❝ ဖြစ်သမျှ အကြောင်း အကောင်း ❞
( ပုံပြင် )
ရှေးအခါက တိုင်းပြည် တစ်ပြည်တွင် မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်မင်းလုပ်သော ဘုရင်တစ်ပါး ရှိလေသည် ။ ၎င်း မင်းကြီးတွင် အလွန် ချောမောသော သားတော်တစ်ပါးရှိလေသည် ။
တစ်နေ့သောအခါ မင်းသားလေးသည် သူကိုယ်တိုင် သစ်သီးကို ဓားနှင့် လှီးစားနေစဉ် လက်ချော်ပြီး လက် တစ်ချောင်းကို ဓားရှသွားလေသည် ။ မင်းသားလေးလည်း လက်ကို ဓားရှသဖြင့် စိတ်မကောင်း ဖြစ်ပြီး နန်းတော်တွင် ခစားနေသော ပညာရှိတစ်ဦးထံသွားရောက်၍ သူ့လက် ဓားထိသည်ကို နိမိတ် ကောင်းမကောင်း မေးမြန်းလေသည် ။
ပညာရှိအမတ်ကြီးသည် “ လောကမှာ လူသားတွေဟာ ဖြစ်သမျှအကြောင်း အကောင်းလို့သာ မှတ်ယူရပါတယ် ” ဟု ပြောရာ မင်းသားလေးလည်း စိတ်စနောင့်စနင်းဖြစ်ပြီး ပြန်ခဲ့လေသည် ။
တစ်နေ့သောအခါ မင်းသားလေးသည် အခြွေအရံများ နှင့်တကွ တောကစားထွက် လေသည် ။ မင်းသားလေးလည်း တောကစားရင်း အခြွေအရံတွေနှင့် ကွဲပြီး တောထဲတွင် မျက်စိလည်၍ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည် ။ အခြွေအရံတွေ ကလည်း တောထဲတွင် မင်းသားအား လိုက်ရှာကြသော်လည်း မတွေ့သည့် အဆုံးတွင် တိုင်းပြည်သို့ပြန်လာ၍ ခမည်းတော်ဘုရင်ကြီးအား အကြောင်းစုံ လျှောက်ထားလေသည် ။ ဘုရင်ကြီးလည်း သားတော် မင်းသားလေးအတွက် ပူပင်သောက ဖြစ်နေရရှာလေသည် ။
ထိုအချိန်တွင် အခြား တိုင်းပြည် တစ်ပြည်မှလည်း အလွန်ချောမောလှပ၍ အပြစ်အနာအဆာ ကင်းစင်သော လူသားနှင့် ယဇ်ပူဇော်ရန်အတွက် လူအရှာထွက်လာရာ မင်းသားလေး မျက်စိလည်နေသော တောထဲသို့ ရောက်ရှိလာလေသည် ။
မင်းသားလေးကို တွေ့သည် နှင့် တစ်ပြိုင်နက် သူ့တို့ လို ချင်နေသော လူဖြစ်ပြီ အထင် နှင့် မင်းသားလေးအား သူတို့၏ တိုင်းပြည်သို့ ဖမ်းဆီး ခေါ်ဆောင်သွားလေသည် ။ တိုင်းပြည်သို့ ရောက်သောအခါ မင်းသားလေး၏ ကိုယ်တွင် ဒဏ်ရာဒဏ်ချက် နှင့် အပြစ်အနာအဆာ ရှိ ၊ မရှိ ကြည့်ရှုစစ်ဆေးကြလေသည် ။
မင်းသားလေး၏ တစ်ကိုယ်လုံးတွင် ဘယ်နေရာမှ ချွတ်ယွင်းချက် မရှိသည်ကို တွေ့ရှိရလေသည် ။ သို့သော်လည်း လက်ချောင်း တစ်ချောင်းတွင် ဓားဒဏ်ရာတစ်ခုကို တွေ့ရလေသည် ။ ထိုအခါ မင်းသားလေးသည် ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဟု ယူဆကြပြီး မင်းသားလေးအား မသတ်တော့ဘဲ ၎င်း၏ တိုင်းပြည်သို့ ပြန်လည် ပို့ပေးလိုက်ကြလေသည် ။ ဘုရင်ကြီးလည်း မိမိ ၏ သားတော်လေး တိုင်းပြည် သို့ ပြန်ရောက်လာသဖြင့် များစွာ ဝမ်းသာမဆုံးဖြစ်လေတော့သည် ။
မင်းသားလေးသည် တိုင်းပြည်သို့ ပြန်ရောက်ပြီး မကြာမီ ပညာရှိအမတ်ကြီး ပြောလိုက်သော “ လောကမှာ လူသားတွေဟာ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ယူရပါတယ် ” ဟူသော စကားကို သတိရပြီး အမတ်ကြီးအား ကျေးဇူးတင်မဆုံး ဖြစ်ရုံသာမက ဆုတော် လာဘ်တော်တွေ နှင့်တကွ ချီးမြှင့်မြှောက်စား လိုက်လေတော့သည် ။
ထိုအချိန်မှစ၍ ဖြစ်သမျှ အကြောင်း အကောင်း ဟူသော စကားပုံ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုရပေတော့မည် ။
☐ ကျိုက်ထို - ဝေလွင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၆ ၊ ဇန်နဝါရီ
No comments:
Post a Comment