❝ ဝတ္ထု အဖွင့် ❞
အယ်ဒီတာစားပွဲ မှာ ထိုင်ပြီး အနယ်နယ် အရပ်ရပ် က ရောက်လာတဲ့ စာမူတွေ ( အထူးသဖြင့် ဝတ္ထု ) တွေ ဖတ်ရဖန် များလာတော့ ပထမ စာပိုဒ်တစ်ပိုဒ် လောက် ဖတ်လိုက်ရုံ နဲ့ ဒီ ဝတ္ထု ကောင်းတော့မယ် ၊ ဒါမှမဟုတ် မကောင်းနိုင်ဘူး ဆိုတာကို သိနိုင်ပါပြီ ။ ကျွန်တော့် လို ပဲ တခြား အယ်ဒီတာတွေ မှာလည်း အတွေ့အကြုံ အရ ဝေဖန် ပိုင်းခြား နိုင်ကြပါတယ် ။ မဂ္ဂဇင်းတိုက်တွေ ကို ဝတ္ထု လာပို့ရင် မှတ်ပုံတင် စာအုပ် ထဲ စာရင်းသွင်းပြီး လက်ခံထား ၊ အားတဲ့အခါ ဖတ် ၊ ကောင်းရင် ရွေး ၊ မကောင်းရင် ပယ် ။ ကာယကံရှင်တွေ က တစ်လ နှစ်လ ကြာမှ အဖြေရကြတယ် ။ အမှန် ကတော့ ချက်ချင်း ကောက်ဖတ်ပေးနိုင်မယ် ဆိုရင် ရွေး / ပယ် ဆိုတာ ချက်ချင်း အဖြေထွက် နိုင်ပါတယ် ။
ဝတ္ထုတစ်ပုဒ် ရဲ့ အဖြေက ပထမ စာပိုဒ် မှာတင် ရှိနေတာပဲ ။ တစ်မျက်နှာလောက် ဖတ်ကြည့်လို့မှ အယ်ဒီတာ ကို ဆွဲဆောင်နိုင်စွမ်း မရှိဘူး ဆိုရင် ဘာမှ ဆက်ဖတ်စရာ မလိုတော့တာ အမှန်ပါ ။ ၁၉၉၂ ခုနှစ် ၊ ဇန်နဝါရီလ ထုတ် The Writer မဂ္ဂဇင်း မှာ စာရေးဆရာ F.A Rockwell
က ဝတ္ထုအဖွင့် မှာ လိုက်နာရမယ့် အချက် ငါးချက် Fiction Opening: Five Musts ဆိုတဲ့ ခေါင်းစဉ် နဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရ
ပါတယ် ။
အက် ( ဖ ) အေ ရော့ ( က် ) ဝဲ ( လ် ) ဆိုတဲ့ အမျိုးသမီး က စာရေးခြင်း အတတ်ပညာကို အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အလုပ်အဖြစ် လုပ်ကိုင်နိုင်အောင် ၊ တီဗွီ ဇာတ်လမ်း ၊ ရုပ်ရှင် ဇာတ်လမ်းတွေ အဖြစ် ရောင်းရအောင် ၊ မဂ္ဂဇင်း ထဲ မှာ ကိုယ့် ဝတ္ထုတွေ ဖော်ပြခံရအောင် စာရေးဆရာတွေ ကို သင်ကြားပို့ချပေးတဲ့ ပုဂ္ဂိုလ်ပါ ။ သူ ရေးတဲ့ ဝတ္ထု ၊ ဆောင်းပါးပေါင်း များစွာကို အမျိုးသား မဂ္ဂဇင်း ၊ အမျိုးသမီး မဂ္ဂဇင်းများ က စဉ်ဆက်မပြတ် ဖော်ပြခဲ့ကြပြီး စာရေးဆရာများ ညီလာခံတွေ ၊ တက္ကသိုလ် ၊ ကောလိပ်တွေ မှာ စာပေ နဲ့ ပတ်သက်ပြီး ဟောပြောပို့ချပေးနေတဲ့ ဆရာမကြီး လည်း ဖြစ်ပါတယ် ။ စာရေးခြင်း အတတ်ပညာဆိုင်ရာ စာအုပ်တွေ ကို ထုတ်ဝေခဲ့ရာမှာ မော်ဒန်ဝတ္ထု နည်းလမ်းများ ၊ ဈေးကွက် ဝင်မယ့် ဇာတ်ကွက် ရေးနည်း ၊ ရောင်းလို့ ရမယ့် ဆောင်းပါး ဘယ်လို ရေးရမလဲ စတဲ့ စာအုပ်တွေ ပါဝင်ခဲ့ပါတယ် ။
