🌹မေ့ ရင်ထဲက အလွမ်းပွင့် 🌹
( ရေနံမြေ မောင်မောင်ကြည် )
‘ မေ ’ သည် ပန်းနုရောင်နှင်းဆီပွင့်များ နှင့် ကြက်သွေးရောင် နှင်းဆီပွင့်ချပ်များကို ကြည့်ပြီး ကြည်နူးနေသည် ။
နှင်းဆီလွှာများနှင့် နှင်းဆီဖူးငုံတို့သည် မြရွက်အခက်အလက် ကြားမှနေ၍ သင်းထုံနေသည် ။ နှင်းဆီပွင့်ချပ်လွှာတို့ ဆီမှ လွင့်မျောနေသော နှင်းဆီနံ့သင်းသင်းသည် မေ့ နှာဝသို့ ဝေ့ဝဲလာရာ ခပ်ပြေပြေလေး ရှူရှိုက် လိုက်သည် ။
အိမ်ရှေ့ရှိ မြေကွက်လပ် တွင် နှင်းဆီပန်းအိုးများ နှင့်လည်းကောင်း ၊ မြေတွင် ချစိုက်၍ လည်းကောင်း ၊ နှင်းဆီခင်းကို စိုက်ပျိုးထားသည် ။
မေသည် လက်ဆွဲသံပုံး ထဲမှ ရေများကို ဖလား နှင့်ခပ်ပြီး ရေမှုန်ရေစက်ကလေးများဖြစ်ရန် သူ့ လက်ဖျားပေါ်တွင် ဖြန့်ကာ ရေလောင်း နေသည် ။ သူ့ နှုတ်မှလည်း
“ နွေနှောင်းဝဿာန် ” သီချင်း ကို ဖွဖွတိုးတိုးလေး ညည်းဆိုနေသည် ။
“ မယ့်ကိုယ်စား မွှေးမြလေသလား ၊ ထင်မြင်ယောင်တွေးမိမှားကာ ၊ သည်းအူချာ ကြွေအောင်ဖန်လာ ... ”
ထိုစဉ် အိမ်ရှေ့ တံခါးပေါက်မှ နေ၍ ကိုလှသောင်းကြီး ဝင်လာသည်ကို ‘ မေ ’ က သတိမထားလိုက်နိုင်ချေ ။
“ ဟဲ့ ... ဒီကောင်မလေး ၊ ငါဝင်လာတာကိုတောင် မသိဘူး ၊ စောညိန်း သီချင်းတွေ ညည်းပြီး ရေလောင်းနေလိုက်တာ ၊ ဒါနဲ့ မမရော ”
“ ဟော , ကိုလှသောင်းကြီး အသံမပေး ဘာမပေးနဲ့ ... လာ ။ မမ ဈေးဘက်သွားတယ် ၊ အမေတော့ ရှိတယ် ၊ မီးဖိုထဲမှာ ထမင်းချက်နေတယ် ၊ ထိုင်လေ ”
‘ မေ ’ တို့ အိမ်မှာ နှစ်ထပ်အိမ်ဖြစ်ရာ အောက်ထပ်တွင် ဧည့်ခန်းနှင့် မီးဖိုတွဲ ထားသည် ။ ကိုလှသောင်းကြီးက ကု,လားထိုင်တွင် ဝင် ထိုင်ပြီး စားပွဲပေါ် မှ စာအုပ်များကို ယူဖတ်နေသည် ။
စားပွဲပေါ်တွင် ရှုမဝ ၊ သွေးသောက် နှင့် တိုင်းရင်းမေ စာစောင်များရှိသည် ။
“ ကိုလှသောင်းကြီး , ဒီလ တိုင်းရင်းမေထဲမှာ ကျွန်မ , ကဗျာလေးပါတယ် ၊ ဖတ်ကြည့်ပါဦး ”
မေက သစ်ပင်များ ရေလောင်းနေရာမှ ကိုလှသောင်းကြီးကို လှမ်းပြောသည် ။
“ ဟုတ်လား .. ညည်းက ကဗျာတွေ ဘာတွေ တောင် ရေးနေပြန်ပြီလား ။ ဖတ်ကြည့်လိုက်ဦးမယ် ”
ကိုလှသောင်းကြီးက တိုင်းရင်းမေစာအုပ်ကို လှန်လှောပြီး သူ့ကဗျာကို ရှာနေသည် ။
“ တွေ့လား ”
“ မတွေ့သေးဘူးဟ ”
“ အတွင်းမှာ ပါတာပါ ၊ မေ ( မြေလတ် ) ဆိုတဲ့ အမည်နဲ့ ”
“ အေး ... အေး တွေ့ပြီ ”
ကိုလှသောင်းကြီးက ကဗျာကို ဖတ်နေသည် ။
တကယ်တော့ ကိုလှသောင်းကြီးက စာပေသမား မဟုတ် ။ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်သို့ ရေနံချေးများ တင်ပို့ ရောင်းချနေသူ ဖြစ်သည် ။ ( နောင်တွင် တာမွေ နှင့် ပုဇွန်တောင်ထိပ်တွင် ဦးထွန်းလှ ရေနံချေးဆိုင် ဖွင့်ထားသူ ဖြစ်ပြီး ယခုအခါ ကွယ်လွန်သွားလေပြီ ။ ဦးထွန်းလှ မှာ ကိုလှသောင်းကြီး ၏ ဖခင် ဖြစ်သည် ။ )
ခုလည်း ‘ မေ ’ သည် အစ်မဖြစ်သူ ဒေါ်တင်အေး နှင့် ရေနံချေး ရောင်းဝယ်ရန် ရောက်လာခြင်း ဖြစ်သည် ။
“ ညည်းက စောညိန်းကို သိလို့လား ၊ ဒီကောင်က ငါ့ သူငယ်ချင်းဟ တို့ မြင်းခြံ မှာတုန်းက အတူတူနေခဲ့ကြတာ ”
ကိုလှသောင်းကြီးက ပြောလိုက်သောအခါ ‘ မေ့ ’ မှာ ရေပုံးကို အသာချကာ ကိုလှသောင်းကြီး ထိုင်နေရာသို့ ရောက်လာသည် ။
‘ မေ ’ က ဂီတနတ်သန်စောညိန်း ဆိုသည်နှင့် စိတ်ဝင်စား မိလေပြီ ။
“ ကိုလှသောင်းကြီးက တကယ် သိလို့လားဟင် ၊ ဖြီးနေတာလား ”
မေက ရယ်သွမ်းသွေးပြီး မေးလိုက်သည် ။
ထိုစဉ် မီးဖိုထဲမှ အမေက ရေနွေးကြမ်းအိုးနှင့် ပန်းကန်များ လာချ ပေးသည် ။
“ ဟ ... ငါ နဲ့ မြင်းခြံမှာ အတူနေကြတာ ၊ မြင်းခြံ ဆီဆုံရွာကလေ .. သူတို့မှာ အရင်က ဆီစက်တောင် ရှိသေးတယ် ၊ နောက် , ရန်ကုန် ရောက်ပြီး သူ့ အဖေက ပြိုင်မြင်းတွေ မွေးသေးတယ် ၊ နောက်တော့ စီးပွားရေး ကျသွားတယ် ၊ ဒီကောင် , ရန်ကုန်မှာ သီချင်းရေးဆရာ လုပ် နေပြီး နာမည် ကြီးနေတယ် ”
“ ဟာ ... ဒါဖြင့် ကျွန်မနဲ့ မိတ်ဆက် ပေးမလားဟင် ... ”
မေက အလျင်စလို ပြောလိုက်သောအခါ ကိုလှသောင်းကြီး ခေါင်းညိတ်သည် ။
“ အေး ... နောက်တစ်ခါ လာမှ ငါ စာရေးပေးမယ် ၊ သူနေတာက အမှတ် ( ၇၃ ) ကြည့်မြင်တိုင် ၊ ပိတောက်တန်းမှာနေတာ ”
ထိုနေ့က ‘ မေ ’ ပျော် နေမိသည် ။
မနက်ဖြန် ကိုလှသောင်းကြီးဆီ မှ စာနှင့်အတူ သူ့မိတ်ဆက်စာကို လှမ်းပို့မည်ဖြစ်သည် ။
‘ မေ ’ သည် ကိုလှသောင်းကြီးကို စောင့်နေသည် ။ မေတို့ အိမ်သည် ချောက်မြို့ ငါးဘာသာဘုရားရှိခိုးကျောင်း၏ နောက်တွင် ရှိသည် ။
ထိုစဉ်က မေတို့ အိမ် ဘေးတွင် ‘ မောင်သစ်လွင် ( လူထု ) ’ နေသည် ။ နောက် ‘ ရေနံမြေကျော်သူ ’ နေသည် ။ ထို အိမ်သို့ စာရေးဆရာ ‘ မင်းကျော် ’ ရောက်ရောက် လာတတ်သည် ။ နောက် တစ်ယောက်မှာ ကျော်ဖုန်း ဖြစ်၏ ။ သူ လည်း ယခုအခါ သံဝန်ထမ်း ဖြစ်နေပေပြီ ။ သူတို့ အားလုံးသည် စာရေးဆရာမင်းကျော် ၏ ငယ်သူငယ်ချင်းများ ဖြစ်ကြသည် ။
