Tuesday, July 22, 2025

လင်ငယ် နေလိုက်ချင်စမ်းပါဘိ


 

❝ လင်ငယ် နေလိုက်ချင်စမ်းပါဘိ ❞
         ( ရန်ကုန်ဘဆွေ )

သို့
ရဲဘော် .. ကိုမြလှိုင် ... ခင်ဗျား

၁၉၄ဝ ပြည့်နှစ်လောက်တုန်းက နဂါးနီဂျာနယ်မှာ ရေးခဲ့ဖူးသော “ ဪ တစ်သီတင်းဖြင့် ကျွတ်ပြန်ပေါ့ ” ဟူသည့် စာမျိုး ရေးစမ်းပါ ဆိုသဖြင့်သာ ရေးလိုက်ရသည် ။

ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ နည်းနည်းရှက်သလိုလို ရှိနေသည် ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနိုင်ချင်း တောင်းထားတာမို့ စွန့်စားပြီး ရေးပေးလိုက်ပါ သည် ။ ဟိုတုန်းကလို လူငယ် မဟုတ်လို့ ဟိုတုန်းကလောက် နွဲ့မလာဝံ့ခြင်းကိုတော့ ဓာတ်သိချင်းမို့ တောင်းပန်ရပါမည် … ခွင့်လွှတ်ပေတော့

ရဲဘက်အချင်းချင်း ဖြစ်သော ..
               ဘဆွေ

••••• ••••• •••••

အိပ်ရာက နိုးလာရသည် ။

ရင်ထဲမှာလည်း ကတုန်ကယင်ချည်း ဖြစ်နေရသည် ။

အသက်ရှူကျပ်လျက် တစ်ကိုယ်လုံး ချွေးများ စို့နေသည် ။

ညို့ညို့ကလေး ပြာနေသော မီးရောင်လဲ့လဲ့ကြောင့် စိတ်ထဲမှာ နည်းနည်း သက်သာသလို ရှိရသည် ။

ဒီမီးရောင်ကြောင့်ပင် မျက်စိနှစ်လုံး ပွင့်လျှင်ပွင့်ချင်း လူလေးကို ကျော်ပြီး သူများအပေါ်မှာ ပိုင်စိုးပိုင်နင်းနှင့် တင်ထားသော လက်ကြီးကို တွေ့ရသည် ။

“ ကတဲ ... အိုက်ရန်ကော တော် ” ဟု စိတ်ထဲက အော်မြည်ရင်း သူ့လက်ကြီးကို ဆောင့်ပစ်လိုက်ချင်သည် ။

ဒါပေမယ့် လူလေးကို ခိုက်မိသွားမှာ စိုးသောကြောင့် သာသာပဲ ဖယ်ချလိုက်ရသည် ။

ပြီးတော့ ... သူ့မျက်နှာကို မျက်စောင်းတစ်ချက် ပစ်ကြည့်လိုက်ရုံနှင့် စိတ်ကျေနပ်လိုက် ရသည် ။

ဒီမျက်စောင်းထဲမှာတော့ မလိုခြင်း ၊ မုန်းတီးခြင်း ၊ ငြူစူခြင်း ဆိုတာတွေ အပြည့်ချည်း အပြည့်ချည်း ပါသွားပါလေရဲ့ … ကဲ ။

ဒါပေမယ့် သူကတော့ မောမောနဲ့ မို့ နှစ်နှစ်ခြိုက်ခြိုက် ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။

••••• ••••• •••••

သူ့ကို ကြည့်ရင်း ကြည့်ရင်း ဒေါသတွေ ဖြစ်လာသည် ။ အလိုလို ဝမ်းနည်းလာရသည် ။ တအား တအားချည်းသာ အော်ပြီး ငိုပစ်လိုက်ချင်သည် ။ မျက်နှာကြီးကို အလွှားလိုက် … .အလွှားလိုက် ကွာအောင် ကုတ်ကုတ်ပစ်လိုက်ချင်သည် ။

ဒီလိုများ ကုတ်ပစ်လိုက်လျှင် “ ဟဲ့ … အရူးမလေး … အရူးမလေး … ဘာဖြစ်တာတုံး ” လို့ ဆိုပြီး သူ့မျက်လုံးကြီးနဲ့ အကဲခတ်သလို ကြည့်နေလေမည်လား ။

ဒီလိုကြည့်နေမှဖြင့် သူ့မျက်လုံးကြီးက ကြောက်စရာကောင်းလှသည် ။

သို့မဟုတ်လျှင် လူးလဲ ထလာရာက မျက်နှာထားကြီးနှင့် ကြည့်ပြီးနောက် သူ့လက်ဝါး ကြီးနှင့် ပိတ်ရိုက်ပစ်လိုက်မှာ စိုးရသည် ။

သည်လိုဆိုရပြန်တော့လည်း ကျောထဲက စိမ့်လာရပြန်သည် ။ အို … ဘာပဲဖြစ်ဖြစ် ဒီလူကြီး ကိုတော့ မုန်းရန်ကောဟု သူ့ကို ကျောခိုင်းပြီး တစ်ဖက်ကို ဆတ်ခနဲ လှည့်ပစ်လိုက်မိသည် ။

သူကတော့ ဒါတွေကို ဘာမှ ဂရုမစိုက် ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။

••••• ••••• •••••

မျက်စိရှေ့ တစ်ထွာလောက် အကွာမှာတော့ မီးရောင်ကြောင့် ပြာနုနုကလေး လဲ့နေသော ဇာခြင်ထောင် ရှိနေသည် ။ ဇာခြင်ထောင်တွင်ရှိ လှုပ်နေသော လှိုင်းကလေးတွေက သူများကို သက်သက်ပြောင်၍ ပြနေကြသည် ။ လှိုင်းကလေးတွေ လှုပ်တိုင်း လှုပ်တိုင်း ဇာခြင်ထောင်ရှိ ဇာပေါက်ကလေးတွေးက ကျဲလိုက် ပိတ်လိုက် လုပ်ပြနေကြပြန်သည် ။ ဒီဇာခြင်ထောင်ကြီးကို မုန်းစရာကောင်းလှသည် ။

လျော့ရဲရဲ ဖြစ်သော ဇာခြင်ထောင်အစကို ကိုယ်လုံးနဲ့ တိုးဖိပစ်လိုက်သည် ။ ကဲလေ … လှုပ်ကြဦး ။

ဒီလို ဖိထားပြန်တော့လည်း ဇာပေါက်ကလေးတွေက ပါးစပ်ကလေးတွေ ပြဲနေကြသည် ။ လှုပ်လည်း မလှုပ်ဝံ့ ၊ ရုန်းလည်း မရုန်းဝံ့ ။

သူတို့ကို မြင်နေရသည်မှာ ရယ်စရာပင် ကောင်းလှသေးသည် ။ သူတို့ ပါးစပ်ကလေးတွေကလည်း အစီအရီ ပြဲနေကြသည် ။

ဇာပေါက်ကလေးတွေ ပါးစပ်ပြဲနေပုံက လူလေး ပါးစပ်ကလေးနဲ့ပင် တူ တူသေးတော့ ။

အမယ်လေး … သူ့လက်ကြီးနဲ့များ လူလေးအပေါ်  ဖိမိမှဖြင့် လူလေးတစ်ယောက် ဇာပေါက်ကလေးတွေလို ပါးစပ်ပြဲနေမှဖြင့် … ။

ချက်ချင်း လူးလဲ၍ ထ လိုက်မိသည် ။ နောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်မိသည် ။

ဇာခြင်ထောင်ရိပ်အောက်တွင် ဝင်းပပကလေး အိပ်မောကျနေသော ဖိုးလမင်းကြီးကို မြင် လိုက်ရသည် ။

လူလေး၏ မျက်နှာသည် တိမ်လွှာမှေးကလေးအောက်တွင် ရေးရေးကလေး ပေါ်နေသော ဖိုးလမင်းကြီးနှင့် တူလှသည် ။

လူလေး လန့်သွားမည် စိုးသဖြင့် ရင်ဘတ်ချင်းအပ်ကာ သူနဲ့ ဝေးဝေးသို့ တဖြည်းဖြည်း ရွှေ့ယူရသည် ။

“ ယို့ .... ယို့ ... ယို့ ... ယို့ ... မိုးလာ လေလား ၊ မိုးလား လေလား ... ”