“ လူတိုင်း ကတော့ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်ချင်ကြတာချည်းပါပဲ ။ ဒါပေမဲ့ ဒီလို အောင်မြင်တဲ့သူ ဖြစ်ဖို့ အတွက် လိုအပ်ချက်တွေ ၊
နည်းစနစ် အသစ်အဆန်းတွေ ကိုတော့ လူတိုင်း မလေ့လာချင်ကြပါဘူး ” လို့ ဆရာမက ဆိုပါတယ် ။ ဝတ္ထုတစ်ပုဒ် ရဲ့အစပိုင်း ကို စိတ်ဝင်စားစရာ ဖြစ်အောင် ဘယ်လို ရေးရမယ်ဆိုတာ သူ့ အာဘော်အတိုင်း ဖော်ပြပေးလိုက်ပါတယ် ။
••••• ••••• •••••
ဝတ္ထုတစ်ပုဒ်ရဲ့ အဖွင့်ဟာ ဘဝ တစ်ခုရဲ့ အစ လိုပါပဲ ။ ကြံ့ခိုင်သန်စွမ်းဖို့ လိုပါတယ် ။ တစ်နည်း ပြောရရင် မန်နေဂျာ တစ်ယောက်က သူ့ အရောင်းစာရေးကို ပြော သလို ပေါ့ ။
“ မင်း ဝယ်သူ နဲ့ စကားပြောတဲ့ နေရာမှာ နှစ်မိနစ် လောက်ကြာလို့ မှ စိတ်ဝင်စားမှု ရှိမလာဘူး ဆိုရင် လေကုန်ခံမနေနဲ့ ၊ ရပ်လိုက်တော့ ” တဲ့ ။
ဝတ္ထုတစ်ပုဒ် ၊ ပုံပြင် တစ်ပုဒ် ၊ အခန်းတစ်ခန်း ရဲ့အစ မှာ စာဖတ်သူ စိတ်ဝင်စားလာအောင် စာရေးဆရာက လိုက်နာရမယ့် အချက် ငါးချက် ရှိပါတယ် ။
( ၁ ) စာဖတ်သူကို ဆွဲဆောင် ပေးနိုင်မယ့် ကိုယ့် မူပိုင် အကွက် အသစ်အဆန်းဖြစ်ရမယ် ။
( ၂ ) ဖတ်လိုက်တာ နဲ့ တစ်ပြိုင်နက် ရှေ့ဆက် ဘာဖြစ်မှာပါလိမ့် လို့ စာဖတ်သူ ရဲ့စိတ်ကို နှိုးဆွပေးနိုင်တဲ့ အင်အားရှိရမယ် ။
( ၃ ) စာဖတ်သူ ကို ဘယ်သူ ၊ ဘာလဲ ၊ ဘယ်အချိန် ၊ ဘယ်နေရာ ၊ ဘာကြောင့် ဆိုတဲ့ “ ဘ ” ငါးလုံး နဲ့ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ သဲလွန်စ ပေးနိုင်ရမယ် ။
( ၄ ) တောင်စွန်းတစ်ခု မှာ တဲတဲကလေး ချိတ်မိထားတဲ့ လူတစ်ယောက် ရဲ့ခံစားချက်မျိုး စာဖတ်သူကို ပေးထားနိုင်ရမယ် ။
( ၅ ) ပထမဆုံး စာပိုဒ်ဟာ ကိုယ့်ဇာတ် ကို တည်ပေးတဲ့ အချက်ဖြစ်ရမယ် ။
