❝ အစကောင်းမှ ❞
အယ်ဒီတာစားပွဲပေါ် ရောက်လာတဲ့ ဝတ္ထု ၊ ဆောင်းပါး တစ်ပုဒ်ကို မဂ္ဂဇင်းထဲမှာ ထည့်သုံးသင့် ၊ မသုံးသင့် ဆုံးဖြတ်ဖို့ အတွက် ကောက်ကိုင်ပြီး ဖတ်လိုက်ချိန်မှာ စိတ်ဝင်စားအောင် ထိပ်စ ကတည်းက ဆွဲဆောင်မှုရှိဖို့ လိုပါတယ် ။ ပထမ စာမျက်နှာ တစ်မျက်နှာ ၊ နှစ်မျက်နှာလောက် ဖတ်ပြီးချိန်အထိ အယ်ဒီတာကို ဆွဲဆောင်နိုင်စွမ်း မရှိရင် ဒီ စာမူဟာ “ ပယ် ” စာရင်းထဲ ဝင်ဖို့ တော်တော် နီးစပ်သွားပါပြီ ။ ဒီတော့ စာရေးသူ တစ်ယောက် အနေနဲ့ စိတ်ဝင်စားအောင် ကိုယ့် စာကို ဘယ်လို စရေးမလဲ ။ ဒီအဖြေကို စာရေးဆရာ Cork Miller က ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Write from the star စာအုပ်မှာ ဖော်ပြထားတာကို ပြန်လည် ဖော်ပြပေးချင်ပါတယ် ။
စာရေးဆရာ Cork Miller ဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး ။ စာရေးနည်း အတတ်ပညာစာအုပ်တွေ ထုတ်ဝေခဲ့ပြီး ကာလီဖိုးနီးယား ပြည်နယ်တက္ကသိုလ်မှာ စာရေးနည်း ဘာသာရပ် သင်ကြားပို့ချ နေတဲ့အပြင် “ စန်တာဘာဘရာ စာရေးဆရာများညီလာခံ ” ရဲ့ စာပေအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါကြောင့် ဆရာ့ ဆောင်းပါးကို ရွှေအမြုတေပရိသတ် စာရေး ချင်သူများ လေ့လာမှတ်သားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် ။
••••• ••••• •••••
သင့် အနေနဲ့ မဂ္ဂဇင်းတစ်အုပ်ကို ကောက်ကိုင်ပြီး တစ်ရွက်ပြီး တစ်ရွက် လှန်သွားရာက ခေါင်းစဉ် တစ်ခုကို တွေ့တော့ စိတ်ဝင်စားလို့ ရပ်ပြီး ဖတ်တာမျိုး ဘယ်နှကြိမ် ကြုံခဲ့ဖူးပြီလဲ ။ အဲဒီလို ဖတ်ရင်းက စာတစ်ပိုဒ် နှစ်ပိုဒ်လောက်သာ ဖတ်ဖြစ်ပြီး ဆက်မဖတ်တော့ဘဲ နောက် စာမျက်နှာတွေကို ဆက်လှန်သွားတာလည်း ကြုံဖူးပါလိမ့်မယ် ။ ခေါင်းစဉ်ကို စိတ်ဝင်စားလို့ စာကိုယ် ကို ဖတ်ရာက ဆက်မဖတ်တော့ဘဲ ဖြတ်ပစ်လိုက်တာဟာ အကြောင်းအရာကို စိတ်ဝင်စားလို့ ဖတ်တာပဲ ။ ဒါပေမဲ့ စာရေးဆရာက စာဖတ်သူ စိတ်ဝင်စားအောင် ရေးနိုင်စွမ်းမရှိလို့ စာဖတ်သူက ဆက်မဖတ်ခြင်းသာ ဖြစ်တယ် ။ စာဖတ်သူက အဲဒီလို ကျော်ဖတ်သွားတဲ့ သဘောက စာဖတ်သူ အနေနဲ့ အယ်ဒီတာ စားပွဲ မှာသာ ထိုင်ဖြစ်ရင် ဒီ စာမူမျိုးကို ပယ်လိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက် သွားပါတယ် ။
