❝ သင်္ဘောကပ္ပီတန်ကြီး ❞
စာရေးဆရာ ဦးအောင်သန်းချစ် ကို သင်္ဘောကပ္ပီတန်ကြီး လို့ပဲ စာပေမိတ်ဆွေတွေက ခေါ်ကြတယ် ။ သူက နိုင်ငံခြားသင်္ဘောလိုင်း တွေမှာ ကပ္ပီတန်ကြီး လုပ်ပြီး ကမ္ဘာပတ် နေသူပါ ။
စာပေသမားမို့ ရောက်လေရာရာက စာအုပ်တွေလည်း ဝယ်ယူစုဆောင်း လာတယ် ၊ သူ့ စာအုပ်တွေကို မတွန့်မတို ငှားရမ်းတယ် ။ ( ငှားပြီး ပြန် မပေးသူတွေလည်း ရှိပါတယ် ။ ဒါပေမဲ့ သူက အပြစ်မမြင်ဘဲ စာအုပ်တွေကို ဆက်ငှားနေပါတယ် )
သူက ဂမ္ဘီရကိစ္စတွေကို လည်း ဝါသနာထုံတယ် ၊ သူ့အိမ်ဝင်းထဲမှာ မကြာမီ စုပေါင်းတည်ဖို့ စေတီတော် တစ်ဆူရဲ့ ပုံစံငယ်လည်း ရွှေရောင်ဝင်းဝင်းနဲ့ တည်ရှိနေတာကို ဖူးတွေ့နိုင်တယ် ။
ကမ္ဘာကို လှုပ်ကိုင်ခဲ့တဲ့ ဆရာကြီး နော်စတာဒါမတ်စ် ရဲ့ ဟောကိန်းများ ၊ ပို့စ်မော်ဒန် ကကြီးခကွေး ၊ ကောက်ရိုးမျှင်လို မိန်းကလေး စတဲ့ ဘာသာပြန် လုံးချင်း သုံးအုပ်ထုတ်ဝေခဲ့တယ် ။
မန္တလေးမြို့ ၊ ၁၄ လမ်း ၊ ပါရမီရိပ်သာမှာ ရှိတဲ့ သူ့ အိမ်ခြံဝင်းထဲက သရက်ပင်ကြီးအောက်က ကွပ်ပျစ်မှာ သူနဲ့ အတူ ထိုင်ရင်း သူ့ဘဝ အကြောင်း ကျွန်တော် မေးပါတယ် ။
သူ့ ဘဝမှာ မြုပ်နှံ ထားရမယ့် အကွက်တွေ ၊ စိတ်နယ်လွန် လောကနဲ့ ပတ်သက်ခဲ့ရတာတွေ အများကြီးရှိတယ် ။ ပင်လယ်ထဲက သင်္ဘော ပေါ် က ဘဝကို ယခုလို ပြောပြတယ် ။
••••• ••••• •••••
ကျွန်တော်က သန်လျင်မြို့ ၊ ဗိုလ်ချုပ်ရွာ ဇာတိ ၊ ၁၉၄၁ ခု ၊ ဒီဇင်ဘာလမှာ မွေးတယ် ။ ၁၉၅၈ - ၅၉ မှာ သန်လျင်အစိုးရအထက်တန်းကျောင်း က တက္ကသိုလ်ဝင်တန်း အောင်တယ် ။ ၁၉၅၉ - ၆၀ မှာ ပြင်ဦးလွင် ( မေမြို့ ) စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၆ တက်တယ် ။ ၁၉၆၂ ခုနှစ်မှာ ရန်ဖြစ်လို့ စစ်တက္ကသိုလ်က ကျောင်းထုတ် ခံရတယ် ။
၁၉၆၃ ခုနှစ်မှာ ပညာရေးဌာနက ရွေးချယ်တဲ့ နိုင်ငံခြား ပညာသင် စာမေးပွဲ အောင်ပြီး ကုန်သွယ်ရေကြောင်းအရာရှိသင်တန်း ပထမပတ် တက်ခဲ့တယ် ။ ၁၉၆၆ - ၆၇ မှာ ဝိဇ္ဇာ ( စနစ်ဟောင်း ) ဘွဲ့ရတယ် ။
၁၉၇၄ ခုနှစ် မှာ အိမ်ထောင်ကျပြီး မန္တလေးမှာ နေထိုင်တယ် ။ အိမ်ထောင်ကျတော့ စားဝတ်နေရေး စရိတ်တွေက ကြီးလာနေပြီ ။ ပိုပြီးကြီးမယ့် အနေအထားလည်း မှန်းဆလို့ မြင်နေရတယ် ။ ကုန်းပေါ်မှာ ကျွန်တော် မရှာနိုင်တော့ဘူး ။ ဒါနဲ့ နိုင်ငံခြားသင်္ဘော လိုက်ရတော့တာပေါ့ ။