ကိုယ် က ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် ဇာတ်ကွက် ကို အရင် ချကြည့်ပါ ။ ကိုယ့် ဇာတ်လမ်း ထဲက ဘယ် ဇာတ်ကွက်ဟာဖြင့် အခိုင်ခံ့ဆုံးလဲဆိုတာ ဆုံးဖြတ်ပြီး အဲဒီ အကွက်က စပါ ။ တကယ်လို့ ကိုယ် ရေးမယ့် ဝတ္ထုက ဇာတ်ကောင် စရိုက် အသားပေးမယ့် ဝတ္ထုမျိုး ဆိုရင် ဇာတ်ကောင် တစ်ကောင် ( ဒါမှ မဟုတ် ပိုချင်လည်း ပိုနိုင်တယ် ) နဲ့ စပါ ။ ဒေသတစ်ခု နဲ့ ပတ်ဝန်းကျင်အကြောင်း ဖွဲ့နွဲ့မယ့် အရေးအသား ဆိုရင် စာဖတ်သူကို အရပ်ဒေသ တစ်ခု ရောက်သွားအောင် ခေါ်သွားနိုင်ရမယ် ။ အက်ရှင်ဝတ္ထု ရေးမယ် ဆိုရင်တော့
လှုပ်ရှားမှု တစ်ခုခု နဲ့ စပေါ့ ။ ခံစားချက် ဝတ္ထု ရေးမယ့်သူ ကတော့ ပြင်းထန်လှုပ်
ရှားစေမယ့် ခံစားချက် နဲ့ စပေါ့ ။ အတွေးအခေါ် ဦးစားပေးမယ့် ဝတ္ထု ဆိုရင်
ကိုယ့် စာဖတ်ပရိသတ်က ကိုယ် ရေး လိုက်တဲ့ အချက်ကို တုံ့ပြန်မှုရှိလာအောင်
ကိုယ် က ရေးနိုင်ရမယ် ။ တချို့ကတော့ ‘ စကားပြော ’ နဲ့ စတယ် ။ ဒီလို စလိုက်ရင် ဒီ စကားပြော ဟာ ကိုယ့် ဇာတ်ကောင်တွေ ရဲ့စရိုက် ကို ဖော်ကျူးမယ့် စကားပြောတွေ ဖြစ်စေရ ပါမယ် ။
ဘယ်လို ပုံစံ နဲ့ စမယ် ဆိုတာ က အကြောင်း မဟုတ်ပါဘူး ။ ကိုယ် စ လိုက်တဲ့ စာပိုဒ် မှာ စတိုင် ( လ် ) ရှိရမယ် ။ စာဖတ်တဲ့ သူ ကို စိတ်လှုပ်ရှား လာ အောင် နှိုးဆွ ပေးနိုင်ရမယ် ။ စကားလုံးပေါင်း ငါးသောင်းလောက် နဲ့ ရေးတဲ့ ဝတ္ထုမျိုးတွေ တောင်မှ ပထမဆုံး စာပိုဒ် ဟာ ပန်းချီဆရာ တစ်ယောက် ပတ္တူစပေါ် မှာ ပန်းချီ စ ရေးရင် စုတ်ချက် ကြမ်းကြမ်း တစ်ချက် ဆွဲပစ်လိုက် သလို စာဖတ်သူ ရဲ့အာရုံ ကို ဆွဲဆောင် နိုင်လောက်မယ့် စာပိုဒ် နဲ့ စ ရပါတယ် ။
စာရေးဆရာမ ဒေါ်ရသီအူနက် ( ခ် ) တို့ လို လူမျိုးတွေ ရဲ့ ဝတ္ထုပုံစံ စ နည်း တွေ ကို လေ့လာနိုင်ဖို့ ဥပမာ ပေး လိုပါတယ် ။ ဒေါ်ရသီ က သူမ ရဲ့ False Witness ဆိုတဲ့ ဝတ္ထုကို ဒီလို စထားပါတယ် ။
◾စကားဦး
စန္ဒရာလီဒေါ်ဆန် ခမျာ သေလုနီးပါး ဝေဒနာကို ခံစား နေရင်းက နာကျင်မှု နဲ့ အတူ ထိတ်လန့်တုန်လှုပ်မှု ကို ပါ ခံစားလိုက်ရသည် ။
သူမ သည် ပါးစပ် အတွင်း ပြည့်လာသော
