❝ သာမညဇာတ်ကောင်များ ဖန်တီးခြင်း ❞
ဝတ္ထုတစ်ပုဒ် ရေးပြီဆိုရင် ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ ပါရှိသလို ဒီ ဇာတ်ကောင်တွေကို အထောက်အကူပြုမယ့် သာမညဇာတ်ကောင်တွေလည်း ပါပါတယ် ။ ရုပ်ရှင်စကားနဲ့ ပြောရရင်တော့ ဇာတ်ပို့ တွေပေါ့ ။ တစ်ခါတလေမှာ သူတို့ဟာ ဇာတ်ပို့ အဆင့်မှာ မရှိဘဲ ဖြတ်လျှောက်အဆင့် လောက်မှာပဲ ရှိတတ်ပါတယ် ။ စာရေးဆရာက အဓိက ဇာတ်ကောင်ကို ဖန်တီး သလို သာမည ဇာတ်ကောင်တွေ ကိုလည်း သူ့ဝတ္ထုမှာ ထည့်သွင်းဖန်တီး ရပါတယ် ။ သာမညဇာတ်ကောင်နဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ဖန်တီးသင့်တယ် ဆိုတာ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုရေးဆရာ ပီတာရော်ဘင်ဆင် ရဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်ရပါတယ် ။
ဆရာ ပီတာရော်ဘင်ဆင် က အင်္ဂလန်နိုင်ငံ ယော့ ( ခ် ) ရှိုင်းယား မှာ မွေးဖွားခဲ့ပြီး ယော့ ( ခ် ) ရှိုင်းယားစုံထောက် အင်စပက်တာ အလန်ဘင့် ( ခ် ) ဆိုတဲ့ ဇာတ်ကောင် ပင်တိုင် ထားပြီး စုံထောက်ဝတ္ထု ရေးတဲ့ဆရာ ဖြစ်ပါတယ် ။ ဆရာ ရေးသွားတဲ့ ဝတ္ထုတွေထဲက နောက်ဆုံး ထုတ်ဝေသွားတဲ့ Past Reason Hated ဝတ္ထု ဟာ “ အာသာ အဲလစ္စ အကောင်းဆုံး ဝတ္ထုဆု ” ကို ဆွတ်ခူးရရှိခဲ့ပါတယ် ။ အင်စပက်တာ အလန်ဘင့် ( ခ် ) ပါဝင် လှုပ်ရှားမယ့် Wednesday's child ဝတ္ထုကတော့ လာမယ့် နွေဦးပေါက်မှာ ထွက်မှာပါ ။ လက်ရှိ တိုရန်တိုမြို့မှာ နေထိုင်တဲ့ ဆရာပီတာ ဟာ ကနေဒါနိုင်ငံ ပြစ်မှုစာရေးဆရာများ အသင်း သား တစ်ဦး ဖြစ်သလို အမေရိကန်နိုင်ငံ လျှို့ဝှက်သည်းဖို စာရေးဆရာများ အသင်းဝင်နဲ့ ဗြိတိသျှနိုင်ငံ ပြစ်မှု စာရေးဆရာများ အသင်းဝင်လည်း ဖြစ်ပါတယ် ။
••••• ••••• •••••
စာရေးဆရာ တစ်ယောက် အနေနဲ့ တစ်လတာလောက် ကိုယ့် ပင်တိုင်ဇာတ်ကောင် ပါဝင်တဲ့ ဝတ္ထုတစ်ပုဒ် ၊ ဒါမှ မဟုတ်ရင်လည်း အလွတ်စုံထောက် တစ်ယောက် ပါဝင်လှုပ်ရှားတဲ့ ဝတ္ထု တစ်ပုဒ်ကို ရေးပြီးပြီ ဆိုပါတော့ ။ ဒီလို အချိန်ယူ ရေးလိုက်တဲ့ အတွက် ကိုယ့် အဓိက ဇာတ်ကောင်နဲ့ ပတ်သက်ပြီး အသေးစိတ် သိနေပြီ ။ ဇာတ်ကောင်က အမျိုးသမီးဇာတ်ကောင် ဆိုကြပါစို့ ။ သူမ ဇာတိချက်ကြွေက ဘယ်မှာ ၊ သူမကို ဘယ်လို မွေးခဲ့ရသလဲ ၊ သာမန် မွေးရိုးမွေးစဉ်အတိုင်း မွေးခဲ့တာလား ။ ဗိုက်ခွဲ မွေးခဲ့ရတာလား ၊ ဘယ်ကျောင်းမှာ တက်ခဲ့တယ် ၊ အတန်းပညာ ဘယ်လောက်အထိ တတ်တယ် ၊ သူမ ဘာအရောင် ကြိုက်တတ်တယ် ၊ ဘယ်လို ဂီတအမျိုးအစားကို နှစ်သက်ခံစားတတ်တယ် ၊ ဘယ်အဝတ်အစားမျိုး ၊ ဘယ်အနုပညာမျိုးကို အာရုံဝင်စားတယ် ဆိုတာကအစ သိနေပြီ ။ ဒီ အမျိုးသမီးက ချောတယ် ၊ ဆွဲဆောင်မှုအားကောင်းတယ်လို့ သူ့ပတ်ဝန်းကျင်က ယူဆကြပေမယ့် သူ့ ကိုယ်သူတော့ နှာခေါင်း ချွန်လွန်းတယ် ။ မျက်စိနှစ်လုံးက တစ်ဖက်နဲ့တစ်ဖက် ဝေးလွန်းတယ်လို့ ယူဆနေတယ် ။ ကမ္ဘာပေါ် မှာ သူမ အကြောက်ဆုံးက မျက်စိကွယ်မှာကိုပဲ ဆိုတာလည်း စာရေးဆရာက သိတာပဲ ။
ဒီ အမျိုးသမီးက တစ်ယောက်ယောက်ကို သ,တ်တော့မယ် ၊ ဘာကြောင့် သ,တ်မှာလဲ ဆိုတာလည်း သိတယ် ။ အဲဒီလို စာရေးဆရာက ကိုယ်ဖန်တီးလိုက်တဲ့ အဓိကဇာတ်ကောင် အကြောင်းကို အသေးစိတ် သိပါတယ် ။ ဟုတ်ပါတယ် ၊ ဒီလို အသေးစိတ် သိကို နေရမယ်လေ ။ ခုချိန်ထိ တော့ ဟုတ်နေပြီ ဆိုကြပါစို့ ။ ဒါပေမဲ့ စာမျက်နှာ ( ၁ဝ ) ရောက်တော့ ဒီအမျိုးသမီးက သေနတ်တစ်လက် ဝယ်ဖို့ အတွက် စတိုးဆိုင်ထဲ ဝင်သွားပြီး အရောင်းစာရေးနဲ့ စကားပြောမယ် ။ အရောင်းစာရေးအကြောင်း ဘာသိ ထားသလဲ ။ သူ ဘာသွားတိုက်ဆေး သုံးသလဲ ။ သူ ငယ်ငယ်တုန်းက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ် အိပ်မက်တွေ မက်ခဲ့သလဲ ။ တစ်နည်းပြောရရင် စာရေးဆရာ အနေနဲ့ ဒီ အရောင်းစာရေးအကြောင်း ဘယ်အတိုင်းအတာအထိ သိဖို့ လိုပါသလဲ ။
ကိုယ်ရေးနေတဲ့ ဝတ္ထု အမျိုးအစားက ဘယ်လို ဝတ္ထုမျိုးလဲဆိုတဲ့ အပေါ် မူတည်ပြီး ဇာတ်ပို့ ဇာတ်ကောင်ရဲ့ အကြောင်းကို ဂဃနဏ သိဖို လိုပါလိမ့်မယ် ။ တချို့ဇာတ်ကောင်တွေက ဇာတ်ပို့အဆင့်အထိ မရောက်ဘဲ ဖြတ်လျှောက်အဆင့် လောက်သာ ရှိလိမ့်မယ် ။ ခု ပြောတဲ့ အရောင်းစာရေးလိုပေါ့ ။ ဒါပေမဲ့ အချို့ ဇာတ်ကောင်တွေကတော့ အဓိက ဇာတ်ကောင်လို အရေးကြီးတဲ့ ဇာတ်ပို့တွေလည်း ရှိပါတယ် ။ ဇာတ်ပို့ တစ်ယောက် အကြောင်း ၊ စာအုပ်ထဲမှာ စာကြောင်း နှစ်ကြောင်း လောက်သာပါမယ့် ဇာတ်ရံတစ်ယောက် အကြောင်းကို တော့လည်း အဓိက ဇာတ်ကောင် အကြောင်း ရေးသလို တစ်လ လောက် အချိန်ယူ ရေးဖို့ မလိုအပ်ပေဘူးပေါ့ ။ စာ နှစ်ကြောင်းလောက်နဲ့ ဇာတ်ရံတစ်ယောက် အကြောင်း ပေါ်လွင်အောင် မရေးနိုင်ဘူးဆိုရင် စာရေးဆရာအနေနဲ့ မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ် ။
ကိုယ်ရေးတဲ့ ဇာတ်ကွက်က ခြေရာခံလိုက် ၊ ထိုးကြကြိတ်ကြ ဖြစ်ကြ ပြီး အဓိကကျတဲ့ အချက်အလက် တစ်ခုကို ဖော်ထုတ်ပေးမယ့် ဇာတ်ကွက်မျိုး မဟုတ်ရင် စာရေးချိန် တစ်နာရီ နှစ်နာရီကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်ပါတယ် ။ တကယ်လို့ ဒီဇာတ်ဝင်ခန်းဟာ ဇာတ်ကို အထောက်အကူ ပြုတဲ့ ထိုးခန်းကြိတ်ခန်း ဖြစ်ပြီး ဒီ ရန်ပွဲကနေ သတင်းအချက်အလက် တစ်စုံတစ်ခုကို ရစေမယ် ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ သာမည ဇာတ်ကောင်တွေ သုံးဖို့ လိုလာပါပြီ ။
သာမည ဇာတ်ကောင် ဖန်တီးတော့မယ် ဆိုရင် စာရေးဆရာ သတိ ထားရမယ့်အချက်က ဒီ ဇာတ်ကောင်ကို တတ်နိုင်သမျှ အကျဉ်းချုံး ဖော်ပြရမယ်ဆိုတဲ့ အချက်ပါပဲ ။ ဒါပေမဲ့ အဲဒီလို အကျဉ်းချုံးရမယ် ဆိုတဲ့ အချက်ကပဲ ကိုယ့် အတွက် အကျိုးဖြစ်ထွန်းစေနိုင်တာလည်း ရှိပါတယ် ။ ဆိုကြပါစို့ ၊ ဟိုတယ်က အခန်းဧည့်ကြို ကောင်လေးတစ်ယောက် အကြောင်း ၊ သူ့ နာမည်ကို သိစရာ မလိုဘူး ။ သူ့အကြောင်းကိုလည်း သိပ်သိစရာ မလိုပါဘူး ။ သူ့ အတွင်းစိတ် ၊ ကြောက်စိတ် ၊ ဆန္ဒ ဒါတွေကို ချရေးပြနေစရာ မလိုဘူး ။ သူ နဲ့ပတ်သက်လို့ စကားပြောကလေး တစ်ကြောင်း နှစ်ကြောင်း ထည့်ရုံနဲ့ သူ့ ပုံပန်းသဏ္ဌာန် ၊ ကိုယ်ဟန် အမူအရာတို့ ပေါ်လွင်အောင် စာရေးဆရာက ရေးဖွဲ့နိုင်ရမယ် ။ အရေးကြီးတဲ့ အချက်ကတော့ စာရေးဆရာက သာမညဇာတ်ကောင်နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ အကျဉ်းချုံး ထားပေမယ့် ဒီ ဇာတ်ကောင်အကြောင်း သူသိတယ် ဆိုတာကတော့ ပေါ်လွင်နေဖို့ လိုပါတယ် ။
