Tuesday, July 15, 2025

မှန်ထဲကလူ


 

❝ မှန်ထဲကလူ ❞
    ( ဝင်းဖေ )

လမ်းထိပ်ကနေ ဆိုက်ကားစီးပြီး လမ်းကြားလေးထဲ ဝင်ခဲ့တော့ လမ်းက တော်တော်ဆိုးတာပဲ ။ ချိုင့်တွေ ကျင်းတွေကို ကွေ့ပတ်ရှောင်ကွင်းပြီး သွား ရတာ ။ တချို့နေရာမှာ ရှောင်လို့တောင် မလွတ်ပါဘူး ။ ဒီလိုပဲ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ လိုက်ခဲ့ရတော့တာပဲ ။

ရှယ်လီ ဆိုက်ကား မစီးဖူးတာ ကြာလှပြီ ။ တော်ပါသေးရဲ့ ၊ ဗေဒင် ဆရာကြီးအိမ်က သိပ်မဝေးလို့ ။ ဆိုက်ကားဆရာက ဝင်းထရံနားကပ်ပြီး ရပ်ပေးလိုက်တယ် ။ ရှယ်လီက ဆိုက်ကားဆရာကို စောင့်ခိုင်းထားပြီး အိမ်ထဲ ဝင်ခဲ့တယ် ။

ဗေဒင်ဆရာရဲ့ အလုပ်စားပွဲက အိမ်ရှေ့ခန်းမှာ ရှိတာပဲ ။ အခန်းက သိပ်မကျယ်ပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိပါတယ် ။ ဗေဒင်ဆရာက ရှယ်လီ ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီး ခပ်မြန်မြန် အကဲခတ်လိုက်ဟန် တူတယ် ။ ရှယ်လီ သိပ်မကြိုက်ချင်ဘူး ။ ဒါပေမဲ့ ဒါက ဗေဒင်ဆရာတွေ အလုပ်ပဲလေ ၊ ထားလိုက်ပါတော့ ။

“ ထိုင်ပါဗျာ … ”

ရှယ်လီက ဘာမှ ပြန်မပြောဘဲ ထိုင်လိုက်တယ် ။

ရှယ်လီက ဘာရယ် ညာရယ် မပြောသေးပေမယ့် ဗေဒင်ဆရာက သူ့အလုပ်သူ တောက်လျှောက် လုပ်နေတယ် ။ စက္ကူဖြူဖြူတစ်ရွက်ကို စားပွဲပေါ်မှာ ခင်းလိုက်ပြီး

“ ကဲ ခင်ဗျား လက်နှစ်ဖက်စလုံး ဒီစက္ကူပေါ်မှာ မှောက်လျက် တင်လိုက် … မဟုတ်ဘူး မဟုတ်ဘူး ၊ တခြားစီလေ ၊ အဲ .. ဟုတ်ပြီ ”

ဗေဒင်ဆရာက ရှယ်လီရဲ့ လက်တွေကို သူ့လက်နဲ့ မထိဘဲ ဘယ်ပုံ ဘယ်လို ထားရမယ် ဆိုတာ ပြပါတယ် ။ ပထမ ရှယ်လီက မမေးမမြန်းနဲ့ အလုပ် စလုပ်ဖို့ ဇွတ်ပြင်ဆင်နေတဲ့ ဗေဒင်ဆရာကို ဘဝင်မကျချင်ဘူး ။ ဒါပေမဲ့ သူကလည်း ဗေဒင်မေးဖို့ လာတာပဲလေ ။ အဲဒီတော့ မှန်နေတယ် ၊ ဘာဖြစ်လဲ ။ ဗေဒင်ဆရာ ပြောသလိုပဲ လုပ်လိုက်ပါတယ် ။

“ ကျွန်မ … မွေးသက္ကရာဇ်က ”

“ မလိုပါဘူး ခင်ဗျာ ၊ ကျွန်တော့်နည်းက အာရုံနဲ့ ဟောတဲ့နည်းပါ ၊ တစ်ခုတော့ရှိတယ် ၊ ခင်ဗျားကို ဟောနိုင်ဖို့ ခင်ဗျား လက်ထိပ်ကလေး တွေနဲ့ ကျွန်တော် လက်ထိပ်ကလေးတွေနဲ့ ခဏလောက်တော့ ထိထားဖို့ လိုပါမယ် ”

စိန်စိန်တို့ ပြောလိုက်တာကို စုံအောင် မမေးမမြန်းဘဲ ကောက်ကာ ငင်ကာ လာခဲ့မိတာကိုး ။ ရိုးရိုး ဗေဒင် မှတ်နေတာ ၊ သူ့ဟာက အာရုံနဲ့ ဟောတဲ့နည်းတဲ့ ။ ကိစ္စမရှိဘူးလေ ။

“ ဖြစ်ပါတယ် ဆရာ ”

ဗေဒင်ဆရာက သူ့လက်ထိပ်ကလေးတွေနဲ့ ရှယ်လီရဲ့ လက်ထိပ်ကလေးတွေကို သပ်သပ်ရပ်ရပ် ထိကပ်ထားလိုက်တယ် ။ လက်ချောင်းစေ့ ထိကပ်လို့တော့ မရပါဘူး ။ ရသလောက်ပေါ့လေ ။