ငန်ငြိငြိ သွေးများ ကို မျိုချ လိုက်၏ ။ ဒီလို မျိုချ လိုက်ရသည့် လှုပ်ရှားမှု သည် ပင် အသက်ကို မျှဉ်းမျှဉ်းသာ ရှူဝံ့သည့် သူမ အတွက် ကြီးစွာသော ကြိုးစားမှု တစ်ရပ်ဖြစ်တော့သည် ။ သူမ ၏ အခြေအနေ မှာ အဆုတ် တစ်ခုလုံး ပြည့်သွားအောင် လေကိုပင်လျှင် အဝ မရှူဝံ့ဘဲ ခပ်မျှဉ်းမျှဉ်းကလေးသာ ရှူ နေရ၏ ။
◾အခန်း တစ်ခန်း အစ
သူမကို သေပြီ အထင် ဖြင့် စွန့်ပစ် ထားခြင်းဖြစ်သည် ။ အကယ်၍ စန္ဒရာ သာ သေသွားပြီ ဆိုပါက သူမ နှင့် ဆက်စပ်နေသော ဘဝများ ၊ ဂုဏ်သိက္ခာများ ၊ ဘဝ လမ်းကြောင်းများ ၊ ရည်ရွယ်ချက်များ တို့ သည် လက်ရှိ အခြေအနေများ နှင့် များစွာ ခြားနားသွားပေ လိမ့်မည် ။ ကျွန်မ အပါအဝင် ဖြစ်လိမ့်မည် ။ အထူးသဖြင့် ကျွန်မဘဝ ။
ကိုင်း ... ဒီလို စ လိုက်တော့ ဘယ်လို နေသလဲ ။ အဲဒီလို ဝတ္ထု ဖွင့်နည်းမျိုးတွေ ဆက်ပြောပါရစေဦး ။
◾ဇာတ်ကောင် စရိုက် နှင့် ဖွင့်နည်း
ဖေးမော်ဂင် မှာ ဘယ်တုံးက မှ ပိုက်ဆံ မရှိခဲ့ဖူးဘူး ။ တကယ်တော့ ဘယ်တုံးက မှ ကို ပိုက်ဆံ တစ်ပြား တစ်ချပ်မှ မရှိခဲ့ဖူးတာပါ ။ သူ့မှာ ဘယ်တော့မှ ပိုက်ဆံ ရှိမှာ မဟုတ်ဘူး ဆိုတာလည်း အားလုံး က သိထားကြတာပဲ ။ အဲဒါကြောင့်လည်း အားလုံး မျှော်လင့်ထားကြ တာထက် ဒီ ကိစ္စက ပိုပြီး အလွယ်တကူ ဖြစ်လာခဲ့ တာပါ ။
ဖေး နဲ့ ပတ်သက်ပြီး အားလုံး သိကြတဲ့ အချက်
တစ်ချက် က ဖေး ဟာ ရှေ့ မှာဘာဖြစ်မယ် ဆိုတာ ပြောနိုင်တယ် ဆိုတာပါပဲ ။ ပစ္စည်းပျောက် ဘယ်မှာ ရှိတယ် ၊ ဘယ်သူ့ ဘဝထဲကို ဘယ်သူ က ဘယ်အချိန်မှာ ဘာကြောင့် ဝင်လာမယ်ဆိုတာတွေ ကို လည်း ဖေး က ပြောနိုင်တယ် ။
( မာရှာနော်မန် ရဲ့ Fortune Teller မှ )
နံရံပေါ် က စာရင်း အရ ဆိုရင် တော့ သူ ဟာ သေခဲ့ပြီပဲ ။ ဗီယက်နမ်စစ်ပွဲ ကျဆုံးသူများ အမှတ်တရ တည်ဆောက်ထားတဲ့ မဟူရာရောင် တောက်နေတဲ့ နံရံထက်မှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ၊ အရွယ်မတိုင်မီ ဖွေးဖွေးဖြူ နေတဲ့ ဆံပင် ၊ မျက်ရစ်မပါတဲ့ မျက်အိမ် နဲ့ သူ့ အရိပ်ကို ကိတ် ( သ် ) ဂျွန်ဆင် မြင်နေရတယ် ။ နံရံ ထက်က ရေးထိုးတဲ့ ဗီယက်နမ် တိုက်ပွဲ ကျဆုံးသူ ထောင်ပေါင်းများစွာ စာရင်း ထဲ မှာ သူ့ နာမည် ကို တွေ့ရတယ် ။ ကိတ် ( သ် ) အဲဗရက် ဂျွန်ဆင် တဲ့ ။