မောင်လေး ငယ်ငယ်က ကလေးကို ရွှေ့ယူတိုင်း အမေ့ပါးစပ်က ဤသို့ပင် ဆိုနေကျ ဖြစ်သည် ။

ဒီလိုဆိုလျှင် ကလေးမလန့်ဘူးဟု ကြီးကြီးတို့ကလည်း ပြောဖူးသည် ။

ထို့ကြောင့် အသက်ကို အောင့်လျက် အစ်သံနှင့် ဒီလိုပဲ ခပ်တိုးတိုး ဆိုလိုက်မိသည် ။

ဒီလိုဆိုရင်း လူလေးကို ပွေ့နေတုန်း လူလေးများ လန့်နိုးသွားလေမလားဟု တထိတ် ထိတ်နှင့် လူလေးမျက်နှာကို ကြည့်နေရတာက စွန့်စားမှုတစ်ရပ်နှင့်ပင် တူလှတော့သည် ။

“ အမယ်လေး … ကံကောင်းလို့ လူလေး လန့်မသွားသေးဘူးဟဲ့ ” 

လူလေး၏ပါးကို ဖြည်းဖြည်းကလေး အသက်အောင့်ပြီးတော့ နမ်းလိုက်ရသေးသည် ။

ပြီးမှ လူလေး ကိုယ်တစ်ပိုင်းကို စောင်ခြုံပေးရင်း သူ့ဆီကို မျက်စိရောက်သွားရပြန်သည် ။

ဒီမှာတော့ သူ လူလေးကို ဖိမိမှာစိုးလို့ ရွှေ့ရ ၊ ပြောင်းရနဲ့ သူကတော့ အစန့်သား အိပ်လို့ ။

သူ့ကိုမြင်တိုင်း ဒေါသဖြစ်လှပါဘိသည် ။

ဒေါသဖြစ်တိုင်း သူ့မျက်နှာကို အတော်ကြာကြာ စိုက်ကြည့်နေမိပါသည် ။

ဒါပေမယ့် သူကတော့ ဒါတွေကို ဘာမှ မသိ ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။

ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။

သူ့ကိုကြည့်ရင်း ဒေါသဖြစ်လှသဖြင့် စိတ်ထဲကပင် အိုက်လာမိသည် ။ အလိုလိုနေရင်း အသက်ရှူကျပ်လှသဖြင့် ခြင်ထောင် အပြင်ဘက်သို့ ထွက်လာခဲ့မိသည် ။

ခြင်ထောင် အပြင်ဘက် ရောက်လာရပေမယ့် မသက်သာသေး ။ အိပ်ခန်းလေးက ကျဉ်းကျပ်လွန်းလှသည် ။

ကျဉ်းကျပ်ရသည့် အထဲတွင် အိပ်ရာဘေးရှိ သူ့စားပွဲကြီးက နေရာချဲ့လွန်းအားကြီးလှသည် ။

ဒီစားပွဲကြီးကို ကြည့်ရသည်မှာ အလွန် မျက်မုန်းကျိုးစရာ ကောင်းလှသည် ။

သူသည် သူ့သခင်က မျက်နှာသာပေးထားတိုင်း အိပ်ခန်းအလယ်တွင် ခြေထောက်ကြီး လေးချောင်းနှင့် ကားရားချည်း ကန့်လန့်လုပ်လျက် ရှိနေလေသည် ။

ဒီလို ကားရားချည်း လုပ်နေသော စားပွဲကြီးထက် စားပွဲပေါ်ရှိ စာအုပ်ပုံကြီးက ပို၍ မျက်မုန်းကျိုးစရာ ကောင်းပြန်သည် ။

ယခင် အပျိုဘဝက ဝတ္ထုကလေး ဘာလေး အတော်အသင့် ဖတ်ရန် ဝါသနာပါခဲ့သော်လည်း အခု သူ့စာအုပ်ကြီးကို မြင် မြင်နေရသဖြင့် စာအုပ်မှန်သမျှ အကုန် မျက်မုန်းကျိုးလှသည် ။

ကြည့်ပါဦး .. ။ သူများက ဒါလောက် မျက်မုန်းကျိုးနေပါလျက်နှင့် သူတို့က စားပွဲပေါ်ကနေ၍ မထီတရီ မတုန်မလှုပ် လုပ်နေကြပြန်သည် ။

ဒါလောက်တောင် ရှိလှတာ ပြတင်းပေါက်ကို ဖွင့်ပြီး ဒီစာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်သာ မှောင်ထဲသို့ လွှင့်ပစ်လိုက်ချင်သည် ။

ဒီလို လွှင့်ပစ်ပြန်တော့လည်း သူ နိုးလာပြီး “ ဟဲ့ အရူးမ ၊ ဒါ ဘာလုပ်တာတုံး ” လို့ ပြောပြောဆိုဆို သူ့လက်ဝါးကြီးနဲ့ ဇက်ပိုးများ အုပ်လိုက်မှဖြင့် …. ။

တွေးရင်း တွေးရင်း မျက်ရည်တွေ ဝိုင်းလာရပြန်သည် ။ ရင်ထဲ၌ လှိုက်၍ လှိုက်၍ တက်လာရပြန်သည် ။

အိပ်ခန်းတံခါးကို ဖွင့်ပြီး ဧည့်ခန်းထဲသို့ဝင်ကာ ကုလားထိုင်ရှည် တစ်ခုပေါ်တွင် ထိုင်ရင်း အားရအောင် ငိုပစ်လိုက်ရသည် ။

သူကတော့ ဒါတွေကို ဘာမှမသိ ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက် ချည်းသာ အိပ်ပျော် နေသည် ။ ဟောက်များ ဟောက်နေလိုက်ပါသေး၏ ။

••••• ••••• •••••

ငိုလို့ အားရမှ မျက်ရည်ကိုသုတ်ပြီး ငြိမ်၍ ထိုင်နေလိုက်မိသည် ။

အပြင်ဘက်တွင် ကြယ်ရောင်ကလေးများ လင်းနေခြင်းကို မှန်ပြတင်းက မြင်နေရသည် ။

ဒီအလင်းရောင်ကတော့ ဒီက , နဲ့ တန်လိမ့်မည် မဟုတ် ။ ဒီက ဘဝမှာ မှောင်နေသူ ဖြစ် သဖြင့် အမှောင်နှင့်သာ ထိုက်တန်ပါလေသည် ။

ဒီလို တွေးလိုက်တော့ ဝမ်းနည်း၍ လာရပြန်ပါသည် ။

ဖြစ်မိမှတော့ မထူးဘူးဟု စိတ်ကို တင်းထားလိုက်မိသည် ။ တင်းထားသည့် ကြားကပင် တစ်ခါတစ်ခါမှာတော့ အောင့်၍ မရအောင် ရှိုက်,ရှိုက်နေရသည် ။

“ ငါ မရှိုက်ဘူး ” ဟု စိတ်ကို အတင်းချုပ်လိုက်သည် ။ ငါ ဒီအကြောင်းတွေ မစဉ်းစား ၊ ငါ ဒီဝမ်းနည်းစရာတွေ မစဉ်းစားဟု အတင်းချုပ်တည်းလိုက်သည် ။ ဒီလို ချုပ်တည်းကာမှ ငါ သူ့ကို ဘာလို့ ယူမိပါလိမ့်မလဲဟု တွေးတောမိရသည် ။

သူနဲ့ အခုလို အခုလို ဖြစ်လာခါမှ ဖြစ်ရမည် ။ တကယ်တော့ သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးပါ ။

စတွေ့တွေ့ချင်း သူ့ကို မျက်မုန်းကျိုးခဲ့ရသည် ။ ဒီလူကြီးက ဘယ့်နှယ်လူကြီးပါလိမ့်မလဲ ဟု မြင်ပြင်းကပ်ခဲ့ရသည် ။ လူကြီးကိုက မုန်းစရာချည်းဟု ဒေါသဖြစ်ခဲ့ရသည် ။

ဒီလို ဒေါသဖြစ်ခဲ့ရခြင်း အကြောင်းကတော့ ကိုကိုမောင့် အပေါ်မှာ သူက အနိုင့်ကျင့်ခဲ့လို့ဖြစ်သည် ။

