❝ အပြစ် ❞
( အီကြာကွေး )
( ၁ )
ကမ္ဘာပေါ် တွင် ရှိသမျှ သော ဘုရားတွေ အကုန်လုံး ဝိုင်း စူးရပါစေရဲ့ ဒီ ခရစ် ကို ချုပ်ရန် ကိုအေဝမ်းသည် တိုက်တွန်းခြင်း ၊ အားပေးခြင်း ဘာတစ်ခု မျှ မပြုမိခဲ့ပေ ။ သို့သော် ခရစ်နာ သည် ကိုးဆယ့်ခြောက်ပါး သော အနာတို့ထက် ဆိုး၏ ။ မသော့သည် အိမ်ရှေ့ အိမ်မှ ဆရာမမြမြ ထံမှ ခရစ်နာ ကို ကူးစက်ရရှိခဲ့သည် ။ အဇ္ဇတဂ္ဂေ ထိုနေ့မှ အစပြု၍ ခရစ်တံ - လှိုင်းကြီး ၊ လှိုင်းလတ် ၊ လှိုင်းငယ် ခရစ် အသွယ်သွယ် တို့သည် ၊ မသော့ စိတ္တံ - မသော့ ၏ စိတ်အာရုံကို ဝိပရိနာမံ - ဖောက်ပြန်ချောက်ချား ၊ အယောင်ယောင် အမှားမှား ဖြစ်စေလေ သတည်း ။
လျောင်းလည်း ခရစ် ၊ ထိုင်လည်း ခရစ် ၊ ရပ် လည်း ခရစ် ၊ သွား လည်း ခရစ် ၊ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ် လေးပါးတွင် ခရစ်သာ ကြီးစိုး၏ ။ အိပ်မက်ရာတွင်ပင် တလွန့်လွန့် ထ နေသော ခရစ်လှိုင်းများပေါ် တွင် လှေစီးရသည် ဟု မက်သည် ။ သဘောကျ ၍ ရယ်လျှင် ခစ်ခစ် ဟုမမြည်ဘဲ ခရစ် - ခရစ် ဟုမြည်၏ ။ ယုတ်စွ အဆုံး နောက်ဖေး ညှစ်သံသည်ပင် ဗျစ်ဗျစ် မမြည်ဘဲ ခရစ် ခရစ် မြည်လေသည် ။
“ ခု ပေါ်တဲ့ ခရစ်ရောင်စုံတွေ သိပ်လှတာပဲ ကိုအေဝမ်း ၊ ကျွန်မလို အသားဖြူဖြူလေး နဲ့ ခရစ်မိုးပြာလေးဆို သိပ် လိုက်မှာပဲနော် ”
ခရစ်နာ အတွက် ကုရာနတ္ထိ - ဆေး မရှိချေ ။ ခရစ်နာကို ဆရာဇီဝက လည်း မတတ်နိုင် ။ ဒေါက်တာချီးဘူးလည်း မစွမ်းသာ ။ ခရစ်နာ ထ လျှင် ကိုယ်ပေါ် သို့ အနည်းဆုံး တစ်ဝတ်စာ ဖြစ်ဖြစ် တင်လိုက်ရမှ အနာသက်သာ လေသည် ။ ကိုအေဝမ်းသည် ချုပ်ပါ လို့လည်း မတိုက်တွန်း ။ မချုပ်ပါနဲ့ လို့လည်း မကန့်ကွက် ။ မိမိ လျှာကို ထိပ်တုံးခတ်ကာ တေမိလက်သစ် လုပ်၍ တုဏှိဘာဝေ ဆိတ်ဆိတ်သာ နေလိုက်၏ ။ မသော့သည် ကြွေးကြော်ပြီး သည်မှ သုံးရက်မြောက်တွင် မိုးပြာရောင်ခရစ် တစ်ထည် ချုပ်လေ၏ ။
“ ကြည့်ပါဦး ကိုအေဝမ်း ၊ ကျွန်မ နဲ့ မလိုက်လား ။ ကဗျာ ဆန်ဆန်ပြောရရင် မိုးပြာအောက်က မေ ပေါ့နော် ”
အိမ်း - မိုးပြာအောက်က မေလား ၊ မိုးပြာအောက် က မသော့လား ၊ ကိုအေဝမ်း က ကောက်ချက် မချချေ ။ တစ်ဝတ်စာ နှင့် ခရစ်နာ ပျောက်ပါစေ ၊ ပိန်းကြာဖက်တွင် ရေမတင် လျောကျ ကင်းကွာပါစေ ၊ ကျိတ် ၍ ဆုတောင်းသည် ။ မသော့ သည် ခရစ် ချုပ်ပြီးနောက် အိမ်ရှေ့ အိမ်မှ ဆရာမမြမြ ထံ ရှေးဦးစွာသွားသည် ။
ကျွန်မလည်း ချုပ်ပြီးပြီဟု အားကျမခံသွား ကြွေးကြော်သည် ။ ပြီး နောက် အရှေ့ ခုနစ်အိမ် ၊ အနောက် ခုနစ်အိမ် ၊ တောင် ခုနစ်အိမ် ၊ မြောက် ခုနှစ်အိမ် လှည့်လည်သည် ။ ခေတ် နဲ့ အညီ မို့သာ ဝတ် ရတာ တစ်ဝတ်စာဆိုတော့ ဈေးက မသေးဘူး ။ နှိမ့်ချ သလိုလိုဖြင့် ကြွားသည် ။ မိုးပြာ တစ်ဝတ်စာဖြင့် ခရစ်နာ သည် အမြစ်ပါ မပြတ်ချေ ။ မိုးပြာ ရိုးသော် မသော့ က တစ်မျိုး လာပြန်၏ ။