ဒါပေမဲ့ သူက သေမှ မသေသေးဘဲ ။
( ရစ်ချတ်အယ်လင်ရဲ့ Crux မှ )
ဘာဘရာတေလာ ဘရက် ( ဒ် ) ဖို့ ( ဒ် ) ရဲ့ Act of Will ဝတ္ထု မှာ တော့ ဇာတ်ကောင် သုံးယောက် နဲ့ စဖွင့်ခဲ့တယ် ။ ဒီ ဇာတ်ကောင် သုံးယောက် စလုံး က သူ့ဝတ္ထုမှာ အညီအမျှ အရေးပါမယ့် ဇာတ်ကောင်စရိုက်တွေ ပါပဲ ။
အော်ဒါခရိုသာ သည် သူမ သမီး ၏ မဲ ( န် ) ဟတ္တန် နေအိမ် ဧည့်ခန်း ဆိုဖာထက် တွင် ထိုင်နေသည် ။ သူမ သည် တစ်ကိုယ်လုံး တောင့် နေအောင် ထိုင်ထားပြီး လက်နှစ်ဖက် ကို ခြေကလိမ် ချိတ်ထားသော ဒူးတွင် ဖျစ်ညှစ် ထားသဖြင့် ဒူးခေါင်း ပင်လျှင် ကျောက်ဖြူသား နှယ်
ဖြူဖွေး နေတော့သည် ။ သူမ ၏ မျက်လုံးများ က သမီး ဖြစ်သူ ခရစ္စတီးနား နှင့် မြေး ကိုင်း ( လ် ) တို့ ကို တစ်လှည့် စီ ကြည့်နေ၏ ။
အမျိုးသမီး နှစ်ယောက် က ဧည့်ခန်း အလယ်တွင် ရပ်နေကြ ရင်း ဖြူရော်သော မျက်နှာများ မှ အခိုးအလျှံ ထွက်နေသော မျက်လုံးများဖြင့် တစ်ဦး ကို တစ်ဦး
စိုက်ကြည့်နေကြသည် ။ လွန်ခဲ့သည့် မိနစ် အနည်းငယ်က သူတို့ နှစ်ဦး အပြန်အလှန် ဒေါသတကြီး အော်ဟစ်ခဲ့ကြသော စကားလုံးတို့သည် ပူနွေးသော နေ့လယ်ခင်း၏
လေထုထဲ တွင် နံရံများ မှတစ်ဆင့် ပဲ့တင်ထပ်နေဆဲ ။
ဇာတ်ကောင် နဲ့ ပတ်ဝန်းကျင် ဆက်စပ်ပြီး စ ဖွင့်ချင်ရင် တော့ ဒီလို ရေးတယ် ။
ခိုး ( လ် ) ကယ်ရီ သည် ဟီးသရိုး လေဆိပ် ထွက်ပေါက်တွင် သူမ နှင့် ရင်းနှီးပြီး ဖြစ်သည့် ဓာတ်ပုံသတင်းထောက်များ၏ ကင်မရာများ ရန်မှ လွတ်အောင် မအောင်မြင်သော
ကြိုးစားမှု တစ်ခုကို ပြုကြည့်သည် ။ ဓာတ်ပုံသတင်းထောက်များ သူမ ကို ဝိုင်းလာကြချိန်တွင် လေဆိပ် ၌ လေယာဉ် စောင့်ဆိုင်းနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များသည် ဖတ်လက်စ သတင်းစာများကို နှိမ့်ချ လိုက်ကြကာ ဗြိတိန်နိုင်ငံ ၏ အောင်မြင်ဆုံး နှင့် ဆွဲဆောင်မှု အရှိဆုံး အဆိုကျော်မလေး ကို ကြည့်မိကြ၏ ။
◾ပတ်ဝန်းကျင် အခြေအနေနဲ့ ဇာတ်ဖွင့်နည်း
