❝ သတ်ပုံ ❞
( မေတ္တာစိုးမွန် )
( ၁ )
မမဲတူက အိမ်အရှေ့ ခွေးကတက်မှာ ထိုင်ပြီး ကျလာတဲ့ မျက်ရည်တွေကို ထဘီရင်ခံစနဲ့ တို့ထိတို့ထိ သုတ်နေလေရဲ့ ။ ရင်ထဲ အသည်းထဲက တလှိုက်လှိုက် တက်လာတဲ့အပူရှိန်နဲ့ ကျလာတဲ့ မျက်ရည်ဆိုတော့လည်း တငွေ့ငွေ့နဲ့ ပူရှာတော့မှာပေါ့ ။ ပြောင်းလို့ရရင် မဲတူရဲ့ ခန္ဓာကိုယ်နဲ့ မြမြဝင်းရဲ့ ခန္ဓာကိုယ်ကို မရမက ပြောင်းပစ်လိုက်ချင်တော့တာပါပဲ ။ အခုမှ တကယ့်ကို မရှုမလှပွဲလို့သာ အော်ဟစ်ငိုယိုပစ်လိုက်ချင်တော့တယ် ။
သူခိုးမယား မငိုဝံ့ ဆိုတဲ့စကားပုံက တကယ်ပဲ မှန် နေပါရော့လား ။ မမဲတူ အော်ဟစ်ငိုယိုလို့လည်း မဖြစ်သေး ။ လူ့ဘောင်နဲ့လူ့အသိုင်းအဝိုင်းနဲ့ မဟုတ်လား ။ ကိုယ်ကျင့်တရားပဲ ချမ်းသာလှချည့်ရဲ့ ၊ ရိုးဂုဏ်လေးပဲ ရှိရှာတာဟဲ့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရိုးသားအောင်နေခဲ့ တာ မမဲတူ တစ်သက် ။
ကိုဘဝင်း ဆုံးတော့လည်း လင်သားမဲ့ မုဆိုးမဘဝနဲ့ အရိုးထုတ်ပြီး ဒီကမ်းခြေမှာ ငါးလှန်းစားလာခဲ့တာလည်း မြမြဝင်း တစ်သက် ။ ငါးလှန်းသမ ဘဝနဲ့ သမီးကို ရတာ လေးနဲ့ ဝအောင် ကျွေးတယ် ၊ ရှိတာလေးနဲ့လှအောင် ဆင် ပေးတယ် ။
ဖျာတစ်ချပ်ပေါ် လှဲပြီး မှိန်းနေတဲ့ မြမြဝင်း ကို မမဲတူ က ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်တယ် ။ မြမြဝင်း ကတော့ အပူအပင်မရှိ ။ ပူရမှန်းလည်း မြမြဝင်း သိမှာမှ မဟုတ်တာ ။ ရိုးလွန်း ၊ အ , လွန်းလို့ သူများ သားသမီးတွေထက် ပိုပြီးဂရုစိုက်ခဲ့ရတယ် ဆိုတာ မမဲတူ အသိပဲ ။ ရှိတာလေးနဲ့ ပညာပဲ တတ်ပါစေတော့ ဆိုပြီး ကုတ်ကုတ်ခြစ်ခြစ် ပညာသင်ပေးခဲ့ပေမဲ့ မြမြဝင်းမှာ ပညာပါရမီပါ မလာခဲ့ဘူးလို့ပဲ ဆိုရမယ် ။ မအေ ငါးလှန်းရာ တကောက်ကောက်လိုက်နေရရင် မြမြဝင်းက ပျော်နေတာဆိုတော့ မမဲတူ လက်လျှော့လိုက်ရတယ် ။
လက်မလျှော့လို့လည်း မရဘူး ။ မြမြဝင်းက မြန်မာစာသင်ပုန်းကြီးကိုတောင် အစီအစဉ်တကျ ရေးတတ် ၊ ဖတ်တတ်တာ မဟုတ်ဘူး ။ အင်္ဂလိပ်အက္ခရာဆို ဝေးရော ပဲ ။ ဒါတောင် ပင်လယ်နားသူမ ဖြစ်နေလို့ ၊ ငါးစာရင်းတွေ ငွေရေးကြေးရေးတွေ တွက်နေချက်နေကျမို့ စာရင်းဇယား လေးတွေ စိတ်ချရပါရဲ့ ။ စိတ်မချရတာက ရိုးရိုးအအနဲ့ လူပြောတိုင်း ယုံတတ်တဲ့ စိတ်ဓာတ်ကိုပဲ ။ ဒီနေ့မနက် တော့ မအေကို ငါးကူလှန်းရင်း မူးလဲထိုးကျသွားလို့ သမီးကို ကောက်ပွေ့ပြီး ကျန်းမာရေးဆရာမဆီ သွားတော့ မမဲတူ ခေါင်းတွေထဲမှာ နေဆယ်ဆင်း ပြိုးပြိုးပြက်ပြက် ပြက်ဝင်လာသလို ခံစားလိုက်ရတယ် ။ အပူရုပ် ဟန်လုပ်ပြီး မြမြဝင်းကို အိမ်ပြန်ခေါ်လာရတယ် ။ ခြေလှမ်းတွေတောင် မှားလို့ယောင်လို့ ။ တဲကို ဘယ်လို ဘယ်ပုံနဲ့များ ရောက်လာသလဲ မသိလိုက်ဘူး ။ နေကောင်း ရဲ့လား ၊ သက်သာရဲ့လားနဲ့ မေးတဲ့ သူတွေကို လူလုံးကွဲအောင် မမြင်တော့ဘူး ။ တစ်သက်လုံး ထိန်းလာသမျှ သိက္ခာ မြမြဝင်းကြောင့် မျှောရတော့မှာလား ။
