Thursday, July 31, 2025

သူများမကောင်းကြံ

 

❝ သူများမကောင်းကြံ ❞
            ( ပုံပြင် )

တစ်ခါတုန်းက တိုင်းပြည် တစ်ခုမှာ မရွှေလိပ် ဟု ခေါ်သော မိန်းမငယ် တစ်ဦး ရှိခဲ့လေ၏ ။ ထိုမိန်းမငယ်သည် အလွန်အလိမ်အကောက်များ၏ ။ ပြည်သူပြည်သားတို့ ထံမှ ရသမျှ ပစ္စည်းတို့ကို လိမ်၍ယူတတ်သောအကျင့်မှာ မရွှေလိပ်တွင် အမြဲ ရှိ၍နေ၏ ။ မရွှေလိပ်သည် ကောင်းသည် ၊ ဆိုးသည် ၊ နည်းသည် ၊ များသည် မရွေးချယ်ဘဲ ရနိုင်သမျှ ပစ္စည်းကို လိမ်၍ယူလေ၏ ။

သို့သော် လိမ်ဖန် များလာသည်တွင် မရွှေလိပ်၏ အကြောင်းသည် ဘုရင့်နားသို့ ပေါက်ကြား သွားလေ၏ ။ တိုင်းပြည်အုပ်ချုပ်သော ဘုရင်သည် တိုင်းသူပြည်သားတို့၏ အန္တရာယ်ကို ကာကွယ်ပေးရသည့်အတိုင်း မရွှေလိပ်အား ခေါ်ယူစစ်ဆေးလေ၏ ။ ကြားရသည့် သတင်းအတိုင်းပင် မရွှေလိပ်သည် လူတိုင်းအား လိုက်၍ လိမ်နေကြောင်း စစ်မှန်သည်ကို တွေ့ရသဖြင့် ဘုရင်က သူ၏ စစ်သားများအား မရွှေလိပ်ကို တိုင်းစွန်ပြည်နားက တောကြီး တစ်ခုထဲသို့ မောင်းထုတ်လိုက်စေလေ၏ ။

တောကြီးထဲသို့ ရောက်သောအခါ စစ်သားများသည် မရွှေလိပ်ကို ထားရစ်ခဲ့ပြီး နန်းတော်သို့ ပြန်၍လာခဲ့လေ၏ ။ မရွှေလိပ်သည်လည်း ခြေဦးတည့်ရာသို့ လျှောက်လာခဲ့ရာမှ တောနှင့် မနီးမဝေးသို့ ရောက်ပြီး တဲတစ်ခုကို တွေ့ရလေ၏ ။ ထိုတဲမှာ အဘိုးအိုနှင့် အမယ်အိုတို့ နှစ်ဦးတည်းသာ နေသော တဲဖြစ်လေ၏ ။ မရွှေလိပ် ရောက်သွားသော အခါတွင် ထိုတဲထဲမှ အဘိုးအိုသည် ထင်းခုတ်သွားနေပြီး အမယ်အိုကမူ အနီးအနားတွင် ရှိသော ရွာများသို့ ထင်းသွားရောင်းပြီး စုထားသော ငွေဒင်္ဂါးများကို ရေတွက် နေလေ၏ ။ အဘိုးအိုနှင့် အမယ်အိုတို့သည် တစ်သက်ပတ်လုံး ခြိုးခြံစုလာကြ၍ အမယ်အို ရေတွက်နေသော ငွေတို့မှာ အတော်များ ပြားလေ၏ ။

မရွှေလိပ်သည် အမယ်အို ရေတွက်နေသော ငွေတို့ကို တွေ့ရသည်တွင် ရသည့်နည်း နှင့် လိမ်၍ယူမည်ဟု ဆုံးဖြတ်လိုက်လေ၏ ။ ယင်းသို့ လိမ်၍ ယူရန်မှာ ချက်ချင်း မဖြစ်နိုင်ဘဲ အမယ်အို အိမ်တွင် အတန်ကြာ ကပ်နေပြီးမှ ဖြစ်နိုင်မည်ကို တွေးမိကာ မရွှေလိပ်သည် အောက်ပါအတိုင်း ဟန်ဆောင်၍ မျက်ရည်စက်လက်နှင့် အသနားခံ ပြောဆိုလေ၏ ။