သောမတ် ( စ် ) ဟဲရစ် ( စ် ) ရဲ့ The Silence of the Lambs ဝတ္ထု အခန်း ( ၁ ) အဖွင့် က တစ်မူ ထူးခြားပြီး စာဖတ်သူကို ရှေ့ဆက် ဘာဖြစ်မှာလဲ ဆိုတဲ့ သိလို စိတ် ပြင်းပြစေခဲ့ပါတယ် ။ ဒီ အဖွင့် စာပိုဒ်မှာပဲ ဇာတ်ကောင် ရဲ့ စရိုက် ၊ လှုပ်ရှားမှု နဲ့ သည်းထိတ်ရင်ဖို ဖြစ်စေမှု တို့ ပါဝင်စေခဲ့ပါတယ် ။
လူသ,တ်မှုများ ဆက်တိုက် ဖြစ်ပွားမှု ကို ကိုင်တွယ်သုံးသပ်
နေသည့် “ အပြုအမူဆိုင်ရာ လေ့လာမှု သိပ္ပံဌာန ” သည်
FBI ဌာန၏ ဌာနစိတ် တစ်ခုဖြစ်ပြီး ကွမ်တီကို တွင် ရှိသည့် အကယ်ဒမီ ရဲသိပ္ပံ အဆောက်အအုံ မြေအောက် အထပ် တွင် ရှိ၏ ။ ကလားရိုက် ( စ် ) စတာလင် သည် သေနတ်ပစ်ကွင်းတွင် လေ့ကျင့်နေရာမှ ခပ်သုတ်သုတ် လျှောက်လာခဲ့ပြီး ဤ ဌာန ရှိရာ သို့ ရောက်လာခဲ့သည် ။ သူမ ၏ ခေါင်းပေါ်တွင် မြက်ပင် အချို့ ကပ် နေပြီး FBI တံဆိပ် တွင်လည်း မြေပေါ် လှိမ့်ကာ တရားခံ ဖမ်းစဉ် သေနတ်ပစ်ပါက ရှောင်နည်း လေ့ကျင့်စဉ်က တွယ်ငြိခဲ့သော မြက်ပင်
အချို့ ကပ်ပါလာသည် ။
ရုံးခန်း အပြင်ဘက်တွင် တစ်ယောက်မျှ မတွေ့
ရ ။ ထို့ကြောင့် သူမသည် တံခါးမှန် တွင် ပေါ်နေသော
သူမ ၏ အရိပ်ကို ကြည့်ကာ သေသေသပ်သပ် ဖြစ်သွား
အောင် ခါပစ်လိုက်သည် ။ ဤသို့ မပြုပါကလည်း သူမ သည် ကြည့်ကောင်းနေမည်သာဖြစ်ကြောင်း သူမ သိ၏ ။ သူမ ၏ လက်တွင် ယမ်းနံ့များ စွဲ နေသည် ။ လက်ဆေး ရန် အချိန်မရခဲ့ ။ ဌာနစိတ်အကြီးအကဲ ခရော့ဖို့ ( ဒ် )
စေလွှတ်လိုက်သူ က ခုချက်ချင်း ဟု ဆိုခဲ့ခြင်း ကြောင့်ပင် ။
ပတ်ဝန်းကျင် နဲ့ စ ဖွင့်ပြီး ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ပြဿနာ တစ်ခု နဲ့ ဝတ္ထု ကို စ ဖွင့်ထားတာ ကို လည်း လေ့လာ ကြည့်ပါဦး ။
အီသီယိုးပီးယားနိုင်ငံ ၏ မြင့်မားလှသော တောင်များ ပေါ် တွင် ရွာငယ်လေး တစ်ရွာ ရှိ၏ ။ ရွာနာမည်ကို ကျွန်မ
မဖော်ပြ လိုပါ ။ ရွာကလေး အကြောင်း အိပ်မက်သည့်
အခါတိုင်း နိုးလာချိန်တွင် ကျွန်မ မျက်နှာ ၌ မျက်ရည် တို့ ဖြင့် စိုရွှဲနေတတ်၏ ။
အိပ်မက်ထဲတွင် ကျွန်မ သည် တိုက်ခတ်နေသည့် လေဘေးဒဏ်မှ ကာကွယ်ရန် ခြုံစောင် တစ်ထည် ကို တစ်ကိုယ်လုံး တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားရင်း