သင်္ဘောသား ဘဝက တော့ ပင်ပန်း ကြမ်းတမ်းတာပေါ့ ။ ကျွန်တော် သင်္ဘောသား လုပ်ခါစက ဘာကြုံရသလဲ ဆိုတော့ ပင်လယ်ထဲမှာ ရေဒီယို သတင်းပို့ချက် တစ်ခု ကြားရတယ် ။ မေဒေး ခင်ဇော်မြင့် ၊ မေဒေး ခင်ဇော်မြင့် နဲ့ အော် နေတယ် ။ ရေဒီယို အော်ဖစ်ဆာ ခင်ဇော်မြင့် ဆိုတာက ပို့တဲ့ သတင်း ။ ပစိဖိတ်သမုဒ္ဒရာထဲမှာ သင်္ဘော မုန်တိုင်းထဲ ဝင်နေပြီး နစ်ခါနီးလို့ အကူအညီတောင်းတာ ။ ကျွန်တော်တို့ သင်္ဘောနဲ့ သူတို့သင်္ဘော တည်နေရာက ဝေးနေတယ် ။ နီးတဲ့ သင်္ဘောက ကယ်ဖို့ သွားတော့ အစအန တောင် ရှာလို့ မတွေ့တော့ဘူး ။
၁၉၇၈ ခုနှစ်မှာ ပဲ ကျွန်တော့်မိတ်ဆွေ ဘိုဆွန် ( Bosun သင်္ဘောသား ခေါင်းဆောင် ) တင်လှိုင်က သူ့ အတွေ့အကြုံကို ပြန်ပြောပြတယ် ။ Northem Star လိုင်းက သင်္ဘော နဲ့ သစ်တွေ တင်ပြီးသွားတာ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာ နစ်တာ ။ သင်္ဘောက ဆွေးနေပြီ ၊ ဟောင်းနေပြီ ။ သစ်လုံးကြီးက မုန်တိုင်းကြောင့် သင်္ဘော စောင်းတဲ့အခါ ဦးပိုင်းကို ထိုးစိုက်မိတယ် ။ ဦးပိုင်း ပေါက်ပြီး ရေတွေဝင် လာတာ ။ နစ်တော့မယ် ။ သင်္ဘောပေါ် မှာ တရုတ် က ၁၅ ယောက် ၊ မြန်မာ က ၁၅ ယောက် ။ တရုတ်တွေက လိုက်ဘုတ် ( အသက်ကယ်လှေ ) တစ်စင်းယူတယ် ။ မြန်မာတွေက လှေ တစ်စင်း ။ ဘိုဆွန်တင်လှိုင် က ရဲဒင်းတစ်လက် ကိုင်ပြီး မြန်မာမှန်ရင် မသေချင် ရင် ငါ့နောက်လိုက်ခဲ့ အော်တယ် ။ ရဲဒင်းနဲ့ လှေကို ချည်ထားတဲ့ ကြိုးတွေဖြတ်ချတယ် ။
ခရီးသွားမယ် ဆိုရင် သင်္ဘောမှာ ဒေါ်လာတွေ နှစ်သောင်း ၊ သုံးသောင်း ကပ္ပီတန် က ယူလာရတယ် ။ သင်္ဘော နစ်တော့မယ်ဆိုတော့ တရုတ်ကပ္ပီတန် က လိုချင်တဲ့လူ တက်ယူတဲ့ ။ လောဘတက်တဲ့ ကောင်တွေ သွားယူတာပေါ့ ။ အချို့ကလည်း ကိုယ့် ပစ္စည်းလေးတွေ ပြန်ယူတယ် ။ ဒါကို ဘိုဆွန်တင်လှိုင် က စောင့်မနေနိုင်ဘူး ။ ရှစ်ယောက် နဲ့ပဲ လှေ ထွက်ခဲ့ရတယ် ။ ခုနစ်ယောက် ကျန်ခဲ့တာပေါ့ ။