ဗေဒင်ဆရာက လက်ထိပ်ချင်း ထိထားပြီးတဲ့နောက် သူ့မျက်စိကို မှိတ်ထားလိုက်ပြီး အာရုံယူလိုက်ဟန် တူတယ် ။ ရှယ်လီကတော့ ဗေဒင် ဆရာရဲ့ မျက်နှာကိုပဲ ကြည့်နေလိုက်တယ် ။

အာရုံရဖို့ တော်တော် အချိန်ယူရတာပဲ ။ နှစ်မိနစ်လောက်တောင်ကြာမယ် ။ အဲဒီ အတောအတွင်းမှာ ရှယ်လီရဲ့ စိတ်က ထင်တာပဲလားတော့ မပြောတတ်ဘူး ။ သူ့ကိုယ်ထဲက ဓာတ်တွေ စီးထွက်သွားသလိုလို ၊ ဘာလိုလို ။ ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်းတော့ ခံစားလိုက်ရတယ် ။ ဆန်းဆန်းပြားပြားစိတ်ကြောင့်တော့ မဟုတ်ပါဘူး ။ ဗေဒင်ဆရာ မျက်စိဖွင့်လိုက်တဲ့ အချိန်မှာ ရှယ်လီက သူ့မျက်လွှာကို ချထားလိုက်တယ် ။

“ ကဲ … ကျွန်တော် ပြောမယ်နော် ၊ ခင်ဗျားဟာ ဗုဒ္ဓဟူးသမီးပဲဗျ ၊ စိတ်တော့ မရှိနဲ့နော် ၊ ခင်ဗျား အသက် သုံးဆယ့်နှစ်နှစ် ရှိပြီ ။ ယောက်ျား တော်တော်များများနဲ့ တွေ့ခဲ့ပြီးပြီ ။ လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းတာ နှစ်ယောက်ပဲ ရှိတယ် ။ ခု လက်ရှိယောက်ျားက ခင်ဗျားကို ပထမယောက်ျား လက်ထဲက ဇွတ်ခိုးယူလာခဲ့တာပဲ ”

ရှယ်လီ ကြက်သီးဖြန်းဖြန်း ထသွားတယ် ။ “ ဟုတ်ကဲ့လား ” လို့ မေးမှာ ကြောက်မိတယ် ။ တော်သေးတယ် ၊ ဗေဒင်ဆရာက မမေးပါဘူး ။ သူ အာရုံရတာကို ခရားရေလွှတ် လျှောက်ပြောတာပါပဲ ။

“ ခင်ဗျား ကျွန်တော့်အိမ်ကို ဘာကြောင့် ဆိုက်ကားနဲ့ လာတယ် ဆိုတာ အံ့သြစရာပဲ ၊ ခင်ဗျားမှာ လောလောဆယ် သောကရှိတယ် ။ ဒါပေမဲ့ ခင်ဗျား ကိုယ်ပိုင်သောက မဟုတ်ဘူး ၊ သူများအပူ ကိုယ့်အပူ လုပ်ရတာပဲ ။ အေးဗျာ ခင်ဗျားအကြောင်း ကျွန်တော် သိပ်မဟောချင်ဘူး ၊ ခင်ဗျားယောက်ျားအကြောင်း ပိုဟောချင်တယ် ”

“ ဟောပါ ဆရာ ၊ ဟောပါ ။ အဲဒါကို ပိုသိချင်ပါတယ် ” လို့ မပြောရသေးခင် ဗေဒင်ဆရာက စက်ရုပ်လိုပါပဲ ၊ သူ့ဟာသူ ဆက်ဟောတယ် ။

“ ခင်ဗျားယောက်ျားက တကယ့်လူရှုပ်ပဲ ၊ လူပေါ် လူဇော် လုပ်ခဲ့တာ တွေရော ၊ ခေါင်းတုံးပေါ် ထိပ်ကွက် လုပ်ခဲ့တာရော ၊ သူများမျက်ခုံးပေါ် စင်္ကြံ လျှောက်ခဲ့တာတွေရော ၊ နောက်ဆုံး ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်တာတွေရော များလှပြီပဲ ။ သူ လုပ်ခဲ့သမျှ အားလုံးထဲမှာ မူးယစ်ဆေးဝါးကိစ္စက အဆိုးဆုံးပဲ ။ သူ့ကို နောက်ဆုံး ဒုက္ခပေးမှာက အဲဒီကိစ္စပဲ ”

အာရုံရလာပြီ ဆိုတဲ့ အချိန်မှာ အားနာရကောင်းမှန်း မသိတော့ဘူးနဲ့ တူတယ် ။ ပြောသင့် မပြောသင့် ဆိုတာလည်း မရှိတော့ဘူးနဲ့ တူတယ် ။ ဗေဒင်ဆရာက ဆက်တိုက် ပြောချနေတယ် ။ ရှယ်လီလည်း ကြောက်ပြီး ဘာမှ ပြန်မပြောရဲဘူး ။

“ ဒုစရိုက်လောကမှာ ကျင်လည်တဲ့ လူတစ်ယောက် ဖြစ်နေတယ် ၊ သူ့အန္တရာယ်ဟာ သူ့အနီးအနားမှာ ရှိနေပြီ ၊ ပြီးတော့ ... ပြီးတော့ နေဦး ၊ ခဏနော် ခဏ ”