မတ်တတ်ရပ်နေတတ် ပါသည် ။ ကျွန်မ တစ်စုံတစ်ယောက် ကို စောင့်နေခြင်းပင် ။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် ကျွန်မ အဖေ နှင့် အမေ တို့ ၏ ဝိညာဉ်များ ကို စောင့် နေခြင်း ဖြစ်ကောင်းဖြစ်ပါမည် ။ သူတို့ က ကျွန်မ ကို လာ ခေါ်ကြလိမ့်မည် ။ ရုတ်တရက် ဆိုသလို သိမ်းငှက်တစ်ကောင်၏
အော်သံကျယ်ကြီး ကို ကြား လိုက်ရ၏ ။ ကျွန်မ မဆုံးဖြတ် နိုင်အောင်ဖြစ်သွားသည် ။ ကျွန်မ လိုက်သွားရ မည်လား ။ သို့မဟုတ် နေရစ်ခဲ့ရ မည်လား ။ ကျွန်မ အိမ် နှင့် ချစ်သော သူများ ကို ဘယ်လို ခွဲထား နိုင်ခဲ့ပါမည်နည်း ။
( ဆိုနီယာလီဗီတင် ရဲ့ The Return မှ )
ဝတ္ထု ဖွင့်ပုံ ဖွင့်နည်း နဲ့ ပတ်သက်ပြီး နောက်ထပ် ပြောပြချင်တဲ့ လမ်းညွှန် တချို့ က တော့ -
( ၁ ) ဇာတ်လမ်း ရဲ့ အလယ်ပိုင်း နဲ့ စဖွင့်ပါ ။ ဒါမှမဟုတ် ဇာတ်ရှိန် အမြင့်ဆုံးဖြစ်မယ့် အခန်း မတိုင်မီ တစ်ခန်းလောက်က စဖွင့်ပါ ။ ဒါပေမဲ့
ပျင်းစရာကောင်းတဲ့ အခန်းမျိုးနဲ့ မစပါနဲ့ ။
( ၂ ) အဓိကဇာတ်ကောင်တွေ နဲ့ စာဖတ်သူကို အရင် တွေ့ ပေးပါ ။ အဓိကမကျတဲ့ ဇာတ်ကောင်တွေ ကို နောက် မှ ပွဲထုတ်ပါ ။ အသေးအဖွဲ ပြဿနာလေးတွေ ကို မတင်ပြမီ အဓိက ပြဿနာ ကို အရင်တင်ပြပါ ။
( ၃ ) ဇာတ်ကောင် တစ်ကောင်ချင်း ရဲ့ စိတ်လှုပ်ရှားမှု အခြေအနေ ၊ တစ်ဦး အပေါ် တစ်ဦး ထားရှိတဲ့ တုံ့ပြန်မှု တို့ကို တိတိကျကျ ပေါ်လွင်အောင် ဖော်ပြပါ ။ ( နောက်ပိုင်း မှာ သူတို့ သဘောထားတွေ က တစ်ဦးပေါ် တစ်ဦး ပြောင်းလဲသွားတာရှိချင်ရင်လည်း ရှိနိုင်ပါတယ် ။ ) ဇာတ်ကောင် စရိုက်
မျိုးစုံအောင်ထည့်ပါ ။ ဒါမှလည်း စာဖတ်သူအနေနဲ့ အားလုံးကို ကြိုက်တာ ၊
မကြိုက်တာ မဖြစ်တော့ပါဘူး ။ ဇာတ်ကောင်တွေ ရဲ့ စကားပြောထဲမှာ သူတို့
စရိုက်ကို ပရိသတ် သိလာစေအောင် သဲလွန်စကလေးတွေ ထည့် ပေးထားပါ ။
( ၄ ) ဇာတ်အဖွင့် မှာ ကိုယ့် ကိုယ်ကိုယ် သနားနေတဲ့ ၊ ဝမ်းနည်းကြေကွဲနေတဲ့ ဇာတ်ကောင် တစ်ယောက် တည်း နဲ့ ဘယ်တော့မှ မစပါနဲ့ ။ တစ်ယောက် တည်း နဲ့ စမယ် ဆိုရင် လည်း ပြဿနာတစ်ခုကို ဆုံးဖြတ်ရခက်နေ တဲ့ အနေအထား နဲ့ စပါ ။