မြမြဝင်းကို ချော့တစ်ခါ ခြောက်တစ်လှည့် မေးရတာလည်း အကြိမ်ကြိမ်အခါခါ ။ မြမြဝင်းကတော့ ပြော ရှာပါရဲ့ ။ မြမြဝင်း ပြောတော့မှပဲ မမဲတူ ပိုပြီး ငိုချင်သွား မိတော့တယ် ။
“ ဟိုလေ .. လူကြီးတစ်ယောက်ပဲ အမေရဲ့ ။ ကျွန်မကို အင်္ကျီတွေ ဝယ်ပေးမယ် ပြောတာပဲ ”
“ ဟင့်အင်း ကျွန်မ မမှတ်မိတော့ဘူး ။ ဒီရွာမှာတော့ သူ့ကို မြင်ဖူးသားပဲ ။ သူ့ကို မြင်ရင် အမေမှတ်မိမှာပါ ”
အူတိအူကြောင် စကားသံတွေအဆုံးမှာ မမဲတူ ကြူကြူပါအောင် ငိုချချင်ပေမဲ့ အံကြိတ်ပြီး ထိန်းထားလိုက်ရ တယ် ။ ပါးပြင်ပေါ်က တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်ပူ တွေကို ထဘီရင်ခံနဲ့ သုတ်နေရတယ် ။ ငါ့ သမီးမှ ဒီလို ဖြစ်ရလားဆိုတဲ့ ယူကျုံးမရတဲ့စိတ် ၊ ယောက်ျားတွေကို နာကြည်းတဲ့စိတ် ၊ ကိုဘဝင်းကို သတိရတဲ့စိတ် ၊ ကံကြမ္မာ ကို မုန်းတီးတဲ့စိတ်တွေနဲ့ အရှေ့မှာ မြင်နေရတဲ့ ပင်လယ်ကြီးဆီကိုသာ ပြေးသွားလိုက်ချင်တော့ဘာပဲ ။ လှိုင်းတွေ ကမ်းစပ်ကို ပြေးဝင်ပြီး ဝုန်းဒိုင်းကြဲနေသလို မမဲတူလည်း ကမ်းစပ်တစ်ခု လိုချင်တယ် ။ စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲလို့ရမယ့် ကမ်းစပ်တစ်ခုပေါ့ ။
••••• ••••• •••••
( ၂ )
မြမြဝင်းကို အိမ်ထဲက အိမ်ပြင် မထွက်ဖို့ ကြိမ်းမောင်း မှာထားရပေမဲ့ ကမ်းခြေက ပိုက်တဲတွေ ဆိုကာ တစ်တဲ နဲ့ တစ်တဲ ရင်ချင်းဆက် ၊ ခေါင်းချင်းဆက် မဟုတ်လား ။ မြမြဝင်းရဲ့ကိစ္စက ဘယ်လောက်ပဲ ဖုံးဖိထားထား မဖုံးနိုင်မဖိနိုင် ဖြစ်လာတော့ တစ်ယောက်စကား တစ်ရာ နားနဲ့ မမဲတူ ခမျာ ရှက်လိုက်ရတာ ဗုန်းဗုန်းကို လဲရော ။ စားလည်း ဒီစိတ် ၊ သွားလည်း ဒီစိတ် ၊ အိပ်လည်း ဒီစိတ်နဲ့ ငါးတောင်ဖြောင့်ဖြောင့် မလှန်းနိုင်ဘူး ။ တစ်ညတစ်ည ထိုင်ထိုင်သောက်ရတဲ့ ဖက်ဆေးလိပ်ကြွေးတွေတောင် နင့်အောင်တင်လှပြီ ။ ကယောက်ကယက် စိတ်တွေနဲ့ပဲ တစ်ရက်ပင်လယ်ထဲ ငါးဆင်းဆေးတော့ လှေစပ်ပျဉ်ဟောင်းတစ်ချပ်က သံဆွေးတစ်ခုက မမဲတူရဲ့ ခြေဖဝါးတွေထဲ တစ်ဆုံးနစ်ဝင်ခဲ့တယ် ။