မေ သည် ကိုလှသောင်းကြီး၏ စာနှင့် အတူ သူ့မိတ်ဆက်စာကို ရေးပြီး စာတိုက်သို့ စက်ဘီးစီးပြီး ထွက်လာခဲ့သည် ။ မေ သည် ဆယ့်ငါးမိနစ်ခန့် လောက် စက်ဘီး နင်းပြီးသောအခါ စာတိုက်သို့ ရောက်ရှိ လာသည် ။ တံဆိပ်ခေါင်း ကပ်ပြီး စာတိုက်ပုံးထဲသို့ သူ့ စာလေးထည့် လိုက်သောအခါ သူ့ ရင်ထဲတွင် ကြည်နူးသလို ဖြစ်သွားသည် ။
တကယ်တော့ ကိုစောညိန်း မှာ လည်း တစိမ်းတရံဆံ မိန်းကလေးများနှင့် ရောရောယှက်ယှက် နေတတ်သူ မဟုတ် ။ ကိုစောညိန်း ဘဝတွင် ဂီတသာလျှင် မင်းမူ သည် ။ သူသည် သီချင်း ရေးမည် ။ ဝတ္ထုရေးမည် ။ ကာတွန်းဆွဲမည် ။
တစ်ခါတစ်ရံတော့ ငေးငေးငိုင်ငိုင်နှင့် တစ်စုံတစ်ရာကို အာရုံပြု တမ်းတ, ကာ နေတတ်သူ ဖြစ်သည် ။
သို့ရာတွင် သူ့ဘဝ လှိုင်းရေယာဉ်ဦးဝယ် ထူးထူးခြားခြား အရိပ် ထင်လာခဲ့သော ဓူဝံကြယ်တို့၏ အရိပ်ကိုကား နှစ်လိုဖွယ်ရာ စူးစိုက်ပြီး ကြည့်ကာ ကြည်နူးမိချင်သည် ။
သို့နှင့်ပင် ကိုလှသောင်းကြီး၏ မိတ်ဆက်ပေးမှုကြောင့် ‘ မေ့ ’ မှာ ကိုစောညိန်း နှင့် မိတ်ဆွေ ဖြစ်ခဲ့ရလေသည် ။ မကြာမီ အတောအတွင်း မှာလည်း ကိုစောညိန်း ဆီမှ စာများ ရောက်လာသည် ။
မေ့ မှာ ကိုစောညိန်းဆီမှ စာများ ရောက်လာသဖြင့် ပြောမပြတတ်လောက် အောင်ပင် ပျော်ရွှင်နေခဲ့သည် ။ ထိုနေ့ကား ထမင်းတောင် မစားနိုင် ။ မေ့ ဘဝတွင်လည်း ဂီတသည်သာ မင်းမူနေခဲ့သည်မှာ ကြာပြီ ။
မေတို့ အိမ်သည် ‘ ဒွေးလိုက် ’ ရုပ်ရှင်ရုံ နှင့် နီးရာ ညနေတိုင်းတွင် ‘ ဒွေးလိုက် ’ ရုံမှ လွင့်မျော လာတတ်သော ရုပ်ရှင်သီချင်း မှန်သမျှကို မေ , အကုန် ရနေပြီ ။ ပြီး, အိမ်တွင် ဓာတ်စက် တစ်လုံး ရှိရာ ဓါတ်ပြားသီချင်းများကို လည်း မေ အကုန် ရရှိနေပြီ ။
“ မေ ” သည် ရန်ခါတွင်တော့ ကဗျာလေးများ စပ်တတ်သည် ။ ကဗျာစပ်ပြီးလျှင် ရှုမဝ နှင့် တိုင်းရင်းမေ သို့ လှမ်းပို့တတ်သည် ။
ယခုအခါ တိုင်းရင်းမေတွင် မေ့ ကဗျာလေးတစ်ပုဒ် ပါရှိခဲ့ပေပြီ ။ မေတို့ အိမ်တွင် အမေ နှင့် အစ်မ ဖြစ်သူတို့ ရှိသည် ။ မောင်လေး ဖြစ်သူ ‘ အောင်ဝေ ’ မှာလည်း သူ့ နှယ် သီချင်း နှင့် ကဗျာဝါသနာပါသူ ဖြစ်သည် ။ နောက် တစ်တန်းကျောင်းသား တူလေး ဖြစ်သူ ‘ အတာ ’ လည်း ရှိသည် ။ ‘ အောင်ဝေ ’ မှာ နောင်တွင် ‘ ရေနံမြေအောင်ဝေ ’ အမည်ဖြင့် ကဗျာများ ရေးသားခဲ့ပြီး ချောက်ရေနံမြေ တွင် ၉၆ ခုနှစ် လောက်က ဆုံးပါးသွားခဲ့ပြီ ။
ထိုစဉ်က မေ သည် ချောက်မြို့တွင် ရှိသော ‘ ရဲဘော်ကိုလှ ’ ခေါ် စာရေးဆရာ ‘ ဌေးမောင် ’ ၏ လူငယ်များ အစည်းအရုံးတွင် အသင်းဝင်ကာ ကိုယ်ကာယ လေ့ကျင့်ပြီး မြို့နယ်အလေးမပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သူဖြစ်ပါသည် ။
ooooooooooo
အစ်ကိုကြီးရေ ...
ညီမလေးတော့ အစ်ကိုကြီးကို ဆရာ အရင်းလို သဘောထား လိုက်ပြီ ၊ အစ်ကိုကြီးကသာ ညီမလေးကို ကဗျာရေးနည်းတွေ သီချင်းဆိုနည်းတွေ စတဲ့ ဂီတ ပညာများကို သင်ပေးပါတော့နော် ... စသည့် စာ အတိုအထွာများ မေ့ ဆီမှ ရောက်ရှိလာပါက ကိုစောညိန်း မှာ မေ့ အတွက် သူသိသမျှတို့ ကို ရွေးထုတ်ကာ အဝေးမှ နေ၍ သင်ကြားပေးခဲ့ရလေသည် ။
သို့နှင့် ကိုစောညိန်း နှင့် မေတို့ ၏ ရန်ကုန် နှင့် ချောက် ၊ ချောက် နှင့် ရန်ကုန် စာလှမ်း ဆက်သွယ်မှုမှာ ရင်းနှီး သထက် ရင်းနှီးလာခဲ့ကြကာ သံယောဇဉ်ကြိုးသွယ် ခဲ့မိကြသည် ။
တစ်နေ့ ဂီတနက်သန်ကိုစောညိန်း ထံ မှ မေ့ ဆီသို့ စာတစ်စောင် ရောက်ရှိလာသည် ။
ချစ်တဲ့ ညီမလေး မေ
ညီမလေးရဲ့ စာတွေ ရသော်လည်း အစ်ကိုကြီးမှာ စာချက်ချင်း မပြန်ကောင်းလားလို့ အပြစ်တင် ခံရလောက်အောင်ဘဲ အင်မတန် အလုပ်များနေတဲ့ အတွက် သုံးလေးည ကူးယူပြီးမှ ဒီစာကို ပြန်ရတာကို လက်စားချေတဲ့ သဘောနဲ့ ကိုကြီးဆီကို စာမပြန်ဘဲ နေမယ်ဆိုရင်တော့ ကိုကြီးရဲ့ ကုသိုလ်ပဲ လို့သာ မှတ်ရတော့မှာပေါ့ မေရယ် ။
အလုပ်များတဲ့ အထဲက ကမန်းကတန်း အချိန်ယူပြီး ရေးရင်တော့ ဖြစ်တာပေါ့လေ ။ သို့သော်လဲ ကိုယ် ချစ်တဲ့ ညီမလေး တစ်ယောက်ဆီကို ပြီးပြီးရော သဘောထားပြီး ကြောင်ခြစ်သလို မရေးချင်လို့ပါကွယ် ။
ကိုကြီးရဲ့ စေတနာကတော့ အချိန်ယူပြီး အေးအေးဆေးဆေး အကြင်နာဆုံး စကားလုံးတွေကို ရွေးချယ်လို့ အရေးတယူ ပြန်ကြားချင်တာမို့ ချက်ချင်း ချက်ချင်း စာမပြန်တာကို ခွင့်လွှတ်ပါတော့ ညီမလေးရယ် ။
ညီမလေး ရဲ့ စာထဲမှာတော့ကား ဒီ ‘ ပွင့်ဦး ’ အကြောင်းကလဲ ထပ်ခါ တလဲလဲ ပါလာပြန်မှ ကိုးနော် ။ ဒီအကြောင်း ကို အတော်ပဲ သိချင်နေတယ် မှတ်ပါတယ် ။ ဟုတ်လား ။
ကဲ .. ကဲ ဒါလောက်တောင် သိချင်နေလို့ ရှိမှလဲ မေလေး ကို ကိုကြီး ဖုံးကွယ် မထားရက်ပါဘူး ။
သန်းဆွေ ရေးတဲ့ ပွင့်ဦး ဟာ ကိုကြီး ရဲ့ အဖြစ်အပျက် တိတိကျကျ မဟုတ်သော်လဲ သဘောအားဖြင့် ကိုကြီး ကြုံတွေ့ ခဲ့ရတာဟာ ဒီအတိုင်းပါပဲလို့သာ သိထား
လိုက်ပါတော့လေ ။
သန်းဆွေ ကလဲ ကိုကြီး နဲ့ ညီအစ်ကိုလို ရင်းနှီး နေတဲ့သူ မို့ ကိုကြီးရဲ့ ဇာတ်လမ်းကို သိနေလေတော့ ဖတ်ကောင်းအောင် နည်းနည်းပါးပါး ပြင်ဆင်ပြီး ရေးလိုက်တာပဲ ။
သူ ရေးထားတဲ့ အတိုင်းပဲ ဇာတ်လမ်းဟာလဲ အဆုံးသ,တ် နေပြီမို့ ဒီဇာတ်လမ်းကို ရှေ့ဆက်ဖို့ အကြောင်းလဲ မရှိတော့ပါဘူး ။