( ၅ ) ဝတ္ထု နောက်ပိုင်း မှာ အရေးပါ လာမယ့် အချက်အလက် တစ်ခုခု
ကို သဲလွန်စ ပေးထားပါ ။ ဒါပေမဲ့ ဒါကို ဖတ်ပြီး စာဖတ်သူ က ဇာတ်ကို
စောစောစီးစီး ကြိုပြီး ခန့်မှန်းလို့ ရအောင် အထိ မပေးပါနဲ့ ။
( ၆ ) တစ်ခါတည်း ချရေးလိုက်တဲ့ စာမူကြမ်းနဲ့ ဘယ်တော့မှ မကျေနပ်ပါနဲ့ ။ ဝါကျ တစ်ခုချင်း ပြောင်မြောက်လာအောင် ထပ်ဖန် တလဲလဲ ပြင်ဆင်ပြီး ချောသထက် ချောလာအောင် ကြိုးစားပါ ။ ဒါမှ စာဖတ် ပရိသတ် ကိုယ့် စာပိုဒ် ကို စ ဖတ်လိုက်ရုံ နဲ့ အာရုံ ဝင်စားလာပါလိမ့်မယ် ။
( ၇ ) စာတစ်မျက်နှာ ပြီး တစ်မျက်နှာ လက်က မချစတမ်း ဖတ်ချင်လာအောင် အစ မှာ မဖြေရှင်းနိုင်သေးတဲ့ လျှို့ဝှက် ပြဿနာ တစ်ခု ပါဝင်စေဖို့ နဲ့ အဆုံးမှာ အသည်းတအေးအေး ဖြစ်စေ နိုင်အောင်ကြိုးစားပါ ။
( ၈ ) ဝတ္ထုလတ် တို့ ၊ ဝတ္ထုရှည် တို့ နဲ့ စာရင် ဝတ္ထုတို ရဲ့ အဖွဲ့က ပို အရေးကြီးတဲ့ အတွက် ပထမဆုံးစာပိုဒ်ဟာ အရေးကြီးဆုံးဖြစ်တယ် ဆိုတာ သတိချပ်ပါ ။
( ၉ ) ဇာတ်ကို ဘယ်လို အဆုံးသတ်တော့မယ် ဆိုတာ စာဖတ်သူ ဘယ်လိုမှ ကြိုတင်တွက်ဆလို့ မရပါစေနဲ့ ။ ကြိုတင် တွက်လို့ရတာနဲ့
တစ်ပြိုင်နက် ဆက်ဖတ် တော့မှာ မဟုတ်ဘူးဆိုတာ သတိပြုပါ ။ ကိုယ်က
စာဖတ်သူထက် ရှေ့ တစ်လှမ်း ပိုရောက်နေနိုင်ပါစေ ။
ဝတ္ထုအစ မှာ ကတည်းက ဘယ်လို ဆုံးတော့မယ် ဆိုတာ ပြောထားမယ် ဆိုရင် ၊ ဒါမှမဟုတ် သဲလွန်စပေးထားမယ် ဆိုရင် ဘာနဲ့ တူသလဲဆိုတော့ အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ အဘိုးကြီး အဘွားကြီး ဘဝကို တမ်းတသလိုပါပဲ ။
••••• ••••• •••••
ဆရာမကြီး ရဲ့ ဆောင်းပါး မှာ ဝတ္ထုအဖွင့် ရေးပုံရေးနည်း ဥပမာတွေ ကောက်နုတ်ပေးထားတာ အများကြီးပါပဲ ။ မဂ္ဂဇင်း စာမျက်နှာများကို ငဲ့ကွက်ရတဲ့အတွက် တချို့ ဥပမာတွေ ချန်လှပ်ထားခဲ့ရပါတယ် ။ ဝတ္ထုရေးဖို့ ကြိုးစားနေသူများအတွက် ဒီဆောင်းပါးဟာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာနိုင်လိမ့်မယ် လို့ ယူဆတဲ့အတွက် ဖော်ပြပေးခြင်းပါပဲ ။
◾ဝင်းငြိမ်း
📖 ရွှေအမြုတေမဂ္ဂဇင်း
အမှတ်( ၃၂ )
ဇွန်လ ၊ ၁၉၉၂ ခုနှစ်
No comments:
Post a Comment