Thursday, July 17, 2025

ဒီတစ်ပေါက်တော့ ရှိတယ်


 

❝ ဒီတစ်ပေါက်တော့ ရှိတယ် ❞
            ( ဗေလုဝ )

တလောက စာရေးသူအိမ်သို့ မိန်းမဘက်မှ အမျိုးတော်စပ်သူ မိန်းမပျိုတစ်ယောက် ရောက်ရှိလာသည် ။ ရှည်လျားသွယ်လျသော ဆံပင်ရှည်ကြီးကို ဖြတ်၍ မလေးရှားသို့ အလုပ် သွားလုပ်မည်ဟု ပြောသည် ။ သွားရန် အလွန် နီးကပ်နေပြီ ဆိုသည့် အကြောင်းလည်း ပြောသည် ။

သူ၏ ဆံပင်သည် ခြေဖနောင့်ထိ ရောက်သည် ။ အသားဖြူဖြူ ၊ အရပ်က မနိမ့်မမြင့် ။ သူ့ ရည်မှန်းချက်နှင့် သူ ဆံပင်ဖြတ်ရန် လာသော်လည်း သူ့မျက်နှာကား မကောင်း။ သူ့ဆံပင်ကို သူ နှမြောနေပုံရသည် ။ ဟုတ်မှာပေါ့။ နှစ်ရှည်လများစွာ သူ ပြုစုယုယခဲ့သည့် သူ၏ အလှတရား သူ့ဆံပင်ကို မြင်သူတိုင်းကား ...

“ ဟယ် ... နှမြောစရာကြီး .. ဘာဖြစ်လို့ ဖြတ်မှာ လဲ ”

“ ငါ့တူမရယ် ... နိုင်ငံခြားသွား အလုပ်လုပ်တာပဲ ... ဒီဆံပင်နဲ့ဆို မလေးက ကောင်တွေ ငိုင်ကျသွားမယ် ... မြန်မာ့ကျက်သရေကို ပြသခွင့်ရ တာပေါ့ ” က တစ်ဖုံ ။

“ ဟယ် ... ကောင်းလိုက်တဲ့ ဆံပင်ကြီး ဖြတ်ပစ်ရမှာ နှမြောစရာကြီး ” ဟု က တစ်နည်း။ နည်းမျိုးစုံ ဝေဖန် ထောမနာပြုကြသည် ။

ပတ်ဝန်းကျင်လူများ ကတောင် ဒီလောက် နှမြောနေရင် ကာယကံရှင်က ပြောဖွယ်ရာ မရှိတော့ ။

ဟုတ်သည် ... ။

ဒီလောက် ရှည်လျားတဲ့ ဆံပင်မျိုးက မြို့ပြမှာ ရှားသွားပြီလေ ။ ရုပ်ရှင်လောကမှာ လင်းဇာနည်ဇော် ဆံပင်ဆိုရင် သူ၏ နဂိုရှိရင်းစွဲ အလှတရားကို သူမ၏ ဆံပင်ရှည်ကြီးက ထပ်မံမွမ်းမံပေးသလို ခံစားရသည် ။ ကိုယ်က နှမြောလို့သာ ပြောနေရတာ။ သူလည်း သူ့ဝမ်းနာ သူသာသိလို့ ဖြတ်မှာ ဖြစ်မှာပေါ့ ။

ကျွန်တော်သည်ပင် သူ့ ဆံပင်ရှည်ကြီးကို ကြည့်ပြီး သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ် တင့်တယ်လေး .... ဆိုသည့် ကဗျာကို ဖျတ်ခနဲ သတိရလိုက်သည် ။

ဟုတ်သည် .. ။

သူ့ဆံပင်ရှည်ကြီး ပေါ်တွင် နှင်းဆီပွင့်များ ပန်လိုက်ရင် မြန်မာအမျိုးသမီးကွဟေ့လို့ ရင်ကော့ ပြီး ဂုဏ်ယူဝင့်ကြွားဖို့ ဘယ်လောက် ကောင်းလိုက်မည်လဲ ။