စာမူတစ်ပုဒ်ရဲ့ အစပိုဒ်ဟာ စာဖတ်သူ တစ်ဦးချင်းကို ဆွဲဆောင်မှုရှိဖို့ လိုသလို အယ်ဒီတာရဲ့ မျက်စိ ထဲမှာလည်း အရောင်အသွေး တောက်ပတဲ့ စာမူ တစ်ပုဒ် အဖြစ် မြင်သာစေဖို့ လိုပါတယ် ။ ဒီလို မမြင်လာစေဘူး ဆိုရင်တော့ မြန်မြန် ပယ်ချခံရမှာ သေချာပါတယ် ။ ဒါကြောင့် စာတစ်ပုဒ်ရဲ့ အစဟာ ကိုယ့် ရောင်းကုန်ပစ္စည်းရဲ့ အရည်အသွေးကို ပြတာနဲ့ တူပါတယ် ။ ကိုယ့် စာမူကို ထည့်လိုက်ရင် စာဖတ်ပရိသတ်က ဒီ မဂ္ဂဇင်းကို စိတ်ဝင်စား စေမှာ သေချာပါတယ်လို့ အယ်ဒီတာ ကို ကိုယ်က အာမခံရဲတဲ့ သတ္တိ ၊ ကတိပေးနိုင်တဲ့ အခြေအနေမျိုး ရောက်ဖို့ လိုပါတယ် ။ အဲဒီတော့ စာမူတစ်ပုဒ်ရဲ့ အစပိုဒ် ဟာ ဘယ်လို အရည်အချင်းတွေ ရှိဖို့ လိုသလဲ ဆိုတာ လေ့လာကြည့်ရအောင် ။ အစပိုင်းက အယ်ဒီတာရဲ့ ရင်ကို “ ငြိ ” သွားရမယ် ။
◾ချိတ်
အယ်ဒီတာတွေက စာဖတ်သူရဲ့အာရုံကို ဆွဲဆောင်မှု ရှိစေမယ့် စာမျိုးကို “ ချိတ် ” ဆိုတဲ့ ဝေါဟာရ နဲ့ ခေါ်ပါတယ် ။ ဘာနဲ့ တူသလဲ ဆိုတော့ ငါး တစ်ကောင်ကို ငါးမျှားချိတ်နဲ့ ချိတ်မိတာမျိုးနဲ့ တူလို့ပါပဲ ။ ( ကျွန်တော် တို့ကတော့ ငြိတယ်လို့ပဲ သုံးလေ့ ရှိပါတယ် )
ကမ္ဘာ့ နောက်ဆုံးလူသား အမျိုးသား သည် တစ်ယောက်တည်း အခန်းထဲတွင် ထိုင်နေ၏ ။ ထိုအချိန် တွင် တံခါးခေါက်သံ သူ ကြားလိုက်ရသည် ။
ဒီလို စလိုက်ရင် စာဖတ်ပရိသတ်ကို ချိတ်မိသွားပြီ ဆိုတာ သေချာတယ် ။ ဆက် ဖတ်ရင် တစ်ခုခု ထူးထူးခြားခြား ကြုံရတော့မယ် ဆိုတာ စာဖတ်သူကို ကတိပေး ထားလိုက်သလို ဖြစ်သွားပြီ ။ ပထမ နမူနာကို ဖတ်ပြီးရင် စာဖတ်သူက တံခါးဝမှာ ရောက်နေတာ ဘယ်သူလဲ ။ ကာယကံရှင် အမျိုးသား နဲ့ အရင်းနှီးဆုံး အမျိုးသမီးလား ။ ဒါမှမဟုတ် တခြား တစ်ယောက်ကို အောင်နိုင်သွားတဲ့ ဂြိုဟ်သား တစ်ယောက်က နောက်ဆုံး ကျန်နေတဲ့ လူသားကို ဖမ်းဖို့ လာတာလား ။ ဒါမှမဟုတ် ကမ္ဘာပေါ်မှာ နောက်ဆုံး ကျန်ရစ်တဲ့ လူသား အမျိုးသမီး တစ်ယောက် ရောက်လာတာလား ။ ဒါမှမဟုတ် ဆက်တွေးစရာတွေ အများကြီးပါပဲ ။