“ အမေရယ် ၊ ကျွန်မရဲ့ အဖေနှင့် အမေတို့ကို လူဆိုးတွေ ဖမ်းသ,တ်သွားကြပါတယ် ၊ ကျွန်မလည်း လူဆိုးတွေ လက်ကလွတ်အောင် ပုန်း၍ ထွက်ပြေးလာခဲ့ရပါတယ် ၊ ခု ကျွန်မမှာ ဘယ်မှ ကပ်နေစရာ မရှိပါ ၊ အမေတို့ ဆီမှာပဲ နေပါရစေ ၊ အမေတို့ ခိုင်းသမျှကိုလည်း လုပ်ကိုင်ပေးပါ့မယ် ၊ အမေတို့ရဲ့အဝတ်တွေကိုလည်း ကျွန်မ လျှော်ပေးပါ့မယ် ”

“ အေးကွယ် ၊ အမေလည်း သမီး အကြောင်းကို ကြားရတာ စိတ်မကောင်းပါဘူး ၊ အမေတို့ မှာလည်း ကလေး မရှိတာနဲ့ဆိုတော့ အတော်ပဲပေါ့ ”

အမယ်အိုသည် အဘိုးအို ထင်းခုတ် ပြန်လာသောအခါတွင် မရွှေလိပ်ကို သနား၍ အိမ်တွင် လက်ခံထားကြောင်း ပြောပြရာ အဖိုးအို ကလည်း အလွယ်နှင့်ပင် လက်ခံလိုက်လေ၏ ။

သို့နှင့် မရွှေလိပ်သည် အဘိုးအိုတို့နှင့် အတန်ကြာ အကြံယူလျက် နေထိုင်လေ၏ ။

မရွှေလိပ်သည် နေ့စဉ်နေ့တိုင်း အဘိုးအို ထင်းခုတ်သွားရာသို့ ထမင်းလိုက်၍ ပို့ပေးရလေ၏ ။ မရွှေလိပ် ထမင်းပို့ သွားရာလမ်းတွင် ရေတွင်းအိုကြီး တစ်ခုလည်း ရှိလေ၏ ။ မရွှေလိပ်သည် အစတွင် ထိုရေတွင်းအိုကြီးကို အမှုမဲ့အမှတ်မဲ့သာ သဘောထားခဲ့လေ၏ ။ သို့သော် တစ်နေ့တွင် မရွှေလိပ်သည် သူမ အကြံအောင်ရန် ထိုရေတွင်းအိုကြီးကို အသုံးပြုနိုင်ကြောင်း တွေးမိလေ၏ ။ သူမ၏ အကြံမှာ အဘိုးအိုနှင့် အမယ်အိုတို့ကို လီဆယ်၍ ရေတွင်းအိုကြီး ထဲသို့ တွန်းချပြီး သူတို့၏ ငွေတွေကို ယူကာ ထွက်ပြေးရန်ပင်ဖြစ်၏ ။

သို့နှင့် မရွှေလိပ်သည် နောက်တစ်နေ့ ထမင်းပို့ သွားသောအခါတွင် ထမင်းတောင်းကို အဘိုးအို ဆီသို့ ရောက်အောင် မပို့တော့ဘဲ လမ်းတွင် ဝှက်ထားခဲ့ကာ အိမ်သို့ ပြန်လာပြီး အမယ်အိုအား အောက်ပါအတိုင်း လိမ်လည်ပြောဆိုလေ၏ ။

“ အမေရယ် ၊ ကြိုးရှည်ရှည် တစ်ချောင်းကို ယူပြီး အမြန် လိုက်ခဲ့ပါ ၊ အဖေဟာ ထမင်း ဆာလို့နဲ့  တူတယ် ၊ အိမ်ကို ပြန်လာရင်း ရေတွင်းပျက်ကြီးကို ငုံ့ကြည့်နေတာ တွေ့ရတယ် ၊ ပြီးတော့ အစာဆာလွန်းလို့ထင်ပါရဲ့ ၊ ရေတွင်းထဲကို မူးပြီး ကျသွားတယ် ”

အမယ်အိုသည် မရွှေလိပ်၏ စကားကို ကြားရသည်တွင် ဘာလုပ်ရမည် မသိအောင် ဖြစ်သွားရှာလေ၏ ။ ထို့ကြောင့်မရွှေလိပ် ကပင်...

