❝ ရောဂါပိုးမွှားများ ❞
( မင်းခိုက်စိုးစန် )
( ၁ )
နေရောင်ခြည်က အပျိုဘော်ဝင်စပဲ ရှိသေးရဲ့ ။ ပင်လယ်ကတော့ ရှိုးဝိုင်းမှာ ခပ်တည်တည် လုပ်ထားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို အတင်းကြီး ခပ်တည်တည် လုပ်ထားတယ် ။ အုန်းပင်တွေ ၊ ကျောက်ဆောင်တွေ ခပ်ကျဲကျဲရှိတဲ့ ကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာတော့ သက်ရှိသဏ္ဌာန်တချို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေရဲ့ ။
ကျွန်းပေါ်နေကြသူတွေလေ ... ။
ပင်လယ်ဆီကို မျှော်နေကြတာ ... ဟင့်အင်း .. မဟုတ်ဘူး ၊ ကျွန်းနဲ့မနီး မဝေးက ပင်လယ်ရေပြင်မှာ ကျောက်ချထားတဲ့ သင်္ဘောကြီးတစ်စင်းဆီ ကို မျှော်ငေးနေကြတာ ။ မျှော်နေကြသူတွေထဲက တချို့တလေကလည်း ပင်လယ်ဘက် တစ်ချက်ကြည့်လိုက် ၊ ကျွန်းပေါ်ကို တစ်ချက်ကြည့်လိုက် နဲ့ တစ်ခုခုကို စိတ်မရှည်လက်မရှည် အောင့်အည်းသည်းခံ စောင့်ဆိုင်း နေရပုံမျိုး ။
ဒါပေါ့ ၊ ကျွန်းပေါ်နေသူတွေ အားလုံးနီးပါး ဟောဒီကမ်းခြေမှာ လာ စုဝေးနေကြရတာ နေရောင်ခြည် မတ်တတ်ပြေးတတ်စကတည်းက ။
ကိုင်း ... ကြာလှပြီကော ။
ဟော ... ပြောရင်းဆိုရင်း လာပြီ ။ သူတို့ စောင့်ဆိုင်းနေရတဲ့သူ လာပြီ ။ လက်ထဲမှာ တစ်လံကျော်ရှည်လျားပြီး အပြောက်အမွမ်းတွေနဲ့ တန်ဆာ ဆင်ထားတဲ့ ကျိုင်းလိုလို တုတ်ရှည်ကြီးကို ကိုင်လို့ ။ ဝဲ ၊ ယာ ၊ ရှေ့ ၊ နောက်မှလည်း အခြံအရံ အစုံအလင်နဲ့ ။ လာနေပြီ ။ ဟောဒီကျွန်းကို ပိုင်ဆိုင်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ကြွချီလာနေပြီ ။ ကမ်းစပ်မှာရှိကြတဲ့ လူတွေ အားလုံးရဲ့ ဦးခေါင်းတွေ တညီတညာတည်း ရွေ့လျားသွား ကြ တယ် ။ သူတို့ရဲ့ လည်ပင်းရှည်ရှည်ကြီးတွေ ယိမ်းနွဲ့ညွတ် ကိုင်းကျသွား လိုက်တာများ စပါးခင်းကို လေပြည်ဝှေ့လို့ လှိုင်းတအိအိ ထသွားပုံမျိုး ။ ကြည့်လို့ သိပ်ကောင်းတယ် ။ မိဘတစ်ယောက်ကို သားသမီးတွေက ချစ်မြတ်ကြည်ညိုပုံမျိုးနဲ့ ကျွန်းပိုင်ကြီးကို အားလုံးက အရိုအသေ ပေးလိုက် ကြလေရဲ့ ။