ချိတ်တစ်ခုခု နဲ့ စလိုက်ပြီ ဆိုရင် ကိုယ့်စာပိုဒ်ကို ကိုယ် သေသေချာချာ သတိထားပြီး ပြန် ဖတ်ကြည့်ပါ ။ ဖတ်တဲ့ နေရာမှာ စာရေးသူ အနေနဲ့ ပြန်ဖတ်တာမျိုး မဟုတ်ဘဲ အယ်ဒီတာ တစ်ယောက် ဖတ်တာမျိုး ဖြစ်ပါစေ ။ တကယ်လို့ ပထမဆုံး စလိုက်တဲ့ စာပိုဒ်ဟာ စာဖတ်သူ ၊ အယ်ဒီတာ ကို မဖမ်းစားနိုင် ဘူးဆိုရင် နောက်တစ်မျိုး ပြန် ကြိုးစား ရေးကြည့်ပေတော့ ။
◾ချိတ်ရေးနည်းစနစ်များ
ချိတ်ဖြစ်စေမယ့် နည်းတွေကို လေ့လာကြည့်ရင် အောက်ဖော်ပြပါ အတိုင်း အသေးစိတ် ခွဲခြားလို့ ရနိုင်ပါတယ် ။
* ဇာတ်ကြောင်းပြန် ပြောရေးနည်း
* ဇာတ်မြင်ကွင်း တစ်ခုကို ဖန်တီးရေးသားနည်း
* ဇာတ်ကောင်အက်ရှင် နှင့် စကားပြော
* ထိုးဇာတ်အသုံးပြုနည်း
* ကောက်နုတ်ချက် ရေးသားနည်း
* အံ့သြဖွယ် ထိတ်လန့်ဖွယ်နည်း
* မေးခွန်းများနှင့် စသောနည်း
* စိတ်ကူးယဉ် ဖော်ပြနည်း
* ပတ်ဝန်းကျင် အနေအထားနှင့် စသောနည်း
◾ဇာတ်ကြောင်းပြန်
မဂ္ဂဇင်းများမှာ ဖော်ပြတဲ့ စာမူ အများစုဟာ နောက်ကြောင်းပြန် ပြောတဲ့နည်းနဲ့ ရေးတတ်ကြတာ တွေ့ရပါတယ် ။ ဘာကြောင့် ဒီလို ရေးတာလဲဆိုရင် အင်မတန် ရိုးရှင်းတဲ့ အောက်ပါ အကြောင်း နှစ်ခုကြောင့်ပါ ။
၁ ။ ရေးရတာ လွယ်ကူတဲ့နည်းဖြစ်လို့ ၊
၂ ။ ပရိသတ်က ဒီနည်းကို အမြဲ လက်ခံနေကြလို့ ပရိသတ်ကို ချိတ်ယူ သွားနိုင်မယ် ဆိုရင် ဇာတ်ကြောင်းပြန် ရေးနည်းဟာ ဘယ်တော့မှ မမှားတဲ့ စာရေးနည်းပါပဲ ။ Spain's Paradores. The Inn place to stay ဆိုတဲ့ ဆောင်းပါး ရဲ့ အဖွင့်ကို ကျွန်တော် ဒီလို ရေးခဲ့ပါတယ် ။
သင် သည် ကောနတ် ( ဒ် ) ဟီ ( လ် ) တန်ကဲ့သို့ ခရီးသွားရန် ဝါသနာ ထုံပြီး ဟိုတယ်ပေါင်းစုံတွင် တည်းခိုကာ ယင်း ဟိုတယ်များ၏ ပတ်ဝန်းကျင် အနေအထားတွင် သာယာ မိန်းမောရင်း သူတို့၏ လျှို့ဝှက်ချက်ကလေး အချို့ကို လေ့လာ ဖော်ထုတ်၍ တည်ခင်းကျွေးမွေးသော အစားအစာများကို မြည်းစမ်းရသည်ကို ဝါသနာပါသူ ဖြစ်ပါက စပိန်နိုင်ငံ၏ A National Tourist Inns စပိန် အခေါ်အဝေါ် အရ Paradores သည် သင့် အတွက် ဖြစ်ပေလိမ့်မည် ။ Paradores ခရီးစဉ်ဖြင့် လိုက်ပါသွား သူများ အတွက် အစိုးရပိုင် Parador တစ်ခုတွင် တစ်ည အိပ်ရသည့် အတွေ့အကြုံသည် ထူးခြားလှ၏ ။