“ စိတ်တော့လည်း သိပ် ပူမနေပါနဲ့ အမေရယ် ၊ အဖေဟာ သေတော့ မသေနိုင်ပါဘူး ၊ ရေတွင်းထဲမှာ ရေက သိပ်မနက်လို့ အဖေ ထိုင်နေနိုင်တာကို ကျွန်မ တွေ့ခဲ့ရပါတယ် ၊ အပေါ်က ကြိုးချ ပေးလိုက်ရင် ဆွဲတက်လာနိုင်မှာပါ ”

ဤတွင်မှ အမယ်အိုသည် အနည်းငယ် စိတ်သက်သာရာ ရသွားကာ ကြိုးရှည်တစ်ချောင်းကို ယူ၍ မရွှေလိပ်နှင့် အတူ လိုက်လာခဲ့လေ၏ ။ ရေတွင်းအိုကြီးသို့ ရောက်သည်တွင် အမယ်အိုသည် ရေတွင်းထဲ ကျနေသော အဘိုးအို၏ အခြေအနေကို သိလိုဇောနှင့် ရေတွင်းပေါ် မှ အောက်သို့ အပြေးအလွှား ငုံ့ကြည့်လေ၏ ။ အကြံနှင့် နေသော မရွှေလိပ်သည် အလိုက်သင့်ပင် အမယ်အိုအား ရေတွင်းထဲသို့ တွန်းချလိုက်လေ၏ ။

သို့သော် မရွှေလိပ်သည် မကောင်းကြံလိုစိတ်က ကြီးမားနေ၍ အမယ်အိုအား ရေ တွင်းထဲသို့ တွန်းချသော အခါတွင် အနီးအဝေး၌ လူသူလေးပါး ရှိမရှိကိုပင် သတိ မမူမိရှာပေ ။ ထိုအချိန်မှာပင် အဘိုးအိုသည် ထမင်းပို့ မလာနိုင်သဖြင့် ဆာလှ၍ ထင်းခုတ်ရာမှ ပြန်၍ လာရာ သူ့အမယ်အိုအား မရွှေလိပ်က ရေတွင်းထဲသို့ တွန်းချလိုက်သည်ကို ကောင်းစွာ လှမ်း၍ မြင်လိုက်ရလေ၏ ။

ထို့ကြောင့် အဘိုးအိုသည် အတင်း ပြေးလာကာ မရွှေလိပ်ကို ဖမ်းပြီး သူ ထင်းခုတ်သော ဓားမကြီးနှင့် မရွှေလိပ်၏ ခြေတွေလက်တွေကို ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် အဘိုးအိုသည် ကြိုးတစ်ချောင်းကို ရှာကာ ရေတွင်းထဲသို့ ဆင်း၍ အမယ်အိုအား ဆယ်ယူလေ၏ ။ သို့သော် အဘိုးအိုသည် ရေတွင်းထဲတွင် အမယ်အို သေဆုံးနေရှာပြီ ဖြစ်သည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရလေ၏ ။ အဘိုးအိုသည် ရေတွင်းဘေးမှ တိုင်ငုတ် တစ်ခုကို ချည်၍ တွဲလောင်းခို ဆင်းခဲ့သော ကြိုးနှင့်ပင် ရေတွင်းပေါ်သို့ ပြန်တက်၍ လာခဲ့လေ၏ ။ အမယ်အို၏ အလောင်းကိုကား ရေတွင်းအို ထဲမှာပင် ထားရစ်ခဲ့လေ၏ ။