ကံဆိုးမတွေရဲ့ အနောက်ကိုမှ ဘာကြောင့် မိုးလိုက် ရွာချင်ရတာလဲ မသိဘူးနော် ။ ဒဏ်ရာရထားတာ သိပေမဲ့ ဒဏ်ရာကို ဂရုမစိုက်နိုင်လောက်အောင် ရထားတဲ့အပူ ဒဏ်ရာကြီးရှိတော့ခမျာ ပေါ့ဆဘယ်လို့ မဆိုသာဘူး ။ မြမြဝင်း မီးဖွားတာတောင် စောင့်မသွားဘူး ။ အရှက်တရားတစ်ခုရဲ့ ပယောဂကြောင့် လောကကြီးကို အရှုံးနဲ့ နှုတ်ဆက်သွားတယ် ။ မေးခိုင်ပိုးဆိုတဲ့ ခေါင်းစဉ်နဲ့ မမဲတူရဲ့ အသုဘက မြမြဝင်းကြောင့် လူစည်တယ်လို့ ပြောရမ လားဘဲ ။ မအေ့အလောင်းဘေးမှာ ဘယ်သူရယ်လို့ တိတိကျကျ မသိတဲ့ တာဝန်မဲ့ ကိုယ်ဝန်အရင့်အမာနဲ့ မြမြဝင်း က ပုံ့ပုံ့လေးထိုင်လို့ ။ မျက်လုံးမျက်ကွက်ကလေးနဲ့ ဟိုလူ့ လိုက်ကြည့် ၊ ဒီလူ့လိုက်ကြည့် ကြည့်နေတဲ့ မြမြဝင်းကို အရပ်က ဝိုင်းဝန်းဖေးမကြရှာတယ် ။ အရပ်ကောင်းတော့ လည်း မမဲတူအလောင်း လှလှပပ မြေကျခဲ့ရတာပဲပေါ့ ။ အသုဘ ရက်လည်လို့ မကြာလိုက်ဘူး ။ မြမြဝင်း ကလေးမွေးတယ် ။ အရပ်စကားနဲ့ ပြောရရင်တော့ ဖြူဖြူဖွေးဖွေး တစ်တုံးတစ်ခဲကြီးပါပဲ ။
••••• ••••• •••••
( ၃ )
ဒီနေ့မနက်က စပြီး ပြန့်သွားတဲ့ ဒီသတင်းဟာ ကမ်း ခြေတစ်ခုလုံးကို ဆွဲခါလှုပ်ယမ်းပစ်လိုက်တာ မုန်တိုင်း ပြင်းပြင်းရဲ့ရိုက်ချက်တစ်ခုလိုပဲ ။ ကမ်းခြေပေါ်မှာရှိတဲ့ ပုရိသမှန်သမျှ ပိုက်လိုက်သမားကအစ စက်လှေအုံနာတွေ ၊ ကျော့ပိုက်ပိုင်ရှင်တွေ အထိ ဒီသတင်းကြောင့် သရိုး သရီ ဖြစ်နေကြပြီ ။ ဘယ်အရာကိုမှ စိတ်မဝင်စားဘူး ဆိုတဲ့လူတွေ ၊ ခပ်အေးအေးပဲ နေတတ်တဲ့ လူရိုးလူအကြီး တွေတောင် ဒီကိစ္စကို ဝေဖန်လို့ ၊ တောက်ခေါက်လို့ ။ တချို့က ကိုယ်ချင်းစာပြီး နာတတ်ကြတယ် ထင်ပါရဲ့ ။ ဆဲရေးတိုင်းထွာလို့ ။ မခံမရပ်နိုင်လို့ ရင်ဘတ်ထဲက အန်ကျလာတဲ့ လူသားချင်းစာနာထောက်ထားမှုတွေကလည်း အတော့်ကို အရောင်စုံတယ် ပြောရမှာပဲ ။
အေးလေ ။ မြမြဝင်းကိစ္စက စိတ်မဝင်စားလို့လည်း မဖြစ်ဘူး ။ မြမြဝင်းရဲ့ သားလေးတောင် တစ်နှစ် ပြည့်ရုံရှိ သေး ၊ အခု မြမြဝင်း ဗိုက်ကြီးနေပြန်ပြီတဲ့ ။ အရပ်က စုတ်တသပ်သပ် သနားကြရုံကလွဲပြီး ဘာမှမတတ်နိုင် ကြဘူး ။ ဘဝတူတချို့က တတ်နိုင်သလောက် ကူညီ စောင့်ရှောက်ကြပါတယ် ။ အူတူတူ အတတလေးကပဲ မြမြဝင်း အတွက် ဖေးမတဲ့ ကိုယ်ချင်းစာမှုကို ရခဲ့တယ် ။ ဒါပေမဲ့ တစ်ဗိုက်တစ်ယောက်နဲ့ မြမြဝင်း အတော့်ကို ကသီကယင်နိုင်တယ် ။ ရေနစ်သူ ဝါးကူထိုးကြမယ့်သူ တွေကလည်း အရန်သင့်ပဲ ။
တချို့ယောက်ျားတွေဆို မြမြဝင်းကို မတွေ့ရင် မျက်နှာ လွှဲကြပြီ ။ မြမြဝင်း လာရာလမ်းဆို ရှောင်ကြတယ် ။ မြမြဝင်းက တစ်ခါတလေ အရိုးခံနဲ့ နှုတ်ဆက်ရင် ကမ္ဘာပြို သယောင် ထိတ်လန့်ရွံ့ရှာကြတဲ့ ယောက်ျားတွေဆို လက်ညှိုးထိုးရင် မလွဲဘူး ။ တစ်ရွာလုံးက ယောက်ျား တွေ အကြောက်ဆုံးအရာကို ပြပါဆိုရင် မြမြဝင်း ကိုပဲ လက်ညှိုးထိုးပြကြလိမ့်မယ် ။ တချို့ မိန်းမတွေ ကိုယ့် ယောက်ျားကို ပင်လယ်ဆင်းခါနီး ဘာမှာကြသလဲ ဆိုရင် “ မြမြဝင်း ရေထဲ ငါးဆင်းတောင်းရင် ရေထဲမှာ ငုပ်သာနေ လိုက် ” လို့ မှာတတ်ကြတယ် ။