စာရေးဆရာ ကိုယ်တိုင်က သာမညဇာတ်ကောင်ထက် အဓိကဇာတ်ကောင်ကို ပိုပြီး စိတ်ဝင်စားတာ အမှန်ပဲ ။ ဒီတော့ သာမညဇာတ်ကောင်နဲ့ ပတ်သက်လို့ သာမန်ကာလျှံကာ ထားတတ်ကြပါတယ် ။ မလုပ်ပါနဲ့ ။ သာမညဇာတ်ကောင်ကိုလည်း ကိုယ်က စိန်ခေါ်ပါ ။ ကိုယ့်ဘက်က စွန့်စားသင့်ရင် စွန့်စားပါ ။ ရလာတဲ့ အခွင့်အရေးကို လက်မလွှတ်ပါနဲ့ ။ သာမညဇာတ်ကောင် တွေလည်း ကိုယ့်ဇာတ် ထဲမှာ အသက် ဝင်နေပါစေ ။
••••• ••••• •••••
စုံထောက်ဝတ္ထုတွေမှာ တော့ သာမည ဇာတ်ကောင်တွေ ဟာလည်း အဓိကဇာတ်ကောင်လိုပဲ အရေးပါ လာတတ်သမို့ သူတို့ကို ကိုင်တွယ်တတ်ဖို့ လိုပါတယ် ။ ဒီ ဝတ္ထုတွေမှာက သံသယ မကင်းစရာ ဇာတ်ကောင်တွေ ၊ သက်သေခံ ဖြစ်လာမယ့် ဇာတ်ကောင်တွေ အများကြီး ထည့်ပေးရတယ် မဟုတ်လား ။ မသင်္ကာတဲ့ လူတစ်ယောက်ကို စုံထောက်က စစ်နေရင်း ကွင်းဆက်တစ်ခု ကနေ တခြား တစ်ယောက် ၊ နှစ်ယောက် ပေါ်လာနိုင်တာပဲ ။ အဲဒီလို ပေါ်လာတော့မှ သူ့ အကြောင်း ရေးတဲ့နည်းက ငြီးငွေ့စရာ ကောင်းပါတယ် ။
“ စုံထောက် တစ်ယောက်က သင်္ကာမကင်းသူ တစ်ယောက်ကို မေးခွန်းတွေထုတ်ပြီး စစ်ရမှာပေါ့ ” လို့ ငြင်းချက် ထုတ်ချင်ပေလိမ့်မယ် ။ ဒါမှလည်း စာဖတ်သူအတွက် ပေးရမယ့် သတင်း အချက်အလက် ရလာနိုင်မှာ မဟုတ်လား ။ ဒီနည်းနဲ့ပဲ ရေးနေကြတာပဲ ။ ဒါပေမဲ့ နောက် ပေါ်လာမယ့် ဆက်စစ်ရမယ့် သာမညဇာတ်ကောင် အကြောင်း ကိုယ်က စာဖတ်သူကို ကြိုတင်သတင်းပေး ထားရမယ် ။ အစစ်ခံရတဲ့ လူက အမှန်အတိုင်း ဖြေမတဲ့လား ။ ဘယ်တော့မှ မပြောဘူး ။ သံသယရှိတဲ့ လူ တစ်ယောက်ကို မေးရတာ ဘာနဲ့တူသလဲဆိုတော့ ကျောက်တုံးကို ဆီညှစ်ရသလိုပဲ ။ တစ်ခါတလေမှာ အစစ်ခံရသူက စကားတွေ ကရားရေသွန်သလို တရစပ် ပြောတတ်ပေမယ့် စုံထောက်အရာရှိ လိုချင်တဲ့ အချက် ပါချင်မှ ပါလာတတ်တာပါ ။ သူ ပြောတဲ့ အထဲမှာ ဖြစ်နိုင်ခြေ ရှိတာတွေက တစ်ဒါဇင်လောက် ပါနေရင် ကိုယ်က အမှန်တရားရဲ့ အနီးစပ်ဆုံး ဖြစ်နိုင်မယ့် ဘက်ကို လိုက်ရတယ် ။ ဒီလို ဇာတ်ဝင်ခန်းကို ရေးလိုက်တဲ့ အတွက် သာမည ဇာတ်ကောင်ကို နေရာပေးရာ ရောက်ပေမယ့် ဇာတ်ဝင်ခန်း ကတော့ လှုပ်ရှားသက်ဝင်ပြီး ပြဿနာကို အဖြေရှာရာမှာ သဲလွန်စ တစ်ခု ပေးနိုင်တာပါပဲ ။