ကိုကိုမောင့် အပေါ်မှာသာ မဟုတ်သေး ၊ ဘယ်သူ့အပေါ်မှာဖြစ်ဖြစ် သူက အနိုင်ကျင့်တတ်သည် ။ သူများကိုလည်း ခုအထိ သူ အနိုင့်ကျင့်နေတုန်းပဲ ဖြစ်သည် ။ ဒါ့ကြောင့် သူ့ကို သိပ်မုန်း သည် ။ ဒီလို မုန်းနေတဲ့ကြားထဲက ကိုကိုမောင့်ကို စွန့်ပစ်ပြီး ဘာ့ကြောင့် သူနဲ့ လူကလေးတစ်ယောက် ရလာသည်အထိ ဖြစ်ပျက်လာရသည်ကို မကျေမချမ်းရှိတိုင်း ကိုယ့်ကိုယ်ကိုယ် ကုတ်ရ ၊ ဖဲ့ရ ၊ ထုရ ၊ ရိုက်ရသည်မှာ အမြဲတမ်း ဒဏ်ရာရနေရတော့သည် ။

ယခုလည်း သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ချည်း အိပ်ပျော်နေသည်သာ ဖြစ်သည် ။ ဟောက် များပင် ဟောက်နေလိုက်ပါသေး၏ ။ ဒီမှာတော့ … ။

••••• ••••• •••••

သူ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက ရုံးလွှတ်ချိန်တွင် မိန်းကလေးတွေ ဝိုင်းမှာ စကား ဖြစ်လာရသည် ။

မိန်းကလေးတွေ အကုန်လုံးက သူ့ကို မုန်းကြသည် ။ သူ့အကြောင်းကိုပဲ ပြောနေကြသည် ။

ဒီလူကြီးဟာ လူကြမ်း ၊ လူရမ်း လူရိုင်းစိုင်းကြီးတဲ့ ။

တစ်ခါက တစ်ရုံးလုံးရဲ့ အချစ်တော်ဖြစ်တဲ့ ရိုစီသန်းဌေးက အလုပ်ကိစ္စ တစ်ခုနှင့် သူ့ဆီကို သွားရသည် ။ စာရင်းအင်းများကို သူ့အားပြရာတွင် သူက နောက်ကို ဆုတ် ဆုတ်သွားသည် ။ နောက်ဆုံးတွင် သူက ပြောလိုက်သေးသည် ။

“ ခင်ဗျား အလုပ်ကိစ္စရှိရင် ခပ်ဝေးဝေးက ပြောပါ ၊ ကျုပ်နား သိပ်မကပ်ပါနဲ့ ။ ခင်ဗျားကိုယ်က ပေါင်ဒါစော်တွေ နံလွန်းလို့ ၊ ကျုပ် တောင်းပန်ပါရစေ ” တဲ့ ။

ဒုတိယ မယ်ဗမာဖြစ်တဲ့ ရိုစီသန်းဌေးက ခုအထိ သူ့အပေါ်ကို မကျေ ။

ဒီလို မကျေတာကိုပဲ သူများက စိုးရိမ်နေရပြန်သည် ။ “ အို … ဘာလို့ စိုးရိမ်ရမှာလဲ ၊ ဒင်းကို မုန်းပါတယ် ” လို့ တွေးပေမယ့် နောက်ဆုံးတော့ ငိုချင်လာတာနဲ့ပဲ အဆုံးသတ်ရပြန်သည် ။

သူများလည်း အစက ဒီလိုပဲ သူ့အပေါ် မကျေမချမ်း ဖြစ်ခဲ့ရဖူးသည် ။

ကြည့်လေ သူက ကိုကိုမောင်ကို ပြောနေသည် ။ “ ခင်ဗျား ဒီမိန်းကလေးကို ယူရင် ခင်ဗျားတို့ မြန်မြန်ကွဲမှာပဲ ” တဲ့ ။

ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ သူများ တစ်ကိုယ်လုံးကို ကျောရိုးထဲက စိမ့်လာအောင် ခြေဆုံးခေါင်းဆုံး ကြည့်နေပြန်သည် ။

ဒီလို ကြည့်နေပြန်တော့လည်း ရင်ထဲက ဖိုနေရသည် ။ သူများတစ်ကိုယ်လုံး တုန်လှုပ်လာရ သည် ။ ဟန်လုပ်ပြီး လက်နှိပ်စက် ရိုက်နေရပေမယ့် စာလုံးတွေက မှားကုန်ရသည် ။ ပြီးတော့ သူ့မျက်နှာကိုကြည့်ရင်း မျက်လုံးက လွှဲဖယ်မရအောင် ဖြစ်နေရပြန်သည် ။ လူကြီးကိုက အတော် မုန်းစရာကောင်းလှသည် ။ ဘယ်လို လူကြီးမျိုးပါလိမ့်ဟုလည်း တွေးနေရသည် ။

ပြီးတော့ သူ့စကားကို နားစွင့်မိပြန်သည် ။

“ ဒီမိန်းကလေးက ကျန်းမာသန်စွမ်းလွန်းအားကြီးတယ်ဗျ ။ ခင်ဗျားက ရောဂါသည် ချည့်ချည့်နဲ့နဲ့ကလေးပဲ ၊ ခင်ဗျားနဲ့ ရလို့မှ သူ လင်ငယ်မနေဘူးဆိုရင် တစ်ထောင်မှာ တစ်ယောက် မရှိတဲ့ မိန်းမမျိုး ဖြစ်မှာပဲ ”

ကြည့်ပါဦး … ကြည့်ပါဦး ၊ အဲဒါ သူပြောလိုက်တဲ့ စကားပေါ့ ။ သူများမှာ မျက်နှာတစ်ခုလုံး ထူပူပြီး ရှေ့က လက်နှိပ်စက်ကြီး မြောက်သွားသည်ဟု ထင်လိုက်ရသည် ။

ဒါ့ကြောင့် သူ့စကားနဲ့ညီအောင် အခုချက်ချင်း လင်ငယ် နေပစ်လိုက်ချင်တဲ့စိတ်တွေ ပေါ်လာသည် ။

ကိုကိုမောင်ရေ - လာပါတော့ ။ ဒါပေမယ့် ကိုကိုမောင်ကလည်း မလာ ၊ သူများရှေ့မှာ ည အမှောင်နဲ့ ငြိမ်နေတဲ့ ကုလားထိုင်များ ၊ စားပွဲများသာ ရှိနေရသည် ။

မှန်ပြတင်းရဲ့ အပြင်မှာတော့ အရောင်ကလေး မှိန်မှိန်နှင့် ကြယ်ပြောင်ကလေးတွေ ရှိနေ ကြသည် ။ ဒီကြယ်ပြောင်ကလေးတွေဆီသွားပြီး ကိုကိုမောင်နှင့် တူတူပုန်းတမ်း စကားပစ်လိုက်ချင်သည် ။

ကြယ်ပြောင်ကလေးရဲ့ ချောင်တစ်ချောင်မှ တိတ်တိတ်ကလေး ပုန်းနေတုန်း ကိုကိုမောင်က ဗြုန်းခနဲ ဖက်လိုက်သဖြင့် လန့်ပြီး အသံစူးကလေးနှင့် တအား ကုန်းအော်ပစ်လိုက်ချင်သည် ။

ဒီလိုအော်ရင်း ကိုကိုမောင်ကို ပြန်ဖက်ထားလိုက်မိရာက မော့်ကြည့်လိုက်တော့ သူ့မျက်နှာကြီး ဖြစ်နေပြန်ပါသည် ။

အို … ဘာလို့ သူ့မျက်နှာကြီးက ပေါ်ပေါ်လာရပြန်ပါလိမ့် ။ ဒီ မုန်းစရာကြီးကို ။

မုန်းစရာမှ တကယ့်ကို မုန်းစရာကောင်းတဲ့ လူကြီး ဖြစ်သည် ။ အဲ ... ဟိုတုန်းက သူက ကိုကိုမောင့်ကို ပြောတယ်လေ ။