ဗေဒင်ဆရာရဲ့ မျက်လုံးများ ပြန်မှိတ်သွားတယ် ။ စကားမပြောဘဲ အကြာကြီး ငြိမ်သွားတယ် ။ ထိကပ်ထားတဲ့ လက်ထိပ်တွေဟာ ကြာလာ လို့လားတော့ မပြောတတ်ဘူး ၊ ပူတက်လာတယ် ။ ဗေဒင်ဆရာရဲ့ နဖူးမှာလည်း ချွေးပြန်လာတယ် ။ သူ့ပါးစပ်က တလှုပ်လှုပ် တရွရွ ဖြစ်နေပေမယ့် ဘာအသံမှ ထွက်မလာဘူး ။ ရှယ်လီလည်း ဘာကိုမှန်းမသိဘဲ ကြောက်နေပြီး မင်တက်မိနေတယ် ။ ဗေဒင်ဆရာက အစပျောက်သွားတဲ့ သူ့အာရုံကို ပြန်စုစည်းလို့ရအောင် အပြင်းအထန် ကြိုးစားပေမယ့် မအောင်မြင်တော့ဘူးလို့ ဆိုပါတယ် ။ ဘာတတ်နိုင်တော့မှာလဲ ။

အဲဒီရပ်ကွက်ထဲက ရှယ်လီ ဆိုက်ကားနဲ့ ပြန်ထွက်လာတော့ ဗေဒင်ဆရာက ဘုရားရှိခိုးရင်း ကျန်ခဲ့တယ် ။ လမ်းထိပ်ရောက်တော့ ဆိုက်ကားခ ပေးပြီး လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ အက်စ်အီး ဆလွန်းကား နက်ပြာကြီး ဆီကို လာခဲ့တယ် ။ ဖိုတိုဂရေးမှန် ခပ်မည်းမည်းကြီးတွေ တပ်ထားတဲ့ ကားကို အလုံပိတ်ထားတော့ အတွင်းမှာ ဘယ်သူရှိတယ် ဆိုတာ အပြင်က မသိနိုင်ပါဘူး ။ တကယ်တော့ အတွင်းမှာ ရှယ်လို့ယောက်ျား သန်းနိုင် တစ်ယောက်တည်း ရှိတာပါ ။

သန်းနိုင်က ရှယ်လီ လာတာကို မြင်ပေမယ့် တံခါးဖွင့်မပေးပါဘူး ။ ရှယ်လီက သူ့ဟာသူ ကားတံခါးဖွင့်ပြီး ဝင်ထိုင်လိုက်တယ် ဆိုရင်ပဲ ကားက လျှောခနဲ ထွက်သွားတယ် ။

သန်းနိုင်ဟာ ကြံ့ခိုင်သန်မာတဲ့ လူချောတစ်ယောက်ပဲ ။ ဆံပင်တွေ သေသပ်ပိယိအောင် ဖြီးထားတယ် ။ အသားလတ်လတ် ၊ မျက်မှန်အနက် တပ်ထားတယ် ။ ဝတ်ပုံစားပုံကလည်း သပ်ရပ်သွက်လက်ပါတယ် ။ ဒါပေမဲ့ ဒုစရိုက်လောကသား တစ်ယောက်ပဲ ဆိုတာကတော့ ပေါ်လွင်နေတာပါပဲ ။ ပြီးတော့ သူက သူ့လောကမှာ ဆရာတစ်ဆူလေ ၊ သိတယ်မဟုတ်လား ။ မာန်တွေ ၊ ထံတွေ ၊ မင်တွေ ၊ မောင်းတွေက တယ်ကောင်းတာပဲ ။

ကားက လှစ်လှစ် လှစ်လှစ် နေအောင် ပြေးနေတယ် ။ ရှယ်လီက ဗေဒင်ဆရာ ပြောလိုက်တာတွေကို ပြန်ပြောတယ် ။ သန်းနိုင်က ရှယ်လီကို တစ်ချက်ကလေး လှည့်မကြည့်ဘဲ ဗေဒင်ဆရာရဲ့ အဟောကို နောက်တစ်ကြိမ် ထပ်ပြောဖို့ ၊ ဘာပြောရမလဲ ။ အမိန့်ပေးသလိုပါပဲ ။ ထားပါလေ ။ ထပ်ပြောခိုင်းတယ်ပဲ ဆိုကြပါစို့ ။ ရှယ်လီ သိပြီ ။ နောက်တစ်ခေါက် ပြန်ပြောတော့ သတိထားပြီး မှတ်မိသမျှကို အသေးစိတ် ပြောပြလိုက်တယ် ။

နောက်နေ့မနက်စောစောမှာ ရှယ်လီရဲ့ အလောင်းကို ငမိုးရိပ်ချောင်းထဲမှာ တွေ့ကြရတယ် ။

သန်းနိုင်နဲ့ အနီးကပ်ဆုံး အလုပ်လုပ်ကြရတဲ့ တပည့်ကျော် ငါးယောက် ၊ နောက်သုံးရက်အတွင်း အဝီစိ ရောက်သွားကြတယ် ။ အဲဒီလို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ နောက်ဆုံး အနီးကပ် တပည့်ကျော် ချာလီကို သန်းနိုင်ကိုယ်တိုင် ရှင်းပစ်လိုက်တယ် ။

