❝ တစ်ဝါဆို လူပျိုကြီး ❞
( အောင်လင်း )
တစ်နေ့သော နံနက်တွင် စာရေးကြီး ကိုဘတင်သည် မိန်းမပျိုတစ်ယောက် ထံမှ ဝမ်းမြောက်ဖွယ်သော စကားကို ကြားရလေ၏ ။
အစတွင် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ချေ ။ ထို့ကြောင့်လည်း တစ်လ တိုင်တိုင် စဉ်းစားခဲ့ရသည် ။
ကိုဘတင်အား ဝမ်းမြောက်ဖွယ်သော စကားကို ဆိုလာသူ မိန်းမပျိုကား တခြားသူ မဟုတ်ချေ ။ ကိုဘတင် နေသော အခန်းမှ အိမ်ရှင် မုဆိုးမကြီး၏ သမီးအရင်း မသန်းကြည် ဖြစ်လေသည် ။ ထိုအိမ်သို့ ထမင်းလခ ပေး၍ နေလာသည်မှာ ငါးလပင် ကျော်ခဲ့လေပြီ ။ သို့နေလာရင်းမှ ကိုဘတင်နှင့် မသန်းကြည်တို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးခဲ့ကြသည် ။
အစတွင် ချက်ကျွေးသမျှ ထမင်း ဟင်းကို မှိတ်၍ စားရသည် ။ နောက်တော့ မသန်းကြည်က “ ကြိုက်တတ်တဲ့ ဟင်းလည်း ပြောနော် ၊ အားမနာနဲ့ ၊ ကျွန်မတို့ ရရာ ချက်တော့ အကြိုက်နဲ့ မတွေ့ ရင် အားနာစရာကြီး ” ဟု ပြုံးစစနှင့် ပြောတတ်သည် ။ သည်အခါတွင် မသန်းကြည် ဈေးသွားခါနီးဆိုလျှင် “ ငါးမြင်းဆီပြန်လေး စားချင်လိုက် တာဗျ ” ဟု စကားစတတ်သည် ။ ကိုဘတင် စားချင်သော ဟင်းကို မသန်းကြည်က ဝယ်၍ ချက်တတ်သည် ။ သည်လိုနှင့် တစ်ယောက်နှင့် တစ်ယောက် ပို၍ ရင်းနှီးလာခဲ့သည် ။
အသိမိတ်ဆွေများ၏ မင်္ဂလာသတင်းကို ကြားရလျှင် မသန်းကြည်က ကိုဘတင် ကို နောက်တတ်၏ ။
“ ဘယ်နှယ်လဲ ၊ သူများတွေ စွံကုန်ပြီ ၊ ကျွန်မတို့ လူပျိုကြီးလည်း ခုထိ မဟန်သေး
ပါလား ”
မသန်းကြည်က နောက်လျှင် ကိုဘတင်က ပါးစပ်ကိုဖြဲ၍ တဟဲဟဲ ရယ်တတ်သည် ။
“ ဘယ်စွံမလဲဗျ ၊ မသန်းကြည်တို့ကမှ အားမကိုးရဘဲ ”
“ ကာယကံရှင်က မပြောတော့လည်း ကျွန်မတို့က ဘယ်သူ့ကို ပြောပေးရမယ် ဆိုတာ မသိဘူးရှင် ”
အစတော့ အမှတ်မထင် တစ်ယောက်နှင့်တစ်ယောက် နောက်ကြ ပြောင်ကြသည် ။ သို့နောက်ရင်းမှ တကယ် စိတ်ဝင်စားလာကြသည် ။ မသန်းကြည်ဘက်မှ ကြည့်လျှင် လည်း ကိုဘတင်လို လူရိုးလူဖြောင့် တစ်ယောက်ကို လက်မခံနိုင်စရာ အကြောင်းမရှိ ချေ ။ ကိုဘတင်ဘက်က ကြည့်လျှင် မသန်းကြည်လို မိန်းမတစ်ယောက်ကို မကြည်ဖြူ နိုင်စရာ ဘာမျှမရှိချေ ။ အမေ တစ်ခု သမီးတစ်ခု ၊ အိမ်ပိုင်က ရှိသေးသည် ။ ပြီးတော့ လည်း မသန်းကြည်သည် အချက်အပြုတ် အိမ်ထောင်ထိန်းသိမ်းမှုကအစ ဘာမျှ ပြော စရာ မလိုသော မိန်းကလေးတစ်ယောက် ဖြစ်သည် ။ ထိုမျှသာမက တစ်ဖက်တစ်လမ်း ဝင်ငွေက ရှာတတ်သေးသည် ။ မနက် ထမင်းစားပြီးလျှင် အားလပ်သည့် အချိန်တွင် အပိုဝင်ငွေရအောင် စက်ချုပ်သေးသည် ။ စက်ချုပ်သည့်အတွက်က အထည်ကျလျှင် ကျ သလောက် ဝင်ငွေရသည် ။ တစ်နေ့လျှင် နှစ်ကျပ်ကျော်မှ ငါးကျပ်ကျော်လောက်အထိ ရသည် ။ အမှန်တော့လည်း မသန်းကြည်တို့ သားအမိ နှစ်ယောက်သည် ကိုဘတင်ထံမှ ထမင်းလခ ၊ အိမ်လခနှင့် စက်ချုပ်ရသည့် ငွေကလေးဖြင့်သာ ချောင်ချောင်လည်လည် စားသောက်နေကြခြင်း ဖြစ်သည် ။ ဤသည်ကို အကြောင်းသိ ဖြစ်နေသော ကိုဘတင် သည် မသန်းကြည်ကို တစ်နေ့ထက်တစ်နေ့ စိတ်ဝင်စား၍လာသည် ။
သို့စိတ်ဝင်စားနေသည့်တိုင်အောင် ဖွင့်၍ကား မပြောရဲချေ ။ တစ်နေ့သော နံနက် ခင်းတွင် မသန်းကြည်က စ၍ပင် ကိုဘတင်အတွက် ဝမ်းမြောက်ဖွယ်သော စကားကို ဖွင့်ဟပြောဆိုလေသည် ။
ခါတိုင်းလိုပင် မသန်းကြည်က ကိုဘတင်ကို စ၍ နောက်လိုက်သည် ။ သည် တော့လည်း ကိုဘတင်က မသန်းကြည်ကို အရဲစွန့်၍ ပြန်နောက်လိုက်သည် ။
“ ဘယ့်နှယ်လဲ ၊ စာရေးကြီးလည်း တစ်ဝါဆိုဦးတော့မှာလား ”
ကိုဘတင်သည် အမြဲတမ်းပင် မရသေးသော အောက်တန်းစာရေးမျှ ဖြစ်သော်လည်း မသန်းကြည်က စာရေးကြီး ၊ စာရေးကြီးဟု ခေါ်တတ်သည် ။
မသန်းကြည်က အထက်ပါအတိုင်း နောက်လိုက်သည့်အခါ ကိုဘတင်သည် ခါတိုင်းလို ပါးစပ်ကိုဖြဲ၍ တဟဲဟဲ မရယ်တော့ချေ ။ အရဲစွန့်ကာ ပြန်၍ နောက်လိုက်သည် ။
“ ကျွန်တော်ကတော့ ထားပါတော့ဗျာ ၊ မသန်းကြည်ရော အစဉ်းစားလွန် သိပ်ရွေး နေလို့ ဟိုင်းသွားဦးမယ်နော် ”
“ သိပ်လည်း မရွေးပါဘူးရှင် ၊ ရွေးဖို့လည်း မရှိပါဘူး ၊ အမေနဲ့ ကျွန်မတို့ သားအမိ နှစ်ယောက် မပူမပင် စားရရင် တော်ပါပြီ ၊ ဒါကြောင့် ဒီအိမ်ကလေးကို ချေးငှားပြီး ဆောက်တာပေါ့ ၊ တကယ်လို့များ အိမ်ထောင်ပြုခဲ့ရင် မပူမပင်ရအောင် တစ်ခန်းကို အိမ်ငှားထားပြီးတော့ စက်တစ်လုံးဝယ် ၊ ကိုယ့်ဘာသာကိုယ်ချုပ် အပိုဝင်ငွေလေးရှိတော့ ကောင်းတာပေါ့ ၊ အိမ်ထောင်ပြုတယ်ဆိုလည်း ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံရမှာကိုး ကိုဘတင်ရဲ့ ၊ ဒီတော့ တစ်ယောက်တည်း လုပ်စာကို ထိုင်စားနေလို့ ဘယ်ဖြစ်မလဲ ၊ ကျွန်မတို့က ကိုဘတင်တို့လို အထက်တန်းလည်း မမှန်းပါဘူးရှင် ၊ ရိုးရိုးဖြောင့်ဖြောင့်နဲ့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့်လူ ဆိုရင် တော်တယ် ခေါ်ရမှာပေါ့ ”