“ သူငယ်ချင်းပီပီ ပြောင်ပြောင်ပြောရရင် ဒီမိန်းကလေးက ခင်ဗျားကို သူ့အထက်က ရာထူးကြီးသူတစ်ယောက် အနေနဲ့ ရယ် ၊ ပြီးတော့ ခင်ဗျားအမောက်နဲ့ အမြဲတမ်း ပေါင်ဒါဖို့ထားတဲ့ မျက်နှာရယ် ၊ ပြီးတော့ ခင်ဗျားရဲ့ ပြောင်လက်တဲ့ အဝတ်အစားတွေရယ် ဒါကို ကြိုက်နေတာပဲ ။ ဒါပေမယ့် ခင်ဗျားတို့ ရကြပြီးရင် ဒါတွေ ရိုးသွားတော့ ခင်ဗျားကို ကျေနပ်တော့မှာ မဟုတ်ဘူး ။ သူက မလိုချင်ဘူးထားဦး ။ သူ့သွေးသားက တကယ် လိုချင်တာက ကျုပ်တို့လို ဒူပေဒါပေခံတဲ့ ယောက်ျားကြမ်းကြီးမျိုးဗျ ” တဲ့ ။

ကြည့်စမ်း ကြည့်စမ်း ၊ ဒါ လူဝါးဝတာ ၊ သက်သက်မဲ့ သူများကို စော်ကားတာ ။

ဇောင့်ခနဲ မျက်စောင်းထိုးကြည့်လိုက်မိရာက မျက်နှာတစ်ခုလုံး ထူပူလာရပြန်သည် ။ ဖြိုးဖြိုး ဖျင်းဖျင်းနှင့် နားရွက်တွေ ထူလျက် မျက်လုံးတွေ ပြာလာရပြန်သည် ။ ရင်ထဲမှာလည်း ကတုန်ကယင်ချည်း ဖြစ်လာရပြန်သည် ။ ကုလားထိုင်ကြီးရော စားပွဲပါ အပေါ်သို့ မြောက်တက်သွားလျက် အထက်သို့လည်း မထိ ၊ အောက်သို့လည်း မကျဘဲ ရှိနေသည်ဟု ထင်နေရပြန်သည် ။

ဒါပေမယ့် နားကတော့ ဆက်ပြီး ကြားနေရပြန်သည် ။

“ ဒါပေမယ့် … ကျုပ်ကတော့ ခင်ဗျားအမျိုးသမီးကို ခုအထိတော့ စိန်ကလပ်ကလေးနဲ့ တင်ပေးတောင် မလိုချင်သေးဘူး … ”  တဲ့ ။

“ စော်ကားတာ .. စော်ကားတာ ၊ ဒါ သက်သက်ကို စော်ကားတာ ”

ဒီလို စော်ကားတာနဲ့ တစ်ပြိုင်နက် ဘယ်လိုက ဘယ်လိုမှန်း မသိဘဲ ဖျန်း ... ဖျန်းနဲ့ နေအောင် သုံးချက်တိတိ သူ့ပါးကို တအားချည်း ဆက်တိုက်ချပစ်လိုက်မိသည် ။

နတ်ပူးတာတို့ ၊ အာဠာဝက ဝင်တာတို့ ဆိုသည်မှာ ဤလိုအဖြစ်မျိုးနှင့် တူသည် ။

ဘယ်လိုက ဘယ်လို သူ့အနားသို့ ရောက်သွားသည်ဟု မသိရ ၊ ဘယ်လိုကဘယ်လို သူ့ပါးကို ရိုက်သည်ဟုလည်း မသိရ ။ လက်ကလေးတွေ နာလာမှသာ သူ့ပါးကို ရိုက်ပစ်လိုက်ပြီးကြောင်း သိလာရသည် ။

သို့ သိလာသည်နှင့်အမျှ မျက်ရည်ဖြိုင်ဖြိုင်ကျကာ မျက်နှာကို လက်ဝါးနှင့် အုပ်၍ ကြူကြူပါအောင် ငိုလိုက်ရသည် ။

တစ်ရုံးလုံးလည်း အံ့အားသင့်သွားကြရသည် ။

အဲဒီတုန်းက ကိုကိုမောင့် အဖြစ်သည် မကျေချမ်းစရာ အကောင်းဆုံး ဖြစ်သည် ။

“ ဖြစ်မှဖြစ်ရလေ … ကိုကိုမောင်ရယ် ၊ ဟိုလူကြီးစိတ်နဲ့ ကိုကိုမောင့် ကိုယ်နဲ့ပဲ ဖြစ်လိုက် ပါတော့ ” ဟု ဝမ်းထဲက ကျိတ်၍ ဆုတောင်းလိုက်မိသည် ။ သက်ပြောင်းကိုယ်ခွာ အတတ်များ တတ်မည်ဆိုလျှင် နေရာတွင်ပင် ချက်ချင်း ပြောင်းပေးလိုက်စမ်းချင်သည် ။

တစ်ရုံးလုံး ဆူလျက် အနားသို့ လူကြီးတွေရော ၊ အလုပ်ဖော်တွေပါ ဝိုင်းလာကုန်ကြသည် ။ မေးကြ ၊ မြန်းကြသည် ။ ကိုကိုမောင်က ဗျိုင်းအိုကြီး အစာနင်သလို လည်ပင်းချည်း ဆန့်ငင် ဆန့်ငင်နှင့် လုပ်နေသည် ။

သူ့ကို ကြည့်ပြီး အားမလို အားမရ ဖြစ်ရပြန်သည် ။ စိတ်ရှိလက်ရှိချည်းသာ ပြေးပြေး ထုလိုက်ချင်သည် ။ ဒီလို ရယ်စရာ အိုးတိုးအတကြီးမျိုးတော့ ဟိုလူကြီးက ဘာလို့ မဖြစ်ရတာလဲဟု အဘိဇ္ဈာပွားရပြန်သည် ။

ဒီအချိန်မှာ အဲဒီလူကြီးက ဘာမှမဖြစ် သလို အေးအေးဆေးဆေးပဲ ပြောပြလိုက်တယ်လေ ။

“ အလုပ်လုပ်တာ ညံ့လွန်းလို့ ကျွန်တော်က ပက်ပက်စက်စက် ပြောလိုက်မိတာနဲ့မိန်းကလေးက ရှက်ပြီး ရိုက်လိုက်တာပါ ၊ ကိစ္စမရှိပါဘူး ။ ကျွန်တော် ပြောတာကလဲ နည်းနည်း လွန်သွားပါတယ် ” တဲ့ ။

တော်တော်တတ်နိုင်တဲ့လူကြီး ဖြစ်သည် ။ ဒါပေမယ့် အမှန်အတိုင်းဆိုရင် ဒီကအတွက် ရှက်စရာချည်း ဖြစ်နေမှာမို့ သူ့ကိုပဲ ကျေးဇူးတင်ရမလိုလို ဖြစ်နေသည် ။

သူများကတော့ ဒါကိုပဲ စိတ်ထဲမှာ ခံပြင်းနေရသည် ။

ပြီးတော့ ဒီလူကြီးက သူ့အတွက် ဘယ်တော့မှ ဂရုစိုက်တတ်တဲ့လူ မဟုတ်ကြောင်း လူတိုင်း သိကြသည် ။

အခုလို ပြောလိုက်ခြင်းသည် သူ့အတွက် ထိခိုက်မည်စိုးသောကြောင့် မဟုတ်ဘဲ သူများ အရှက်ရမည် စိုးသောကြောင့် တမင်ကာကွယ်လိုက်ခြင်း ဖြစ်သည်ဟု သိလိုက်ရသည် ။

ကဲလေ …. ကဲလေ … ဘယ့်လောက်များ ဘယ့်လောက်များ ။ အို … သူ့ကိုတော့ ဘယ် တော့မှ ကျေးဇူးမတင်နိုင်ပေါင် ။

သူကလည်း သူများ ကျေးဇူးတင်တင် ၊ မတင်တင် ဘယ်တော့မှ ဂရုစိုက်နေသည့် လူစားမျိုး မဟုတ်ပါ ။ သိပ် ... သိပ်ပြီး ... မုန်းစရာကောင်းတဲ့ လူကြီးမျိုး ဖြစ်သည် ။

ကြည့်လေ … အခု သူများကတော့ သူ့ အကြောင်းပဲ စဉ်းစားနေရသည် ။

သူကတော့ မောမောနဲ့ နှစ်နှစ်ခြိုက်ခြိုက်ချည်းသာ အိပ်ပျော်နေသည် ။ ဟောက်များပင် ဟောက်နေလိုက်ပါသေး၏ ။