ကမ်းခြေမှာ ရေပန်းအစားဆုံး မိန်းမက မြမြဝင်းပဲ ။ မိခင်တွေ သမီးပျို ဆုံးမရင် မြမြဝင်းက ပုံခိုင်း ။ ညဘက် အပြင်ကြပ်ကြပ် ထွက်ကြ မြမြဝင်းလို ၊ မြမြဝင်းလို နဲ့ တစ်ဝင်း တည်း ဝင်းနေလိုက်ကြတာများ ဝင်းဝင်းကို တောက် ရောပဲ ။ ယောက်ျားတွေ အချင်းချင်း စနောက်ကြပြီဆိုရင် လည်း “ ဟေ့ကောင် မြမြဝင်းရဲ့ သားက မင်းနဲ့ တူတယ် နော် ” “ မဟုတ်ဘူးကွ အသားဖြူတယ်ဆိုတော့ မြကြီးနဲ့ တူတာ ” ၊ “ ခွေးမသားတွေ ” ဆိုပြီး မြမြဝင်းက အနှောင့်အသွား ဘယ်တော့မှ လွတ်ရတယ်မရှိ ။
မြမြဝင်းကို မရွံ့မရှာ ဆက်ဆံပြောဆို အားပေးကူညီတဲ့ လူတန်းစားဆိုလို့ ငါးလှန်းသမားတွေပဲ ရှိတာ ။ ကျန်တဲ့ သူတွေအတွက်တော့ မြမြဝင်းက မြေနိမ့်နိမ့်တစ်ခုပဲ ။ တချို့လှေပိုင်ရှင်တွေဆို မြမြဝင်း ငါးဆင်းတောင်းရင် နှင်လွှတ်ကြတဲ့အထိ လှံစိုက်ချင်ကြတယ် ။ ကင်ပွန်းသင့်တယ် တဲ့ ။ ဒီကောင်မ လှေနားကပ်ရင် ငါးရမှာ မဟုတ်ဘူးတဲ့ ။ မြမြဝင်းကလည်း ဗိုက်တစ်လုံးနဲ့ လူမမည်သားလေး လက်ဆွဲပြီး ကမ်းခြေမှာ လှေတွေ ဝင်လာရင် ငါးဆင်း တောင်းတယ် ။ ကိုယ့်ဝမ်းပူဆာ မနေသာ မဟုတ်ဘူး ။ ကိုယ့်ထက် အရေးကြီးတဲ့ သားသမီးတွေ ပူဆာဆိုတော့ လည်း အဆဲခံ ၊ အဆိုခံပြီးကို သွားတောင်းတာ ။ ဒီနည်း က ငွေရလွယ်ကူတယ် မဟုတ်လား ။ ဒါထက် လွယ်တဲ့ ငွေရနည်း မြမြဝင်းမှာ မရှိတော့ဘူး ။
ဒီလို ယက်ကန်ယက်ကန်နဲ့ ဒုက္ခအပူတောထဲမှာ မြမြဝင်း အလူးအလှိမ့်ကူးခပ်ပြီးတော့ ဒုတိယအကြိမ် ကလေးမွေးတယ် ။ မြမြဝင်းအတွက် လောကက ပေးလိုက် တဲ့ သားကလေးတွေပေါ့ ။ ရွာထဲက ကျန်းမာရေးဆရာမ ကတော့ မြမြဝင်းကို သန္ဓေတားဆေးထိုးပေးပြီး တတ်နိုင်သလောက် ကယ်တင်လိုက်တယ် ။ အဲ .. တစ်ခုပြောစရာ ရှိတာကတော့ မြမြဝင်း ထူးဆန်းပြောင်းလဲလာတာပဲ ။ မြမြဝင်း ချစ်တဲ့သားကလေးတွေကြောင့် မြမြဝင်းပုံစံ ပြောင်းလာခဲ့တယ် ။ မြမြဝင်း သတ္တိတွေ ရှိလာတယ် ။ နဂိုက ထုံထုံအအ ပျော့စိပျော့ဖပ် မြမြဝင်း ပြောရဲဆိုရဲလာတယ် ။
နဂိုက သူတကာပြော ခေါင်းပဲညိတ်တတ်တဲ့ မြမြဝင်းက သူ့သားတွေကို သွားမထိနဲ့ ၊ ကက်ကက်လန်အောင် ရန်တွေ့တော့တာပဲ ။ မြမြဝင်းက အားကောင်းမောင်းသန် မိန်းမကြီးဖြစ်လို့ ၊ ငါးတွေလှန်းလို့ ၊ သားနှစ်ယောက်နဲ့ အပျော်ကြီး ပျော်နေတော့တာပဲ ။ မုန်တိုင်း ပြီးတော့လည်း လေပြည်ပေါ့လေ ။ သားလေးနှစ်ယောက်က မြမြဝင်း အတွက် လေပြည်ပဲ ။
“ မြမြဝင်းက ဒီနှစ် စုပေါင်းရှင်ပြုမှာ ကလေးနှစ်ယောက်ရဲ့အဖေနာမည်ကို ကြေညာမယ်တဲ့ ဟေ့ ”
