Sunday, July 6, 2025

အလွယ်လေးကို အရင်စ

❝ အလွယ်လေးကို အရင်စ ❞

“ ဟေး မင်းတို့ ဆိုင်မှာ အလွယ်ဆုံး အမြန်ဆုံး ဘာရနိုင်သလဲကွ ”

“ မြေပဲဆားလှော် ၊ အာလူး ကြော် ၊ ဆေးဘဲဥသုပ် ၊ ကန်စွန်း ပလိန်းပါဆရာ ”

“ မြေပဲဆားလှော် ၊ အာလူ ကြော် အရင်ချကွာ ၊ ပြီးမှ ဆေးဘဲဥသုပ် လုပ်ခဲ့ ”

မောင်ချမ်းသာတို့ ဘီယာဆိုင်ထဲ ဝင်သွားလိုက်တယ်ဆို သည်လိုပဲခင်ဗျာ့ ။

အမြန်ဆုံး ရနိုင်တာ အရင် မှာလိုက်တယ် ။ မြေပဲဆားလှော်လေး ၊ အာလူးကြော်လေး ဝါးရင်း ဘီယာလေး သောက် စကားလေး ပြော ။ ကြော်ရမှာတွေ ချက်ရ ပြုတ်ရမှာတွေ အချိန် အကြာကြီး ပေးရမှာတွေကို အေးဆေး မှာထားပြီး အေးဆေး ပဲ စားရင်း သောက် ၊ သောက်ရင်း စား အေးဆေးပဲ ။

အဲသလိုပဲ ခင်ဗျာ့ ။

အလုပ်လုပ်တဲ့ အခါမှာလည်း လွယ်တာကို အရင် စ လုပ်တယ် ။ အရှိန် ရလာတော့မှ ခက်တာကို ကိုင်တယ် ။ အခက်ဆုံး ကို နောက်ဆုံးမှပဲ ကိုင်တယ် ။

အဲဒါ အလုပ် တွင်ကျယ်တယ် ဗျာ့ ၊ မယုံ လုပ်ကြည့် ။

ဥပမာဗျာ အနိမ့်ဆုံး အလုပ် ၊ ထင်းပေါက်တယ် ဆိုပါစို့ ။ အလွယ်ဆုံး ထင်းတုံးကို အရင်ကိုင်တယ် ၊ အရှိန်ရလာပြီ ၊ အလုပ်ထဲ ဇောကပ်လာပြီ ဆိုမှ ခက်တဲ့ တုံးကို ပေါက်တယ် ။

အရမ်း အရှိန်မြင့်လာပြီ ၊ ပေါက်ပြီးသား ထင်းပုံကြီးကို ကြည့်ပြီး ပီတိတွေ ဖြစ်နေပြီ ၊ အားတက်နေပြီ ၊ အားတွေ အရမ်း တက်နေပြီ ဆိုမှ ခက်ပေ့ဆိုတဲ့ ထင်းတုံး ကို ပေါက်သဗျာ့ ။

ဟော အလုပ် ပြီးသွားပြီ ။ မောလို့ မောမှန်းတောင် မသိလိုက်ဘူး ။ အလုပ်ထဲ နစ်သွားတာ ။

“ ဟေး အလွယ်ဆုံးကို အရင်လုပ်ကြကွ ”

ဒါကတော့ ကျွန်တော့် လုပ်ငန်းခွင် လက်သုံး စကားပါပဲ ။

“ အဖေ မော်တော်ဆိုင်ကယ် က အစ်ကိုကြီး ယူသွားတယ် ”

“ စက်ဘီးနဲ့ သွားဟာ ”

“ စက်ဘီးက ဘားကျွတ် ပြတ်နေလို့ ပြင်ရဦးမှာ ”

“ ဒါဆို လွယ်ပါတယ်ကွာ ”

“ နီးရင် ခြေကျင်သွား ၊ ဝေးရင် ဆိုက်ကား စီးသွားကွာ ”

ကဲဗျာ သည့်ထက် လွယ်တာ ဘာရှိသေးလဲ ။

ဒါက ကုန်ပို့တဲ့ အပိုင်း ခင်ဗျာ့ ။

“ အဖေ တောင်ပိုင်းက ပဲဆန် အရ နည်းနေတယ် ၊ ဒီအတိုင်းဆို မဆက်မိလောက်ဘူး ”

“ ဘာခက်တာမှတ်လို့ကွာ တောင်ပိုင်းက အရ နည်းနေရင် မြောက်ပိုင်း ပြေးဆွဲလေကွာ ”

“ အောင်လံမှာ ပြတ်နေတယ် အဖေ ”

“ ပြည် ကို ဆင်းဆွဲကွာ ”

ကျွန်တော် ကတော့ အလွယ်ပဲ စဉ်းစားတယ်ခင်ဗျာ ။ အခက်ကို ခေါင်းထဲ ထည့်ကို မထားဘူး ။

“ ဆားနု ကုန်နေတယ် ”

