Tuesday, July 1, 2025

အရှည်ကို ကြိုက်သလား အတိုကို ကြိုက်သလား


 

❝ အရှည်ကို ကြိုက်သလား အတိုကို ကြိုက်သလား ❞

“ ဆရာ ပေါ်မလာတာ အတော်လေး ကြာသွားတယ်နော် ”

“ တစ်ပတ်ထဲပါကွာ ၊ ရန်ကုန်သွားနေလို့ ”

ဒီဇင်ဘာ ၂၅ ရက် နေ့ က အောင်လံမြို့ ဈေးအရှေ့ဘက် က ရှိုးတီလက်ဖက်ရည်ဆိုင်မှာ ဘော်ဒါများ ပြန်ဆုံမိကြလေ၏ ။

ဆိုင်မှာ နံနက်တိုင်း နှယ်နှယ် ထိုင်ဖြစ်ကြတယ်ခင်ဗျာ ။ လက်ဖက်ရည်သောက်ဖို့ မုန့်စားဖို့ အဓိက မဟုတ်ဘူးခင်ဗျာ့ ။ စကားဝိုင်းကလေး ဖန်တီးတာပါ ။

အမှန်အတိုင်း ဒဲ့ ပြောရရင် စီး ပွားရေးစကားဝိုင်း ခင်ဗျား ။  မိုးပြတ်နေသလား ။ မိုးများနေသလား ။ ဘယ်သီးနှံတွေ ဘာဖြစ်သွားနိုင်သလဲ ။ အထွက် ကောင်းမှာလား ။ အထွက် ဆုတ်မှာလား ။ အရည်အသွေး ကောင်းမှာလား ။ အရည်အသွေး ညံ့မှာလား ။ ဘယ်သီးနှံ ကို ဆုပ်မလဲ ။ ဘယ်သီးနှံ ကို လွှတ်မလဲ ။

ဥပမာဗျာ အခုဒီဇင်ဘာ ၊ ၂၃ ရက် ကနေ ဒီဇင်ဘာ ၂၆ ရက် အထိ အောင်လံနယ် မှာ မိုးစွေမိုးကလေး ရွာနေတယ် ။ သည် မိုးဟာ ဝါပင်တွေ ကို ဒုက္ခပေးမယ် ။ ပဲစင်းငုံ ကို ဒုက္ခပေးမယ် ။

အဲ ပဲကြီး ကောင်းမယ် ၊ ကုလားပဲ ကောင်းမယ် ၊ ဆောင်းစိုက်မြေပဲခင်းတွေ ကောင်းမယ် ။ သည်လို အကဲဖြတ်ကြရတာ ခင်ဗျာ့ ။

“ ကျွန်တော်တော့ အနီတွေ လေးဆယ့်သုံး နဲ့ ပဲ အရှုံးခံ ထုထည့် လိုက်ပြီ ”

“ လေးဆယ့်ခုနစ် ၊ လေးဆယ့်ရှစ် တုန်းက သင့်နေပြီလို့ ကျွန်တော် ပြောခဲ့တယ်လေ ”

“ ဟုတ်ပါ့ အဲဒီတုန်းက ဆော် ထည့်လိုက်ရင် အမြတ် လေး ငါး ဆယ်ပုံ ။ အသာလေးရယ်ဗျာ ”

ဤနေရာ၌ အနီ ဆိုသည်မှာ ဆီကြိတ်နှမ်း အနီ ကို ဆိုလိုခြင်း ဖြစ်ပါ၏ ။ အနက် ဆိုလျှင် နှမ်းစမုံ ကို ဆိုလိုခြင်းဖြစ်ပါ၏ ။

ဤစီးပွားရေးစကားဝိုင်းကလေး သည် တစ်ခါတစ်ရံ ၌ ငွေသိန်းပေါင်းများစွာ မြတ်အောင် ဆုံးဖြတ်ပေးတတ်ပါ၏ ။

“ ကဲကဲ မောင်မင်းတို့ ကားရင့် ( လက်ငင်း အကြောင်းအရာများ ) တွေ ရပ်ထားဦး ၊ ဖြိုးကြီးမောင် အတွက် ဝိုင်းပြီး စဉ်းစားပေးကြပါဦး ”

“ ကဲ ဆို ဖြိုးကြီး ”

“ ဘကြီး ဘက်က အမွေ ရတာရယ် ။ စုထားတဲ့ ငွေရယ် ပေါင်းပြီး ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ ။ အကြံဉာဏ် ”

“ ဒီလို ရှိတယ် ဖြိုးကြီး စီးပွားရေး မှာ အရှည်လိုင်း နဲ့ အတိုလိုင်း ဆိုပြီး နှစ်မျိုးရှိနေတယ် ။ မင်း ကို ပြန် မေးမယ် ။ မင်း က အလုပ် တစ်ခုကို ဇောက်ချပြီး စွဲစွဲမြဲမြဲလုပ်ချင်တာလား ။ ဒါမှမဟုတ် ဆူလွယ်နပ်လွယ် ပေါ်ပင် သဘောမျိုး အတိုကို လုပ်
ချင်တာလား ။ မင်း ဘာ ဝါသနာပါသလဲ ”

“ အရှည် ဆိုတာ .. ”

“ အရှည် ဆိုတာကွာ ၊ ဆီကြိတ်စက် လို လုပ်ငန်းမျိုး ၊ ဆန်စက် လို လုပ်ငန်းမျိုးတွေပေါ့ကွာ ”