ဆိုကြပါစို့ ၊ ဆိုးသွမ်းလူငယ် တစ်ယောက်နဲ့ ပတ်သက်ပြီး ( စာဖတ် ပရိသတ်သိအောင် ) သူ့ မိဘတွေကို ခေါ်ပြီး ကလေးရဲ့ နောက်ကြောင်း ရာဇဝင် ကို မေးတယ် ဆိုပါတော့ ။ ဒီလို မေးတဲ့ မြင်ကွင်း ကို စဉ်းစားကြည့် ။ အဖေ နဲ့ အမေ ၊ အမေ က သားကို ချစ်တဲ့ဇောနဲ့ ဖုံးဖုံးဖိဖိ ဖာဖာထေးထေး ပြောမယ် ။ သူ့ ရင်ထဲ မှာလည်း သား က ပကတိ လူကောင်းကလေး တစ်ယောက်လို့ မြင်ထားတာကိုး ။ အဖေ ကတော့ သူ့ သား ဆိုးခဲ့တာတွေ အားလုံး အိတ်သွန်ဖာမှောက် ပြောပြတယ် ။ စုံထောက်အရာရှိ သိထားတဲ့ အချက်အလက်တွေ နဲ့ ကိုက်နေတယ် ။ အမေ ကို စစ်တော့ အဖြေက တစ်မျိုးထွက် နေလို့ စုံထောက်အရာရှိ အနေနဲ့ မအေ ကို ကရုဏာသက်ရုံပဲ ရှိတော့တယ် ။ စာဖတ်သူ အနေနဲ့ အဖေ နဲ့ အမေ ဘယ်သူက အမှန်ပြောနေတယ်ဆိုတာ သိရအောင် သာမညဇာတ်ကောင် အကြောင်း စာရေးဆရာက စာဖတ်သူကို စောင်းပါးရိပ်ခြည်လောက် ပြောပြ ထားရပါမယ် ။
ဒီနည်းက ပြဿနာကို အဓိကထားလိုက်ပြီး အဲဒီကနေ အချက်အလက်တွေ ဆင့်ပွား သွားပြီး ပရိသတ်ကို အသိပေးတဲ့နည်းပါ ။ စုံထောက်ဝတ္ထုတွေမှာ ဒီနည်း အသုံးများပါတယ် ။ တခြား ဝတ္ထု ၊ အမျိုးအစားတွေမှာ လည်း သုံးနိုင်ပါတယ် ။ လူတစ်ယောက်ကို တွေ့ဆုံ မေးမြန်းခြင်း ကတစ်ဆင့် ဇာတ်ကြောင်းဖော်တဲ့ နည်းဟာ တစ်ခါတလေမှာတော့ ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့နည်း ဖြစ်တတ်ပါတယ် ။ တစ်ခါတလေမှာ ဒီလို တွေ့ဆုံနေချိန်မှာ တခြား အကြောင်းအရာ တစ်ခု ဝင်လာပြီး ဇာတ်အိမ်ကို ဆက်လက်သယ်ဆောင်သွားတဲ့နည်းကိုလည်း သုံးတတ်ကြပါတယ် ။ တကယ်လို့ စာရေးဆရာက တတိယလူရဲ့ ရှုထောင့်ကချည်း ရေးနေတယ် ဆိုရင် ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့ အင်တာဗျူးတွေချည်း တောက်လျှောက် ရေးနေမယ့် အစား အင်တာဗျူးတွေ ကြားမှာ တခြား ဖြစ်ရပ်တွေ ကြားညှပ် ထည့်နိုင်ပါတယ် ။ အဲဒီလို ထည့်ပေးလိုက်တဲ့ အတွက် ဇာတ်က ပိုပြီး သည်းထိတ်ရင်ဖို ဖြစ်လာစေပြီး အဖြေ ရလုလုမှာ တစ်မျိုးတစ်မည် အပြောင်းအလဲကိုလည်း ဖြစ်စေပါတယ် ။ ဘယ်နည်းကိုပဲ သုံးသုံး သာမည ဇာတ်ကောင်တွေကို ဂရုထား နေရာပေးခြင်းက ကိုယ့်ဝတ္ထုကို သက်ဝင်လှုပ်ရှား စေပါတယ် ။
