Sunday, July 6, 2025

အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုများ


 ❝ အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုများ ❞


ဇာတ်ကောင်စရိုက် ၊ ဇာတ်ကောင် လှုပ်ရှားမှုများ နဲ့ ပတ်သက်ပြီး ကျွန်တော် ဆက်တိုက်တင်ပြပေးခဲ့ပါတယ် ။ ဒီ တစ်ပတ် တင်ပြ ပေးချင်တာက ဇာတ်ကောင် တစ်ယောက် ရဲ့ လှုပ်ရှားမှု 

ဟာ အဓိပ္ပာယ်မဲ့တဲ့ လှုပ်ရှားမှု မဟုတ်ဘဲ အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှု မျိုးသာ ဖြစ်ရမယ် ဆိုတာကို ၁၉၉၂ ခုနှစ် ၊ ဒီဇင်ဘာလ ထုတ် The Writer မဂ္ဂဇင်း မှာ ဖတ်ရတဲ့ အတွက် စာ ရေးချင်သူများကို အထောက်အကူ ပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် ။


Movement With Meaning ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား တင်ပြထားတဲ့ ဆောင်းပါးရှင် စာရေးဆရာမ လင်းဂက် ( စ် ) နာ Lynne Gessner ဖြစ်ပါတယ် ။ ဒီ ဆရာမက ဝတ္ထု ၊ ဆောင်းပါး ၊ အက်ဆေး ပေါင်း ၃ဝဝ ကျော် ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သူ ဖြစ်ပြီး အရီဇိုးနားပြည်နယ် မှာ စာပေ ရေးသားခြင်းနဲ့ ပတ်သက်ပြီး သင်ကြား ပို့ချပေးခဲ့သူ ဖြစ်ပါတယ် ။ စာပေဆုတွေလည်း အများကြီး ရခဲ့ဖူးတဲ့ ဆရာမ ပါ ။ သူ့ အယူအဆ တင်ပြချက် ကို လေ့လာ ကြည့်ကြပါစို့ ။


•••••   •••••   •••••


ကျွန်မ စာရေးဖို့ စ ကြိုးစားတော့ စာရေးနည်း နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ပါတဲ့ စာအုပ်ပေါင်း များစွာကို ဖတ်ခဲ့ပါတယ် ။ ဆောင်းပါးရှင်တိုင်း က ဇာတ်ကောင်တွေ ရဲ့ လှုပ်ရှားမှုကို ထည့် ရေးရမယ်ဆိုတာ အမြဲ ညွှန်းတတ်ကြပါတယ် ။ ဇာတ်ကောင် တစ်ယောက် နဲ့ တစ်ယောက် ရန် ဖြစ်ကြတာပဲ ဖြစ်ဖြစ် ၊ တောင်တက် နေကြတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ၊ သေနတ်ပစ်တဲ့အခါမှာပဲ ဖြစ်ဖြစ် ၊ ကလေးအနှီး လဲပေးတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် လှုပ်ရှားမှုရှိနေရမယ် ။ နောက်ဆုံး စကားမပြောရင်တောင် မှ လှုပ်ရှားမှုကတော့ ရှိ နေရမယ်တဲ့ ။ ဒါက ကျွန်မ ဖတ်မိတဲ့ ဆောင်းပါး တွေ ၊ စာရေးနည်းတွေရဲ့ အကျဉ်းချုပ် အာဘော် ပါပဲ ။ အဲဒီ စာရေးနည်း စည်းကမ်းကို ကျွန်မက တိတိကျကျလိုက်နာတယ် ။ ဒီတော့ ကျွန်မ ဇာတ်လမ်းဇာတ်ကွက်တွေမှာ ပါတဲ့ လှုပ်ရှားမှု ပြကွက်တွေဟာလည်း ပရိသတ် လက်ခံနိုင် လောက်တဲ့ အဆင့်မီ ဖြစ်ခဲ့ပါတယ် ။