“ ကိုအေဝမ်း ရေ တစ်ထည်တည်း ဝတ် နေရတာ အထည်နာ တယ် ။ အလဲအလှယ်ရ အောင် တစ်ထည်ထပ် ချုပ်ရဦးမယ် ။ ဒီတစ်ခါ မြင်းချေးရောင်ချုပ်မယ် ”
ကိုအေဝမ်း ကတော့ သက်ပြင်းကိုသာ ချသည် ။ သူက ဘာများ ကော တတ်နိုင်ပါမည်နည်း ။ မြင်းချေးရောင် ရိုး ပြန်လျှင် ခွေးချေးရောင် ၊ ဆိတ်ချေးရောင် ၊ တိရစ္ဆာန်တို့ ၏ ချေးမျိုးစုံ အရောင်တို့ လာပေဦးမည် ။ အောက်တန်းစာရေး လစာဖြင့် ချေးမျိုးစုံ အရောင်တို့ကို တတ်နိုင်ပါမည်လော ။
လဝက်၏ ဟိုဘက် နှစ်ရက် အလွန်တွင် မသော့ ထံမှ ညည်းသံ ထွက်လာသည် ။ ဈေးမှ အပြန် လက်ဆွဲခြင်းကို ချကာ ညည်းချင်းဆိုသည် ။
“ ဆီဈေးတက် လာပြန်ပြီ တော် ။ သင်္ကြန်မတိုင်မီ က ခုနစ်ကျပ်ခွဲ ၊ သင်္ကြန် လည်းပြီးရော ကနေ့ ကိုးကျပ်ခွဲ ဖြစ်သွားပြီ ။ ဆီလည်း သိကြားမင်း နဲ့ တူတူ တာဝတိံသာ ၊ ယာမာ ၊ တုဿီတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ ၊ ဒဿဝတီ နတ်ပြည် ခြောက်ထပ် ရောက်အောင် တက်လိမ့်မယ်ထင်တယ် ”
အိမ်း .. သိကြားမင်း နဲ့ တူတူ နတ်ပြည် ခြောက်ထပ်ရောက်အောင် တက်ရုံမက အပိုလို နဲ့ လကမ္ဘာ ရောက်အောင် တက်တက် ၊ မစ္စတာမောင်အေဝမ်း ဘာတတ်နိုင်မည်နည်း ။ ဆီဈေးတက်လျှင် တက်ဈေးကို အမီလိုက် ဝယ်စားနိုင်ရန် လက်ထဲတွင် ပိုက်ဆံရှိရမည် ။ မသော့ ညည်းချင်း ဆိုခြင်း၏ အလိုမှာ ပိုက်ဆံ ကုန်ခါနီး ကြောင်း သတိပေးခြင်း ဖြစ်သည် ။ လမကုန်မီ ပိုက်ဆံ ဘာကြောင့် စောစော ကုန်ရသနည်း ။ အရင်းစစ် အမြစ် မြေက ၊ အခင်းလှစ် ခရစ် အဖြေရ ။ ခရစ် နှစ်ဝတ်စာကို မဖြစ် ဖြစ်ကာ ချုပ်လိုက်သည့် အတွက် လဝက်ကျော်တွင် ဘဝအခက် ပေါ်ခြင်းပေတည်း ။
“ ပြောစမ်းပါဦး တော့ ၊ ဘယ်လို လုပ်ကြမလဲ ။ သစ်ငုတ်ကြီးလို ငူငူကြီး ထိုင်မနေပါနဲ့ ။ ပိုက်ဆံ နည်းနည်း ပဲ ကျန်တော့တယ် ”
ဪ ... မိန်းမ မိန်းမ ။ ပိုက်ဆံမရှိတော့ဘူး ဆိုရင် မျက်လုံးပြူး မျက်ဆံပြူး ဝူးဝူးဝါးဝါးဖြင့် အိမ်ဦးနတ် သကောင့်သားကို စား မလို ၊ ဝါး မလို မျက်ကြုတ် ရန်လို တတ်ကြတဲ့ မိန်းမ ။ ပိုက်ဆံ ဘာကြောင့် မရှိရသနည်း ။ ခရစ်နာ ထ မိသောကြောင့်တည်း ။ သူများ ခရစ် ဆို လိုက် ခရစ် ။ သူများ ပါတိတ် ဆို လိုက် ပါတိတ် ။ အတိုင်း အရှည်ကို မကြည့် ။ ဝင်ငွေ၏ ပမာဏကို မသိ ။ မိုက်မဲလှပေသော “ ရတနာ ရွှေသော့ ” ကို ပညာ ပေးရဦးတော့မည် ။ သူ့ အပြစ်ကို သူ နားလည်ရန် လက်တွေ့ ဆုံးမရဦးတော့မည် ။ ပညာရှိမောင်အေဝမ်း သည် အဟမ်း ခနဲ ချောင်းတစ်ချက် ခံပြီး သကာလ ...