ရွာဆော်ရာထူးကို အင်တာဗျူးစရာ မလိုဘဲ ရထားတဲ့ မဗွေးထူ ရဲ့အသံက တစ်ရွာလုံးကိုရော ကမ်းခြေတစ်ခုလုံး ကိုရော ပယ်ပယ်နယ်နယ် ကိုင်လှုပ်လိုက်သလိုပဲ ။ ဟိုတုန်းက ယောက်ျားတိုင်း မြမြဝင်းကို ကြောက်ကြသလို အခု အဲဒီယောက်ျားတွေရဲ့ မိန်းမတိုင်း မြမြဝင်းကို ကြောက်နေကြပြန်တယ် ။ မြမြဝင်း ကလည်း ကလေးနှစ်ယောက်မွေး အပြီးမှာ ကြော့ကြော့မော့မော့ ပြင်ပြင်ဆင်ဆင် ဖြစ်လာတော့ မျက်စိစပါးမွေး စူးချင်တဲ့သူတွေကလည်း စူးကြတယ် ။ “ ကောင်မ မျက်နှာပေးကိုက ၊ ဒင်းလိုကောင်မ နောက်ထပ် ဗိုက်ကြီးဦးမယ် ” ၊ “ ကမ်းပတ်ပြီး မြှူနေတာ လေ ” ဆိုပြီး မြမြဝင်းကို မကြည့်နိုင်တဲ့သူတွေ ရေထဲမှာ ဘူးသီးခြောက်တွေ ပေါ်လာသလို ပေါ်လာကြတာ တော် တော်ပဲ များလာခဲ့တယ် ။ တချို့ကလည်း ဘာကိုဘယ်လို တွေးကြသလဲ မသိဘူး ၊ မြမြဝင်းကို သိသိသာသာ အရေး ပေးလာကြတယ် ။ လက်ဖက်သုပ် ခေါ်ကျွေးရတာနဲ့ ။ ဟင်းစားငါးတွေ ခေါ်ပေးရတာနဲ့ ။ မြမြဝင်းရဲ့ သားကလေးနှစ်ယောက် ခေါ်ပြီး မုန့်ကျွေးကြရတာနဲ့ ။ အမျိုးမျိုး အဖုံဖုံ မျက်နှာချိုသွေးကြတယ် ။ ဘယ်လိုရည်ရွယ် ချက်နဲ့ ဘယ်ယုန်ကို မြင်ပြီး ဘယ်ခြုံကို ထွင်ကြတာလဲဆို တာ သူတို့ ကိုယ်တိုင်ပဲ သိကြလိမ့်မယ် ။ မြမြဝင်း ကတော့ ပိုနေမြဲ ကျားနေမြဲပဲ ။
စုပေါင်းရှင်ပြုဆိုတဲ့ အတိုင်း ရပ်ထဲရွာထဲ အလှူအတွက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီ ။ ပင်လယ်ကို အားကိုးပြီး ရှာဖွေစားသောက်ရတဲ့ တံငါရွာရဲ့ အားသာချက် က ဘာလဲဆိုတော့ ဖောဖောသီသီ လှူတတ် ၊ တန်းတတ် ကြတာပါပဲ ။ အကုသိုလ်အလုပ်ကို ကုသိုလ်နဲ့ ချေချင်ကြ တာလည်း ပါတာပေါ့လေ ။ အတိတ်ဘဝက ကုသိုလ်ရေစက်နည်းလို့ တံငါရွာရဲ့ ဘဝကြမ်းကြမ်းတွေထဲမှာ လှိုင်းကြမ်းကြမ်းကို ကူးဖြတ်ပြီး ဒုက္ခကြမ်းကြမ်းနဲ့ နင်လား ငါလား လုံးထွေးရတဲ့ ဘဝမှာ အလှူရေစက်ကိုတော့ ရက်ရက်ရောရော လှူဒါန်းတတ်ကြတာ ဒီရွာရဲ့ ဓလေ့တွေ ပဲ ။ ဘယ်လောက်ပဲ ဆင်းရဲနုံချာနေကြစမ်းပါစေ ၊ အိမ်အရှေ့ အလှူခံရောက်ရင် ဟင့်အင်းဆိုတာ မရှိကြဘူး ။
ရှာရေးဖွေရေး အဆင်ပြေတဲ့ မိုးမကူးတဲ့ ကာလလေးတွေမှာ အလှူဆိုတာတွေကလည်း ပေါပေါလောလောပဲ ။ ငွေပိုင်ကြေးပိုင်လှေပိုင်တွေကတော့ ချောင်းဖျားဘက်ကွေ့ အထိ ဆင်လိုက်ငှားပြီး ငါးမှုန့်ထောင်းကြော်နဲ့ ထမင်းရည် ချောင်းစီးလှူကြတာ ခြိမ့်ခြိမ့်သဲသဲ ရှိကြတယ် ။ အခုလို စုပေါင်းရှင်ပြုဆိုတာကတော့ ကြေးရတတ် လူတန်းစားတွေအတွက် မဟုတ်ဘူး ။ အဓိက ရည်ရွယ်တာက ဆင်းရဲသားလက်လုပ်လက်စားတွေ ၊ အလှူကြီး မပေးနိုင်တဲ့ တံငါသည်တွေ ၊ လှေငှားသားတွေရဲ့ ဘဝယဲ့ယဲ့လေးတွေ ကို ကူညီထောက်ပံ့ဆန္ဒဖြည့်ပေးတဲ့သဘောပေါ့ ။ ရင်နှစ် သည်းချာတွေကို ရှင်ပြုပေးချင်ကြတဲ့ ငွေမရှိ တံငါသည်ကြီးတွေရဲ့ ရင်ထဲက ဆန္ဒတွေကို လက်တွေ့ကျကျ ဖော်ထုတ်ပေးတဲ့ပွဲ ဆိုရင်လည်း မမှားလောက်ဘူး ။
ဘယ်လောက်ပဲ ပကာသန မဖက်ဘူး ပြောပြော ၊ ကိုယ့်သားသမီးကိုတော့ ဆွမ်းတစ်ပွဲနဲ့ ရော့ အင့်ဆိုပြီး မလှူချင်ကြတာ အမှန်ပဲ ။ ငါးမှုန့်ထောင်းကြော်နဲ့ မကျွေးရင် နေပါစေ ၊ ပေါ်ဆန်းဘေးကျားနဲ့ မကျွေးရရင်နေပါ ၊ ငါးနီတူ အချိုသုပ်ကလေးနဲ့ပဲဖြစ်ဖြစ် ၊ ဆန်းသွယ် လတ်ကလေးနဲ့ပဲဖြစ်ဖြစ် တစ်နိုင်တစ်ပိုင်ပြုချင်ကြတာချည်းပါပဲ ။ အခုလို ရှင်ပြုဆိုတာ သားတွေ သာမဏေ ဘဝကို မြင်ရဖို့ တောင့်တမျှော်လင့်နေတဲ့ ငွေကြေးချို့တဲ့တဲ့ တံငါသည်တွေအဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပဲ လေ ။ တစ်ရွာလုံးက ကာလသားတွေ ၊ ကာလသားသမီးတွေ ပြုလုပ်ပေးမယ့် စုပေါင်းရှင်ပြုအလှူကြီး ဆိုတော့ မောင်ရင်လောင်းမိဘတွေက လှုပ်လှုပ်သဲသဲ ဖြစ်ကုန်ကြပြီ ။
မနက်ဖြန်ဆို ရှင်ပြုမယ့် မောင်ရင်လောင်းတွေ အားလုံးရဲ့အမည်နဲ့ ဖအေအမည်တွေကို ရွာဦးကျောင်းမှာ စပြီး စာရင်းပေးလို့ရပြီ ။ ဒီတော့ ကမ်းခြေက တံငါသည် ယဲ့ယဲ့လေးတွေကအစ မရှိမရှား လူတွေအထိ စာရင်းပေးကြပြီ ။ စာရင်းပေးတဲ့သူတွေ ကျောင်းပရိဝုဏ်မှာ ဖွေးဖွေး လှုပ်လှုပ်ရှိတယ် ။ နာမည်နဲ့လိုက်အောင် ကြော့မော့သန့် ပြန့်တဲ့ ကိုကျော့မောင် တောင် နာမည်စာရင်းတွေ တိုးဝှေ့ ပြောနေကြတဲ့ လူအုပ်ကြီး ကြားမှာ ချွေးတလိမ့်လိမ့် စီးကျ လို့ ။ သောင်းဂဏန်း နှစ်ခုကျော် ပေးဝယ်ထားရတဲ့ အင်္ကျီ ဆို ချွေးတွေနဲ့ ရွှဲနစ်ပြီး စိုထိုင်းထိုင်းတောင် ဖြစ်နေပြီ ။
ဒီအထဲ တချို့က ငါးလှန်းရာက တက်လာလို့ ငါးညှီနံ့ တညှင်းညှင်းနဲ့ ။ တချို့ မောင်ရင်လောင်း အဖေ တွေဆို ပင်လယ်ထဲက ဝင်ဝင်လာချင်း တစ်ပက်လောက် ဆွဲလာခဲ့ကြပြီ ထင်ပါရဲ့ အနံ့လေးတသင်းသင်းနဲ့ ။ နောက်ထပ် အနံ့ပေါင်းစုံနဲ့ စာရင်းမှတ်နေတဲ့ ကိုကျော့ မောင် အလူးအလှိမ့် ခံနေရရှာတယ် ။ ကိုကျော့မောင်ရဲ့ ဇနီး မခင်စိမ့် တောင် ယောကျ်ားမျက်နှာ တပျို့ပျို့ကို ကြည့်ပြီး လူလဲခိုင်းချင်နေပြီ ။ ကျော့ပိုက်တွေ ပိုင်တဲ့ စက် လှေအုံနာတွေတောင် ဒီလိုပွဲမျိုးဆို ဘာသိဘာသာ မနေ ကြဘူး ။ အားလုံးက ဝိုင်းဝန်းကူညီပေးကြတယ် ။ ကျန်တဲ့ နေရာတွေမှာသာ ပိုင်ရှင်နဲ့ လိုက်သား ဆိုပြီး လူတန်းစား ခွဲကြတာ ။ ဒီလိုပွဲမျိုးကျလို့ကတော့ အားငယ်သူ အားပေးကြတာ ရွာရဲ့ အစဉ်အလာပဲ ။