ဒါပေမဲ့ တချို့ ဇာတ်ကွက်တွေမှာ ကျွန်မ ဇာတ်ကောင်တွေက စကားမပြောဘဲ တိတ်ဆိတ်နေကြတဲ့ အချိန် ၊ ဒါမှမဟုတ် တစ်ယောက် ပြောတာ ကို တစ်ယောက် က နားထောင်နေတဲ့ ပြကွက်မျိုး မှာ ဒုက္ခတွေ့ တော့တာပဲ ။ ဒါက ဘာလဲ ဆိုတော့ စာရေးနည်း ဆောင်းပါးတွေ မှာ ဖော်ပြတဲ့ ‘ လှုပ်ရှားမှု ’ ဆိုတဲ့ စကားလုံးကို တိတိကျကျ အဓိပ္ပာယ် ကောက်ယူမိတဲ့ ကျွန်မ ရဲ့ အမှားကြောင့်ပါ ။


ကျွန်မ က ဝါကျတွေကို “ သူက ခေါင်းညိတ် ပြလိုက်၏ ” ၊ “ သူမ ပခုံး တွန့်လိုက်သည် ”  ၊ “ သူ မတ်တတ်ရပ်လိုက်သည် ” ၊ ဒါမှမဟုတ် “ သူ ခြေထောက်ချိတ် ထိုင် လိုက်၏ ” ဆိုတဲ့ လှုပ်ရှားမှုကို ဖော်ပြတဲ့ စကားလုံးတွေ နဲ့ ဖြည့် ပေးတတ်တယ် ။ ဒါတွေက ကျွန်မ ဖတ်ခဲ့ဖူးတဲ့ စာပေဆောင်းပါးတွေထဲက ပြော ထားတဲ့ “ လှုပ်ရှားမှု ” တွေ ပဲ မဟုတ်လား ။


တစ်ခါတလေ ကျွန်မက ကျွန်မ ဇာတ်ကောင်တွေကို “ သမ်းဝေလိုက်၏ ” ၊ “ ငေးစိုက်ကြည့်နေသည် ” ၊ ဒါမှမဟုတ် “ “ ပြုံးလိုက်သည် ” တို့ ၊ “ သက်ပြင်း ချလိုက်၏ ” ဆိုတာမျိုးတွေတောင် ထည့် ပေး လိုက်သေးတယ် ။ ဒီလို လှုပ်ရှားမှုတွေ ကို ကျွန်မက ဇာတ်ကောင်တွေရဲ့ “ စကားပြော ” ကြားမှာ ညှပ်ထည့်ပေးတာပဲ ။


ဒါပေမဲ့ ကျွန်မ ရေးတာတွေ မှားနေတယ် ။ ဆရာ့ ဆရာ တွေ ပြောတဲ့ ‘ လှုပ်ရှားမှု ’ ( Movement ) နဲ့ “ အမူအရာ ” ကို ကျွန်မ အဓိပ္ပာယ်ကောက် လွဲ ခဲ့တာပဲ ။ ကျွန်မ ရေးခဲ့တဲ့ လှုပ်ရှားမှုတွေ က အဓိပ္ပာယ်မဲ့ ထည့် ပေးတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ် ။


စာရေးသက် ကလည်း ရ လာ ၊ ဆွေးနွေးပွဲတွေ က အတွေ့အကြုံတွေလည်း ရှိလာတဲ့ အခါကျ တော့ ကျွန်မ စွဲနေတဲ့ အဲဒီ အကျင့်ဆိုးကြီးကို ကျော်လွှားနိုင်လာတယ် ။ ဇာတ်ကောင် တစ်ယောက် ရဲ့ လှုပ်ရှားမှုတိုင်း ဟာ အဓိပ္ပာယ် ရှိရမယ် ဆိုတာ ကျွန်မ သဘောပေါက်လာတယ် ။ လှုပ်ရှားမှုတိုင်း မှာ ခံစားချက် ၊ ဦးတည်ချက် ၊ ဖော်ပြချက် ဆိုတာတွေ ပေါင်းစပ် ပါဝင်ရမယ် ။ ဒါမှလည်း ဒီ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုက ဇာတ်အိမ်ကို ရှေ့ကို ရွေ့လျားသွားအောင် တွန်းအားပေးမယ့် လှုပ်ရှားမှုမျိုးဖြစ်လာမယ် ။ ပြောတဲ့ စကားတွေ လည်း အသက်ဝင်လာမယ် ။ ဥပမာတစ်ခု ကျွန်မ တင်ပြပါရစေ ။


