ရောထွေး တွေးတောစရာ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။ ဆိုကြပါစို့ ၊ အဝတ်ချွတ် ကပြတာ ကလည်း ဖျော်ဖြေရေးပဲ ကိုး ။

ကိုင်း ... ဒီ နှစ်ခု ယှဉ်ကြည့်ရအောင် ။ နှစ်ခုစလုံးဟာ လူတွေ စိတ်ဝင်စားအောင် လုပ်တဲ့ လုပ်ငန်းတွေပဲ ။ ပြီးတော့ နှစ်ခုစလုံးဟာ စိတ်ကို နှိုးဆွပေးတဲ့ သဘောအရာမှာလည်း လာပြီး တူညီနေပြန်ပါတယ် ။ ဒါကြောင့် ကျွန်တော်က စာပေကို ဖျော်ဖြေရေးလို့ ဆိုတာပါ ။

ယပ်တောင်နဲ့ တစ်ကိုယ်လုံး ကွယ်ပြီး ကပြနေတဲ့ ကချေသည်မကလေးကို လေ့လာကြည့်ပါ ။ ပထမဆုံး သူ့ အပြုံးကလေးပဲ တွေ့ ရမယ် ။ နောက်တော့ ခြေချင်းဝတ်ကလေး တစ်ဖက် ၊ ပခုံးသား ဝင်းဝင်းကလေး တစ်ဖက် ၊ နည်းနည်း နည်းနည်း ယပ်တောင် ကွယ်ထားရာက ဖော်လာချိန်မှာ နောက်ထပ် ဖော်စရာ ကျန် သေးတယ် ဆိုတဲ့ အသိကို ပွဲကြည့်သူတွေက သိနေတယ် ။ ဖော်လာတဲ့ အပိုင်းထက် မဖော်သေးဘဲ ဖုံးကွယ်ထားတဲ့ အပိုင်းကို ပိုပြီး စိတ်ဝင်စားကြတယ် ။

အဝတ်ချွတ် ကပြကြတဲ့ ကချေသည်မကလေးတွေကို ကြည့် ၊ အပေါ်  က တစ်လွှာ ချွတ် လိုက်ရင် အောက်မှာ နောက်ထပ် တစ်လွှာ ရှိသေးတယ် ။ စည်းချက်အညီ ကရင်းနဲ့ တစ်လွှာချင်း ချွတ်နေတာက ပွဲကြည့်သူကို ကလူ ကျီစယ် နှိုးဆွနေတာပဲ ။ ဒါဟာ သူတို့ အနုပညာပဲ ။ တူရိယာသံနဲ့  တစ်လွှာချင်း ချွတ်တာ မဟုတ်ရင်တော့ ကိုယ်လုံးတီး တက်ရပ်ပြတာနဲ့ ဘာထူးမှာလဲ ။ ရင်ခုန်စရာ သိပ်မရှိတော့ဘူးပေါ့ ။ ဝတ္ထု မှာလည်း ဒီလိုပဲ ။ အချိန်ကာလက သိပ်အရေးကြီးတယ် ။ ခုတော့ ဝတ္ထုရေးဆရာ တော်တော်များများဟာ ခုနစ်လွှာအက လို တစ်လွှာချင်း ချွတ်ကြတာ မဟုတ်တော့ဘဲ ကိုယ်လုံးတီး ရပ်ပြနေကြတာက များနေကြပါတယ် ။

••••• ••••• •••••

ဆရာ မက်ဒီဆင် က ဝတ္ထု အဖွင့်သဘောနဲ့ တဖြည်းဖြည်းချင်း ဇာတ်ရှိန် မြင့် လာသင့်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာအောင် နှိုင်းယှဉ်တင်ပြသွားပါတယ် ။ ဝတ္ထု ရေးချင်သူများ သတိပြုစရာပါပဲ ။

◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၄၉ )
      နိုဝင်ဘာလ ၊ ၁၉၉၃

No comments:

Post a Comment