••••• ••••• •••••
သာမည ဇာတ်ကောင်များကို ဖန်တီးရာမှာ ဟာသ အနည်းငယ် ဖောက်ဖို့ အတွက် မစိုးရိမ်ပါနဲ့ ။ Aspects of the Novel စာအုပ်မှာ ဆရာ E.M Foster က ဝတ္ထု ဇာတ်ကောင်များကို “ စရိုက်သေ ” ဇာတ်ကောင် နဲ့ “ စရိုက်ရှင် ” ဇာတ်ကောင်များ ရယ်လို့ ခွဲခြားပြသထားပါတယ် ။ စရိုက်သေ ဇာတ်ကောင်များက စာတစ်ကြောင်းတည်း ရေးရုံနဲ့ ပေါ်လွင်သွားနိုင်ပြီး ဆရာ ဖော်စတာ က သူတို့သည် လူရွှင်တော်များအဖြစ် ဇာတ်ရုပ်ချပါက အကောင်းဆုံးဖြစ်သည် လို့ ဆိုပါတယ် ။
ကျွန်တော့် ပထမဆုံး ဝတ္ထုဖြစ်တဲ့ Gallows View ဝတ္ထုမှာ စုံထောက် အလန်ဘင့် ( ခ် ) က မစ္စတာခရပ် ( ချ် ) လေဆိုတဲ့သူ တစ်ယောက်ကို မေးမြန်းတယ် ။ ကျွန်တော်က မစ္စတာခရပ် ( ချ် ) လေ ရဲ့ ပုံစံကို ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတော့ ပခုံး လျှောလျှော ၊ မျက်နှာ ပြောင်စပ်စပ်နဲ့ ဆွယ်တာပွပွ ဝတ်ထားပြီး သိုးမွေးလက်အိတ် နှစ်ဖက်ထိပ်မှာ လက်ချောင်း နေရာတွေကို ဖြတ်ထားတယ်လို့ သူ့ပုံစံကို ဖော်လိုက်တယ် ။ ပထမတော့ သူက ဘင့် ( ခ် ) ကို မာမာတင်းတင်း ဆက်ဆံနေတာပါ ။ ဘင့် ( ခ် ) က သူ ဘယ်သူဘယ်ဝါ ဖြစ် ကြောင်း အထောက်အထား ပြ လိုက်တော့ ဘရပ် ( ချ် ) လေသည် မစ္စတာ ခရွတ် ( ခ် ) ဘဝမှ ယူရီးယားပိ ( ပ် ) ဘဝသို့ ရုတ်ခြည်း ပြောင်းလဲသွားတော့၏ လို့ ရေးသားခဲ့ပါတယ် ။
ခရပ် ( ချ် ) လေက သိပ် အသိဉာဏ်ရှိတဲ့သူ မဟုတ်ဘူး ။ စပ်စပ်စုစုလည်း သိပ် လုပ်တတ်တာ မဟုတ်ဘူး ။ ဒါပေမဲ့ ခိုးရာပါ ပစ္စည်းတွေကို လက်ခံတာ အပြစ်ရှိတယ် ဆိုတာတော့ သူ ကောင်းကောင်း သိပါတယ် ။ ဒီလို လက်ခံနေတာကို ရဲက သိထားတယ် ဆိုတာလည်း သူ သိနေတယ် ။ အသိဉာဏ် နည်းပါးတဲ့ ခရပ် ( ချ် ) လေ နဲ့ ရဲ ဆုံတွေ့တဲ့ အခန်းက ဟာသ ဖြစ်စေတယ် ။ ဒီဇာတ်ကွက်ကလေးက တိုတိုကလေးပဲ ။