သန်းနိုင်ဟာ သူ့နားမှာ ရှိတဲ့ အနီးကပ်ဆုံး လူတွေအားလုံး ရှင်းပစ်လိုက်ပြီ ။ သူ ကြာရှည်လေးမြင့် ကျင်လည် ကျက်စားခဲ့တဲ့ ဒုစရိုက်လောကကြီးနဲ့ ဝေးရာကို ထွက်သွားတယ် ။ သူ့ပတ်ဝန်းကျင်က လူတွေကိုရော ၊ ပတ်ဝန်းကျင်ကိုပါ ဖျောက်ဖျက်ပစ်လိုက်တာပါပဲ ။

••••• ••••• •••••

ချင်းပြည်နယ်က တောင်စောင်းတစ်ခုမှာ ရွာကလေးတစ်ရွာ ရှိတယ် ။ သိပ်သာယာတယ် ။ ရွာကလေးက သပ်ရပ်သန့်ရှင်းတယ် ။ စီးပွားရေးက စိုက်ပျိုးရေး သက်သက် ။ ရန်ကုန်မြို့နဲ့က အဝေးကြီး ။ ဘယ်လိုမှ မပတ်သက်တော့သလိုပဲ ။ ဒုစရိုက်လောကကြီးနဲ့ လည်း ဘယ်လိုမှ မနီးစပ်ပါဘူး ။

အဲဒီရွာကလေးကို သန်းနိုင် ရောက်လာတယ် ။ အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးရေးလုပ်ရင်း အခြေချ နေထိုင်ချင်တဲ့ ကိုချစ်ခင် ပေါ့လေ ။

ငွေကြေးပြည့်စုံတဲ့ ကိုချစ်ခင် ။

ပေးချင် ကမ်းချင်စိတ် အပြည့်ရှိသူ ။

မနှမြောတတ်သူ ၊ ရက်ရောသူ ။

ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွ နေတတ်သူ ။

ဆက်ဆံရေး အလွန်ကောင်းသူ ။

ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာရေး ကိုင်းရှိုင်းသူ ။

အပေါင်းအသင်းဆန့်သူ ။

ရပ်ရေးရွာရေး အလွန်စိတ်ဝင်စားသူ ။

အလုပ်သမားတွေ အပေါ်မှာ ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်သူ ။

ကိုချစ်ခင် သူ့ဘဝကို ပြောင်းပြန်လှန်ပစ်လိုက်တယ် ။ မည်းမှောင်နေတဲ့ ကိစ္စကို ဖြူဖွေးသွားအောင် လုပ်တယ် ။

သူ့အတွက် မခက်ပါဘူး ။ သိပ်လွယ်ပါတယ် ။

ကောင်းတာတွေကို လုပ်ရတာ ဘယ်သိပ်ခက်မလဲ ။ အလွန် ပျော်စရာ ကောင်းတဲ့ ကိစ္စတွေပဲ ။ ပြဿနာ မရှိတဲ့ ကိစ္စတွေ ၊ သိပ်စိတ်ချမ်းသာ စရာကောင်းတဲ့ ကိစ္စတွေပဲ ။ အကုန် အောင်မြင်တာပဲ ။

ဒါပေမဲ့ သူ ဒုစရိုက်လောကမှာ နေခဲ့တုန်းက မတရားတဲ့ကိစ္စတွေ ၊ မမှန်ကန်တဲ့ကိစ္စတွေ ၊ ရက်စက်ယုတ်မာတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့ဖူးတယ် ။ ချစ်ခင် တစ်ဖြစ်လဲ သန်းနိုင်ဟာ အလွန်လျင် ၊ အလွန်ပါးနပ်တဲ့ အတွက် ဘယ်သူမှ မသိအောင် ဖုံးနိုင် ဖွက်နိုင်ခဲ့တာပဲ ။

“ ဘာအပြစ်ကိုပဲ လုပ်လုပ် ၊ ဘယ်သူမှ မသိရင် ပြီးတာပဲ ”

ဒါက သန်းနိုင်ရဲ့ ခံယူချက် ဖြစ်ခဲ့တယ်လေ ။

“ ဘယ်သူမှ မသိရင် ပြီးတာပဲ ”

မကောင်းမှု ဒုစရိုက်ကို ကျူးလွန်တယ်ဆိုတာ ဘယ်သူမှ မသိရင် ဘာမှ ပြဿနာ မရှိဘူး ။ အလွန် လွယ်တဲ့ အတွေးအခေါ်ပဲ ။

သန်းနိုင် ဘဝကနေ ခု ချစ်ခင်ဘဝ ရောက်ခဲ့ပြီ ။ သူ လုပ်ခဲ့တာ တွေကို ဘယ်သူသိလို့လဲ ၊ ဘယ်သူ ဘာပြောနိုင်လို့လဲ ။ အရိပ်အမြွက်သိတဲ့ အနီးကပ်ဆုံး လူတွေလည်း အကုန် အပြတ်ရှင်းခဲ့ပြီးပြီ ၊ ဘာလိုသေးလဲ ။

လောကမှာ သူ့ရဲ့ စုတ်ပြတ်ညစ်ပတ်ခဲ့တဲ့ ကိစ္စတွေကို သိတာ ဆိုလို့ သူကိုယ်တိုင်ပဲ ရှိတော့တာပဲ ။