“ ညည်း မနေနဲ့ မသော့ ၊ မင်း က တစ်လတည်းကို ခရစ် နှစ်ဝတ်စာတောင် ချုပ်လိုက်ပေသကိုး ။ အိမ်စရိတ်ဟာလည်း ခရစ်စရိတ် ဖြစ်သွားတော့ ကျပ်ပေမပေါ့ ။ မသကာဆို တစ်လ တစ်ဝတ်စာ ခွဲချုပ်ရင် ကျပ်တယ်ဆို သည့်တိုင် အသက် ရှူလို့ ရသေးတယ် ။ ခုတော့ လေမရှိတဲ့ အခန်းထဲမှာ လည်ပင်းညှစ် ခံရသလို ( ကမ္ဘာ့ အကျပ်ကြီး ) ဖြစ်နေပြီ ”
အပြစ် ကို အထုပ်အထည်နှင့် တကွ လက်ဆုပ်လက်ကိုင် မိမိရရ ပြလာသဖြင့် မသော့ သည် စက္ကန့် ခြောက်ဆယ်ခန့် ငြိမ် သွား၏ ။ သို့သော် မိန်းမ ဆိုသည် မှာ ကိုယ့်အပြစ် ကို သူများအပြစ် လုပ်ရာ တွင် ဤ ဒူနီယာ ဝယ် တကယ် ရှာမှ ရှားလေသည် ။ ကျွမ်းကျင်သော ဘောသမား မိမိ၏ ဂိုးပေါက်သို့ ဦးတည် လာသော ဘောလုံးကို တစ်ဖက် ဂိုးပေါက်သို့ ပြန်ဝင်အောင် တန်ပြန် ကန်ထုတ် သကဲ့သို့ ...
“ ဟင် .. ဟင် ... သမီးရည်းစား ဘဝတုန်းက ရှင်ပြောခဲ့တာ ရှင်မေ့နေပြီလား ။ သော့ကို လှစေချင်တယ်ဆို လှလှပပကလေး မြင်ချင်တယ် ဆို ။ ကျုပ် က နန့်နန့်တက် ဝတ်ချင်လွန်းလို့ မဟုတ်ပါဘူး ၊ ရှင့် မျက်စိထဲမှာ လှအောင် ဝတ်ရတာ ။ ရှင့် ကြောင့် ရှင့်ကြောင့် ၊ ဟောဒီ အေဝမ်း ဆိုတဲ့ လူကြီး ကြောင့် ”
ကိုအေဝမ်း သည် ဂိုးဝင် ခံရသဖြင့် ‘ ဟောဗျား ’ ဟု အော်လိုက်လေ၏ ။
( ၂ )
“ ပါတိတ် ရေ အို့ ... အို့ .... ”
ရဲဘော်များ မိတ်ဆွေများ ခင်ဗျား ၊ တော်ရုံ ဝင်ငွေ ဖြင့် မကပ်နိုင်သော အဖိုးတန် ပါတိတ်ကို “ အို့ .. အို့ ” ဟု ခေါ် သဖြင့် မလန့်ကြပါနှင့် ခင်ဗျား ။ ဤပါတိတ်မှာ လုံချည်ပါတိတ် မဟုတ်ပါ ။ မသော့ မွေးထားသော ခွေးဝင်စား ပါတိတ်ဖြစ်ပါသည် ။
ပါတိတ် ကို တန်ဆောင်မုန်းလ နံနက်ခင်း တစ်ခုတွင် တွေ့ရှိခဲ့သည် ။ ခွေး ပီဘိ ငယ်ငယ်လေး တစ်ကောင်သည် လှေကားရင်း၌ လာ အော်နေသည် ။ အင်္ဂလိပ်စာ မတတ် သော်လည်း ' အိုင် အိုင် ' ဟု အော်၏ ။ မသော့ က ကိတ္တိမ ခွေးကလေးကို ကောက်ယူ မွေးစားသည် ။
“ ကိုအေဝမ်းရေ ဒီမှာ ကြည့်စမ်းပါဦး ။ ခွေးကလေး တော့ ၊ ခွေးနက်ကျား အထီးကလေး ။ တစ်ကိုယ်လုံး နက်ပြီး ခြေလေးချောင်း ရယ် ၊ အမြီးဖျားကလေး ရယ် ၊ နဖူးလယ် က ကြာလေး ရယ် ၊ အဖြူ ကွက် ထားတယ် ။ ဘယ်လောက် လှသလဲ ”