••••• ••••• •••••

ဒီလူကြီးအကြောင်းကို တွေးမိရင် ငိုချင် ငိုချင်လာသည် ။ ဘယ်တော့မဆို အလွန် မထီတရီ နိုင်သော လူမျိုးချည်း ဖြစ်သည် ။ မျက်စိထဲမှာ မြင်ယောင်လာပါသေးသည် ။

လူရှင်းသွားသောအချိန်၌ ကိုကိုမောင်က သူ့ကို အားတောင့်အားနာနှင့် ဝမ်းနည်းစကား ပြောမည် ပြုနေသည် ။

သူက ... အဲဒီ လူကြီးက ပြောလိုက်ပြန်ပါသည် ။

“ ကလေးတွေ … ခွေးကလေးတွေလိုပေါ့ဗျာ ၊ သွားစ,မိတော့လဲ ဟပ်လိုက်မိတာပေါ့ ။ ဒါတွေကို ဗွေယူနေလို့ ဘယ်ဖြစ်မလဲ ၊ အလွန်ဆုံး ပေါက်သွားတဲ့လက်ကို ခါပြီး “ ဟ ... ဒီကောင် ကိုက်တတ်သားပဲဟ … ” လို့ ရယ်နေရုံ ရှိတာပေါ့ ”

ကြည့်စမ်း .. ကြည့်စမ်း ။ သူများကို သူတို့ ရယ်စရာ သူတို့ စ,စရာ ခွေးမလေး တစ် ကောင်လောက် သဘောထားပြီး ပြောနေကြသည် ။

ဒါပေမယ့် ဒီကတော့ ဘာမှ မတတ်နိုင်ပါ ။ နှုတ်ခမ်းကို ချွန်နေအောင်စုရင်း မျက်ရည်တွေ ဖုံးနေသော မျက်လုံးကြီးနှင့်သာ မျက်စောင်းပစ်ထိုးရုံမျှ ရှိရသည် ။

သူ့ကို မျက်စောင်းထိုးရုံမျှတော့ မျက်စိကြီး ကျွတ်မှန်အောင် ထိုးလိုက်စမ်းပါစေ ၊ ဘယ်တော့မှ ဖြုန်မည့်လူကြီးမျိုး မဟုတ်ပါ ။

ငါ့ကို မျက်စောင်းထိုးနေပါပကောဟ ဟု အသိအမှတ်ပြုသူမျှ မဟုတ်ပါ ။

သူများကတော့ ဒီလို အသိအမှတ် မပြုတာကိုပင် စိတ်ထဲက ခံပြင်းနေရပါသည် ။ ဝမ်းထဲက ကလိကလိနှင့် ဖြစ်နေရပါသည် ။ သူများမှ မဟုတ်သေးပါ ။ တစ်ရုံးလုံးရှိ မိန်းမတစ်သိုက်က သူ့ကို ဒီလိုပဲ ခံပြင်းနေကြရပါသည် ။

မိန်းမအုပ်စုက ဆုံမိကြတိုင်း သူ့အကြောင်းကိုပဲ ပြောနေကြရပါသည် ။

ဆုံမိကြမှသာ ပြောကြရသည် မဟုတ် ။ ရုံးဆင်းလို့ ဘတ်စ်ကားပေါ်၌ ငြိမ်ပြီး ပါသွား ကြရသောအခါ ဖြစ်စေ ၊ အိမ်၌ အားအားရှိနေသော အချိန်မျိုး၌ ဖြစ်စေ ၊ သူ့အကြောင်းကိုပဲ စဉ်းစား ကြရပါသည် ။ သူ့အကြောင်းသာပဲ ပေါ်ပေါ်လာရကြပါသည် ။

စဉ်းစား၍ အားရကြသောအခါမှ “ အို … ဘာလို့ ဒီလူကြီးကိုပဲ တွေးတွေးနေမိပါလိမ့် ” ဟု ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်ကြရပြန်သည် ။

ပြီးတော့မှ ကိုကိုမောင်ကို သတိရ,ရသည် ။

သတိရပြန်တော့လည်း ကိုကိုမောင် တစ်ယောက်တည်း မဟုတ် ၊ ဒီလူကြီးပါ ပါ,ပါလာရ သေးသည် ။

ကိုကိုမောင့်နှယ်နော် ဘာလို့များ ဒီလူကြီးလို မဖြစ်ရပါလိမ့် ။

ဒီလူကြီးလို ဖြစ်ရင်လည်း မုန်းစရာချည်း နေမှာပေါ့ဟု တွေးမိပြန်သည် ။

ကိုကိုမောင်သာ အဲဒီလို မုန်းစရာချည်း ဖြစ်နေရင်ဖြင့် “ သွား …. မခေါ်ဘူး ။ တော်တော့ကို မုန်းစရာကောင်းတယ် ၊ မုန်းပစ်လိုက်မှာ သိလား ” ဟု ကိုကိုမောင့် နဖူးကို လက်ညှိုးကလေးနဲ့ နောက်သို့ယိုင်သွားအောင် ထိုးပြီး ပြောပစ်လိုက်ချင်သည် ။

ဒီလိုဆိုရင် ကိုကိုမောင် ကတော့ မျက်နှာကလေး ငယ်ငယ်နဲ့ ပြောလိုက်မည် ဖြစ်သည် ။ “ မုန်းတော့ … မမုန်းလိုက်ပါနဲ့ကွယ် ၊ ကိုယ့်အချစ်ကလေးက မကြိုက်ရင် နောက် မလုပ် ပါဘူးလို့ ”

ဒီလိုများ ပြောလိုက်ရင်တော့ ဒီကိစ္စဟာ တိုတိုနဲ့ အေးချမ်းသွားကြတော့မည် ။

နောက်ထပ် ဘယ်လိုမှ ထူးမလာတော့ဘဲ ငြိမ်ဆိမ် တိတ်ဆိတ်ပြီး ခြောက်ကပ်ကပ်ချည်း ဖြစ်ရပေတော့မည် ။

ဖြစ်ခါမှ ဖြစ်လေ ၊ ကိုကိုမောင်ကတော့ ဒီလိုပဲ ပြောလိမ့်မည်ဖြစ်သည် ။

ဒီနေရာမှာ ဟောဒီ မုန်းစရာ လူကြီးကတော့ ဒီလို လုပ်လိမ့်မည် မဟုတ် ။ မျက်မှောင်ကြီး ကုပ်ပြီး သူ လုပ်လိုက်မည့်ပုံကို မြင်ယောင်လာရသည် ။

“ ဘာ ... မုန်းမယ် ... မုန်းနိုင်သားပဲ ။ ဒါက မင်းအလုပ် ။ ငါ့အလုပ်ကတော့ မင်း မုန်းနေလည်း ဟောဒီလို ချစ်လာအောင် … ”

အဲဒီလို ပြောပြောဆိုဆိုနဲ့ သူ့ရင်ခွင်ကျယ်ကြီးထဲများ ဇွတ်ဆွဲသွင်းလိုက်မှဖြင့် ...

အမယ်လေး … တွေးကြည့်ရသည်ကိုပင် ရင်ထဲ ဖိုလာရသည် ။ အလိုလို စိုးရိမ်စိတ်နှင့် ကိုယ်ကလေးများကို ကျုံ့လိုက်မိသည် ။ သူ့ရင်ဘတ်ကြီးကို ထုလိုက်ရန် လက်သီးဆုပ်ကလေး များပင် ပြင်လိုက်မိသည် ။ ပြီးတော့မှ အတွေးပါလားရယ်လို့ ရှက်ပြုံးကလေးများတောင် ပြုံးလိုက်ရပြန်သည် ။

“ ကိုကိုမောင်ရယ် … ဒီလိုများ ပြုတတ်လိုက်စမ်းပါတော့ ... ရှင်ကြီးရယ် ”

ဒီလူကြီးကတော့ သူများကို ဒီလိုနဲ့ပဲ အနိုင်ယူယူနေသည် ။ အခုလည်း သူများကတော့ သူ့အကြောင်းကိုပဲ စဉ်းစားနေရသည် ။ သူကတော့ သိုးနေအောင် အိပ်တော်မူနေသည် ။