“ အတို ဆိုတာ ကတော့ ပေါ်ပင် သဘောပေါ့ကွာ ။ ယာယီ ဇာတ်ကန်ထရိုက် လို ဟာမျိုး ၊ ကုန် လှောင်တာမျိုး ။ သူက အပြောင်းအလဲ ၊ အခုန်အပျံ ၊ အကျော်အလွှားတွေ ရှိမယ်ကွာ ။ ကုန်တစ်မျိုး က တစ်မျိုး ကို ပြောင်းကိုင်မယ် ။ အလုပ် တစ်မျိုး က နောက် တစ်မျိုး ကို ပြောင်းမယ် ”

“ ငါ ကတော့ အရှည် ကို သဘောကျတယ်ကွာ ။ တစ်ခုတော့ ရှိတယ် ။ သူ က စိတ်ရှည်ရတယ် ။ စိတ်ခိုင်ရတယ် ။ အလုပ်ရဲ့ ဒဏ်ကို ခံနိုင်ရတယ်ကွ ။ ငွေတွေ အများကြီး ရင်းထားရပေမဲ့ အမြတ်တွေ ချက်ချင်းကြီး ဖွေးခနဲ ဖွေးခနဲ အထုပ်လိုက်
အထုပ်လိုက် မရနိုင်ဘူး ၊ လုပ်ငန်း တည်ထောင်မိပြီ ၊ လုပ်ငန်း လည်ပတ်လာပြီ ၊ ပုံမှန် စီးဆင်းနေပြီ ဆိုလို့ကတော့ ... ၊ အမြတ် က အရင်း ထဲ ပြန်ဝင် ၊ အရင်း က အမြတ် ပြန်ပေါ် ၊ လုပ်ငန်း က ကြာလေ ကြီးလေ ၊ ကြီးလေ ၊ ချဲ့လို့ကို မဆုံးနိုင်အောင် ဖြစ်လာပြီ ဆိုလို့ ကတော့ ၊ မင်း တစ်သက် မဟုတ်ဘူး ။ မင်း သား ၊ မင်း သမီးတွေ ၊ မြေးတွေ အထိ စားလို့ မကုန်တော့ဘူးကွ ၊ အရမ်းကြီး ဖြုန်းမပစ်ဘူး ဆိုရင်ပေါ့‌လေ ”

ဤသည် အရှည်သမား ဘက် က အမြင်ခင်ဗျာ့ ။

“ ငါကတော့ ခုချိုး ခုပြုတ် ၊ ခုလုပ် ခုရ ၊ အတိုကိုပဲ ကြိုက်တယ်ကွ ၊ ဥပမာကွာ ကြက်ခြံတွေ ဆောက်လိုက်မယ် ၊ ကြက်တွေ ထည့်လိုက်မယ် ၊ ထွက်လာတဲ့ ကြက်ဥတွေ ရောင်းစားမယ် ၊ အဲ ကြက်မွေးတဲ့ အလုပ် ခေတ်မစားတော့ဘူး ဆိုရင် ကြက်တွေ ရောင်းထုတ်ပစ်လိုက်မယ် ၊ ခြံ ကို ပါ ဖြုတ်ချပစ်လိုက်မယ် ၊ ဒီနေ့ ဘာခေတ်စားသလဲ ငါးရှဉ့် ခေတ်စားတယ် ဆို ငါးရှဉ့် ကိုင်မယ်ကွာ ၊ မြေပဲ တို့ ၊ နှမ်း တို့ မိုးကောင်းနေတယ် ဆို ပဲတွေ ၊ နှမ်းတွေ ပြောင်းကိုင်မယ်ကွာ ”

ဤသည်မှာ အတိုသမား ဘက်က အမြင် ။

“ ဆရာချမ်း လုပ်ပါဦး ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ ”

“ ဟ ဖြိုးကြီး မင်း ဘာသာ မင်း ဆုံးဖြတ်ရမှာ ၊ ခုချက်ချင်းကြီး မဆုံးဖြတ်နဲ့ဦး ”

“ အချိန် နည်းနည်း ယူဦး ၊ တစ်လ တန်သည် နှစ်လ တန်သည် စဉ်းစားဦး ”

“ အခု ငါတို့ ပြောနေတာက မင်း ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ချက် ချပေးနေတာမဟုတ်ဘူး ၊ လုပ်ငန်းရဲ့ သဘာဝကိုသာ ချပြနေတာ ”

“ ကိုယ်တိုင် ရွေးရမှာ မင်း ကိုယ်တိုင် ”

အမှန်ပါပဲ ခင်ဗျာ ၊ မောင်ချမ်းသာ အခု အသက် ခြောက်ဆယ်ကျော် သွားပါပြီ ၊ တစ်သက်လုံး စီးပွားရေးလောကထဲ ကျင်လည်နေခဲ့တာ ဆို တော့ မြင်နေပါတယ် ။ ကြားနေပါတယ် ။ သိနေပါတယ် ။

တက်သွားတာတွေ ၊
ကျသွားတာတွေ ၊
ဖြစ်လာတာတွေ ၊
ပြုတ်ကျသွားတာတွေ ၊
စဉ်းစားရမှာ က အရှည်လား ၊ အတိုလား ဆိုတာပါပဲ ။

အရှည် ကို ကြိုက်ရင် အရှည် ကို ရွေးပါ ။

အတို ကို ကြိုက်ရင် အတို ကို ရွေးပါ ။

ဘယ်ဟာ လုပ်ရမယ်လို့ မပြောလိုပါဘူးခင်ဗျာ ။

ကိုယ် ကြိုက်တဲ့ ကိုယ် ရွေးလိုက်တဲ့ အလုပ်ဟာ ကိုယ့် ဘဝ ဖြစ်လာမှာကတော့ အမှန်ပါပဲ ခင်ဗျာ ။

⎕မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
     ၁၃ ဇန်နဝါရီလ ၊ ၂၀၀၆

No comments:

Post a Comment