အခု ဆက်ပြီး ဇာတ်ကြောင်းရေးနည်းမှာ နောက်တစ်ဆင့် တက် တဲ့ အနေနဲ့ ဇာတ်ကွက် ဖြည့် ရေးကြည့်ရအောင် ။ ကျွန်တော် ရေးခဲ့တဲ့ Howard Huqhes and the Spruce Goose စာမူထဲ က ကောက်နုတ်တင်ပြ ချင်ပါတယ် ။ ဒီ ဝတ္ထုက ၁၉၄၇ ခုနှစ် ကို အခြေခံ ထားပြီး သန်းကြွယ်သူဌေး ပေါင်လေးသိန်း အလေးချိန် ရှိတဲ့ မော်တော်ဘုတ် Spruce Goose ပိုင်ရှင် ဟောင်းဝပ်ဟျူး နဲ့ သူ့ ရေယာဉ်အကြောင်းပါ ။ ဒီ ရေယာဉ်က ရေပြင် အထက် ပေ ( ၇ဝ ) အထိ ပျံနိုင်တဲ့ ရေယာဉ်လည်း ဖြစ်ပါတယ် ။
ဟောင်းဝပ်ဟျူး သည် ပိန်ပိန်ပါးပါး ရှိသော သူ့ခန္ဓာကိုယ် ကို ပိုင်းလော့ ၏ နောက်ရှိ ခုံတွင် သက်သက်သာသာ ဝင် ထိုင်လိုက်၏ ။ သူ့ အနှစ်သက်ဆုံး အညိုရောင်ဦးထုပ်ကို ချွတ်လိုက်ပြီး အသံဖမ်း နားကြပ်ကို တပ်ဆင်လိုက်သည် ။ ရေပြင်ပေါ်မှ ပျံတက်တော့မည့် ရေယာဉ်၏ အင်ဂျင်ရှစ်လုံးကို ထိန်းချုပ်ထားသော ခလုတ်ကို သူ ဆုပ်ကိုင်မိချိန်တွင် ပြုံးလိုက်သည် ။ သူ့ အပြုံးက “ ဒီနေ့ပဲ ၊ ဒီနေ့ပဲ ” ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏ ။
◾ဇာတ်မြင်ကွင်း ဖန်တီးရေးသားနည်း
တစ်ခါတစ်ရံမှာ ဆောင်းပါး တစ်ပုဒ်ကို ရေးသားရင်း ဝတ္ထုလို ဇာတ်မြင်ကွင်း တစ်ခု အားဖြည့်ရေးလိုက်ရင် ဆောင်းပါးက ပိုပြီး အားကောင်း သွားတတ်တာလည်း ရှိပါတယ် ။ The Saturaday Evening Post သတင်းစာမှာ ရုပ်ရှင်မင်းသား ဂျင်မီစတီးဝပ် အကြောင်း ကျွန်တော် ဆောင်းပါး ရေးတုန်းက Ah-Waal'-Here's Jimmy Stewart ခေါင်းစဉ်နဲ့ ရေးတော့ ဟောဒီလို စဖွင့်ခဲ့ပါတယ် ။
ဂျင်မီစတီးဝပ် ရဲ့ နေအိမ်ရှိရာ ဘီဗာလီ တောင်ကုန်းဒေသကို ကျွန်တော် လျှောက် သွားတော့ မွန်းလွဲခါစပဲ ရှိသေးတယ် ။ See the Star's Homes ( ရုပ်ရှင်မင်းသားများရဲ့ အိမ်ကို ကြည့်ရအောင် ) အစီအစဉ်နဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို လိုက်ပြတဲ့ ဗင်ကားလေး တစ်စီးက ခရီးသည် အပြည့်နဲ့ လမ်းပေါ်မှာ ရပ်လာတယ် ။ ကားပေါ် က ခရီးသည်တွေက မှန်ပြတင်းနားကပ်ပြီး အပြင်ကို မျှော်လင့်တကြီး ကြည့်နေတယ် ။ ကျွန်တော်က အိမ်ရှေ့က ခေါင်းလောင်းကလေး ကို တီးလိုက်ပါတော့တယ် ။