ဒါကတော့ ကိုယ့်တာဝန်ပဲ ၊ ကိုယ့်တာဝန် ကိုယ်ယူပေါ့ ။ ကိုယ့် ကိစ္စတွေ ကိုယ် မေ့နိုင်အောင် ကြိုးစားပေါ့ ။ ဘာပဲဖြစ်ဖြစ် အချိန်ကြာလာ ရင် မေ့သွားတတ်တာမျိုးပဲ ။ ကြာရင် မေ့လိမ့်မယ် ၊ ကြာရင် မေ့သွားမှာပဲ ၊ ပျောက်သွားမှာပဲ ။ လွယ်ပါတယ် ။

ရွာခံလူတွေ အားလုံး ကိုချစ်ခင် ကို အထင်ကြီးကြတယ် ၊ ခင်မင် အားကျကြတယ် ၊ ကူညီရိုင်းပင်းကြတယ် ။ အင်း …. ဘဝတစ်ခုကို ပြင်ရတာ တယ်လွယ်ပါလား ။

ကိုချစ်ခင် အဖို့ အတိတ်ကို မေ့နိုင်ဖို့ပဲ လိုတော့တယ် ။ မေ့ ၊ မေ့ ၊ မေ့လိုက်စမ်း ။

ဘာတဲ့ ၊ ရှယ်လီ ပြောလိုက်တာ ။

ဗေဒင်ဆရာ ဟောလိုက်တာ ။

သူ့အန္တရာယ်ဟာ သူ့အနီးအနားမှာ ရှိနေပြီတဲ့ ။

အဲဒီစကားတွေကို မေ့ဖို့ ခက်လိုက်တာ ။ အဲဒီစကားတွေကို ဆုံး မေ့နိုင်အောင်လုပ်မှ ဖြစ်မယ် ။ အဲဒီ ဗေဒင်ဆရာရဲ့ စကားတွေကြောင့် သူ့အတိတ်က အရိပ်တွေကို ဖျောက်ပစ် မေ့ပစ်ဖို့ ခက်နေတာပဲ ။ ကိုချစ်ခင်နဲ့  ရွာခံလူတွေရဲ့ ဖြောင့်ဖြူးလှပတဲ့ အချိန်ဟာ အတိအကျ ပြောရရင် ခြောက်လနဲ့ ခုနစ်ရက်ပဲ ခံတယ် ။

ပန်းသီးခြံထဲက အလုပ်သမား သုံးယောက်ကို အလုပ်ဖြုတ်ပစ် လိုက်တယ် ။

ဘာအပြစ်ရှိလို့လဲလို့ ပြန်မေးမိလို့ မိုက်မိုက်ရိုင်းရိုင်း အဆဲခံကြရသေးတယ် ။

ခြောက်လနဲ့ နှစ်ဆယ့်သုံးရက်မြောက်တဲ့နေ့မှာ သစ်တော်ခြံက အလုပ်သမမိန်းကလေးနှစ်ယောက်ကို ပါးရို က်ပြီး ခြေထောက်နဲ့ ပိတ်က န်တယ် ။ ပြီးတော့ အလုပ်ထုတ်ပစ်လိုက်ပြန်တယ် ။

ချောင်းထဲက ဆုံလည်စက်ကို ရောင်းခဲ့တဲ့ ရွာခံလူကြီး ခတ်ခန်ထန်း ကို လူလိမ်ကြီးလို့ စွပ်စွဲပြီး လူပုံအလယ်မှာ အရှက်ခွဲတယ် ။

ရေမချိုးတာလည်း ကြာပြီ ။ သူနေတဲ့ အိမ်နားမှာ ရှိတဲ့ ခွေးလေ ခွေးလွင့်တွေကို အဆိပ်တုံးပစ်ပြီး သ,တ်ပစ်လိုက်တယ် ။

သူ့ဂျစ်ကားကို ဈေးရှေ့မှာ ပစ်ထားခဲ့ပြီး အိမ်ပြန်သွားတာ ငါးကြိမ် ရှိပြီ ။ သူ့ကို အနားယူဖို့ ၊ ဆေးစားဖို့ ပြောတဲ့လူတွေကို လိပ်စာမေးပြီး ရွာလူကြီး သွားတိုင်တယ် ။ ရွာလူကြီးက သူ့ကို ဖျောင်းဖျောင်းဖျဖျ ရှင်းပြတော့ ရွာလူကြီး ရူးနေပြီလို့ ပြောပြီး ပြန်သွားတယ် ။

ရှယ်လီဟာ သိပ်ယုတ်ညံ့တဲ့ မိန်းမပဲ ၊ ဒီကောင်မ ဘာလို့ ဗေဒင် သွားမေးတာလဲ ၊ ကျက်သရေမရှိတဲ့ စကားတွေကို သယ်လာတာ ဒီကောင်မပဲ ။

ဗေဒင်ဆရာ ဆိုတဲ့ကောင်က ဘာကောင်လဲ ၊ ဘာအာရုံလဲ ၊ ဘာကြောင်တာလဲ ။ ဒီဗေဒင်ဆရာကို သ,တ်မပစ်ခဲ့မိတာ မှားတာပဲ ။