မောင်ရင်လောင်း နာမည်နဲ့ အဖေနာမည် တွဲမှတ်ရတာတောင် တချို့မိန်းမတွေ ကိုယ့်လင်နာမည်ရင်း မသိလို့ ခေါင်းကုတ် ၊ ကိုယ်ကုတ် လုပ်ကြတာကလည်း တစ်ပုံကြီးပဲ ။ ဒါပေမဲ့ အားလုံးသူရဲ့ ရင်ထဲမှာ အပျော်လေး တွေ စို့နေကြတယ် ။ ဒီအချိန်မှာပဲ မြမြဝင်းက သားနှစ်ယောက်ကို လက်ဆွဲပြီး ကျောင်းခြံထဲ မာန်ပါပါ ၊ ဟန်ပါပါ လမ်းလျှောက်လာတယ် ။ မြမြဝင်းရဲ့ ဝဖြိုးနေတဲ့ ခန္ဓာကိုယ်က လေးလေးလံလံပေမဲ့ ခပ်သွက်သွက် လမ်း လျှောက်ဟန်က အားပါးတရတော့ အရှိသား ။ အပေါ စား နှုတ်ခမ်းဆိုးဆေးအရောင်ရဲရဲနဲ့ သနပ်ခါးဘဲကျားက မလိုက်ဖက်ပေမဲ့ နေရောင်ဟပ်ထားတော့ တစ်မျိုးကြည့် ကောင်းပါရဲ့ ။ လိမ္မော်ရောင် ပျော့ပျော့အိအိ အပေါ် အောက်ဝမ်းဆက်နဲ့ ချွေးတွေစို့နေတဲ့ မြမြဝင်းကို အားလုံး သူက တဒိုင်းဒိုင်း ဝိုင်းပြီးကြည့်ကြလို့ ။ အကယ်ဒမီ ပေးပွဲ မှာ အကယ်ဒမီတစ်ပြေးနေတဲ့ နာမည်ကြီးမင်းသမီး လာလို့ လူတွေ အုံခနဲ ခဲခနဲ လိုက်လာကြတဲ့အတိုင်းပဲ ။ မျက်လုံးပေါင်း မြောက်မြားစွာက မြမြဝင်းကို အဓိပ္ပာယ်ပါပါ ကြည့်ကြပြီ ။ မြမြဝင်းကလည်း နာမည် စာရင်းပေးတဲ့ နေရာဆီ တန်းတန်းမတ်မတ် လျှောက်လာနေတယ် ။ လူတွေဆို မြမြဝင်း လာရာလမ်းချဲ့ပေးကြတဲ့ အထိ ၊ ခန္ဓာကိုယ်တွေ ဘေးကို ပို့ပေးကြတဲ့အထိ မြမြဝင်းက မီးသေနေတယ် ။ တယ်လည်း တန်ခိုးကြီးတဲ့ မြမြဝင်းပါလား ။ သူတကာ သနားစေရာ တံတွေးခွက်ထဲက မြမြဝင်း ၊ မိမဲ့ဖမဲ့ လူအစော်ကားခံရတဲ့ မြမြဝင်း ၊ ပေးစာ ကမ်းစာတွေနဲ့ အသက်ဆက်ရတဲ့ မြမြဝင်း ။ အခုတော့ သားတွေနဲ့ တစ်ဘဝ ထူထောင်ခဲ့ပြီ ။ မြမြဝင်း အရောင်တောက်ခဲ့ပြီ ။ မြမြဝင်းမှာ သားတွေဆီက ရတဲ့ သတ္တိဗျတ္တိ တွေ ဝင်ခဲ့ပြီ ။ ဒီပွဲမှာ မြမြဝင်းက ကလေးတွေရဲ့ အဖေကို ကြေညာမယ်တဲ့ ။
စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်က အထိတ်တလန့် နဲ့ ရင်ခုန်စရာလည်း ကောင်းပါရဲ့ ။ တချို့ မိန်းမတွေဆို မျက်လုံးမှိတ်ပြီး စိတ်တည်ငြိမ်မှုရအောင် လုပ်ယူနေကြရ တယ် ။ တချို့ ယောက်ျားတွေကလည်း မျက်စိမျက်နှာ ပျက်ယွင်းလို့ ။ မြမြဝင်းပါးစပ်က ထွက်လာမယ့် အမည်တစ်ခုဟာ သူတို့တွေရဲ့ ဘဝကို မပြောင်းလဲပစ်နိုင်ဘူးလို့ သူတို့ အာမမခံရဲဘူး ။ ဘဝမပြောင်းရင်တောင် သိက္ခာတရားဆိုတဲ့ အရာက ၊ ဟီရိသြဆိုတဲ့ အရာက သူတို့ရဲ့ မိသားစုအရိပ်အမြုံကို အရိပ်မည်းတစ်ခုလို ထိုးပေးမှာဆို တာ သူတို့အားလုံး သဘောပေါက်ကြတယ် ထင်ပါရဲ့ ။ အထူးသဖြင့် ကြေးရတတ်လူတန်းစားတွေက တစ်သက်လုံး ဟိတ်နဲ့ဟန်နဲ့ နေလာပြီးခါမှ မြမြဝင်း ရဲ့ပါးစပ်က တွေ့ရာ လျှောက်ပြီးပြောလိုက်မယ့် အမည်ကို ပိုပြီး မကြားရဲကြဘူး ။ သူတို့တစ်တွေအတွက်က ဘဝမှာ ဘာတစ်ခုကိုမှ အောက်ဆုံးထိ မရောက်ချင်ကြဘူး ။ အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ သူတို့မျှော်လင့်ကြတာ မဟုတ်လား ။
မြမြဝင်းက သားနှစ်ယောက်ရဲ့ နာမည်တွေကို ပထမဦးဆုံး ပြောတယ် ။ လူတွေရဲ့ သွေးလည်ပတ်နှုန်း ပုံမှန်တော့ ဟုတ်ကြမယ် မထင်ဘူး ။ သွေးဝင်ခန်းတွေ ၊ သွေးလွှတ်ခန်းတွေတောင် မှားယွင်းကုန်ကြပြီလား မသိ ။ တဒိတ်ဒိတ် ဆောင့်တိုးနေတဲ့ နှလုံးခုန်သံတွေနဲ့ မြမြဝင်းရဲ့ ပါးစပ်အလှုပ်ကို စောင့်နေကြရတယ် ။ မြမြဝင်း ပြောလိုက်တဲ့ သားကြီးရဲ့ နာမည်က ခါတိုင်းခေါ်နေကျ ချက်စူ မဟုတ်ဘူး ။ အောင်ရဲဝင်း ။ သားငယ်လေးရဲ့ နာမည်ကလည်း ဗိုက်ပူ မဟုတ်ဘူး ။ နေရဲဝင်း ။ အဖေနာမည် ပြောဖို့လုပ်တော့ မြမြဝင်းက မျက်နှာပေါ် အဆီပြန်နေတဲ့ ချွေးတွေကို ထဘီရင်ခံနဲ့ ပွတ်တိုက် သုတ်ပစ်လိုက်တယ် ။ လူးလာတဲ့ သနပ်ခါးတွေ ပျက်ပြီး မြမြဝင်းရဲ့ မျက်နှာက ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ် ။ နှုတ်ခမ်းသားတွေကို လျှာနဲ့ တစ်ချက် သပ်လိုက်ပြီး မြမြဝင်းက ကလေးနှစ်ယောက်ရဲ့ အဖေ နာမည် ဘယ်သူဆိုပြီး အော်ပြောလိုက်တယ်ဆိုရင်ပဲ လူတွေက ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြတော့တယ် ။ တချို့က သက်မကြီးတွေ ချလို့ ။ တချို့က မြမြဝင်းကို မျက်စောင်းထိုးလို့ ၊ တချို့ကတော့ သောက်ရူးမလို့ ဆဲကြတယ် ၊ မြမြဝင်း ကတော့ အကယ်ဒမီ ရွှေစင်ရုပ်တုကို ပိုက်ပွေ့ပြီး ကျေနပ်အားရတဲ့ ပီတိတွေနဲ့ အိမ်ပြန်သွားရမယ့် မင်းသမီးအတိုင်းပဲ ။ ပြုံးလို့ ရွှင်လို့ ။ ရုပ်ချောချောနဲ့ သားလေးနှစ်ယောက်ကို လက်ဆွဲပြီး ဘုန်းကြီးကျောင်းခြံထဲက ထွက်သွားခဲ့တယ် ။ နဖူးပေါ်က တလိမ့်လိမ့်ပြုတ်ကျလာတဲ့ ချွေးစက်တွေကို သုတ်အပြီးမှာတော့ ကိုကျော့မောင် က မြမြဝင်း ပြောခဲ့တဲ့ ကလေးအဖေ နာမည်ကို လူတွေမြင်အောင် ရေးပြလိုက်တယ် ။ အမြဲတမ်း သေသပ်လှပအောင်ရေးတတ်တဲ့ ကိုကျော့မောင်ရဲ့ လက်ရေးတွေတောင် တွန့်လိမ်ကောက်ကွေးလို့ ။ ဘာပဲဖြစ်ဖြစ်လေ ။ ကိုကျော့မောင်လည်း လူပဲ ၊ ရင်ခုန်ရှာမှာပေါ့ ။ ခမျာ မြမြဝင်း မျက်နှာတောင် သေသေချာချာ ကြည့်ရဲတာမဟုတ်ဘူး ။ ဒါပေမဲ့ မြမြဝင်း ပြောခဲ့တဲ့ ကလေးတွေရဲ့ အဖေနာမည် နာမည်ကြီး ရုပ်ရှင်မင်းသား နေတိုး ကို နေတို လို့ သတ်ပုံမှား ရေးမိတာ ကိုတော့ ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး ။
▢ မေတ္တာစိုးမွန်
📖 ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၆
No comments:
Post a Comment