အဘိုးအို ရေတွင်းပေါ်သို့ ပြန်ရောက်လာသည်တွင် ခြေလက်တွေ ပြတ်နေသော မရွှေလိပ်သည် နာကျင်လှ၍ ညည်းညူ နေရှာသည်ကို တွေ့ရလေ၏ ။ အဘိုးအိုသည် ချက်ချင်း သ,တ်လိုက်သည်ထက် တာရှည် ဒုက္ခခံရပြီးမှ သေစေမည်ဟု ဆုံးဖြတ်ကာ မရွှေလိပ်အား လူသွားလမ်း၏ ဘေးမှ ကွက်လပ်တစ်ခုတွင် နေလှန်း၍ ပစ်ထားခဲ့၏ ။

သို့သော် မရွှေလိပ် မသေခင်မှာပင် ထိုလမ်း၌ ဖြတ်သွားသော လူတစ်ယောက်က တွေ့ရှိကာ ခြေပြတ်လက်ပြတ်နှင့် မရွှေလိပ် ညည်းညူနေသည်ကို သနား၍ အပေါ်မှ သူမကိုယ် နှင့် တော်ရုံအိုးကွဲ တစ်ခုနှင့် အုပ်ပေးပြီး အောက်မှ ကျောက်ပြားတစ်ခုကို ခံ၍ပေးလေ၏ ။ ထို့နောက် ခရီးသွားသူသည် ခြေပြတ်လက်ပြတ်ဖြစ်နေသော မရွှေလိပ်ကို ရေကန် တစ်ခု၏ ရေစပ်သို့ ယူသွားပြီး ချပေးထားခဲ့လေ၏ ။ မရွှေလိပ်လည်း အစားအစာ မစားရလင့်ကစား ရေကိုကား ဝဝ သောက်ရသဖြင့် အတန်ငယ် အားပြန်၍ ရှိသွားလေ၏ ။

သို့ဖြင့် မရွှေလိပ်သည် မသေဘဲ ဆက်လက် အသက်ရှင်၍ကား နေရရှာ၏ ။ သို့သော် သူမ၏ မကောင်းကြံမှုကြောင့် အဖြတ်ခံခဲ့ရသော ခြေတို့လက်တို့ကား အနာကျက် သွားသော်လည်း ပြန်၍ ရှည်မလာတော့ပေ ။

နောင်နှစ် ကြာလာသည်တွင် မရွှေလိပ်မှ သားကလေး ၊ သမီးကလေးများ ပေါက်ဖွား လာလေ၏ ။ ခု တွေ့နေရသော လိပ်တို့မှာ အဆိုပါ မရွှေလိပ်၏ အဆက်အနွယ် မြေးမြစ်များပင် ဖြစ်ကြလေ၏ ။ သို့ရာတွင် ခုရှိသော လိပ်တို့မှာ လူ၏ ကိုယ်ခန္ဓာနှင့်ကား လုံးဝ မတူတော့သည်ကို တွေ့နိုင်၏ ။ ယင်းသို့ ဖြစ်သည်မှာ ရေတွင် ကာလရှည်ကြာစွာ နေလာ၍ တဖြည်းဖြည်း ပုံသဏ္ဌာန် ပြောင်းလဲလာခြင်းဖြစ်၏ ။

မည်သို့ပင်ဖြစ်စေ ၊ လိပ်တို့၏ ကျောကုန်းနှင့် ရင်ဘတ်တို့မှာကား အိုးကွဲပုံနှင့် ကျောက်ပြားသဏ္ဌာန်ပင် ခပ်ဆင်ဆင် တူလျက်ရှိနေသေးသည်ကိုတွေ့နိုင်၏ ။ ကဲ ... ကလေးတို့လည်း မလိမ်မကောက်ကြနဲ့ ၊ မကောင်းမကြံချင်ကြနဲ့နော် ၊ ဒုက္ခတွေ့ရတတ်တယ် ။

〇 ပုသိမ်မြင့်ဝေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၇ ၊ ဇူလိုင်

No comments:

Post a Comment