နောက်ပြီးတော့မှ ကိုကြီး ရဲ့ အသည်းနှလုံးမှာ အမြစ်တွယ်ယှက်ပြီး အချစ်နွယ် အချစ်ညွန့်ကလေးတွေ ခက်လက် ဝေနေတဲ့ ပင်ယံဘွေက အချစ်ပွင့်ဦး ကြွေကျညှိုးနွမ်းပြီး မွှေးရနံ့ပြယ်လို့ ငွေချပ်လွှာကလေးတွေ ဆွေးမြည့် ကြေမှုန်းတဲ့ အချိန်ဟာ ဆယ်နှစ် ကျော်ခဲ့ပါပြီ ညီမလေး ရယ် ။
ဒါကြောင့် ကြေမြည့်ဆုံးရှုံးလို့ မသုံးမကျတော့တဲ့ ပွင့်ဦးကို ဆယ်နှစ်ကျော်ကျော် မေ့အောင် ပျောက်အောင် အတန်တန် ကြိုးစားလို့ ကိုကြီးရဲ့ ဘဝတစ်ခုလုံးကို ဂီတ မှာသာပဲ နှစ်မြှုပ်ထားခဲ့ပြီးမှ ယခုတစ်ဖန် ပြန်ပြီးတော့ သတိရ မနေပါရစေနဲ့
ညီမလေး ရယ် ။
မေ့ လက်စနဲ့ ဒီအကြောင်းကို မေ့ လိုက်ပါရစေတော့ ဟုတ်လား ။ ဒီတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မြေအပြင်မှာ ကြွေကျဆုံးရှုံးခဲ့တဲ့ ပွင့်ဦး ကို နှမြောတသ, လွမ်းစ, တွေ ပွားနေရမယ့်အစား ဓူဝံကြယ်ရဲ့ အေးမြတဲ့ အလင်းရောင်အောက်မှာ အသည်းလွှာပြင်ဘက်က အချစ်နွယ် အချစ်ရွက်ကလေး တဖြည်းဖြည်း သစ်လန်း လာပြီးတော့ ဒုတိယတစ်ဖန် ပွင့်ကောင်း ပွင့်လာနိုင်စရာ ရှိတဲ့ သို့မဟုတ် အခုတောင်မှပဲ ပွင့်ပြီး ဖြစ်ရင် ဖြစ်နေပေမယ့် ပွင့်နှောင်းကလေးကိုပဲ မျှော်လင့်တသရင်း နဲ့ ကိုကြီးမှာ မြတ်နိုး နေရပါစေတော့လို့ဆိုရင် ခွင့်လွှတ်မှာလား မေလေးရယ် ။
သို့သော်လဲလေ ... ကိုကြီးတို့လို အနုပညာကို လိုက်စားနေရတဲ့ လူတွေ အဖို့မှာ အမြဲတမ်း ဆုံးရှုံးတဲ့ ဘက်ကချည်း နေရတဲ့ လူတွေမို့ တယ်ပြီး အားမရှိလှပါဘူးကွယ် ။
ကဲ ကဲ ... ကိုကြီး အကြောင်းတော့ တော်လောက်ပါပြီ ။ မေ့ အတွက် ဂီတ နဲ့ ပတ်သက်ပြီး ရေးပါရစေဦး ”
.. စသည့် စာရှည်ကြီးများသည် မေ့ အဖို့ ရင်လှိုက်ဖိုမောစေရသည် ။
မေ သည် ကိုစောညိန်း ထံမှ စာများကို ဖတ်ပြီး ကဗျာများ ရေးပို့တတ်သည် ။ တစ်ခါတွင်လည်း မေ သည် ကိုစောညိန်းကို စာရေးပြီး တောင်းဆိုဖူးလေသည် ။ ယင်းမှာ “ မေလေး အတွက် သီချင်း တစ်ပုဒ်လောက် စပ်ပြီး အသံလွှင့်ပေး ပါလား အစ်ကိုကြီးရယ် ” ... ဟု ။
နောက်မကြာမီပင် ကိုစောညိန်း ဆီမှ စာ တစ်စောင် ရောက်ရှိ လာပြန်သည် ။
ကိုကြီး အချစ်ဆုံး ညီမလေးမေ ..
ကိုကြီးဆီက ပြန်စာ မရလို့ စိတ်များပဲ ကောက်နေရော့သလားကွယ် ။ အရင်တုန်းကလို ချက်ချင်း ချက်ချင်း စာမပြန်နိုင်တာကြောင့် ကိုကြီး တစ်ယောက် ဟာ ဖြင့် မေလေး အပေါ်မှာ အခင်မင် ပေါ့သွားလေပြီလားလို့ ထင်ရင်တော့ မှား လိမ့်မယ် ညီမလေးရယ် ။
ညီမလေးဆီကို စာ မပြန်နိုင်ပဲ ဖြစ်နေရတဲ့ အချိန်တွေမှာ မေ့ ရဲ့ အစ်ကိုကြီး ဘာတွေ လုပ်နေတယ် ။ ဘာတွေ ကြိုးစားနေတယ် ။ ဘယ်သူ့ အတွက် ကြိုးစား နေတယ် ဆိုတာတွေကို အမှန် အတိုင်းသာ မေလေး သိထားနှင့်မယ် ဆိုရင်တော့ ကိုကြီးကို ညီမလေး ခွင့်လွှတ်နိုင်မှာပဲလို့ ထင်ပါတယ် ။
မေလေးရဲ့ စာကို ရတဲ့အချိန်မှာ ချက်ချင်း စာပြန်မယ်လို့ လုပ်နေတုန်း ဝမ်းသာစရာ သတင်းကလေး တစ်ခုကို ထည့်ရေးချင်တာနဲ့ ရုတ်တရက် စာမပြန်သေးဘဲ ဒီ သတင်းဟာ တကယ် သေချာအောင် လုပ်ဖို့ ရက်နည်းနည်းလောက် စောင့်ဦးမယ်ဆိုပြီး ဆိုင်းနေခဲ့တာမှာ ကိုကြီး ထင်တာထက် ရက် ပိုကြာသွားပြီး ခုမှပဲ စာပြန်နိုင်တော့တယ် ညီမလေးရယ် ။
ခုမှပဲ သေချာသွားလို့ ချက်ချင်းပဲ စာရေးလိုက်ရပါတယ် ။ တခြားတော့ မဟုတ်ပါဘူး ။ ကိုကြီး ကို ရုပ်ရှင်ကုမ္ပဏီ တစ်ခုက သီချင်း ရေးပေးဖို့ လာအပ်တဲ့ အကြောင်းပါဘဲ ။ အစတုန်းက အဲဒီ ကုမ္ပဏီ နဲ့ ပတ်သက်တဲ့ လူတွေနဲ့ ကိုကြီးဟာ ရင်းနှီးခဲ့ပေမယ့် ကိုကြီးက အင်မတန် မာနကြီးတဲ့လူ ဆိုတော့ ကိုယ် က စပြီး မတောင်းခံဘဲနေခဲ့တယ် ။
ငါ တကယ် တော်လာတဲ့ နေ့မှာ ဒင်းတို့ တစ်တွေဟာ အောက်ကြို့ပြီး လာ ခေါ် ရလိမ့်မယ်ဆိုတဲ့ မာနနဲ့ နေခဲ့တယ် ။
ကိုယ့်ကိုယ်ကိုသာ တစ်နေ့ထက် , တစ်နေ့ ပိုပြီးတော်အောင် ကြိုးစားပြီးနေခဲ့တယ် ။ ခုတော့ ကိုကြီး ကြိုးစားရကျိုး နပ်ပါပြီကွယ် ။ ကိုကြီး ရှိရာကို လာပြီး သီချင်း ရေးခိုင်းကြပြီ ။ တစ်ခု တော့ ရှိတယ် ။ ကိုကြီး ဟာ အခု အချိန်ထိ ငွေကြေးယူပြီး ရေးတဲ့ စာရေးဆရာ မဟုတ်လို့ သူတို့က အခကြေးငွေ မပေးတတ်ကြသေးဘူး ။
ကိုကြီးမှာလဲ ဘိုင်ကျနေတဲ့လူမို့ ပိုက်ဆံလိုချင်ပေမယ့် ပထမတော့ တင်းထားရသေးတာပေါ့ကွယ် ။
ကြည့်လေ ... ကိုကြီးတို့လို အနုပညာသမားတွေ ဟာ ဘယ်လောက်များ မာနကြီးသလဲ ။ အငတ်ခံပြီး မာန ကြီးကြတယ် ။ အနုပညာရှင်ရဲ့ မာန ဆိုတာ ဒါကြောင့်မို့ ဘယ်သူမှ လိုက်လို့ မမီနိုင်တာပေါ့ ။
တချို့လူတွေဟာ တခြားနေရာမှာ မာန ကြီးနိုင်ပေမယ့် ကိုယ် ငတ်မယ့် ကိစ္စကျတော့ မာန မတင်းနိုင်ဘဲ မာနကို လျော့ချင် လျော့ကြတာ ။ ကိုကြီးတို့ အနုပညာ သမားတွေ ကတော့ ဘိုင်ကျလေ မာန ကြီးလေပဲကွဲ့ ။
ဒါပေမယ့် နောင်အရှည် ဆက်သွယ် သွားရင်တော့ သူတို့ကလဲ နေမှာမဟုတ်ပါဘူး ။ ကြည့် ပေးကြမှာပါပဲ ။ ကိုကြီးကလဲ ကိုယ် ဒီလောက် နှစ်ရှည်လများ ပင်ပန်း ခံပြီး ငွေကုန်ခံပြီး လိုက်စားလာရတဲ့ ပညာ ကိုတော့ အလကား အဖြစ်မခံနိုင်ပါဘူး ။ ပညာ နဲ့ တန်အောင် ရရင်တော့ ယူရမှာပဲပေါ့လေ ။
