Thursday, July 31, 2025

အိမ်ပြန်ချိန်တေး


 

❝ အိမ်ပြန်ချိန်တေး ❞
       ( တင်မိခိုင် )

ကျွန်မငယ်စဉ်က လသာသော ညများကို တမ်းတမက်မောစွာ မျှော်နေမိတတ်သည် ။ လရောင်ဆွတ်ဖျန်းထားသည့် ညအလင်းမှာ အိမ်ပေါ်ထပ် လသာဆောင်တွင် ဖျာခင်းကာ ခေါင်းအုံးများပါ ချပြီး လှဲသူ လှဲ ၊ ထိုင်သူ ထိုင်ဖြင့် မိသားစု နားနေကြရင်း လက်ဖက်သုပ် ၊ ရေနွေးကြမ်းတို့ ခင်းကျင်းဝန်းရံကာ ဖေဖေက ရှေးဟောင်းနှောင်းဖြစ်များ ၊ ပုံပြင်များကို ပြောပြလေ့ရှိသည် ။

ထိုစဉ်အခါက ယခုခေတ်လို ရုပ်မြင်သံကြား မရှိသေး ၊ ကက်ဆက်ပင် မပေါ်သေးသဖြင့် မိသားစု ဝိုင်းဖွဲ့ ကာ စကားစမြည် ပြောဖို့ အခြေအနေ ရှိပါသည် ။

ကျွန်မ မူလတန်းကျောင်းသူ အရွယ်တုန်းက ဖေဖေ က ပုံပြင်များကို ပြောပြခဲ့ပြီး ကျွန်မ အလယ်တန်းကျောင်းသူ အရွယ် ရောက်လာတော့ ဖေဖေတို့ ငယ်စဉ်က အတွေ့ အကြုံများ ၊ ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြလေ့ရှိ၏ ။ ကျွန်မတို့ မောင်နှမတစ်တွေသည် မသိမီလိုက်သည့် ခေတ်ကာလက အဖြစ်အပျက်များကို စိတ်ဝင်တစား နားထောင်ကြပြီး ပျော်ရွှင်ရယ်မောဖွယ် ၊ ကြည်နူးဆွတ်ပျံ့ဖွယ် ၊ အံ့သြထိတ်လန့်ဖွယ်များဖြင့် လအလင်းကို လှုံကာ နစ်မျောခံစားကြရသည် ။

ဖေဖေ၏ ဇာတိရပ်ရွာသည် မြန်မာပြည် အလယ်ပိုင်းရှိ အညာဒေသလေးဖြစ်၏ ။ ဖေဖေတို့ ငယ်စဉ်က ဟစ် အော်ရွတ် ဆိုခဲ့ဖူးသော ရွာနီးချုပ်စပ်၏ စာချိုးလေးကို မကြာခဏ ဆိုရွတ်ပြလေ့ ရှိသောကြောင့် ကျွန်မတို့ မောင်နှမတွေကပါ ဆိုကောင်းကောင်းနှင့် လိုက်ဆိုကြသည်မှာ အလွတ်ပင်ရနေကြလေပြီ ။ စာချိုးလေးက အော်ဆိုလို့လည်း ကောင်းလှ၏ ။

“ ပြောပြောဆိုဆို မန်ကျည်းချို
မိုက်မိုက်ရိုင်းရိုင်း မန်ကျည်းကိုင်း
ဆံတောက်ပေါလှ ဆောက်တောဝ ” .. တဲ့ ။

အဓိပ္ပာယ်ကား မန်ကျည်းချို ရွာသူရွာသားများသည် အပြောအဆို လိမ္မာသည် ။ မန်ကျည်းကိုင်းရွာက သူတွေက အဆိုအပြော မယဉ်ကျေး ၊ ဆောက်တောဝ ရွာကတော့ အပျိုချောတွေ များပါသည် ... ဟူ၏ ။

ဖေဖေတို့ မောင်နှမ ခြောက်ယောက်တွင် ကျန်ငါးယောက်က အသားညိုသော်လည်း ဖေဖေက အဖြူဘက်သို့ လုသော အသားဘက် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ။ ဆံပင်က နက်မှောင်ပြီး ကောက်သည် လည်း မဆိုသာ လှိုင်းကလေး ကြွကြွနှင့် မျက်နှာချိုကာ အပြောကလည်း ကောင်းသည်မို့ သူ့ခေတ် သူ့အခါမှာ တော့ အပျိုတွေ ဝိုင်းနေခဲ့မည်ပေါ့ ။

