❝ ဝတ္ထု ရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက် ❞
ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ကလောင်သစ်များ ပေးပို့လာတဲ့ စာမူများကို ရွှေအသစ်အဖြစ် ရွေးချယ်ဖော်ပြနေတဲ့ ကဏ္ဍမှာ ပထမ စိစစ်တဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) ရော ကျွန်တော် ပါ စာရေးလိုသူများ အတွက် ထားရှိရမယ့် အချက်အလက် တချို့ကို အလျဉ်းသင့်သလို ရေးသားဖော်ပြခဲ့ကြ ပါတယ် ။ တချို့ ဆရာများက တစ်ပုဒ် ဖော်ပြခံရပြီး ချိန်မှာ ကျွန်တော် ၊ ကျွန်မ အချိန် မရတော့လို့ မရေးတော့ပါဘူး ဆိုတာမျိုး ရှိသလို ဘာဆက် ရေးရမှန်းမသိတော့လို့ မရေးဖြစ်တာပါလို့ အကြောင်းပြတဲ့ သူတွေလည်း ရှိပါ တယ် ။ ၂ဝဝ၉ ခုနှစ် ၊ အောက်တိုဘာလထုတ် The Writer မဂ္ဂဇင်းမှာ စာရေးဆရာမ Mona Simpson ရေးသားခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကို ရွှေအမြုတေ ရဲ့ အနှစ် နှစ်ဆယ်ပြည့် အထူးထုတ်မှာ မေတ္တာလက်ဆောင် အဖြစ် ဖော်ပြပေးလိုပါတယ် ။ သူ့ခေါင်းစဉ်ကိုက ဝတ္ထုရေးလိုသူများ လိုက်နာရမယ့် အချက် ၁၃ ချက်လို့ ဆိုထားတဲ့ အတွက် ဝတ္ထုတို ရေးဖို့ ကြိုးစားနေကြတဲ့ သူများနဲ့ အထူး အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
••••• ••••• •••••
စာရေးချင်တယ် ဆိုတဲ့သူတွေကို အကြံပေးဖို့ ဆိုတာ တော်တော်ခက်ပါတယ် ။ ကျွန်မက အကြံလည်း ပေးခဲပါတယ် ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၉၉၁ - ၉၂ တုန်း က နယူးယောက် တက္ကသိုလ်မှာ ဘွဲ့လွန်သမားတွေအတွက် ဝတ္ထုရေးနည်း Workshop တစ်ခုမှာ ကျွန်မတို့ ဆွေးနွေး ဖြစ်ကြတော့ လိုက်နာရမယ့် အချက် ၁၃ ချက်ကို တွေ့လာရပါတယ် ။ ဒီအချက် ၁၃ ချက်ဟာ စာရေးချင်သူတွေ အတွက် အများဆုံး အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ် ။
◾စာရေးဆရာ ဖြစ်ရမယ်လို့ မိမိ ကိုယ် မိမိ ဆုံးဖြတ်ချက် ချထားပါ
ကျွန်မ ငယ်ငယ် အသက် ၁၉ ၊ ၂၀ လောက်တုန်းက ဝတ္ထုတိုတွေ ရေးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့ပါတယ် ။ အဲဒီကနေ အယ်ဒီတာ တစ်ယောက်နဲ့ အပြန်အလှန် စာအဆက်အသွယ် ရခဲ့ပါတယ် ။ အဲဒီ အယ်ဒီတာက ကျွန်မ ဝတ္ထုတွေ ကို အကြိမ်ကြိမ် အခါခါ ပယ်နေတဲ့ သူ ဖြစ်ပေမယ့် ကျွန်မဆီ စာရေးတဲ့ အခါမှာတော့ အားပေးစကားတွေ အမြဲဆိုပါတယ် ။ အဲဒီလိုနဲ့ နှစ်နှစ်လောက် ကြာတဲ့ အခါမှာ ကျွန်မ ကိုလံဘီယာ တက္ကသိုလ်မှာ စာရေးနည်းသင်တန်းကို လျှောက်ထားခဲ့ပါတယ် ။ ကျွန်မကို လက်ခံလိုက်ပြီလို့ ကြားသိရတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းကနေ အရှေ့ပိုင်းကို ပြောင်းရွှေ့ နေထိုင်ရပါတယ် ။ အဲဒီမှာ အသိအကျွမ်း ဆိုလို့ တစ်ယောက်မှ မရှိပါဘူး ။ အကြွေးတွေ တင်နေတဲ့ ပညာသင် တစ်ယောက်ပေါ့ ။ အသက် ၂၄ နှစ် အရွယ် ရောက်တော့ မဂ္ဂဇင်း တစ်စောင်ရဲ့ အယ်ဒီတာထံကို “ ကျွန်မ မှာ စာရေးဆရာ ဖြစ်လောက်တဲ့ အရည်အချင်း ရှိပါသလား ” လို့ စာ ရေးပြီး မေးခဲ့ပါတယ် ။
သူ့ အဖြေက “ ယူသော် ရ၏ ” ဆိုတဲ့ အဖြေမျိုးပါ ။ တိကျပြတ်သားတဲ့ အဖြေ မဟုတ်ဘဲ စာရေးဆရာ ဖြစ်ဖို့ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အချက်သာ ဖြစ်တယ်လို့ ပြန်ကြားခဲ့ပါတယ် ။ သူဟာ စာရေးဖို့ ဝါသနာ ပါသူများ အပေါ် မှာ ကြင်နာစိတ်ရှိသူ တစ်ဦးပါ ။
ဒါပေမဲ့ သူ့အနေနဲ့ ကျွန် ကို စာရေးဆရာ ဖြစ်နိုင်တယ် ၊ သို့မဟုတ် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ လုံးဝ မဖြေခဲ့ပါဘူး ။ ဒါကြောင့် စာရေးဆရာ ဖြစ်ဖို့ ဆိုတာဟာ မိမိ ယုံကြည်ချက်နဲ့ လုပ်မှသာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ အဲဒီ အယ်ဒီတာဆီက စာရပြီးတဲ့နောက်မှာ ကျွန်မ စာရေးဆရာ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် သူနဲ့တော့ အဆက်အသွယ် မရှိတော့ပါဘူး ။ သူ့ အနေနဲ့ ခုအချိန်ခါမှာ သူ ပြောခဲ့တဲ့ကလေးမ တစ်ယောက်ဟာ စာရေးဆရာ ဖြစ်နေပြီ ဆိုတာကိုလည်း သိမယ်မထင်ပါဘူး ။
စာရေးဆရာ ဖြစ်ရမယ် လို့ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဟာ တိကျခိုင်မာ ဖို့ အရေးကြီးပါတယ် ။ ဒီဆုံးဖြတ်ချက်အတွက် ကိုယ့်ဘဝမှာ စွန့်လွှတ်ရတာတွေ ရှိကောင်း ရှိနိုင်ပါတယ် ။ ဥပမာ အားလပ်ရက်တွေမှာ သူများတကာတွေက အပန်းဖြေ နေကြပေမယ့် ကိုယ်က လက်လွတ် ဆုံးရှုံးတာမျိုးပေါ့ ။ စာရေးမယ်လို့ ဆုံးဖြတ်လိုက်ရင် နေ့စဉ် နေထိုင် လှုပ်ရှားရတဲ့ ကိုယ့် ဘဝကိုလည်း အလိုလို ထိန်းကျောင်း ပဲ့ပြင်ပြီးသား ဖြစ်စေပါတယ် ။ စာရေးချင်စိတ် ပြင်းထန်လာလေ ရေးနိုင်ဖို့ အစစအရာရာ ကြိုတင် ပြင်ဆင်မှုတွေ ကို ဆောင်ရွက်လေ ဖြစ်လာပါတယ် ။
ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက်တော့ မတူညီပါဘူး ။ တချို့ ရဲရင့်တဲ့ လူငယ်များက ကောလိပ်ကျောင်းမှာ သူတို့ စာသင်စားပွဲတွေပေါ် မတ်တတ် တက်ရပ်ပြီး တစ်နေ့မှာ ကျွန်တော်တို့ဟာ စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ်လို့ ကြေညာသူတွေ ရှိသလို တချို့ကတော့လည်း ကိုယ့်ရည်မှန်းချက်ကို ကျိတ်ပြီး ထိန်းသိမ်းသူတွေ ရှိပါတယ် ။
တစ်ခါတလေမှာ စာရေးချင်စိတ်ကြောင့် အလုပ်ပြုတ်တဲ့ သူတွေ ၊ ထမင်းငတ်တဲ့ သူတွေ ၊ ရည်မှန်းချက် စွန့်လွှတ်ရ သူတွေ လည်း ရှိတတ်ပါတယ် ။ ဘဝ မှာ ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ စာရေးဆရာ ဖြစ်ချင်သူကတော့ သူ့ ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျှော့ပါဘူး ။
◾မိမိ ယုံကြည်ချက် ကို ခိုင်မာအောင် တတ်စွမ်း သလောက် ကြိုးစားပါ
ခံစားချက် ပြေပျောက် သွားအောင် စာကလေး တစ်ပုဒ် ၊ နှစ်ပုဒ် လောက် ရေးမယ် ဆိုသူတွေ အတွက် မဟုတ်ပါဘူး ။ ကိုယ်ကိုယ်တိုင်က ဇာတ်လမ်းတွေ အများကြီး ပြောပြချင်တယ်လို့ ယုံကြည်ထားသူတွေ အတွက် ပြောပြချင်ပါတယ် ။ အချိန်ယူပြီး စာရေးပါ ။ မိတ်ဆွေများနဲ့ ညစာစားချိန် ၊ သို့မဟုတ် စကားစမြည် ပြောဖြစ်ချိန်များမှာ ကိုယ့် ဇာတ်လမ်းကို ပြောပြ ကြည့်ပါ ။
စာတစ်ပိုဒ် ၊ သို့မဟုတ် ဝတ္ထုတို တစ်ပုဒ် ပြီးချိန်မှာ ကိုယ်တိုင် ပြန်ဖတ်ကြည့်ပါ ။ ဒီစာက ထူးခြားမှု ရှိရဲ့လား ဆိုတာ ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ ။ ကိုယ့် ရင်ထဲ မှာ “ ငါ စာရေးဆရာ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား ” ဆိုတဲ့ အစွဲကြီး ဘယ်တော့မှ မထားပါနဲ့ ။
စာရေးချင်တဲ့အခါ အထူးသဖြင့် ဝတ္ထုရေးချင်တဲ့ အခါမှာ အချိန်ကို သူ့ အလိုလို ယူတတ်လာပါလိမ့်မယ် ။ အချိန် က အများကြီးကို လိုအပ်တာပါ ။ ဘာကြောင့်လဲ ဆိုတော့ ရေးသမျှတွေဟာ မှားကောင်း မှားနိုင်တယ် ။ အဲဒါတွေကို ပြင်ဖို့ဆင်ဖို့ အချိန် ယူရဦးမယ် ။ တစ်ခါတလေမှာ ဇာတ်လမ်းဇာတ်ကွက်ကလေး တစ်ခု ရဖို့အတွက် ရက်ပေါင်းများစွာ စဉ်းစားရတာ ရှိပါလိမ့် မယ် ။ ဒါလည်း အချိန်လိုအပ်တာပါပဲ ။ ကိုယ်က ဘာအလုပ်မှ လုပ်စရာ မလိုဘဲ သန်းကြွယ် သူဌေးကြီး ဖြစ်ရင် ဖြစ် ၊ ဘယ်သူနဲ့ မှ ဆက်စပ်စရာ မလိုဘဲ တစ်ကိုယ်တည်း နေရတဲ့ သီလရှင် ဖြစ်ရင် ဖြစ် ၊ အဲဒီလိုမှသာ လူ့ အသိုက်အဝန်းကနေ ဖယ်ထွက်လို့ ရမှာပါ ။ ကိုယ်က လူထဲက လူတစ်ယောက်သာ ဖြစ်တယ် ဆိုရင် တော့ လူတွေ နဲ့ နေရင်း ၊ စားရင်း ၊ သွားရင်း ကပဲ ကိုယ် ရေးချင်တာကို စဉ်းစား တွေးတောရမှာပါ ။ တစ်ယောက်တည်း နေမှ တွေးလို့ရတယ် ဆိုတာ မဟုတ်ပါဘူး ။ စာရေးချင်သူ တစ်ယောက်အတွက် ဘယ်နေရာမှာပဲ နေနေ စာရေးဖို့ စဉ်းစားနိုင်တဲ့ အရည်အချင်း ရှိလာပါလိမ့်မယ် ။
နောက်တစ်ခုက အချိန်ဇယား ချပြီး အလုပ်လုပ်ပါ ။ ကိုယ့် သတ်မှတ်ချိန် အတွင်းမှာ သတ်မှတ်ထားတာကို လုပ်ပါ ။ အဲဒီအချိန်အတွင်း မှာ ပေါ်ပေါက်လာတဲ့ တခြား ကိစ္စတွေ ကို မစဉ်းစားပါနဲ့ ။ ဘာကြောင့်လဲဆိုတော့ ဒါတွေက အမြဲတမ်းလိုလို ရှိနေမှာမို့ပါပဲ ။ သူငယ်ချင်း တစ်ယောက် စိတ်ဓာတ်ကျနေလို့ ၊ အိမ်မှာ ဧည့်သည်ရောက်နေလို့ ၊ အိမ်က မွေးထားတဲ့ ခွေးကို ဆေးခန်း ပို့စရာရှိလို့ အဲဒါမျိုးတွေ ထွေလီကာလီ ပေါ်ပေါက်လာခဲ့ရင် ကိုယ့် အချိန်ဇယားကနေ သွေဖည်သွားပါလိမ့်မယ် ။ မိမိကိုယ် မိမိ ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက် လို ၊ လွှတ်တော်အမတ်ကြီး တစ်ယောက် လို လုပ်စရာ ရှိတာကို မူလ သတ်မှတ်ထားတဲ့အတိုင်း လုပ်နိုင်အောင် တိကျပြတ်သားရပါမယ် ။
ပထမပိုင်းမှာတော့ လူတိုင်းဟာ ကိုယ့် အချိန်ဇယား ကို ကိုယ် မထိန်းနိုင်ကြဘဲ ဖောက်ဖျက်တတ်ကြပါတယ် ။ ဒါပေမဲ့ ကြာလာတော့ အချိန်ဇယားနဲ့ အသားကျ သွားပါလိမ့်မယ် ။
စာရေးစားပွဲမှာ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ထိုင်ကို ထိုင်ပါ ။ စိတ်ညစ်တာပဲ ဖြစ်ဖြစ် ၊ ပျင်းနေတာပဲ ဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ပါစေ စာရေးစားပွဲကို ရောက်ရင် ကိုယ် ရေးရမယ့် ဇာတ်လမ်း ၊ ဇာတ်ကွက်တွေဟာ ပေါ်လာပါလိမ့်မယ် ။ တစ်ခါတလေမှာ စားပွဲမှာ မထိုင်ခင် ရေးစရာတွေကို သတိရလာတတ် တာလည်း ရှိပါတယ် ။
◾ကိုယ့် အလုပ်မှာ ရင်းနှီး မြှုပ်နှံပါ
စာရေးဖို့ အတွက် လိုအပ်လာပြီ ဆိုရင် အချိန် နဲ့သော်လည်းကောင်း ၊ ငွေ နဲ့သော်လည်းကောင်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ် ။ ဆိုကြပါစို့ ၊ နေရာ ဒေသ တစ်ခုအကြောင်း နောက်ခံထားပြီး ရေးမယ်လို့ စဉ်းစားထားတယ် ဆိုပါတော့ ။ အဲဒီ အခါမျိုးမှာ ကိုယ်က ဒီနေရာ ၊ ဒီဒေသကို မရောက်ဖူးဘဲနဲ့ ဘယ်လို ရေးနိုင်ပါ့မလဲ ။