ဒါပေမဲ့ ဝတ္ထု နောက်ပိုင်း ဇာတ်ကွက်တွေ အဝင်အထိ စာဖတ် ပရိသတ်က ခရပ် ( ခ်ျ ) လေ ကို မှတ်မိနေတယ် ။ ဒါကြောင့်လည်း ဖော်စတာ က စရိုက်သေ ဇာတ်ကောင်တွေ ပါလာပြီဆိုရင် စာဖတ်ပရိသတ်က မှတ်မိလွယ်တယ်လို့ ဆိုတာပဲ ။ ချား ( လ် ) ( စ် ) ဒစ်ကင်း ရဲ့ ဝတ္ထုတွေမှာ ဒီလို ဇာတ်ကောင်တွေ ပြည့်နေတာပဲလို့ ဖော်စတာ က မှတ်ချက် ပြုခဲ့ပါတယ် ။
ဒီနေရာမှာ အချက် တစ်ချက် ရှင်းစရာ ရှိလာပါတယ် ။ စောစောက ကျွန်တော် တင်ပြလိုက်တဲ့ ကျွန်တော့် ဇာတ်ကောင် ခရပ် ( ချ် ) လေ ဆိုတာကို Bleak House ဝတ္ထု ထဲ က Krook နဲ့ David Copperfield ဝတ္ထုထဲက Uriah Heep တို့ နဲ့ တင်စားလိုက်တာပါ ။ ( ဒီဝတ္ထု နှစ်အုပ်စလုံးက ကမ္ဘာကျော် ဝတ္ထုတွေ ဖြစ်တဲ့အတွက် ဇာတ်ကောင်တွေက စာဖတ်ပရိသတ်နဲ့ ရင်းနှီးနေပါတယ် ) ။
ခရပ် ( ချ် ) လေ ဆိုတဲ့ ဇာတ်ကောင် နာမည် ကို က ချား ( လ် ) ( စ် ) ဒစ်ကင်း ဝတ္ထုထဲက ဇာတ်ကောင်တွေ နာမည် ဆန်နေပါတယ် ။ ခရွတ် ( ခ် ) နဲ့ ယူရီးယားပိ ( ပ် ) တို့ကို ပရိသတ်က ဝတ္ထု ၊ မဖတ်ဖူးရင်တောင် ရုပ်ရှင်က တစ်ဆင့် သိနေတယ် ။ ဒါမှမဟုတ် ရုပ်မြင်သံကြား အစီအစဉ် ကနေလည်း သိနေကြပါတယ် ။ ခရပ် ( ချ် ) လေ ရဲ့ လေသံနဲ့ အမူအရာ ရုတ်တရက် ပြောင်းသွားတာ ဟာသ ဖြစ်စေပါတယ် ။ တကယ်လို့ ရုပ်ရှင် ၊ သို့မဟုတ် ရုပ်မြင်သံကြား ကြည့်ဖူးသူဆိုရင် သူ့ အမူအရာ မျက်စိထဲမှာ မြင်ယောင်လာပြီး ပြုံးလာစေနိုင်ပါတယ် ။ ဒါကြောင့် သာမည ဇာတ်ကောင်များနဲ့ ပတ်သက်လို့ ဟာသ ဖောက်ပေးရမှာ မစိုးရိမ်ပါနဲ့ ။
••••• ••••• •••••
နောက်ဆုံး တစ်ချက် ပြောချင်တာကတော့ ဝတ္ထုဇာတ်အိမ်ထဲမှာ ပါလာပြီး သူ့အကြောင်း ထည့်ပြောရတယ် ဆို ကတည်းက ဒီ ဇာတ်ကောင်ကို သာမညလို့ မသတ်မှတ်သင့်ဘူး ထင်ပါတယ် ။ အဓိက မင်းသား ၊ သို့မဟုတ် မင်းသမီးလောက် အရေးမပါ အရာမရောက်တာ မှန်ပေမယ့် သူလည်း သူ့ နေရာနဲ့ သူတော့ ပါသင့်လို့ ပါလာရတာပဲ မဟုတ်လား ။ အထူးသဖြင့် ဇာတ်ကြောင်းပြန် ပြောဟန်နဲ့ ရေးတဲ့ ဝတ္ထုပုံစံတွေမှာ ဒီလို ဇာတ်ကောင်မျိုးတွေ အများကြီး တွေ့ရမှာပဲ ။
