❝ မြင်စဦး ကြင်စထူး ❞
အယ်ဒီတာနှင့် သတင်းစာတိုက်ပိုင်ရှင် ဦးဘိုးထွန်းမှာ ၎င်း၏ ရှေ့တွင် ကြောက်လန့်တုန်လှုပ်သော အမူအရာနှင့် ရပ်ပြီးလျှင် လက်ကလေးများ တဆတ်ဆတ် တုန်လျက်ရှိသော ၊ မိန်းမပျိုကလေးအား များစွာ ဒေါသထွက်သော အမူအရာဖြင့် မြည်တွန်တောက်တီးကာနေလေ၏ ။
ထိုမိန်းမပျိုကလေးမှာ လှပသည်ဟု ဆိုလောက်သည်ထက် ၊ သနားစရာ ကောင်းသည်ဟု ဆိုထိုက်သဖြင့် ၊ ၎င်း၏ ကြည်လင် ပြူးကျယ်ပြီးလျှင် မျက်ရည်ဝိုင်း မတတ်ရှိသော မျက်လုံးမှာ ၎င်း၏ အပြစ်ကင်းသော မျက်နှာ ၊ နီတျာတျာ ရှိသော နှုတ်ခမ်း ၊ မချွန်လွန်း - မဝိုင်းလွန်းသော မေးအကျတို့မှာ ၊ လှပခြင်းမူရာနှင့် သနားစရာ အသွင်တို့သည် ရောတင် ထွေးယှက်လျက် ရှိလေ၏ ။
ထွန်း ။ ။ ဉာဏ် - ဉာဏ် - အဲဒီ ဉာဏ်ဟာ လောကမှာ အရေးကြီး တာပဲ ။ ခင်ခင် လက်ရေးတို ရေးပြီး စာလုံးရိုက်တဲ့ အလုပ်ဟာ ကူလီလုပ်တဲ့ အလုပ်မျိုးလို လက်ရုံးအားကိုး သက်သက် မဟုတ်ဘူး ၊ ဉာဏ်ထက်ပြီး လုပ်ရကယ် ၊ ခင်ခင်ကို ဒါလောက် လခကြီး ပေးပြီး ငှားထားတာဟာ ၊ လက်ရုံးအားကိုး လုပ်ဖို့ သက်သက် မဟုတ်ဘူး ၊ ဉာဏ်ထက်ပြီး အလုပ်လုပ်ဖို့ ငှားတာကို နားလည်ရဲ့ မဟုတ်လား ။
ဤကဲ့သို့ ပြောသော စကားကို ကြောက်အားနှင့် နားထောင်နေသော ခင်ခင် မှာ ပြန်၍ပြောရန် ၊ ကောင်းစွာ မရဲလှသော်လည်း “ တစ်လ တစ်ရာလောက် ကတော့ လခကြီးလို့ မခေါ်လောက်ပါဘူး ” ဟု ရုတ်တရက် နှုတ်က ထွက်သွားလေရာ ၊
ထွန်း ။ ။ ဒီဟာ လခကြီး မဟုတ်ဘူးလား ၊ ဒီလခဟာ ဦးနှောက် နှင့် ယှဉ်ပြီး အလုပ်လုပ်တဲ့ လူကိုပေးတဲ့ လခ ၊ ကူလီကို ပေးတဲ့ လခ မဟုတ်ဘူး ။ ဒါကြောင့် ဒီလောက် လခကို ယူပြီး ခင်ခင်မေ ကို အလုပ်ထဲမှာ ပေါင်းဒါ ရိုက်တာ ၊ မှန်ကြည့်တာကို မလုပ်ရဘူးလို့ ဆိုတာမဟုတ်ဘူး ။
ခင် ။ ။ ဒါကမျက်နှာမှာ အဆီထွက်မှ တစ်ခါတလေ ...
ထွန်း ။ ။ ဒါတွေ ထားလိုက်ပါလေ ။ ဒါကို ငြင်းခုံနေဖို့ မဟုတ်ပါ ဘူး ၊ အခု ဖြစ်တာ ခင်ခင်မေမှာ အသိဉာဏ် လိုသွားလို့ ဦး မှာ ဒီလို ခက်နေရတာ မဟုတ်လား ။
ခင် ။ ။ ဒါတော့ ခင် မှားပါတယ် ။ ဒီအတွက်လည်း ဝမ်းနည်းပါတယ် ။
ထွန်း ။ ။ ဝမ်းနည်းတာတော့ ဟုတ်ပါတယ် ။ ဒီလို ဝမ်းနည်းနေလို့ လည်း ကိစ္စပြီးတာ မဟုတ်ဘူး ။ အံ့ပါရဲ့ ခင်ခင်မေ ရယ် ၊ တခြားဟာ မှားလျှင် ကိစ္စမရှိပါဘူး ၊ အခုတော့ မြင်းပွဲက စွပ်ဒိုင်ဆီကို ရေးတဲ့စာမှ ငါ့ရန်သူ ငဘိုးတုတ် ဆီကို ပါသွားရတယ် ။
ငဘိုးတုတ် အကြောင်းကို သိတယ်မဟုတ်လား ။ ဦး နှင့် တိုင်းရေး ပြည်ရေး ရန်သူကြီး ၊ သူက ဦးကို မဟုတ်တရုတ် စွပ်စွဲပြီး ဆဲဆိုရေးလိုက်လို့ သူ့ စာကို ချေပပြီး ပြန်ဆဲလိုက်တာ အခုတော့ ဒီစာက မြင်းစွပ်ဒိုင်ဆီကို ရောက်သွားပြီး ၊ မြင်းစွပ်ဒိုင်ကို ပေးလိုက်တဲ့ စာက သူ့ဆီကို ရောက်သွားလျှင် ဦး ကို မြင်းသမားကြီးလို့ စွပ်စွဲပြီး သူဆဲဖို့ အပေါက်ရသွားလို့ ဒုက္ခမများ ဘူးလား ။ ဒီလို စာကို မှားပြီး ထည့်မိလျှင် ၊ ဘာပြုလို့ မနေ့က မပြောဘဲ အခု မနက် မှ ပြောရတာလဲ ။
ခင် ။ ။ မနေ့က အိပ်ရာဝင်သို့ အလုပ်ကို သေသေချာချာ ပြန်ပြီး စဉ်းစားတော့မှ မှားမှန်းသိပါတယ် ။
ထွန်း ။ ။ အဲဒါကြောင့် လွန်မှ မစဉ်းစားဘဲ ၊ အလုပ်လုပ်တဲ့ အခါမှာ ဥာဏ်ယှဉ်ရမယ်လို့ ပြောတာ မဟုတ်လား ၊ အခု ဒီအတွက် ဘယ်လောက် ဒုက္ခများတယ် ဆိုတာ သိရဲ့လား ။
ဤသို့ပြောပြီးလျှင် ဦးဘိုးထွန်းမှာ စိတ်ပျက်သော အမူအရာ ၊ သုန်မှုန် လှစွာသော မျက်နှာထားနှင့် စဉ်းစားဉာဏ်ကို ထုတ်၍ နေသကဲ့သို့ ရှိ၏ ။ ဦးဘိုးထွန်းမှာ သတင်းစာတိုက်ပိုင်ရှင် ၊ ဘုရားလူကြီး ၊ တိုင်းပြည် ခေါင်းဆောင်လူကြီးတစ်ယောက် ဖြစ်၍ ဦးဘိုးတုတ် နှင့်မူ တိုင်းပြည်ရေးတွင် သဘောကွဲလွဲသည်က စ၍ တစ်ဦးနှင့် တစ်ဦး အချက်ကို ရှာပြီး နေကြသူများ ဖြစ်ကြရာ ၊ ဘုရားလူကြီး လည်း တစ်ယောက်ဖြစ်သူ ဦးဘိုးထွန်း မှာ အကျင့် စာရိတ္တကောင်းကြောင်း သိက္ခာသမာဓိရှိကြောင်းနှင့် မြို့ရွာနိုင်ငံက ချီးမွမ်း ကြသော်လည်း ၊ ဦးဘိုးတုတ် ကမူ ဦးဘိုးထွန်းအား အမြဲပုတ်ခတ် ပြောဆို၍ နေလေသည် ။