“ သူမ ထွက်မသွားခင် တုန်း က သူမ နဲ့ လု ( ခ် ) ကြားမှာ ဘာဆို ဘာမှ အဆက်အသွယ် မရှိဘူးလို့ ပြော သွားတာပဲ ” ဟု ဟန်နာ က ပြောလိုက်သည် ။ သူမ က ဟယ်လင် နှင့် ကာရီ တို့ ကို စားပွဲ ပေါ် မှ ကျော်၍ ကြည့် လိုက်၏ ။


“ အဲဒါတွေက အတင်းအဖျင်းတွေ ၊ တကယ့်ကို အတင်းအဖျင်းတွေပဲ ” 


စကားပြော နှစ်ခု ကြား မှာ “ သူမ က ဟယ်လင် နဲ့ ကာရီ တို့ကို စားပွဲ ပေါ် မှ ကျော်၍ ကြည့်လိုက်၏ ” လို့ ထည့်ထားတယ် ။ ဘာ အဓိပ္ပာယ်ရှိသလဲ ။ ဘာမှ အဓိပ္ပာယ်မရှိဘူး ။ လူတွေက တစ်ယောက် နဲ့ တစ်ယောက် စကားပြောရင် မျက်နှာကြည့်ပြောတတ်တာ သဘာဝ ပဲ ။ ဒါကြောင့် ဟန်နာ က ဟယ်လင် နဲ့ ကာရီ ကို မကျေနပ်စွာ ၊ စိတ်ပူစွာ ၊ ပျော်ရွှင်မြူးထူးစွာ ဆိုတဲ့ မျက်နှာ အမူအရာ ပေါ်လွင် စေတဲ့ စကားမျိုး ပါမှသာ ဒီစကား ပြောက အဓိပ္ပာယ် ပြည့်စုံပါတယ် ။


အထက်က ဖော်ပြခဲ့တဲ့ ဥပမာကို ပဲ ပြည့်စုံ သွားအောင် ကျွန်မ စကားဆက်ပေးမယ် ။


       သူမ က ကိုယ်ကို ရှေ့သို့တိုး လိုက်ပြီး ဟယ်လင် နှင့် ကာရီ တို့ကို စေ့စေ့ ကြည့်လိုက်သည် ။


အဲဒီလို ဖြည့်လိုက်ရင် ကိုယ် ကို ရှေ့သို့ တိုး လိုက်ပြီး စေ့စေ့ကြည့် လိုက်တယ် ဆိုတဲ့ စကားလုံးတွေကနေ စာဖတ်သူက ဒီ စကားကို ဟန်နာ ဘယ်လို ပြောတယ် ဆိုတာ နားလည် သွားနိုင်တယ် ။ သူ့ လေယူလေသိမ်းကို ကြားလာနိုင်တယ် ။ နောက်ဆုံး စကားကို လေးလေးနက်နက် ပြောနေတယ် ။ ဒေါသသံ ပါနေတယ်ဆိုတာ သိသာစေတယ် ။


တကယ်လို့ အဲဒီ အဓိပ္ပာယ် နဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ် ကို ပြောချင်ရင် တော့ ကျွန်မ က ဒီလို ရေးမယ် ။


       သူမသည် ကု,လားထိုင်ကို ခပ်လျော့လျော့ မှီထိုင်လိုက်ပြီး ဟယ်လင် နှင့် ကာရီ တို့ ကို ခပ်မြူးမြူးလေး ကြည့်လိုက်၏ ။


ဒီလို အမူအရာ ထည့် ပေးလိုက်ရင် ဇာတ်ကောင်တွေ ရဲ့ လှုပ်ရှားမှုဟာ အဓိပ္ပာယ်မဲ့ မဟုတ်တော့ဘူး ။ လှုပ်ရှားမှုတိုင်းမှာ အဓိပ္ပာယ်အပြည့် ရှိသွားပြီ ။ ဝတ္ထုထဲမှာလည်း တကယ် လိုအပ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်သွားပြီ ။


နောက်ထပ် ဥပမာ ခပ်ရှည်ရှည် တစ်ခု ပြချင် သေးတယ် ။ ဒီ ဥပမာ မှာ ရဲကြပ်ကြီး “ ဟော်ကင် ” နဲ့ ရဲကြပ်ကလေး “ ကာရူသာ ” တို့ လူသ,တ်မှုအကြောင်း ရုံးခန်း ထဲ မှာ ဆွေးနွေးနေကြတယ် ။