ဒီလို ဇာတ်ကောင်မျိုးတွေက ရှေ့ပိုင်းမှာ ကျွန်တော် ဆွေးနွေးခဲ့တဲ့ သာမည ဇာတ်ကောင်တွေထက် အရေးပါ ပါတယ် ။ ဒါကြောင့် စာရေးသူ အနေနဲ့ ဒီ ဇာတ်ကောင်မျိုးတွေ အတွက် ပိုပြီး အချိန် ပေးသင့်သလို အရေးလည်း ပေးသင့်တာ အမှန်ပါပဲ ။ ဒီလို ရေးသားထားမှ စာဖတ်သူ စိတ်ထဲမှာ ဇာတ်ကောင်ကို စွဲပြီး စိတ်ဝင်တစား ဖြစ်လာစေမှာ ဖြစ်ပါတယ် ။
စုံထောက်ဝတ္ထုတွေ ရေးနေတဲ့ နေရာမှာ ကျွန်တော် တွေ့တဲ့ နည်းတစ်ခုက ဖြစ်ရပ် တစ်ခုကို မြင်ရအောင် ပြတင်းဖွင့် ပြတဲ့ ဇာတ်ကောင်မျိုးကို အသုံးပြုခြင်းဟာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်တယ်ဆိုတာ တွေ့ရပါတယ် ။ ဒီ ဇာတ်ကောင်က ဘယ်လို ဟာမျိုးလဲဆိုတာ မှုခင်း ဖြစ်ပွားတဲ့ အသိုင်းအဝိုင်းထဲက ဇာတ်ကောင်မျိုးပေါ့ ။
ဥပမာ အဲဒီ ဇာတ်ကောင်က မိန်းကလေး ဆိုပါတော့ ။ သူမ သိထားတဲ့ အချက်အလက်က အရေးမပါဘူးလို့ အထင်ရှိနေတာမျိုး ။ ဒါမှမဟုတ် သူမ သိတာကို ပြောလိုက်ရင် အန္တရာယ် တစ်စုံတစ်ခု ရောက်လာမှာ သိ နေတာမျိုး ရေးသားခြင်း ဖြင့်လည်း သည်းထိတ်ရင်ဖို ရသကို ပေးစွမ်းနိုင်ပါတယ် ။
ဒါပေမဲ့ အဲဒီ ဇာတ်ကောင်ကို ရုတ်တရက် တရားခံ အဖြစ် ဖော်ပြ လိုက်တာမျိုးတော့ မလုပ်သင့်ဘူး ။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်သူက ဒီ ဇာတ်ကောင်နဲ့အတူ ခံစား ၊ တွေးတော စဉ်းစားပြီးဖြစ်နေလို့ပါပဲ ။ စုံထောက်ဝတ္ထုဖတ် ပရိသတ်က သူတို့ကို အဲဒီလို ရုတ်တရက် ညာလိုက်တာမျိုး လက်မခံကြပါဘူး ။
အချုပ် ပြောချင်တာကတော့ ဝတ္ထုတစ်ပုဒ် ရေးတဲ့အခါမှာ အဓိက ဇာတ်ကောင်များကို အသားပေး ရေးသားဖော်ပြခြင်းဟာ အားရစရာကောင်း ပါတယ် ။ ဒါပေမဲ့ သာမည ဇာတ်ကောင်များကိုလည်း ပစ်ပယ်မထားပါနဲ့ ။ နောက်တစ်ခုက ဒီ သာမည ဇာတ်ကောင်တွေကို စရိုက်သေများအဖြစ် ဖန်တီးရမှာကိုလည်း မစိုးရိမ်ပါနဲ့ ။ ဒီလို ဇာတ်ကောင်မျိုးတွေ ရေးလေ ဝတ္ထုက စိတ်ဝင်စားစရာ ကောင်းလေ ဖြစ်လာမှာပါပဲ ။
••••• ••••• •••••
အဓိက ဇာတ်ကောင်များ အပေါ် မှာသာ အာရုံဝင်စားတတ်ကြတဲ့ စာရေးစ ညီငယ် ၊ ညီမငယ်များ အတွက် မှတ်သားထားစရာ တစ်ခုလို့ ယူဆထားပါတယ် ။
☐ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
အမှတ် ( ၅၃ )
မတ်လ ၊ ၁၉၉၄ ခုနှစ်
No comments:
Post a Comment