မောင်နှမ ထဲတွင် တတိယမြောက်သားဖြစ်သော ဖေဖေသည် ကလေးဘဝ ကတည်းက ချစ်ခင်သူများ ဝန်းရံနေခဲ့၏ ။ ဘိုးဘိုး၏ အလုပ်ထဲမှ တပည့်တပန်းများ ကလည်း စကားတတ်၍ ချစ်မွေးပါသော ဖေဖေ့ကို ပို၍ ချီပိုးယုယကြသည် ။ ဘိုးဘိုးကိုယ်တိုင်ကလည်း သွက်လက်ချက်ချာသောသားကို သိသိသာသာ အချစ်သည်းလေသည် ။

ဖေဖေ၏ မျက်နှာပြင်သွင်ပြင်က ဘိုးဘိုးဆီမှ အမွေရခဲ့ခြင်းဖြစ်၏ ။ ဘိုးဘိုးသည် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်ကာ မျက်လုံးကြည်ကြည် ဝိုင်းဝိုင်း နှုတ်ခမ်းများလည်း အစဉ် ပြုံးလို့ ။ မေမေက ယောက္ခမ ဖြစ်သူကို တစ်ချိန်က ရုပ်မြင်သံကြားသတင်း များတွင် မြင်ရလေ့ရှိသော အမေရိကန်သမ္မတ ရော်နယ် ရီဂင်နှင့် တူသည်ဟု ကျွန်မတို့ကို ပြောပြခဲ့ဖူးသည် ။ ဖေဖေက ရုပ်ရည် ချောခန့်သော်လည်း အရပ်အမောင်း ကတော့ ဘိုးဘိုးကို မမီပါ ။ ဖေဖေတို့မောင်နှမ ခြောက်ယောက်စလုံးသည် ဘိုးဘိုးဆီက အရပ်အမောင်းကို မရဘဲ ဘွားဘွား၏ အရပ်ပျပ်ပျပ် ကိုသာ တူညီစွာ အမွေ ရခဲ့ကြလေသည် ။

ဝန်ထမ်းဘဝမှာ တာဝန်အရ အနယ်နယ်အရပ်ရပ် ပြောင်းရွှေ့ကာ သွားလာနေထိုင်နေရသော်လည်း ဇာတိ ရပ်ရွာကို ချစ်ခင် စွဲလမ်းသော ဖေဖေသည် ငယ်ဘဝ ပုံရိပ်များကို လွမ်းဆွတ်ကြည်နူးစွာ ပြောပြလေ့ရှိပါသည် ။

ဖေဖေတို့ညီအစ်ကိုတစ်တွေ၏ ရှင်ပြုပွဲကို ပြောပြသည့်အခါမှာ ပျော်စရာ ၊ စိတ်ဝင်စားစရာ ကောင်းလှပါသည် ။ ဘိုးဘိုးက သားတွေကို ရှင်ပြုရာမှာ ရှင်လောင်းလှည့်တော့ ဆင်နှင့် လှည့်သည် ။ ထိုခေတ်က မုံရွာ ၊ မန္တလေး တစ်ဝိုက် ရှင်ပြုအလှူမင်္ဂလာတွင် ပါဝင်နေကျ ဖြစ်သော ဆင်မကြီး ကျောင်းအစ်မကြီး မငွေစိန်နှင့် ရှင်လောင်း လှည့်ခြင်းဖြစ်သည် ။ ဆင်မကြီး မငွေစိန်ကို ရှင်ပြုပွဲတွေက ငှား၍ ရသော ငွေကို စု၍ ကျောင်းဆောက် လှူပေးကာ ကျောင်းအစ်မကြီး မငွေစိန် ဟု ကင်ပွန်းတပ်ကြသည် ။ ဆင်လိမ္မာ မငွေစိန်က ကလေးများကို နှာမောင်းနှင့် ပွေ့ယူကာ သူ့ ကျောပေါ် တင်ပေးပုံကို ဖေဖေက ပြောပြတော့ ကျွန်မက ကျောချမ်းကာ ထိတ်လန့် နေဆဲ မောင်လေးများက “ ဆင်စီးချင်တယ် ၊ ဆင်စီးချင်တယ် ” ဟု တစ်စခန်းထကာ ပူဆာကြပါသည် ။

စစ်ကိုင်းဘက်ကမ်း ခိုတောင်ရွာမှ လှေကလေးနှင့် လာ၍ ရောင်းသော နနွင်းရောင် ဝါဝါထိန်ထိန် ဆီကျက်ဖြင့် သုပ်ပေးသည့် ခိုတောင်မုန့်တီအကြောင်း ပြောသည့် အခါတွင်ကား နားထောင်ရင်းမှာ ဟင်းချိုရည်နံ့ သင်းပျံ့လာသလို သွားရည်ယိုကြရသည် ။

အမေကြီးအိ ( အဖေ၏ အဘွား ) သည် မြေးများကို အချစ်သည်းကာ အလွန် အလိုလိုက်ပုံ ၊ အမေ့ကြီးအိ၏ ခြံထဲမှာ သရက်သီးတွေ စိတ်ကြိုက် ခူးစားကြပုံ ၊ မြေးများ အလည် ရောက်လျှင် အမေကြီးအိက အမဲသားကို ပိသာလုံး ဝယ်၍ မြေအိုးဖြင့် နူးမြည့် နေအောင် နှပ်ချက်ကာ ချကျွေးတတ်ပုံများကို ပြောလျှင် ကျွန်မတို့မှာ ဗိုက်ဆာ သလိုလို ဖြစ်လာကြပြန်သည် ။

မေမေကတော့ သည်အကြောင်း ပြောလျှင် ဖေဖေ့ကို မသိမသာ လှမ်း ကန့်ကွက်တတ်ပါသည် ။

“ ငယ်ငယ်က စည်းမရှိကမ်းမရှိတွေကို ပြောနေပြန်ပြီ ၊ လူကြားရင် ရှက်စရာ ကောင်းလှတယ် ”

သည်အခါမှာ ကျွန်မတို့ မောင်နှမတွေက “ ဖေဖေ ... ပြော .. ပြော အမေကြီးအိက ဘာတွေ ကျွေးသလဲ ” ဟု ဖေဖေ့ကို ဆက်ပြောရန် ဝိုင်းအားပေးကြပါသည် ။

အညာဆောင်း၏ ချမ်းမြအေးစိမ့်လှသည့် တပို့တွဲ လရာသီတွင် ဖေဖေတို့ ခြံထဲက မန်ကျည်းပင်ကြီး အောက်မှာ ညဘက် မီးလှုံရင်း ထန်းပင်မြစ်တွေ ဖုတ်စားကြတာကို ပြောလျှင်လည်း ကျွန်မတို့မှာ နားထောင်ရင်းက မြောက်ပြန်လေနှင့်အတူ ထန်းပင်မြစ်မီးဖုတ်နံ့သင်းသင်းကို ရှူရှိုက်ရသလို ခံစားရပြန်သည် ။ ဖေဖေ၏ လရောင်ရွှန်းမြ ငယ်ဘဝ ပုံပြင်တွေထဲမှာ ကျွန်မ မမေ့နိုင်ဆုံး အကြောင်းလေး တစ်ခုကိုတော့ အခု အသက်အရွယ်ထိ စွဲလမ်း မှတ်မိနေရဆဲ ဖြစ်ပါ၏ ။

အချိန်ကား မြန်မာပြည်ကို ဂျပန်တို့ အုပ်စိုးနေသော ခေတ်ကာလ ဖြစ်၏ ။ ဖေဖေက ဆယ့်လေးနှစ်သား အရွယ်သာ ရှိသေးသည် ။

တစ်နေ့မှာ ဘိုးဘိုးကို အင်္ဂလိပ်စစ်တပ်နှင့် အဆက် အသွယ်လုပ်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဂျပန်စစ်သား များက ဖမ်းဆီးခေါ်ဆောင်သွားပါသည် ။

ဖေဖေ အပြင်မှ အိမ်ပြန်ရောက်ချိန်တွင် ဘွားဘွားက ငိုကြီးချက်မဖြင့် ‘ ကိုဘဇင်ကို ဂျပန်တွေ ခေါ်သွားပြီ .. သား ’ ဟု ဆိုသောအခါ ဖေဖေသည် ဂျပန်တွေ နေသော နေရာကို သိသည်မို့ ချက်ချင်းပင် လိုက်သွားလေသည် ။ ဘွားဘွားက ဟစ်အော် တားဆီးသော်လည်း ဖေဖေက လှည့်မကြည့်တော့ပေ ။

ဖေဖေ၏ ခြေလှမ်းတို့က ဂျပန်များစခန်းသို့ ဦး တည်လျက် .. သွက်သွက် …. ။

ခြေလှမ်းတိုင်းမှာလည်း စိတ်ထဲမှ ‘ အဖေ .... အဖေ ’ ဟု မြည်တမ်းလျက် ။

ဘွားဘွားသည် ယောက်ျားဖြစ်သူကို ဂျပန်တွေ ဖမ်းသွားပါပြီ ဆိုမှ သားကပါ နောက်က ထပ်လိုက်သွား ပြန်သဖြင့် ရင်တမမဖြင့် ငိုယိုကျန်ရစ်လေသည် ။

စိုးရိမ်ပူပန်ရသော အခြေအနေပင် ဖြစ်၏ ။ ဂျပန်များက ခေါ်သွားသော သူသည် ပြန်လမ်းမရှိဘဲ အဆိုးဆုံး အခြေအနေနှင့်သာ ဇာတ်သိမ်းသွားလေ့ရှိသောကြောင့်ပင် ။

ကျွန်မတို့၏ အတွေးအာရုံထဲတွင် ဖေဖေ ပြောပြသည်များကို ဇာတ်လမ်းတစ်ခု ကြည့်နေရသလို မြင်ယောင်နေခဲ့သည် ။

••••• ••••• •••••

ဂျပန်များ စခန်းချရာ နေရာရောက်တော့ အဝင်ဝ တွင် ကင်းစောင့်နေသော ဂျပန်စစ်သားကို မြန်မာလူငယ် လေးက စခန်းမှ လူကြီးနှင့် တွေ့လိုကြောင်း ဂျပန်လို ပြောလိုက်သည့်အခါ ရှောရှောရှူရှူပင် အတွင်းသို့ ဝင်ခွင့် ရသွားကာ ထိုစစ်သားက လိုက်ပို့သည် ။

အဆောက်အဦ အတွင်းတွင် စခန်း၏ အကြီးအကဲ ဖြစ်သော ဂျပန်စစ်ဗိုလ်သည် စားပွဲတစ်လုံးနှင့် ထိုင်နေသည်ကို မြင်ရ၏ ။ ဂျပန်စစ်သားက ဂျပန်စစ်ဗိုလ်ကို သတင်းပို့ကာ ပြန်ထွက်သွားသည် ။

လူငယ်သည် ရဲရဲရင့်ရင့်ပင် ဂျပန်စစ်ဗိုလ် ရှေ့သို့ လျှောက်သွားလိုက်ပါသည် ။ ဂျပန်စစ်ဗိုလ်က အကဲခတ်ကာ ‘ ဘာကိစ္စလဲ ’ ဟု မေးသည်တွင် လူငယ်က ဂျပန်လို ပြန်ပြောလိုက်သည် ။

“ ကျွန်တော့်အဖေ ကိစ္စပါ ”

“ မင်းအဖေက ဘယ်သူလဲ ”

“ ဦးဘဇင် ၊ ဒီနေ့ မနက်ကပဲ ဒီစခန်းက လူတွေက အိမ်မှာ လာခေါ်သွားတယ် ”

ဂျပန်စစ်ဗိုလ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် ဂျပန်တပ် စခန်းသို့ မကြောက်မရွံ့ တစ်ယောက်တည်း လာဝံ့သော လူငယ်၏ သတ္တိကို သဘောကျနေဟန် ရှိသည် ။

“ မင်းအဖေက အင်္ဂလိပ်နဲ့ ဆက်သွယ်တယ်လို့ သိရတယ် ။ ဒါကြောင့် မင်းအဖေကို စစ်ဆေးစရာလေးတွေ ရှိလို့ ခေါ်ထားတာ ”

“ အဖေက အင်္ဂလိပ်နဲ့ ဆက်သွယ်တယ် ဆိုတာ မဟုတ်ပါဘူး မာစတာ ။ သူတို့ အထင်လွဲတာပါ ။ ကျွန်တော့် အဖေက ရိုးရိုးသားသား စီးပွားရှာစားနေတဲ့ သူပါ ။ ရပ်ရွာထဲမှာ မေးကြည့်နိုင်ပါတယ် ”

“ အေး ဒီလိုဆိုလည်း မင်းအဖေကို တို့စစ်ဆေး စရာတွေရှိသေးတယ် ။ မင်း .. ပြန်တော့ .. ”

“ ကျွန်တော် တစ်ယောက်တည်း မပြန်ဘူး မာစတာ ၊ ကျွန်တော့် အဖေနဲ့မှ ပြန်မယ် ။ ကျွန်တော့် အဖေမှာ အပြစ် မရှိတဲ့ အတွက် ပြန် လွှတ်ပေးစေချင်ပါတယ် ”

ဂျပန်စစ်ဗိုလ်သည် လူငယ်၏ ယဉ်ကျေးသော်လည်း ပြတ်သားသော အဖြေကို ကြားသောအခါ ပြုံးနေပြီးမှ အေးအေးဆေးဆေးပင် ပြောလေသည် ။

“ မင်းဂျပန်စကား တော်တော်ပြောတတ်တာပဲ ”

“ ကျွန်တော် ဂျပန်စာသင်ကျောင်း တက်ပါတယ် ”

“ အို ... ဟုတ်လား ၊ မင်းမှာ ဂျပန်နာမည် ရှိမှာပေါ့ ”

“ ရှိပါတယ် ၊ (  ) ၊ နံပါတ်ကိုး .. ”

“ နံပါတ်ကိုး .. မင်း မကြောက်ဘူးလား ”

“ ဘာကို ကြောက်ရမှာလဲ ”

“ ငါတို့က မင်းကိုပါ ဖမ်းထားမှာကိုပေါ့ ”

“ ဒီတော့လည်း အဖေနဲ့ အတူ ရှိနေရမှာမို့ ကောင်းပါတယ် ”

ဂျပန်စစ်ဗိုလ်သည် ခေါင်းတညိတ်ညိတ် လုပ်နေပြီး

“ မင်း .. ဂျပန်သီချင်းကော ဆိုတတ်သလား ”

“ ဆိုတတ်ပါတယ် ”

လူငယ်က သွက်လက်စွာ ပြန်ပြော အပြီးမှာ ...

“ ဒါဆို မင်း .. ငါ့ကို ဂျပန်သီချင်း တစ်ပုဒ်လောက် ဆိုပြပါလား ၊ နားထောင်ရအောင် ”

လူငယ်သည် စိတ်ထဲမှာ အံ့သြတကြီး ဖြစ်သွားလေသည် ။ ဘယ်လိုပါလိမ့် ၊ သည်ဂျပန်စစ်ဗိုလ်နှယ် မဆီမဆိုင် ၊ အရေးထဲ သီချင်းဆိုခိုင်းနေသေးတယ် .. ဟု ။

ဒါပေမဲ့ သူက ဆိုပြလိုက်ပါသည် ။

လူငယ်က သူရသော ဂျပန်သီချင်းကို သံနေသံထား အကျအနဖြင့် ဆိုနေဆဲမှာပင် စောစောက ပြုံးနေသော ဂျပန်စစ်ဗိုလ်၏ မျက်နှာသည် တဖြည်းဖြည်း အပြုံးတွေ လျော့လာသည် ။

သံစဉ်က အေးချမ်း ငြိမ့်ညောင်းသလို စကားလုံး အဓိပ္ပာယ်များ ကလည်း ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလှသော တေးသံသည် ညွတ်နူးစွာ ပျံသန်းကာ စစ်စခန်း တစ်ခုလုံးကို ဂီတဖြင့် ထုံသင်းစိုလူးစေခဲ့ပြီ ။

“ နေဝင်ချိန် ဆည်းဆာကို ရောက်လာပြီ ။

ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားနေရပြီ ။

ငှက်ကလေးတွေလည်း အိပ်တန်းဆီ ပျံသန်းနေကြပြီ ။

အချိန်တန်ရင် အိမ်ပြန်ကြရတာဟာ သဘာဝပါ ။

ငါလည်း အိမ်ပြန်ချင်ပါပြီ ”

••••• ••••• •••••

သီချင်းဆုံးသွားချိန်မှာတော့ ဂျပန်စစ်ဗိုလ်သည် မျက်ရည်များ ယိုစီးကာ ဝမ်းပန်းတနည်းငိုကြွေးနေပါတော့သည် ။

စစ်ဝတ်စုံပြည့် ဝတ်ဆင်ထားသော ၊ သေနတ်ကြီး ခါးမှာ ချိတ်ထားသော ဂျပန်စစ်ဗိုလ်ကြီးက အားပါးတရ ရှိုက်ငို နေသည်ကို မြန်မာလူငယ်လေးက အံ့အားသင့်စွာ ကြည့်နေမိသည် ။ သူ နားမလည်နိုင်သေး ။

အတန်ကြာမှ ဂျပန်စစ်ဗိုလ်သည် အငိုရပ်ကာ “ ဒီသီချင်းက ငါတို့ရဲ့ ရိုးရာသီချင်းပဲ ၊ ငါ့မှာ မိသားစု ရှိတယ် ၊ ကလေးနှစ်ယောက်ရှိတယ် ၊ ဂျပန်မှာ ကျန်ခဲ့တယ်လေ ၊ ငါ့သားအကြီးက မင်းအရွယ်ပဲ ၊ သူတို့တွေ ငါ့ကို မျှော်နေကြမှာ ၊ မင်းကို မြင်တော့ ငါ့သားကို သတိရတယ် ။ အဲဒီ သီချင်းက တို့သားအဖ အတူ ဆိုနေကျ သီချင်းပေါ့ ၊ အင်း .. ငါလည်း အိမ်ပြန်ချင်တယ် ၊ ဒီစစ်ကြီး က ဘယ်တော့ ပြီးမှာလဲ ။ ဒီစစ်ကြီးက ဘယ်တော့ပြီးမှာလဲ ။ အိမ်ကို ဘယ်တော့ ပြန်ရောက်ပါ့မလဲ ၊ ငါလည်း .. မသိဘူး ”

ဂျပန်စစ်ဗိုလ်ကြီးသည် စကားတွေကို တီးတိုးရေရွတ်သလို ပြောနေပြီးနောက် အဝေး တစ်နေရာဆီသို့ မှုန်မှိုင်းရီဝေစွာ အကြာကြီး ငေးမျှော်ကြည့်ကာ စိတ်အတွေးမှာ သူ့ တိုင်းပြည် ၊ သူ့ အသိုက်အမြုံဆီ ပြေးလွှားနေဟန် ရှိသည် ။ ထို့နောက် လူငယ်ဘက်သို့ ရုတ်တရက် လှည့်ကာ ပြောလိုက်၏ ။

“ မင်းဟာ မင်းအဖေ အတွက် သူရဲကောင်းပဲ ”

လူငယ်လေးက ဂျပန်စစ်ဗိုလ်ကို မော့ကြည့်လိုက်ရာ သူက ဆက်ပြောသည် ။

“ မင်းအဖေလည်း အိမ်ပြန်ချင်နေလိမ့်မယ် ၊ ငါ .. မင်း အဖေကို ပြန်လွှတ်ပေးမယ် ၊ သိလား .. နံပါတ်ကိုး .. ”

လူငယ်လေးသည် မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားတစ်ခွန်းအတွက် ထခုန်မိမတတ် ဝမ်းသာသွားကာ ဂျပန်စစ်ဗိုလ်ကို ကျေးဇူးတင်ပါကြောင်း အထပ်ထပ် ပြောနေတော့သည် ။

ခဏအကြာမှာ ဂျပန်စစ်ဗိုလ်က အစောင့်စစ်သား တစ်ယောက်ကို လှမ်းခေါ်ကာ မှာကြားပြီးနောက် လူငယ်၏ ဖခင်ကို အခန်း တစ်ခုထဲမှ ခေါ်ထုတ်လာ၍ သားအဖနှစ်ယောက် အတူ ပြန်ခွင့်ရခဲ့ကြသည် ။

ဂျပန်စစ်ဗိုလ်သည် စခန်းဝအထိ လိုက်ပို့ကာ နှုတ်ဆက်ကျန်ရစ်၏ ။

လူငယ်လေးသည် ပျော်ရွှင်လွန်း၍ ရင်တွေ တဒိတ်ဒိတ်ခုန်လျက် ၊ စိတ်ထဲမှလည်း အိမ်မှာ ငိုကြွေးကျန်ခဲ့သော မိခင်ကို ရည်ညွှန်းတိုင်တည်လျက် ။

“ အမေရေ မငိုနဲ့တော့ သိလား ၊ ဟောဒီမှာ သားနဲ့ အတူ အဖေ ပါလာခဲ့ပြီဗျ ”

တောတန်းလေးမှာ သားအဖ လက်ချင်း တွဲကာ မမောတမ်း လျှောက်ခဲ့ကြသည် ။ အနောက် မိုးကုပ်စက်ဝိုင်းအတွင်းသို့ နေလုံးနီနီကြီး ပုန်းလျှိုးပုန်းကွယ်လုဆဲ ကျေးငှက်တို့ အိပ်တန်းပြန်ကြသည့် အချိန်မှာပင် သူတို့ သားအဖ အိမ်ပြန်ရောက်လာပါသည် ။

••••• ••••• •••••

“ အိမ်ရောက်တော့ အဖေက အမေ့ကို ‘ ငါ့သားက ငါ့အသက်ကို ကယ်လိုက်တာပဲ အေးခင် ’ ဆိုပြီး မျက်ရည်တွေတွေ ကျလို့ ဝမ်းသာဝမ်းနည်းပြောတော့ အမေကလည်း ‘ အမလေး .. ကိုဘဇင်ရယ် ၊ မသေလို့ ပြန်တွေ့ရ တာပါလားတော့် ’ ... ဆိုပြီး အားရပါးရ ငိုပြန်ပါရော ။ ပြီးမှ အချုပ်ခံရတုန်းက ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေကို ဆေးလိမ်းပေးတာပေါ့ သမီးရယ် ”

လို့ ဖေဖေက ပြောပြခဲ့သည် ။

ဖေဖေ၏ ရှေးဟောင်းနှောင်းဖြစ်တွေ ထဲမှာ သည်အကြောင်းအရာလေးက ကျွန်မရင်ကို အခုတိုင် ထိခတ် ရိုက်မှန်ဆဲ ။

လူမျိုးမရွေး ၊ လူသားတိုင်း၏ ရင်တွင်းမှာ တွယ်မှီ နေတတ်သော မိသားစုသံယောဇဉ် ၊ အဘနှင့် သားတို့၏ နှောင်ကြိုး ၊ ဇာတိမြေအလွမ်း ၊ နှလုံးသားကို ပုတ်နှိုးစွမ်းသည့် ဂီတ ၊ စစ်၏ သားကောင်များ ၊ ကိုယ်ချင်းစာတရား .. တို့ဖြင့် မှုန်းခြယ် ယှက်ရက်ထားသည့် ပုံရိပ်များကို အောက်မေ့ မြင်ယောင်နေရပါလေသည် ။

သည်အဖြစ်လေးကို ဖေဖေ ပြောပြခဲ့စဉ်က အလယ်တန်းကျောင်းသူအရွယ် ရောက်နေပြီ ဖြစ်သော ကျွန်မ၏ ရင်ထဲမှာ ဆက်တွေးနေမိခဲ့သည် ။

ကျွန်မ၏ အဘိုးနှင့် အဖေကို လွတ်ငြိမ်းချမ်းသာစေခဲ့သော ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည် စစ်မြေစခန်းရောက် ဂျပန်စစ်ဗိုလ်သည် စစ်ကြီး ပြီးချိန်မှာ သူ့ တိုင်းပြည်ကို အသက်နှင့် ခန္ဓာ မြဲ၍ ပြန်ရောက်ပါရဲ့လား ၊ သူ့မိသားစုနှင့် ပြန်လည် တွေ့ဆုံရရဲ့လား ၊ သူ့ သားလေးနှင့် “ အိမ်ပြန်ချိန် ” သီချင်းကို အတူ ဆိုခွင့် ရလိုက်သေးရဲ့လား .. ကျွန်မ သိချင်ပါဘိသည် ။

ညနေခင်း နေဝင်ခါနီး ဆည်းဆာချိန်များမှာ မှိုင်းညို့ပြာရီသည့် ကောင်းကင်ပြာကို အမှတ်တမဲ့ မော့ကြည့်မိသည့်အခါ အုပ်လိုက်ပျံသန်းနေကြသော အိပ်တန်းပြန် ငှက်များကို တွေ့ရလေတိုင်း ဖေဖေ ဆိုပြခဲ့ဖူးသည့် အိမ်ပြန်ချိန် တေးသွားကို ကြားယောင်ကာ လွမ်း လွမ်းဆွတ်ဆွတ် စာနာခံစားမိရသည် ။

စစ်ပွဲတို့သည် နှလုံးသား များစွာကို ဆုပ်ညှစ်မွချေ နှိပ်စက်တတ်ကြပေမြဲတည်း ... ။

⎕ တင်မိခိုင်
📖စုံနံ့သာ မဂ္ဂဇင်း
     ဇွန် ၊ ၂၀၁၄

No comments:

Post a Comment