       ဟော်ကင် က ကာရူသာ အား ကြည့် လိုက်၏ ။ “ အဆက်အစပ် မရှိတဲ့ အချက်အလက် အတော်များများ ရှိနေတယ်ကွာ ၊ ဟောဒီ ရှူးဖိနပ်အပြာ ဆိုပါတော့ ၊ ဒါက ဘယ်သူ့ ဖိနပ်လဲ ။ နောက်ပြီးတော့ ဟောဒီ အသုံးမကျ တဲ့ သော့ ။ ဒီ သော့က အိမ်တံခါးသော့ လည်း မဟုတ်ဘူးကွ ။ တံခါးပေါက် နဲ့ မတော်ဘူး ။ ဘယ်သူ့ အံဆွဲသော့လဲ ။ ဒါမှမဟုတ် ဘယ်သူ့ သေတ္တာသော့ ဖြစ်နိုင်သလဲ ” ကရူသာ က ပခုံး တွန့် ပြလိုက်၏ ။ ဟော်ကင် က သူ ထုတ်ပြသော ပစ္စည်း နှစ်ခုကို အံဆွဲ ထဲသို့ ထည့်လိုက်သည် ။


ကရူသာ က မတ်တတ် ရပ် လိုက်သည် ။ “ ကျွန်တော်တို့ အမှုလိုက် ဆီက နောက်ထပ် အချက်အလက်တွေ ရချင် ရဦးမှာပါ ။ ခုလောက်ဆို ကျွန်တော့် စားပွဲပေါ် မှာ သူ့ အစီရင်ခံစာ ရောက်နေ လောက်ပြီ ”


       သူ က တံခါးပေါက်ဆီ လျှောက်သွားလိုက်သည် ။ “ သိပ်လည်း စိတ်ပူမနေပါနဲ့ ၊ မကြာခင် အမှု ပေါ်လာမှာ သေချာပါတယ် ” သူ အခန်းထဲမှ ထွက်သွား၏ ။


ဒီ မြင်ကွင်းက ဇာတ်အိမ် ရဲ့ ဇာတ်ဝင်ခန်း အနေနဲ့ အတော်လေးကို အင်္ဂါရပ် ချို့ယွင်းနေတယ် ။ သုံးထားတဲ့ ကြိယာတွေကို လေ့လာကြည့် ။


ကြည့်လိုက်၏ ။ ပခုံးတွန့် ပြလိုက်၏ ၊ ထည့်လိုက်သည် ၊ မတ်တတ်ရပ်လိုက်သည် ၊ လျှောက်သွားလိုက်သည် ၊ ထွက်သွား၏ 


ဆိုတဲ့ ကြိယာတွေကို တွေ့ရမယ် ။ ဒီ ကြိယာ အားလုံးက ဇာတ်အိမ်ဇာတ်ကွက်ကို လုံးဝ အထောက်အကူ မပြု သလို စကားပြောနေတဲ့ သူ နှစ်ယောက်ရဲ့ ခံစားချက်ကိုလည်း ဖော်ပြနိုင်စွမ်းမရှိဘူး ။


အဲဒီ စာပိုဒ်ထဲက ကြိယာတွေ ကို ပြင်လိုက်ရင် ဘယ်လို အသက်ဝင်လာမယ်ဆိုတာ အောက်မှာ ပြင် ရေးထားတာ ကြည့်ပါဦး ။


       ဟော်ကင် သည် ရှေ့သို့ ကိုယ်ကို ကိုင်းလိုက်ပြီး စားပွဲပေါ် ရှိ ပစ္စည်းများကို သူ့လက်ချောင်းများ ဖြင့် ခေါက်နေ၏ ။


“ အဆက်အစပ် မရှိတဲ့ အချက်အလက်တွေ က တော့ အများကြီးပဲကွ ။ ဟောဒီ ရှူးဖိနပ်အပြာ ၊ ဒါကို ဘယ်သူပိုင်သလဲ ။ နောက်ပြီးတော့ သော့ ၊ အသုံးမကျတဲ့ သော့ ။ ဘာ သော့လဲ ၊ တံခါးသော့လား ၊ အံဆွဲသော့လား ၊ ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ သေတ္တာသော့လား ”