ဒါပေမယ့်လေ ... ကိုယ့် ညီမလေးမို့ ဖွင့်ပြောရဦးမယ် ။ ကိုကြီးတို့ အနုပညာသမားတွေ ဟာ ဘယ်လောက်ပဲ မာနကြီးကြီး ဘယ်လောက်ပဲ တော်တော် ခုလို ကုမ္ပဏီကြီးတွေက မြှောက်စားတယ် ဆိုတဲ့ အခွင့်အရေးက အင်မတန် ရခဲပါတယ် ။ ဒီ ကုမ္ပဏီကြီးတွေက မြှောက်တင်မှသာ နာမည် ထွက်ကြတာပဲ ။ ဒီတော့ ဝမ်းသာစရာပေါ့ ။ ဝမ်းသာစရာပေါ့ ဆိုလိုက်တာဟာ ကိုကြီးရဲ့ ကိုယ်ကျိုးအတွက် သက်သက်လို့သာ ညီမလေးက ထင်ရင်တော့ ညီမလေး မှားမှာပဲ ။ ကိုကြီးရဲ့ အဖြစ်အပျက်ကို မေလေး သိပြီးပြီ မဟုတ်လား ။
ကိုကြီးရဲ့ အဖို့မှာတော့ ဒီဂုဏ်တွေ ၊ ပကာသနတွေ ၊ ကျော်စော ထင်ရှားမှုတွေကို မလိုတော့ပါဘူး ညီမလေးရယ် ။ ကိုကြီ ရဲ့ ဆိတ်သုန်းနေတဲ့ အလင်းရောင်ကလေး တစ်ခုကို မတွေ့ ရတော့ဘူးလို့ ဆိုရင်ပေါ့လေ ။
ဘယ်လောက်ပဲ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေပေမယ့်လဲ ဒီ တစ်သက် မှာ ပျော်ရွှင်ချမ်းမြေ့စရာ ရှာတွေ့လိမ့်မယ်လို့တော့ မထင်တော့ပါဘူးကွယ် ။
ညီမလေးဟာ အဆိုကျော်ကြီး ဖြစ်ချင်တယ် ။ နာမည်ကြီး ဂီတပညာရှင် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုခဲ့တယ် မဟုတ်လား ။ ညီမလေး ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့အတွက် ကိုကြီး မှာ ဒီလို ကုမ္ပဏီကြီး တစ်ခုကို လက်ကိုင်ရဖို့ လိုတာပေါ့ ။ အခုလို ကုမ္ပဏီတွေနဲ့ ဆက်မိတော့ ညီမလေးရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းနိုင်ဖို့ အရေးဟာ နီးလာတာပေါ့ ။ ဒါကြောင့် ဝမ်းသာတယ်ပြောတာပါကွယ် ။
မေလေးရဲ့ အလိုဆန္ဒကို ကျပ်ပြည့်ဒင်းပြည့် ဖြည့်စွမ်းပေးနိုင်တဲ့ တစ်နေ့မှာ ကိုကြီး ကျေနပ်ပါပြီကွယ် ။ ဪ .. ဟိုတုန်းကများတော့ ကိုကြီးဟာ ကိုယ့်ရဲ့ ကြီးပွားတိုးတက်မှုတွေ ဘာတွေ ဆိုတာ ဂရုမစိုက်ဘဲ ကိုယ့်ဘဝကို အနုပညာရေပြင်ထဲမှာ သာ နစ်မြှုပ်ခဲ့ပြီးနေခဲ့မိပါတယ် ။
ခုတော့မှ မေလေး နဲ့ ပတ်သက်ပြီး တိုးတက်ကြီးပွားရေးကို အားထုတ်ရမယ် ဆိုတဲ့ လောကတာဝန်တွေကို သိနားလည် လာရလေတော့ ဒီအတွက် မေလေးကို အထူးပဲ ကျေးဇူးတင်မိပါတယ်ကွယ် ။
ကိုကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ သတိပေးခဲ့တဲ့အတွက် ကျေးဇူးလဲ တင်ရပြန်ပါတယ် ။ လောကကြီးကို ဂရုမထားတဲ့ အစ်ကိုကြီး အဖို့ ခုလို သတိပေးမယ့်သူ တစ်ယောက်တော့ ရှိဖို့ လိုသပေါ့ ။
နောက်ပြီး ညီမလေး ရဲ့စာထဲမှာ မေ ကတော့ ကိုကြီးတို့လို စာကို ပြေပြေပြစ်ပြစ် မရေးတတ်လေတော့ ခုကတည်းက သည်းခံပါတော့ ကိုကြီး ရာလို့ ရေးလိုက်ပြန်တယ် ။
မေလေးရဲ့ စာကိုတော့ ဘယ်လိုဘဲ ရေးရေး ခုလဲ သည်းခံနေတာပါပဲ ။ နောင်ကျမှလဲ သည်းခံမှာပါပဲ ။ ကိုယ့် ညီမလေး ဘယ်လောက်ပဲ နွဲ့ဆိုး ဆိုးဆိုး ။ အဲဒီလို နွဲ့ဆိုး ဆိုး နေတာကိုပဲ သည်းခံချင်နေတာပါပဲ ။ ဒီလို အရသာမျိုး ကလဲ ကိုယ် ခံယူချင်တိုင်း ခံရတာမျိုးမှ မဟုတ်ဘဲကိုး ။
ကိုကြီးဆိုရင် ညီမရယ် လို့ ရှိခဲ့ဖူးသူ မဟုတ်တဲ့ အပြင် ခုလို နွဲ့ဆိုး ဆိုးမယ့် လူကလဲ မရှိဖူးလေတော့ တစ်ခါတစ်လေတော့ နွဲ့ဆိုး ဆိုးတာတွေကို ခံချင်သားကွဲ့ ။ နောက်ပြီး မေလေးက ရန်ကုန်မှာ လာနေပြီး ကိုကြီးဆီမှာ ဂီတပညာတွေ သင် အဆိုတွေ သင်ချင်တယ်လို့ ပြောခဲ့တယ် ။
ခု စာမှာ ဆိုရင်လဲ ‘ လာချင်လှပါပြီလို့ ’ ပြောခဲ့တယ် ။ ကိုကြီးက လဲ ညီမလေးကို ‘ တွေ့ချင်လှပါပြီ ’
ဆိုသည့် စာရှည်ကြီးများကလည်း မေ့ရင်ကို ကြည်နူးစေပြန်သည် ။ မေသည် သူ့ မမ နှင့် တိုင်ပင်ပြီး ရန်ကုန်မြို့ ဒပ်ဖရင်း ဆေးရုံ၌ ဖွင့်လှစ်မည့် သားဖွားဆရာမ တစ်နှစ် နှင့် ခြောက်လသင်တန်းသို့ တက်ရန် စီစဉ်နေသည် ။ ထို အကြောင်းကို ကိုစောညိန်း အား အသိမပေးခဲ့ပေ ။ ရန်ကုန်ရှိ ဆွေမျိုးတွေဆီ အလည် အပတ်လာမည်ဟုသာ စာရေးခဲ့သည် ။
စင်စစ် သင်တန်း မတက်ဖြစ် ပါကလည်း ရန်ကုန်တွင် ကိုစောညိန်း နှင့် ပတ်သက်ပြီး ဂီတ အလုပ်တစ်ခု လုပ်ရန် စီစဉ်ခြင်းဖြစ်သည် ။
မေ ရန်ကုန်သို့ မလာမီ ကိုစောညိန်းက မေ့ အတွက် သီချင်းတစ်ပုဒ် စပ်ဆိုခဲ့သည် ။
◽သစ္စာတော်ဦး
( အသက်ကို ခွဲကာ ... ဝက်ကာ စက်ရာအုံးပြိုင် မဝေသာပိုင်တယ် ... ရွှေတိုင်ဂီတနက်သန့်ဦး ... ဧကရီကြော့မှူးမြှောက်ဖို့ရယ် ) ( ခင်မင် ချစ်မြတ်နိုးကာ မျှော်ကိုးလို့သာ စေတနာ ပိုသူဝယ် ... ကြာလေစွဲလေ အမြဲတစေတောင့်တ စောင့်ရကြာလွန်းလို့ ခွန်းစကာ ပန်ချင်ပြီ ကွယ် ... သစ္စာတော်ဦး ပြိုင်ဦးချစ်ပိုင်မှူး ရှိလေမှာလားကွယ် ) မေတ္တာငုံ ရွှေပွင့်နွယ် ကြွေလင့်ရှာနိုးနဲ့ စိုးရိမ်ပေမယ့် မြေယူဇနာသယ် ချောင်း မြစ်ဆီးကာ ခရီးကွာကြလေတယ် ၊ မပိုင်ဆိုင်ဝေးသူမို့ ပူရန်သာကြွယ် ... မောင့်ရွယ်မှန်း ... နေ့စဉ်ညတိုင်း လွမ်းကျွမ်းကြေလှ ရွှေရင်ထဲဝယ် ချစ်သွေးပူဆူပြီမေရယ် ... မြားဒဏ်ရာပြင်း အသည်းလွှာချင်းဆူးဝင် ဖောက်ထွင်းသည့်နှယ် ... နတ်များဖန်ဆင်း ပစ်ခွင်းတော် မူပြီထင်တယ် ... သစ္စာတော်ဦးမာလာကို ခူးယူပါရစေကွယ် ...
ဤသီချင်းကား ကိုစောညိန်း ရင်တွင်း၌ ခံစားနေရပုံကို ဖွင့်ဟ, လိုက်ခြင်းပင် ဖြစ်သည် ။
သို့သော် ထိုသီချင်း လွှင့်သော ညက ‘ မေ ’ က သီချင်းကို မကြားလိုက်ရပေ ။ သို့ရာတွင် အသံလွှင့်ရုံ၌ ဓာတ်ပြား အဖြစ် ကျန်ရစ်နေခဲ့သဖြင့် နောင် အသံလွှင့်သည့် အခါတိုင်း ကြားနိုင်မည် ဖြစ်သည် ။
‘ သစ္စာတော်ဦး ’ လွှင့် ပြီးနောက် ကိုစောညိန်း သည် မေ့ အတွက်ပင် ‘ အရုဏ် ’ သီချင်းကို ရေးစပ်ပေးပြန်သည် ။ သီချင်းမှာ နံနက်ခင်းတွင် သူ့ချစ်သူ မေနှင့် အတူ ရွှေစည်းခုံစေတီဝယ် အရုဏ်ဆွမ်းများကို အတူ ယှဉ်တွဲ ကပ်ရင်း ဘဝဆက်တိုင်း ပေါင်းရလိုကြောင်းများကို ရေးဖွဲ့ထားခြင်းဖြစ်သည် ။
တစ်ဖန် တိမ်တောက် နေသည့် ညနေဆည်းဆာဝယ် လှေနာဝါလေးဖြင့် မေ့ ဆီ သို့သွားပါက လမ်းကြုံ၍ ခေါ်စမ်းပါ့ဟု ‘ ဆည်းဆာ ’ သီချင်း ဖြင့်လည်း သိစေပြန်သည် ။
သို့သော် ‘ မေ ’ ကား ထို သီချင်းများကို နားမထောင် ဖြစ်ခဲ့ပေ ။ ကိုစောညိန်း ထံမှ လက်ရွေးစင် စာအုပ်များ စာတိုက်မှနေ၍ မေ့ ထံသို့ ရောက်ရှိလာမှပင် တွေ့မြင်ရတတ်သည် ။
ထိုအခါ ကျမှပင် မေ က ကိုစောညိန်း၏ ခံစားမှု တစ်ရပ်ကို တသိမ့်သိမ့် ခံစားရင်း သိရှိရပြန်သည် ။ ကိုစောညိန်းသည် မေ နှင့် စာရေး ဆက်သွယ်သည့် အခါတိုင်း သံယောဇဉ် အမျှင်အတန်း လွှမ်းသော မေတ္တာရိပ်များက ထင်းလင်းလျက် ရှိနေသည် ။
သို့ရာတွင် ကိုစောညိန်း ကလည်း သူ့ မေတ္တာကို သိုဝှက်လွန်းသည် ။ နဂို သိပ်သည်းသိုဝှက်လွန်းသူ ပီပီ မေ နှင့် စာရေး ဆက်သွယ်သည့် အခါတိုင်း အကြည်ညို ပျက်စေမည့် အရာများကို အမြဲတစေ ရှောင်ရှားခဲ့လေသည် ။
ထို့ကြောင့်ပင် သူ၏ ချစ်ခြင်းမေတ္တာများကို ဖွင့်ဟရေးသားရာ၌ ရဲရဲတင်းတင်း မဖွင့်ဟနိုင်ဘဲ သူ၏ သီချင်းများနှင့် သာ ဖွင့်ဆိုခဲ့လေသည် ။
သို့နှင့်ပင် ဆက်၍ “ စိန် ” သီချင်းကို ရေးသားကာ ရင်ဖွင့်ရ ပြန်ပါသည် ။
( ချစ်ရေး, ခင်ရေး ... လိုက်လေဝေးတယ် ... စိန်ခေါ်ပါလို့ ပြေးလေ သလားကွယ် ... လှမ်းလင့်သူအား မြူသလိုလိုနှယ် ... ယိမ်းနွဲ့လှည့်စား ရှောင်ဖယ် ရှောင်ဖယ် ၊ မာယာတွေ ပိုလွန်းသူရယ် ) စိန်ပြီကွဲ့ ထား သက်လယ် ... လွတ်အောင် သာ ရှောင်စမ်းပါ ... မောင် ဖမ်းယူ လှမ်းချု ကာပွေ့မယ် ... တစ်မြေဆီ မှာရယ် ... ဝေး ... ဝေး ... ဝေးလို့သာ မပိုင်သူ အနိုင်ယူ အားကိုးနဲ့ရယ် ... မူနိုင်ရက်လေသမျှ နောင်ကျ မှ အငြိုးကို ချေမယ်လိုက်လေဝေးလေ ... ဝေးတယ် ... ၊ ချစ်တဲ့အရေးကို အပြေးစိန်သူရယ် ... မောင်ချူယူလက်ကမ်းမယ် ... အလှမ်းမီကာမှ .. ဘွာမကူတမ်းကွယ် ... ”
သီချင်းသည်လည်း မေ့ ကို ရည်ရွယ်၍ မေ့ ကို လက်ဆောင် ပါးခဲ့ပြန်လေသည် ။
ကိုစောညိန်း သည် “ မိုးသက်လေနှင် ” သီချင်း ဖြင့်လည်း တစ်နယ်တစ်ကျေး ရပ်ဝေးမှ မေ့ အား သိစေပြန်သည် ။ ဤအဖြစ်ကို ရပ်ဝေးမှ မေက သိမည်မဟုတ် ။ အဆက်အသွယ်ကလည်း တစ်ခါတစ်ရံ ပြတ်တောက် နေတတ်သည် ။ သို့ရာတွင် သိလျက်နှင့်လည်း မသိဟန်များ ဆောင်နေရော့ သလား ဟုလည်း ကိုစောညိန်း က တွေးမိပြန်သည် ။
မေ့ စာထဲတွင် ပါရှိသော “ ကိုကြီးရဲ့ ရေပြင် ပေါ်မှာ ထင်လာတဲ့ ဓူဝံကြယ် အရပ်ဟာလေ ... ဒီလှိုင်း ပုတ်လိုက်ရင် ပျောက်သွားတတ်တယ်နော် ၊ သတိထားပါ ” ဟူသော စာကလေးများ သူ့ဆီသို့ ရောက်ရှိလာပါက ကြည်နူး မဆုံးတော့ပြန်ချေ ။
မေ့ ဆီမှ ဓာတ်ပုံ ရသောနေ့ ဖြစ်သည် ။ သူ့ စာထဲတွင်တော့ ..
“ ဒီနေ့ဟာ ဇူလိုင် ၅ ရက်နေ့ပေါ့ ။ ဘယ်လိုမျှ မမျှော်လင့်ဘဲ နဲ့ မေ့ထံမှ လူကြုံ နှင့်ပေးပို့လိုက်တဲ့ ဓာတ်ပုံကလေးများနဲ့ စာရွက်ပြာကလေးတွေ ကို ကိုကြီး လက်ခံ ရရှိခဲ့တယ်လေ ။
တကယ့်ကိုပဲ လှလိုက်တာ မေ ရယ် ... ကိုကြီးကတော့ ဒီ ဓာတ်ပုံလေးကို ကြည့်ပြီး ရင်း ကြည့်လို့ မဝနိုင်လောက်အောင် ရှိပါတော့တယ် ။ မေ့ ရဲ့မျက်နှာတစ်ခုလုံးမှာ ကိုကြီး သဘောအကျဆုံးကတော့ နဂို သဘာဝအတိုင်း မနှုတ် မရိတ်ဘဲ ထင်ရှားပေါ်လွင်နေတဲ့ မျက်ခုံးကလေးပါပဲ ။
ကြည့်စမ်းပါဦးတော့ ... ဘယ်လောက်များ ခံ့ညားပြီး ကျက်သရေရှိ လိုက်ပါဘိသလဲလို့ ... အိုကွယ် မေရယ် ... ဘာကြောင့်များ သည်လောက်တောင် လိမ္မာလွန်းရသလဲ ဟင် ။ သည်လိုသာပဲ မေးလိုက်ချင်ပါတော့တယ် ။ ခုလောက် အတုအပတွေများပြီး ဖက်ရှင်လိုက်စား နေတဲ့ ခေတ်ကြီးမှာ သည်လို သဘာဝကျတဲ့ မျက်ခုံးမျိုးကို ပိုင်ဆိုင်ထားဝံ့တဲ့ သတ္တိကိုတော့ အဟုတ်ပဲ ချီးကျူးမိပါရဲ့ မေရယ် ။
မေလေးရဲ့ လက်ဆောင်ကို တုံ့ပြန်တဲ့ အနေနဲ့ ကိုကြီးရဲ့ဓာတ်ပုံတွေကိုလဲ ပို့ရဦးမယ် ။
‘ ချစ်ကန္တာရ ’ သီချင်း ရဲ့ အဆုံးသ,တ်ကလေး အတိုင်း ဓူဝံကြယ် ခင်ခင့် ကိုပါ တောင်းပန်ချင်တယ် လို့သာ ရေးလိုက်ချင်တော့တာပါပဲကွယ် ။
ထာဝရအစဉ် ချစ်မြတ်နိုး နေလျက်နှင့်
စောညိန်း
၅. ၇. ၅၂
‘ မေ ’ သည် ကိုစောညိန်း ၏ စာကို ဖတ်ပြီး ‘ နွေနှောင်းဝသန် ’ သီချင်း၏ နောက်ဆုံးအပိုဒ်ကို ရေရွတ်နေမိလေသည် ။
ချစ်သော အစ်ကိုကြီးရေ ...
စာ, ချက်ချင်း မပြန်တာကို စိတ်ဆိုးနေပြီလား ။ မဆိုးပါနဲ့ အစ်ကိုကြီး ရယ် ။ ညီမလေး မှာ လွန်ခဲ့တဲ့ ငါးရက် လောက်က ညီမလေး မေ စိုက်ထားတဲ့ နှင်းဆီပင် တွေကို မိုးကလေး တဖွဲဖွဲ ကြား မှာ ရှင်းလင်းနေတုန်း ရွှံ့စေးနဲ့ ခုံဖိနပ်မြင့်မြင့် တစ်ခါ တည်း နှစ်ပါးသွားပြီး ချော်လဲ လို့ ဆေးကုသနေရတယ် ။
ဪ ... ဒါထက် ကိုကြီး ကို ဝမ်းသာစရာ သတင်းကောင်း ပြောရဦးမယ် ။ မေတို့ လေ အသံလွှင့်ရတယ် ။ သီချင်းကတော့ ‘ မေရှင် ’ ရဲ့ မြန်မာသံစစ်စစ် ‘ ကျေးစေတမန် ’ သီချင်းပါ ။
မေတို့ မြို့က သူဌေးသား တစ်ယောက်က အစိုးရဆီက လက်မှတ်ယူပြီး အသံလွှင့်စက် တစ်ခု ဝယ်လိုက်တယ် ။ သူတို့ တိုက်ရဲ့ အပေါ်ဆုံး အထပ်မှာ အပျော်တမ်း အသံလွှင့်ခန်း လုပ်ထားတယ် ။
မြန်မာပြည် အလယ်ပိုင်း မှာ အကုန် အသံလွှင့် နိုင်တယ်တဲ့ ။ အားလုံးက မေ့ ကို အားပေးကြတယ် ။ ဂရုစိုက်ကြတယ် ။ အသံလဲ ကောင်းသတဲ့ ။
ဒါထက် အစ်ကိုကြီးရဲ့ ' မြနဒီ ' သီချင်းကို ကြားလိုက်ရပါတယ် ။ ဟို အပိုဒ်ကလေးကိုတော့ ရလိုက်ပါရဲ့ ။ “ မြူမှုန်ငွေ နှင်းသုံသုံ ” ... အပိုဒ်ကလေးများက အသည်းကို စွဲသွားတာပဲ ။ ဒါပေမယ့် အလိုက်, မရဘူး ။ မေ ဖြင့် ရန်ကုန် လာချင်လှပါပြီ အစ်ကိုကြီးရယ် ...
မေ
ချောက်မြို့ ။
ညီမလေး
အစ်ကိုကြီးဆီက စာ,မလာလို့ စိတ်ဆိုးနေမှာပဲ ဆိုတာ အစ်ကိုကြီးသိပါတယ် ။ ညီမလေး, ကျေနပ်အောင် ရှင်းပြချင်ပါရဲ့ ။ သို့သော်လဲ အစ်ကိုကြီး အလုပ်များလို့ပါ ဆိုရင် တောင်းပန်ရင် ကျေနပ်ပါတော့ ။
လက်ရွေးစင်စာအုပ်တွေ မရောက်တာကတော့ တိုက်ကို ပို့ပေးဖို့ မှာထားတာ တိုက်က ပို့ပါတယ်ဆိုတော့ ယုံနေတာပေါ့ ။ ခုမှ ညီမလေးဆီကို လက်ရွေးစင်တွေ မရောက်ဘူး ဆိုတော့ စုံစမ်းလိုက်တော့ Register မလုပ်ဘဲ ရိုးရိုး ပို့ပါတယ်လို့ သိရပါတယ် ။ လမ်းမှာ ပျောက်တယ် ထင်ပါရဲ့ ။ ဒါကြောင့်မို့ ဒီစာနဲ့ အတူ လက်ရွေးစင် ၃ အုပ် ဝယ်ပြီး Register လုပ်ပြီး ပို့လိုက်ပါတယ် ။
ညီမလေးထံက စာရလို့လဲ ဝမ်းသာ ကျေးဇူးတင်ပါတယ် ။ အစ်ကိုကြီးရဲ့ စိတ်မှာတော့ ညီမလေးကို ဂီတအနုပညာကို ဒီထက်ပိုပြီး သင်ပေးချင်ပါတယ် ။ ဒါပေမယ့် ညီမလေးအတွက် မသင့်လျော်သေးတဲ့ အကြောင်းတွေ ထောက်ထားပြီး ညီမလေး ရန်ကုန် ဆိုတာကို မလာပါနဲ့ဦးလို့ တား, ထားရတာကို စိတ်မကောင်းပါဘူး ။
အနုပညာလောကဟာ တယ်ပြီး သာယာလှတယ်တော့ မအောက်မေ့လိုက်လေ နဲ့ ညီမလေးရေ့ ။ ခုဆို ကိုကြီးဟာ ဒီလောက် နာမည်ထွက်နေတာတောင်မှ စီးပွားရေး အခြေအနေဟာ အလွန်ဆိုးရွားနေသေးတယ် ။
ငွေရမှုအတွက် အနုပညာ နဲ့ တိုင်းပြည်ကို သစ္စာမဖောက်နိုင်တဲ့ အစ်ကိုကြီး ၊ တချို့ကိစ္စတွေမှာ ရပ်ထားရသေးတယ် ။
ဒါကြောင့် ဆူးညှောင့်ခလုတ် များလှတဲ့ လမ်းခရီးကို မိန်းမသားဖြစ်တဲ့ ညီမလေး မလိုက် လျှောက်ချင်ပါနဲ့ဦးလို့ တား, ထားရတာပါ ။ ညီမလေးရဲ့ ဝါသနာကို မတားပါဘူး ။ ခုတော့ သာယာဖြောင့်ဖြူးတဲ့ လမ်းခရီးကို အစ်ကိုကြီး ခင်းပေးနိုင်ပါပြီ ။
အစ်ကိုကြီးရဲ့ မိန်းကလေး တပည့်တွေထဲမှာ ညီမလေးဟာ ဂီတ အခြေခံ တော်တော် ရှိတယ် ။ ဒါကြောင့် အစ်ကိုကြီးကလဲ ဒုက္ခခံပြီး သင်ကြား ပေးနေတာပေါ့ ။
ခုတော့ ကိုယ့် ညီမလေး တစ်ယောက်ကိုပဲ သံယောဇဉ် တွယ်စရာ ရှိပါတယ် ။ ညီမလေး ရန်ကုန်ကို လာချင်ရင် လာခဲ့ပေတော့ ။ အစ်ကိုကြီးတော့ သိပ်,မအားလှပါဘူး ။ ညညများ ( ၂ ) ချက် ထိုး လောက်မှ အိပ်ရတယ် ။ ဂီတနက်သန်အဖွဲ့ လဲ ခဏ ရပ်ထားသေးတယ် ။
ညီမလေး ရန်ကုန် လာရင် အောက်ပါ လိပ်စာ ( ၂ ) ခု ပေးရင် ရပါတယ် ။
တစ်ခုက အိမ်လိပ်စာ ၊ တစ်ခုကတော့ အလုပ်တိုက်က လိပ်စာ ပါပဲ ။ ဒါပေမယ့် ညီမလေးတို့ တည်းမယ့် နေရာနဲ့ ဆိုရင်တော့ အလုပ်တိုက်က ပိုပြီး နီးပါတယ် ။
အစ်ကိုစောညိန်း
ရန်ကျော်ဂျာနယ်တိုက်
ကျော်လင်းစာနယ်ဇင်း
၁၈၀ ၊ ၅၁ - လမ်း ၊ ရန်ကုန်မြို့ ။
စောညိန်း - ဂီတနက်သန်
၇၃ ၊ ပိတောက်တန်း ၊
ကြည့်မြင်တိုင် ၊ ရန်ကုန်မြို့ ။
မေ သည် ကိုစောညိန်း ဆီမှ စာရပြီး နောက် သူ လျှောက်ထားသော သားဖွားဆရာမ သင်တန်းတက်ရန် နှင့် သူ့ ဆရာ ကိုစောညိန်း ကို တွေ့ရန် အစ်မ ဖြစ်သူနှင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည် ။
မေတို့ညီအစ်မ နှစ်ယောက်သည် ရန်ကုန်မြို့ ၊ တောင်ညွန့် ၊ ၁၀၃ လမ်း မီးရထား ကွာတား ထဲ၌ တည်းခိုကြသည် ။ ယင်း အိမ်မှာ မေ နှင့် ညီအစ်မ ဝမ်းကွဲ တော်စပ်သူ၏ အိမ်ဖြစ်သည် ။
မေ သည် ရန်ကုန် ရောက် ရောက်ချင်း လမ်းခရီးတွင် ပင်ပန်းလာသဖြင့် ဖျားတော့သည် ။ တစ်ပတ်မျှ ကြာလျှင်တော့ ပုံမှန် ဖြစ်သွားပြီး နေကောင်းသွားသည် ။
မေ ရောက်နေသည်ကို ကိုစောညိန်း မသိပေ ။ မေ နေကောင်းပြီး နောက်တစ်နေ့တွင် အစ်မ ဖြစ်သူနှင့် အတူ ကိုစောညိန်း ပေးထားသော လိပ်စာအတိုင်း တောင်ညွန့် မှ ( ၅၁ ) လမ်းရှိ ရန်ကျော်ဂျာနယ်တိုက်သို့ ကားစီးလာခဲ့သည် ။ ရန်ကုန်မြို့ကို မရောက်ဖူးကြသဖြင့် ဟိုမေး သည်မေး နှင့်ပင် ရန်ကျော် ဂျာနယ်တိုက်သို့ ရောက်ရှိလာခဲ့သည် ။
အချိန်က နံနက်ကိုးနာရီ ဖြစ်သည် ။ ရန်ကျော်တိုက်တွင် ရှိကြသူများကို ကိုစောညိန်း ရောက် မရောက် မေးမြန်းကြည့်သည် ။
“ ဆရာ ကိုစောညိန်း ရှိပါသလားရှင် ”
“ ဆရာ ကိုစောညိန်း နေ့လယ် ဆယ့်နှစ်နာရီကျမှ ရောက်ပါ့မယ် ဘာကိစ္စ ရှိလို့ပါလဲ ” ဟု တိုက်မှ လူကြီးတစ်ယောက်က မေးသည် ။
မေ က နာရီ ကြည့်လိုက်တော့ ၉ နာရီ ထိုးပြီးခါစကလေး ရှိသေးသည် ။ ပြီး အလုပ် လျှောက်ထားသော ကိစ္စကလည်း ရှိနေသဖြင့် ကိုစောညိန်း အလာကို မစောင့်တော့ဘဲ ထွက်လာခဲ့ကြသည် ။
ကိုစောညိန်း လာပါက မေတို့ တည်းခိုကြသော အိမ်လိပ်စာကို ပေးရန်ပေးခဲ့သည် ။
မေ့ စိတ်ထဲတွင်တော့ ကိုစောညိန်း တစ်ယောက် မိမိတို့ ရောက်လာသည်ကို သိလျှင် ဝမ်းသာအားရ ပြေးလာမှာပဲဟု တွေးထင်နေမိသည် ။
မေတို့ ညီအစ်မသည် အလုပ်ကိစ္စအတွက် သွားရောက် တွေ့ဆုံခဲ့ပြီးနောက် တည်းခိုသည့် အိမ်သို့ ပြန်လာခဲ့ကြသည် ။
နေ့လယ်ဘက် အိမ်တွင် စောင့်နေသော်လည်း ကိုစောညိန်း ကား ပေါ်မလာပါချေ ။ ညနေသာ စောင်းသွားသည် ။ ကိုစောညိန်း ကား , ရောက်မလာပါချေ ။
နောက်တစ်နေ့တွင် လည်း သူ့အစ်မ နှင့် အတူ ကျန်းမာရေးဌာန သို့ သွားရောက်ခဲ့ပြီး တည်းခိုအိမ်သို့ ပြန်လာခဲ့ပြန်သည် ။
‘ မေ ’ တို့ အိမ်တွင် ခဏ အမောဖြေနေကြစဉ် လူငယ်တစ်ယောက် အိမ်လိုက်ရှာနေသည်ကို တွေ့ ရသည် ။
“ ချောက် က မေ ရှိပါသလား ”
“ ရှိပါတယ် ... ကျွန်မ ပါပဲ ”
မေ က , ကပျာကယာ ထွက်ပြီး ပြောသည် ။
“ ဪ ... ဟုတ်လား ၊ ဒါနဲ့ ကို,ကို ... ကိုစောညိန်း တစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်နေပါတယ် ။ ကျွန်တော်က , ကိုကို ကိုစောညိန်းရဲ့ ညီ ‘ မောင်လှဝေ ’ ပါ ။ ကျွန်တော့်ကို ခွင့်ပြုပါဦး ”
ကိုစောညိန်း ညီ ‘ မောင်လှဝေ ’ က ဆို့နင့် ကြေကွဲစွာနှင့် ပြောသည် ။ အောက်သို့ အရောက်တွင် အခန်းနံပါတ်နှင့် ခုတင်နံပါတ်များကိုလည်း ပြောသွားသည် ။
မေ သည် သူ့ အစ်မ ဖြစ်သူကို တစ်ချက် , လှမ်းကြည့်လိုက်ပြီး ဘာမျှ စကား မပြောနိုင်ဘဲ ဆွံ့အ , နေသလို ဖြစ်သွား လေသည် ။
မေ့ မမ ကလည်း တအံ့တဩနှင့် စိတ်မကောင်းဖြစ်နေ မိသည် ။
ဘာများ ဖြစ်လို့ပါလိမ့် ဟုလည်း မေ့ စိတ်ထဲ တွေးနေမိသည် ။
မေ သည် သင်တန်း တက်ရန် လိုအပ်သော လျှောက်လွှာများ ဖြည့်ပြီး၍ နောက်တစ်နေ့ ညနေတွင် မမ နှင့်အတူ ဆေးရုံကြီး အတွင်းလူနာဌာနသို့ သွားကြည့် ကြသည် ။
အခန်းနံပါတ် နှင့် ခုတင်နံပါတ် ရော လိုက်ရှာကြပေမယ့် ကိုစောညိန်း ကို ကား ရှာမတွေ့ ခဲ့ပါ ။ လူများ မှားပြီး ပြောသလား ။ ဘယ်လိုများ ဖြစ်တာပါလိမ့်ဟု စိတ်ထဲ တွေးပြီး ပူပင်နေမိသည် ။
“ ဆေးရုံက ဆင်းသွားပြီ နဲ့ တူတယ် ”
မမ က သတိပေးလိုက်မှ မေတို့ ညီအစ်မ နှစ်ယောက် ဆေးရုံဝင်းထဲမှ ပြန်ထွက် လာခဲ့ကြသည် ။
ဆေးရုံကြီးဝင်း မြက်ခင်းစိမ်း ပေါ်တွင် တရုတ်စကားပွင့်များ ကြွေလွင့်နေသည်ကို မေ တွေ့လိုက်ရသည် ။မေ , သက်ပြင်းကို မှုတ်ထုတ် လိုက်သည် ။ ကိုစောညိန်း ဘယ်များ ရောက်နေပါလိမ့်ကွယ် ။
လမ်းတွင် ဓာတ်မီးရောင်များနှင့် ကားမီးရောင်များသည် ပြိုးပြက်စွာ နှင့် လင်းထိန် နေသည် ။ သူတို့သည် ရန်ကုန် ညအလှကို ရင်သပ်ရှုမော ငေးမော ကြည့်ရှုနေမိကြသည် ။
ကား မစီးတတ်၍လည်း သူတို့ အိမ်ပြန်ရောက်တော့ မှောင်နေပေပြီ ။
မေ တို့ တောင်ညွန့် ( ၁ဝ၃ ) လမ်းထဲသို့ ရောက်သောအခါ တစ်ဘက်ခန်းမှ စာတစ်စောင် ထုတ်ပေး သည် ။ အိမ်ရှင်မမ တို့ကလည်း ညဈေးဘက် သွားသည်ဆိုပြီး တစ်ဘက်ခန်းသို့ပင် သော့ပေးခဲ့သည် ။
“ ရော့ ... ဒီမှာ စာ ၊ သော့ လဲယူလိုက်ဦး ၊ နေဦး စာပေးသွားတဲ့ သူငယ်လေးက ပြောသွားသေးတယ် ကွယ့် ။ အသုဘ ပို့ဖို့ ( ၂ ) နာရီလို့ ပြောတယ် ။ ဆက်ဆက် လာခဲ့ပါလို့ ပြောသွားတယ် ” ဟု ပြောလိုက်သောအခါ မေ့ ရင်ထဲ ဆို့နင့်သွားသည် ။
“ ဘုရား ... ဘုရား ... ဆရာကိုစောညိန်းများ ဘာဖြစ်လို့ပါလိမ့် ”
မေက စာကို လှမ်းယူပြီး အမြန်ဖတ်ကြည့်လိုက်သည် ။
မေ ...
ကိုကို ကိုစောညိန်း မနေ့ က ၁ဝ နာရီ လောက်မှာ ဆုံးပြီ ။
နက်ဖြန် ( ၂ ) နာရီ ကို ကျွန်တော်တို့ အိမ်မှ ကြံတောသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပါမည် ။
အကယ်၍ လာနိုင် လျှင်တော့ ကြည့်မြင်တိုင် ပိတောက်တန်းကို လာခဲ့ပါ ။
လှဝေ
‘ မေ ’ သည် မောင်လှဝေ ရေးပေးသွားသည့် စာကိုဖတ်ပြီး ငိုင်ကျ သွားသည် ။
မမ က မေ့ လက်ထဲမှ စာကို ယူပြီး ဖတ်ကြည့်လိုက်သောအခါ
“ ဘုရား ... ဘုရား ... ဖြစ်မှဖြစ်ရပလေကွယ် ” ဟု ရေရွတ်နေမိသည် ။
ကံတရားသည် ကိုစောညိန်း နှင့် သူ့ ညီမ ကို ဘယ့်ကြောင့်များ ကွဲအောင်ဖန်လာခဲ့သနည်းဟု တွေးကာ ရင်ထုမနာဖြစ်ရသည် ။
သို့နှင့်ပင် ကိုစောညိန်း အသုဘချမည့်နေ့တွင် မမ နှင့်အတူ ကြည့်မြင်တိုင် ပိတောက်တန်းသို့ ကားစီးပြီး လာခဲ့ကြသည် ။
သူတို့ ညီအစ်မ နှစ်ယောက်သည် ရန်ကုန်တွင် မသွားတတ် မလာတတ်နှင့်မို့ ကြည့်မြင်တိုင် သို့ တော်တော်နှင့် မရောက်နိုင် ။ ဟိုမေး သည်မေးနှင့် အချိန် နောက်ကျပြီးမှသာ ရောက်ရှိလာခဲ့ကြသည် ။
အိမ်ထဲရှိ လူအားလုံးသည် ခြောက်သွေ့စွာနှင့် ရှိနေကြသည် ။ လူလည်း ရှင်းနေသည် ။ အသုဘအိမ်နှင့်ပင် သိပ်မတူဟု မေ့ စိတ် ထဲတွင် တွေးထင်မိလိုက်သည် ။
“ ဆရာကိုစောညိန်း အသုဘ ချ .. ချပြီး .. ”
မေ့ စကားပင် မဆုံးသေး ။ ကိုစောညိန်း၏ အဖေဖြစ်သူက “ ချောက် က မေတို့ မဟုတ်လား ၊ မင်းဆရာ ကိုစောညိန်း အသုဘ ခုနလေးတင်က ချသွားပါပြီကွယ် ၊ မင်း လာမယ်ထင်လို့ စောင့်နေကြပါသေးတယ် ၊ အချိန်စေ့တော့ အသုဘ ချလိုက်ရတယ်ကွယ် ... လာထိုင်ကြ .. ” ဟု ပြောပြီး တရှိုက်ရှိုက်နှင့် ငိုနေသည် ။
ကိုစောညိန်း၏ ယောက်ဖ ဖြစ်သူမှာလည်း ကိုစောညိန်းနှင့် မေတို့ အကြောင်းကို သိထားသူပီပီ အော်ဟစ် ငိုရှိုက် နေပေသည် ။
သူ့ နှုတ်မှလည်း အဖြစ်အပျက်များကို ဖြစ်ကြောင်းကုန်စင် ပြောပြကာ ရင်ထုမနာ ဖြစ်နေသည် ။
ကိုစောညိန်း ကွယ်လွန်ရခြင်းမှာ ထိုညက ညီဖြစ်သူ မောင်လှဝေ သည် ရွှေတိုင်သီရိရုပ်ရှင်ရုံ ၌ ညပွဲသွားကြည့်သည် ။ ရုပ်ရှင်မှအပြန် ည ၁၀ နာရီလောက်တွင် လမ်းမှာ လူငယ်တစ်စုနှင့် ရန်ဖြစ်ခဲ့သည် ။
မောင်လှဝေ အိမ်ပြန်ရောက်သောအခါ သူ့ အစ်ကို ကိုစောညိန်းကို ပြောပြသည် ။ ကိုစောညိန်းက သူ့ ညီအတွက် နောင်တွင် ရန်ထပ်မဖြစ်စေရန်နှင့် အကျိုးအကြောင်း သိရှိရန်တို့ အတွက် ထိုလူအုပ်စုဆီ သွားရာမှ ထိုလူအုပ်ကလည်း သူ့ညီ အတွက် ရန်လာရှာသည် အထင်နှင့် ဝိုင်း ရိုက်လိုက်ကြခြင်း ဖြစ်သည် ။ လူအုပ်ထဲတွင် တုတ် ၊ ဓား အစုံအလင် ပါသဖြင့် ကိုစောညိန်းကို အတွင်းလူနာအဖြစ် ဆေးရုံ တင်လိုက်ရသည်အထိ သတိပြန်လည် မရတော့ချေ ။
မေ နှင့် အစ်မ ဖြစ်သူတို့မှာလည်း အဖြစ်အပျက် အကြောင်းစုံများကို သိလိုက်ရသဖြင့် စုတ်တသ,တ်သ,တ်နှင့် ကြေကွဲနေကြသည် ။
မေ့ စိတ်ထဲတွင်တော့ “ ဖြစ်မှ ဖြစ်ရပလေ ဆရာကိုစောညိန်းရယ် ၊ အားလုံး တွေ့ခါနီးကျမှ တေ့လွဲကလေးတွေနဲ့လွဲပြီး မတွေ့ ခဲ့ရဘူး ၊ အဖြစ်ဆိုးလိုက်တာ ” ဟု တွေးကာ မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံလာသည် ။
မေ သည် သူ့ နှုတ်ခမ်းပါးပါးလေးကို ဖိကိုက်ထားလိုက်မိသည် ။
တကယ်တော့ သူ့ ရင်ထဲတွင် ခံစားနေရမှုများကို အော်ဟစ်ပြီး ငိုပစ်လိုက်ချင်သည် ။ သို့သော် သူ ချုပ်တည်း ခဲ့ရပါလေသည် ။
အစ်မ ဖြစ်သူက မေ့ ကို နှစ်သိမ့်ရသည် ။
“ ကဲ ... ရက်လည်တဲ့ နေ့ ကျမှပဲ ကျွန်မတို့ တစ်ခေါက် လာခဲ့ကြပါဦးမယ် ၊ ကျွန်မတို့ကို ပြန်ခွင့်ပြုပါဦး ”
မေ့ကို လက်တွဲ ဖေးမ၍ အိမ်ရှင်များကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည် ။
မေ့ စိတ်ထဲတွင်တော့ အတွေးများက ယောက်ယက်ခတ်ကာ ကြေကွဲမှု ပြွမ်းလျက် ဗလောင်ဆူနေပြီ ။
သူ နှင့် ကိုစောညိန်း တို့ အဖြစ်မှာ သူ , ရန်ကုန် ရောက်ပြီး ဂျာနယ်တိုက်သို့ လိုက်ရှာသော်လည်း ကိုစောညိန်း ရောက်ချိန် မဟုတ်သေး၍ မတွေ့ခဲ့ရ ။
ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက်နေသည်ဟု သိရပြန်တော့လည်း သွား ကြည့်သောအခါ ကွယ်လွန်သွား၍ အလောင်းကို အိမ်ပြန် ယူသွားသဖြင့် မတွေ့ခဲ့ရ ။
အသုဘ ချမည့်နေ့ အိမ် သို့ သွားပြန်တော့လည်း အသုဘ, ချသွားသဖြင့် မမီလိုက်ဘဲ ဆရာကိုစောညိန်းကို မတွေ့လိုက်ရပြန်ချေ ။
အဘယ်ကြောင့်များ ကံတရားက ကိုစောညိန်း နှင့် မေ့ ကို လှည့်စား၍ ဖယ်ရှားပစ်ခဲ့ပါသလဲ ။ မေ ကံတရားကိုပင် အပြစ်တင်ချင်မိသည် ။
မမ က အကြိမ်ကြိမ် နှစ်သိမ့်ဖျောင်းဖျနေရသည် ။ သို့နှင့် သူတို့ စီးလာသော ဘတ်စ်ကားသည် တည်းခိုရာ လမ်းထိပ်သို့ ရောက်သောအခါ ကားပေါ် မှဆင်းလာ ခဲ့ကြသည် ။
မေ့ ရင် အစုံသည် လှိုက်ဖို တုန်ယင်နေတုန်းပင် ။
မေ သည် သူ့ နှုတ်မှ တိုးတိုးညင်ညင်သာသာလေး ရေရွတ်လိုက်မိသည် ။
“ ခုတော့ မေ့မှာ ပွင့်ဦးကြွေပါပကော ဆရာရယ် ... ”
( ၃၁. ၁၀. ၅၂ နေ့တွင် ကွယ်လွန်ခဲ့သော ဂီတနက်သန် ကိုစောညိန်း ) နှင့် ( ၂၃. ၁၂. ၈၉ နေ့တွင် ကွယ်လွန်သွားရှာသော အဒေါ်ရင်း ဖြစ်သူ ရီရီမေ - မမရီ သို့ လွမ်းဆွတ် အမှတ်တရ ... )
☐ရေနံမြေမောင်မောင်ကြည်
📖အလင်္ကာရပ်ဝန်း ( ၇ )
No comments:
Post a Comment