ဒါကြောင့် အဲဒီနေရာကို ရောက်အောင် ငွေကုန်ခံပြီး သွားသင့်ရင် သွားရပါမယ် ။ အချိန်ကုန် ခံသင့်ရင် ခံရပါမယ် ။ ကိုယ်က အိမ်အတွက် ပစ္စည်း တစ်ခု ခု ဝယ်မယ့်အစား စာရေးဖို့ ရင်းနှီး မြှုပ်နှံလိုက်ခြင်း လို့ ခံယူပါ ။
ရဲရင့်ပါစေ ။ အချိန်မတန်သေးခင် အောင်မြင်မှုကို မတမ်းတပါနဲ့ ။ ပင်ကို သဘာဝ အားဖြင့် စိတ်ပူတတ်သူ ဖြစ်ရင် ဒီတစ်နှစ်အတွင်း စာရေးဆရာ ဖြစ်လာမယ်လို့ ကြိုတင် ဆုံးဖြတ်ချက် ချပြီး ဖြစ်အောင် ကြိုးစားပါ ။ ဖြစ်ရမယ် လို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ ။
တစ်နှစ် ကုန်ဆုံးသွားတဲ့ အခါမှာ ကိုယ့်လုပ်ရပ်တွေ ကို ပြန်လည်သုံးသပ်ပါ ။ တစ်နှစ် ဆိုတဲ့ အချိန်ကာလဟာ သိပ်များတဲ့ အချိန် မဟုတ်ပါဘူး ။ အဲဒီ ကာလအတွင်းမှာ ကိုယ် ဖြစ်မယ်လို့ ယုံကြည် ထားတာကို ဖြစ်အောင် လုပ်ပါ ။
◾အားလပ်ချိန်များကို မေ့ထားလိုက်ပါ
စာရေးဆရာ ဖြစ်ချင်သူများ အတွက် အားလပ်ချိန်ဆိုတာ မလိုအပ်ပါဘူး ။ အချိန်ပြည့် အလုပ်လုပ်ဖို့ လိုပါတယ် ။ ကိုယ်ရေးနေတဲ့ ဝတ္ထုဇာတ်လမ်း တစ်နေ့ထက် တစ်နေ့ အရှိန်တက်လာဖို့ပဲ သတိပြုရပါမယ် ။
မိတ်ဆွေ အပေါင်းအသင်းများနဲ့ အပျော်ခရီး တစ်နေရာကို ထွက်ဖို့ ရှိတယ်ဆိုရင်လည်း ငြင်းလိုက်ပါ ။ သူတို့က မင်း စာအုပ်တွေ ယူခဲ့ပါကွာ ၊ ငါတို့ မှာ လည်း အလုပ် ရှိတာပါပဲလို့ ဆိုကြပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ စကားကို ယုံစားပြီး လိုက်သွားမယ်ဆိုရင် သူတို့နဲ့ အတူ ရောပြီး စီးမျောနေမိမှာ အမှန်ပါပဲ ။ ဆိုကြပါစို့ ၊ သူတို့က တပျော်တပါး နဲ့ မြက်ရိတ် နေကြချိန်မှာ ကိုယ်က အခံ့သား ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေလို့ ဖြစ်ပါ့မလား ။ ဒါကြောင့် အစ ကတည်းက ရှောင်လိုက်ခြင်းက အကောင်းဆုံးပါ ။
◾တာဝန်သည် အနုပညာ၏ ရန်သူဖြစ်သည်
အချိန်ဇယား ကန့်သတ်ပြီး နေ့စဉ် ကိုယ့်စည်းကမ်း နဲ့ကိုယ် နေထိုင်တတ်လာသူ တစ်ယောက်ဟာ အလုပ်ထဲမှာ ကိုယ့်ဘာသာ ကိုယ် လွတ်လပ်ပြီး ပျော်ရွှင်လာပါလိမ့်မယ် ။ တချို့ စာရေးဆရာများ ကတော့ တစ်နေ့ကို စာမျက်နှာ ဘယ်လောက် ပြီးရမယ် ဆိုတဲ့ သတ်မှတ်ချက်ထားပြီး စာရေးတတ်ကြပါတယ် ။ ကျွန်မကတော့ အဲဒီလောက်ကြီး တိကျတဲ့ ဇယား ကန့်သတ်ထားဖို့ မလိုဘူးထင်ပါတယ် ။ ကိုယ်ရေးနေတဲ့ ဝတ္ထုမှာ ဝင်စားနေဖို့သာ လိုအပ် ပြီး တစ်ရက်ထက် တစ်ရက် ဇာတ်ရှိန် တက်လာဖို့သာ လိုအပ်ပါတယ် ။
