Wednesday, July 2, 2025

သရုပ်မှန် ဝတ္ထုရေးနည်း


 

❝ သရုပ်မှန် ဝတ္ထုရေးနည်း ❞

ဆရာစိန်ခင်မောင်ရီ အသုဘ မှာ ဆရာမ ခင်ပန်နှင်း ( မြောင်းမြ ) နဲ့ တွေ့တော့ “ ရွှေ မှာ ဝတ္ထု မပါတော့ဘူးလား ။ ဘာဖြစ်လို့ မထည့်တော့ တာလဲ ” လို့ မေးတယ် ။ “ ရောက်လာတဲ့ ဝတ္ထုတွေကို ကျွန်တော်ကိုယ်တိုင် အားမရလို့ပါ ” လို့ပဲ အတိုကောက် ဖြေခဲ့ရတယ် ။ လတိုင်း ဝတ္ထုတို နှစ်ပုဒ်လောက် တော့ ထည့်သွားချင်တဲ့ ဆန္ဒရှိတာ အမှန်ပဲ ။

ဒါပေမဲ့ ရွှေ ထွက်ခါစက ရောက်လာတဲ့ ဝတ္ထုတွေ ကောင်း သလောက် နောက်ပိုင်း ရောက်လာတဲ့ ဝတ္ထုတွေကို ဖတ်ရတာ အားမရတာကြောင့် တချို့ လတွေမှာ ဝတ္ထုတွေ မပါဖြစ်တော့ဘူး ။ ကိုယ်တိုင် ဝတ္ထုမရေးဖြစ် ( မရေးတတ် ) ပေမယ့် ဝတ္ထု တစ်ပုဒ် ကောင်းတော့မယ် ၊ မကောင်းဘူး ဆိုတာကို တော့ စာဖတ်များလာတဲ့ အတွေ့အကြုံအရ သိလာပါပြီ ။ ကျွန်တော်က အားလပ်တဲ့အခါ စိတ်အေးလက်အေး ဧည့်သည် ရှင်းတဲ့ အချိန်မှ ဝတ္ထုစာမူတွေ ဖတ်တတ်ပါတယ် ။ စောစောက ပြောခဲ့သလို အားမရတာတွေ ကြောင့် ပယ်လိုက်ရတာတွေက များတယ် ။

ဝတ္ထုရေးနည်း ၊ စာရေးနည်း အတတ်ပညာ က ကျွန်တော်တို့ ဆီမှာ စနစ်တကျ လေ့ကျင့်ပေးတဲ့ သင်တန်းတွေ ၊ ကျောင်းတွေ ၊ ကိုးကားနည်းယူစရာ စာအုပ်စာတမ်းတွေ က မရှိသလောက် နည်းပါးတော့ ကြိုးစားချင်တဲ့ လူငယ်ကလေးတွေ က ဝတ္ထု နာနာ ဖတ်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေးဖြစ်လာတာ များပါတယ် ။ နှစ်ဆန်းစက Writer မဂ္ဂဇင်းထဲက ဆောင်းပါးတစ်ပုဒ် ဖတ်ဖြစ်ခဲ့တယ် ။ စာရေးဆရာမ La Vyrle Spencer ရေးထားတဲ့ ဆောင်းပါး ပါပဲ ။

သူက အချစ်ဝတ္ထုရေး ဆရာမပါ ။ သူ့ ဝတ္ထုက ဘက်ဆဲလာ စာရင်းဝင် ဖြစ်နေပြီး သူ နဲ့ ရေးဖော်ရေးဖက် ဘက်ဆဲလာများ ထက်တောင် သူ့ စာအုပ်တွေ က ရောင်းရတယ် လို့ ဆိုပါတယ် ။

အခုနောက်ဆုံး ထွက်ခဲ့တဲ့ Forgiving ဝတ္ထုဆိုရင် ပြည့်တန်ဆာမကလေးတွေ အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပြီး ဘက်ဆဲလာ စာရင်းဝင် ဖြစ်ခဲ့ပြန်ပါတယ် ။ ဝတ္ထုတိုပေါင်းများစွာ ရေးခဲ့ပြီး The Fulfillment ဝတ္ထုကို CBS ရုပ်မြင်သံကြားကုမ္ပဏီက ရိုက်ကူးထုတ်လွှင့်ခဲ့ ဖူးပါတယ် ။

The Gamble ဆိုတဲ့ ဝတ္ထု က တော့ ရာဇဝင်နောက်ခံ ဝတ္ထု ဖြစ်ပြီး အမေရိကန်နိုင်ငံ အချစ်ဝတ္ထု စာရေးဆရာများ အသင်းက ချီးမြှင့်တဲ့ Golden Medallion Award ဆု ဆွတ်ခူး ရရှိခဲ့ပါတယ် ။ ကျွန်တော်တို့ နိုင်ငံက စာရေးဆရာများ လိုပဲ အတုမြင် အတတ်သင်ရင်း စာရေးဆရာမ ဖြစ်လာတဲ့ Spencer က “ ကျွန်မက တော့ စာရေးတဲ့ စည်းမျဉ်းတွေ ဘာတွေကို မကြာခဏ ချိုးဖောက်တတ်ပြီး ကျွန်မ အသိဉာဏ် နဲ့ ပဲ သာမန်လူတွေ ကြုံတွေ့ ရတဲ့ သာမန် အဖြစ်အပျက် အခြေအနေမျိုးတွေ ကို ပဲ ရေးတတ် ပါတယ် ” လို့ ဆိုတယ် ။

ဝတ္ထုတစ်ပုဒ် မှာ သရုပ်မှန်မှု အငွေ့အသက် ရအောင် ဘယ်လို ရေးရမယ် ဆိုတာ ကို Spencer က သူ့ ဆောင်းပါးမှာ ဒီလို ရေး ထားပါတယ် ။

•••••   •••••   •••••

“ အဲဒီ ဝတ္ထုကို ဖတ် လိုက်ရတာ တကယ့် အဖြစ်အပျက် လိုပဲ ဘယ်လိုများ ရေးလိုက် တာလဲ ” လို့ တစ်စုံတစ်ယောက်က စာရေးဆရာ တစ်ယောက် ကို မေးလိုက်ရင် စာရေးဆရာ အတွက် ကြီးစွာသော ဆုလာဘ် ရလိုက်သလိုပါပဲ ။ တကယ်လို့ ပြောလာတဲ့သူ က ဆက်ပြီးတော့ “ ကျွန်တော် ကိုယ်တိုင် အဲဒီ ဇာတ်လမ်းထဲ ရောက် နေသလိုပဲ ။ ဝတ္ထုထဲက အသံတွေ ကြားနေရတယ် ။ အနံ့တွေ ရနေတယ် ။ ဖတ်ရင်း ဖတ်ရင်း နဲ့ ကိုယ်တိုင် အဲဒီ စာမျက်နှာတွေထဲမှာ ရောက်သွားတယ်ဗျာ ” လို့ များ ပြောရင် အဲဒီ စာရေးဆရာဟာ စာဖတ်သူ အတွက် တစ်စုံတစ်ရာ ထူးခြားတာ ကို ပေးလိုက်နိုင်တာ သေချာပါပြီ ။

ကျွန်မ ကို အဲဒီလို ဖြစ်အောင် ဘယ်လို ရေးတာလဲ လို့ မေးလာရင် ကျွန်မ အဖြေကတော့ “ အာရုံငါးပါး ပါဝင်အောင် ရေးလို့ပါပဲ ” လို့ ဖြေပါလိမ့်မယ် ။ စာရေးဆရာ တော်တော်များများ သဘောမပေါက်ကြတာ က စာဖတ်သူ ရင်ထဲ စွဲသွားအောင် ၊ သရုပ်မှန် ဝတ္ထု ဖြစ်နိုင်ဖို့ အတွက် အာရုံငါးပါး ကို ကိုယ့် ဝတ္ထု ထဲမှာ ပါသွားအောင် ဖန်တီးကြဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ ။ ကျွန်မတို့ ဝတ္ထု ဇာတ်ဝင်ခန်းတွေမှာ “ အမြင် ” အာရုံကို အလွယ်တကူ ဖန်တီးပေးနိုင်ကြပါတယ် ။ ဒါပေမဲ့ “ အနံ့ ” တို့ ၊ “ အသံ ” တို့ ( ဇာတ်ကောင်တွေ ပြောတဲ့ စကား အပြင် ) “ အရသာ ” တို့ ၊ “ အတွေ့ ” တို့ကို ကျွန်မတို့ ဘယ်လို ဖန်တီး ပေးကြမလဲ ။

၁၉၇၆ ခုနှစ် ကတည်းက ကျွန်မ စပြီး စာရေးခဲ့ ပါတယ် ။ ဒါပေမဲ့ ခုထက်ထိ ကျွန်မ စာရေး စားပွဲရှေ့ က နံရံမှာ စကား ငါးလုံး ရေးပြီး ကပ် ထားတယ် ။ “ အမြင် ၊ အကြား ၊ အတွေ့ ၊ အရသာ ၊ အနံ့ ” ဆိုတဲ့ စကားလုံး ငါးလုံးပါပဲ ။ ဇာတ်ဝင်ခန်း တစ်ခု ကျွန်မ ရေးတော့မယ် ဆိုရင် ဒီ အာရုံ ငါးပါးကို ပါအောင် ၊ ဘယ်လို ပါအောင် ထည့် ရမယ်ဆိုတာ အကွက်ချ စဉ်းစားပြီးမှ ချရေးပါတယ် ။

အနံ့ ဆိုလို့ ကောင်းမွန်တဲ့ အနံ့ ဖြစ်ရမယ် လို့ ကျွန်မ မဆိုလိုပါဘူး ။ တစ်ခါတစ်ရံ မှာ ဆိုးဝါးတဲ့ အနံ့ဆိုးတွေ က တကယ့်ဖြစ်ရပ်မှန် နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ထူးထူးခြားခြား ဖန်တီး ပေးတတ်ပါသေးတယ် ။ ဆိုကြပါစို့ ၊ ရေခဲသေတ္တာ တံခါး ဖွင့် လိုက်တဲ့ အခါမှာ ရ လိုက်တဲ့ သစ်သီးသစ်ရွက် အပုပ်နံ့ ၊ ယောက်ျား တစ်ယောက် ရဲ့ကိုယ် က ထွက် လာတဲ့ ချွေးနံ့ပြင်းပြင်း ၊ ဒါမှမဟုတ် မိန်းမ တစ်ယောက် လက်မှာ ပေရေနေတဲ့ ရေနံဆီ အနံ့ စသဖြင့်ပေါ့ ။

ဇာတ်ဝင်ခန်းမှာ အဲဒီ အနံ့ ရနေတယ်ဆိုတာ တစ်ကြိမ် ပြောထားရုံနဲ့ မပြီးဘူး ။ ကိုယ့် ဇာတ်ကောင် လှုပ်ရှားနေသမျှ ကာလပတ်လုံး ဒီ အနံ့ကို ပရိသတ် က ရနေအောင် ခဏခဏ ဖော်ရေးပေးရမယ် ။

ဆိုကြပါစို့ ၊ ဇာတ်ဝင်ခန်း တစ်ခန်းမှာ လင်မယား နှစ်ယောက် အော်ကြီးဟစ်ကျယ် ငြင်းခုံနေကြမယ် ။ ယောက်ျား က မီးဖိုခန်း တံခါးဝ က နေ မိန်းမကို လှမ်းအော်မယ် ၊ “ ဟေ့ .. မင်းအမေကြီး ငါတို့ နဲ့ အတူတူဆက် နေမှာ ကို ငါ ဘယ်လိုမှ သည်း မခံ နိုင်တော့ဘူး ။ ငါ ပြန်လာလို့ မှ အဘွားကြီး မသွားသေးဘူး ဆိုရင် ငါ ဆင်းသွားမယ် ” ပေါ့ ။ ဒီ ဇာတ်ဝင်ခန်း ကို ရေးမယ်ဆိုရင် ကျွန်မ က မီးဖိုထဲ ရောက်နေမယ့် မိန်းမကို ဖရုံယို လုပ်ခိုင်းထားမယ် ။ အလဟဿ ဖုတ်ခိုင်း ထားတာ မဟုတ်ဘဲ “ ကျေးဇူးတော်နေ့ ” အတွက် ဖုတ်တာမျိုး ပျိုးထားမှာပေါ့ ။ ဒီတော့ ဘာ အနံ့တွေ ဝင်လာမလဲ ဆိုတော့ ပျားရည်နံ့ ၊ သကြားနံ့ ၊ အမွှေးနံ့ စသဖြင့် ပါလာမယ် ။ တခြား မီးဖိုတစ်ခု မှာ လည်း ဟင်းချက်နေတော့ ရှလကာရည်နံ့ တို့ ၊ ဟင်းမွှေးမဆလာနံ့ တို့က ရှိနေဦးမယ် ။

တကယ်လို့ သူတို့ လင်မယား စကား အပြန်အလှန် ပြောကြတာက စာမျက်နှာ တစ်ဝက် လောက်အထိ ရောက်လာပြီဆိုရင် ကျွန်မ က စာဖတ်သူတွေ မီးဖိုခန်းထဲက အနံ့တွေ ကို ပြန်သတိရသွားအောင် တစ်ချက်လောက် ဝင်ထောက်လိုက်ရတယ် ။ ဥပမာ ဒီလိုပေါ့ ။

“နိုရာ - မင်း ကို ငါ သတိပေးနေတာ ၊ မင်း အမေ နဲ့ နေမလား ၊ ငါ နဲ့ နေမလား ၊ မင်း ကြိုက်ရာ ရွေးပေတော့ ” လို့ သူ က အော်လိုက်တယ် ။ သူ့ မျက်နှာ ကလည်း မီးဖိုခန်း ထဲက ရှလကာရည်နံ့ လို ပဲ ချဉ်စူးနေတော့တယ် ။

ချဉ်တယ် ဆိုတဲ့ အနံ့ က အမျိုးသားရဲ့ မျက်နှာပေါ် က ဒေါသကို တင်စားရာ ရောက်သလို ဖရုံယို က ထွက် နေတဲ့ အချို နံ့လေးတွေ က နိုရာ ရဲ့ ညင်သာမှု ကို တင်စားရာ ရောက်ပါတယ် ။ အမျိုးသား မျက်နှာကို ရှလကာရည်နံ့ နဲ့ တင်စား လိုက်တော့ ဟာသ ဖောက်ရာလည်း ရောက်နိုင်ပါတယ် ။

ဒီလို ဇာတ်ဝင်ခန်း ရေးရင် လင်မယားနှစ်ယောက် အော်ဟစ်နေရင်း နိုရာ က သူ လုပ်စရာရှိတာတွေ ဆက်လုပ်နေတယ်ဆိုတာ ကို ဖော်ပြဖို့ မမေ့ပါနဲ့ ။ နိုရာ က အော်ရင်းဟစ်ရင်း က ချက်ပြုတ်နေတာ ဆိုတော့ စကား ပြောရင်း ဟင်းအိုး အပူကို ကိုင်ချင် ကိုင်မိ သွားမယ် ။ အဲဒီလို ပူသွားရင် သူ က ရေပိုက်ဖွင့်ပြီး လက်ထိုးခံလိုက်မယ် ။

အဲဒီတော့ ဒီ ဇာတ်ဝင်ခန်း ရဲ့ အရှိန်က မြင့်သထက် မြင့် လာလိမ့်မယ် ။ ပူသွားတယ် ဆိုတဲ့ အတွေ့ အာရုံ ကို ကျွန်မ ထည့် လိုက်နိုင်ပြီ ။ ပူတယ် ဆိုတာ ကောင်းတဲ့ အတွေ့အာရုံတော့ မဟုတ်ဘူး ။ ဒါပေမဲ့ တကယ့် သဘာဝမှာလည်း ဒါမျိုး ဖြစ်မှာပဲဆိုတော့ ကိုယ့် ဇာတ်ဝင်ခန်း က “ သရုပ်မှန် ” ဖြစ်လာတယ် ။

ပြောရင်းဆိုရင်း သနပ်တွေ ပေါ် ကို ဆီ လောင်းထည့် လိုက်တော့ ဖိတ်စဉ်သွားတာလည်း ဖြစ်နိုင်တာပဲ ။ ဖိတ် သွားတာကို သုတ်ပစ်ရမယ် ။ စိုသွားတယ်ဆိုတဲ့ “ အတွေ့ ” အာရုံဝင်သွားတယ် ။ ပြီးတော့ သူ့ လက်ကို လက်နှီး နဲ့ သုတ် လိုက်ဦးမယ် ။ နဖူး က ချွေးတွေ စီးကျနေမယ် ။ ( အပူ ဆိုတဲ့ အတွေ့ အာရုံ ပေါ်လွင်တဲ့ အပြင် ချွေး စီးကျတာကို ခံစားရတာ က လည်း အတွေ့ပါ ပဲ ) အော်ရင်း နဲ့ ဒေါသထွက် လာတော့ ဇွန်း နဲ့ ဖြစ်ဖြစ် ၊ ယောက်မ နဲ့ ဖြစ်ဖြစ် သူ့ ကို ကောက် ပေါက်လိုက်မယ် ။ ( အသံ ပါလာပြီပေါ့ )

ကိုင်း ... ဒီလို လင်မယား နှစ်ယောက် စကားများ ၊ ရန်ဖြစ် နေကြချိန်မှာ ဘာသံတွေ ကြားနိုင်သေးလဲ ။ မီးဖိုခန်း ကြမ်းပြင်ပေါ် မှာ ချထားတဲ့ ခွက်ထဲက ရေကို ခွေးက လာသောက်နေသလား ။ ဒါဆိုရင် ပလပ် ၊ ပလပ် ၊ ပလပ် ဆိုတဲ့ အသံကြားရမယ် ။ အိမ်ပြင်မှာ ကားအိုကြီး တစ်စင်း စက်နှိုးနေသလား ။ ဘေးအိမ်က ကလေးတွေ သူတို့ခြံထဲ မှာ အော်ဟစ်ကစားနေကြသလား ။ မီးဖိုပေါ် က ရေနွေးကရားက ဆူပွက်နေသလား ။

ရာသီဥတု က ဘယ်လောက် ပူနေသလဲ ။ ရှေ့ပိုင်း မှာ စာဖတ်သူကို ကိုယ်က အပူချိန် ဘယ်လောက် ရှိတယ်လို့ အမှတ်တမဲ့ ရေးပြခဲ့ သလား ။ ဒီလို ဆိုရင် ဇာတ်ဆောင်အမျိုးသမီး က လက်ဖက်ရည် အေးအေး တစ်ခွက် ဒါမှမဟုတ် ကော်ဖီ အေးအေး တစ်ခွက် ကရား ထဲက ငှဲ့သောက်တဲ့ အကြောင်း ထည့်နိုင်သေးတယ် ။ ( ကော်ဖီငှဲ့ သံ ၊ ကော်ဖီ ရဲ့အရသာ တို့ ပါဝင်သွားတယ် ။ ) စကားများရင်းတန်းလန်း နဲ့ ပဲ ယောက်ျား က ဒေါသတကြီး ထွက်သွားတော့ မိန်းမ က သူ့ ကော်ဖီခွက်ထဲကို ရေခဲတုံးကလေးတွေ ထပ်ထည့်ပြီး လှုပ် ( ဖန်ခွက် နဲ့ ရေခဲတုံး ထိတဲ့ အသံ ) ၊ ကော်ဖီ သောက်တော့ ခါး နေတဲ့ အတွက် မျက်နှာ ရှုံ့မဲ့သွားမယ် ( အရသာ ) ။

ခု ကျွန်မ ပြောပြလိုက်တဲ့ အထဲမှာ အာရုံငါးပါးစလုံး ပါဝင်သွားတာ သတိပြု မိလိမ့်မယ် ။ ဇာတ်ဝင်ခန်း တစ်ခန်းထဲမှာ ဒါတွေ အားလုံးပါဖို့ရာ အကွက်ချ စဉ်းစားထားမှသာ ဖြစ်နိုင်ပါတယ် ။ တချို့ ဇာတ်ဝင်ခန်းတွေမှာတော့ အာရုံငါးပါး စလုံး ပါဝင်အောင် ရေးဖို့ရာ မလွယ်ပါဘူး ။ အထူးသဖြင့် “ အရသာ ” ပေါ့ ။ အဲဒါပါအောင် ရေးဖို့ က အခက်ဆုံးပါ ပဲ ။ အနည်းဆုံး အာရုံ သုံးခု ၊ လေးခု လောက်ပါအောင်တော့ ရေးဖို့လိုပါတယ် ။ စကားပြောတွေ ရေးတဲ့နေရာ မှာလည်း စာဖတ်သူနဲ့ တစ်သားတည်း ဖြစ်အောင် ရေးတတ်ဖို့လိုပါတယ် ။

တချို့စာရေးဆရာတွေ က စကားပြောတွေ ကို ရေးရာ မှာ အပြင်လူတွေ မသုံးတဲ့ စကားမျိုး ရေးတတ်ကြတယ် ။ ဥပမာ “ လုပ်လိမ့်မည် မဟုတ် ” လို့ ရေးမယ့် အစား “ မလုပ်ဘူး ” လို့ ရေးသင့်တယ် ။

စကားပြောတစ်ခုကို ချရေးတဲ့ နေရာမှာ ကိုယ် ရေးတာ ကို မသေချာရင် အဲဒါကို ကျယ်ကျယ် အသံထွက်ပြီး ဖတ်ကြည့်လိုက် ၊ ကိုယ့်ကိုယ်ကိုယ် ဇာတ်စင်ပေါ် က မင်းသား ၊ မင်းသမီး လို သဘောထားပြီး ပြောကြည့် ။ ကိုယ့် ပါးစပ်က ထွက်လာတဲ့ အသံက သဘာဝမကျဘူး လို့ထင်ရင် ကိုယ် ရေးထားတဲ့ စကားပြောကို ပြင်လိုက်ပေါ့ ။ တစ်ခါတလေ လူတွေက သူတို့ အတွေး တစ်ပိုင်းတစ်စ တွေ အဆုံးမသတ်ဘဲ ပြော တတ်တယ်ဆိုတာ မေ့မထား သင့်ဘူး ။ ဒီတော့ ကိုယ့် ဇာတ်ကောင်တွေရဲ့ တချို့ စကားတွေ ကိုလည်း တစ်ပိုင်း တစ်စ ထားခဲ့နိုင်ပါတယ် ။

လူတွေ စကားပြောတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက် သိရအောင်လို့ မေးခွန်းတွေ မေးတတ်ကြ တာလည်း မမေ့နဲ့ ။ သက်ပြင်းလည်း ချတတ်ကြတယ် ။ လက်ဖျစ် တီး တတ်တယ် ။ ခေါင်းကုတ် တတ်တယ် ။ မေးထောက် တတ်တယ် ။ စကားပြောရင်း နဲ့ ကိုယ့် လက်သည်း ကို ကိုယ် ကြည့်နေတတ်ကြတယ် ။ ဒါတွေ  မေ့ မထားသင့်ဘူး ။ ကိုယ့်ဇာတ်ကောင်တွေ စကားပြောရင်း အဲဒါမျိုးတွေ လုပ်ခိုင်းထား ။

အလုပ်သွားရင်း နဲ့ လမ်း မှာ ဟိုအကြောင်း ဒီအကြောင်း စကားပြော တတ်ကြတာ လည်း ကိုယ်ရေးရင်း နဲ့ သတိရသင့်တယ် ။ စကားပြော အဆုံးမှာ နောက် က နေ ဘာလုပ်တယ်ဆိုတာ ဆက် ထည့်ပေးပါ ။ ဒါမှလည်း ဇာတ်ဝင်ခန်း က လှုပ်ရှား သက်ဝင်လာပါမယ် ။ အောက်မှာဖော်ပြမယ့် ဥပမာ နှစ်ခုကို စဉ်းစား ကြည့် ။

( ၁ ) “ ရှင် က ကျွန်မ အမေ ကို ဘယ်တုံးကမှ မကျေနပ်ခဲ့ဘူး ” နိုရာ က အော် လိုက်တယ် ။ သူမ က ရေနွေးကရား ကို ဆောင့်ချလိုက်တယ် ။

( ၂ ) “ ရှင် က ကျွန်မ အမေ ကို ဘယ်တုံးကမှ မကျေနပ်ခဲ့ဘူး ” နိုရာ က ရေနွေးကရား ကို ဆောင့်ချလိုက်တယ် ။

ဒုတိယ ဥပမာ က အခြေအနေကို ပိုမို တင်းမာစေပြီး လှုပ်ရှားမှုကိုလည်း ပိုမို သွက်လက်လာစေပါတယ် ။ ပြီးတော့ မလိုလားအပ်တဲ့ စကားလုံးတွေကိုလည်း ချုံ့ပစ်လိုက်ရာ ရောက်တယ် ။

ဒုတိယ ဥပမာ မှာ နိုရာ အော်တယ် ဆိုတာ မဖော်ပြပေမယ့် စာဖတ်ပရိသတ်က အလိုလိုနားလည်သွားတယ် ။

ဒီနေရာမှာ ကျွန်မ စာရေးရာမှာ ကျင့်သုံးတဲ့ စည်းမျဉ်း တစ်ခုကို ဖော်ပြဖို့ အကောင်းဆုံး ဖြစ်မယ်ထင်တယ် ။

တင်းမာတဲ့ အခြေအနေကို ဖော်ပြဖို့အတွက် စကားလုံး အတတ်နိုင်ဆုံး ကျစ်ကျစ်လျစ်လျစ် ဖြစ်ပါစေ

ဆိုတဲ့ စည်းမျဉ်းပါပဲ ။

အဲဒီ စည်းမျဉ်းကို ကျွန်မ ရဲ့ ဆယ်တန်း အင်္ဂလိပ်စာ ဆရာမဆီက အထက်တန်းကျောင်း အောင်ပြီး နှစ်ပေါင်းများစွာ ကြာမှ ရခဲ့တာပါ ။ ကျွန်မ ဒုတိယ ဝတ္ထု ရေးပြီးတဲ့အချိန် ပြန် ဖတ်တော့ ကိုယ်တိုင် သိပ် မကျေနပ်ဘူး ။ သရုပ်မှန် ဝတ္ထု တစ်ပုဒ် မဖြစ်သလို ခံစားရတယ် ။ ဌာန် ကရိုဏ်း မကျသလိုဘဲ ။ တစ်စုံတစ်ခု မှားယွင်း နေတယ်ဆိုတာ သိ ပေမယ့် ဘာမှားမှန်း ကျွန်မ ရှာလို့ မတွေ့ဘူး ။ ဒါနဲ့ ကျွန်မ က လက်ရေး စာမူကို ဆရာမ လက်အပ်ပြီး ဝေဖန်ပေးပါ ၊ အကြံဉာဏ်ပေးပါလို့ မေတ္တာရပ်ခံလိုက်တယ် ။ အဲဒီတော့ ဆရာမက ဒီ စည်းမျဉ်းကို ပြောပြလိုက်တာပါပဲ ။ သူ့ စည်းမျဉ်းအတိုင်း ပြင်လိုက်တော့ ကျွန်မ ဝတ္ထုက “ သရုပ်မှန် ” ဝတ္ထုဖြစ်သွားတယ် ။

တင်းမာနေတဲ့ အခြေအနေ ကို ဖော်ပြချင်ရင် ဝါကျ တိုတို သုံးပါ ။ အဲဒီလို ရေးလိုက်ရင် ဝတ္ထု ရဲ့ အခြေအနေ က သွက်လက်တယ် ။ ပိုပြီး တင်းမာလာမယ် ။ အဲဒါနဲ့ ဆန့်ကျင်ဘက် သာယာတဲ့ အခြေအနေကို ရေးမယ် ဆိုရင် ဝါကျ ရှည်ရှည် ၊ စာပိုဒ် ရှည်ရှည် ရေးပါ ။ အဲဒီလို ချရေးလိုက်ရင် စောစောက တင်းမာနေတဲ့ အခြေအနေတွေ အားလုံး လျော့ပါးသွားလိမ့်မယ် ။

ဝတ္ထု တစ်ပုဒ် သရုပ်မှန်ဖို့ ဆိုတာ က ကိုယ် ရေးတော့မယ့် ဝတ္ထု ရဲ့ ပထမဆုံး စာပိုဒ်ကို ချ မရေးခင် ကတည်းက စနစ်တကျ စီစဉ်ထားဖို့ လိုပါမယ် ။ ဘဝသရုပ်ဖော် မြင်ကွင်း ပန်းချီကား တစ်ချပ်ကို ရေးတော့မယ်ဆိုရင် ဒီ မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ လေ့လာပြီး ရေးဆွဲမှသာ မြင်ကွင်းထဲက လူတွေ နေ့စဉ် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြင်ကွင်း ၊ အသံ ၊ အနံ့ ၊ အတွေ့အထိ တို့ ကို သူတို့ ပတ်ဝန်းကျင် က ရလာနိုင်ပါလိမ့်မယ် ။

ကျွန်မ အခု နောက်ဆုံးရေး ထားတဲ့ Forgiving ဝတ္ထု အတွက် ဟိုရှေးရှေးတုန်းက ပုံနှိပ်စက် စာတမ်းတွေထဲက လေ့လာရုံ နဲ့ တင် မလုံလောက်ပါဘူး ။ ၁၈၈၉ ခုနှစ်လောက်က လက်ထိုး ပုံနှိပ်စက် တကယ် ရိုက်ဖူးတဲ့ အဘိုးကြီး တစ်ယောက်ဆီ ကို လည်း ကိုယ်တိုင်ကိုယ်ကျ သွား လေ့လာရတယ် ။ သူ ပြောပြတာ နားထောင်ရုံနဲ့ နားထဲမှာ တချောက်ချောက် နဲ့ အသံမြည်နေမယ့် ပုံနှိပ်စက်ကလေး ရဲ့ အသံကို ကြားယောင်လာတယ် ။

သူ ပြောပြတော့ မှ ပဲ စက်ခန်းထဲ က လေထုထဲ မှာ မင်နံ့တွေ ရှိနေပုံ ၊ အခန်းထဲ က လေထုဟာ စိုထိုင်းထိုင်း အမြဲ ဖြစ် နေတာကြောင့် စက်တွေ မကြာခဏ ချွတ်ယွင်းရပုံ တွေ သိလာရတယ် ။ အဘိုးကြီး ပြောပြချက်အရ ရှေးရှေးတုန်းက ပုံနှိပ်မင်တွေမှာ တာပင်တိုင်ဆီ တွေ သုံးခဲ့တာကြောင့် သတင်းစာတိုက်တွေ မှာ အဲဒီအနံ့ ရှိခဲ့တာ ကျွန်မ သိခဲ့ရတယ် ။ လက်ထိုး ပုံနှိပ်စက် ဖြစ်တဲ့အတွက် လက် နဲ့ ထိုးရုံတင်မကဘူး ၊ တင်ပါး ကပါ လှုပ်ရှားမှု လျင်မြန်သွက်လက်အောင် အားစိုက်ပေးရတယ် ဆိုတာ သိခွင့်ရခဲ့တယ် ။

ကိုင်း ... သူ့ဆီက ကြားခဲ့ရတာတွေ ကို ချရေးလိုက်မယ် ဆိုရင် ဘယ်လို “ အာရုံ ” တွေ ပါလာမယ်ဆိုတာ ကြည့်ရအောင် ။

ချောက် ချောက် ချောက် ( အသံ )
တာပင်တိုင် နဲ့ မင် ( အနံ့ )
လက် နဲ့ တင်ပါး ( အတွေ့ )
ပုံနှိပ်စက် ၊ မင် ၊ ရုံးခန်း ၊ စာဖောင်ဖွဲ့ တဲ့ တုတ်တံ ( အမြင် )

အို ... အရသာ မရှိလိုက်တာ ( ဝါကျတို ၊ စကားလုံးတိုတွေ က ခံစားချက်ကို ပိုမိုမြင့်မား လာစေပါတယ် ) ။ စောစောက ကျွန်မ ပြောခဲ့သလိုပါပဲ ။ “ အရသာ ” ဆိုတဲ့ အာရုံ ကတော့ ပါ လာဖို့ရာ တော်တော်ခဲယဉ်းတယ် ။ ဒါပေမဲ့ အာရုံငါးပါး ထဲက လေးပါး ပါလာအောင် ရေးနိုင်ရင် မဆိုးပါဘူး ။

အဲဒီလို အာရုံငါးပါး ကို ကိုယ့် ဝတ္ထု ထဲမှာ ပါအောင် ရေးမယ် ၊ တင်းမာတဲ့ အခြေအနေမျိုးကို ရေးမယ် ဆိုရင် ဝါကျတိုကို သုံးမယ် ။ ပျော့ပျောင်းတဲ့ အခြေအနေမျိုးကို ဝါကျရှည်များ နဲ့ တည်ဆောက်သွားမယ် ဆိုရင် ကိုယ်ရေးတဲ့ ဝတ္ထုဟာ ပြင်ပလောကနဲ့ ခွဲခြားမရနိုင်တဲ့ “ သရုပ်မှန် ” ဝတ္ထု ဖြစ်လာတဲ့အတွက် စာဖတ်သူများ အနေနဲ့ လက်ထဲက မချနိုင်လောက်အောင် ဆွဲဆောင်သွားနိုင်ပါလိမ့်မယ် ။

•••••   •••••   •••••

Spencer ရဲ့ အကြံပေးချက်များနဲ့ စမ်းသပ်ကြည့်ကြပါစို့လား ။

◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
      အမှတ် ( ၃၁ )
      မေလ ၊ ၁၉၉၂ ခုနှစ်

No comments:

Post a Comment