ကိုအေဝမ်း မှာ အင်း လည်း မလုပ် ၊ အဲ လည်း မလုပ် ၊ ငုတ်တုတ် ။ စိတ်ထဲမှာတော့ အိမ်း ရတနာရွှေသော့ အလုပ် မရှိ အလုပ်ရှာ ဘယ်က မှန်းမသိသော ချေးစားခွေးကို အယ်လ်ဈေးရှင်းခွေး အဖိုးတန် အလား မြှောက်စားလေပြီ ။ ဘယ်နေ့ ပြဿနာ ပေါ်မလဲဟု တွေးမိသည် ။ မသော့သည် တစ်နေ့ တစ်နေ့ ခွေး နှင့်ပင် အလုပ်ရှုပ် နေသည် ။ ရေချိုး ပေးသည် ၊ သန်းချပေးသည် ။ စဉ့်အိုးကွဲကြီးထဲသို့ ထမင်းကျန် ၊ ဟင်းကျန်များ ထည့်ကျွေးသည် ။ ခွေးဝေယျာဝစ္စများကို မမောတမ်း လုပ်သည် ။ သို့ဖြင့် ခွေးလားမြောက် လာသော် အမည်သညာ မှည့်စရာလိုလာ၏ ။
အောင်နက် လို့ မှည့် မလား ။ မကောင်းသေး ၊ ခွေးထဲမှာ အောင်နက် တွေ များလှသည် ။ ဝဲကျော် ၊ ဒါလည်း မနိပ် ။ သူ့ခွေးမှာ ဝဲမရှိပေ ။ စုတ်ဖွား ၊ အဲဒါလည်း မကြိုက် ။ သူ့ခွေးက အမွေးမှ မဖွားဘဲ ။ နောက်ဆုံးတွင် သူ အလွန် လိုချင်သော ၊ သွားရည် တမြားမြား ကျရသော အဝတ်အထည်၏ အမည်ကို ခွေးအား မှည့်လိုက်သည် ၊ ပါတိတ် ။
ကိုအေဝမ်း ကမူ ပါတိတ် ကို ပိတ်တာ ဟု သူ့ဟာသူ ကျိတ် ဘာသာပြန်လေသည် ။ ပိတ်တာသည် အလွန်ဆိုးသော ခွေး ဖြစ်သည် ။ ချေးယို သေးပန်း ပက်စက်သည် ။ မြင်မြင်ကရာကို တဝုတ်ဝုတ် လိုက်ဟောင်သည် ။ တစ်ည သ၌ ပိတ်တာ တဝုတ်ဝုတ် မနားတမ်း ဟောင်နေသဖြင့် သူခိုး လာသည် မှတ်၍ ထ ကြည့်ရာ ဖားပြုပ်ကို ဟောင် နေကြောင်း တွေ့သိရသည် ။ တော်တော်ဆိုးတဲ့ ပိတ်တာ ( သို့မဟုတ် ) ပါတိတ် ။ ဖားပြုပ် ခုန်ရာ နောက်သို့ တကောက်ကောက် လိုက်ကာ တဝုတ်ဝုတ် ဟောင်နေသည် ။ ကိုအေဝမ်း က စိတ်ပေါက်ပေါက် ရှိလာသဖြင့် ခြေဖြင့် ကျောက်ရန် ရွယ်လိုက်သည် ။ မသော့ ထွက်လာသောကြောင့် မကျောက်ဖြစ် ။ အသာ ခြေရှိန်သတ် လိုက်ရသည် ။ နို့မဟုတ် လျှင် ကမြင်းထီး ပိတ်တာ ‘ အိုင် ... အိုင် ’ ဟု အော်ပေဦးမည် ။
“ ပါတိတ်ရေ အို့ ... အို့ ။ ဒီခွေး ဘယ်ရောက် နေပါလိမ့်နော် ... ”