“ မြန်မာပြည်မှာ မကြာခင် အလုပ်အကိုင် အခွင့်အလမ်းတွေ လာတော့မှာပဲ ... ကိုယ့် တိုင်းပြည်မှာ ဆိုရင် နင့်ရဲ့ ကျက်သရေရှိတဲ့ ဆံပင်လည်း မဖြတ်ရဘူး ”

အဲဒီလို ပြောလိုက်ချင်တာ ။ ဒါပေမဲ့ သူမကား ဆံပင် ဖြတ်ဖို့ ဆုံးဖြတ်ပြီး လာတာမို့ ကျွန်တော့် စကားများ လေထဲ အပျောက်မခံနိုင် ။ ကျွန်တော် မပြောဖြစ်။ ရင်ထဲမှာတော့ စကားတွေ တသီကြီး ပြောဖြစ်သည် ။

“ နင့်ဆံပင်ကို ကျန်ခဲ့တဲ့ စနစ်က ဖြတ်ပစ်လိုက်တာ ”

ဒါတော့ ရင်ထဲမှာ ခပ်ကျယ်ကျယ်လေး ပြောဖြစ်သည် ။ အရပ်သားအစိုးရခေတ်မှာ နိုင်ငံတကာက မှန်မှန်ကန်ကန်နဲ့ ရင်းနှီးမြှုပ်နှံကြဖို့ အသံတွေ ပေးနေပြီ ။ ခဏလောက် သည်းခံလိုက်ပါလားဟု ကျွန်တော် တားချင်သည် ။

“ အရင်ခေတ်လို မဟုတ်တော့ပါဘူး ... ဝါရင့် စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင် တောင် မြန်မာနိုင်ငံ ဒီအတိုင်း ဆက်သွားရင် အာရှမှာ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်သွားမှာလို့ မှတ်ချက်ပြုတယ် ”

ဆိုတာ သူသိအောင် ပြောပြချင်ပေမဲ့ ... သို့သော် ... သို့သော် ... လို့ပင် ပြောလိုက်ရမလိုပင် ။

“ မလေးရှား ဆိုတာလည်း ဒီလောက် ချမ်းသာကြွယ်ဝနေတဲ့ နိုင်ငံ မဟုတ်ပါဘူး .... သွားပြီး အောက်ကျစရာ မလိုပါဘူး ... သူ့နိုင်ငံက ငါတို့ နိုင်ငံကို လှမ်းကြည့်ရင် တို့လည်း နိုင်ငံခြားပေါ့ .. ကိုယ် နိုင်ငံက သူ့နိုင်ငံကို လှမ်း ကြည့်လည်း နိုင်ငံခြားပါ ... အထင်အရမ်းမကြီးပါနဲ့ ”

သူမကို ကြည့်ရင်း ကျွန်တော် ပြောနေသော စကားများက သူမ ကြားမည် မထင်။ ကျွန်တော့် ရင်ထဲမှာပင် အစိုင်အခဲ ဖြစ်လျက် ကျန်ရစ်ခဲ့သည် ။ ကျွန်တော့် စိတ်ရင်းအမှန်က ကိုယ့်နိုင်ငံမှာ လာ အလုပ်လုပ်ကြသည်ကို မြင်ချင်သည် ။ လူတောထဲ ချပြလျှင် ကျွန်တော် အရူးပေါ့ ။ ဟုတ်လည်း ဟုတ်သည် ၊ ပကတိ အဖြစ်အပျက်က စိတ်ကူးယဉ်ရုံမျှသာ ။

ကျွန်တော် ယိုးဒယား ဖူးခက်ကို ရုပ်ရှင် သွားရိုက်တုန်းက ဖူးခက် တစ်မြို့ထဲမှာတင် မြန်မာလူမျိုးနှင့် တိုင်းရင်းသားစုံ တစ်သိန်းကျော် ရှိသည်ဟု သိခဲ့ရသည် ။ ထိုမျှ များပြားသော လူဦးရေကို မြန်မာပြည်မှာ လုပ်အားတွေ အသုံးချလိုက်လျှင် ဟု ... ကျွန်တော် တွေးမိခဲ့ဖူးသည် ။

နှမြောတကာ့ နှမြောဆုံးက မြန်မာပညာရှင်များ ဦးနှောက်ယိုစီးမှုပြဿနာ။ နိုင်ငံတကာမှာ သွားရောက် အလုပ်အကျွေး ပြုစုနေကြသည် ။ သူများ တိုင်းပြည်က ပညာရှင်ကို တန်ဖိုးထားကြသည်ကိုး ။ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်မျက်နှာပဲ ကြည့်စေချင်သည် ။ မျက်လုံးမပါ၍ မကြည့်မိ ။

သည် သူတို့ တစ်စုပဲ လက်ဝါးကြီးအုပ်လို့လား မသိ ... ပညာရှင်တွေကို အမျိုးမျိုး အနှောင့်အယှက် ဖြစ်အောင် လုပ်ပစ်လိုက်ကြသည် ။ တိုင်းပြည် နာပါသည် ။ ဂျာနယ်ထဲတွင် ဖတ်ရသော အကြောင်းအရာတစ်ခု ... ရင်ထဲ နင့်သွားသည် ။

ဆရာဦးထွန်းလွင် ( ဒေါက်တာ ) ( မိုးလေဝသ ) သူ တာဝန်ထမ်းဆောင်စဉ် ခြောက်နှစ် ညွှန်/ ချုပ် လုပ်တယ် ၊ ခြောက်နှစ်လုံး မုန်တိုင်း ဖြစ်တယ် ။

မြန်မာနိုင်ငံမှာ မိုးလေဝသ တိုင်းတာသည့် ရေဒါ မရှိ ။ ထိုင်းနိုင်ငံမှာ နှစ်လုံး ၊ ဗီယမ်နမ် ၁၄ လုံး ၊ လာအို ခုနစ်လုံး ၊ ကမ္ဘောဒီးယား ခြောက်လုံး ၊ ဘင်္ဂလားဒေ့ရှ် ၁၄ လုံး ။  ရေဒါရဲ့ တန်ဖိုးက အဆောက်အအုံ အပါအဝင် ဒေါ်လာ ခုနစ်သောင်း မှ သိန်းဂဏန်း ထိ ရှိတာပါ ။ အဲဒါတောင် မရှိဘူးလား ၊ အဲလောက် ငွေကြေးတောင် မရှိလို့ မွဲသွားပြီလား ။ မြေအောက်က သယံဇာတတွေ ၊ ခေါင်းတုံးဖြစ်သွားတဲ့ တောင်တွေ ၊ တိရစ္ဆာန်တွေတောင် နေစရာနေရာ မရှိတော့လို့ မြို့တက်ပြီး အိမ်ငှား နေရတဲ့ သစ်တောတွေ ... စတဲ့ ပြည်သူလူထုပိုင် အားလုံးကို အုပ်ချုပ်သူတွေနဲ့ ပေါင်းပြီး လက်ဝါးကြီးအုပ် စီးပွားဖြစ် သွားကြတဲ့ ခရိုနီတွေက ပြည်သူတွေ အကျိုးဖြစ်မယ့် ရေဒါလေး တစ်လုံးတောင် အကျိုးမပြုနိုင်ကြတော့ဘူးလား ။

ထိုမေးခွန်းကား မေးကို မေးရမည့် မေးခွန်းဖြစ်သည် ။ လူကုန်ကူးခံရတဲ့ ကြီးမားတဲ့ ပြဿနာတွေရယ် ၊ ကျေးလက်တွေမှာ အမျိုးသမီးတွေ စီးပွားပျက်လို့ သူများ တိုင်းပြည်မှာ အလွှာပေါင်းစုံ ကြောက်လန့်ပြီး စီးပွား သွားရှာနေရပါတယ် ။ ဒီထက် ပိုဆိုးလာရင် အေးစက်တဲ့ ကျေးလက်တွေမှာ မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှု အစဉ်အဆက် ထိန်းသိမ်းလာ
ခဲ့တဲ့ ၊ မြန်မာတွေ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့တဲ့ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင် အမျိုးသမီးများ ရှားပါးမှုပြဿနာ ကြီးထွားလာမှာမို့ အဲဒီ တစ်ပေါက်ကို မြင်လို့ ရေးလိုက်ရပါတယ် ။

▢  ဗေလုဝ
📖 တဲ့တောက် နှင့် ပြာသောနားရွက်

No comments:

Post a Comment