သိပ်ဟုတ်တာပေါ့ ၊ ဒီကောင် သိနိုင်တယ် ။

အဲဒီနောက် ချစ်ခင် ရန်ကုန်ကို တိတ်တဆိတ် ဆင်းသွားပြီး ဗေဒင်ဆရာကို သူကိုယ်တိုင်ပဲ သ,တ်ပစ်လိုက်တယ် ။ ဒီလို အလုပ်တွေကို သူ လုပ်နေကျပါ ၊ သိပ်ပိတာပေါ့ ။ ဘယ်သူမှ မသိလိုက်ဘူး ၊ မသိရင် ပြီးတာပဲ မဟုတ်လား ။

ရန်ကုန်မှာ ကြာကြာနေလို့ မဖြစ်ဘူး ။ မြန်မြန်ပြန်မှ ဖြစ်မယ် ။ အကြောင်းနှစ်ခု ရှိတယ် ။

တစ်ခုကတော့ ဗေဒင်ဆရာကို သ,တ်တဲ့ကိစ္စ ပေါ်သည်ဖြစ်စေ ၊ မပေါ်သည်ဖြစ်စေ သူ မြန်မြန်လစ်မှ ဖြစ်မှာပေါ့ ။

နောက်တစ်ကြောင်းကတော့ ... သူ ရွာပြန်ရောက်တော့ ပျာယာ ခတ်နေပြီ ။ အိမ်မှာ ဝေယျာဝစ္စ လုပ်တဲ့ ၊ ထမင်းချက်တဲ့ ကောင်မလေး မြရီ မရှိဘူး ၊ ဈေးသွားတယ်လို့ ပိတ်ထားတဲ့ သော့ခလောက်မှာ စာရေးထား တယ် ။ ချစ်ခင် ပိုပြီး စိတ်တိုသွားတယ် ။

သူ့မှာ ပါတဲ့ သော့ပိုနဲ့ ဖွင့်ပြီး အိမ်ထဲဝင် ၊ ပါလာတဲ့ ပစ္စည်းတွေကို အိမ်ခန်းထဲမှာ ပစ်ချထားခဲ့ပြီး မြရီတို့ အိပ်တဲ့အခန်းကို တန်းသွားတယ် ။ အခန်းကျဉ်းကလေးထဲမှာ မြရီ ပစ္စည်းက နည်းနည်းလေး ရှိတာပါ ။ အဲဒါ ကို အပြန်ပြန် အလှန်လှန် မွှေနှောက် ရှာဖွေကြည့်တယ် ။ ဘာတွေ့မှာလဲ ။ အင်္ကျီကလေး နည်းနည်း ၊ ထဘီလေး သုံးလေးထည် ၊ ပေါင်ဒါဘူးလေး ၊ သနပ်ခါးတုံး ၊ ကျောက်ပြင် ဘာဘာညာညာ သိပ် ရှုပ်ရှုပ်ယှက်ယှက် မဟုတ်ပါဘူး ၊ ရှင်းနေတာပါ ။

ဖျာအောက်ကို လှန်လိုက်တော့မှ စာတိုကလေး တစ်စောင် ထွက်လာတယ် ။ မြရီရဲ့ အဒေါ်တစ်ယောက်ဆီက စာပဲ ။ စာကောင်းကောင်း တတ်ဟန် မတူပါဘူး ။ အဖြစ်ရေးထားတာပါ ။

ချစ်ခင် တက်တစ်ချက် ခေါက်လိုက်သည် ။

နောက်ဆုံးတွေ့တာက နံရံမှာ ချိတ်ထားတဲ့ မြရီရဲ့ လွယ်အိတ်ကလေး ။ ချစ်ခင် ပျာယာခတ်နေပြီ ။ လွယ်အိတ်ကလေးထဲ ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ ။ လက်ကိုင်ပဝါ သေးသေးလေး တစ်ထည်နဲ့ ဆေးပုလင်း နှစ်ပုလင်း ။ ရှည်ရှည် ဖန်ပုလင်းလေးတွေ ။ ဘာစာမှ ရေးမထားဘူး ။ အဖုံးဖွင့်ပြီး နမ်းကြည့်ဖို့ မကြိုးစားတော့ဘူး ။ ဒီလောက်တော့ သတိရှိရမယ်လေ ။

ကိုချစ်ခင် အသက်ရှူ မြန်လာတယ် ။

ဒေါသကို မနည်းထိန်းနေရပြီ ။

အဲဒီအချိန်မှာ မြရီ ရောက်လာတယ် ။ ကိုချစ်ခင် အိမ်ပြန်ရောက်နေပြီ ဆိုတာကို ဧည့်ခန်းထဲက ပစ္စည်းတွေ မြင်တာနဲ့ သိဟန်တူတယ် ။ နောက်ဖေး ပြေးဝင်လာတယ် ။

ကိုချစ်ခင်က မြရီရဲ့ အခန်းဝက ရပ်စောင့်နေတယ် ။ သူ့မျက်နှာကို မြင်ရုံနဲ့ မြရီ သိပါတယ် ။ အခြေအနေ မကောင်းဘူး ဆိုတာ ။

ကိုချစ်ခင်က မြရီကို စာတိုကလေး ထုတ်ပြတယ် ။

မြရီက စာကလေးကို တစ်လှည့် ၊ ကိုချစ်ခင်ကို တစ်လှည့် ကြည့်ရှာတယ် ။

“ ဒါ … ရန်ကုန်က စာပဲ ”