◾“ သင့်တယ် ” ဆိုခြင်း က “ ကောင်းတယ် ” ဆိုခြင်း ၏ ရန်သူဖြစ်သည်
ကျွန်မ သူငယ်ချင်း Allan Gurganus က သူ ပို့ချတဲ့ စာရေးနည်းသင်တန်းများ မှာ ဒီ စကားလုံးကို အမြဲ သုံးပါတယ် ။ သူ ပြောပြတာက တစ်ခါတုန်းက Joseph Cladwell က ပြောဖူးတယ်တဲ့ ။ စာရေးဆရာများ အနေနဲ့ လွယ်လွယ် ရေးပြီးနိုင်စေဖို့ လုပ်တဲ့ နည်း တစ်နည်း ရှိပါတယ် ။ အဲဒါကတော့ ကိုယ့် အဆင့်ကို နှိမ့်ပြီး ရေးခြင်း ဖြစ်ပါသတဲ့ ။ တကယ်တော့ ဒီနည်းဟာ လက်တွေ့ကျတဲ့ နည်း တစ်နည်း မဟုတ်ပါဘူး ။ ကျွန်မတို့ အနေနဲ့ စာရေးဆရာ တစ်ယောက်ရဲ့ ပထမဆုံး မူကြမ်းဟာ ဘယ်နည်းနဲ့ မှ သူ့အတွက် ဂန္ထဝင် စာ တစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး ။ စာရေးဆရာတိုင်းဟာ စာမူတိုင်းကို အထပ်ထပ် အခါခါဖတ် ၊ အထပ်ထပ် အခါခါ ပြင် ရပါတယ် ။ တချို့ ဝတ္ထုရေးဆရာများ ကတော့ ပထမဦးစွာ ဇာတ်လမ်းအကျဉ်းကို ရေးလိုက်ကြပါတယ် ။ ပြီးတော့မှ လိုတဲ့နေရာမှာ လိုသလို ဖြည့်စွက် ချဲ့ထွင်ခြင်း ၊ အရောင် ဖြည့်ခြင်း စတာတွေကို လုပ်ကြပါတယ် ။ တချို့ကတော့ ဇာတ်ကောင်များရဲ့ စရိုက်ကို ဦးစွာ စဉ်းစား ကြပါသတဲ့ ။ တချို့ စာရေးဆရာများက သူတို့ ချမှတ်ထားတဲ့ အချိန်ဇယားအတွင်း ဘောင်ဝင်အောင် ဖြည်းဖြည်းချင်းပဲ ရေးကြပါသတဲ့ ။ ဒီ လူများ က နောက်တစ်ကြိမ် အချော ပြန်ရေးလေ့ မရှိကြတော့ပါဘူး ။
◾ဝတ္ထုတစ်ပုဒ် ရေးနည်း တိတိကျကျ ကို မည်သူမျှ သင်ကြား မပေးနိုင်ပါ
ဝတ္ထု တစ်ပုဒ်ကို ဘယ်လို ရေးရမယ် ဆိုတာ ဘယ်သူမှ တိတိကျကျ သင်ပေးလို့ မရပါဘူး ။ ဘာနဲ့ တူသလဲ ဆိုတော့ ကျွန်မတို့ တစ်ယောက် ကို တစ်ယောက် ချစ်ကြတယ်ဆိုတဲ့ နေရာမှာ ဘယ်လို ချစ်တာလဲဆိုတာ မပြောနိုင် သလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး ။
အဲဒီလိုပါပဲ ၊ စာရေးတဲ့ နေရာမှာ ဝတ္ထုဆိုတာ ဘယ်လို ရေးရမယ်လို့ တိတိကျကျ သင်ပေးလို့ မဖြစ်နိုင်ပါဘူး ။
စာရေးချင်စိတ် ရှိသူက သူ့အလုပ်ကို သူလုပ်ရင်း သူ့နည်းကို သူတွေ့သွားပါလိမ့်မယ် ။ မှားရင်း ၊ ပြင်ရင်း ကနေ နည်းလမ်း အမှန်တွေကို ရသွား မှာပါ ။ များများ ရေးလေ နည်းလမ်းကောင်း တွေ့လေ ဖြစ်ပါလိမ့်မယ် ။ ဒုတိယ အကြိမ် ရေးရာမှာ ပထမအကြိမ်လောက် စိတ်ဖိစီးမှု မရှိနိုင်တော့သလို နောက်ထပ် ရေးလေ လွယ်ကူလျင်မြန်သွားလေပါပဲ ။