လိုက်ဖ်ဘုတ်ထဲမှာ လိုက်ဖ်ဘုတ် ရာရှင် ခေါ်တဲ့ ရေ တို့ ၊ ဘီစကစ် တို့ ၊ ဆေးဝါး တို့ ရိက္ခာ အလုံအလောက် အမြဲထည့် ထားရတယ် ။ ကျွန်တော်တို့ ကပ္ပီတန်တွေ က စနေနေ့ တိုင်း စစ်ရတယ် ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က မစစ်ဘဲ ပေါ့ဆဆ နေမိတယ် ။ တောင်တရုတ်ပင်လယ်ထဲ သင်္ဘောနစ်ပြီဆိုတော့ လိုက်ဖ်ဘုတ် ချပြီး ပြေးကြတာ ။ လှေ ပေါ် မှာ ရေလည်း မပါ စားစရာလည်း မပါ ။ ပင်လယ်ထဲ မျောနေရင်း တဖြုတ်ဖြုတ် သေကုန်ကြရော ။ မသေလို့ မြော့မြော့ ကျန်ခဲ့တဲ့သူ နှစ်ယောက်က ပြန်ပြောပြတာ ။
သင်္ဘောသား အများစု က သေဖော်ရှင်ဖက်တွေပါ ။ တစ်ခါက ကပ္ပီတန် ရဲညွန့် ဆိုတာ ရှိတယ် ။ သူက ရေမကူးတတ်ဘူး ။ သင်္ဘော ဘာဖြစ်ဖြစ် ကပ္ပီတန်က နောက်ဆုံးမှ သင်္ဘောက ဆင်းရတာ ။ အဲ့ဒါ သင်္ဘောနစ်ပြီ ဆိုတော့ အကူအညီ လှမ်းခေါ်တာ ဖိလစ်ပိုင်သင်္ဘော တစ်စင်းက လာကယ်တယ် ။ အသက်ကယ် ဖောင်ချပြီး သင်္ဘောချင်း ကူးကြမယ်ဆိုတော့ သောင်းညွန့် ဆိုတဲ့ သူက ကပ္ပီတန်က ရေမကူး တတ်ဘူး ၊ အရင်ဆင်းနှင့် ကျွန်တော်က ပင်လယ်ထဲ ပြုတ်ကျတောင် ဖြစ်ပါတယ် ဆိုပြီး သေဘေး ကြုံချိန်မှာ အချင်းချင်း ကူညီ စောင့်ရှောက်တယ် ။
တစ်ကိုယ်ကောင်း ဆန်တဲ့သူ မရှိဘူးတော့ မဟုတ်ဘူး ရှိတာပေါ့ ။ ကျွန်တော် ကပ္ပီတန် ဘဝ နဲ့ တွေ့ရတာက ဂက်စ် တင်တဲ့ သင်္ဘောကြီးနဲ့ ဗီယက်နမ် သွားတာ ။ Chief Officer က အားနေတော့ ညနေဘက်မှာ လျှပ်စစ်ကြိုးတွေ နားမှာ သံချေးခေါက်နေတယ် ။ အဲသည်မှာ မီးပွား ( spark ) ဖြစ်ပြီး လျှပ်စစ်ကြိုးတွေ မီးလောင်တယ် ။ ဂက်စ်တွေ ဗုံးပေါက် သလို ပေါက်ပြီး အကုန်သေမှာ ။ ကျွန်တော်တို့ ရှေ့မှာ ယိုးဒယားတွေ သေဖူးတယ် ။ ကမ်ပူချား နားမှာပေါ့ ။
သူ က မီး မီး လို့ အော်တော့ ဘိုဆွန် နဲ့ Electrical Officer ပြေး လာတယ် ။ သူတို့က လျှပ်စစ်ကြိုးတွေ တက်ဖြုတ်ချခိုင်းလိုက်တယ် ။ ပြေးလာတဲ့ သင်္ဘောသားတွေကို နိုင်ထရိုဂျင် မီးသတ်ဆေးဘူးတွေ လက်ဆင့်ကမ်း ပို့ခိုင်းပြီး ပက်ချလိုက်တာ ပြီးသွားတယ် ။
အဲသည် အချိန်ကလေးက ဘာမှ မကြာဘူး ။ ကျွန်တော်တို့က သေရေး ရှင်ရေး မီးသတ်ဖို့ ကြိုးစားနေချိန်မှာ သင်္ဘောသားတစ်ယောက်က အသက်ကယ်အင်္ကျီ ယူပြီး နောက်ဖေးပေါက်က ခုန်ချဖို့သွားတယ် ။ ထမင်းစားခန်း ရောက်မှ သူ့ပစ္စည်း ပြန်ယူချင်လို့ အသက်ကယ်အင်္ကျီ ကို ခဏချတယ် ။ ထမင်းချက်ကလည်း သူ့ အတွက် ယူလာပို့တယ် ထင်ပြီး ကျေးဇူးပါပဲကွာ ဆိုပြီး ကောက်စွပ်တယ် ။ အဲသည် အချိန်မှာပဲ မီးကို နိုင်နိုင်နင်းနင်း ငြိမ်းပြီးသွားပြီ ။ ဒါမျိုးလည်း ရှိတယ် ။