ဟောက်များပင် ဟောက်နေလိုက်ပါသေး၏ ။

••••• ••••• •••••

ဒီဟောက်သံကြီးကို ကြားကြားနေရတိုင်း ဒေါသဖြစ်ရလွန်းသဖြင့် မောနေသည် ။

ငါ ဘာလို့ သူ့ကို ယူမိပါလိမ့်မလဲဟု ကိုယ့်ကိုယ်ကိုယ် တွေး၍ စိတ်နာရသည် ။

တကယ် ယုယတတ်သူ ကိုကိုမောင် ကတော့ အတင်းပစ်ခွာ၍ ထွက်ပြေးသွားလေပြီ ။

အဲဒီတုန်းက ကိုကိုမောင်ရေ ... ခေါ်ပါလို့ တကယ် လှမ်းအော်လိုက်မိသေးသည် ။

ကိုကိုမောင်က လှည့်မကြည့်ဘဲ တိမ်လှိုင်း တိမ်လိပ်ကြီးတွေထဲ ဝင်ပြေးသွားသလို ပျောက်ကွယ်၍သွားခဲ့သည် ။

ကိုကိုမောင်နဲ့ စ,တွေ့ ကတည်းက ဒီတစ်ချိန်ပဲ သူများ ပြောတာကို ဆန့်ကျင်ပြီး ထွက်ပြေး ပျောက်ကွယ်သွားဖူးသည် ။

ဒီတုန်းက အပြင်မှာ မိုးတွေ လေတွေ ထန်၍ လျှပ်စီးတွေ လက်လွန်းလှသည် ။

ဒီလို လျှပ်စီးတွေ လက်ကတည်းက ကိုကိုမောင့် ရင်ခွင်ထဲမှာ ဝင်ပြီး မျက်နှာကလေး ဝှက်နေချင်သောစိတ်တွေ ပေါ်နေရသည် ။ ဒါပေမယ့် ကိုကိုမောင် ကိုယ်တိုင် တခြား ရုံးသားတွေနှင့် အတူ အထက် မျက်နှာကြက်ကို မော့ကြည့်ပြီး မျက်လုံးဝိုင်းနေတာကို တွေ့နေရသည် ။

ဒီအချိန်မှာ သူကတော့ သူ့အလုပ်ခွင်က စာရွက်စာတမ်းတွေကို သိမ်းပြီး အေးအေးလူလူ စီးကရက် သောက်နေဝံ့သည် ။

ပြီးတော့ ပြောလိုက်သေးသည် ။

“ ကိုယ့်လူတို့ ... စိတ်သာချ ၊ ဘာမှ မပူကြနဲ့ ၊ ဒီအဆောက်အအုံကြီးကတော့ ဒီတစ်ချီ ပြိုဖို့ စိတ်ချရတယ် ။ အဲဒီတော့မှ ကျုပ်တို့ရုံးသားတွေ စုပြီး ဆိုင်ရာဌာနကို တရားစွဲကြရမယ် ။ ကြောက် တဲ့လူတွေလဲ အပြင်သာ ထွက်နေကြတော့ …. ” တဲ့ ။

ဒါသက်သက် သူများတွေကို စောင်းပြောတာ ဖြစ်သည် ။ ဒါ့ကြောင့် စောစောထဲက ကိုကို မောင့်ကို အပြင်လိုက်ပို့ခိုင်းဖို့ဥစ္စာ သူ့မုန်းတာနှင့် အောင့်ပြီး နေပစ်လိုက်မိသည် ။

ပြီးတော့ .. သူ့ကို မုန်းမုန်းနဲ့ မျက်စောင်းပစ်ထိုးလိုက်မိသည် ။

ဒီလို မျက်စောင်းပစ်ထိုးလိုက်ရင်း “ ငါ … နဂါးမကလေးပဲ ဖြစ်ပါတော့ ” ဟုလည်း တွေးလိုက်မိသေးသည် ။ သို့မှသာ သူ့ကို ဖွဲပြာနုနုကလေး ဖြစ်သွားသည်အထိ မျက်စောင်းအရှည်ချည်း ထိုးနိုင်မယ် မဟုတ်ပါလား ။ အပြင်မှာ တဖြည်းဖြည်း မိုးတွေ လေတွေက ငြိမ်သွားသည် ။ ရုံးသူရုံးသားတွေလည်း စိတ်တည်ငြိမ်မှု ရလာကြလျက် အလုပ် လုပ်ရန် အာရုံပြုလိုက်ကြသည် ။

ဒီအချိန်မှာမှ ပြင်းထန်တဲ့ အသံကြီးတစ်ခုနှင့်အတူ လျှပ်စစ်မီးတွေ ငြိမ်းသွားပြီးလျှင် လူတွေ စုပြုံပြီး အထွက် အဝင်ဝ တံခါးပေါက်ကြီးရှိရာသို့ ပြေးကုန်ကြသည် ။

အထွက်အဝင် တံခါးဝတွင် အခန်းတွေ ပိတ်၍ ကာထားကြသဖြင့် ရုတ်တရက် ထွက်၍ မလွယ်ဘဲ လူတွေကျပ်ခါ ပိတ်ဆို့၍နေကြသည် ။

ကိုကိုမောင်သည် လူတွေနောက်ကို အတင်းပြေး၍ လိုက်သွားသည် ။ ကိုကိုမောင် .. ဒီကိုလည်း ခေါ်ပါဦးဟု သံကုန်လှမ်း၍ အော်လိုက်မိသည် ။

ကိုကိုမောင်က လှည့်မကြည့်ပေမယ့် အတင်းပြေး၍ လိုက်မည့်ဆဲဆဲ လက်ကြမ်းကြီးတစ်ခုက ပိုင်စိုးပိုင်နင်း ဆွဲယူသွားကာ တိုင်ကြီးတစ်တိုင်၏ ခြေရင်းကို ဆောင့်တွန်း၍ ပို့လိုက်သည် ။ ဒါလောက် ထိတ်လန့် ကြောက်ရွံ့နေရသည့်အထဲ ဒီလက်ကြီးနှင့် အတွန်းခံလိုက်ရသည့် နေရာမှာ အိခနဲ ဖြစ်သွားရသောကြောင့် ဒီလက်ရှင်ကို မျက်လုံးလှန်ကြည့်မိရသေးသည် ။

သူမှန်း သိတာနှင့် တစ်ပြိုင်နက် ကိုကိုမောင် ရှိရာသို့ပြေးရန် တိုင်နှင့် ကျောနှင့် ခွာလိုက်ရာ အခြားလူများကို လိုခြေရင်း တွန်းတွန်းပို့ နေရာမှ -

သူများရင်ဘတ်ကို သူ့လက်ဝါး ကားကားကြီးနဲ့ အတင်းတွန်းပြီး တိုင်နှင့် ကျောနှင့် ကပ်နေအောင် အတင်းဖိထားသည် ။

ဒီအချိန်မှာ သူက ဘာမှ မဖြစ်ပေမယ့် သူများတကာမှာတော့ တစ်ကိုယ်လုံး ဖြိုးဖြိုးဖျဉ်းဖျဉ်း ဖြစ်နေရသည် ။ ရုန်း၍လည်းမရ ၊ လှုပ်မှလည်း မလှုပ်နိုင်သောကြောင့် မျက်နှာတွေ ထူပူလာသဖြင့် သူ့ကို မကြည့်ဝံ့ဘဲ ရှေ့သို့ လှမ်းကြည့်မိပြန်ရာ ကိုကိုမောင်တို့ အပေါ်သို့ အဆောက်အအုံကြီး ပြိုကျလာခဲ့သည် ။

မိုးတိမ်တွေလို အလိပ်အလိပ်ထလာတဲ့ အင်္ဂတေမှုန့်တွေထဲတွင် ကိုကိုမောင် တစ်ယောက် ပျောက်ကွယ်သွားပါလေပြီ ။

အထိတ်တလန့်နှင့် စူးစူးဝါးဝါး သံကုန်အော်မိလိုက်စဉ် သူက အတင်းပွေ့လှဲလိုက်ပါသည် ။

ရုတ်တရက်မို့ ခြေကားရား လက်ကားရားနှင့် ပက်လက်ကလေး လဲကျသွားရသည့် အပေါ်မှာ သူ့ကိုယ်ကြီးက ဖိလျက်သား ပါလာပါသည် ။