တံခါးဝ ပွင့်လာတော့ ဂျင်မီစတီးဝပ် ကိုယ်တိုင် ဖြစ်နေတယ် ။ သူ့ကို ကြည့်ရတာ နော်မန်ရော့ ( က် ) ဝဲ ( လ် ) ရဲ့ ပန်းချီကား ထဲကနေ သက်ဝင်ပြီး ထွက်လာ သလိုပဲ ။ အရပ်ခြောက်ပေ သုံးလက်မခွဲ မြင့်တဲ့ သူ့ ခန္ဓာကိုယ်ပေါ် မှာ အပြာရောင် ဘလောက်ဇာ ကုတ်အင်္ကျီ ၊ မီးခိုးရောင် အောက်ခံရှပ်နဲ့ ခရမ်းရောင်လည်စည်း စည်းထားတယ် ။ သူ့ အသွင်သဏ္ဌာန် က သူ့ အိမ် အရောင်အဆင်းနဲ့ လိုက် ဖက်ညီလှပါတယ် ။ စတီးဝပ် က ကျွန်တော့် ကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး လမ်းပေါ်က ကမ္ဘာလှည့် ခရီးသည်တွေ ရဲ့ ကား ကို လည်း မြင်သွားတော့ လက်ဝှေ့ယမ်းပြလိုက် ပါတယ် ။
“ ဟေ့လူ ခင်ဗျားလည်း နှုတ်ဆက်သင့်တာပေါ့ ” လို့ တစ်ကမ္ဘာလုံး အတုခိုး နေကြတဲ့ သူ့ လေသံနဲ့ ပြောလို့ ကျွန်တော်လည်း လက်ဝှေ့ယမ်း ပြလိုက်ရပါတယ် ။ ကမ္ဘာလှည့် ခရီးသည်တွေကလည်း ရုပ်ရှင်ဝါသနာအိုးတွေ ဆိုတော့ ကားထဲကနေ “ ဟိုင်း ဂျင်မီ ” ဆိုတဲ့ အသံတွေ ဆူညံသွားတာပဲ ။ “ ကိုင်း လာတော့ ၊ အထဲ ဝင်တော့ ” လို့ ဂျင်မီ က ပြောလိုက်ပြီး နောက်ဆုံး တစ်ကြိမ် လက်ဝှေ့ယမ်း နှုတ်ဆက်ကာ တံခါးပိတ်လိုက် ပါတော့တယ် ။
ဆောင်းပါး ကို ဒီလို စ ဖွင့်လိုက်တော့ အသက်ဝင် မသွားဘူးလား ။ ဒီ ဥပမာ ဝါကျကို ပစ္စုပ္ပန် နဲ့ ပဲ တည်ဆောက် ထားတဲ့ အတွက် စာဖတ်သူ ကိုယ်တိုင် မြင်ကွင်းပေါ် ရောက်နေပြီး စာရေးဆရာ နဲ့ အတူ ဂျင်မီ နဲ့ အိမ်ထဲကို ရောက်သွားသလို ခံစားရတယ် မဟုတ်လား ။
◾ဇာတ်ကောင်အက်ရှင် နှင့် စကားပြော
အက်ရှင် ဆိုတာ လက်သီးနဲ့ ထိုး ၊ လဲကျ ၊ ဆွဲထုတ် သွားတာမျိုးကို ပြောတာ မဟုတ်ပါဘူး ။ ကားတစ်စီး နောက် တစ်စီး လိုက်ရင် မှောက်သွားပြီး မီးလောင် တာကို ဆိုလိုတာလည်း မဟုတ်ဘူး ။ အက်ရှင် ဆိုတာ လူနှစ်ယောက် ကမ်းခြေမှာ လမ်းလျှောက် တာလည်း ဖြစ်နိုင်တယ် ။ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး နေ့လယ်စာ စားတာလည်း ဖြစ်နိုင်တာပဲ ။ ဇာတ်ကောင် အက်ရှင်နဲ့ စကားပြော တစ်ပြိုင်တည်း သုံးပြီး ရေးထားတဲ့ အဖွင့် တစ်ခု ဥပမာ ပေးချင် ပါတယ် ။ ဒီ စာစုက The Saturaday Evening Post မှာ လက်သင်စာရေး ဆရာ ကင်းဟဲရစ္စ ရေးခဲ့တဲ့ My Wife Aninmalholic မှာ တွေ့ရတာပါ ။