ခရီးက လနဲ့ချီပြီး သွား ရတာ ။ ပါစင်ဂျာ သင်္ဘောမှာသာ ဆရာဝန် ပါတာ ။ ကုန်တင်သင်္ဘောတွေ မှာ ဆေးပေးတဲ့ ကောင်တွေ ကလည်း ရမ်းသမ်းပေးတာ ။ တကယ်ဖြစ်ရင် သေတာပဲ ။ တာလပတ် နဲ့ လိပ်ပြီး ရေထဲ ပစ်ချခဲ့ရတာပဲ ။
တစ်ခါက ကျွန်တော်တို့ သင်္ဘောပေါ် မှာ လူသစ်တစ်ယောက် ဆီးမသွားနိုင်တဲ့ ပြဿနာဖြစ်တယ် ။ ဆေးအိတ် ကိုင်တဲ့ကောင်က တရုတ် ။ ပို့ကြုံကြွေ့ လို အလုံးကလေးတွေ လာ ပေးတယ် ။ ဒါနဲ့ ရေများများ သောက်တဲ့ ။ ဖျားတယ် နာတယ် ဆိုရင်လည်း သည် ဆေးလုံးလေးတွေပဲ ပေးတာ ။ ဆီးမသွား နိုင်တဲ့ကောင်က ဗိုက်ကြီး ကယ်ပြီး အော်နေရပြီ ။ ဘာမှလည်း လုပ်မပေးနိုင်ဘူး ။ ဒါမျိုးလည်း ရှိတာပဲ ။
တစ်ကမ္ဘာလုံး သွားနေရတာ ဆိုတော့ ဘာသာစကား အခက်အခဲ ပြဿနာလည်း ကြုံရတာပဲ ။ တစ်ခါက ကျွန်တော် ဘရာဇီးမှာ ဆေးရုံ တက်ရတယ် ။ ခွဲစိတ်ပေးတဲ့ အမေရိကန် ဆရာဝန်ကြီး တစ်ယောက်ပဲ အင်္ဂလိပ် လို တတ်တယ် ။ ဘရာဇီး က ပေါ်တူဂီလို ပြောတယ် ။ စပိန် နဲ့ ပြောလို့ရတယ် ။ ဒါနဲ့ စပိန် အင်္ဂလိပ် စာအုပ်ကလေး ဝယ်ပြီး အဲဒါနဲ့ အဆက်အသွယ် လုပ်ရတယ် ။ ဥပမာ ရေတောင်းချင်ရင် အဂွါ ၊ အဲယားကွန်း သိပ်အေးနေရင် အူချို ဖရီယို ပြောရတာ ။
တစ်ခါကလည်း ပြင်သစ် တောမြို့လေးမှာ ကျွန်တော် နဲ့ သူငယ်ချင်း လူကြမ်း ကိုဌေးဝင်းတို့ လျှောက်သွားကြတယ် ။ ခြံနဲ့ဝင်းနဲ့ တစ်ထပ်အိမ်ကလေးတွေ ရှေ့မှာ အသီးနီနီလေးတွေ သီးနေတာ လှတယ် ။ လူကြမ်းက ဖတ်ခနဲ ခူး လိုက်တော့ ခြံဝင်းထဲမှာ အဝတ်လှန်းနေတဲ့ အဘွားကြီးက ပြေးထွက်လာပြီး ပြင်သစ်လို အော်တယ် ။ ဘာမှန်း မသိဘူး ။ လူကြမ်းက ငါ အသီးခူးတာ မြင်လို့ အော်နေပြီ ပြေးစို့တဲ့ ။ မပြေးဘဲ သွက်သွက် လျှောက်သွားတော့ အဘွားကြီး က ပြေးလိုက်လာတယ် ။ လက်ဟန် ခြေဟန် နဲ့ အသီးကို ပါးစပ် ထဲ ထည့်ထားပုံ လုပ်ပြီး မြေကြီး ပေါ် ပက်လက်လန် ကျသွားတဲ့ပုံ လုပ်ပြတယ် ။ သည်တော့မှ အသီးကို မစားနဲ့ သေလိမ့်မယ် ပြောတာလို့ နားလည်ပြီး အသီးတွေကို လွှင့်ပစ်လိုက်ရတယ် ။