◾များများ ရေးခြင်း အားဖြင့် ဘယ် ပုံစံ ဟာ မိမိ နှင့် သင့်တော်မည် ကို တွေ့ရှိလာမည်
တချို့ စာရေးဆရာများက ဝတ္ထုတိုရော ဝတ္ထုရှည်ပါ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ကြပေမယ့် တချို့ ဆရာများကတော့ တစ်မျိုးကိုသာ ကျွမ်းကျင်ကြပါတယ် ။ ဝတ္ထုတို ရေးသူများက ရုတ်တရက် ချက်ချင်း ဖြစ်ပေါ် လာတဲ့ အဖြစ်အပျက်များကို စိတ်အား ထက်သန်ပြီး ဝတ္ထုရှည်သမားများ ကတော့ အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်များ အပေါ်မှာသာ စိတ်ဝင်စား ကြပါတယ် ။ သူတို့က ရှေ့တစ်လှမ်း တိုး နောက်နှစ်လှမ်း ဆုတ် ဆိုတဲ့နည်းကို စိတ်အား ထက်သန်ကြသူတွေ ဖြစ်ပါတယ် ။
◾အောင်မြင်ကျော်ကြားသည့် အနုပညာရှင် ဖြစ် ၊ မဖြစ် ပြောရန် ခက်သည်
စာရေးနည်း သင်ကြား ပို့ချတဲ့ သင်တန်းများမှာလည်း စာကို ဘယ်လို ရေးမယ် ဆိုတာသာ သင်ကြား ပို့ချတာပါ ။ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်လာဖို့ ဘယ်လို ဆင့်ပွားတွေးယူမယ် ဆိုတာလောက် အထိ သင်ပေးလို့ မရနိုင်ပါဘူး ။ အတွေးဉာဏ် ကွန့်မြူးနိုင်ဖို့က မိမိ အားထုတ်မှုသာ ဖြစ်ပါတယ် ။
◾အတွေ့အကြုံများ ကို ဝတ္ထုဇာတ်ကြောင်း အဖြစ် ပြန်လည် အသုံးချခြင်း
ဆရာမ တစ်ယောက် အနေနဲ့ အရက်သောက်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ထောက်ခံတယ် လို့ ပြောလို့ မရပါဘူး ။ ဒါပေမဲ့ တစ်ခါတလေ မှာတော့ စိတ်လွတ် ကိုယ်လွတ် နေတတ်တဲ့ သူများ ဖန်တီးတဲ့ ဝတ္ထုများဟာ ပိုပြီး ကောင်းနေတာကို တွေ့ရပါတယ် ။ ဒါဟာ မူးယစ်သောက်စားခြင်းကြောင့်လို့ ကျွန်မ တထစ်ချ မဆိုလိုပေမယ့် ပေါ့ပေါ့ပါးပါး နေထိုင်သူများထံမှ ထွက် လာတဲ့ ဝတ္ထုများဟာ ပိုကောင်းတယ် ဆိုတာ ကိုတော့ ကျွန်မ ဝန်ခံရပါလိမ့်မယ် ။
◾အသံထုတ်ပြီး စာဖတ်သည့် အကျင့်
ကိုယ် ရေးထားတဲ့ စာကို ကိုယ့် ဘာသာ ကိုယ် စိတ်ထဲက ဖတ်ကြည့်နေရင် ချောနေပေမယ့် အသံထုတ်ပြီး ဖတ်ကြည့်လိုက်တဲ့ အခါမှာ မလိုအပ်ဘဲ ပွရောင်း နေတဲ့ စကားလုံးတွေ ကို တွေ့လာနိုင်ပါတယ် ။ ဒါကြောင့် စာပိုဒ် တစ်ပိုဒ် ရေးပြီးတဲ့ အခါတိုင်း အသံထုတ်ပြီး ဖတ်ကြည့်ပါလို့ ကျွန်မ အကြံပြု ချင်ပါတယ် ။
◾စာအုပ်ကောင်းများ ကို ဖတ်ပါ