မြင်း ကို ကဆုန်စိုင်း စီးလာသော မြင်းသည်တော် တစ်ဦး ကျွန်တော့် အနီး ရောက်လာချိန်တွင် ကြောက်စိတ်တို့သည် ကျွန်တော့် ရင်တွင်း၌ အလိပ်လိုက် တက်လာ၏ ။ သူက ကျွန်တော့်အား “ မင်းမိန်းမ ပါးစပ်ပိတ် ခိုင်းထားစမ်း ၊ မပိတ်ဘူး ဆိုရင် မင်း သွားတွေ ကျွတ်ထွက်သွားအောင် ငါ ရိုက်မိလိမ့်မယ် ” ဟု အော်ဟစ် ကြိမ်းမောင်း လိုက်၏ ။
သူ ကဆုန်ချ စီးပြီး ထွက်သွားချိန်တွင် ဖုန်မှုန်တို့သည် ကျွန်တော်တို့ အနီးတွင် ထောင်းထောင်းထ ကျန်ရစ်သည် ။ ကျွန်တော့်ဇနီး ကမူ သူ့ကို အော်ဟစ်နေဆဲပင် ။
“ ရှင် တိရစ္ဆာန်တစ်ကောင် ကို ဒါလောက် ရိုက်ပြီး ခိုင်းနေရင် ကျွန်မ သက်ဆိုင်ရာ ကို တိုင်မယ် ။ မြင်းကို ပါးချပ်ကနေ ထိန်းရတယ်ဆိုတာ ရှင် နားမလည် ဘူးလား ”
သူမ က လက်နှစ်ဖက်ကို ပါးစပ်တွင် ကာ၍ အော်နေသည် ။
“ အသိဉာဏ် ကုန်ခန်းတဲ့ အခါ ရက်စက်မှု ရောက်လာတယ် ဆိုတာ ဒါပဲပေါ့ ”
သူမက အော်ပြီးချိန်တွင် ကျွန်တော့်အား လှည့်ကြည့်လိုက်သည် ။ ကျွန်တော် တစ်စုံတစ်ခု လုပ်စေချင် သည့်သဘော ။
ဘယ်လောက်များ လှပလိုက်တဲ့ စာပိုဒ်လည်း ဆိုတာ ဖတ်ကြည့်ရင် သိပါလိမ့်မယ် ။ ဇာတ်ကောင် ၊ အက်ရှင် နဲ့ စကားပြောကို တစ်ပြိုင်တည်း သုံးလိုက်တဲ့အတွက် မြင်ကွင်းက ကြွရွသက်ဝင် လာတယ် ။ စာပိုဒ် ကို ဖတ်ရင်း ဇာတ်ကောင် သုံးယောက်ကို ကျွန်တော် တို့ မြင်လာရတယ် ။ စကားပြောတွေ ပါတဲ့ အတွက် အသံတွေ လည်း ကြားလာရပါတယ် ။
◾ထိုးဇာတ် အသုံးပြုနည်း
ထိုးဇာတ် ဆိုတာ ကိုယ့် ဇာတ်ထဲမှာ ထပ်ဖြည့်ထားတဲ့ ဇာတ်ကြောင်း တစ်ခုပဲ ။ ဒီ ထိုးဇာတ်တွေမှာလည်း စ ၊ လယ် ၊ ဆုံး သုံးပါးစလုံး ပါဝင် စေရမယ် ။ ထိုးဇာတ်က ကိုယ် ရေးနေတဲ့ ဇာတ်ကြောင်းကို အထောက်အကူ အားဖြည့်နိုင်စွမ်း ရှိရပါမယ် ။ ထိုးဇာတ် တစ်ခု ဖြည့်ပေးလိုက်ခြင်း အားဖြင့် ကိုယ့် ဇာတ်ကြောင်း အတွက် အသားပို တက်လာစေပါတယ် ။
စကားလုံး တစ်လုံးတည်းနဲ့ ပြီးပြည့်စုံစေတာမျိုးလည်း ရှိတတ်ပါတယ် ။ ဒုတိယမြောက် အယ်လိဇဘတ်ဘုရင်မကြီး သူကောင်းပြုခံရတဲ့ “ ဒိမ်း ” ဘွဲ့ရ မင်းသမီးကြီး ဂျူးဒစ် ( သ် ) အင်ဒါဆင်း ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ထဲက စာတစ်ပိုဒ်ကို ကောက်နုတ်တင်ပြပေးချင်ပါတယ် ။
ဒိမ်းဂျူးဒစ် ( သ် ) အင်ဒါဆင်းသည် ရိုက်ကွင်း၏ အစွန် အဖျားတွင် ကင်မရာများ ၊ မီးများ ပြန်လည်ပြင်ဆင် နေသည်ကို ရပ်စောင့်နေ၏ ။ လှေကားပေါ်မှ မီးသမားက သူမကို လှမ်း အော်လိုက်သည် ။
“ ဟေး… ဂျူဒီဘေဘီရေ ၊ ရှေ့နည်းနည်း တိုးပေးပါလား ”
တော်ဝင်ဘွဲ့ရ မင်းသမီးကြီးသည် သူမ ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး အသံသြဇာ ပြည့်စုံစွာဖြင့် -
“ ဒိမ်းဂျူဒီ ဘေဘီဇာ ” ဟု ပြောလိုက်သည် ။
( မင်းသမီးကြီး ကို မီးသမား ခေါ်တဲ့ နာမည်ရှေ့မှာ သူမ ရရှိထားတဲ့ဘွဲ့ “ ဒိမ်း ”ကို ဖြည့်စွက်ပေးလိုက်ခြင်းအားဖြင့် စာဖတ်သူ အနေနဲ့ ဒီမင်းသမီးကြီး သူကောင်းပြု ခံရဖူးတာကို သတိရသွားစေပါတယ် )
◾ကောက်နုတ်ချက်အသုံးပြုခြင်း
သမ္မာကျမ်းစာ ၊ ဒါမှမဟုတ် ရှိတ်စပီးယားရဲ့ ပြဇာတ် လို တခြား နာမည်ကြီး ကဗျာတို့က စာပိုဒ် တစ်ပိုဒ်ကို ကိုးကားပြီး ကိုယ့် စာမူကို စ ဖွင့်တဲ့နည်းကလည်း စာဖတ်သူကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ် ။
◾အံ့သြဖွယ် ၊ ထိတ်လန့်ဖွယ်နည်း
ဂျွန်ဖူ ( လ် ) တန် ဆိုသော အမေရိကန် နိုင်ငံသား ကျွဲရိုင်း ကစားသမားသည် ယခု ထက်တိုင် ကျန်းကျန်းမာမာ အသက်ရှင်လျက် ရှိပြီး စပိန်နိုင်ငံ ဆီဗဲ ( လ် ) မြို့တွင် နေထိုင် လျက်ရှိ၏ ။ သူသည် သွေးများနှင့် ပန်းချီကားများကို ရေးဆွဲနေသည် ။
ကျွဲရိုင်းသတ်သမား တစ်ယောက် သွေးနဲ့ ပန်းချီ ဆွဲနေတယ် ဆိုတဲ့ အစဟာ စာဖတ်သူကို အံ့သြသွားစေတယ် ။ ထိတ်လန့်တုန်လှုပ်သွားစေတယ် ။ စဖတ်လိုက်မိတာနဲ့ တစ်ပြိုင်နက် စာဖတ်သူက ဆက် ဖတ်သွားချင်လိမ့်မယ် ။ ( ဒီ ဇာတ်ကြောင်းမှာ ဖူ ( လ် ) တန် ဟာ အနုပညာသင်တန်းသား တစ်ဦး ဖြစ်ခဲ့ဖူးပြီး ကျွဲရိုင်းသတ်သမားတစ်ဦးလည်း ဖြစ်ခဲ့တယ်ဆိုတာ ပြောပြထားတယ် ။ သူ က ကျွဲရိုင်းပုံတွေ ပန်းချီ ဆွဲရာမှာ ကစားကွင်းထဲမှာ သူသတ်ခဲ့တဲ့ ကျွဲရိုင်းတွေရဲ့ သွေးနဲ့ ရေးဆွဲပါတယ် )