ဦးဘိုးတုတ်၏ တူ မောင်မောင်တင် မှာ တစ်ခါတရံ မြင်းပွဲကို သွားတတ်သူ ဖြစ်ရာ ၊ ဦးဘိုးထွန်းက မောင်မောင်တင် အား အသုံးမကျ အချိန်နှင့် ငွေကို ဖြန်းနေတဲ့ ကြမ်းပိုးကလေးဟု ပြောဆိုထားသော စကားကို ပြန်လှန် ချေပရန် ဦးဘိုးတုတ်မှာ အမြဲရှာကြံ၍ ဦးဘိုးထွန်း၏ အပြစ်ကို စောင့်ကြပ် ကြည့်ရှု နေလေသည် ။
ဤသို့ ရှိနေသည့် အတွက် ဦးဘိုးထွန်း မှာ မိမိ၏ နာမည် မပျက်စေးရန် မြင်းစွပ်ဒိုင်ထံ တိတ်တဆိတ် ငွေပို့ ၍ လောင်းထားကာ မြင်းပွဲသို့ ဘယ်အခါမျှ မသွားသူ ဖြစ်ရကား ၊ မြင်းစွပ်ဒိုင် ထံသို့ ပေးလိုက်သော စာသည် ရန်သူ ဦးဘိုးတုတ်ထံသို့ ရောက်သွားလျှင် မည်မျှ အရေးကြီးသည်ဟု ခင်ခင်မေ မှာ တွေးမိတိုင်း စိတ်မသက်မသာ ဖြစ်၍နေလေ၏ ။
ဦးဘိုးထွန်းသည် ဦးဘိုးတုတ်၏ အပေါ်၌ အပြစ်ရှိက ၊ မိမိ၏ သတင်းစာတွင် ရေးသားရန် အချက်အလက် ရှာနေသည့်နည်းတူ ဦးဘိုးတုတ်မှာလည်း ဦးဘိုးထွန်း အား ရေးစရာ ၊ ဆဲစရာ ကော်စရာတို့ကို အမြဲ အပြစ်ရှာပြီး နေသူ ဖြစ်ရကား ၊ ဤသို့ မှား၍ ထည့်လိုက်သော စာသည် ဦးဘိုးတုတ်၏ လက်သို့သာ ရောက်သွားပါလျှင် ဦးဘိုးတုတ် မှာ ဦးဘိုးထွန်း အား အကိုးအကားနှင့် အပြစ်ဆိုရန် စာလက်ကိုင် ရ၍ သွားပြီး ၊ ဦးဘိုးထွန်းမှာ မည်မျှ နာမည်ပျက်၍ ရှက်ဖွယ်ကောင်းကာ နောက်လာမည့် ရွေးကောက်ပွဲအတွက် ပင် ခဲခက်၍ သွားမည်ကိုကား ကောင်းစွာ စဉ်းစားမိလေသည် ။ ဤကဲ့သို့ ဦးဘိုးထွန်းမှာ အတော်ကြီး စဉ်းစားနေပြီးနောက် ၊
ထွန်း ။ ။ ကဲ ခင်ခင်မေ ဘာမှ ပြောမနေနှင့်ဘော့ ၊ ဘိုးတုတ် ဆီမှာ ပါသွားတဲ့ စာကို ရအောင် ယူပေးရမယ် ။
ခင် ။ ။ ဘယ်နှယ့်လုပ်ပြီး ခင် ယူလို့ရနိုင်မလဲ ။
ထွန်း ။ ။ ဒါ ဦး အလုပ်မဟုတ်ဘူး ၊ ဘယ်နှယ့်လုပ်ပြီး ရရ - ရအောင်သာ ယူပေးရမယ် ။ အခု မနက် ၁ဝ နာရီ ဆိုလျှင် ပို့စမင်းက ဘိုးတုတ် ဆီမှာ စာကို ပို့တော့မယ် ၊ ဒီတော့ ဘိုးတုတ်ဟာ စေစော မထတတ်ဘူး ။ အဲဒါ ကြံပြီးတော့ ယူပေတော့ ၊ ဒီစာကို ရအောင် မယူနိုင်ရင် ခင်ခင်မေ မနက်ဖြန် အလုပ် မရှိတော့ဘူး ၊ ဒါပဲ ။
ဤသို့ ပြောပြီးနောက် ဦးဘိုးထွန်း မှာ ခင်ခင်မေ အား စကားတစ်စုံတရာ ဆက်လက် မပြောလို သော လက္ခဏာဖြင့် အလုပ်ကို ကုန်း၍ လုပ်ရန် ကလောင်တန်ကို ကိုင်လိုက်ရာ ခင်ခင်မေ မှာ နောက်ထပ် စကားပြောဆိုခွင့် မရဘဲ အခန်းထဲမှ ထွက်ခဲ့ရလေ၏ ။
ခင်ခင်မေ မှာ မိမိ ရရှိသော လစာငွေ တစ်ရာဖြင့် မိခင်မုဆိုးမကြီးအား လုပ်ကြွေးရသည့် အပြင် ၊ ညီမကလေး နှစ်ယောက်ကိုလည်း ကျောင်းထားရသည်ဖြစ်ရာ အလုပ်အကိုင် ရှားပါးသော ခေတ်အခါကြီး၌ တစ်လလျှင် တစ်ရာ ရသော အလုပ်ပြုတ်သွားလျှင် မည်မျှ ဒုက္ခများမည် ကိုကား စဉ်းစားရန် လွယ်ကူပေသည် ။
ခင်ခင်မေ မှာ ဆုံးဖြတ်ရန် နှစ်လမ်း မရှိ ၊ တစ်လမ်းသာ ရှိ၍ ထိုလမ်းမှာ ဘယ်နည်းနှင့်မဆို ဦးဘိုးတုတ်ထံသို့ မှား၍ ပေးလိုက်သော စာကို ရအောင် ယူရန်သာ ဖြစ်ရထား ၊ ခင်ခင်မေ မှာ စာကို မည်သို့ ရအောင်ယူမည်ဟု မစဉ်းစား မဆုံးဖြတ်နိုင်မီ မော်တော်ဘက်စ် ပေါ်သို့ ရောက်ကာ နေလေ၏ ။
ထိုနေ့ နံနက် ၁၀ နာရီကျော်ကျော် အချိန်တွင် မောင်မောင်တင် မှာ နှစ်ယောက်ထိုင်ကားကလေးကို မိမိကိုယ်တိုင် မောင်းနှင်၍ ကန်တော်ကြီး ဘေးရှိ အိမ်တစ်အိမ်၏ ဝင်းခြံကြီးအတွင်းသို့ မောင်းနှင်သွားရာ ၊ ၎င်း ဝင်းခြံကြီးအတွင်းသို့ ဝင်လျှင်ဝင်ချင်း မောင်မောင်တင်၏ ကားမှာ ဇက်ကို ရုတ်တရက် ဆွဲလိုက်သော မြင်း၏ပမာ လျှင်မြန်စွာ ရပ်၍ သွားလေ၏ ။ ထိုသို့ ရပ်တန့်ပြီးနောက် မောင်မောင်တင်မှာ ၎င်း၏ နှုတ်မှ “ ဥစ္စာစောင့်များ ဖြစ်နေသလား ” ဟု ရုတ်တရက်မြည်တွန်တောက်တီးပြီးလျှင် ရှေ့သို တဖြည်းဖြည်း တိုး၍ သွားသော်လည်း ၊ သရက်ပင်ကြီး အောက်ရှိ ခုံတန်းလျားကလေးပေါ်တွင် ထိုင်၍ နေသော သူငယ်မကလေးမှာ မောင်မောင်တင် လာနေသည်ကို တစ်စုံတရာ မသိသလို ရှိုက်ကာ ရှိုက်ကားသာ ငိုလျက်နေလေ၏ ။
အနီးသို့ ရောက်မှ မောင်မောင်တင်သည် သူငယ်မကလေး၏ နောက်မှ ရပ်တန့်ပြီးလျှင် ...
တင် ။ ။ အို ... ဘာဖြစ်နေလို့လဲ ။
ဤသို့ မေးသောအခါမှ သူငယ်မသည် မျက်ရည်ရွဲလျက်ရှိသော မျက်လုံးဖြင့် မောင်မောင်တင် အား လှည့်၍ ကြည့်ကာ
သူငယ်မ ။ ။ အမယ် ဒီမှာ .... ဘယ်သူမှ မရှိဘူးအောက်မေ့လို့ပါ ၊ သည်းခံပါ ။
တင် ။ ။ ဘယ်လို ဒုက္ခဖြစ်လာလို့လဲ ၊ ကူညီနိုင်လျှင် ကူညီပါ့မယ် ၊ လူပဲ မဟုတ်လား ။
သူငယ်မ ။ ။ လူပါပဲ ၊ ဥစ္စာစောင့် မဟုတ်ပါဘူး ၊ စိတ်ညစ်တာနဲ့ ငိုမိတာပါ ။
ထိုသို့ ပြောလိုက်ရာ မောင်မောင်တင် မှာ ရှေးအခါက တစ်ကြိမ်တခါမျှ မမြင်ဘူးသော ၎င်းသူငယ်မကလေးသည် ဆိတ်ငြိမ် ကျယ်ဝန်းသော ဤခြံကြီးထဲသို့ မည်သည့်အတွက် ရောက်လာသည်ဟု တွေးရခက်သော လက္ခဏာနှင့် သူငယ်မ၏ မျက်နှာကို အကဲခတ်သလို စိုက်၍ ကြည့်နေရာ ကြည့်လေ ကြည့်လေ သူငယ်မ၏ မျက်စိနှစ်လုံးသည် မိမိအား ညှို့၍ထား သလို ဖြစ်၍လာသည်ကို သတိပြုမိကာ ၊ ဤမျှ လှပသော မိန်းမပျိုကလေးသည် ဤနေရာသို့ မည်သည့်အတွက် တစ်ယောက်တည်း ရောက်၍ လာရသနည်း ဟု တွေးတော၍ မရနိုင်အောင် ရှိလေသဖြင့် ...
တင် ။ ။ ဒီနေရာကို ဘယ်လို အကြောင်းနှင့် ရောက်လာတာလဲ ၊ တစ်ခါမှလည်း မမြင်ဘူးပါလား ။
သူငယ်မ ။ ။ ခင့်နာမည်က ခင်ခင်မေ ပါ ၊ သူဌေးကြီး ဦးဘိုးတုတ်ကို တွေ့ရအောင်လာတာပါ ။
တင် ။ ။ သူ့ကို တွေ့ခဲ့ရဘူး မဟုတ်လား ။
ခင် ။ ။ တွေ့ဖို့ မပြောနှင့် ၊ သူ့အခန်း ထဲကိုတောင် မဝင်ရဘူး ၊ သူ့စက္ကထရီ ကလည်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူး ။
ခင် ။ ။ ဒီလို မဝင်ရတော့ဘူး ဆိုရင် ခင်တော့ အလုပ်ပြုတ်ပြီး ဒုက္ခရောက်ရတော့မှာဘဲ ။
တင် ။ ။ ပြောစမ်းပါဦး ၊ ဘာကြောင့် အလုပ်ပြုတ်ပြီး ဘယ်လို ဒုက္ခရောက်ရမှာလဲ ၊ ကယ်နိုင်လျှင် ကယ်ပါ့မယ် ။ ဦးလေးကြီး ဆီကို ဝင်ရအောင်လည်း ကြံပေးဖို့ လိုလျှင် ကြံပေးပါ့မယ် ။
ခင် ။ ။ ဒီဟာတော့ စာစောင် အတွက်ပါပဲ ။ ခင်က စာအိတ်ချင်းမှားပြီး ၊ အဲဒီ ဦး ဆီကို မှားတဲ့ စာတစ်စောင် ထည့်လိုက်မိတယ် ။
တင် ။ ။ ဒီလို စာကလေး တစ်စောင် မှားပြီး ထည့်မိတာနဲ့ အလုပ်ပြုတ်ရမှာလား ။ ဒီလို အမှားမျိုးတော့ သူသူငါငါ လူတိုင်းပဲ မှားမိကြတာပါ ။
ခင် ။ ။ ခင်တို့ သူဌေးကတော့ ဒီလို သူသူငါငါ မှားတတ်တဲ့ အကွက် ဖြစ်ပေမယ့် အပြစ်မလွှတ်ဘူး ။
ဤသို့ ပြောဆိုပြီးနောက် ခင်ခင်မေ က အဖြစ်အပျက် အလုံးစုံကို ဇာတ်ကုန်လှန်၍ ပြောပြရာ မောင်မောင်တင် မှာ နားစိုက်၍ ထောင်နေလေ၏ ။ မောင်မောင်တင်မှာ စာရေးကိရိယာ ၊ အသုံးအဆောင်များ ရောင်းသော ဆိုင်တစ်ဆိုင် ဖွင့်၍ ထားရာ ၊ ၎င်းဆိုင်အား အခြားသော ၎င်းထက် ငွေရင်းများ သူ အလုပ်ရှင် တစ်ဦးက ပြိုင်ဆိုင်ပြီးလျှင် အလုပ်လုပ်၍ မဖြစ်နိုင်အောင် လုပ်ထားသဖြင့် မိမိ၏ ဆိုင်မပျက်စီးဘဲ အလုပ်ကောင်းမွန်စွာ လုပ်ကိုင်နိုင် ရန်အတွက် မိမိ၏ ဦးလေးထံမှ ငွေ ငါးထောင်မျှ ခေတ္တချေးရန် လာသော်လည်း ခင်ခင်၏ ဒုက္ခကို တွေ့မြင်နေရသောအခါ မိမိ၏ ကိစ္စကို ခေတ္တမျှ လျှော့နေလေ၏ ။ ခင်ခင်မေ မှာ မိမိ၏ အဖြစ်အပျက်ကို ပြော၍ ပြီးသောအခါ
တင် ။ ။ ဒါတော့ သိပါပြီ ၊ ခင်ရဲ့ သူဌေးဆိုတာ နာမည်ဘယ်သူလဲ ။
ခင် ။ ။ ဦးဘိုးထွန်းပေါ့ ။
တင် ။ ။ ဟင် .. ဦးဘိုးထွန်း သတင်းစာတိုက်ရှင် ဦးဘိုးထွန်းလား ။
ခင် ။ ။ ဟုတ်ပါတယ် ကိုကို
တင် ။ ။ ဟာ .. ကိုကို အလုပ်ကို ပျက်အောင် ကိုကို့ ဆိုင် အနားမှာ ကပ်ပြီး ၊ စာရေးကိရိယာတွေကို ဈေးလျှော့ရောင်းဖို့ ဆိုင်တစ်ဆိုင် လာပြီး ဖွင့်တာ ၊ ဒီလူကြီးပေါ့ ။
ခင် ။ ။ ဒါတော့ ဟုတ်ပါလိမ့်မယ် ၊ ဒါပေမဲ့ ခင်တို့ မှာတော့ လခစားကိုး ။ သဘောကျတာ မကျတာ ဖယ်ထား ၊ လခရတဲ့ ဆီမှာ အလုပ်လုပ် ရတာပဲ ။ ဒီလို သူတစ်ဖက်သား အလုပ်ပျက်အောင်လုပ်တယ်ဆိုတာ ခင် တော့ အင်မတန် ဝမ်းနည်းပါတယ် ။ သဘောလည်း မကျပါဘူး ။