နောက်ထပ် “ ဝုန်း ” ဆိုသော အသံကြီးနှင့်အတူ ဖုံးဖုံးထိုင်းထိုင်း အသံတွေကို ကြားနေ ရစဉ် သူ့ကိုယ်ကြီးကတော့ သူများ တစ်ကိုယ်လုံးအပေါ်မှာ ဖိလိုက် ကြွလိုက်နှင့် ဖြစ်နေပါသည် ။

တစ်ကိုယ်လုံး ထူထူပူပူနှင့် ကြောက်လည်းကြောက် ၊ စိတ်ထဲကလည်း ကျဉ်းကျပ်နေရသည့်အထဲ မီးခိုးလုံးကြီးများ ထလာသလို အင်္ဂတေမှုန့်တွေ ထလာသဖြင့် အသက်ရှူကျပ်ရ ချောင်းဆိုးရသည် ။

ဒီအချိန်မှာ အပေါ်က ခပ်ကြွကြွ လူချင်းကွာနေသော သူ့ကိုယ်ကြီးက တဖြည်းဖြည်း ပိလာပြန်သည် ။ ရင်ချင်းအပ်မိကြသည် ။ ပေါင်ချင်း ထပ်မိရသည် ။ သူ့မျက်နှာကြီးက သူများ မျက်နှာပေါ်မှာ မခွာတော့ဘဲ ဖိထားပြန်သည် ။

“ အမယ်လေး … အသက်ရှူကျပ်လိုက်တာ ၊ ဖယ်ပါ ”

ချောင်းဆိုးရင်းက အော်လိုက်သော်လည်း အပေါ်က ဟာကြီးက တုတ်တုတ်မျှမလှုပ် ။

“ ဘယ့်နှယ် လုပ်နေတာတုံး ၊ ဖယ်ပါ ဆိုမှ ၊ မွန်းလို့ သေရချည်ရဲ့ ” 

ပြောပြောဆိုဆိုနှင့် အတင်းရုန်းကန် ထလိုက်ရသည် ။ အပေါ်က ဟာကြီးကြောင့် တော်တော်နှင့် ထလို့မရ ။ စိတ်ပေါက်ပေါက်နှင့် အတင်းထိုးပြီး ကုန်းထလိုက်သော အချိန်တွင် အပေါ်က ပိတ်ကာထားသလို ဖြစ်နေသော အင်္ဂတေပြားကြီးနှင့် တိုက်မိကြီး ဖင်ထိုင်လျက် ပြန်ကျသွားရသည် ။ ထလို့ မရမှန်းသိမှ အိတ်ထဲက လက်ကိုင်ပဝါကို ထုတ်၍ မီးခိုးကဲ့သို့ မှောင်နေသော အင်္ဂတေမှုန့်များကို ခါယမ်းလျက် ကုန်းပေါ်သို့ ရောက်လာသည့် ငါးတွေလို အသက်ရှူခြင်းကိုပင် ဂရုစိုက် နေရပြန်သည် ။

အတန်ကလေးကြာမှ ဒီက ရောက်နေသော တိုင်ကြီး ပတ်ပတ်လည်တွင် အပေါ်ထပ်မှ အခင်းဖြစ်သော သံမံတလင်းပြားကြီးများ ဝိုင်းကာ၍ ထောင်နေသည်ကို သိရသည် ။ သံယက်မကြီး တစ်ခုကလည်း တိုင်ကြီးပေါ်ကို မေးတင်လျက် တဲတဲကလေး ထောင် နေသည်ကို တွေ့ ရပြန်သည် ။

ပြုတ်များ ကျလာလေမလားဟု တွေးရင်း အားကိုးရာကို ရှာလိုက်မိပြန်သည် ။

တိုင်ခြေရင်းတွင် ကပ်လျက် အထိတ်တလန့် ဖြစ်နေကြသူ အားလုံတို့လည်း သူများလိုပင် အသက်ရှူခြင်းကို ဂရုစိုက်နေရသူများ ဖြစ်ကြောင်း တွေ့ ရပြန်သည် ။ ဒီတော့မှ သူ့ကို လှမ်းကြည့်မိသည် ။ သူ့ခါးပေါ်တွင် အတော်ကြီးသော အင်္ဂတေတုံးကြီးတစ်တုံး ပိနေရှာသည် ။

သူ့ချိုစောင်းက သွေးများ ရဲရဲကျနေရသည် ။

ဒီဒဏ်ရာများသည် သူများကို ထိမယ့် ဒဏ်ရာများ ဖြစ်သည် ။ အခု သူက ဒီဒဏ်ရာတွေကို ကိုယ်စား ခံသွားတယ်လေ ။

အဲဒီတုန်းကပဲ သူ့ကို သနားလိုက်ဖူးသည် ။

ကြည့်ရင်း ကြည့်ရင်းပင် မျက်ရည်ဝိုင်းခဲ့ရသည် ။ ဒီ့နောက် ဆေးရုံကို သွားပြီး ကျေးဇူးတင်စကား ပြောမိတော့ သူက ဘောက်ပြောပါလေသည် ။

“ ဒါ … မင်းကျေးဇူးတင်ဖို့ လုပ်တာ မဟုတ်ဘူး ၊ ငါ့ဟာငါ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်တာပဲ ၊ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက် ရှိနေလဲ ငါ ဒီလိုပဲ လုပ်ရမှာပဲ ၊ အဲ ... တစ်ခုတော့ရှိတယ် ၊ ငါ မင်းကို စကားတစ်ခု ပြောစရာရှိနေတယ် ၊ အကယ်လို့ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက်သာဆိုရင် ဒီစကားကိုပြောဖို့ လိုချင်မှ လိုမယ် ၊ အခု မင်းကို ပြောဖို့ လိုနေတယ် … အဲဒါ တခြား မဟုတ်ဘူး ။ ငါ ဆေးရုံ ရောက်လာပြီး နောက်တစ်နေ့မှာ သတိရလာတော့ ငါ ဘာလို့ ဆေးရုံရောက်နေရပါလိမ့် ဆိုတဲ့အကြောင်းကို မနည်း ပြန်တွေးယူရတယ် ။ ဒီလို တွေးယူလို့ ဘာ့ကြောင့် ဆေးရုံ ရောက်လာရတယ်ဆိုတဲ့အကြောင်း ဖြည်းဖြည်း စိတ်ထဲမှာ ပေါ်လာတော့ ပထမ ငါ့ရင်ထဲမှာ တွေးလာရတယ် ၊ ဒုတိယ ငါ မင်းကို ကြိုက်လာရတယ် ၊ အဲဒါကြောင့် ငါ ဆေးရုံက ဆင်းရင်တော့ မင်းကို ချစ်ရေးဆိုရမှာပဲ ”  တဲ့ရှင် ။

ကြည့်စမ်း … ကြည့်စမ်း ၊ ဘယ့်လောက် ရိုင်းစိုင်းတဲ့ လူကြီးလဲလို့ ။ လူမမာတဲ့တော် … သူ ဒီစကားလုံး အရှည်ကြီးကို အသံသဲ့သဲ့နဲ့ ရပ်ရပ်ပြီး ခပ်ဖြည်းဖြည်း ဆုံးဆောင် ပြောတယ်လေ ။

သူများကတော့ ဘာများပြောမလဲလို့ နားတစွင့်စွင့်နှင့် ဂရုစိုက်ပြီး ဆုံးအောင် နားထောင်ခဲ့သည် ။

ပြီးမှ ဘာလို့များ အစအဆုံး ဂရုတစိုက် နားထောင်နေမိပြန်ပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ် မကျေမချမ်းဖြစ်ရပြန်သည် ။

သူကတော့ သူ ပြောချင်တာတွေ ပြောပြီးရင် အေးအေးပဲ နေတတ်သည်မှာ လူ့ရွာတွင် သူတစ်ယောက်ပဲ ရှိသည်ဟု ထင်ရသည် ။ သူများက ပူတတ် တွေးတတ်သူမို့ ဘာပဲဖြစ်ဖြစ် မိုးမဆုံး မြေမဆုံး ပူရပြန်သည် ။ ခုလည်းကြည့်လေ ... ။ သူ့မှာတော့ သိုးနေအောင် နှစ်နှစ်ခြိုက်ခြိုက် ချည်း အိပ်နေနိုင်သည် ။ ဟောက်များ ဟောက်နေပါသေး၏ ။