စက်ပစ္စည်း ကိရိယာတွေ ကတော့ သိပ်တိုးတက်လာပါပြီ ။ အရင်ကတော့ sextant ဆိုတာ နဲ့ ဂြိုဟ်တာရာတွေကို ကြည့်တွက်ချက်ပြီး သင်္ဘော ဘယ်ရောက် နေလည်း ခန့်မှန်းရတာ ။ ယခုတော့ GPS နဲ့ ဘယ်နေရာ ရောက်နေလဲ ချက်ချင်းသိတာ ။ မိုးလေဝသ ဆိုရင်လည်း သတင်းတွေ ကို မပြတ်ရတယ် ။ မြေပုံနဲ့ ထုတ်ပေးတယ် ။
သင်္ဘောသွားမယ့် လမ်းကြောင်းနဲ့ ပတ်သက်ပြီး voyage ငှားလို့ရတယ် ။ ဥပမာ ဘရာဇီးက ပြင်သစ်ကို သွားမှာ နယူးယောက်က ကုမ္ပဏီကို voyage plan ငှားလို့ရတယ် ။ ဥပမာ - ဘရာဇီးက ပြင်သစ်ကို သွားမှာ နယူးယောက်က ကုမ္ပဏီကို voyageplan ငှားထားရင် သူတို့က သုံးရက်စာ ကြိုပြီး အစီအစဉ် ပေးတယ် ။ သင်္ဘော ဘယ်နေရာ ရောက် နေတယ် ၊ ဘယ်နားမှာ မုန်တိုင်း ရှိတယ် ၊ ဘယ်လမ်းကြောင်းက ပြောင်းသွားပါ ဆိုတာမျိုးတွေ အမြဲ ပို့ပြီး သင်္ဘောကို ထိန်းပေးနေတာ ။
ရေနံတင်သင်္ဘော ထဲကို ရေနံ ချရင် flow meter ဆိုတာ ပေါ်လာတယ် ။ ခလုတ်ဖွင့်လိုက်ရင် ရေနံ ဘယ်လောက်ဆင်းသွားပြီ ဆိုတာပေါ့ ။ ကျွန်တော်ကတော့ လက်နဲ့လည်း တွက်တာပဲ ။ စက်က မှားတတ်တယ်လေ ။
၁၉၈၃ ခုနှစ်လောက်က Port dickson မှာ ရှဲလ်ကုမ္ပဏီက ရေနံတွေ ကျွန်တော်တို့ သင်္ဘော ပေါ် တင်တယ် ။ ကုန် တင်ပြီးလို့ တွက်လိုက်တော့ ရှဲလ် ကွန်ပျူတာနဲ့ ကျွန်တော်တို့ လက်နဲ့ တွက်တာ နဲ့ တန်ချိန် ရာချီပြီး ကွာနေတယ် ကျွန်တော်တို့ ရတာက နည်းနေတယ် ။ ဒါကို ပြောတော့ ရှဲလ်ကွန်ပျူတာ ဘယ်တော့မှ မမှားဘူးတဲ့ ။ ကျွန်တော်တို့ ကလည်း သင်္ဘော မထွက်ဘူး ။ ထွက်ရင် ကျွန်တော်တို့ ရှုံးပြီလေ ။ အငြင်း ပွားတော့ သူတို့က လန်ဒန်ကို အကြောင်းကြားတယ် ။ ဟိုက ကွန်ပျူတာ ကျွမ်းကျင်ပညာရှင် လိုက်လာပြီး စစ်လိုက်တော့ ဖျုစ်လေး တစ်ခု လောင်နေတာ တွေ့တယ် ။ ဒါကြောင့် အမှားဖြစ်တာ ။ သည်လို တွက်တတ်ချက်တတ် အင်္ဂလိပ်လို ပြောတတ်လို့ ဆိုပြီး သင်္ဘောကုမ္ပဏီတွေ မှာ မြန်မာတွေ နာမည် ရတယ် ။ ဒါပေမယ့် ကြာခဲ့ပါပြီ ။ ၁၉၈၃ ခု က ဆိုတော့ ။
ကျွန်တော် ၂၀၀၁ ခုနှစ်မှာ သင်္ဘောကပ္ပီတန် အဖြစ် ကမ္ဘာ့ရေပြင်မှာ ကျင်လည်ခဲ့ရာကနေ နားလိုက်တယ် ။ အသက်ကလည်း ကြီးလာပြီလေ ။ ယခုအထိ အချို့ကလည်း အိမ်အထိ လာပြီး လုပ်ပေးဖို့ ခေါ်တယ် ။ မလိုက်တော့ဘူး ။
☐ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment