❝ ကျွန်မ၏ သူရဲကောင်းများ ❞
( ညိုနှင်းအိမ် )
ကျွန်မသည် ဒိုင်ယာရီ ရေးခြင်းကို အလွန်နှစ်သက်ပါသည် ။ ဒိုင်ယာရီ ဆိုတာ ကျွန်မလို နိုင်ငံ့ဝန်ထမ်း တစ်ယောက်အတွက် တစ်နေ့တာ ဆောင်ရွက်ရမည့် အရေးကြီးသောကိစ္စများကို မှတ်ထားသင့်သော မရှိမဖြစ် စာအုပ် သာလျှင် ဖြစ်ပါသည် ။ ဥပမာ - ယနေ့ ဆေးရုံအုပ်ကြီး ကိုယ်စား နံနက် ၉ နာရီ၌ လပတ် ဆွေးနွေးပွဲ သွားတက်ရမည် ။ ဆေးရုံရှိ ဆောက်လက်စ ဓာတ်မှန်ခန်း ပြီးစီးမှု အခြေအနေ တင်ပြရမည် ။ နေ့လယ် ၂ နာရီ၌ တရားရုံးတွင် ရုံးချိန်းရှိသည် စသည် စသည်ဖြင့် အရေးကြီးသော အရာများကို မှတ်ရေးထားမှ မမေ့မလျော့ဘဲ တစ်နေ့တာ လုပ်ငန်းများကို ချောမောပြေပြစ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည် ။
ကျွန်မ၏ ဒိုင်ယာရီ ကတော့ မရှက်တမ်း ဝန်ခံရလျှင် အစပိုင်း လေးငါးရွက်သာ ရုံးအလုပ် ၊ ဆေးရုံ အလုပ်များချည်းဖြစ်သော်လည်း နောက်ပိုင်းတွင် စိတ် ဝင်စားဖွယ်ရာ ကျွန်မ၏ ရင်ခုန်သံ သံစဉ်များပင် ဖြစ်လာကြပါသည် ။ အချိန် ဆင်းရဲလှသောကြောင့် စိတ်ကူးဖြင့် ဝတ္ထုရေးလေ့ ရှိသော ကျွန်မသည် စာရွက်နှင့် ဘောပင် အခန့်သင့်၍ တွေ့ဆုံချိန်လေးတွင် ကျွန်မ၏ ခံစားချက်များ အလိုလို ချရေးမိလျက်သား ဖြစ်သွား ပါသည် ။ ပြင်းထန်သော စိတ်အင်အား၏ စိုးမိုးချက်ကို ကျွန်မ မလွန်ဆန်နိုင်ပါ ။
“ ယနေ့ မိုးကို စတင် တွေ့ဆုံရသည့် ငွေမြားတံကလေးတွေ ကောင်းကင်မှ ကျဆင်းလာသည်ကို ကြည့် ရင်း ကျွန်မ အလိုလို ပျော်ရွှင်နေမိသည် ။ ပိတောက် စိမ်းစိမ်းတွေ ရွှေရည်လူးတော့မည် ထင်သည် ။ မိုးစက်များ လွင့်ကြွေလာသောအခါ မြေသင်းနံ့မွှေးမွှေးကလေးက ကျွန်မနှလုံးသားကို ကလူကျီစယ်လေသည် ”
ဒါ ဆေးရုံ ကျန်းမာရေး အရာရှိ ဆရာဝန်မရဲ့ ဒိုင်ယာရီ တဲ့လား ။ တစ်စုံတစ်ခုတော့ မှားယွင်းနေပါပြီ ။
“ ယနေ့ ကောင်းကင်မှာ စွန်တစ်ကောင် ပျံဝဲနေသည်ကို စတင် တွေ့မြင်ရသည် ။ မိုးထွက်ခွာတော့မည့် အထိမ်းအမှတ်ပေပဲ ။ မိုးသားပြာပြာဝယ် အားမာန်အပြည့်နှင့် စွန်က တောင်ပံ ဖြန့်ဝဲ နေသလို စက္ကူစွန်နီနီကလေး ကလည်း အားကျမခံ ပျံဝဲနေသည် ။ သက်ရှိနှင့် သက်မဲ့ အားပြိုင်ပွဲကို ခုမှရောက်လာသော ဆောင်းက ရီဝေစွာ ငေးမောကြည့်နေပေလိမ့်မည် ”
အဲဒီလို အကွန့်အညွန့်မျိုးတွေ ပါဝင်လာတတ်သော ဒိုင်ယာရီကို သူများ မမြင်အောင် အသာ ဝှက်ထား ရသည် ။ ချစ်သူကတော့ ...
“ မင်းကွာ ဒိုင်ယာရီ ကလည်း စာညွန့်လိုလို ၊ ကဗျာလိုလိုနဲ့ အရေးကြီးတဲ့ ရုံးကိစ္စတွေ မေ့ကျန်ခဲ့ပါဦးမယ် ” ဟု သတိပေးရှာသည် ။
ထိုသို့သော ကျွန်မ၏ ဒိုင်ယာရီတွင် နေ့စဉ် ဆေးရုံ၌ ကြုံတွေ့ ရသော ထူးခြားလှသည့် မှတ်တမ်းလေးများလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပါတတ်ပါသေးသည် ။ “ သူရဲကောင်း ” ဆိုတာ စစ်မြေပြင်မှာသာ ရှိရမှာပေါ့ ဟု ကျွန်မ ငယ်စဉ်က ထင်မြင်ခဲ့ဖူးပါသည် ။ ယခုတော့ ဆေးရုံ အလုပ်တာဝန်များစွာ ကြားတွင် ပြေးလွှားလှုပ်ရှားရင်း ကျွန်မ မလေးစားဘဲ မနေနိုင်သော ၊ မချီးမွမ်းဘဲ မနေနိုင်သော အလွန် စိတ်ဓာတ်ခိုင်မာသည့် သူရဲကောင်းများစွာကို တွေ့ရှိခဲ့ရဖူးလေသည် ။ ကျွန်မ၏ ဒိုင်ယာရီတွင် ရသမျိုးစုံ ရောနှောနေသော ပျော်မွေ့ဖွယ် အကြောင်း အရာများစွာအနက် သူရဲကောင်းများ၏ အကြောင်းကို မှတ်တမ်းတင် ထားသည်ကိုလည်း တွေ့ရပါသည် ။ တစ်ခါတစ်ရံ ဒိုင်ယာရီဟောင်း၏ စာမျက်နှာများကို ပြန်လှန်လှော၍ ကြည့်ရင်း ကျွန်မ သူရဲကောင်းများနှင့် တွေ့ဆုံခဲ့ရပုံကို အမြတ်တနိုး ပြန်လည် ဖတ်ရှုနေမိပါသည် ။
ကျွန်မက တောင်ငူသူမို့ သူရဲကောင်း အရွေးတော်သော ရှင်ဘုရင် တပင်ရွှေထီး ကို သတိရမ်ပါသည် ။ လက်ဖျားထိပ်ကို အပ်နဲ့ စိုက်လို့ တူနဲ့ ရိုက်ကာ ရွေးချယ်ပါသတဲ့ ။ မကြောက်မရွံ့ ၊ မလှုပ်မယှက်နဲ့ နည်းနည်း လေးမှ မတွန့်မဆုတ်သူ ကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်ပါသတဲ့ ။ ကျွန်မ သူရဲကောင်း ရွေးချယ်ပုံကမူ တောင်ငူဘုရင် တပင်ရွှေထီး နှင့် မတူ ၊ တစ်မူများ ထူးခြား နေလေရော့သလား ။
••••• ••••• •••••
ထိုညက ကျွန်မ ညဂျူတီ ကျပါတယ် ။ ည ၁၂ နာရီကျော်သည်အထိ စကားတပြောပြော စားလိုက် ၊ သောက်လိုက်ဖြင့် အိပ်မငိုက်ကြသော်လည်း ည ၂ နာရီ ၊ ၃ နာရီ ထိုးသောအခါ ထုံးစံအတိုင်း အကြီးအကျယ် အိပ်ငိုက်ကြလေသည် ။ ထိုအချိန်မှာမှ ဆေးရုံ အဝင်ဝ သံတံခါးကြီးကို အပြင်းအထန် ကိုင်လှုပ် နေသော လူတစ်စုကြောင့် ကျွန်မတို့ မျက်စိများ ပြူးကျယ်သွား ကြလေသည် ။
“ ဘာလူနာလဲဟဲ့ ”
သူနာပြုဆရာမကြီး ဒေါ်အယ်ဒီ က မေးသည် ။
“ မြွေပွေးကိုက် လူနာပါ ဆရာမကြီး ”
“ ဟဲ့ ... မြွေပွေးတဲ့ဟဲ့ ၊ လာလာ .. စမ်းသပ်ခန်းထဲ မြန်မြန်ပို့ ”
လူနာက ထမ်းပုခက်ပေါ်မှာ ခွေခေါက် နေရှာသည် ။ တောရွာ ထုံးစံအတိုင်း စောင် ကို နှစ်ဖက်ထုံးပြီး ဝါးလုံး တောင့်တောင့်မှာ လျှိုထားသည် ။ ပုခက် အောက်ချလိုက်သောအခါ လူနာကို စောင်ထဲမှ မနည်း ဆွဲထုတ်ရသည် ။ လူနာကော လိုက်ပို့သူများပါ ဟိန္ဒူလူမျိုးများ ဖြစ်ကြသည် ။ ကျွန်မ၏ ဆေးရုံ အနားတစ်ဝိုက်တွင် ဆားဂွန်း ၊ ဆားဒေးနဂါး စသော လယ်ယာစိုက်ပျိုးသည့် ဟိန္ဒူကျေးရွာများ များစွာ ရှိလေသည် ။
လူနာကား မျက်စိပင် မဖွင့်နိုင်တော့ ။ အသက်တော့ ခပ်မျှဉ်းမျှဉ်း ရှူနေဆဲဖြစ်သည် ။ ခုတင်ပေါ် ရောက်လာတော့ လူနာ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်လျှင် စောစောက အိပ်ချင်မူးတူး စိတ်များ လွင့်ပြယ်သွားလေသည် ။
“ အလို .. ဘုရား ဒီလူနာ ရန်ကနား မဟုတ်လား ဟင် ”
“ ဟုတ်ပါ့ … ဒေါက်တာရေ ရန်ကနား မှ အစစ် ”
ရန်ကနား သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မ၏လူနာ တစ်ယောက် ဖြစ်ခဲ့လေသည် ။ ဟိုတုန်းကလည်း သူ့ကို မြွေပွေးကိုက်၍ ဆေးရုံ ရောက်လာခြင်းပင် ဖြစ်သည် ။ ဆေးရုံမှာ တစ်လနီးပါးခန့် အနာကောင်းသည် အထိ နေပြီးမှ ဆေးရုံမှ ဆင်းသွားသော လူနာဖြစ်၍ ကျွန်မတို့ ကောင်းစွာ မှတ်မိနေခြင်း ဖြစ်သည် ။
လူနာများ မြွေကိုက် ခံရလျှင် ဓားဖြင့် ခွဲစရာ မလိုတော့ကြောင်း ၊ ဓားဖြင့် ခွဲ၍ သူ့အနာမှာ ကြာမြင့်စွာ ကုသရကြောင်း ၊ အနာကို ရေဖြင့် ဆေးရန်သာ အလွန်အရေး ကြီးကြောင်း ၊ ဒဏ်ရာ အပေါ်မှာ ကြိုးစည်း လျှင်လည်း ခပ်လျော့လျော့သာ စည်းသင့်ကြောင်း ၊ တင်းကျပ်လွန်းပါက ခြေလက် ပုပ်သွားတတ်ကြောင်း ၊ လူနာသည် မြွေကိုက်ခံရပြီးမှ လမ်းမလျှောက်ခဲ့လျှင် အဆိပ်ပျံ့နှုန်း နည်းပြီး ဆေးကုသပျောက်ကင်းဖို့ အလွန် သေချာကြောင်း သူသည် ကျွန်မ ကိုယ်စား ရေရေလည်လည် ရှင်းပြနိုင်လေသည် ။
ခုတော့ သူ့ကိုပဲ မြွေပွေးက ထပ်ပြီး ကိုက်ပြန်ပြီ ။
မြွေဓာတ်ကျလှချည်လား ရန်ကနားရယ် ။ ကျွန်မ စိတ်မကောင်းစွာဖြင့် သူ့ကို သွေးပေါင်ချိန်ရန် ပြင်ဆင်သည် ။ ထိုအခါ ချွေးသီးချွေးပေါက်များဖြင့် ဇောချွေးပြန် နေသည့် ကြားမှ ရန်ကနား၏ မျက်စိများ တဖြည်းဖြည်း ပွင့်လာလေသည် ။
“ ဟယ် ... ရန်ကနား နင် သတိရနေသလား ”
“ ဆေးရုံ ရောက်ပြီလား ဆရာ ”
နယ်ဆေးရုံများ၌ ဆရာဝန်မ ကိုလည်း “ ဆရာ ” ဟု ချစ်စဖွယ် ခေါ်ဝေါ်တတ်ကြပါသည် ။
“ အေး … ဆေးရုံမှာပေါ့ ”
“ ဆရာ … နားထောင်နော် ။ ကျွန်တော့်ကို ကိုက်လာ မြွေနှစ်ကောင်တောင် ကိုက်တာ ။ မြွေထီးမြွေမ ထင်တယ် ဆရာ ။ နှစ်ကောင်လုံးကို ကျွန်တော် တက်နင်းမိတယ် ။ မြွေတစ်ကောင် က နော် အရင်ကိုက်တယ် ၊ ကျွန်တော် လန့်ခုန် လိုက်တယ် ။ ပြန်ကျတယ် ။ နောက် တစ်ကောင်ကို ထပ်နင်းမိတယ် ။ ကျွန်တော့်ကို ထပ် ကိုက်ပြန်တယ် ။ ကျွန်တော့်ကို ကိုက်တာ နှစ်ခါနော်ဆရာ ”
ကျွန်မကို အလွန် အရေးကြီးသော စကားများပြောရန် သူ သတိမလစ်သွားစေဖို့ အနိုင်နိုင် ကြိုးစားခဲ့ရဟန် တူသည် ။
“ နင့်ကို တစ်ကြိမ်တည်း မြွေနှစ်ခါကိုက်တယ် ၊ သေချာတယ်နော် ရန်ကနား ”
ထိုအမေးကို သူ မဖြေနိုင်တော့ပါ ။ ပြောသင့်တာ ချက်နှင့်လက်နှင့် ပြောပြီး သတိလစ် မေ့မြောသွားပါသည် ။ ထိုအချိန်မှာ ပျာယာခတ် သွားသူက ကျွန်မဖြစ်ပါသည် ။ မြွေနှစ်ကောင်တောင် ကိုက်တာတဲ့ ။ အဆိပ်က တော်တော်များမှာပဲ ။ ဆေးကုသမှုကို ခေါင်းမီးတောက် မတတ် ချိန်ဆတွက်ချက်ပြီး အဆင်အပြေဆုံးဖြစ်မည့် ကုထုံးကို စဉ်းစားရသည် ။ သူ့ ကိုယ်ထဲ ဝင်သွားသော မြွေဆိပ်ဖြေဆေးများ ကလူးကို့စ်ရည်များ ပြန်ထွက်လာ သည့်ဆီး ၊ ဆီးထဲမှာ သွေးပါမပါ ၊ သွေးပေါင်ကျမှု ရှိမရှိ ၊ သွေးခဲနှုန်း အပြောင်းအလဲ ။ အို ….. ကျွန်မ သူတကာကို မြွေကိုက်ရာတွင် ကုသသည်ထက် ရန်ကနား ကို နှစ်ဆပိုကာ ဂရုစိုက်ရလေသည် ။ သွေးခဲနှုန်းကို မကြာခဏ စစ်မိသည် ။ စိတ်ပူလွန်းလို့ပါ ။ ဒရစ်ပိုက်ကို ကြည့်လိုက် ၊ ဆီးပုလင်း ကြည့်လိုက် ၊ အဖျားဝင်လေသလား ၊ ကြို့ထိုး သလားနှင့် ရန်ကနား အပါးမှ တစ်ဖဝါးပင် မခွာနိုင်တော့ချေ ။
ဖြစ်မှဖြစ်ရလေကွယ် ။ ချစ်တင်းနှီးနှောနေတဲ့ မြွေးပွဲကို တက်နင်းမိတယ် ထင်ပါရဲ့ ။ နင်းပြန်တော့ လည်း အကြိမ်ကြိမ် ။ နင်ကို ကံဆိုးတာ ရန်ကနား ရယ် ။ ဟိုက ချစ်ဆိပ်တွေ တက်နေတုန်း နှောင့်ယှက်တဲ့ နင့်ကို စိတ်ဆိုးဆိုးနဲ့ ဝိုင်းကိုက်ကြမှာပေါ့ ။ နင် ပြန်နေကောင်းလာပါစေ ။
သုံးရက်ခန့် လောကကြီးနှင့် အဆက်ပြတ်ပြီး သတိလစ် မေ့မြောနေရာမှ ရန်ကနား ပြန်လည် သတိရလာလေသည် ။ ဆီးပုလင်းထဲမှာ ဆီးတွေကလည်း အဝါရောင်ဖျော့ဖျော့နှင့် ပုလင်းတစ်ဝက် ကျော်လာပါပြီ ။ ကျွန်မ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ၊ သူ ထိုင်နိုင်တော့ ကျွန်မ လက်ကို တရိုတသေ ဆွဲကိုင်ရင်း သူ့နဖူးမှာ ကပ်ကာ ပြောပါသည် ။
“ ရန်ကနား လေ မြွေကိုက်ပြီး ကတည်းက မျက်စိ ပြာသွားတယ် ။ လမ်းမှာ ခဏခဏ မေ့သွားတယ် ။ ဒါပေမဲ့ ရန်ကနား ကို မြေနှစ်ခါ အကိုက်ခံရတာ သူများ ပြောရင် ဆရာ ယုံချင်မှ ယုံမယ် ။ ရန်ကနား ကိုယ်တိုင် ပြောချင်လွန်းလို့ အတင်း အားတင်းထားရတာ ။ ဒီအကြောင်းကို ဆရာသိရင် အစွမ်းကုန် စဉ်းစားပြီး ကုသနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံတယ် ။ ကျွန်တော် လမ်းမှာ သေမလို ခဏခဏ ဖြစ်တယ်ဆရာ ။ ဒါပေမဲ့ ငါ့အသက်ကို ကယ်နိုင်မယ့်သူ ငါပဲ ရှိတယ် ။ မသေနဲ့ဦး လို့ စိတ်တင်းထားရတယ် ။ ကျွန်တော် သေရမှာကို မကြောက်ဘူးဆရာ ။ သေသေချာချာ ဆေးကု မခံလိုက် ရမှာလိုပဲ စိုးရိမ်တယ် ”
အပြောကောင်းလှသော ရန်ကနား ပခုံးကို ကျွန်မ ဆုပ်ကိုင်ထားမိသည် ။ ဒါမှ ကျွန်မရဲ့ သူရဲကောင်း ။ မြွေပွေးနှစ်ကောင် တစ်ပြိုင်နက် အကိုက် ခံရတာကိုတောင် ဇွဲမလျှော့တဲ့ သူရဲကောင်း ။ တချို့လူတွေဆို ကြောက်လန့် လာနဲ့ကို သေနှင့်ပြီ ။ ရန်ကနား ကတော့ ကျွန်မ ယုံကြည်အောင် ပြောပြနိုင်ဖို့ သူ စိတ်အား တင်းထားခဲ့သည် ။ စိတ်တန်ခိုးသည် ကြီးမားပေစွ ၊ သူ့ရွာနှင့် ဆေးရုံသည် နှစ်မိုင်ခန့် ဝေး လေသည် ။ လှည်းလမ်းပင် မရှိ ။ စောင်ပုခက် တလှုပ်လှုပ်နှင့် လာရရှာသည် ။ သူ စိတ်လျှော့လျှင် သူ လမ်းမှာပင် သေခဲ့ပြီ ။ သေမင်းနှင့် နင်လား ငါလား ရင်ဆိုင်ချိန်တွင် မလျှော့သောဇွဲရှိသူ ရန်ကနား ကို ကျွန်မ လေးစားသည် ။ မှန်ကန်သော ရောဂါအခြေအနေ သတင်းပို့နိုင်မှုကို ကျွန်မ အလွန် နှစ်ခြိုက်မိသည် ။ ကျွန်မကလည်း လူတစ်ယောက် မြွေနှစ်ကောင် တစ်ပြိုင်နက် အကိုက်ခံရခြင်းကို သူများ ပြောလျှင် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နိုင်သည် ။
ဆေးပညာကို ယုံကြည် အားကိုးပြီး သေမင်းကို အန်တုနိုင်သည့် သူရဲကောင်း ၊ ကျွန်မ၏ သူရဲကောင်း ရန်ကနားကား မြွေပွေးသုံးခါ အကိုက် ခံရပြီးသော်လည်း လောကကြီးမှာ ရယ်ကာမောကာ ရုန်းကန်လှုပ်ရှားလျက် ပျော်မွေ့ ကျင်လည် နေဆဲပင် ။
“ နောက်တစ်ခါ မြွေပွေးက ကျွန်တော့်ကို တွေ့ရင် ကိုက်ချင်စိတ် ကုန်ပြီး ရှောင်သွားမှာပါ ဆရာ ” တဲ့ ။
ကျွန်မ သူ့စကားကို အလွန်သဘောကျသွားပြီး ကျွန်မ၏ ဒိုင်ယာရီမှာ မှတ်တမ်းတင်ထားလေသည် ။
မြွေပွေးပင် လက်မှိုင်းချရတဲ့ ကျွန်မရဲ့ သူရဲကောင်းပါပေ ။
••••• ••••• •••••
“ ဆရာ တောကလူနာ ရောက်လာတယ် ။ ကလေး မမွေးနိုင်လို့တဲ့ ”
ကျွန်မ မွေးခန်းထဲ ဝင်လိုက်တော့ မွေးစင်ပေါ်မှာ မိန်းမငယ် တစ်ယောက်ကို တွေ့ရသည် ။ ခပ်ပုပု ညှက်ညှက်ပါပဲ ။ ကလေးကတော့ မမွေးနိုင်သည်ကို ဇာချဲ့ရန် မလိုပါ ။ ကလေးငယ်ကလေး၏ ခြေထောက် သေးသေးလေး တစ်ချောင်းပင် ဝမ်းပြင် ရောက်နေပါပြီ ။ ခြေထောက်ကလေးမှာ ပြာနှမ်းနေပါပြီ ။ သည်မိန်းမ နေသည့် ရွာကလည်း ဝေး ၊ ရွာမှာလည်း ကြိုးစားကြည့်တာ အချိန် တော်တော်ကြာခဲ့ပြီ ထင်ပါသည် ။ ကလေးက အသက် မပါတော့ပါ ။ မိခင်အသက်ကို လုရန်သာ ကျန် ပါတော့သည် ။ ကျွန်မ အတွေ့အကြုံအရ ကလေးမှာ တင်ပါးဆုံနှင့် မွေးမည့် အနေအထား ဖြစ်ရမည် ။ ခြေတစ်ချောင်းက အဆင်သင့်၍ ထွက်လာသော်လည်း အခြား ခြေတစ်ချောင်းက အပေါ်သို့ ထောင်နေဟန် ရှိသည် ။
ဪ... ကိုးလိုးကန့်လန့် နေတတ်ပါ့ကလေးရယ် ။
“ ဒေါက်တာ ကြိုးစားကြည့်ပါလား ၊ ကလေးက သေနေပြီပဲ ။ မရမှ ခွဲခန်းဖွင့်ကြတာပေါ့ ”
သူနာပြုဆရာမကြီး၏ အကြံဉာဏ်ကို ကျွန်မ လက်ခံပါသည် ။ ကျွန်မသည် သားဖွားခြင်းမှာ အလွန် ဝါသနာထုံသော ၊ အလွန်လည်း လာဘ်ကောင်းသော ဆရာဝန်တစ်ဦး ဖြစ်ပါသည် ။ ကျွန်မ၏ ထူးထူးခြားခြား ရှည်လျားသေးသွယ်လှသော လက်ချောင်းကလေး များ၏ ကူညီမှုကြောင့်လည်း ဖြစ်နိုင်ပါသည် ။
မိန်းမတစ်ယောက် မီးဖွားပြီး အချင်း ကပ်နေ၍ ဆေးရုံ ရောက်လာပြီ ဆိုပါစို့ ။ ထိုအချင်းသည် ကပ်သီးကပ်သတ် သားအိမ်မှ ခွာမရ ဖြစ်နေတတ်ပါသည် ။ ထိုသို့ အချင်းခွာရန် ကြိုးစားနေစဉ် ဆင်းချလာလိုက်မည့် သွေးတွေ ကလည်း နွားသ,တ်သလို ခြင်းခြင်းနီ နေတတ် ပါသည် ။ ထိုအခါ အချင်း ကျန်ရုံကလေးနှင့် မိခင် ဗိုက်ခွဲပြီး အချင်း အစအနများ ထုတ်ယူရသည်လည်း ရှိခဲ့ဖူးပါသည် ။
သည်ဆေးရုံမှာတော့လေ .. ။