◾မေးခွန်းများနှင့် စသောနည်း
စာတစ်ပုဒ် စရေးတဲ့ နေရာမှာ မေးခွန်းနဲ့ စတဲ့နည်းက နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ဒီနေ့ထက်ထိ စာဖတ်သူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲပါပဲ ။
ဘက်ဆဲလာ တစ်ယောက် မဖြစ်ချင်ဘူးလား ။
သင် ကိုယ်တိုင် နှုတ်ဆက် ကဗျာတိုကလေးများ ရေးသားခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာနှစ်သောင်း ရနိုင်သည်ဆိုလျှင် ယုံပါ့မလား ။
သင်ကိုယ်တိုင် သန်းကြွယ်သူဌေးဖြစ်ပြီး ကမ္ဘာပတ်နိုင်သည့် ခရီးသွား ကိုယ်စားလှယ် ဖြစ်နိုင်သည်ဟု မယုံကြည်ဘူးလား ။
◾စိတ်ကူးယဉ် ဖော်ပြနည်း
အချို့သော စာရေးသူများက သူတို့ ဝတ္ထုအဖွင့်မှာ စိတ်ကူးယဉ် မြင်ကွင်းကလေးတွေ နဲ့ လှလှပပ သာသာယာယာ စဖွင့်တတ်ကြပါတယ် ။ ဒါကလည်း အချို့သော စာဖတ်သူတွေကို စွဲငြိစေတတ်ပါတယ် ။
◾ပတ်ဝန်းကျင်အနေအထားနှင့် စသောနည်း
ထို ညသည် မိုးသက်မုန်တိုင်း ပြင်းထန်ပြီး မည်းမှောင်နေသော ညဖြစ်၏ ။
မိုးသီးမိုးပေါက် တို့သည် အငြိုးတကြီး ရွာသွန်းဖြိုး နေသည် ။
လျှပ်စီး တစ်ချက် ဝင်းလက်လိုက် သဖြင့် မှောင်နေသော မြင်ကွင်းမှာ ဝင်းလက်သွား၏ ။
ဒီလို ဝါကျတွေနဲ့ စလိုက်ရင်လည်း စာဖတ်သူတချို့က စိတ်ဝင်စား တတ်ကြပါတယ် ။ လင်းချင်းဝင်းပတဲ့ နေ့ခင်း မှာ ဘာမှ ထူးထူးခြားခြား မဖြစ်တတ်ပေမယ့် မိုးသက်မုန်တိုင်း ထန်နေတဲ့ ညမှာတော့ ထူးခြားမှု တစ်စုံတစ်ခု ဖြစ်တတ်တယ် မဟုတ်ပါလား ။
••••• ••••• •••••
ဝတ္ထု တစ်ပုဒ် ၊ သို့မဟုတ် ဆောင်းပါး တစ်ပုဒ် ကို ဘယ်လို စရမယ် ဆိုတာ ဆရာ Cork Miller က တင်ပြထားခဲ့ပါတယ် ။ ဒီနည်းတွေ ထဲက ကိုယ် ရေးမယ့်စာက ဘယ်လို အစမျိုးနဲ့ လိုက်ဖက်တယ် ဆိုတာကိုတော့ ရွေးယူကြဖို့ပါပဲ ။
⎕ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၅၂ )
ဖေဖော်ဝါရီလ ၊ ၁၉၉၄ ခုနှစ်
No comments:
Post a Comment