တင် ။ ။ အို ... ဒီဟာဖြင့် ခင့် အပြစ် မဟုတ်ပါဘူး ၊ ဦးလေးကြီး ဆီကို မှားပြီး ထည့်ပေးလိုက်တဲ့ စာက ဘယ်သူဆီကို ပေးဖို့စာလဲ ။
ခင် ။ ။ မြင်းစွပ်ဒိုင်ဆီကို ပေးဖို့ ။
တင် ။ ။ မြင်းလောင်းဖို့ စာလား ၊ အမယ် ဒီလူကြီးဟာ ဒါဖြင့် သူတော်ယောင်ကြီးပေါ့ တခြားလူ မြင်းပွဲသွားတော့ သူ အကဲ့ရဲ့ဆုံး လူပဲ ။ ဒါဖြင့် ဒီစာ နေပေ့စေ ၊ ဦးလေးကြီး ဆီကို ရောက်သွားမှ သူ့ အကြောင်းကို သိရမယ် ။
ခင် ။ ။ သူ့အကြောင်းကို လူတွေ သိတာက နောက် ခင့်မှာ အလုပ်လက်မဲ့ ဖြစ်ပြီး ၊ အခုလို အလုပ်ရှားတဲ့ ခေတ်ကြီးမှာ ဒုက္ခရောက်မှာက အရင်ဖြစ်နေတယ် ကိုကိုရဲ့ ၊ ဦးလေးကြီး ဆီက စာကို မရရင်တော့ ခင် ဒုက္ခ ရောက်ပြီးသားပဲ ။
ဤသို့ ပြောလိုက်ရာ မောင်မောင်တင်မှာ များစွာ အခက်အခဲနှင့် ကြုံတွေ့သည့် လက္ခဏာဖြင့် အတော်ကြာ စဉ်းစားပြီးနောက် ၊
တင် ။ ။ ဒီစာကို ပြန်ရအောင် ဘယ်နည်းနှင့် လုပ်မလဲ ။
ခင် ။ ။ လာခဲ့တာ ကတော့ ဒီစာကို ပြန်မရလျှင် ခင် ဒုက္ခ ရောက်ရတော့ မယ့်အကြောင်းနှင့် အားလုံးအဖြစ်အပျက်ကို ကိုကိုတို့ ဦးလေးကြီး ဆီမှာ ပြောပြီး ၊ စာကို ပြန်တောင်းမယ်လို့ လာခဲ့တာပဲ ။
တင် ။ ။ ( ခေါင်းခါလျက် ) မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ဒီလို သွား မလုပ်နှင့် ။ ဦးလေးကြီးက ဦးဘိုးထွန်း ကို ဒီလို နာမည်ဆိုး ဖြစ်မယ့် စာကို ရလျှင် သိကြားမင်း တောင်းလို့တောင် ပေးမှာ မဟုတ်ဘူး ။ ဒီစာကို လက်ကိုင် ထားပြီး ဦးဘိုးထွန်းကို ကျိုးအောင် ချိုးမှာ ၊ စာကို ရအောင် ဉာဏ်ဆင်ပြီး လုပ်ယူမှ ဖြစ်မှာ ။
“ အဲဒီဉာဏ်က ဘယ်လို ဆင်မှာလဲ ” ဟု ခင်ခင်မေ သည် မောင်မောင်တင်၏ မျက်နှာကို အားထား ယုံကြည်သော လက္ခဏာဖြင့် ကြည့်ရှု့ မေးမြန်းရာ မောင်မောင်တင်မှာ ခင်ခင်မေ၏ မျက်နှာထားပုံ အတွက် အားတက်၍ လာသလိုဖြစ်လာလေ၏ ။
ဒီစာကို ဦးလေးကြီး မဖတ်ခင် ရအောင် လုပ်ရမယ် ။ ဖတ်မိလျှင် ဒုက္ခပဲ ၊ ဒီတော့ စာကို မြန်မြန်ရအောင် လုပ်ရမယ် ။ ကိုင်း ... ထ ၊ လိုက်ခဲ့ ၊ မြန်မြန် သွားမှ ဖြစ်မယ် ။
ဤသို့ ပြောရာ ခင်ခင်မေ မှာ ချက်ခြင်းပင် အားရမ်းဝမ်းသာနှင့် ထ၍ မောင်မောင်တင်၏ နောက်သို့ လိုက်မည် ပြုသော်လည်း စာကို ရအောင် မည်သည့်နည်းနှင့် ယူမည်ဟု မသိသဖြင့် ၊
တင် ။ ။ လိုက်တာက ဟုတ်ပါပြီ ၊ ဘယ်လို လိုက်ရမှာလဲ ၊ ဘယ်လို လုပ်ရမှာလဲ ။
တင် ။ ။ ခင် ကိုယ်တိုင် လိုက်လာပြီး စာကို အမှတ်တမဲ့ ပြရမယ် ၊ ဒီတော့ ဦးလေးကြီး အခန်းထဲကို ခင် ဝင်တော့ ၊ ဦးဘိုးထွန်း ဆီကလို့ ပြောမပြနှင့် ကြားလား ၊ အဲဒီလို ပြောပြလျှင် အခန်းထဲက ချက်ချင်း ဆွဲထုတ် ခံရတဲ့ အပြင် အားလုံး အကြံပျက် ကုန်လိမ့်မယ် ။
ခင် ။ ။ ဒါဖြင့် ဘယ်လို ပြောရ ၊ ဘယ်လို လုပ်ရမှာလဲ ။
တင် ။ ။ အဲဒါလည်း မလွယ်ဘူး ၊ ဦးလေးကြီး ဆီကို မိန်းကလေး တစ်ယောက်ကို အကြောင်းမဲ့သက်သက် ခေါ်သွားရမယ် ဆိုလျှင်လည်း အကြောင်းပြဖို့ လွယ်တာ မဟုတ်ဘူး ။
ခင် ။ ။ ( ပြုံးလျက် ) ဟုတ်တယ် ၊ ဒါဖြင့် ခင်ဟာ ကိုကိုရဲ့ စက္ကထရီလို့ ပြောလျှင်ကော ။
တင် ။ ။ ဒါက ... သာပြီး မဖြစ်တာပေါ့ ၊ အခု ဦးလေးကြီးဆီမှာ ငွေငါးထောင် ချေးဖို့လာတာ ၊ စက္ကရီတွေ ဘာတွေ ငှားနိုင်တယ် ဆိုလျှင် ငွေကြပ်တယ်လို့ ဘယ်နှယ့်လုပ်ပြီး ပြောလို့ဖြစ်မလဲ ။
ခင် ။ ။ အဲဒါနှင့် အချိန်တွေ အတော် ကုန်နေပြီ ။ ဒါလောက် ရှိလျှင် စာကိုများ ဖတ်ပြီးပြီလား မသိဘူး ။ တစ်ခုခု ခပ်မြန်မြန် စဉ်းစားပြီး လုပ်မှပဲ ။ ခင်တော့ မကြံတတ်တော့ဘူး ၊ စိတ်ရှုပ်နေပြီ ။
တင် ။ ။ ( အတော်ကြာ တွေ၍ စဉ်းစားပြီးနောက် ) အကြံ တစ်ခုတော့ ရတယ် ။ ဒီတစ်လမ်းပဲ ရှိတယ် ။ ခင် က ဒီအကြံကို လိုက်နိုင်ပါလား မသိဘူး ။
ခင် ။ ။ ဒီစာကို ရဖို့ဆိုလျှင် ဘယ်ဒုက္ခမျိုးပဲ ခံရ ခံရ ...