ကျွန်းပိုင်ကြီးက အားလုံးကို ပြုံးပြနှုတ်ဆက်တယ် ။ နောက် ကမ်းစပ်မှာ သွားရပ်ပြီး ဟိုးကသင်္ဘောကြီး ဆီကို ငေးကြည့်နေတယ် ။ ကြာကြီးပဲ နောက်တော့မှ တစ်ခုခုကို ဆုံးဖြတ်လိုက်တဲ့ပုံမျိုး ဦးခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး သူ့လက်ထဲက ကျိုင်းကို မြောက်မ ၊ ဝှေ့ယမ်း ပြလိုက်တော့တယ် ။ သင်္ဘောကြီးဟာလည်း ဒီတော့မှ အသက်ဝင် လှုပ်ရှား လာတာကလား ။ လှေတွေကို ချကြတယ် ။ ဝန်စည်စလယ်တွေ ကို ချတယ် ။ အများကြီးပဲ ။
ဒီက စောင့်နေရသူတွေ ကတော့ တလှုပ်လှုပ်တရွရွကို ဖြစ်နေတော့တာ ။ အာမေဍိတ်သံတွေ ၊ တီးတိုးပြောသံတွေ .. ရယ်သံတွေ ... ။
ဟော ... လာနေကြပြီ ။
ရှေ့ဆုံးက လှေပေါ်မှာတော့ သင်္ဘောရဲ့ဦးစီး ကပ္ပတိန် ကိုယ်တိုင် လိုက်လာပုံရတယ် ။ အလံတွေဘာတွေ လွှင့်လို့ ။ ဟုတ်တယ် ။ ထင်တဲ့ အတိုင်းပဲ ။ ကမ်းစပ်မှာ လှေတွေဆိုက်တော့ အဲဒီရှေ့ဆုံးလှေပေါ်က ကပ္ပတိန်ဆင်းလာပြီး ကျွန်းပိုင်ကြီးကို ဒူးထောက်အရိုအသေပေးတယ် ။ ဒါပေမယ့် ကျွန်းပိုင်ကြီးက ပြုံးပြီး ...
“ အို .... နေပါ ... နေပါ ၊ သက်သောင့်သက်သာ နေပါ ၊ ဒူးထောက်စရာ မလိုပါဘူး ၊ ကျုပ်တို့ ဆီမှာတော့ တစ်ယောက် နဲ့ တစ်ယောက် ဒူးထောက်ရတဲ့ ဓလေ့ထုံးစံ မရှိဘူးခင်ဗျ ၊ စိတ်ထဲက တကယ်လေးစားတယ် ဆိုရင် ပြီးတာပါပဲ ”
သင်္ဘောကပ္ပတိန်က ထရပ်ပြီး ကျေးဇူးတင် စကားပြောတယ် ။ ဟင့်အင်း ... ပြောရိုးပြောစဉ် ပုံစံမျိုး ဘယ်ဟုတ်မလဲ ။ ကျွန်းပိုင်ကြီးကို ' အရှင်ကြီး ' တွေ ဘာတွေ တပ်ခေါ် တာ ။ ကျွန်းပိုင်ကြီး ကတော့ ဒီငတိ အနေမကျုံ့ စေချင်လို့ ထင်ပါရဲ့ ။ ဘာမှ ထွေထွေထူးထူး ပြောမနေတော့ဘူး ။ ပြုံးရုံ ပြုံးနေတယ် ။
နောက်တော့ သူတို့မှာ ပါလာတဲ့ ဝန်စည်စလယ်တွေ ကိုချ ၊ ဝိုင်းသယ် တဲ့ လူကသယ်နဲ့ ကျွန်းပေါ်ကို ပြန်တက်ခဲ့ကြ တော့တယ် ။ ကျွန်းပိုင်ကြီး က ကပ္ပတိန်ရဲ့ပခုံးကို ဖက်ပြီး သူ နေတဲ့ ဂေဟာဆီ ခေါ်သွားရဲ့ ။ လမ်းလျှောက်ရင်း အာလာပ သလ္လာပ ပြောသွားကြတာပေါ့လေ ။
“ ခင်ဗျားတို့ ဘယ်က လာခဲ့တာတုံး ”
“ ကျွန်တော်တို့နေထိုင်တဲ့ ဂြိုဟ်ရဲ့ အမည်က လေးဘာ့စ်ဂြိုဟ် လို့ ခေါ် ပါတယ် အရှင်ကြီး ၊ အရှင်ကြီးတို့ ရဲ့ ကမ္ဘာ ဂြိုဟ် နဲ့ နေစကြ၀ဠာ မိသားစု တစ်စုတည်းမှာ အတူအပါအဝင်ပါပဲ ”
ကျွန်းပိုင်ကြီး က ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ...