       သူက ပစ္စည်းတွေကို အံဆွဲ ထဲ သိမ်းကျုံးထည့် လိုက်ပြီး ဆောင့်ပိတ်လိုက်သည် ။


       ကာရူသာ က ပြုံး၍ မတ်တတ်ရပ်လိုက်ရင်း ဟော်ကင် ၏ ပခုံးကို ပုတ်လိုက်၏ ။ 


“ ကျွန်တော်တို့ အမှုလိုက် ဆီက အချက်အလက် အသစ်တွေ ရနိုင်ပါသေးတယ် ။ ခုလောက်ဆို သူ့ အစီရင်ခံစာ ကျွန်တော့် စားပွဲပေါ် ရောက်နေလောက်ပြီ ။ စိတ်မပူနဲ့ ဟော်ကင် ။ မကြာခင်မှာ ဒီ အမှုကို လုံးဝ ဖော်နိုင်မယ်ဆိုတာ ကျွန်တော် သေချာပါတယ် ”


ဒီလို ရေးလိုက်ရင် မြင်ကွင်းထဲ က လှုပ်ရှားခံစားမှုတွေ က ရှင်းသွားတယ် ။ သရုပ်ဆောင်မှုတိုင်း မှာ ဦးတည်ချက် ၊ ခံစားချက် တွေ ရှိသွားတယ် ။ ဟော်ကင် မှာ စိတ် ရှုပ်ထွေးနေတဲ့ ခံစားချက် ရှိနေတာ စာဖတ်သူက မြင်လိုက်ရသလို ကာရူသာ က ဒီ စိတ် ရှုပ်ထွေးမှုကို လက်မခံ ခပ်ပေါ့ပေါ့ထားတာ မြင်ရတယ် ။ စကားလုံးတွေ နဲ့ လှုပ်ရှားမှုတွေ က အဓိပ္ပာယ် အပြည့်အဝ ရသွား စေပါတယ် ။


•••••   •••••   •••••


ထူးခြားတဲ့ လှုပ်ရှားမှု တစ်ခုက မြင်ကွင်း တစ်ခုကို တည်ဆောက် ပေးဖို့ လိုအပ်တယ် ။ အောက်မှာ ဖော်ပြမယ့် ဥပမာ မှာ လူငယ် နှစ်ယောက် က အိမ်ဟောင်းကြီး တစ်လုံး ရဲ့ ဂိတ်ဝမှာ ရပ်စကားပြောနေကြတယ် ။


“ လာလေကွာ ဂျော်နီ ၊ အထဲဝင်ရအောင် ” ဘီလီ က ပြော၏ ။ ဂျော်နီ က သူ့ ကို ပြန်ကြည့်လိုက်သည် ။ “ ဒီ အိမ်ကြီးက တစ္ဆေ ခြောက်တယ်လို့ ငါ ကြားဖူးတယ်ကွ ၊ ငါ့ သူငယ်ချင်းတွေက ဒီမှာ တစ္ဆေ မြင်ဖူးတယ်တဲ့ ”


“ ဟာ ... တစ္ဆေ ဆိုတာ မရှိပါဘူးကွာ ၊ အဲဒါ ကြောက်တတ်တဲ့ သူတွေ ပြောတဲ့ စကားပါ ” ဘီလီ က အိမ်ရှေ့ ဆင်ဝင် ထိ လျှောက်သွား၏ ။


ဂျော်နီ က နောက်က လိုက်သွားသည် ။ သူ အိမ်ရှေ့ ရောက်သွားတော့ အော်သံ တစ်ခု ကြားလိုက်၏ ။ ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်ကာ ထွက်ပြေး တော့သည် ။


ဒီမှာလည်း အရောင်အဆင်း မရှိတဲ့ ကြိယာတွေ တွေ့ ရတယ် ။


ပြောသည် ၊ ကြည့်၏ ၊ လျှောက်သွားသည် ၊ လိုက်သွားသည် ၊ ရောက်သွားတော့ ၊ ကြားလိုက်ရ၏ ၊ လှည့်ကာ 


စတဲ့ ကြိယာတွေပေါ့ ။ ကျွန်မ တို့ အနေ နဲ့ သေချာတာက ဘီလီ က ဂျော်နီ ကို တစ္ဆေ ခြောက်တယ် လို့ နာမည်ကြီးနေတဲ့ အိမ်ထဲ ခေါ် သွားပြီး ခြောက်လှန့်ဖို့ ကြိုးစားနေတယ် ဆိုတာပဲ ။ ဒါပေမဲ့ အရေးအသားမှာ စိတ်လှုပ်ရှားမှု အမူအရာတွေ အားနည်းနေတယ် ။


ဒီ မြင်ကွင်းကလေးကိုပဲ ဒီထက် သက်ဝင်လှုပ်ရှားမှုရှိအောင် ကျွန်မ တို့ ရေးကြည့်ရအောင် ။


“ လာလေကွာ ဂျော်နီ ၊ အထဲဝင်ရအောင် ” ဘီလီ က ခြောက်လိုက်၏ ။ ဂျော်နီ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ် သွားပြီး အသံများပင် တုန် လာသည် ။


“ ဒီအိမ်ကြီးက တစ္ဆေခြောက်တယ်လို့ နာမည် ကြီးတယ်ကွ ၊ တစ္ဆေကို မြင်ဖူးတယ်လို့ ပြော ကြတယ် ” 


“ဟာ ... တစ္ဆေဆိုတာ မရှိပါဘူးကွ ၊ အဲဒါ ကြောက်တတ်တဲ့ လူတွေ ပြောတဲ့စကားပါ ” ဘီလီ က လျှောက်လမ်းကလေး မှ ခပ်သုတ်သုတ် လျှောက်သွားလိုက်ပြီး ဂိတ်ပေါက်တွင် ရပ်နေသော ဂျော်နီ ကို စိန်ခေါ် သော အကြည့် နှင့် ကြည့်လိုက်၏ ။


      ဂျော်နီ က ဟိုဟိုဒီဒီ ကြည့် လိုက်ပြီး နောက်ဆုံးတွင် လျှောက် ဝင်လိုက်သည် ။ အိမ်တံခါးပေါက် ရှေ့ ရောက်လာသော အခါ  တုန်တုန်ယင်ယင် ဖြစ်နေသော သူ့ ကိုယ် သူ သတ္တိမွေးလိုက်စဉ်မှာပင် အော်သံ တစ်ခု ကို သူ ကြားလိုက်ရ၏ ။ ဂျော်နီ ခေါင်းနားပန်းကြီး သွားပြီး လှေကားထစ်များကို ကျော်လွှား ဆင်းကာ ဂိတ်ဝ သို့ ထွက်ပြေးတော့သည် ။


ခုလို ရေးလိုက်တော့ ဂျော်နီ ရဲ့ ကြောက်စိတ် ခံစားချက်က ပိုပြီး ပေါ် မလာဘူးလား ။ ဇာတ်ကွက်ကလေး တစ်ခု ပေမယ့် အသက်ဝင်လာတယ် ။ စာဖတ်သူ ရဲ့ မြင်ကွင်းမှာ လည်း ပြတ်သားလာတယ် ။


ခု တင်ပြခဲ့တဲ့ ဥပမာ သုံးခုမှာ ကျွန်မ က စကားပြောတွေကို တစ်ခု မှ မပြောင်းလဲခဲ့ဘူး ။ လှုပ်ရှားမှုကိုသာ ပြောင်းပေးထားတယ် ။ အဲဒီလို ပြောင်းလိုက်ရုံနဲ့ စာဖတ်သူရဲ့ ရင်ထဲ မြင်ကွင်း က ကွက်ကွက်ကွင်းကွင်း ဝင်လာစေတယ် မဟုတ်လား ။


စာရေးချင်သူ တစ်ယောက် အနေနဲ့ လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင် စကားပြော ကို မပြင်ဘဲ အဓိပ္ပာယ် ရှိတဲ့ လှုပ်ရှားမှုတွေ ဖြည့်စွက် လေ့ကျင့်ကြည့်ပါ ။ ခု တင်ပြထားတဲ့ ဥပမာ သုံးခု ကို ပဲ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ လေ့ကျင့် ကြည့်ပေါ့ ။ ဥပမာ ပထမ မြင်ကွင်းမှာ ဟန်နာ ဘယ်လောက် ကြေကွဲ ဝမ်းနည်းနေတယ် ဆိုတာ ပေါ်လွင်အောင် ရေး ၊ ဒုတိယ မြင်ကွင်းကို တော့ ဟော်ကင် နဲ့ ကာရူသာ ကြားမှာ ဟာသတွေ ဖြစ်အောင် ပြင်ရေးကြည့် ။ ဂျော်နီ နဲ့ ဘီလီ ရဲ့ မြင်ကွင်းကိုတော့ ကြောက်တတ်သူ တစ်ယောက် မြင်ကွင်း အစား စွန့်စားခန်းကလေး ဖြစ်အောင် ပြင်ရေး ကြည့်ပေါ့ ။ ဒီလို ပြင်ရေးလိုက်တဲ့ အတွက် စာဖတ်သူ က ဇာတ်ကောင် ရဲ့ ခံစားချက်ကိုပါ ကြားလာတာ တွေ့ရလိမ့်မယ် ။


သရုပ်ပြတဲ့ အနေနဲ့ ရေးပြ ချင်လို့ ရဲ နှစ်ယောက် မြင်ကွင်းကို ကျွန်မ ရေးရာမှာ ရေးနေကျ ပုံစံအတိုင်း မဟုတ်ဘဲ ပြင်ရေးထားတယ် ။ အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှုတွေ ထည့်ပေးလိုက်ခြင်းအားဖြင့် မြင်ကွင်းက ဘယ်လောက် သက်ဝင် လှုပ်ရှားလာတယ်ဆိုတာ သိစေချင်လို့ပါ ။


တကယ်လို့ ကိုယ် က စာဖတ်သူ ကို ပြဿနာ တစ်ရပ် တင်ပြပြီး ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် ကိုယ့် ဇာတ်ကောင်တွေ က ဘယ်လို ကြိုးစားနေကြတယ် ၊ ဘယ်လို အစီအစဉ်ရှိတယ် ဆိုတာ တင်ပြချင်ရင် လှုပ်ရှားမှု တစ်ခုတည်း နဲ့ အတုံးလိုက် ၊ အတစ်လိုက် မတင်ပြပါနဲ့ ။ ခဏခဏ ပခုံးတွန့်တာတွေ ၊ ကြည့်တာတွေ ၊ သက်ပြင်းချတာတွေ ထည့်ရေးရင် စာဖတ်သူ အတွက် အနှောင့်အယှက် ဖြစ်စေပါတယ် ။ ဆိုလိုတာ က အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှု တွေ များလွန်းပြန်ရင်လည်း ကိုယ့် ဆိုလိုရင်း ကို အနှောင့်အယှက် ဖြစ်စေနိုင်တယ် ။


တချို့ဝတ္ထုတွေ က ဖြစ်ရပ်မှန် ဆိုပြီး ကာယကံရှင် အနေနဲ့ တည့်တည့်ကြီး ရေးတတ်ကြတယ် ။ စာရေးဆရာ ရဲ့ အမြင် ရှုထောင့်ဘက်က သုံးသပ်တာမျိုး မရှိတော့ဘူး ။ ဒီ ဝတ္ထုမျိုးကျတော့ ထောင့်စုံဘက်စုံ က မြင်တတ်ဖို့လိုတယ် ။ အထူးသဖြင့် ဝတ္ထုတိုတွေမှာ စကားလုံးတိုင်းက အဓိပ္ပာယ် ရှိရမယ် ။


ဒါကြောင့် ဇာတ်ကောင်က လှုပ်ရှားမှုတစ်ခု လုပ်တော့မယ်ဆိုတိုင်း အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှု ရှိနေရပါမယ် ။ တစ်ခါတလေမှာ စကားလုံး တစ်လုံးတည်းက လှုပ်ရှားမှုတွေ အများကြီးထက် ထိရောက်နိုင်တယ်ဆိုတာကို လည်း အထူးသတိပြုစေလိုပါတယ် ။


◾ ဝင်းငြိမ်း

📖 ရွှေအမြုတေ မဂ္ဂဇင်း

      အမှတ် ( ၄၁ )

      မတ်လ ၊ ၁၉၉၃ ခုနှစ် 

No comments:

Post a Comment