“ ဟုတ် … ဟုတ်ကဲ့ ”

“ နင့်အဒေါ်လား ”

“ ဟုတ်ကဲ့ ”

“ နင် ရန်ကုန်မှာ နေဖူးတာပေါ့ ”

“ ဟုတ်ကဲ့ ”

“ ဘာလို့ ငါ့ကို မပြောတာလဲ ”

“ ကျွန်မ ရန်ကုန်မှာ နေခဲ့တာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပါ ”

“ ဘာပဲဖြစ်ဖြစ် ငါမကြိုက်ဘူး ”

“ ဟုတ်ကဲ့ ”

မြရီ သူ့မျက်နှာကို မကြည့်ရဲတော့ပါဘူး ။ သူ့ကိုယ်သူလည်း မနည်း ထိန်းပြီး ရပ်နေရတယ် ။ ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေလိုက်တာ အကြာကြီးပဲ ။ မြရီ ဘာလုပ်ရမှာလဲ ။ ထွက်ပြေးရမှာလား ၊ ငိုချလိုက်ရမှာ လား ။ ဘာမှလည်း လုပ်လို့မရဘူး ။

ကိုချစ်ခင်က ဆေးပုလင်း တစ်ခုတည်းက အမှုန့်တွေကို မြရီ စားပြဖို့ အမိန့်ပေးတယ် ။

မြရီက ကတုန်ကယင်နဲ့ ပုလင်းကို ဖွင့်ပြီး လက်ဝါးပေါ် ဆေးမှုန့် သွန်ချပြီး ကိုချစ်ခင် ကို မော့ကြည့်တယ် ။

“ လျက်စမ်း ”

မိုးကြိုးပစ်လိုက်သလား အောက်မေ့ရတယ် ။

မြရီ ကပျာကယာ လျက်ပြလိုက်ရတယ် ။

နောက်ဆေးပုလင်းလည်း ထပ်ပြီး လျက်ပြရတယ် ။

“ ဒါ … ဘာဆေးတွေလဲ ”

“ တစ်ခုက သွေးဆေးပါ ၊ နောက်တစ်ခုက လျက်ဆားပါ ”

ကိုချစ်ခင်က မြရီကို စိုက်ကြည့်နေတယ် ။ ခဏနေရင် နှုတ်ခမ်းတွေ ပြာလာမှာလား ၊ မူးပြီး လဲကျသွားမှာလား ၊ ဝေဒနာတွေကို ကြိတ်ခံနေတာလား ။

တစ်မိနစ် ... နှစ်မိနစ် သုံး လေး ငါး တော်တော်ကြာတယ် ။ သိပ်ကြောက်စရာကောင်းတာပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်နေတယ် ။ မြရီက ဘာမှ မဖြစ်ပါ ။ ဘာဖြစ်မှာလဲ ။ သွေးဆေးနဲ့ လျက်ဆားကို လျက် လို့ ဘာဖြစ်မှာလဲ ။ မြရီ နားလည်ပါတယ် ။ ကိုချစ်ခင် ဘာကြောင့် သူ့ကို စားခိုင်း လျက်ခိုင်းတယ် ဆိုတာ ။ မြရီ မျက်ရည်ပေါက်ပေါက် ကျလာတယ် ။ ခဏနေတော့ ငိုတယ် ။ ကိုချစ်ခင်ကို အော်ပြီး ပြောပစ်လိုက်တယ် ။ ချက်ချင်း အလုပ်ထွက်မယ်လို့ ။

ကိုချစ်ခင် ကြည့်ရတာ မြရီကို ချက်ချင်း ရိုက်ပစ်လိုက်တော့မှာ လိုပဲ ။ တကယ်ကျတော့ သူ ရိုက်ဝံ့ဟန်မတူဘူး ။ ဘာအပြစ်မှ မရှိဘဲ ရိုက်ပစ်ဖို့ ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ။ လူတွေတောင် သ,တ်ခဲ့သေးတာပဲ ။ ဒါလေးများ ဝန်လေးစရာလား ။ ဒါပေမဲ့ ကိုချစ်ခင် မြရီကို မရိုက်ဖြစ်ပါ ဘူး ။ သူ့ဦးနှောက်တွေဟာ ခေါင်းထဲမှာ မရှိတော့ဘဲ ခြေဖျားထိ လျှောကျသွားသလား ။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့ကို ထွက်သွားတယ် ။

အိမ်ရှေ့ ဧည့်ခန်းမှာ တော်တော်ကြာတယ် ၊ မလှုပ်မယှက် ထိုင်နေသေးတယ် ။ ပြီးတော့မှ သူ့မျက်နှာ သူကိုင်ကြည့်မိတယ် ။ မုတ်ဆိတ် မရိတ်တာ ကြာပြီပဲ ။ မုတ်ဆိတ် မပြောနဲ့ ရေမချိုးတာကို ကြာလှပြီ ။ ခုမှ ကိုယ့်ကိုယ်ကို အနံ့ရလာတယ် ၊ နံစော်နေတာပဲ ။ သူ့ကိုယ်သူ ပုပ်နေပြီလို့ သိလိုက်တယ် ။