“ မီးဖိုပျက်ရင် ပစ်မထားနဲ့ ။ ကျွန်တော် အားကြီး စိတ်ဆိုးတယ် ” ဆိုသည့် ကြော်ငြာလိုပင် “ အချင်းကပ်ရင် ပစ်မထားနဲ့ ၊ ကျွန်မ အားကြီးစိတ်ဆိုးတယ် ” ဟု ပြောရမတတ်ပင် ။ ကျွန်မလက်ချောင်းလေးများနှင့်သာ အချင်းကို သပ်သပ်ပြီး ခွာချလိုက် ခဏကလေးနှင့် ကွာကျသွားတာ များပါသည် ။ ထို့ကြောင့် အချင်းကပ် လူနာများ ရောက်လာလျှင် ဘယ်ဆရာဝန်မှ အပင်ပန်းမခံ မကြိုးစားတော့ဘဲ ကျွန်မ ကိုသာ မရအရ လိုက်ရှာကြပါသည် ။ ကျွန်မ လက်ချောင်းကလေးတွေက မုန့်ပျားသလက်ကို ကော်သော သံယောက်မလေး ဟု ကွယ်ရာမှာ ချစ်စနိုးနှင့် နောက်ပြောင်ကြပါသည် ။ ယခုလည်း သည်လူနာကို ကျွန်မ၏ လက်ချောင်းကလေးများ အားကိုးနှင့် ကျွန်မ ကြိုးစားချင်ပါသည် ။ ဒါပေမဲ့ လူနာမှာ ယဲ့ယဲ့သာ ရှိပါတော့သည် ။
“ ကိုင်း .. မရွှေစာ ကျွန်မ ကြိုးစားမွေးကြည့်မယ် ။ မရရင်တော့ ခွဲရမှာနော် ။ အားတင်းထား ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ .. ဆရာ ။ ကျွန်မကို မညှာပါနဲ့ ။ ကြိုးသာ ကြိုးစားကြည့်ပါ ဆရာ ”
အံမယ် ... လူနာနဲ့ ဆရာ ကလည်း လိုက်ဖက်ပါ့ ။ အာဂမိန်းမပါပဲ ။
တကယ့်တကယ် မွေးကြည့်တော့ အားတင်းထားရမည်မှာ ကျွန်မသာလျှင် ဖြစ်ပါသည် ။ တင်ပဆုံနှင့် တစ်နေသည်မှာ ဘယ်လိုမှ ထုတ်၍ မရချေ ။ လွယ်မယောင်နှင့် လက်ပေါက်ကပ်နေလေသည် ။
အား ... အင်း ... အူး ... အလိုလေးနှင့် သံစုံအော်နေ သည်မှာ ကျွန်မ သာလျှင် ဖြစ်သည် ။ လူနာကား ချွေးသီးချွေးပေါက်တွေ မျက်နှာမှာ သီးနေ သော်လည်း အသံ တစ်ချက်မှမထွက်ချေ ။ ကျွန်မ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေပြီ ။ သံယောက်မ ဇောချွေး ပြန်ချေပြီ ။ သွေးတွေကလည်း ခြေရင်းမှာ အိုင်နေပြီ ။ လူနာကား ကလူးကို့စ် ဒရစ်တစ်လုံးနှင့် ကြံ့ကြံ့ခံနေဆဲ ဖြစ်သည် ။ ကျွန်မ အရှုံးပေးရလု ဆဲဆဲတွင် သူမ၏ သားအိမ်ထဲ ကျွန်မ လက်တစ်ချက် အလှည့် ကလေးငယ်၏ ထောင်နေသော ခြေထောက်မှ တံကောက်ကွေးကလေးကို စမ်းမိသွားလေသည် ။
ကိုင်း ... လာလေရော့ ။ တတ်သမျှ မှတ်သမျှ ပညာကုန် ထုတ်ပြီး ကလေး၏ တံကောက်ကွေးကလေးကို ဆွဲဖိလိုက်လျှင် ခြေထောက်ကလေး ကွေးကျလာပြီး ခြေ ဖဝါးကလေးတစ်ဖက် ကျွန်မ ဆွဲကိုင်မိသွားလေသည် ။ ခြေမကလေးကို မလွတ်တမ်း ဆုပ်ကိုင်ပြီး ဆွဲအထုတ်လိုက်တွင် ကလေး၏ တစ်ကိုယ်လုံး ဝမ်းပြင်သို့ သိပ် အခက်အခဲ မရှိတော့ဘဲ ရောက်လာလေသည် ။
ပြီးပြီ ... ပြီးပြီ ။
ကျွန်မကား ပင်ပန်းလွန်း၍ ၊ စိတ်လှုပ်ရှားလွန်း၍ မူးရိပ်မူးရိပ် ဖြစ်နေပြီ ။ ထိုနေရာမှလည်း ရုတ်တရက် ခွာ၍မရ ။ သွေးများဖြင့် စေးကပ်နေ၍ ခြေထောက်ပင် ခွာမရတော့ချေ ။
“ နော်ထီးမူရေ .. ကျွန်မကို သကြားလုံးလေး ခွံ့ပေးပါ ”