ပါတိတ် ကား မပေါ်လာ ။ မသော့ အသံသာ စီစီညံ နေပေသည် ။ ကိုအေဝမ်း ကျွဲမြီး ရှည်ချင်လာ၏ ။ ဘယ့်နှယ်ဗျာ ပဒေသာရုံ မှာ ချွေးကလေးစိုစို ကြည့်ချင်တယ် ဆိုလို့ သူ ပဲ ပူဆာ ထားပြီး ဒီက စောစောစီးစီး ဖြီးခိုင်း လိမ်းခိုင်း ထားပါလျက် ရေချိုးတာ နာရီဝက် ၊ သနပ်ခါးသွေးတာ ဆယ့်ငါးမိနစ် ၊ လိမ်းတာ တို့ပတ် ရိုက်တာ ဆယ့်ငါးမိနစ် ၊ ဆံပင်ဖြီး မိနစ် နှစ်ဆယ် ၊ မျက်ခုံးမွေးဆွဲ ငါးမိနစ် ၊ နှုတ်ခမ်းဆိုး ငါးမိနစ် ၊ အဝတ်အစား ရွေး မိနစ် အစိတ် ၊ မှန်ကြည့် နာရီဝက် ၊ အိမ်သာထဲသို့ ထွက်လိုက်ဝင်လိုက် လုပ် ဆယ်မိနစ် ၊ အချိန်တွေ မနည်းမနော ကုန်ရသည့် အထဲ ခွေး ခေါ်တာ ကပင် ဆယ်မိနစ်လောက် ကုန်သွား လေပြီ ။
“ ထားလိုက်ပါ ကွာ ၊ အချိန်တန်တော့ သူ့ဟာ သူ လာစားပါလိမ့်မယ် ။ ရုပ်ရှင် နီးနေပြီ သွားကြရအောင် ”
နီးနေပြီဆိုမှ မသော့ က အသော့ ပြေးကာ မှန်ကြည့်ပြီး အိမ်ရှေ့ထွက်သွားသည် ။ ကိုအေဝမ်း က ပြတင်းပေါက်များကို လိုက်ပိတ်သည် ။ အိမ်ရှေ့ဘက် မှ မသော့အော်သံ ထွက်လာ၏ ။
“ ကိုအေဝမ်း ရေ လာစမ်းပါဦးတော့ မြန်မြန် ... မြန်မြန် ”
“ ဟ .. ဘာဖြစ်ပြန်ပြီလဲ ... ”
ရုတ်တရက် ချက်ချင်းကြီးတော့ မြွေ မကိုက်တန် ကောင်းပါ ။ ကိုအေဝမ်း သည် အိမ်ရှေ့သို့ ကမန်းကတန်း ပြေးထွက် သွားသည် ။
“ ဖိနပ်တစ်ဖက် မရှိတော့ဘူး ကိုအေဝမ်း ၊ စောစောလေး က ကျွန်မ ချထားခဲ့တာ ၊ ဒီ ဖိနပ်ကို မောင်စိုးဝင်း ၊ မယဉ်နု တို့ မင်္ဂလာဆောင် သွားတုန်းက တစ်ခါပဲ စီးဖူးသေးတယ် ။ မန္တလေးပိန်းတန်း အသစ်ကလေးတော့ ။ ဘယ်များ ရောက်သွားပါလိမ့်တော် ”
ဖိနပ် တစ်ဖက်သာ ငေါင်းစင်းစင်းဖြင့် အထီးတည်း ကျန်ခဲ့သည် ။ တစ်ဖက် ဘယ်မလဲ ။ မသော့ သည် ခေါင်းကို ဗျင်းဗျင်းမြည်အောင် ကုပ်ကာ ဟိုဟိုဒီဒီ ကြည့်သည် ။ တစ်ကိုယ်လုံး ဆောင့်ခနဲ ထိုင်ချကာ အိမ်အောက်သို့လည်း ငုံ့ ကြည့်သည် ။
“ ဟောတော့ ... ဖိနပ်က ဒီမှာပဲ ”
ကိုအေဝမ်း လည်း ခါး ကုန်းကာ ငုံ့ကြည့်မိသည် ။ မှန်၏ ။ ဖိနပ်က အိမ်အောက်ထဲ ရောက် နေသည် ။ ဖိနှပ်ချည်း ဆိုသော် တုတ်ဖြင့် အသာ ယက်ထုတ် ရုံသာ ၊ ယခုမူ ဖိနပ် နှင့် အတူ ပါတိတ်ပါ ရှိနေသည် ။ ပါတိတ် သည် မန္တလေးပိန်းတန်း ကို အဆော့တက်ကိတ် အလား တကျွိကျွိ ဝါးနေ သည် ။ ကိုအေဝမ်း က ...