“ ဟာကွာ ဆားနု ပြတ်နေတော့လဲ ဆားကြမ်းပဲ အရည်ဖျော် ထည့်လိုက်ပေါ့ ”

( ဆားနု က ဆားရေ စိမ်ရာမှာ သုံးတာခင်ဗျား ဆားကြမ်းက မြေ ပဲလှော်ရာမှာ သုံးတာ ခင်ဗျာ့ ။ )

“ ဒီနေ့ လူတွေ များပြီး အလုပ် က နည်းနေတယ် ဆရာ ၊ အဲဒါ ”

“ ဒါများကွာ ပိုနေတဲ့ လူတွေ သန့်ရှင်းရေး ဘက်မှာ ချထားလိုက် ၊ နောက်နေ့ကျ အလုပ်နဲ့ လူအားနဲ့ ချိန်လုပ်ပေါ့ ဟုတ်ပြီလား ”

“ ကုန်တင်နေကျကား ဒီနေ့ ချောကျနေလို့ မထွက်ဘူးတဲ့ ”

“ ကြုံရာကားနဲ့ တင်ကွာ ၊ စိတ် မချရင် မင်း ကိုယ်တိုင်လိုက်သွား ၊ အပြန်မှာ ပြည် က ငွေကို ယူလာခဲ့ ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ကွာ ”

တစ်ခါသော် ပြည် နှင့် အောင်လံ အကြား ဗွက်ကြီးတံတား တောင်ဘက်အစပ်က ကျိုးကျသွားလေရာ ကားမသွားနိုင်ဘဲ ရှိလေ၏ ။

“ သူများတွေ ပြည်ကို ဘယ်လို ကုန်ပို့ကြသလဲ သွားစုံစမ်းကွာ ”

“ ပဲ့ထောင်တွေနဲ့ ပို့ကြတယ်တဲ့ ဆရာ ”

“ ဒါဆို တို့ ကုန်တွေလဲ ပဲ့ထောင် နဲ့ ပို့ပေါ့ကွာ ၊ ပြည် ရောက်ဖို့က အဓိက မဟုတ်လား ”

“ အဲဒီ ဆိုင်က လက် ခက်တယ် လေးလေး ”

ဆားလှော် လိုက်ဖြန့်သူက ဆိုလေ၏ ။

“ အလွယ်လေးပါကွာ ၊ အဲဒီ ဆိုင် ဆက်မပို့နဲ့တော့ ၊ နည်းနည်းပါးပါး ငွေကျန်ရင် ကျန်ပါစေ ၊ အခြား နှစ်ဆိုင် တိုးရှာပေါ့ ”

ကဲ မပိုင်လားဗျာ ။ ခက်တယ် ၊ မဖြစ်ဘူး ၊ လုပ်မရဘူး ဆိုတာကို မရှိတော့ဘူးဗျာ ။

တစ်ခါတလေ ကျွန်တော် စဉ်းစားမိတယ်ဗျာ ။ အိမ်ကြွက်ကလေးတွေ မြေကြွက်ကြီးတွေ အစာငတ် ရေငတ် လို့ သေသွားတဲ့ ကြွက်ရယ် လို့ တစ်ကောင်မှ မတွေ့ဖူးသေးဘူး ။

သည်ကောင်တွေက အလွယ်ကလေး စဉ်းစားပြီး အလွယ်ကလေး လုပ်သွားတယ်ဗျား ၊ ဘုရားစင်ပေါ်က ဘုရားကပ်လှူထားတဲ့ ဆွမ်းတော်ပန်းကန် ထဲက ထမင်းကို ဆွဲတယ် ။ သောက်တော်ရေခွက် ထဲ က သောက်တော်ရေကို သောက်တယ် ။

ကြောင်က လိုက်ဖမ်းတယ် ။

သူတို့ က တန်းပေါ် လျှောက်ပြေးတယ် ။ ဘုရားစင်ပေါ်က မရရင် အောက်ကျနေတဲ့ မြေပဲဆန် ကောက်စားတယ် ။

ဘယ်ကမှ အလွယ် မရတော့ဘူး ဆိုမှ မြေပဲဆန်အိတ်ကို ကိုက်ဖောက်တာဗျာ့ ။

အလွယ်ကို အရင် စဉ်းစားပြီး အခက်ဆုံးကို နောက်ဆုံးမှ လုပ်တာ ဘယ်သူကများ သင်ပေးလိုက်တယ် မသိ ။

မိတ်ဆွေ စီးပွားရှာဖို့ စိတ်ကူး နေသလား ၊ စီးပွား ရှာနေပြီလား ၊ အခက်ကြီးကို ခေါင်းထဲ အရမ်း မထည့်နဲ့ဗျာ ။ အလွယ်လေးတွေကို အရင် စဉ်းစား ၊ အရင် လုပ် ၊ အလွယ်က စဗျာ ။

▢ မောင်ချမ်းသာ
📖ကုမုဒြာ ဂျာနယ်
     ၁၂ ဩဂုတ်လ ၂၀၀၅


 

No comments:

Post a Comment