သူနာပြုဆရာမက ဟုတ်ပါရဲ့ ၊ ဒေါက်တာ မူးနေရှာပြီဟု ဆိုပြီး ကျွန်မ နှာခေါင်းစည်းကို ဖြုတ်ကာ သကြားလုံးချိုချိုလေး ခွံ့ပေးပါသည် ။ သကြားလုံး ကလေး တမြုံ့မြုံ့ စုပ်လိုက်မှ နေသာထိုင်သာ ရှိသွားပြီး လူနာမရွှေစာကလေးကို လှမ်းကြည့်ရပါသည် ။ သူမကား မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်နေသည်မှအပ ချွေးတွေ သံတွေကြားမှာ အပြုံးစကလေးပင် တွဲခိုနေလိုက်သေး သည် ။ ကျေးဇူးတင်လိုက်တာ ဆရာရယ်ဟု ပြောနိုင်သေးသည် ။
သူမ၏ နေရာမှာ ကျွန်မသာ ဆိုလျှင် နာကျင် ကြောက်လန့်၍ သေနှင့်ပြီထင်သည် ။ နောက်နေ့မှ သူမ နှင့် စကားစမြည် ပြောကြည့်တော့ အားပါးပါး သူမသည် ယခု ကိုယ်ဝန်နဲ့ပါ ဆိုလျှင် ကိုယ်ဝန်ဆောင်ခဲ့သည်မှာ ၁၉ ကြိမ် ရှိပြီတဲ့ ။ ၉ ကြိမ်က ကလေးပျက်ကျ စာရင်း ဝင်ခဲ့သည် ။ ၉ ကြိမ်တိုင်တိုင် သွေးအိုင်ထဲ လူး၍ သေအံ့မူးမူး နာကျင် ခံစားခဲ့ဖူးပြီ ။ ကျန် ၉ ကြိမ်မှာ ကလေး ငါးယောက်က မွေးပြီးမှ ဆုံးပါးခဲ့ပြီး ဘယ်နှစ်နှစ် ၊ ဘယ်နှစ်လ ၊ ဘယ်အချိန် အခါတွေမှာ ဆုံးခဲ့သလဲ ၊ နာမည် ဘယ်သူလဲ ၊ ဘယ်သူက အကြီး ၊ ဘယ်သူက အငယ်လဲ ကျွန်မက စေ့စေ့စပ်စပ် မေးလေ သူမ တိတိကျကျ မဖြေနိုင်လေ ဖြစ်နေတော့လည်း ငါးသိုင်းများတော့ ဟင်းဟုန် သွားပြီထင်ပါ့ ။ သေချာတာကတော့ အားလုံး ဆုံးကြသည်မှာ ငါးနှစ် ခြောက်နှစ်ကျော် အရွယ်တော်တော်ရမှ ဖြစ်သည် ။ မိဖြူ က အရင် ဆုံးတာလား ၊ မိသဲ က အရင် ဆုံးတာလား သူမ သေချာမသိတော့ပေ ။ ယခု အိမ်မှာ ကျန်တာ လေးယောက် ။ သားအကြီးဆုံးက အိမ်ထောင်ကျပြီး မြေးပင် ရနေပြီ ။ ယခုကလေးက နံပါတ် ၁၉ ကြိမ် မြောက်ပေါ့ ။ ခုမှ သူမ အသက်က ၄၃ နှစ် ၊ ထပ်မွေးဦး မှာ ။ သူမ၏ ကလေးမွေး ဆားဗစ်က မသေးလှပါ ။ ဘုရား .. ဘုရား .. သူမရဲ့ သတ္တိတွေ ဘယ်သူကများ ပေးသနားထားပါလိမ့် ။ ကလေးမွေးခြင်း ၊ ခက်ခဲခြင်း ၊ အသက်လုရခြင်းတွေသည် သူမ အတွက်တော့ အသေးအမွှား ဖြစ်နေပြီ ။
ကျွန်မသည် ရှင်မွေးလွန်းမ ကိုမှ သူရဲကောင်းဆု မပေးလျှင် ဘယ်သူ့ကို ပေးရမည်နည်း ။ သတ္တိခဲမကို ကျွန်မ လေးစားပါသည် ။
ဒါမှ ကျွန်မရဲ့ သူရဲကောင်းဟု မိမိဘာသာ အဆိုတင်သွင်းပြီး မိမိဘာသာ အတည်ပြုလိုက်ပါသည် ။
••••• ••••• •••••
နောက်ထပ် သူရဲကောင်း တစ်ဦးကိုမူ ရခိုင်ပြည်နယ် ဆေးရုံတစ်ရုံတွင် တာဝန်ကျစဉ် အမှတ်မထင် ကြုံဆုံခဲ့ရပါသည် ။ ရခိုင်ပြည်နယ်တွင် နံ့သာသွေးပြိုင်ပွဲကို နေရာအနှံ့ ကျင်းပလေ့ ရှိပါသည် ။ သွေးပြီးနံ့သာများကို စဉ့်ခွက်နှင့် ထည့်၍ မြတ်စွာဘုရားကို ပူဇော်ကြပါသည် ။
ကျွန်မတို့ အမွှေးတိုင် ပူဇော်သလိုပေါ့လေ ။ ကျွန်မတို့ ဆေးရုံအဖွဲ့ကလည်း ပြိုင်ပွဲဝင်ရန် စာရင်းပေး ထားပါသည် ။ ကျွန်မက အဖွဲ့ ခေါင်းဆောင်ဖြစ်ပါသည် ။ ဘုရားရင်ပြင်တော်မှာ ကျောက်ပျဉ်ကြီးတွေ ချထားပြီး စတင်ရန် အချက်ပေးသည်နှင့် အားသွန်ခွန်စိုက်နဲ့သာ သွေးရပါသည် ။ ကျွန်မတို့ အဖွဲ့မှာ ကျွန်မ စတင်သွေးပါသည် ။ ကျွန်မတို့ နံဘေးမှ နံ့သာသွေးအဖွဲ့ကတော့ အလွန်အားရစရာ ကောင်းပါသည် ။ နံ့သာသွေးနေသော အစ်မကြီးတွေက တကယ့်ကို အားကောင်းမောင်းသန်ကြီး တွေ ၊ ကိုယ်လုံးကြီးတွေနဲ့ ဖိဖိပြီးသွေးနေသည်မှာ တရှဲရှဲနှင့် အားရစရာ ။