ဧည့်ခန်းထဲက အိပ်ခန်းထဲကို ဝင်ခဲ့တော့ ရုတ်တရက် တော်တော် မှောင်သွားတယ် ။ သူ့မျက်လုံးတွေ အတော်မွဲသွားပြီ ။

လေးငါးစက္ကန့်လောက် ကြာမှ အတော်အသင့် မျက်စိ ကျင့်သားရလာတယ် ။ ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့ သူ မသုံးတာ ကြာပြီဖြစ်တဲ့ အဝတ်ဗီရိုကို တွေ့ ရတယ် ။ အဲဒီဗီရိုကို ဖုန်မတင်အောင်လို့ မြရီက လိုက်ကာစ အဟောင်းတစ်ခုနဲ့ အုပ်ထားတယ် ။ အလင်းရောင် ခပ်နည်းနည်းနဲ့ဆိုတော့ ကြောက်စရာကြီး ။ ကျက်သရေမရှိဘူး ။ အဲဒီ အဝတ်ဗီရို အဖုံးတစ်ဖက်မှာ ကိုယ်တစ်ပိုင်းလောက်ကို ကြည့်လို့ရတဲ့ မှန်ရှိတယ် ။ ကိုချစ်ခင် ခေါင်းထဲ ဖျတ်ခနဲ ဝင်လာတယ် ။ ပုပ်စော်နံနေတဲ့ သူ့ကိုယ်သူ ပြန်ကြည့်ချင်လာတယ် ။

ဖုံးထားတဲ့ လိုက်ကာစ မီးခိုးရောင်ကြီးကို ဆွဲယမ်းပြီး ဖယ်လိုက်တော့ ဖုန်တွေ လွင့်တက်သွားတယ် ။

ကိုချစ်ခင်က မှန်ထဲကို ကြည့်လိုက်တယ် ။ ဒါပေမဲ့ ရုတ်တရက် ဘာမှ မမြင်ရဘူး ။ အလင်းရောင် နည်းတာက တစ်ကြောင်း ၊ လွင့်တက်သွားတဲ့ ဖုန်တွေ ပြန်ကျလာတော့ မှုန်နေသေးတာကိုး ။

ဖုန်တွေ ငြိမ်သွားတော့မှ မှန်ထဲက သူ့အရိပ် ပေါ်လာတယ် ။ မျက်နှာသေကြီးနဲ့ ၊ ကိုချစ်ခင် ပြုံးကြည့်တယ် ။ ပြုံးလို့ မရတော့ဘူး ။ မဲ့ကြည့်တယ် ၊ ရတယ် ။ မှန်ထဲက သူ့အရိပ်လည်း မဲ့သွားတယ် ။ မဲ့ပုံကြီးက ရွံစရာကြီး ။

ဒါပေမဲ့ မှန်ထဲက အရိပ်က ပိုပြီး မဲ့မဲ့လာတယ် ။ ပုပ်သိုးသိုး မျက်နှာကြီးက တစ်ဆင့် တင်းမာလာတယ် ။

အဲဒီ တဒင်္ဂအတွင်းမှာပဲ မှန်ထဲက အရိပ်ရဲ့ လက် မြောက်တက်လာပြီး ခြောက်လုံးပြူး ပြောင်းဝက မီးပွင့်သွားတယ် ။

ကိုချစ်ခင် နောက်ဘက်ကို လွင့်ထွက်သွားတယ် ။ အခန်းနံရံနဲ့ ပစ်ဆောင့်မိပြီးမှ အောက်လျှောကျသွားတယ် ။ ရင်ဘတ်မှာ သွေးတွေနဲ့ ။

ကိုချစ်ခင် သိပ်အံ့သြသွားတယ် ။ အလွန် ချောက်ချောက်ချားချားလည်း ဖြစ်တယ် ။ သွေးရူးသွေးတမ်းနဲ့ ရုန်းကန်ထပြီး မှန်ထဲကို ပြန်ကြည့်လိုက်တယ် ။

မှန်ထဲကလူရဲ့ ရင်ဘတ်မှာလည်း သွေးတွေနဲ့ပါလား ။ ဒါပေမဲ့ သူ့လက်မှာတော့ သေနတ်ရှိတယ် ။ မီးထပ်ပွင့်သွားတယ် ။

ကိုချစ်ခင် နောက်ပြန် လွင့်ထွက်သွားပြန်တယ် ။

အခန်းနံရံက တစ်ဆင့် လျှောကျသွားပြန်တယ် ။ ဒီတစ်ခါတော့ ဘယ်ဘက်ရင်အုံ ပေါက်ထွက်သွားပြီ ။

ကိုချစ်ခင် ပြန်မထနိုင်တော့ ။

သူ့လက်နှစ်ဖက်စလုံးကို သေသေချာချာ ပြန်ကြည့်တယ် ။

သူ့မှာ သေနတ်ကိုင် မထားပါဘူး ။

ကိုချစ်ခင် ဗီရိုတံခါးက မှန်ကို လှမ်းကြည့်တယ် ။

မှန်ပါပဲ ၊ ဟုတ်ပါတယ် ။ ဒါ … မှန်အစစ်ပဲ ။

☐ ဝင်းဖေ
📖ကလျာမဂ္ဂဇင်း
     ၁၉၉၀ ၊ နိုဝင်ဘာ

No comments:

Post a Comment