“ အဲဒါပေါ့ကွ ၊ ဖိနပ် တစ်ဖက် ခွေးချီ အမှတ်တမဲ့ အေးပြီ ဆိုတာ ။ ဒီအတိတ်နဲ့ ထီထိုးပါလား ”
မသော့ ဆွေ့ဆွေ့ ထ ခုန်၏ ။
“ ကိုအေဝမ်း ... ဒါ နောက်စရာ မဟုတ်ဘူး ရှင့် ။ ဖိနပ် မရှိတော့ ဘာစီးပြီး ရုပ်ရှင်သွားမလဲ ။ တောက် ... ပါတိတ် ၊ နင့် တော့လား သ,တ်ကို သ,တ်ရဦးမယ် ။ သေချင်းဆိုး ခွေး ၊ ကာလနာ ခွေး ၊ မြွေပွေးကိုက် ခွေး ၊ ဖိနပ် ဝါးနေလို့ အစာလာမစားတာ ကိုး ”
ပါတိတ် ကား ဂရုမစိုက် ၊ အမှု မထား ။ မသော့ ကို ဒုန်းကဲယား ၊ ဖိနပ်ကို ဝါးလျက်ပင် ။ “ ယနေ့ ဖြင့် အချက်ပေါ်ပြီ ။ မရှက်တော်မူစမ်းနှင့် လေး ” တေးထပ်အတိုင်း အချက်ကား ပေါ်လေပြီ ။ ဒီ ချေးစားခွေးကို ဘယ်သူ မွေးခဲ့သနည်း ၊ ခွေး နှင့် ဖိနပ် သဟဇာတ ဆိုတာ အစက မသိဘူးလား ။ ကိုအေဝမ်း သည် ပညာပေးရန် အဟမ်းခနဲ ချောင်းခံပြီး သကာလ ...
“ ဆူ မနေပါနဲ့ကွာ ၊ ဒါ .... မင်းမွေးတဲ့ ခွေးပဲ ”
အပြစ်ကို အထုပ်အထည်နှင့် တကွ လက်ဆုပ်လက်ကိုင် မိမိရရ ပြလာ သဖြင့် မသော့ သည် စက္ကန့် ခြောက်ဆယ် ခန့် ငြိမ်သွား၏ ။ သို့သော် မိန်းမ ဆိုသည် မှာ ကိုယ့် အပြစ်ကို သူများ အပြစ် လုပ်ရာတွင် ဤ ဒူနီရာ ဝယ် တကယ် ရှာမှ ရှား လေသည် ။ ကျွမ်းကျင်သော ဘောသမားသည် မိမိ၏ ဂိုးပေါက်သို့ ဦးတည်လာ သော ဘောလုံးကို တစ်ဖက် ဂိုးပေါက်သို့ ပြန်ဝင်အောင် တန်ပြန် ကန်ထုတ်တတ် သကဲ့သို့ ...
“ ဟက် .. ဟင် .. ရှင် ဘာပြောတာလဲ ကိုအေဝမ်း ။ ဒီခွေးကို ကျုပ်က အကြောထပြီး မွေးတာ မဟုတ်ဘူး ၊ ရှင့်ကြောင့် မွေးရတာတော့ ၊ ရှင်ကြောင့် ရှင့်ကြောင့် ။ အေဝမ်း ဆိုတဲ့ ဟောဒီ လူကြီးကြောင့် ။ ရှင် ပဲ ညားစတုန်း က ပြောဖူးတယ် မဟုတ်လား ၊ ခွေး ရှိတာ အိမ်လုံတယ် ဆို ”
ကိုအေဝမ်း သည် ဂိုးဝင် ခံရသဖြင့် “ ဟောဗျား ” ဟု အော် လိုက်လေ၏ ။
( ၃ )
တစ်ခါတည်းမဟုတ် ၊ နှစ်ခါ တိတိ ။ ခရစ် မှာ တစ်ခါ ၊ ခွေး မှာ တစ်ခါ ၊ နှစ်ခိရှာ နှစ်ခါရှိပြီ မို့ ကိုအေဝမ်း သည် မသော့ ကို အပြစ် မပြောဝံ့တော့ပြီ ။ မသော့ ဘာလုပ်လုပ် ၊ ဘာကိုင်ကိုင် ၊ တတ်နိုင်လို့ မြင်းမိုရ်တောင်ကြီး ကို အိမ်ရှေ့ ထားထား ကိုအေဝမ်း ကား မပြော ရေးချ မပြော ။ အောက် ကမြင် မပြော ။ ဝစ္စပေါက် မပြောတည်း ။
ဒီ မနက်ခင်း လုပ်နေပုံကို ကြည့် ။ ဘယ်လောက် ပြောချင်စရာ ကောင်းသလဲ ။ ဆယ်ကျော်သက်လည်း မဟုတ်ပါဘဲလျက် မကြီးမငယ် အိမ်ထောင်သည်က ကိုယ့် လင်သား ရုံးမီအောင် ထမင်း ဂရုစိုက် ချက်မယ် မကြံ ။ ထမင်းကား ထမင်း သတ်သတ် ။ ငါသည် ငါ သတ်သတ် ။ တက္ကသိုလ် အာလူး ၏ ဝတ္ထုကို ဖတ် နေလေသည် ။