••••• ••••• •••••

အဲဒါမျိုးကြောင့် သူ့ကို စိတ်ဆိုးနေရသည် ။

အဲဒီတုန်းကလည်း သူ့ကို တော်တော်ပဲ စိတ်ဆိုးခဲ့မိသည် ။

တစ်ကိုယ်လုံး ထူထူပူပူချည်းနှင့် ရှိုးတိုးရှန်းတန်း ရှိခဲ့ရသည်မို့ သူ့ကို နှုတ်မဆက်ဘဲ ချာခနဲ လှည့်ပြန်ခဲ့သည် ။

တံခါးအထွက်ဝ ရောက်မှ ဘာလို့မှန်းမသိ သူ့ကို ပြန်ကြည့်မိရသေးသည် ။

သူကတော့ ဘာမှ မပြောလိုက်သလို အေးအေးဆေးဆေးပဲ ရှိနေပြန်သည် ။

ဒါကိုတွေ့ ရတော့ ဒီလို လှည့်ကြည့်မိရပါမို့လားလို့ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ဆိုး ရသေးသည် ။

သူ ဆေးရုံက ဆင်းပြီးတဲ့နောက် ဘယ်တော့များ လာပြီး ချစ်ရေးဆိုပါ့မလဲဟု တထိတ်ထိတ်နဲ့ စောင့်မျှော်ရပြန်သည် ။

ဒီလိုများ ချစ်ရေးလာဆိုရင် “ ရှင့်ကို မုန်းတယ် ၊ သိပ်မုန်းတယ် ... မချစ်ဘူး ” ဟု ပြောလိုက်ဖို့ရန် အမြဲ အားတင်းနေရသည် ။

သူက ဘာမှ မပြောပြန်တော့လည်း မေ့နေလေပြီလားဟု သူ့ရှေ့မှာ ဟန်လုပ်လုပ် ပြရသည်မှာ အမောပင် ဖြစ်သည် ။ ရယ်စရာကောင်း ကောင်းလှသေး၏ ။ နောက်ဆုံး သူ ချစ်ရေး ဆိုပြန်တော့လည်း “ ချစ်ချင်ပါဖူး ” ဟု ပြောပေမယ့် သူ့အနားက မခွာနိုင်ခဲ့ ။ သူ့ရဲ့ ရှားရှားပါးပါး တွန့်တွန့်တိုတို ယုယမှုကိုသာ အာသာတငင်းငင်း ဖြစ်ရပြန်သည် ။

ယခု သူနှင့် အကြင်လင်မယား ဖြစ်ပြန်တော့လည်း လူလေးတစ်ယောက် ရလာသည်အထိ သူ၏ ယုယမှုကို မခံခဲ့ရ ။ လူကောင်ကြီး တစ်ယောက်လုံးကို သူ့စာအုပ်တွေ လောက်မှ အရောဝင်ဖော် မရလေ ။

ထို့ကြောင့် လူလေးကို ချစ်ပေမယ့် သူ့ကိုတော့ မုန်းလှသည် ။ သူနှင့် ဝေးရာသို့သာ ပြေးလိုက်ချင်သည် ။

တွေးရင်း တွေးရင်း မှန်ပြတင်းကို ဖွင့်ကာ ကောင်းကင်ဝသို့ မျှော်ကြည့်မိသည် ။

အခုနေ ကိုကိုမောင် တစ်ယောက်တော့ ဟို ... ခပ်ဝေးဝေး မြင်နေရတဲ့ နဂါးငွေ့တန်းကြီးမှာ တစ်ယောက်တည်း ခရီးသွားနေမလား ။

ကိုကိုမောင်က ယုယတတ်သည် ။ နားဝတွင် အာငွေ့နွေးနွေးကလေးနှင့် ထိလာအောင် တွတ်တီးတွတ်တာနှင့် စကားပြောတတ်သည် ။

သူကတော့ တစ်ခါမှ ဒီလို မပြောဘူးခဲ့ ... ။

ထို့ကြောင့် မှုန်ရီရီ ဝေနေတဲ့ နဂါးငွေ့တန်းကြီးကို ကြည့်ကာ ကိုကိုမောင်ကို တမ်းတရ သည် ။ မျက်ရည်တွေ ဖုံးလာသဖြင့် နဂါးငွေ့တန်းကြီးကို ကြည့်လို့ မမြင်သောအခါ တံခါးပေါင်ကို မှီပြီး ဝမ်းထဲက အဆွေးတွေ ကုန်အောင် ရှိုက်ရှိုက် ထုတ်ပစ်နေရသည် ။ ဒီအချိန်မှာ ချောက်ခနဲ မြည်ပြီး မီးပွင့်လာသည် ။

အရှိန်သတ်၍ မရတိုင်း ရှိုက်ရှိုက်နေမိသော သူများကို အတော်ကြာအောင် မျက်မှောင်ကုပ် ကြည့်နေပြန်သည် ။ ထို့နောက်မှ သူ့ မျက်နှာတွင် ပြုံးယောင်သန်းခါ အနားသို့ ရောက်လာသည် ။

“ ဟဲ့ - အရူးမ ... အလကား တိတ် ၊ နင် ဘာဖြစ်နေတယ်ဆိုတာ ငါ သိပါတယ် ။ ဒါနဲ့ အလကား အအေးမိပြီး နေမကောင်း ထိုင်မသာ ဖြစ်နေဦးမယ် ။ အခုလို အေးတဲ့ရာသီ ဆိုတာ ခြင်ထောင်ထဲမှာ ထွေးထွေးနွေးနွေး နေမှပေါ့ ”

နားဝတွင် အာငွေ့ နွေးနွေးကလေးနှင့် ထိလာအောင် အိပ်ရေးဝသံနှင့် ညင်ညင်သာသာ ပြောနေပါသည် ။ ဒီလို ပြောခါမှ ပို၍ ဝမ်းနည်းလာပြီး ပို၍ ငိုချင်လာရသည် ။ ထို့ကြောင့် ပို၍လည်း ငိုပစ်လိုက်သည် ။ ငို၍လည်း အရသာ ရှိလွန်းလှသည် ။

“ ကောင်မလေး တစ်ယောက် ရှက်လဲ မရှက်ဘူး ငိုနေတယ် ။ တော်တော်ကြာ လူလေးက နိုးလာရင် မေမေက ရှက်လဲရှက်ဖူးဟေ့ … လို့ ငိုရယ်ငိုရယ်နဲ့ ယိုထိုးနေပါဦးမယ် ... တိတ် ကွာ ”

သူ့လက်ကြီးက သူများမျက်ရည်ကို လာသုတ်ပေးနေသည် ။

ဒါကြောင့် မုန်းမုန်းနဲ့ သူ့လက်ကြီးကို ပုတ်ပစ်လိုက်သည် ။ သူက ခါးကိုဖက်ပြီး အသာ တွဲခေါ်သွားရင်း မီးခလုတ်ကို လှမ်း၍ ပိတ်လိုက်သည် ။

ဧည့်ခန်းထဲတွင် မှောင်မြဲ မှောင်သွားပြန်သည် ။

“ မင်း … ကိုယ့်ကို စိတ်ကောက်နေတယ် မဟုတ်လားဟင် ၊ ယောက်ျားဆိုတာ ကိုယ့် မယားကိုယ် မချစ်ဘဲ နေပါ့မလား ”

သူက ပြောပြောဆိုဆိုနှင့် နဖူးကို ငုံ့၍ မွှေးလိုက်ပါသည် ။

“ တော်ပါ … သူများကတော့ သူ့ကို ဂရုစိုက်လိုက်ရတာ ၊ သူကတော့ ဘယ်တော့မှ သူများကို ဂရုမစိုက်ဘူး ”

ပါးစပ်ကသာ ဆောင့်ကြီးအောင့်ကြီး ပြောနေရသည် ။ လက်ကတော့ သူ့ လည်ပင်းကို တအားချည်း ဖက်ထားနေမိသည် ။ တကယ်ဆိုတော့ ကိုယ် သွားချင်နေတဲ့ ကြယ်ဗိမာန်ကို ဒီလူကြီးနဲ့ပဲ သွားရမှာပ , လေ ... ။

☐ ရန်ကုန်ဘဆွေ
📖ပေဖူးလွှာ မဂ္ဂဇင်း
     အောက်တိုဘာ ၊ ၁၉၅၇

No comments:

Post a Comment