တင် ။ ။ ဒါက ဒုက္ခခံဖို့ မဟုတ်ပါဘူး ။
ခင် ။ ။ ဒါဖြင့် မလိုက်နိုင်စရာ မရှိပါဘူး ။
တင် ။ ။ အဲဒီလိုဖြင့် နေရာကျပြီ ၊ ဦးလေးကြီး က ( မောင်မောင်တင် ၊ မင်းအခုလို မနေရဘူး ၊ အိမ်ထောင်ပြုရမယ် - ငါသဘောကျတဲ့ - သူငယ်မနဲ့ အိမ်ထောင်ပြုလျှင် ငွေငါးထောင် လက်ဖွဲ့မယ် ” လို့ ပြောတာ မကြာသေးဘူး ၊ ဒီတော့ ၊ ခင့်ကို ၊ ကိုကိုရဲ့ ရည်းစား အနေနှင့် သွားပြမှဘဲ ဝင်ခွင့်ရမယ် ... ဒီလို မဟုတ်ရင်တော့ ။ ဘယ်နည်းမှ တခြားနည်းလမ်း မရှိတော့ဘူး ၊ ဒီလိုဆိုလျှင်တော့ ငွေငါးထောင်လည်း လွယ်လွယ်နှင့် ရမှာဘဲ ။
ဤသို့ပြောလိုက်ရာ ခင်ခင်မေ မှာ မျက်နှာထား ခက်သော အမူအရာ နှင့် ခေါင်းကို အောက်သို့ ငုံ့ကာ ခေတ္တနေပြီးနောက် ၊ ရှက်ကြောက်သော လက္ခဏာနှင့် ၊
ခင် ။ ။ ဒါက တကယ်မှ မဟုတ်ဘဲ ၊ အလုပ်ပြုတ် မခံနိုင်တော့ ၊ ကိုကို စီမံတာဘဲ နာခံရမှာပေါ့ ။
ဤသို့ ပြောပြီးနောက် မောင်မောင်တင် နှင့် ခင်ခင်မေ တို့ နှစ်ယောက်မှာ အိမ်ဘက်ဆီသို့ လမ်းလျှောက်၍ သွားရာ တံခါးဝသို့ ရောက်သောအခါ အရပ်ရှည်ရှည်နှင့် လူကြီးတစ်ယောက်မှာ ခင်ခင်မေ အား မသင်္ကာသော မျက်နှာထားနှင့် ကြည့်ရှု၍ နေလေ၏ ။
တင် ။ ။ ဦးကျော်ဇံ မာရဲ့လား ၊ ဦးလေးကြီး ရှိသလား ။
ဇံ ။ ။ မာပါရဲ့ဗျာ ဦးလေးကြီးလည်း ရှိပါရဲ့ ။ စာဖတ်ရင်း ဖိုဝင်နေတယ် ။
တင် ။ ။ ဘယ်နှယ့်လဲ ဦးလေးကြီး စိတ်များ တိုနေသလား ၊ သူ့ ဆီကို ဝင်ဖို့ အခါကောင်းရဲ့လား ။
ဇံ ။ ။ ခါတိုင်းလိုပေါ့ ၊ မောင်မောင်တင် လည်း အသိသားပဲ ။
ဤသို့ ပြောဆိုနေဆဲတွင် ဦးဘိုးတုတ်၏ စက္ကထရီကြီး ဦးကျော်ဇံ မှာ ခင်ခင်မေအား မျက်စောင်းထိုးကာ မသင်္ကာသော အမူအရာနှင့် ကြည့်နေ ရာ ၊
တင် ။ ။ ဦးကျော်ဇံ ဦးလေးကြီးက ကျွန်တော့်ကို အိမ်ထောင် ပြုရမယ် ဆိုတာနှင့် ဦးလေးကြီးကို ပြဖို့ ခင်ခင်မေ ကို ခေါ်လာတယ် ၊ ဦးကျော်ဇံ လည်း ဒီအချိန် ဆိုတော့ စာတွေဘာတွေနှင့် အလုပ်ရှုပ် နေတယ် ထင်ပါရဲ့ ။
ဇံ ။ ။ စာတွေ ဘာတွေတော့ ဒီကနေ့ အားလုံး လုပ်ပြီးပါပြီ ၊ သူဌေးကြီးကို မောင်မောင်တင် လာတယ်လို့ သွားပြီး ပြောလိုက်မယ်လေ ။ ဒီနားလေးက စောင့်နေပါ ။
ဤသို့ပြောပြီးလျှင် ဦးကျော်ဇံမှာ အိမ်ခန်း ထဲသို့ ဝင်၍ သွားစဉ် ၊ မောင်မောင်တင်သည် ခင်ခင်မေ အား ဦးကျော်ဇံ ၏ အခန်းငယ်ကလေး ထဲသို့ လျင်မြန်စွာခေါ်သွားပြီးလျှင် ၊
တင် ။ ။ ကြည့်စမ်း ခင်ရဲ့ ၊ စာဒီမှာ ရှိသလား ၊
ခင် ။ ။ ( စာများကို ကြည့်ပြီးအောက် ) ဒီမှာ မရှိဘူး ၊
တင် ။ ။ မရှိဘူး ဟုတ်လား ။ ပို့လိုက်လျှင် ဒီစာ ဒီမှာ ရှိရမယ် ။
ဤသို့ပြောနေဆဲတွင် ဦးကျော်ဇံ အိမ်ထဲမှ ပြန်၍ ထွက်ထားသော ခြေသံကို ကြားသဖြင့် မောင်မောင်တင် မှာ ခင်ခင် ၏ ပခုံးကို ကိုင်ကာ နောက်သို့ အသာအယာ ဆွဲလိုက်ပြီးလျှင် ၊ နံရံတွင် ဆွဲချိတ်ထားသော ဦးဘိုးတုတ်၏ ဓာတ်ပုံကို လက်ညှိုးထိုး၍ ပြကာ ၊
ဒီဟာ ကိုကိုရဲ့ ဦးလေး ကြီးပဲ ။ ဟာ ... ဦးဇံ ပြန်လာပြီ ၊ ခု ဒီမှာ ဓာတ်ပုံတွေ ကြည့်ချင်တယ် ဆိုလို့ ပြနေတယ် ၊ ဦးကျော်ဇံ ဒီကနေ့ အလုပ်များတယ် ထင်တယ် ။ စားပွဲမှာ စာတွေ တစ်ပုံကြီးပဲ ၊ ဒါတောင် စာအကုန် ဟုတ်သေးရဲ့လား ။
ဇံ ။ ။ ဒီစာ ဒီနေ့ ရောက်တဲ့စာ ဘာကုန်ဟုတ်မလဲ ။ သူဌေး နှင့် တိုက်ရိုက် ဆိုင်တဲ့စာကို သူဌေးဆီကို ပိုလိုက်ပြီးပြီ ၊ ဒီနေ့ စာတစ်စောင် ဘားမားတိုင်း စာပုံနှိပ်တိုက် ဦးဘိုးထွန်း ဆီက ရောက်လာဘယ် ။ အဲဒီ စာမှာ အပြင်ကတော့ ( ဦးဘိုးတုတ် ပေးရန် ) လို့ တပ်ထားပြီး အထဲက စာကတော့ မြင်းစွပ်ဒိုင် ဆီကို ၊ မြင်းလောင်းဒိုင် ဆီကို မြင်းလောင်းဖို့ အကြောင်း ရေးသားတဲ့ စာဖြစ်တယ် ၊ ဒါနဲ့ ဒီစာကို မောင်မောင်တင်ရဲ့ ဦးလေးကြီး ကိုယ်တိုင် ဖတ်ဖို့ အခုပဲ သူ့ဆီကို ပို့လိုက်တယ် ။
တင် ။ ။ ဟာ ဒါဖြင့် ဒီစာကို ဦးလေးကြီးက ဖတ်ပြီးပြီလား ။
ဇံ ။ ။ ဖတ်ရဦးမယ် ထင်သေးဘူး ။ သူဌေးက အဂ္ဂရိတ်ထိုး တာ စိတ်စွဲလို့ ၊ ဖိုထဲ ဈာန်ဝင် နေလျှင် ဘယ်စာကို ဖတ်ချင်တာမှ မဟုတ်ဘူး ။ သူ ဖတ်တာက သူ ဝါသနာပါတဲ့ စာအုပ်လောက်ကိုပဲ ဂရုတစိုက် ဖတ်တယ် ။ စာကိုတော့ သူကို နှစ်ခါ သုံးခါ သတိပေးနိုင်မှ အနိုင်နိုင် ဖတ်တာပဲ ကဲ ... ဝင်လေ သူဌေး စောင့်နေတယ် ကြာလျှင် စိတ်တိုနေဦးမယ် ။
ဤသို့ ပြောလိုက်ရာ မောင်မောင်တင် မှာ ခင်ခင်မေ အား ခေါ်ပြီးလျှင် ကြီးကျယ်ခမ်းနား၍ စာအုပ်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ဦးဘိုးတုတ်၏ အခန်းထဲသို့ ဝင်၍ သွားကြလေ၏ ။
ထိုအခန်းတွင်းတွင် စာအုပ်အမျိုးမျိုးအပြင် နောက်ဘက်နားတွင် ခမ်းနားသပ်ရပ်စွာ လုပ်၍ထားသော အဂ္ဂရိတ် ထည့်ဖို တစ်ခုလည်း ရှိသဖြင့် ၊ ဦးဘိုးတုတ်မှာ မိမိ၏ ချစ်လှစွာသော တူ လာ၍သာ မိမိ၏ တူတော်မောင် အား စောင့်စား၍ နေ၏ ။
မောင်မောင်တင် နှင့် ခင်ခင်မေတို့ ဝင်လာလျှင် ဦးဘိုးတုတ်မှာ ၎င်းတို့ အား ကြာကြာ စကားမပြောဘဲ ကိစ္စပြီးလျှင် ပြီးချင်း ပြန်စေလိုသော လက္ခဏာဖြင့် ...
တုတ် ။ ။ ပြောစမ်း မောင်မောင်တင် မင်းကိစ္စက ဘာကိစ္စလဲ ၊ မင်းမှာ ဘယ်က ရီးစားများ တွေ့လာသလဲ ၊ မောင်ကျော်ဇံက ငါ့ကို နည်းနည်း ပြောပြီးသွားပါပြီ ။ ( ခင်ခင်မေအား ကြည့်လျက် ) ဪ ဒီသူငယ်မ လား ။ ဟင် မင်းနှင့် မတန်ပါကလား ၊ ကလေးမက အပုံကြီး ချောတယ် ၊ သူ့နာမည်က ဘယ်သူလဲ ။
တင် ။ ။ ခင်ခင်မေ
တုတ် ။ ။ သူငယ်မ မိဘက ဘယ်သူလဲ ၊
ခင် ။ ။ ( ရှက်ကြောက်သော ဟန်ဖြင့် ) ဝန်ထောက် ဦးလူဘေ နှင့် ဒေါ်နုပါ ၊ ဖေဖေ တော့ ဆုံးပါပြီ ။
တုတ် ။ ။ ဦးလူဘေကို ၊ ဦး အသိသားဘဲ ပြောစရာ မရှိပါဘူး ၊ ဒါထက် မောင်မောင်တင် ၊ မင်းတို့ နှစ်ယောက် ထိမ်းမြားမည့် အကြောင်းကို သတင်းစာထဲမှာ ကြော်ငြာပြီးပြီလား ။
တင် ။ ။ ဦးလေးကြီး အခွင့်မရလို့ မကြော်ငြာရသေးဘူး ။
တုတ် ။ ။ ကဲ ... ဒါဖြင့် သွားပြီး ကြော်ငြာထည့် မနက်ဖြန် သတင်းစာမှာ ဦးလေးကြီး ဖတ်ချင်တယ် ၊ အခု ဦးလေးကြီး ဓာတ်လုံး အတွက် မီးပျက်မခံနိုင်သေးဘူး ။ မင်းတို့ နှစ်ယောက်လုံး ထမင်း ဒီမှာ စားကြ ၊ ထမင်း စားရင်း စကား ပြောကြရအောင် ။ သွား အခု သတင်းစာတိုက်ကို မြန်မြန် သွား ၊ သူငယ်မကလေးကို အိမ်ရှေ့ခန်းမှာ ထားခဲ့ ။
ဤသို့ ပြောလိုက်ပြီးလျှင် ဦးဘိုးတုတ်မှာ ဖိုကို ဆွဲရန် ကြိုးစကို လက်တစ်ဖက်နှင့် လှမ်း၍ကိုင်လိုက်ရာ မောင်မောင်တင် နှင့် ခင်ခင်မေတို့မှာ အလိုက်သိစွာနှင့် အခန်းတွင်းမှ ထွက်ခွာ၍ လာကြရလေ၏ ။
အပြင်သို့ ရောက်သောအခါ ခင်ခင်မေ မှာ စိတ်မအေးနိုင်သော အမူအရာနှင့် ...
ခင် ။ ။ ကိုကို စာကို မြင်ခဲ့ရဲ့လား ။
တင် ။ ။ မြင်တော့ မြင်ခဲ့တယ် ။ နို့ပေမယ့် ခိုးယူဘို့ အများကြီး ခက်နေလို့ သူမြင်မှာ စိုးတာနှင့် ၊ မခိုးဝံ့ဘူး ။ နို့ပေမယ့် ကောင်းတာ တစ်ခု တော့ လုပ်ခဲ့ပါတယ် ။
ခင် ။ ။ ဘာလုပ်ခဲ့သလဲ ။
တင် ။ ။ ဦးလေးကြီးရဲ့ မျက်မှန်ကို နေရာ ရွှေ့ထားဘယ် ၊ ဒီမျက်မှန် မရှိလျှင် သူ စာမဖတ်နိုင်ဘူး ။ သူ မဖတ်နိုင်ခင် နောက်တစ်ပတ် ကြံပြီး စာကို ခိုးမယ် ၊ ဒီမျက်မှန်ကို နောက်တော့ ဦးကျော်ဇံ တွေ့မှာပဲ ။
ဤသို့ ပြောလိုက်သောအခါ ခင်ခင်မေ မှာ စိတ်ပျက်အားလျှော့သော အမူအရာဖြင့် ပြတင်းပေါက်မှ အပြင်ဘက် ဥယျာဉ်အတွင်းဆီသို့ ကြည့်ကာ ဝမ်းနည်းသော လက္ခဏာဖြင့် နေသည့်ကို မောင်မောင်တင် မြင်သဖြင့် ..
တင် ။ ။ စိတ်ပျက်နေသလား ၊ စိတ်မညစ်ပါနှင့်လေ ၊ ဒီစာကို ရအောင် ကြံပေးပါ့မယ် ။
ခင် ။ ။ စာအတွက် စိတ်ညစ်တာ မဟုတ်ပါဘူး ။ ကိုကိုရဲ့ ဦးလေးကြီးက ကိုကိုနှင့် ခင် ကြောင်းလမ်းစေ့စပ်ထားတယ်လို့ သတင်းစာမှာ ကြော်ငြာရမယ်ဆိုလို့ပါ ။
တင် ။ ။ ဟုတ်တယ်လေ ဒါမှ သူ ယုံကြည်မှာပေါ့ ။ ဒီလိုမှ မလုပ်လျှင်လဲ ကိုကို တစ်သက်လုံး ဦးလေးကြီးက ယုံတော့မှာ မဟုတ်ဘူး ။ မယုံလျှင် ငွေငါးထောင် ဝေးလို့ ငါးပြားတောင် နောင်ကို ပြောလို့ ရမှာမဟုတ်တော့ဖူး ။
ခင် ။ ။ ဒါဖြင့် ခင်ဟာ ကိုကို့ကို သက်သက် လာပြီး ဒုက္ခ ပေးသလို ဖြစ်နေပြီ ။
တင် ။ ။ အို ... ဒီလိုလဲ မအောက်မေ့နှင့်လေ ကိစ္စမရှိပါဘူး ၊ အခု လာတဲ့ကိစ္စက ဦးလေးကြီး ဆီမှာ ငွေငါးထောင်လောက် ချေးဖို့ လာတာပါ ။ ဒီကနေ ဒီငွေကို ရလျှင် အလုပ်အကိုင် အားလုံး နေရာကျမယ် ၊ ဒီငွေကို မရဘူး ဆိုလျှင် ညနေမှာ အလုပ်ပျက်မယ် ၊ ဒါကြောင့် ဦးလေးကြီး ဆီကို အခု သွားရဦးမယ် ၊ ခင် ဒီမှာ ခဏနေပါဦး ၊
မောင်မောင်တင်သည် ဦးဘိုးတုတ်၏ အခန်းထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ဝင်သွားသောအခါ ဦးဘိုးတုတ်မှာ စိတ်တိုသည့် အမူအရာဖြင့် ...