ဂန္ထဝင် စာအုပ်ကြီးများကို ဖတ်ပါ ။ ဖတ်ပြီးရင်လည်း ပြန် ဖတ်ပါ ။ ဒီ ဝတ္ထုကြီးများ ထဲက ဇာတ်ကောင်များကို အထူး ဂရုပြုပါ ။ ဒါပေမဲ့ ဒီ စာရေးဆရာကြီးများကို မနာလိုစရာ မဟုတ်ဘဲ အားကျဖို့သာ ဖြစ်ပါတယ် ။ သူတို့လို ကိုယ် ရေးတတ်ဖို့ အားကျ စေချင်တာပါ ။ ဒါပေမဲ့ တစ်ခါတလေမှာ အရောင်းရ အတွင်ကျယ်ဆုံး စာရေးဆရာ ၊ ဆရာမ တစ်ယောက် ရဲ့ဝတ္ထုကို ဖတ်ပြီး သိမ်ငယ်စိတ် ဝင်တတ်တဲ့ သူတွေလည်း ရှိပါတယ် ။ အဲဒီလို မဖြစ်ရပါဘူး ။ ချက်ကော့ဖ်တို့ ၊ တော်လ်စတွိုင်းတို့ ဝတ္ထုကြီးတွေကို ဖတ်ပြီး စိတ်ဓာတ် ကျလို့ ဘယ်ဖြစ်ပါ့မလဲ ။
ကျွန်မ တပည့် တချို့ကတော့ သူတို့ စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာ အဲဒီလို ဝတ္ထုကြီးတွေကို ဖတ်ပြီး ငါတို့လည်း ဒီလောက်တော့ ရေးတတ်ပါတယ် ဆိုတဲ့ အတွေးဝင်လာကာ စာပြန်ရေးကြတယ်လို့ ကျွန်မကို ပြောပြ ဖူးပါတယ် ။
◾မိတ်ဆွေများ ထဲမှာ ကိုယ့် ပရိသတ်ကို ရှာပါ
ကိုယ် ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေ တစ်ယောက်က ကိုယ့်စာတွေကို ဝေဖန် အကြံဉာဏ်ပေးဖို့ လိုအပ်ပါတယ် ။ တချို့ စာရေးသူများက ကိုယ့်အချင်း ချင်း ဝိုင်းဖွဲ့ပြီး တစ်ယောက် နဲ့ တစ်ယောက် ဖလှယ်ကာ ကိုယ့်စာ သူဖတ် ၊ သူ့စာ ကိုယ်ဖတ် ဆွေးနွေးကြပါတယ် ။ ပြီးတော့ ကိုယ့်စာ ကို ဘယ်သူက ဘယ်လို ဆွေးနွေးတယ် ၊ ဘယ်လို ဝေဖန်တယ် ဆိုတာ ကိုလည်း မှတ်စုစာအုပ်မှာ ချရေးထားတတ်ကြပါတယ် ။ ဒီမှတ်ချက်တွေကို နောင်မှာ ပြန်ဖတ်ရင်း အကြံကောင်း ဉာဏ်ကောင်းတွေကို ရယူပြင်ဆင်ကြပါတယ် ။
တချို့ ဝေဖန်ချက်တွေက ပျစ်ပျစ်နှစ်နှစ် ရှိတဲ့ အတွက် ကိုယ့်ကို အရှိုက် ထိုးသလို ဖြစ်တတ်တဲ့ အခါတွေလည်း ရှိပါတယ် ။ ဒီအခါမျိုးမှာ သူက ကိုယ့်ကို မလိုလို့ တမင်တကာ ရေးသလား သုံးသပ်ကြည့်ပါ ။ သက်သက်မဲ့ ရေးတာ ဆိုရင်တော့ သူ့ မှတ်ချက်ကို လျစ်လျူရှုထားလို့ ရပါတယ် ။
အများအားဖြင့် ကတော့ ဒီလို စုပေါင်း ဆွေးနွေးခြင်းဟာ စာကောင်း ပေကောင်းများကို ထွက်ပေါ် လာစေတတ်ပါတယ် ။
••••• ••••• •••••
ဒါက ဆရာမ Mona Simpson ရေးသား ဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ် ။ စာရေးချင်စိတ် ရှိသူများအတွက် လိုက်နာသင့်တာတွေ အများကြီး ပါတာ တွေ့ရပါလိမ့်မယ် ။ ဒီနည်းနဲ့ ကိုယ့် ခံစားချက်တွေကို စာမျက်နှာများ ထက် ပေါ်မှာ ချရေးနိုင်ကြလိမ့်မယ် လို့ လည်း မျှော်လင့်ပါတယ် ။
☐ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလ
No comments:
Post a Comment