မသန်းကြည် က အထက်ပါ စကားကို ပြောလိုက်စဉ်က ကိုဘတင် စိတ်ထဲတွင် အေး၍သွားသည် ။ တလှပ်လှပ် ဖြစ်၍သွားသည် ။
သို့သော် ဘာကြောင့် ခုလို ဖြစ်ရသည်ကိုကား စဉ်းစား၍ မရချေ ။ မသန်းကြည်၏ စကားသည် ကိုဘတင်အတွက် တမင်ခင်းပေးသော စကားလော ၊ ရေလာမြောင်းပေးခြင်း လော ဤသည်ကို စဉ်းစား၍ မရနိုင်အောင် ရှိတော့သည် ။ တွေးသည့်အတိုင်းမှန်လျှင် မြင်းက လှုပ်သည့်နောက် ခုံကသာ လှုပ်ရန် ကျန်တော့သည် ။ တွေးထင်သည့်အတိုင်း မမှန်လျှင် ဤအိမ်မှ တစ်ချိုးတည်း လစ်ရပေလိမ့်မည် ။
ကိုဘတင်သည် ဤသည်ကို စဉ်းစား၍မရတိုင်း မဆုံးဖြတ်နိုင်အောင် ရှိတော့သည် ။ ကနေ့တော့ မသန်းကြည်ကို ဗြောင်ဖွင့်၍ မေးမည်ဟု စိတ်ကူးမိသည် ။
သို့ စိတ်ကူးလိုက်သောအခါ သွေးက အလိုလို ကြောင်၍လာသည် ။ နောက်ကြောင်းများက အလိုလို ပြန်ပေါ်လာကာ အားငယ်မိသည် ။ မိန်းမကိစ္စနှင့် ပတ်သက်၍ တစ်သက်လုံး ဟန်မကျခဲ့ရသော ကိုယ့်ဘဝကို တွေးရင်း စိတ်ပျက်မိသည် ။
ကိုယ့်စိတ်ကို မည်သို့ပင် ပြန်၍ တင်းထားသော်လည်း စိတ်ပျက်စရာ ကောင်း လှသော နောက်ကြောင်းများက တရေးရေး ပြန်၍ ပေါ်လာတော့သည် ။
လွန်ခဲ့သော ငါးနှစ်ခန့်က အိမ်ချင်းကပ်မှ ကုလားမလေး မီမီ နှင့် စွံတော့မလို ဖြစ်ခဲ့သည် ။ တစ်ဖက်ခန်းမှ အပျိုကြီး မတင်ကြည်က အောင်သွယ်လုပ်ခဲ့သည် ။ မတင်ကြည် ကို ကျွေးရ မွေးရ ရုပ်ရှင်ပြရသည်မှာ ခုပင် တိုင်ခဲ့သည် ။ နောက်ဆုံး၌ မီမီ သည် မယ်သီလရှင်ကျောင်းမှ ကပြားတစ်ယောက်နှင့် လိုက်ပြေးတော့သည် ။ ကိုဘတင်မှာ ငွေကုန် လူပန်း နာမည်ပျက်ရုံသာ အဖတ်တင်ခဲ့သည် ။
သည်နောက်တော့ မိန်းမ ဆို အသေရရ အရှင်ရရ လက်ရ အမိဖမ်းရန် ဆုံးဖြတ်ခဲ့သည် ။ သို့ဆုံးဖြတ်သည့်အတိုင်း ရုံးမှ စာရေးမတစ်ယောက်နှင့် ဟန်မလို ဖြစ်ခဲ့ပြန်သည် ။ ထိုစာရေးမနှင့်ကား ကိုဘတင်၏ နောက်ပိုးရာဇဝင်တွင် အစွန့်စားရဆုံး ဟု ဆိုရမည် ။ တစ်ရုံးတည်းနေ ၊ တစ်ဌာနတည်း လုပ်ဖော် ဖြစ်၍လည်း လူချင်းက ရင်းနှီးသည် ။ ထို့ ကြောင့် အစတစ်ကြိမ်သည် အောင်သွယ်နှင့် အသွယ်ခိုင်းရသည် ။ နောက်ပိုင်းတွင် ကိုယ်တိုင် အရဲစွန့်၍ ကြဲရသည် ။ မကြဲ၍လည်း မဖြစ် ၊ မိန်းကလေး ကိုယ်တိုင်က
“ ရှင် ကျွန်မကို ချစ်တယ်ဆို ၊ ချစ်တာများ ရှေ့နေငှားပြီး အပြောခိုင်းရသေးလား ကိုဘတင်ရယ် ၊ ကိုယ်တိုင် ပြောရော ဘာဖြစ်လဲ ” ဟူ စကား ခင်းပေးပြန်တော့လည်း
အညံ့မခံတော့ပေ ။
“ ဟုတ်တယ်ဗျာ ၊ ခင်ဗျားကိုတော့ ကျုပ် တကယ်ချစ်တယ် ၊ ခင်ဗျား လက်ခံမယ် ဆိုရင် ဒီနှစ်ဝါ မဆိုခင် လက်ထပ်ပြီး ယူချင်တယ် ”
သည်လို ပြောပြန်တော့လည်း မိန်းကလေးက ပြုံး၍နေသည် ။
“ လင်ယူရမှာ ပျင်းပါသေးတယ်ရှင် ” ဟု နောက်ပြောင်တတ်သည် ။
ကိုယ်က ချစ်စကား ဆိုသည်ကိုပင် ပြုံးပြုံးရွှင်ရွှင် လက်ခံပြောသောအခါ လူရိုးကြီး ကိုဘတင်မှာ “ ဟန်ပြီ ” ဟု စိတ်ထဲမှ ဖိုးကျိုင်းတုတ် ဖြစ်မိသည် ။ ထို့ကြောင့်လည်း အခွင့်ရတိုင်း ပြော၏ ။ လစ်တိုင်း မေး၏ ။
“ ကျွန်တော် ပြောတာ ဘယ့်နှယ်လဲ ” ဟု မေးလျှင် “ ကျွန်မ စဉ်းစားပါဦးမယ် ၊ ဒီကိစ္စမျိုးကို မြန်မြန်ဆန်ဆန် မဆုံးဖြတ်သင့်ပါဘူး ”
ဤအဖြေကို ပို၍ ကျေနပ်သည် ။ “ တယ်တော်တဲ့ မိန်းမပဲ ” ဟု စိတ်ထဲမှ ချီးကျူးမိသည် ။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် ခက်နိုင်သည် ဆိုသော စကားကို သဘောပေါက်သည့် မိန်းကလေးပေပဲဟု လေးစား ကြည်ညိုမိသည် ။
သည်လိုနှင့် ခြောက်လလောက် ကြာသောအခါ မိန်းကလေးသည် ရုံးမှ အလုပ် ထွက်သွားတော့သည် ။ ဖိတ်စာ မရလိုက်ဘဲ ဝန်ထောက်တစ်ယောက် နှင့် ကလေး တစ်ယောက် ရှိနေကြောင်း သိရသည် ။
ကိုဘတင် မှာကား နိုင်လွန်ဖိုး ၊ ရုပ်ရှင်လက်မှတ်ဖိုး ၊ ပေါင်ဒါဘူးဖိုး ကုန်ရံသာ အဖတ်တင်ခဲ့သည် ။
သည်နောက်တော့ ထမင်းဆိုင် မှ မိန်းကလေး တစ်ယောက်နှင့် ထမင်းလခ ပေးစား ရာမှ ရင်းနှီးခဲ့ပြန်သည် ။ ထမင်းဆိုင်ရှင်၏ တူမ ဖြစ်ပါသည် ။ အဒေါ် လုပ်သူကလည်း သဘောတူသည် ။ မိန်းကလေး ကလည်း ကြည်ဖြူသည် ။ သည်တစ်ကြိမ်တော့ သေချာပေါက် ပစ်မလွဲဟု ခဲထားသည် ။
သို့သော် ယူမည့်ဆဲဆဲတွင် ဆယ်တန်းမအောင်သော စာရေးကလေးများ အလုပ်ပြုတ်မည် ဟူသော သတင်းက ထွက်လာသည် ။ ထို့ကြောင့် ယူမည့်ဆဲဆဲတွင် မယူရဲ သေးဘဲ အချိန်ကို ဆွဲထားခဲ့ရသည် ။ သည်အထဲတွင် အဒေါ်လုပ်သူက မြန်မြန်ယူရန် နားပူနေပြန်သည် ။ ကိုယ့်အဖြစ်ကိုလည်း ဖွင့်မပြောရဲ ။ ဤသို့ဖြင့် ဆိုင်နားသို့တောင် မသီရဲအောင် ရှိတော့သည် ။ အလုပ်ပြုတ်မည့် သတင်းမှာ အတည်မဖြစ်ဘဲ ပျက်သွား တော့သည် ။ ထိုသတင်းကို ကြားရသည်နှင့် ထမင်းဆိုင်သို့ တစ်ချိုးတည်း ရုံးမှ လစ်ခဲ့ သည် ။ အဆင်မပြေချင်တော့ ထမင်းဆိုင်မှာ ဆိုင်နေရာသာ တွေ့ရတော့သည် ။ လမ်းဘေးဆိုင်များ ဖျက်သည့်အထဲတွင် ရှေ့ဆုံးမှ ပါ၍သွားရှာလေသည် ။ သို့သော် မလျှော့သော ဇွဲဖြင့် ပြောင်းသည့်နေရာကို စုံစမ်း၍ လိုက်ခဲ့သည် ။ ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသော စကားအတိုင်း တစ်လကျော်မျှ ကြာသောအခါ ရှာ၍ကား တွေ့ပါ၏ ။ သို့သော် အချိန်က နှောင်းခဲ့လေပြီ ။ အဒေါ်လုပ်သူ ထံမှ စစ်သားတစ်ယောက်နှင့် ယူသွားပြီ ဆိုသော သတင်းကိုသာ ဝမ်းနည်းပက်လက် နားထောင်ပြီး ပြန်ခဲ့ရလေသည် ။
ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ဟန်မလိုဖြင့် ကွဲခဲ့ရသည် ။ စွံမလိုဖြင့် လွဲခဲ့ရသည် ။
ဤသို့ဖြင့် တစ်ဝါဆိုခဲ့သည် ။
တစ်နေ့တော့ ကိုဘတင်သည် မသန်းကြည် ကို ဖွင့်ပြောမည်ဟု ဆုံးဖြတ်လိုက်သည် ။ သို့သော် နောက်ကြောင်းများက ပြန်ပေါ်လာသောအခါ တစ်အားငယ်ရပြန်သည် ။ သည်အခါတွင် တစ်လတိုင် အချိန်ယူ၍ စဉ်းစားခဲ့ရသော မသန်းကြည်၏ စကား အနက် အဓိပ္ပာယ်ကို ဖွင့်ကြည့်လိုက်သည် ။ သည်တော့မှလည်း အားတက်လာသည် ။
“ အိမ်ထောင်ပြုခဲ့ရင် မပူမပင်ရအောင် တစ်ခန်းကို အိမ်ငှားထား ” ဤစကားသည် ကိုဘတင်အတွက် အကွက်ဆင်ပေးလိုက်သော စကားပင် မဟုတ်လော ။ တခြား တစ် ယောက်နှင့် အိမ်ထောင်ပြုခဲ့လျှင် တစ်ဖက်ခန်းတွင် ကိုဘတင် ငှား၍နေပြီ ဖြစ်သော ကြောင့် ထပ်ငှားစရာ မလို ။ မသန်းကြည် ဆိုလိုသော အဓိပ္ပာယ်မှာ ကိုဘတင်အား သူတို့နှင့်အတူ နေ၍ သူ အခုနေသော အခန်းကို ငှားရန်ပြောခြင်း ဖြစ်သည် ။ ဤသည်ကို အတွေးပေါက်သည်နှင့် ကိုဘတင်သည် ဝမ်းသာအားတက်မိလေသည် ။
မသန်းကြည် ပြောသော စကားများကို တစ်ခွန်းချင်း စစ်လိုက်လျှင် အဓိပ္ပာယ်က ပို၍ ပြည့်စုံလာသည် ။
“ အိမ်ထောင်ပြုတယ် ဆိုလည်း ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံရမှာကိုး ကိုဘတင်ရဲ့ ”
“ ကျွန်မတို့က ကိုဘတင်တို့လို အထက်တန်းလည်း မမှန်းပါဘူးရှင် ”
ဤစကားများသည် ခုစဉ်းစားမှ ပို၍ အဓိပ္ပာယ်နက်လာသည် ။
သည်အခါတွင် ကိုဘတင်သည် ရုံးမှ အိမ်သို့ တစ်ချိုးတည်း သုတ်ခဲ့သည် ။ အိမ်ရောက်လျှင်ရောက်ချင်း မသန်းကြည် အခန်းဘက်သို့ ကူးခဲ့သည် ။ ထမင်းချက်နေသော မသန်းကြည် ကို အခန့်သင့် တွေ့ရလေသည် ။
“ ကနေ့ ကိုဘတင် ရုံးအစောကြီး ဆင်းလာသလား ”
“ ဟုတ်တယ်ဗျာ ၊ ကိစ္စရှိလို့ အစောကြီး လစ်လာခဲ့တာ ”
“ ဪ ဒါဖြင့် အပြင်သွားရဦးမှာပေါ့ ၊ ဒါဖြင့်လည်း စားပြီးမှသွားပေါ့ ၊ အားလုံး ကျက်ပါပြီ ”
မသန်းကြည်က ကိုဘတင်၏ အဖြစ်ကို မသိ၍ အရိုးအတိုင်း ပြန်ပြောလိုက် သော်လည်း ကိုဘတင်ကမူ သူလိုရာကိုသာ မသွယ်မဝိုက် ပြောချလိုက်တော့သည် ။
“ ကျွန်တော့်ကိစ္စက တခြားမှာ မဟုတ်ပါဘူး ၊ မသန်းကြည်နဲ့ ပြောစရာရှိလို့ ရုံးက ဆုံးဖြတ်ပြီး ခု အိမ်ကို အစောကြီး ပြန်လာတာ ”
“ ကျွန်မနဲ့ ပြောစရာရှိလို့ ဟုတ်လား ဒါများ အစောကြီး ပြန်လာရသေးလား ကိုဘတင်ရယ် ၊ အေးအေးဆေးဆေး ပြောလည်း ရပါတယ် ”
“ အေးဆေးလို့ မဖြစ်ဘူးဗျ ၊ ဒါမျိုးက နောက်ကျရင် ဒုက္ခရောက်တတ်တယ် ၊ ကဲ သွယ်ဝိုက်ပြီးလည်း မပြောတတ်ဘူးဗျာ ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မသန်းကြည် ဟိုတစ်နေ့က ပြောတာကို ကျွန်တော် သဘောပေါက်မိတယ် ၊ ဒီတော့ မသန်းကြည် မှန်းတဲ့အတိုင်း စက်တစ်လုံး ကိုလည်း ကျွန်တော် ဝယ်ပေးပါရစေ ၊ ကျွန်တော် နေတဲ့ အခန်းကိုလည်း လူငှားထားပေါ့ ၊ မသန်းကြည် ကို ဒီဝါ မဆိုခင် ကျွန်တော် လက်ထပ် ပါရစေ ”
ကိုဘတင်သည် တုန်ယင်သော အသံကြီးဖြင့် မသွယ်မငိုက် ပြောချလိုက်လေသည် ။ မသန်းကြည်၏ မျက်နှာကလေးက ခဏချင်း ညှိုး၍လာတော့သည် ။ ဝမ်းနည်းသည့် အရိပ်အယောင်များလည်း သန်း၍လာသည် ။
“ ကျွန်တော် ပြောတာကို စိတ်ဆိုးသလားဗျာ ”
“ မဆိုးပါဘူးရှင် ၊ ကိုဘတင်ဆီက ဒီစကားမျိုး တစ်နေ့ ကြားရမယ်ဆိုတာ ကျွန်မ ရိပ်မိပါတယ် ၊ ဒါကြောင့်လည်း ဒီ သုံးလေးရက် အတွင်းမှာ ကိုဘတင်ကို ဖွင့်ပြောဖို့ စကားတောင် ကျွန်မ အားနာလို့ မပြောခဲ့ဘူး ”
“ ဗျာ ၊ ကျွန်တော့်ကို ဘာများ ဖွင့်ပြောစရာ ရှိလို့လဲ ၊ အားမနာပါနဲ့ဗျာ ၊ ခုလော လောဆယ် စက်ဝယ်ချင်တယ်ဆိုလည်း ဝယ်ပေါ့ ”
“ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ကိုဘတင် စက်လည်း ဝယ်စရာ မလိုဘူး အိမ်မှာ စက်နှစ်လုံးတောင် ရောက်နေပြီ ၊ ဟိုမှာ မမြင်ဘူးလား ”
မသန်းကြည် ပြရာသို့ ကြည့်လိုက်သောအခါ အလယ်ခန်းတွင် အဝတ်ဖြင့် အုပ်ထားသော အသစ်စက်စက်စက်နှစ်လုံးကို တွေ့ရသည် ။ ကိုဘတင်က နားမလည်ဟန် ဖြင့် မသန်းကြည်ကို ကြောင်၍ ကြည့်နေမိသည် ။ မသန်းကြည်သည် ကရုဏာသက် သော မျက်လုံးများဖြင့် ကိုဘတင်ကို ကြည့်လိုက်ရင်း ခပ်ညည်းညည်းကလေး ပြောလိုက် ရှာသည် ။
“ လွန်ခဲ့တဲ့ အပတ်လောက်ကပဲ ကျွန်မနဲ့ အတူတူ အလုပ်လုပ်ဖက် စက်ဆရာ တစ်ယောက်နဲ့ ဒီဝါမဆိုခင်မှာ လက်ထပ်ဖို့ ကျွန်မ သဘောတူလိုက်ပြီ ၊ ဒီကိစ္စနဲ့ ပတ် သက်ပြီး ကိုဘတင်ကို ကျွန်မ ဖွင့်ပြောဖို့ ကြိုးစားပါတယ် ၊ ဒါပေမဲ့ အားနာလွန်းလို့ ပါးစပ်က မထွက်ဘူး ”
“ ဗျာ ”
ကိုဘတင်၏ မျက်စိတစ်ဆုံးတွင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသည်ဟု ထင်လိုက်သည် ။ ကိုယ့်ကိုယ်ကိုယ်လည်း ယူကျုံးမရ ဒေါသဖြစ်မိသည် ။ မသန်းကြည်က ကိုဘတင် အဖြစ်ကိုကြည့်ရင်း သနားမိဟန်တူသည် ။
“ ဒီစက်နှစ်လုံးက သူ ဝယ်ပေးတာလေ ၊ လူကလည်း ရိုးဖြောင့်တယ် ၊ ကျွန်မ အပေါ်မှာလည်း စေတနာထားတယ် ။ ပြီးဘော့လည်း အမေကိုယ်တိုင်ကလည်း သဘော တူတယ် ၊ ကျွန်မ ရည်မှန်းတဲ့အတိုင်း ဖြစ်မယ်ဆိုတော့ လက်ခံလိုက်တယ် ”
ကိုဘတင်သည် မသန်းကြည် ပြောသော စကားများကို မကြားရတော့ချေ ။ သူ့ ဘဝကိုပင် သူ ဝမ်းနည်းမဆုံး ရှိတော့သည် ။ သူ့ကိုယ်သူ ခံပြင်းသည့် အချက်တစ်ခုကို အသေအချာ ဆုံးဖြတ်နိုင်ရန် မေးသင့် မမေးသင့် အတန်ကြာအောင် စဉ်းစားနေမိသည် ။ အကြံကောင်းပါလျက်နှင့် အချိန်နှောင်း၍ ပျက်ရသလော ဆိုသည်ကို တွေးရင်း ကိုယ့် ကိုယ်ကိုယ် ဒေါသဖြစ်မိသည် ။ လွန်ခဲ့သော တစ်ပတ်ကျော်ကသာ မသန်းကြည်ကို ခုလို ဖွင့်ပြောလျှင် မည်သို့ ရှိမည်နည်း ၊ ဤသည်ကို သိလိုစိတ်ဖြင့် တွေးရင်း ရင်တလှပ်လှပ် ဖြစ်လာသည် ။
သို့သော် ဤပြဿနာ၏ အဖြေကား မသန်းကြည် ထံ၌သာ ရှိလေသည် ။ အကယ်၍သာ အချိန်စောစောက ဖွင့်ပြောခဲ့လျှင် ခုလို ဖြစ်မည်လော ။ ကိုဘတင်သည် တွေးရင်း တွေးရင်း ရင်တုန်လာသည် ။ မောဟိုက်လာသည် ။ ပြဿနာ၏ အဖြေကို သိချင်၍လာသည် ။
“ ကျွန်တော် တစ်ခုတော့ သိပါရစေဗျာ ၊ ဒါလေးမှ မသိရရင် ကျွန်တော့်ရင်ထဲမှာ မတင်မကျကြီး ဖြစ်နေပြီး တစ်သက်လုံး ခေါင်းရှုပ်နေရမှာမို့ပါ ၊ တကယ်လို့များ ကျွန် တော့် ကိစ္စကို စောစော ဖွင့်ပြောရင်ကော မသန်းကြည် ကျွန်တော့်အပေါ်မှာ ဘယ်လိုများ သဘောထား ”
“ ဒါတွေ မတွေးပါနဲ့တော့ ကိုဘတင်ရယ် ၊ လွန်နေပြီပဲ ၊ ကျွန်မ ရှင့်ကို ဒါထက် ဖွင့်ပြောနေစရာ လိုသေးလား ၊ ရှင်ဟာ လူရိုးလူဖြောင့် တစ်ယောက် ဆိုတာလည်း သိ တယ် ။ အသောက်အစား အပျော်အပါး ကင်းတယ် ဆိုတာလည်း သိတယ် ၊ ပြီးတော့ ကျွန်မ အပေါ်မှာ တကယ် စေတနာ မေတ္တာ ထားတယ်ဆိုတာလည်း ယုံကြည်တယ် ၊ ရှင့်လို လူတစ်ယောက်ကို ကျွန်မက ငြင်းစရာများ လိုသေးလား ၊ ခုမှ ပြောရတာ ရှက်စရာ ကောင်းပါတယ် ၊ အမှန်တော့ ကျွန်မကိုယ်တိုင်က ရှင့်ကို သနားတယ် ၊ ခင်လည်း ခင်တယ် ။ ပြီးတော့ ”
“ တော်ပါတော့ဗျာ ၊ တော်ပါတော့ ၊ ဒါတွေ ဆက်နားထောင်ရရင် ကျွန်တော် ရင်ကွဲပါလိမ့်မယ် ”
ကိုဘတင်က အက်ကွဲသော အသံကြီးဖြင့် တောင်းပန်လိုက်ရင်း အံကိုကြိတ်လိုက် သည် ။ လက်သီးကို ဆုပ်ထားလိုက်သည် ။ ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်ရင်းက တစ်စုံ တစ်ခုကို စဉ်းစားမိပြန်သည် ။
“ ဒီအိမ်မှာ ဆက်နေ၍ တော်ပါတော့မလား ၊ ပိုပြီး စိတ်ဆင်းရဲနေရမလား ”
ဤ ပြဿနာကို ကိုဘတင်သည် ရုတ်ခြည်း စဉ်းစား၍ ဆုံးဖြတ်လိုက်ပြန်သည် ။ မသန်းကြည် ၏ စီမံကိန်းအရ သည်အခန်းသည် ငှားရမည့်အတူတူ လူသစ်ရှာ၍ မနေရအောင် ကိုဘတင် ကပင် ဆက်၍ နေမည်ဟု ဆုံးဖြတ်လိုက်သည် ။
“ အင်းပေါ့ဗျာ ၊ ခင်ဗျားအတွက် အရာရာ ပြည့်စုံတာ ဝမ်းသာပါတယ် ၊ ကျွန်တော် နဲ့ ဆိုရင်တောင် ကျွန်တော်နေတဲ့ အခန်းကို လူသစ်ရှာပြီး ငှားနေရဦးမယ် ၊ ခုတော့ လူသစ် ငှားစရာ မလိုတော့ပါဘူး ၊ ကျွန်တော်ပဲ ဆက်ပြီး နေပါ့မယ် ”
ကိုဘတင်က စေတနာဖြင့် ပြောလိုက်သောအခါ မသန်းကြည်က ကိုဘတင်ကို အားတုံ့အားနာဖြင့် ကြည့်နေရှာသည် ။
“ အဲဒါလည်း ရှင့်ကို ဖွင့်ပြောမလို့ ၊ ကိုဘတင် နေတဲ့ အခန်းကို ကျွန်မတို့ အလုပ်ခန်း ဖွင့်မလို့ စီစဉ်ထားကြတယ် ၊ ခုရက်တော့ နေနိုင်ပါသေးတယ် ၊ ရှေ့လဆန်းရင်တော့ တခြားမှာ ”
ကိုဘတင်သည် ရှေ့ဆက်၍ နားမထောင်တော့ချေ ။ သူ့အခန်းသို့ ဝင်၍ ပစ္စည်းများကို အမြန်ဆုံးနည်းဖြင့် သိမ်းဆည်းလိုက်သည် ။ ပြီးတော့လည်း အက်ကွဲသော အသံ ကြီးဖြင့် မသန်းကြည်အား လှမ်း၍ ပြောလိုက်လေသည် ။
“ ရှေ့လဆန်းတောင် မနေတော့ဘူးကွယ့် ၊ ကနေ့ညပဲ ပြောင်းတော့မယ် ၊ ပြီးတော့ လည်း ခင်ဗျား သိအောင် ကျုပ် တစ်ခုပြောလိုက်မယ် ၊ ကျုပ်ဟာ တစ်သက်နဲ့တစ်ကိုယ် မိန်းမပိုးတဲ့ အလုပ်ကို လုပ်ဖို့ မကောင်းတော့ဘူးဆိုတာ ဆုံးဖြတ်လိုက်ပြီဗျ ”
▢ အောင်လင်း
📖 ဝတ္ထုတိုများပေါင်းချုပ်
No comments:
Post a Comment