တုတ် ။ ။ မောင်မောင်တင် ဝင်လာပြန်ပလား ။ အခုနကပဲ ဓါတ်လုံး အတွက် မီးပျက်မခံနိုင်ဘူး စကားမပြောအားသေးဘူးလို့ ပြောလိုက်တယ် မဟုတ်လား ။
တင် ။ ။ အခု လာကာ အခြားကိစ္စပါ မိန်းမကြောင်း မဟုတ်ပါဘူး ၊
တုတ် ။ ။ ပြောပြော မြန်မြန်ပြောစမ်း ဘာကိစ္စ ပေါ်လာပြန်သလဲ ။
တင် ။ ။ ဦးလေးကြီး ဆီက ငွေငါးထောင်လောက် ချေးချင်လို့ပါ ။
တုတ် ။ ။ ဟဲ့ ဘာတဲ့ သေသေချာချာ ပြန်ပြောစမ်းပါ ၊ ငါးဆယ်လား ၊ ငါးထောင်လား ။
တင် ။ ။ ငါးထောင်ပါ ။
တုတ် ။ ။ ဘာလုပ်ဖို့ ဖြုန်းပစ်မလို့လား ၊
တင် ။ ။ မဟုတ်ပါဘူး ၊ ဘားမားတိုင်း ၊ စာပုံနှိပ်တိုက် ဦးဘိုးထွန်းက ကျွန်တော် အလုပ် မလုပ်နိုင်အောင် ဖျက်လိုဖျက်ဆီး လုပ်နေလို့ ငွေ ငါးထောင်ကို အမြန် အလုပ်ထဲမှာ ထပ်ထည့်ဖို့ လိုလို့ပါ ။ ဒီလိုမှ မရရင် ညနေမှာ အလုပ်ပျက်ပြီး အလုပ်တိုက်ကို အပိတ်ခံရမှာပဲ ။
တုတ် ။ ။ မင်း အင်မတန် ဒုက္ခပေးတဲ့ အကောင် ။ အခုနကဘဲ သူငယ်မလေးကို ခေါ်လာတယ် အခုပဲ ငွေငါးထောင် လိုချင်တယ် ပြောပြန်ပြီ ၊ တော်တော်ကြာရင် ဘာအတွက် တစ်ခါ လိုချင်ဦးမှာလဲ ။ ဟေ့ ... ဟေ့ လက်ထဲက စာကို ဘာလုပ်ထားဘာလဲ ။
မောင်မောင်တင်သည် လက်မှ စာကို ရုတ်တရက် ချလိုက်ပြီးလျှင် ။
တင် ။ ။ ဒီစားပွဲပေါ်က ရတဲ့စာပါ ။ ခဏယူ ဖက်ကြည့်တာပါ ။
တုတ် ။ ။ အင်း အခုမှ သတိရတယ် ၊ ဒီဟာ ဘိုးထွန်း ဆီက ပေးတဲ့ စာထူးစာဆန်းလို့ ၊ ကိုကျော်ဇံ ပြောသွားတယ် ။ ဖတ်ရဦးမယ် ဟဲ့ .. ကြည့်စမ်း ဒီက မျက်မှန်ကော မရှိတော့ပါလား ။ ဟေ့ ကိုကျော်ဇံ ဒီက မျက်မှန် ဘယ်မှာလဲ ။ ဒီကို လာပါဦး မျက်မှန် ဘယ်မှာလဲဟ ၊
တံခါးဝမှ ထွက်၍ အော်ရာ စက္ကထရီ ကိုကျော်ဇံမှာ အလွန်ရိုသေသော အမူအရာနှင့် ကျွန်တော် တွေ့အောင်ရှာပေးပါ့မယ် ဟု ပြောရာ မောင်မောင်တင် က ကျွန်တော် လည်း ကူရှာပေးပါ့မယ်ဟု ပြောပြီးလျှင် အခန်းထဲမှ ထွက်လာလေ၏ ။
နောက်များ မကြာမီ အတွင်းတွင် ဦးကျော်ဇံ မှာ ရှာ၍ တွေ့သော မျက်မှန်ကို လက်တစ်ဖက်က ကိုင်ပြီးလျှင် ဝင်လာ၍ ၊
ဇံ ။ ။ ဒီမှာ မျက်မှန် တွေ့ပါပြီ ။ အိမ်ရှေ့က ဧည့်သည်တစ်ယောက် သူဌေးကို တွေ့ချင်လို့ စောင့်နေပါတယ် ။
တုတ် ။ ။ ဘယ်က ဧည့်သည်လဲ ။
ဇံ ။ ။ ဦးဘိုးထွန်း လို့ပြောတာပဲ ။
တုတ် ။ ငဘိုးထွန်းက ဒီမှာ သူဘာကိစ္စနှင့် လာရတာလဲ သူ့ လာလို့ ကိစ္စမရှိပါဘူး ၊ လွှတ်လိုက်ဗျာ ၊ ဝင်ခဲ့လို့ပဲ ပြောလိုက် ။
မကြာမီအတွင်း ဦးဘိုးထွန်း မှာ ဦးဘိုးတုတ်၏ အခန်းထဲသို့ ဝင်လာပြီးလျှင် ၊
ထွန်း ။ ။ ဦးဘိုးတုတ် မာရဲ့ နော် ၊ ကျွန်တော်တော့ စာကလေးအတွက် ထွက်လာခဲ့တာပဲ ။
တုတ် ။ ။ စာကလေး ဘာစာကလေးလဲ ၊ ဒီအိမ်မှာ တစ်ကောင်မှ မရှိဘူး ။
ထွန်း ။ ။ ဒီစာကို ဒီလောက်ရှိရင် ဦးဘိုးတုတ် ဖတ်လို့တောင် ပြီးပြီ ထင်တယ် ။ ဒီစာ အတွက် ၊ ကျွန်တော့် စာရေးမကလေး ကိုတောင် ဒီကို စောစောက လွှတ်လိုက်သေးတယ် ။ အဲဒီ စာရေးမကလေးက အခုထက်ထိ စာကို ယူမလာတာနဲ့ စိတ်မအေးလို့ ကျွန်တော် ကိုယ်တိုင် ထပ်ပြီး လိုက်လာ ရတယ် ။
တုတ် ။ ။ ဪ .. ဟုတ်ရဲ့လား ။ ဒါဖြင့် ဟိုစာပေါ့ ၊ ကျွန်တော် ဖတ်ဖို့ အချိန်ရသေးလို့ အခုတောင် မဖတ်ရသေးပါဘူး ၊ ဒီကိုတော့ ဘယ်က စာရေးမကလေးမှ အခု မနက် မလာဖူးသေးပါဘူး ၊ မိန်းကလေး ဆိုလို့ မောင်မောင်တင်ရဲ့ ရည်းစားတစ်ယောက်ပဲ ဒီမနက် လာသေးတယ် ။ ဟေ့ .... ကိုကျော်ဇံ လာပါဦး ။
ဇံ ။ ။ လာပါပြီ ၊
တုတ် ။ ။ ဟေ့ ... ကိုကျော်ဇံ ဦးဘိုးထွန်းက စောစောကုန်းက စာရေးမကလေး တစ်ယောက်ကို ကျုပ်ဆီ လွှတ်လိုက်တယ် ပြောတယ် ၊ ဟိုစာရဲ့ ကိစ္စအတွက်ပေါ့ ဟုတ်လား .... စာရေးမတစ်ယောက် အခု မနက်လာသလား ။
ဇံ ။ ။ ဟုတ်ကဲ့ ၉ နာရီ ကျော်ကျော်လောက်တုန်းက သူငယ်မလေး တစ်ယောက် လာပြီး မေးတယ် ။ သူဌေးကြီး အလုပ်များနေတယ်လို့ ကျွန်တော်က ပြောလိုက်တာနဲ့ပဲ ပြန်သွားတယ် ၊ ပြီးတော့ နောက် နာရီကို လောက် ကြာတော့ မောင်မောင်တင်နဲ့ အတူ တစ်ခေါက်လာကြပြီး မောင်မောင်တင် က သူ့ရည်းစားလို့ ပြောတယ် ။
တုတ် ။ ။ သွား ... ဒီသူငယ်မကို သွားခေါ်လိုက် တယ်ပြီး ဇာတ်ရှုပ်ပါကလား ၊ ဒီစာလေးအတွက် ဘာအရေးကြီးဘာလဲ ။ ပြစမ်း ဒီစာ ၊ ဒီစာကို ဖတ်ကြည့်ချင်တယ် ။
ဤသို့ပြောပြီးလျှင် ပြောပြောဆိုဆိုနှင့် ဦးဘိုးတုတ်မှာ စာများကို ရှာဖွေရာ
ထွန်း ။ ။ ဒီစာကို မဖတ်တာ ကောင်းပါတယ်လေ ၊ ဒီဟာ မှားပြီး ရောက်လာတဲ့ စာပါ ။ ဒီစာကို မှားထည့်မိလို့ ကျွန်တော် ကိုယ်တိုင် လိုက်လာတာပေါ့ ။
တုတ် ။ ။ ခင်ဗျား အစက ဘာပြုလို့ ဂရုမစိုက်ရဘာလဲ ။ ခင်ဗျား မဖတ်စေချင်တဲ့ စာကို ကျွန်တော်လည်း မဖတ်ပါဘူး ။ ရော့ ... ယူသွား ။
ဤသို့ပြောပြီးလျှင် စာကို ပေးသောအခါ ဦးဘိုးထွန်းသည် လက်ကို လျင်မြန်စွာ ဆန့်ဟန်းပြီးလျှင် စာကို လှမ်းယူလိုက်ပြီးနောက် ၊ ဦးဘိုးထွန်း မှာ ထိုကိစ္စအတွက် လေးနေသော စိတ်များမှာ တစ်ခါတည်း ပေါ့ပါး၍ သွားလေ၏ ။
ဤအခိုက်အတွင်းတွင် ခင်ခင်မေသည် အခန်းထဲသို့ ဝင်လာရာ ဦးဘိုးထွန်းမှာ ခင်ခင်မေကို လက်ညှိုးထိုး၍ ဦးဘိုးတုတ်၏ ဘက်သို့ လှည့်ကာ “ ဟောဒါ ကျွန်တော် လွှတ်လိုက်တဲ့ သူငယ်မ ပဲ ၊ ခင်ခင်မေ ဘာပြုလို့ ခိုင်းလိုက်တဲ့ ကိစ္စကို ပြီးအောင် မလုပ်ပဲ နေရတာလဲ ။ ခင်ခင်မေ ကို ဒီစာကို ပြန်ယူလာဖို့ ခိုင်းလိုက်တယ် မဟုတ်လား ၊ အခုအချိန် ဘယ်လောက် လွန်သွားသလဲ ၊ ဒါကြောင့် ကိုယ်တိုင် ထပ်ပြီး လိုက်လာရတယ် ဒီလိုဆိုရင် အလုပ် ထုတ်ပစ်ဖို့ပဲ ရှိတယ် ။ တိုက်ကို ရောက်လျှင် နင် ထွက်စာ ယူပေတော့ ။
ဤသို့ပြောဆိုနေဆဲတွင် မောင်မောင်တင် မှာ ရှေ့သို့ တိုးလာပြီးလျှင် ..