မသော့ ၏ အာရုံသည် ဝတ္ထုဇာတ်လမ်းထဲတွင် နစ်မြုပ်လျက် ရှိသည် ။ ထမင်းအိုးပွက် နေသည်ကို မွှေဖို့မေ့ ။ နထင်သား ခြင် နားသည်ကို မောင်းဖို့ သတိမရ ။ ထဘီအောက်စ ရေဇလုံ ထဲ ကျနေသည်ကိုပင် မဖို့ မသိ ။ ခုနေ ရှင်အဇ္ဇဂေါဏ အနာ လာ ရပ်၍ “ ဟဲ့ ... မယ်သော့ နင့်ကို မဖို့ စဖို့ လာသတဲ့ ။ ကြေးအမြောက်ဆန်ခွံ ရှိရင် ထုတ်စမ်း ။ ဘုရားညောင်ရေအိုး ဖြစ်အောင် လုပ်ပေးခဲ့မယ် ” ဆိုသည့် တိုင် မသော့ သည် မြင်မည် မဟုတ် ၊ ကြားမည် မဟုတ် ။
တက္ကသိုလ်အာလူး ၏ ဝတ္ထုမှာ စွဲမက်စရာ ကောင်းလှသည် ။ ဖောင်တိန် ဆီဆွတ်ရေး သဖြင့် စကားလုံး ပြောင်သည် ။ ကွက်စိပ်ဆရာ နှင့် သားအဖ တော်၍ အာဝဇ္ဇန်း ရွှင်သည် ။ ဇာတ်လိုက်များသည် အထက်တန်းစား ရာဇဖွား ၊ အထွန်းဖွား ၊ သိုက်ဖွား ၊ အဓိပတိဖွား များ ဖြစ်ကြသည် ။ ဘဲလ်အဲယား စီးသည် ။ ပန်းသီး စားသည် ။ အင်းလျားစောင်းတွင် တိုက်ဖြင့် နေသည် ။ မဟော်ဂနီရောင် ဂျာမန်လုပ် စန္ဒယားကြီး တီးသည် ။ ရေမွှေး တကြိုင်ကြိုင် ဆွတ်သည် ။ အင်္ဂလိပ် လို ပလွတ်ပလွတ် ပြောသည် ။ ရေး တက္ကသိုလ် ၊ ဘိတ် တက္ကသိုလ် ၊ ထားဝယ် တက္ကသိုလ်တို့မှ ဘွဲ့တွေ တစ်သီကြီးရသည် ။
“ မောင် ... နွယ် လေ ... သိပ်ဝမ်းနည်းတာပဲ ”
“ လူ့ဘဝ ဆိုဘာ နိုင်လွန်လမ်းမကြီး မဟုတ်ပါဘူး နွယ် ၊ ဆူးငြောင့် ခလုတ်ကန်သင်းတွေ ဒင်းကြမ်း ပြည့် နေတဲ့ ခရောင်းလမ်းကြမ်းကြီး ပါ ။ ဗွက် ... ဗွက် ... ဗွက် ... ဗွက် ”
ဗွက် .. ဗွက် ... ဗွက် သည် ထမင်းအိုး ဝေကျသံ ဖြစ်သည် ။ မသော့ သည် နွယ် တွေ ၊ မောင် တွေ ဖြင့် စိတ်ကူးယဉ် လောကတွင် မိန်းမူး နေရာမှ လက်တွေ့ လောကသို့ ပြန်ရောက်လာ၏ ။ ဗွက် .. ဗွက် ... ဗွက် က မသော့ကို ပြန် ခေါ်လာခဲ့သည် ။ ထမင်းအိုးကား ဆူပွက် နေလေသည် ။ လက်နှီး .. လက်နှီး ။ လက်နှီး ဘယ်မှာနည်း ။ ဟိုရှာ ဒီရှာ ၊ ရေနွေးအိုး ဘေး ရှာ ၊ ငပိ အိုး နောက် ရှာ ၊ လက်နှီးကို ဘယ်မှာမှ မတွေ့ ။ ရော် - လက်စသတ်တော့ လက်နှီးက ဖင်အောက် ရောက်နေပေသကိုး ။
မသော့ သည် ကပျာကသီဖြင့် အိုးဖုံး ကို ဆွဲဖွင့်လိုက်ရာ ( ဂျလုံး ) ခနဲ အသံနှင့် အတူ အဖုံး သာမက အိုးပါ ကြွ၍ မှောက်ကျကုန်လေ၏ ။ “ နောက် ဖေးက ဆူညံ ဆူညံ ဘာသံတဲ့လဲ ၊ မသော့ စာဖတ်ကောင်း ၊ မှောက် ပေါ့ ထမင်းအိုး ” ။ သို့ကလို ကဗျောင် ဖွဲ့ဖို့ ကောင်းလှသည် ။
ကိုအေဝမ်း သည် ဂျလုံးသံ ကြားကြားချင်း နောက်ဖေးသို့ ပြေးဝင် လာခဲ့သည် ။ မြင်ကွင်း ကား ရေနံဆီမီးဖိုသည် မီး တရှိန်ရှိန်တောက်လျက် ၊ ထမင်းအိုးသည် ကြမ်း ပေါ် တွင် မှောက်ရက် ၊ တက္ကသိုလ် အာလူး၏ ဝတ္ထု စာအုပ်ပေါ်တွင် ထမင်းရည်တွေ အိုင်ကာ မသော့ သည် ဆီးကင်း မျက်နှာဖြင့် ငိုင် ကာ ...
အပြစ် အပြစ် မသော့ ရဲ့ အပြစ် ။ ‘ ကလနာမြွေဆော့ ရတနာရွှေသော့ ’ ရဲ့ အပြစ် ။ ဖုံး မရ ၊ ကွယ် မရ ၊ လျှို မရ ၊ ဖွက် မရ ၊ လက်ပူးလက်ကြပ် မိ နေတဲ့ အပြစ် ။ ဟေ့ .. မရွှေသော့ ရဲ့ ၊ ထမင်းတွေ ကုန်ပါရော့လား ၊ စိတ်က ထမင်းအိုးမှာ မတည်ဘဲ တက္ကသိုလ်အာလူးဆီ ရောက်နေတာ ကိုး ။ ငါ ရုံးအမီ ဘာကိုစားရမလဲ ။ ကြမ်းပေါ် က ထမင်းလုံးတွေ ကောက်စားရမလား ။
ကိုအေဝမ်း က အဲသလို ဆူမယ်ထင်သလား ။ အပြစ်ဖို့မယ် မှတ်သလား ။ ဝေးစွ ဆယ့်နှစ်ပါး ။ ဆူလိုက်လျှင် သူ့အပြစ် ကိုယ့်အပြစ် ဖြစ်လာ မည် ။ ကိုအေဝမ်း သည် နှစ်ခါ သေဖူးပြီ ဖြစ် ပျဉ်ဖိုး သာမက ပန်းခွေဖိုး ၊ အသုဘကားဖိုး နှင့် ယပ်တောင်ဖိုးပါ နားလည် နေ၏ ။ အပြစ်တင်လိုက် လျှင် “ ရှင် ရုံးမီအောင် ကပျာကသီ ချက်ရတာ ၊ ရှင် ပဲ စောစော ထွက်ချင်တယ် ပြောထားပြီး ” ဟု တန်ပြန်လာမည် ။ လာမည့် ဘေးပြေးတွေ့ ။ ပြောမယ့် အပြစ်ကြိုခံ ၊ ဒါ အမှန်ဆုံး ။
မသော့ က ဆူနိုးဆူနိုး စောင့်နေစဉ် ကိုအေဝမ်းက လာမည့် အကွက်ကို ကြိုခင်းပေး လိုက်သည် ။
“ ငါ့ အပြစ်ကွ မသော့ရဲ့ ၊ ဒါ ငါ့ အပြစ် ၊ ငါက ရုံးစောစော သွားချင်ရော ၊ မင်း က ထမင်း ကမန်းကတန်းချက် ရော ၊ အိုးကြီးမှောက်ကျရော ။ စိတ်မကောင်း ဖြစ်မနေပါနဲ့ ၊ ငါ့ အပြစ်ပါကွာ ”
မသော့ ရုတ်တရက် ကြောင် သွားသည် ။ ကိုအေဝမ်းက ဒီ တစ်ခါ အပြစ်တင် လွတ်ချေပြီဟု ဝမ်းသာအားရ အိမ် ရှေ့ထွက်လာသည် ။ ဝမ်းသာခြင်းမှာ ကြာကြာမခံ ။ ကု,လားထိုင် ပေါ် ထိုင်မယ် ကြံကာရှိသေး ၊ မသော့အသံ ကို ကြားရသည် ။
“ အို .... ကိုအေဝမ်း ရဲ့ ဘုရားဆုပန်တဲ့ ယောက်ျားမြတ်ကြီးရဲ့ ။ ကိုယ့်မယား ကိုယ်ချစ်တယ်ဆို ၊ ထမင်းအိုးကြီး တစ်လုံးလုံး မှောက်ကျတာ လက် အပူလောင်သွားသလားမှ မေးဖော်မရဘူး ။ တယ်တော်တဲ့ ယောက်ျား ၊ အတောင်နှစ်ဆယ် ဝတ်ကြီး ”
◾ အီကြာကွေး
📖 ( ? )
အတွဲ ၁၀ ၊ အမှတ် ၈
၁၉၇၀ ခုနှစ် ၊ ဇွန်လ
📖 အောက်မေ့ဖွယ် ဟာသဝတ္ထုများ ( ၆ )
No comments:
Post a Comment