ကျွန်မကတော့လား ကျောက်ပျဉ်နှစ်ချပ်ပဲ သွေးရပါသေးသည် ။ ထမ်းထုတ်ရမတတ် အားပြတ်နေပါပြီ ။ သံယောက်မလက်နှင့် နံ့သာသွေးခြင်းသည် အံမဝင် ခွင်မကျလှပါ ။ သူနာပြုများက မမ ခဏနားလိုက်ပါဦးလား ။ အပု သွေးလိမ့်မယ်ဟု တိုးတိုးလေး ကပ်ပြောပါသည် ။
“ အေး .. ဟုတ်ပါရဲ့ ”
အပုလေးသည် ကုသိုလ် ယူရအောင် အခွင့်အရေး ပေးသလိုလို ဘာလိုလိုနှင့် ကျောက်ပျဉ်နားပင် ကျွန်မ မကပ်ဝံ့တော့ပါ ။ လက်မောင်းတွေ အောင့်လိုက်တာလေ ပြုတ်ကျမတတ်ပါပဲ ။
ပြိုင်ပွဲချိန် ပြီးဆုံးတော့ အားကောင်းမောင်းသန် အစ်မကြီးအဖွဲ့က ပထမရပြီး ကျွန်မတို့ အဖွဲ့က စတုတ္ထ ရပါသည် ။ သိပ်အခြေအနေ မဆိုးလှပါ ။ ဘုရားလူကြီးက ပထမရသော အဖွဲ့အား စတင်၍ နံ့သာခွက်များ ကပ်လှူ ခိုင်းတော့ နံ့သာခွက် ကိုင်ထားသော အစ်မကြီး၏ ချိုင်းအောက် အင်္ကျီစတွင် သွေးစလို အကွက်များစွန်း နေသည်ကို တွေ့ ရပါသည် ။
ကျွန်မက သူမ ကျွန်မအနား လာထိုင်စဉ် ထိုအကြောင်းကို မေးကြည့်သောအခါ …
“ ဟာ .. ကျွန်မချိုင်းက သွေးစုနာကြီး ပေါက်သွား ပြီထင်ပါရဲ့ ။ နံ့သာသွေးချင်ဇောနဲ့ အနာတောင် မေ့သွားတယ် ” ဟု ပြောပါသည် ။
အလို ... ဘုရား ... ဘုရား သူမချိုင်းမှာ သွေးစုနာ ဆိုပါလား ၊ လူရှင်းသော နေရာနား ခေါ်သွားပြီး ချိုင်းလှန် ကြည့်လိုက်တော့ အလိုလေးလေ နည်းတဲ့ သွေးစုနာကြီး မှတ်လို့ ။ ပြည်တွေ ၊ သွေးတွေ တစိုစိုကျနေ၍ အနားမှ အဝတ်စတစ်စ ကောက်ဆွဲပြီး ထပ်ညှစ်လိုက်တော့ ဆီမီးခွက်တစ်ခွက်နီးပါး ပြည်တွေ ထပ်ထွက် လာပါသေးသည် ။
ကျွန်မသာ ဆိုလျှင် သည်သွေးစုနာကြီးနှင့် ပြိုင်ပွဲဝင်ဖို့ စိတ်ကူးထဲပင် ထည့်နိုင်မည် မထင်ပါ ။ သာမန် လူတစ်ယောက် မဆောင်ရွက်နိုင်သော အလုပ်တစ်ခုကို စိတ်ဇွဲကြီးစွာဖြင့် မဆုတ်မနစ် အားမာန်သွင်းပြီး လုပ်ဆောင်နိုင်ခြင်းသည် “ သူရဲကောင်း ” ဟု ခေါ်ဆိုထိုက်သော အပြုအမူပင် မဟုတ်ပါလား ။
ထိုအစ်မကြီးသည် ကျွန်မ၏ သူရဲကောင်းစာရင်းမှာ အသေအချာကို ပါဝင်လာပါသည် ။ ထိုညက ကျောက်ပျဉ်လေး နှစ်ချပ်စာနှင့်ပင် လင်နမင် မွှန်ထူအောင် လူးနေရသော ကျွန်မ အဖြစ်နှင့် နှိုင်းယှဉ်ကြည့်မှ ထိုအစ်မကြီး၏ သူရဲကောင်းဘွဲ့ က ပိုမိုတောက်ပြောင် မြောက်လာပါသည် ။
တစ်ခါတစ်ရံ ကျွန်မသည် ဒိုင်ယာရီဟောင်းများကို တစိမ့်စိမ့် ပြန်ဖတ်ရင်း အတိတ်၏ ရသစုံကို တငြိမ့်ငြိမ့် ပြန်လည် ခံစားနေတတ်ပါသည် ။ ထိုအခါ ကျွန်မ၏ သူရဲကောင်းများကို ယခုပင် ပြေးတွေ့ချင်သည် အထိ တမ်းတလွမ်းဆွတ်မိပါသည် ။ ။
☐ ညိုနှင်းအိမ်
📖Future Light မဂ္ဂဇင်း
၂ဝဝ၅ ၊ မေလ
No comments:
Post a Comment