တင် ။ ။ ဒီလိုလုပ်လို့ ဘာဖြစ်နိုင်မလဲ ။ ဒီလို ခင်ခင်မေ ကို ထုတ်ပစ်လိုက်ရင် ဒီစာအတွက် ခက်မှာပေါ့ ။
ထွန်း ။ ။ ဘာဖြစ်လို့ ခက်ရမှာပဲ ၊ ဒီစာအကြောင်းကို မောင်ရင်က ဘာသိလို့လဲ ။
တင် ။ ။ ( ပြုံးလျက် ) သိလိုပေါ့ ၊ ဦး ရထားတဲ့ စာကို ဖတ်ကြည့်ပါလား ။
ဤသို့ပြောသဖြင့် ဦးဘိုးထွန်း မှာ မခံချင်သော အမူအရာဖြင့် စာအိတ်ထဲမှ စာကို ကပျာကယာ ယူ၍ဖက်လိုက်ရာ ထိုစာအိတ်ထဲက စာရွက်မှာ စာမပါဘဲ ဗလာစက္ကူ ဖြစ်၍ နေသည်ကို တွေ့ရလေ၏ ။
ထွန်း ။ ။ ဒီဟာ ကျုပ်စာ မဟုတ်ဘူး ။
တင် ။ ။ ဟုတ်တယ် ၊ ဒီစာရွက်အလွတ်နှင့် စာကို ခုနက ဦးလေးကြီးနဲ့ စကားပြောရင်း ကျွန်တော် လဲပြီး ထားလိုက်တယ် ။ ဦးဘိုးထွန်း ဟာ ကျွန်တော်ရဲ့ အလုပ် မပျက်ပျက်အောင် ကျွန်တော်ကို တမင်ပြိုင်ပြီး ဈေးလျှော့ရောင်းသလို ကျွန်တော်က စိတ်သဘောထား မရှိပါဘူး ။
တုတ် ။ ။ ဒီစာ အတွက်ဟာ အင်မတန် ရှုပ်နေပါလား ၊ စာကလေးတစ်စောင်နဲ့ ဒါလောက် ရှုပ်တာ စကားများကာ တစ်ခါမှ မတွေ့ဖူးဘူး ၊ ဒီစာထဲမှာ ဘာအကြောင်းတွေ ပါလို့လဲ ။
တင် ။ ။ ဒီစာထဲမှာပါတဲ့ အကြောင်းတွေကို ဦးလေးကြီးသာ အားလုံးသိရင် ဒီစာကို ဦးလေးကြီး လက်လွှတ်မှာ မဟုတ်ဘူး ၊ ဘယ်နှယ့်လဲ ဦးဘိုးထွန်းရဲ့ ဦးလေးကြီးကို ဒီစာ ပေးလိုက်ရမလား ။
ထွန်း ။ ။ မပေးပါနဲ့ ၊ မလုပ်ပါနဲ့ ။ ကဲ ကဲ ဦးကပဲ လျော့ပေးပါမယ် ၊ တူမောင်တို့ ဦးဘိုးတုတ် နဲ့ ဦး ဟာ တိုင်းရေးပြည်ရေး ခွဲမှု တွဲမှု ကစပြီး စကားများကြတာ ။ ခုတော့ အခွဲ ၊ အတွဲ ကိစ္စလည်း ပြီးပါပြီ ။ တစ်ယောက်ကို တစ်ယောက် ရန်သူလို သဘောထားတဲ့ စိတ်တွေကို ဖျောက်လိုက်ကြပါစို့ ။ ခင်ခင်မေ ကို အလုပ်က ထုတ်ပစ်မယ် ဆိုတာလည်း အလကား ခြောက်တာပါ ။
တင် ။ ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ ကလည်း ရန်လိုတဲ့ စိတ်မထားပါဘူး ။
ထွန်း ။ ။ ဦးလည်း အသက်ကြီးတော့ တူမောင်တို့လို ဖျတ်ဖျတ်လတ်လတ် လူငယ်တစ်ယောက်ကို အထောက်အထား လိုနေတယ် ။ ဦးလည်း မောင့်ရဲ့ အလုပ်ကို ပျက်စီးအောင် အပြိုင်အဆိုင် မလုပ်ချင်ပါဘူး ၊ မောင့် အလုပ်နဲ့ ဦးရဲ့ ဆိုင်ကို ပေါင်းပြီး စပ်တူ အလုပ်လုပ်ကြပါစို့ ။
တင် ။ ။ ဟုတ်ကဲ့ ... ကျွန်တော်ကလည်း နှစ်ဦး အကျိုးရှိဖို့ကို မငြင်းပါဘူး ၊ ဒါပေမဲ့ ဦးလေးက သတင်းစာမှာ မနက်ဖြန်ကို ကြော်ငြာ ဖတ်ချင်တယ်လို့ အမိန့်ပေးထားတယ် ။ သတင်းစာတိုက်ကို အချိန် မလွန်ခင် ပြေးလိုက်ဦးမယ် ။ အလုပ်စပ်တူ လုပ်ဖို့ မနက်ဖြန်မှ တိုင်ပင်ကြတာပေါ့ ။
ဤသို့ ပြောပြီး မောင်မောင်တင် မှာ ထွက်၍သွားရာ ခင်ခင်မေ မှာလည်း နောက်က ပါ၍ သွားသည်ကို ဦးဘိုးထွန်း မှာ အံ့အားသင့်စွာနှင့် ကြည့် ပြီး ...
ထွန်း ။ ။ သူတို့ ဘာကြော်ငြာ ထည့်ဖို့ သတင်းစာတိုက်ကို ပြေးကြတာလဲ ။
တုတ် ။ ။ သူတို့ နှစ်ယောက် ထိမ်းမြားဖို့ ကြောင်းလမ်းထားတဲ့ အကြောင်းပေါ့ ။
▣ ရေးသူ ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment