❝ ရွှေအသစ်များ အတွက် ၂၀၁၀ ❞
၂၀၀၉ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၀ ကို စခဲ့ပါပြီ ။ တကယ်လို့ စာဖတ်သူဟာ အများနည်းတူ နှစ်သစ်မှာ ဒီနှစ်တော့ ဘာဖြစ်ရမယ် ဆိုတဲ့ သန္နိဋ္ဌာန် ချလေ့ ရှိတဲ့သူ ဖြစ်ရင် ဒီနှစ်အတွက် ဘယ်လို သန္နိဋ္ဌာန် ချမလဲဆိုတာ ကျွန်တော် သိစမ်းချင်ပါတယ် ။ လိုတာထက် ပိုပြီး ကိုယ် အလေးချိန် များနေတဲ့သူ ဆိုရင် ဒီနှစ်တော့ ဆယ်ပေါင် ကျအောင်ချမယ် ဆိုတဲ့ သန္နိဋ္ဌာန်မျိုးလား ၊ ဒါမှမဟုတ် ဒီနှစ် ငွေ ဘယ်လောက် ရအောင် စုမယ် ၊ ဒါမှမဟုတ် ဒီနှစ် မိသားစုနဲ့ ဘယ်လို အချိန်ပေးမယ် စသဖြင့် သန္နိဋ္ဌာန်မျိုးတွေပေါ့ ။
ကိုင်း ... ဒါဖြင့် စာဖတ်သူက စာရေး ဝါသနာ ပါတဲ့သူ ဆိုရင် ဘာတွေများ သန္နိဋ္ဌာန် ချမလဲ ။ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်အောင် သန္နိဋ္ဌာန်ချပြီး အောင်မြင်အောင် ကြိုးစားမယ် ဆိုရင် ၂ဝ၁ဝ ခုနှစ်ဟာ စာရေးဆရာ ဖြစ်လာမယ့် နှစ် ဖြစ်နိုင်ပါတယ် ။
တကယ်လို့ တစ်ခါမှ စာမရေးဖူးသေးဘဲ အခုမှ စပြီး စာရေးမယ့်သူ ဖြစ်တဲ့ အပြင် စာရေးခြင်းနဲ့ ပတ်သက်ပြီး တစ်ခါမှ သန္နိဋ္ဌာန် မချဖူးသေးတဲ့သူ ဆိုရင်တော့ ဒီနှစ် စလိုက်ကြရအောင်ပါ ။
သန္နိဋ္ဌာန်တစ်ခု ချမှတ်ပြီး အောင်မြင်အောင် လုပ်ဆောင်တဲ့သူဟာ ဘဝမှာ နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားမှာ ဖြစ်တဲ့အပြင် မိမိ ချမှတ်ထားတဲ့ သန္နိဋ္ဌာန် အောင်မြင်အောင်လို့လည်း ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာတတ်ပါတယ် ။ ဆိုကြပါစို့ ၊ ဒီနှစ်အတွင်းမှာ ကိုယ်အလေးချိန် ဆယ်ပေါင် ကျစေရမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင် သူက နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ တက်ကြွမယ် ၊ ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖြတ်ပစ်မယ် ၊ ဘီယာ သောက်တဲ့ အကျင့်ကို ဖြတ်ပစ်မယ် ။ အဲဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ် ။ သုတေသန ပြုချက်များ အရ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်တဲ့ သူများဟာ သာမန်လူများထက် ပိုပြီး အောင်မြင်မှု ရတတ်ပါသတဲ့ ။
ဒါကြောင့် စာရေးဆရာ ဖြစ်ကို ဖြစ်ရမယ်လို့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်လိုက်မယ် ဆိုရင် ၂၀၁၀ ခုနှစ်ဟာ ကိုယ် စာရေးဆရာ ဖြစ်လာမယ့် နှစ်လို့ ဆိုလာနိုင်ပါလိမ့်မယ် ။ စာရေးဆရာလို့ ဆိုရာမှာ တချို့က အပျော်ရေးတာ ဖြစ်တယ် ၊ တချို့က စီးပွားရေး အလုပ် တစ်ခု အနေနဲ့ ရေးတာ ဖြစ်တယ် ။ ဘယ်လိုပဲ ရေးရေး ဒီ နှစ်ခုစလုံး အတွက် အောင်မြင်သူ ဖြစ်လာနိုင်ပါလိမ့်မယ် ။
◾ရည်မှန်းချက်ကို ချမှတ်ပါ
ရည်မှန်းချက်ဆိုတာ ချဖို့ လိုသေးသလား ၊ ဒီလိုပဲ နေရင်းထိုင်ရင်း သူ့ အလိုလို ရောက် မသွားနိုင်ဘူးလားလို့ မေးချင်ပါလိမ့်မယ် ။ အခုလည်း ရွှေအမြုတေ ကို စာမူတွေပို့ပြီး စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတာပဲ ၊ သီးသန့်ကြီး ရည်မှန်းချက် ထားစရာလိုသေးသလားလို့ မေးချင်မှာပါ ။
ပထမဆုံး ပြောချင်တာက ကိုယ့် ရည်မှန်းချက်တွေ ရှိနေတဲ့အတွက် အဲဒီ ရည်မှန်းချက်ကို ရအောင် မိမိကိုယ် မိမိ တွန်းအားပေးပြီးသား ဖြစ်စေပါလိမ့်မယ် ။ စိတ်ကူးပေါ်ရင် ရေးတာပဲလို့ ဆိုရာကနေ ဦးတည်ချက် တစ်ခုထားပြီး ရေးတဲ့စာမျိုး ဖြစ်လာလိမ့်မယ် ။ ဘယ်ဟာက အဓိက လဲ ၊ ဘယ်ဟာက သာမည လဲ ဆိုတာ ခွဲခြား တတ်လာလိမ့်မယ် ။ အဲဒီလို ခွဲခြားလာနိုင်တာနဲ့ အမျှ ကိုယ့်အချိန်ကို ဘယ်လို သုံးစွဲရမယ် ဆိုတာကိုလည်း နားလည် လာပါလိမ့်မယ် ။ ရည်မှန်းချက်ကနေ သွေဖည် မသွားအောင် ၊ ကိုယ့် အချိန်ကလေး အလဟဿ ဖြစ်မသွားအောင် သုံးစွဲတတ်လာပါလိမ့်မယ် ။
ကျွန်တော်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်များကတော့ ကျွန်တော် အချိန် သုံးစွဲပုံကို မကြာခဏ ပြောဖူးလို့ ကြားဖူးနေကြပါလိမ့်မယ် ။ ကျွန်တော် က ခြုံပြောရရင် အချိန်ကို နှစ်မျိုးနှစ်စား ခွဲခြားထားတယ် ။ ပထမပိုင်းက ရည်မှန်းချက်များအတွက် ထုတ်လုပ်ဖို့ အချိန် ၊ ဒုတိယပိုင်းက ရည်မှန်းချက် ကို ပြီးမြောက်ဖို့အတွက် လုပ်ဆောင်မှုပေးတဲ့ အချိန် ဖြစ်ပါတယ် ။ ဥပမာအားဖြင့် စာအုပ်တစ်အုပ် ရေးမယ် ဆိုပါတော့ဗျာ ၊ ရေးတာတော့ ရေးပြီးသွားပြီ ။ မထုတ်ဖြစ်သေးဘူး ဆိုရင် ထုတ်ဖြစ်သွားအောင် ကြိုးပမ်းတဲ့ ကဏ္ဍက တစ်ခု ဖြစ်ပါတယ် ။ ရွှေချစ်သူများလည်း နှစ်ပိုင်း ပိုင်းလို့ ရပါတယ် ။ ပထမအပိုင်းက ဝတ္ထုရေးဖြစ်အောင် ကြိုးစားမယ် ၊ ဒုတိယပိုင်းကတော့ ဒီ ဝတ္ထုကို သင့်တော်မယ့် မဂ္ဂဇင်း ၊ သင့်တော်မယ် ဆိုတာက ကိုယ် ရေးလိုက်တဲ့ ဝတ္ထု နဲ့ လိုက်ဖက်မယ့် မဂ္ဂဇင်း ကို ဆိုလိုတာပါ ။ အဲဒီ မဂ္ဂဇင်းကို ပို့မယ် ။ ဒါက ဒုတိယပိုင်းပေါ့ ။
နောက်တစ်ခုကတော့ ကိုယ်က ဒီနှစ်အတွင်းမှာ နာမည်ကြီး မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခံရတဲ့ စာရေးဆရာ ဖြစ်လာအောင် ကြိုးစားမယ် ဆိုရင်လည်း ကျွန်တော် ပြောသလို အပိုင်း နှစ်ပိုင်းနဲ့ ကြိုးစားရမှာပဲဖြစ်ပါတယ် ။
ဒီနေရာမှာ ရေးပြီးသား ဝတ္ထုနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုပဲ ရှိတယ် ။ ပထမပိုင်းဖြစ်တဲ့ ဝတ္ထု ရေးမယ်ဆိုတဲ့ အပိုင်းကတော့ ပြီးသွားပါပြီ ။ ဒါပေမဲ့ ကိုယ် ရည်မှန်းထားသလို အဲဒီမဂ္ဂဇင်းကြီးမှာ ဖော်ပြခွင့် ရနိုင် ၊ မရနိုင် ဆိုတဲ့ အပိုင်း ဖြစ်ပါတယ် ။ ဒါက ဒုတိယပိုင်းနဲ့ တော်တော်လည်း သက်ဆိုင်ပါတယ် ။ ဒုတိယပိုင်းကို ကမ္ဘာကျော် စာရေးဆရာကြီးများက SMART ဖြစ်ရမယ်လို့ ဆိုကြပါတယ် ။
SMART ဆိုတာက မြန်မာ လို ပြောတဲ့ စမတ် ကျရမယ်ကို ဆိုလိုတာ မဟုတ်ပါဘူး ။ တစ်လုံးချင်းမှာ အဓိပ္ပာယ် ရှိပါတယ် ။ S က Specific ဖြစ်ရမယ် ။ တိကျမှု ရှိရမယ်ပေါ့ ။ M က Measurable ဖြစ်ရမယ် ။ တိုင်းထွာ လို့ရနိုင်တဲ့ ကိစ္စမျိုး ဖြစ်ရမယ် ။ A က Attainable ကို ကိုယ်စားပြုပါတယ် ။ ရယူနိုင်စွမ်း ရှိရမယ်ပေါ့ ။ R က Realistic ကို ဆိုလိုပါတယ် ။ ယုတ္တိဗေဒ ရှိရမယ်ကို ဆိုလိုပါတယ် ။ မဖြစ်နိုင်တဲ့ ကိစ္စကို မျှော်မှန်းတာမျိုး မဖြစ်စေချင်လို့ပါ ။ နောက်ဆုံး ဖြစ်တဲ့ T ကတော့ Time ကို ကိုယ်စားပြုပါတယ် ။ သူက အချိန် အတိုင်းအတာကို ကန့်သတ် ပေးခြင်းပါ ။ ဒါကြောင့် SMART ကို ခြုံပြောမယ် ဆိုရင် ကိုယ် ချမှတ်တဲ့ သန္နိဋ္ဌာန်ဟာ လက်လှမ်းလို့ မီနိုင်တဲ့ အချက် ဖြစ်ရမယ် ၊ ယုတ္တိ ရှိရမယ် ၊ အချိန်ကာလ အားဖြင့်လည်း လုံလောက်တဲ့ ကာလ ဖြစ်ရမယ်လို့ ဆိုရပါလိမ့်မယ် ။
ကိုယ် ချမှတ်တဲ့ သန္နိဋ္ဌာန် ဟာ အင်မတန် ရိုးစင်းတဲ့ သန္နိဋ္ဌာန် ဖြစ်နေပြန် ရင်လည်း လွယ်လွန်းတဲ့ အတွက် ဘယ်လိုမှ ခရီးရောက်မှာ မဟုတ်ပါဘူး ။ ဆိုကြပါစို့ ။ “ ဒီနှစ်တော့ စာများများ ရေးမယ် ” လို့ ဆုံးဖြတ်ရင် တိကျမှု မရှိတဲ့အတွက် ဒီသန္နိဋ္ဌာန်ဟာ အရာရောက်မှာ မဟုတ်ပါဘူး ။ စာများများ ရေးမယ် ဆိုတာကတော့ ကောင်းပါတယ် ။ ဒါပေမဲ့ ဘယ်လောက်များများ ရေးမှာလဲ ဆိုတဲ့ ကန့်သတ်ချက် မရှိတာကြောင့် ထိရောက်မှု မရှိပါဘူး ။ ဒါဟာ SMART နဲ့ မကိုက်ညီပါဘူး ။ တစ်နေ့ကို မနက် အိပ်ရာထတိုင်း မိနစ်နှစ်ဆယ် စာရေးမယ် ၊ တစ်ပတ် ကို ငါးရက် စာရေးမယ် ၊ ဒီနေ့က စပြီး နောက်သုံးလ တိတိ စာရေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒီနှစ် စာ ပိုရေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ ကွာခြားမှုကို လေ့လာကြည့်နိုင်ပါတယ် ။
ဒါကြောင့် စာရေးချင်သူများ အနေ နဲ့ လမ်းပြမြေပုံ တစ်ခုလို လမ်းညွှန်မှု ပေးနိုင်မယ့် သန္နိဋ္ဌာန် တစ်ခုကို ၂၀၁၀ နှစ်ကူးချိန်မှာ ထိထိရောက်ရောက် ချကြည့်ပါ ။ စောစောက ကျွန်တော် ပြောတဲ့ SMART နဲ့ တော့ ကိုက်ညီဖို့ လိုပါလိမ့်မယ် ။
စာရေးချင်တဲ့သူက အလုပ်တွေ ဘယ်လောက်ပဲ များများ စာရေးတာကို ဦးစားပေးပြီး လုပ်ဆောင်ပါလိမ့်မယ် ။ ကိုယ့် ရည်မှန်းချက်အတိုင်း ပေါက်မြောက်နိုင်ဖို့ တခြား အလုပ်တွေ ဘာတွေပဲ ရှိရှိ စာရေးခြင်းသာ ကိုယ့် အတွက် ပထမဦးစားပေး ဆိုရင် စာရေးဖို့ အချိန်ဟာ အလိုလို ရလာပါလိမ့်မယ် ။ ရွှေအမြုတေမှာ ဖော်ပြခံရပြီး ရွှေအမြုတေ မျိုးဆက်သစ်စာပေဆု ချီးမြှင့်ခံရတဲ့ ဆရာ ကျော်မောင်မောင်ဟန် တို့ ၊ ဆရာမောင်ဟန်ရီ ( မန္တလေး ) တို့ ဆိုရင် ဆုရတဲ့ ဝတ္ထုတစ်ပုဒ်စီ နဲ့ ကျေနပ်သွားကြပြီး နောက်ထပ်လည်း စာ မရေးကြတော့ပါဘူး ။ ရွှေအမြုတေ စာပေဆုပေးပွဲမှာ မျိုးဆက်သစ်စာပေဆု ဆွတ်ခူးခဲ့တဲ့ ဆရာမ ငွေဇင်ယော်ဦး ( မိုးကုတ် ) ကတော့ သူ့အချိန်ကို ဘယ်လို ခွဲခြားသုံးစွဲ သလဲလို့ မေးစရာ မလိုအောင် မဂ္ဂဇင်းများမှာ သူ့ဝတ္ထုတွေ ဖတ်နေရတဲ့ အတွက် ရွှေအမြုတေ အယ်ဒီတာအဖွဲ့ အနေနဲ့ နှစ်ထောင်းအားရ ဖြစ်မိပါတယ် ။
တချို့ကတော့ စာရေးချင်ပါတယ် ဆရာရယ် ၊ အလုပ်က မအားဘူး ၊ အချိန်မပေးနိုင်ဘူး ဆိုတာမျိုးတွေ ကြားရပါတယ် ။ တကယ်တော့ ဒါတွေဟာ မိမိကိုယ် မိမိ ပေးနေကြတဲ့ ဆင်ခြေတွေသာ ဖြစ်ပါတယ် ။ အလုပ် နှစ်ခု လုပ်ရစေဦးတော့ ကိုယ့်ဝါသနာ ဖြစ်တဲ့ စာရေးခြင်းကိုတော့ လက်လွှတ်နိုင်ကြမှာ မဟုတ်ပါဘူး ။ တချို့စာရေးသူများ ကတော့ တခြား စီးပွားရေးလုပ်ငန်း မရှိဘဲ စာရေးခြင်း သက်သက်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတွေလည်း ရှိပါတယ် ။ အဲဒီလို လူမျိုးတွေ အတွက် ကတော့ ဒီနှစ်မှာ စာ ဘယ်နှအုပ် ရေးမယ် ဆိုတဲ့ သန္နိဋ္ဌာန်က ပိုပြီး အရေးပါပါတယ် ။
ကိုယ့် ရည်မှန်းချက်က အများကြီး ကြီးကျယ်စရာ မလိုပါဘူး ။ တစ်နေ့ကို စာမျက်နှာ သုံးမျက်နှာ လောက် ရေးမယ် ဆိုရင်လည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ဆုံးဖြတ်ချက်အတိုင်း သုံးမျက်နှာ ရေးဖြစ်ဖို့တော့ အရေးကြီးပါတယ် ။ သုံးမျက်နှာ ဆိုတာဟာ ဘာမှ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထင်ရပေမယ့် လက်တွေ့ မှာ အကောင်အထည် ဖော်ဖို့ ပိုပြီး နီးစပ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အရေးကြီးတာကတော့ အမှန်တကယ် သုံးမျက်နှာ ရေးဖြစ်ဖို့သာ ဖြစ်ပါတယ် ။ တချို့ကတော့ စာရေးတဲ့ အချိန်ကို သီးခြား ကန့်သတ် ကြပါတယ် ။ ဥပမာ ည ဘယ်နှနာရီ ကနေ ဘယ်နှနာရီ အထိရေးမယ် ဆိုတာမျိုးပေါ့ ။ အချိန် ကန့်သတ်ထားခြင်းက တစ်နည်းအားဖြင့် ကောင်းနိုင်ပေမယ့် စာရေးစားပွဲမှာ ထိုင်ပြီး မရေးဖြစ်ဘဲ အချိန် ကုန်သွားရင်လည်း ရည်မှန်းချက်ကို ပေါက်မြောက်နိုင်မှာ မဟုတ်ပါဘူး ။
တစ်နေ့ကို ဘယ်လောက်ရေးမယ် ဆိုတဲ့ ကန့်သတ်ချက်ဟာ ကိုယ် ဘာရေးမလဲ ဆိုတဲ့ ဦးတည်ချက်နဲ့လည်း တော်တော်လေး သက်ဆိုင်ပါတယ် ။ ကိုယ်က ဝတ္ထုတိုတစ်ပုဒ် ရေးမယ်ဆိုရင် ကန့်သတ် ထားတာက ခြောက်မျက်နှာ ။ ဒီတော့ တစ်နေ့ သုံးမျက်နှာ ရေးမယ် ဆိုရင်တောင် နှစ်ရက်ရေးရင် ပြီးနိုင်ပါတယ် ။ ဒါမှမဟုတ် ကိုယ်က စာမျက်နှာ နှစ်ရာလောက် ရေးရမယ့် လုံးချင်း တစ်ပုဒ်ကို ရေးမယ် ဆိုရင်တော့ တစ်နေ့ သုံးမျက်နှာ ထက် ပိုပြီး ကန့်သတ်ရပါလိမ့်မယ် ။ ဒါမှလည်း အချိန်မီ ပြီးနိုင်မှာကိုး ။
တစ်ခုတော့ ပြန်မေးစရာ ရှိပါတယ် ။ ဝတ္ထု ရေးတယ်ဆိုတာ စာရေးစားပွဲမှာ ထိုင်ပြီး ရေးချင်တိုင်း ရေးလို့ ရတာမှ မဟုတ်ဘဲ ။ စိတ်ဝင်စားမှု ရှိလာမှ ၊ ခံစားမှု ရှိလာမှ ရေးလို့ ရတယ်လို့ စောဒက တက်ချင်ပါလိမ့်မယ် ။ ဇာတ်လမ်း ၊ ဇာတ်ကွက် ၊ ဇာတ်ကောင်စရိုက် ၊ ဇာတ်ကောင်များ ရဲ့ ပြောဟန် ၊ ပြောမယ့် စကားလုံး စတာတွေက စာရေးစားပွဲကို ထိုင်မှ စဉ်းစားလို့ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး ။ တခြား အလုပ်တွေကို လုပ်ရင်းကိုင်ရင်း ကိုယ့်နှလုံးသားထဲမှာ စာစီထားလို့ရတဲ့ ကိစ္စတွေ ဖြစ်တာကြောင့် မိမိ ကြိုတင် ကန့်သတ်ထားချိန်ဟာ စာရေးစားပွဲမှာ ရေးရမယ့် အချိန်သာ ဖြစ်ပါတယ် ။
◾မိမိ တိုးတက်မှုကို ဆန်းစစ်ကြည့်ပါ
ရည်မှန်းချက်ကို ချမှတ်တဲ့ နေရာမှာ ကြီးကြီးမားမား ချမှတ်ရတာ ဖြစ်ပေမယ့် နေ့စဉ်အတွက် သတ်မှတ်ရတဲ့ အချက် ကတော့ ခပ်သေးသေး သာ ဖြစ်ပါတယ် ။ ဆိုကြပါစို့ ၊ လုံးချင်းအတွက် စာမျက်နှာ နှစ်ရာ ရေးမယ်လို့ ခန့်မှန်း ထားပေမယ့် တစ်နေ့ ငါးမျက်နှာ ကန့်သတ် လိုက်ခြင်းက စာမျက်နှာ နှစ်ရာ နဲ့ စာရင် အသေးအဖွဲ ဖြစ်သွားပါပြီ ။ စာမျက်နှာ ကန့်သတ်ပြီး ရေးတဲ့နည်းကို လုံးချင်းပေါင်း များစွာ ရေးနေတဲ့ စာရေးဆရာမ လွန်းထားထား ( ဆေးတက္ကသိုလ် ) လက်တွေ့ ကျင့်သုံးတယ် ဆိုတာ ရွှေအမြုတေမှာ ဖော်ပြခဲ့တဲ့ ဆရာမရဲ့ အင်တာဗျူးမှာ ပြောခဲ့ပြီး ဖြစ်ပါတယ် ။ ပညာရေးလောကမှာ အခက်ဆုံး ဖြစ်တဲ့ ဆေးပညာကို သင်ယူ လေ့လာနေစဉ် ကတည်းက လုံးချင်းဝတ္ထုတွေကို ရေးနေခဲ့တာပါ ။ စာကျက်ချိန်က သတ်သတ် ၊ စာရေးချိန်က သတ်သတ် ခွဲခြားပြီး ရေးခဲ့တာကို ဆရာမက ပြောပြခဲ့ပါတယ် ။ အဲဒီလို ရေးနိုင်ဖို့အတွက် သူ့ အိပ်ချိန်ကို လျှော့ချခဲ့တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ် ။ ဒီတော့ အချိန်မရဘူးလို့ ညည်းသူများ အတုယူ လောက်ပါတယ် ။
တစ်နေ့ သုံးမျက်နှာ ၊ သို့တည်းမဟုတ် ငါးမျက်နှာ ရေးမယ်လို့ ဆုံးဖြတ်ထားပြီးရင် ရက်သတ္တပတ် ကုန်ဆုံးချိန်မှာ ကိုယ့် အလုပ်ကို ကိုယ် ပြန် သုံးသပ်ပါ ။ ခုနစ်ရက် အတွင်းမှာ ကိုယ် စာမျက်နှာ ဘယ်လောက် ရေးဖြစ်ခဲ့ပြီလဲ ၊ မရေးဖြစ်တာ ဘယ်နှရက် ရှိခဲ့ပြီလဲ ။ ဒီလို ပြန်ပြီး သုံးသပ်ခြင်းအားဖြင့် နှစ်စမှာ ချခဲ့တဲ့ ကိုယ့်သန္နိဋ္ဌာန် အောင်မြင်ဖို့ နီးစပ်ရဲ့လား ၊ သို့တည်းမဟုတ် အဝေးကြီး ဝေးနေပြီလား ဆိုတာ မလိမ်တမ်း မညာတမ်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ပါလိမ့်မယ် ။
အဲဒီလို ပြန်ပြီး သုံးသပ်လိုက်ခြင်း အားဖြင့် ကိုယ်ချမှတ် ထားတဲ့ ရည်မှန်းချက်ဟာ မြင့်လွန်းနေသလား ၊ နိမ့်လွန်းနေသလား ပြန်ပြီး ညှိနှိုင်းဖို့ လိုပါတယ် ။ တစ်နေ့ သုံးမျက်နှာ ရေးမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပေမယ့် တစ်ပတ် အတွင်းမှာ တကယ် ရေးနိုင်တာက စာမျက်နှာ ငါးဆယ် လောက် ဖြစ်နေတာကို တွေ့ရရင် ကိုယ့် ဆုံးဖြတ်ချက်က နိမ့်နေတာမို့ ပြင်ရပါလိမ့်မယ် ။ ထိုနည်းတူစွာ တစ်ပတ်လုံး နေလို့မှ ဆယ်မျက်နှာ လောက်ပဲ ပြီးတယ် ဆိုရင် ကိုယ့် ဆုံးဖြတ်ချက်က မြင့်နေပြန်ပါတယ် ။ ပြန်ပြီး လျှော့ရပါလိမ့်မယ် ။ ဒီနည်းနဲ့ ကိုယ့်ဘာသာ ကိုယ် ညှိနှိုင်းယူပါ ။ တစ်ခါတလေမှာ ဖြစ်တတ်တာတွေ ရှိပါတယ် ။ ဝတ္ထု တစ်ပုဒ် ကို ရေးနေရင်းနဲ့ ဘာ ဆက်ရေးရမှန်း မသိ ဖြစ်သွားတဲ့ အခါမျိုးပေါ့ ၊ အဲဒီအခါမှာ တွေဝေနေမယ့်အစား နောက်ဇာတ်လမ်းသစ် တစ်ခုကို စဉ်းစားပြီး နောက် ဝတ္ထုတစ်ပုဒ် ဖန်တီးပါ ။ ဒီ ဝတ္ထုကို ဖန်တီးပြီးချိန်မှာ ပထမဝတ္ထုကို ဆက်ပြီး ရေးဖို့ အကြံကောင်းရသွားနိုင်ပါပြီ ။
အဲဒီလို မလုပ်ဘဲ တစ်နေရာတည်းမှာ ရပ်နေမယ်ဆိုရင်တော့ ကိုယ့်ရည်မှန်းချက်က အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး ။
◾ထိန်းချုပ်နိုင်တဲ့ ရည်မှန်းချက် နဲ့ မထိန်းချုပ်နိုင်တဲ့ ရည်မှန်းချက်
စာရေးတဲ့ နေရာမှာ တချို့ကိစ္စများက လေ့လာစရာလေးတွေ အတွက် အချိန်ယူဖို့ ရှိပါတယ် ။ ဒီအခါမှာ စာရေးချိန်ထဲက ဖဲ့ပေးရပါတော့မယ် ။ ဒီတော့ လေ့လာဖို့ အတွက် ဘယ်လောက် အချိန် ဖဲ့ပေးမလဲ ၊ စာရေးတာက အချိန် ဘယ်လောက် ချန်မလဲ ဆိုတာကလည်း ကိုယ့် ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ် ။
တချို့ပုဂ္ဂိုလ်များက စာရေးရာမှာ မွေးရာပါဗီဇ ပါလာတယ်လို့ ဆိုရလောက်အောင် အနည်းအကျဉ်း လေ့ကျင့်လိုက်ရုံနဲ့ စာတစ်ပုဒ်ကို ချောချော မွေ့မွေ့ ရေးသွားနိုင်သူတွေလည်း ရှိပါတယ် ။ တချို့ကတော့ တော်တော်ကြီးကို လေ့ကျင့်မှ စာတစ်ကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း ရေးနိုင်သူတွေလည်း ရှိပါတယ် ။ ဒါကြောင့် တစ်ယောက် နဲ့ တစ်ယောက် အခြေအနေချင်းတော့ ကွဲပြားခြားနားနိုင်ပါတယ် ။ ထိုနည်းတူစွာပဲ တချို့ စာရေးဆရာများက တစ်ပုဒ်တည်း နဲ့ ပေါက်မြောက်သွားသလို တချို့ကတော့ အပုဒ်ရေ တော်တော်များများ ရေးမှ လူသိများလာတာတွေလည်း ရှိပါတယ် ။ ဒါတွေက တစ်ဦးချင်း အပေါ်မှာ မူတည်ပါတယ် ။ ပါရင် ပြီးရောလို့ ဆုံးဖြတ်ထား သူတွေနဲ့ ဘယ်မဂ္ဂဇင်းမှာ ပါကို ပါရမယ်လို့ ဆုံးဖြတ်ထားသူ အားထုတ်မှုချင်း မတူနိုင်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဘယ်မဂ္ဂဇင်းမှာ ပါစေရမယ်လို့ ဆုံးဖြတ်ထားသူက သူ့ ဆုံးဖြတ်ချက် ခိုင်မာအောင် ပိုပြီး ကြိုးစားအားထုတ်ရပါတယ် ။ ဒီလို ရည်မှန်းချက်က ထိန်းချုပ်လို့ ရတဲ့ ရည်မှန်းချက် ဖြစ်ပြီး ပါရင်ပြီးရော ဆိုတဲ့ ပုဂ္ဂိုလ်များ ရဲ့ ရည်မှန်းချက်ကတော့ ထိန်းချုပ်လို့ မရတဲ့ ရည်မှန်းချက် ဖြစ်ပါတယ် ။
ဒီနေ့ ခေတ်မှာ စာလည်း ရေးနိုင်တယ် ၊ စာအုပ်တစ်အုပ်ထုတ်ဖို့ ငွေအင်အားလည်း တတ်နိုင်တယ် ဆိုရင် လုံးချင်းတစ်အုပ် ဖြစ်လာဖို့ရာ အင်မတန် လွယ်ပါတယ် ။ ကိုယ် ရေးတဲ့ စာအုပ်ကို ကိုယ့် ငွေနဲ့ ထုတ်တာဖြစ်လို့ ပရိသတ် ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ အောင်မြင်သည် ဖြစ်စေ ၊ မအောင်မြင်သည် ဖြစ်စေ စာရေးဆရာ လို့တော့ နာမည်ခံလို့ ရသွားပါပြီ ။ ဒါကြောင့် ဒီနှစ်မှာ စာတစ်အုပ် ထွက်စေရမယ် ဆိုတဲ့ ရည်မှန်းချက်မျိုးကတော့ ထိန်းချုပ်မရနိုင်တဲ့ ရည်မှန်းချက်လို့ သတ်မှတ်ရပါလိမ့်မယ် ။ သူက တကယ် အောင်မြင်တာမှ မဟုတ်ဘဲ ။
ဒါကြောင့် ကျွန်တော့် အနေနဲ့ အကြံပေးချင်တာကတော့ ထိန်းချုပ်လို့ ရတဲ့ ရည်မှန်းချက်မျိုးကိုပဲ ထားစေချင်ပါတယ် ။ ထိန်းချုပ်လို့ မရတဲ့ ရည်မှန်းချက်မျိုးကို အလွယ်တကူ မထားစေချင်ပါဘူး ။ စာမူတစ်ပုဒ်ကို ရေးပြီးပြီဆိုရင် ကိုယ့်စာမူနဲ့ လိုက်ဖက်မယ့် မဂ္ဂဇင်းကို စဉ်းစားပါ ။ စာမူနဲ့ မလိုက်တဲ့ မဂ္ဂဇင်းကို ပေးပို့မယ် ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင် ပါလိမ့်မယ် ။
နိဂုံးချုပ် အနေနဲ့ ပြောချင်တာ ကတော့ ၂၀၁၀ ခုနှစ်အတွက် သန္နိဋ္ဌာန်ချမယ် ဆိုရင် သတိပြုသင့်တဲ့ SMART ကို ထပ်ပြောချင်ပါတယ် ။
S = Specific တိကျပါစေ ။ စာရေးချင်လို့ပဲ မပြောပါနဲ့ ။ ကိုယ့် စိတ်ကြိုက် မဂ္ဂဇင်း သုံးခုလောက်ကို ရွေးလိုက်ပါ ။ အဲဒီ မဂ္ဂဇင်းသုံးခုမှာ ပါအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ပါ ။
M = Measurable တိုင်းထွာလို့ ရပါစေ ။ တစ်နေ့ကို စာလုံး ဘယ်လောက် ရေးမယ် ၊ သို့တည်းမဟုတ် စာမျက်နှာ ဘယ်လောက် ရေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ပါစေ ။ ဒီလို တိုင်းထွာလို့ ရတဲ့ဆုံးဖြတ်ချက် ရှိမှ သာလျှင် မိမိ ဆုံးဖြတ်ချက်ကို ရောက် ၊ မရောက် သိနိုင်မှာ ဖြစ်ပါတယ် ။
A = Attainable ကိုယ်က မွေးရာပါဗီဇအရ ကျွမ်းကျင် တတ်မြောက်တဲ့ စာရေးဆရာ ဆိုရင် ပြောစရာမရှိပါဘူး ။ ကောင်းပါတယ် ။ ဒါပေမဲ့ ကိုယ်က အရာရာကို သိဖို့ လိုအပ်ပြီး အမှတ်တမဲ့ ဖြစ်တတ်သူလည်း ဖြစ်ခဲ့မယ်ဆိုရင် အတိအကျ ရေးရမယ့် မဂ္ဂဇင်းများအတွက် မရေးသင့်ပါဘူး ။ ကိုယ် ဘယ်လောက်ပဲ လေ့လာထားတယ် ဆိုစေကာမူ အားနည်းချက် ရှိနိုင်လို့ပါပဲ ။
R = Realistic ရနိုင်သမျှ အချိန်များကို ခွန်အား စိုက်ထုတ်ပြီး စာရေးဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့် ရည်မှန်းချက်ကို ခပ်မြင့်မြင့် ထားနိုင်ပါလိမ့်မယ် ။ တချို့ ပုဂ္ဂိုလ်များကတော့ လက်တွေ့ မဆန်တဲ့ မြင့်လွန်း အားကြီးတဲ့ ရည်မှန်းချက်တွေ ထားကြတာကို တွေ့ရပါတယ် ။ ရည်မှန်းချက်က နိမ့်လွန်း ပြန်ရင်လည်း အလွယ်တကူ ရနိုင်တာဖြစ်တာကြောင့် ခရီးမရောက်ပါဘူး ။
T = Time စာ ဘယ်လောက် ရေးမှာလဲ ၊ ဘယ်အချိန် အတိုင်းအတာ အထိ ရေးမှာလဲ ။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ချိန်ဆရမယ့် ကိစ္စဖြစ်ပါတယ် ။ ကိုယ့် ရည်မှန်းချက်နဲ့ ကိုက်ညီအောင် ကိုယ့်ဆုံးဖြတ်ချက်ကို ချမှတ်ပါ ။
ဒီအချက်တွေနဲ့ ညီအောင် ကြိုးစားရင်း ရွှေချစ်သူများ ၂၀၁၀ နှစ်သစ်မှာ အောင်မြင်မှု အပြည့်အဝ ရကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
▢ ဝင်းငြိမ်း
📖ရွှေအမြုတေမဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ် ၊ ဇန်နဝါရီလ
No comments:
Post a Comment