“ ဪ .... အခု လာရင်းကိစ္စကကော အလည်သက်သက်ပဲလား ”
“ ဟုတ်ကဲ့ ခင်ဗျ ၊ အလည်အပတ် ဆိုတာထက် မိတ်ဆွေဖွဲ့ဖို့ ၊ စူးစမ်း လေ့လာဖို့ဆိုရင် ပိုမှန်ပါလိမ့်မယ် ၊ အဆင်ပြေရင် အချင်းချင်း ကုန်စည်ဖလှယ်ပြီး အရှည်သဖြင့် နှီးနှော ဆက်ဆံသွားဖို့ပါ ခင်ဗျ ”
ကျွန်းပိုင်ကြီးရဲ့ အိမ်ဂေဟာရှေ့မှာ အားလုံး ဝိုင်းဖွဲ့ထိုင် လိုက်ကြတယ် ။ သင်္ဘောကပ္ပတိန်က သူ့လူတွေကို ဘာသာစကား တစ်မျိုး နဲ့ အမိန့် ပေးလိုက်တော့ သင်္ဘောသားတွေက သူတို့ထမ်းယူလာတဲ့ သေတ္တာကြီး တွေဖွင့်ပြီး အထဲက ပစ္စည်းတွေကို ထုတ် ၊ မြက်ခင်းပေါ် စီတန်းချပြပါလေရော ... ။
အားပါး .. ကောင်းလိုက်တဲ့ ပစ္စည်းတွေ ။ ဒီကျွန်းက ဟာတွေနဲ့တော့ ဘာမှမဆိုင်ဘဲကိုး ။ အထည်အလိပ်တွေ ၊ ကျောက်သံပတ္တမြားတွေ ၊ ဆန်းဆန်းပြားပြား အသုံးအဆောင်တွေ ၊ အမွှေးနံ့သာတွေ .... ။ ဪ ... ကော်ဇောလို ၊ ထိုင်ခုံလို အိမ်သုံးပစ္စည်းတွေတောင်မှ ပါသေးရဲ့ ။
ကျွန်းသူကျွန်းသားတွေကတော့ အသက်ရှူဖို့ မေ့နေ ကြတဲ့ပုံမျိုး ။ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်လို့ .. ။ ပစ္စည်းတစ်ခုခုကို ဆွဲထုတ်လိုက်ပလား ဆိုရင် တန်ခိုးဣတ္ထိပါဒ် ပြနေတဲ့ မှော်ဆရာတစ်ယောက် ရဲ့ စွမ်းပကား ကို ကလေးတွေ က တအံ့တသြ ငေးကြည့်သလိုမျိုး .. ။
ကျွန်းပိုင်ကြီး ကိုယ်တိုင်လည်း အမည် ဖော်ရခက်တဲ့ ခံစားမှု တစ်ခုနဲ့ ။ တည်ငြိမ်သယောင် ဟန်ဆောင်နေပုံက မပိရိလိုက်တာ ၊ ခေါင်းတဆတ်ဆတ်ညိတ်လို့ ။ ဘာမှတော့ မပြောဘူး ။ အဲ .. နောက်ဆုံးသေတ္တာ ကို လည်း ဖွင့်လိုက်ရော ဘာမှ နှိုက်မထုတ်ရ သေးခင်မှာ အထဲကနေ သတ္တဝါ ငါးကောင် ဗြုန်းခနဲ ခုန်ထွက်လာလေရဲ့ ။ သေးသေးလေးတွေပါ ။ အမြီးက ရှည်သွယ်သွယ် ၊ မည်းနက်တောက်ပြောင်နေတဲ့ မျက်လုံး အစုံက ပြူးထွက်လို့ ။
လေ့ကျင့်ထားသလား အောက်မေ့ရတယ် ၊ တကယ်ပဲ အဲဒီ အကောင်လေးတွေဟာ မြေပေါ် ကို ဖုတ်ခနဲ ကျတာနဲ့ တစ်ပြိုင်နက် လှစ်ခနဲ လှစ်ခနဲ လူတွေကြားထဲက ထိုးထွက်ပြီး အိမ်တွေဆီ ပြေးဝင်သွားတယ် ။
စက္ကန့်ပိုင်းလောက်ပဲ ကြာတယ် ထင်လိုက်ရရဲ့ ။ ဟော ... ခုန်ထွက်လာ မြင်လိုက်ရတယ် ။ ဟော ... ပျောက်သွားပြီ ။ ဒါပဲ ။
ဒါပေမယ့် ကျွန်းပိုင်ကြီး ကတော့ အဲဒါကို သေသေချာချာ သတိထား လိုက်တာဆိုတော့ ရင်ထဲမှာ ထင့်ခနဲ ၊ ဟုတ်တယ် .. တစ်မျိုးကြီးပဲ ခံစားရတယ် ။
မကြိုက်ဘူး .. မကြိုက်ဘူး ၊ အဲဒီသတ္တဝါရဲ့ သွားတွေ ကို မကြိုက်ဘူး ။
“ ဟေ့ ... ဟေ့ အဲဒါ ဘာကောင်လဲ ၊ ဟော ပြေးသွားပြီ ၊ လိုက်ဖမ်းလေကွာ ”
ကပ္ပတိန် က နားမလည်သလို ကြောင်တောင်တောင် အမူအရာနဲ့. ..
“ ခင်ဗျာ .. ဗျာ ၊ ဪ .... မစိုးရိမ်ပါနဲ့ အရှင်ကြီး ၊ အဲဒါ ကြွက်လို့ ခေါ်ပါ တယ် ၊ ကျွန်တော်တို့ ဂြိုဟ်ပေါ်မှာ နေတဲ့ ကြွက်လို့ ခေါ်ပါတယ် ။ အင်း ... ဒီလိုပဲလေ ၊ ဒီကောင်တွေ က ဟိုနားဒီနား ကပ်ခိုနေတတ်တာမျိုး ၊ အခုလည်း ဒီသေတ္တာထဲ ဘယ့်နှယ်လုပ် ပါလာသလဲ မသိဘူး ၊ ထားပါတော့လေ ၊ ကဲ ... အရှင်ကြီး ရှုစားပါဦး ၊ ဟောဒီ အထည်တွေကိုကော နှစ်သက် ပါရဲ့လား ”
အားလုံးရဲ့အာရုံဟာ သေတ္တာတွေထဲက အထည်အလိပ်တွေဆီကို ပြန်ရောက်သွားပြန်ရော ။ စကားဝိုင်းက ပြန်ပြီး စိုပြည်လာတယ် ။
ကပ္ပတိန်က သူ့မှာပါလာတဲ့ ပစ္စည်းတွေအားလုံး ကျွန်းပိုင်ကြီးနဲ့ တကွ ကျွန်းပေါ်က လူတွေအတွက် လက်ဆောင် ပေးပါတယ်လို့လည်း ဆိုလိုက်ရော လက်ခုပ်တီးလိုက်ကြတာ ဆိုတာလေ ။ ဘာပြောကောင်းမလဲ ... ။ လှိုင်းတွေ ကွဲကြေသွားသလိုမျိုး ။ ဟုတ်တယ် ။ ပြန်ကာနီးမှာတော့ ကပ္ပတိန် က မေးသွားသေးရဲ့ ။
“ အရှင်ကြီးတို့ ကျွန်းပေါ်မှာရော .. ဘာပစ္စည်းတွေများ ပေါပါသလဲ ခင်ဗျာ ” တဲ့ ။
ကျွန်းပိုင်ကြီး က ပြုံးတယ် ။ ဖြေတော့လည်း တစ်ခွန်းတည်း ၊ တိုတိုပဲ ။
“ မေတ္တာ ... ”
သူတို့ ပြန်သွားတော့ ကျွန်းသားတွေ ပျော်ပြီး ကျန်ရစ်တယ် ။
••••• ••••• •••••
( ၂ )
မိကောင်းဖခင်မိုးတိမ်တွေ ပင်လယ်ပေါ်မှာ မရှိကြတော့ဘူး ။ မကြာခင် မုန်တိုင်း ကျတော့မယ် ။ အင်း ... ဘယ်လို ပြောရမလဲ ၊ သိပ်လှတယ် ။ ဟုတ်တယ် ၊ သိပ်လှတယ် ။
••••• ••••• •••••
“ ကြွက် ”
အစကတော့ အကြောင်း မသိသေးခင်မို့ ချစ်စရာ အကောင်ကလေးလို့ အောက်မေ့မိပါတယ် ။
အခုမှ ... ခက်တော့တာပဲ ။
စားစရာသောက်စရာ မှန်သမျှကို ကိုက်ဖဲ့ဖျက်ဆီး ၊ အဝတ်အစားတွေ ဆိုတာ တကတဲ စုတ်ပြတ်မွရရာကြေရော ၊ အိမ်တွေမှာ ဆိုလည်း ထရံ တစ်ချပ်မှ အကောင်း မရှိတော့ဘူး ။ ကိုင်း .. ဘာကျန်သေးသလဲ ။ ပြီး ရော ။
တစ်ကျွန်းလုံး ပွက်ပွက်ဆူလိုက်သမျှ ၊ ဒီနေရာမှာ ကျွန်းပိုင်ကြီး ကလည်း ဘာတတ်နိုင်မှာတဲ့တုံး ။ ကြာလေ ခက်လေတော့ ဖြစ်ရော့မယ် ။ ကြွက်ဦးရေ တိုးပွားနှုန်းကလည်း ကြောက်ခမန်းလိလိကိုး ။
“ ဟိုကောင်တွေ ဆီက ပါလာတဲ့ ပြဿနာ ဟိုကောင်တွေ ထပ်လာမှပဲ ရှင်းခိုင်းရတော့မယ် ”
ကျွန်းပိုင်ကြီးကတော့ ခပ်တိုးတိုး ညည်းရှာသား ။
အင်း ... ဒါပေမယ့် ဟိုကောင်တွေက ဘယ်တော့မှ လာမှာတဲ့တုံး ။
ကဲ ... ။
••••• ••••• •••••
( ၃ )
ထဘီရင်ရှား နဲ့ အပျိုမလေးတွေ လို လှပနေလိုက်ပုံများ သဲမြေထဲ တစ်ဝက် မြုပ်ဝင်နေတဲ့ ကျောက်ဆောင်တွေလေ ။
လှိုင်းတွေ .. လှိုင်းတွေ ကော့ခွက်ဝင်သွားလိုက် ၊ ကုန်းရုန်းထလာ လိုက်နဲ့ ၊ ကချေသည် ဆန်နေပြန်သေးရဲ့ ။ ဒါပေမယ့် ကျွန်းသူကျွန်းသား တွေ အားလုံးရော ၊ ကျွန်းပိုင်ကြီးရော အဲဒါ တွေအားလုံးကို အရသာ မခံ နိုင်ကြပါဘူး ။ ဟိုး ... ရေပြင်မှာ ကျောက်ချထားတဲ့ သင်္ဘောကြီး နဲ့ အဲဒီကနေ ကျွန်းဆီကို တရွေ့ရွေ့ လှော်ခတ်လာနေတဲ့ လှေငယ်တွေဆီကိုပဲ ကြည့်တွေနဲ့ တအားလွှဲလွှဲပြီး ပစ်ပေါက်နေတော့တယ် ။ သူတို့ ဒုတိယ အကြိမ် လာကြပြန်ပြီကော ။
••••• ••••• •••••
ဒီတစ်ခါတော့ ပဋိသန္ဓာရစကားတွေ ဘာတွေ ဆိုမနေတော့ဘူး ။ ကမ်းပေါ်တက်တက်ချင်းပဲ ကျွန်းပိုင်ကြီးက ဆီးပြောတယ် ။
“ ကိုင်း .. မိတ်ဆွေတို့ရေ ၊ ခင်ဗျားတို့ပဲ ရှင်းပေတော့ ”
ကပ္ပတိန် ငိုင်သွားတယ် ။ ဘာများဖြစ်လို့ပါလိမ့်ပေါ့လေ ။ နောက်တော့မှ ကြွက်ပြဿနာမှန်းလည်း သိရော တဟားဟား ရယ်တော့တာပဲ ။ ပြီး ...
“ အခုမှတော့ တစ်ကောင်ချင်းစီ လိုက်ဖမ်းလို့လည်း မရတော့ဘူး ၊ အကောင်ပေါင်း ထောင်သောင်းချီပြီး ပွားနေရောပေါ့ ၊ ဒါပေမယ့် စိတ်မပူပါနဲ့ အရှင်ကြီး ၊ အဲဒီကြွက်တွေကို နှိမ်နင်းနိုင်တဲ့ အကောင်တစ်မျိုး ကျွန်တော်တို့ ဆီမှာ ပါလာပါတယ် ”
ကပ္ပတိန် က သူ့သားငယ် တစ်ယောက်ကို သင်္ဘောဆီ ပြန်လွှတ်ပြီး အဲဒီအကောင် ကို ကျွန်းပေါ် ယူလာခဲ့ဖို့ ခိုင်းလိုက်တယ် ။ ပြန်လာတော့ အဲဒီ သင်္ဘောသား ဆီမှာ ခပ်ရွယ်ရွယ် သတ္တဝါလေး ဆယ်ကောင် ဆယ့်ငါးကောင်လောက် ပါလာလေရဲ့ ။ ဟို ကြွက်ဆိုတဲ့ အကောင်လိုပဲ ။ ဒီ သတ္တဝါတွေလည်း ခြေလေးချောင်းနဲ့ပဲ ။ ဒါပေမယ့် ဒီအကောင်တွေက ပိုကြီးတယ် ။ အမြီး ကလည်း လုံးလုံးတုတ်တုတ်နဲ့ ။ ခြေသည်းတွေ ဆိုတာ ချွန်မြနေတာပဲ ။
“ ဒါ ' ကြောင် ' ဆိုတဲ့ အကောင်တွေပါ အရှင်ကြီး ၊ ဒီကောင်တွေ ကိုသာ ကျွန်းပေါ်မှာ မွေးထားလိုက်ပါ ၊ ကြွက်တွေ အကုန် ရှင်းသွားပါလိမ့်မယ် ”
ကျွန်းပိုင်ကြီး ကတော့ မှုန်ကုပ်ကုပ်မျက်နှာထားကြီး နဲ့ စကားလည်း တစ်လုံးမှ မဟတော့ဘူး ။ စိတ်ထဲမှာ အတော် အောင့်သီးအောင့်သက် ဖြစ်နေတာ အသိသာကြီး ။
မကြိုက်ဘူး ... မကြိုက်ဘူး ။ အဲဒီ သတ္တဝါတွေရဲ့ ခြေသည်းတွေ ကို လုံးဝ မကြိုက်ဘူး ။
ဟိုဂြိုဟ်ဆိုးကောင် ကပ္ပတိန် က ပြန်ခါနီးမှာ ပြောသွားသေးရဲ့ ။
“ ကျွန်တော်တို့ နောက်တစ်ခေါက် ထပ်လာပြီး အခြေအနေ ကြည့်ပါဦးမယ် အရှင်ကြီး ”
••••• ••••• •••••
( ၄ )
မုန်တိုင်းက သီချင်း ဆိုတတ်တယ် ။
သီချင်း ဆိုတာမျိုး ကလည်း သိတဲ့ အတိုင်းပဲလေ ။ အပျိုး တီးလုံး ( Intro ) တွေ ၊ ခြေဆင်းတွေ မှာ ဆို နှလုံးသား ထဲကို အပ်ဖျာ ကလေး ရွရွဖိမြှုပ်လိုက် သလိုမျိုး တစိမ့်စိမ့် နဲ့ တိုးဝင်စူးနစ်စေ သလောက် ဟော chorus ခေါ် ရပ်စ် လို့ ခေါ်တဲ့ သံပြိုင်ပုဒ်လည်း ရောက်ရော ဝုန်းခနဲ ထိုးဆောင့်သွင်းပစ်လိုက်တာ ... အား !!!
ဒါတင် ဘယ်ကဦးမှာလဲ ။
မုန်တိုင်းက ဘောလုံးလည်း ကန်တတ်တယ် ။
အခုတော့ မုန်တိုင်းဘက်က ပယ်နယ်တီတစ်လုံး ကန်သွင်းခွင့်ရသွားပြီ ။
••••• ••••• •••••
( ၅ )
ဟောဒီ တတိယအခေါက် မှာတော့ ပွဲက ကြမ်းပြီ ။
ကပ္ပတိန် ကတော့ ခြေခါခါလက်ခါခါ နဲ့ အကြောက်အကန် တောင်းပန်ရှာရဲ့ ။ ဪ ... ကျွန်းပိုင်ကြီးလား ။ ဘယ့်နှယ်ပြောနေပါလိမ့် ။ ရှုးရှုးရှားရှားနဲ့ ဒေါသထွက်နေလိုက်တာဗျာ ။ ကြိမ်းမောင်းတဲ့ စကားသံတွေဟာ ငလျင်ဆန်နေတော့တာပဲ ။
“ ဟေ့ကောင် .... သွား .. သွား ၊ မင်း အကောင်တွေ အကုန် ပြန်ဖမ်းသွားတော့ ၊ ပထမတစ်ကောင် ကို ဆိုးလှပြီ မှတ်နေတာ ။ ဟင်း ... နောက်အကောင်ရော ဘာထူးလို့လဲ ၊ ရောက်ခါစက ကြွက် ကို သ,တ်တော့ သ,တ်စားပါရဲ့ ။ ဒါပေမယ့် မီးဖိုချော ထဲက အစားအသောက်လည်း တွေ့ ရော ကြွက်ကို အပင်ပန်းခံ သ,တ်မစားတော့ဘူး ၊ မီးဖိုချောင် ထဲက ဟာကို ပဲ ခိုးစားဖို့ ချောင်းနေတော့တယ် ၊ တောက်! ဟင်း ' ကြောင် ' ဟုတ်လား ၊ နာမည် ကို က ကျက်သရေ မရှိဘူး ၊ ကြောင်ချေးစော်ကလည်း နံလိုက်တာ မပြောပါနဲ့တော့ ၊ ဒီကြားထဲ ကြွက်ဖမ်းရင်း ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးလွှားတိုက်မိလို့ ငါတို့ အိုးခွက် ပန်းကန်တွေ ပစ္စည်းပစ္စယတွေ ကျ ကွဲ ၊ ပျက်စီး ၊ ဟင်း .. တစ်ခုမှ ရစရာမရှိတော့ဘူး ၊ ဒီမယ် ဟေ့ကောင် ... ”
“ ဗျာ ... ခင်ဗျာ .. အရှင်ကြီး ”
“ မင်း ခေါ်လာတဲ့ အကောင်တွေ မင်း အကုန် လိုက်ဖမ်း ၊ အကုန် အကုန် ၊ ကြွက်တွေရော ကြောင်တွေရော ၊ တစ်ကောင်မှ မကျန်စေနဲ့ ၊ ပြီး ရင် မင်းတို့လည်း ပြန်ကြ ၊ နောက်ဘယ်တော့မှ ကမ္ဘာမြေ ကို မလာကြနဲ့ တော့ .. သွား ”
ကပ္ပတိန် ကတော့ အရမ်းကို တုန်လှုပ်ချောက်ချားနေလေရဲ့ ။
“ မဖြစ်နိုင် ... မဖြစ်နိုင်ပါ အရှင်ကြီး ၊ ငဲ့ညှာပါဦး ”
ဟုတ်တော့လည်း .. ဟုတ်တယ် ။ မျိုးပွားချင်တိုင်း ပွားပြီး ဘယ်နှကောင် ရှိနေပြီမှန်းတောင် ခန့်မှန်းလို့ မရနိုင်တော့တဲ့ သတ္တဝါတွေ ၊ နောက်ပြီး တစ်ကျွန်းလုံး က ကြပ်ကြပ်မတ်မတ် ဝိုင်း နှိမ်နင်းနေတာ တောင်မှ မနိုင်တာ ၊ ဒီကပ္ပတိန် နဲ့ သင်္ဘောသားလေး အယောက်ငါးဆယ် လောက်က ဘာတတ်နိုင်မှာတဲ့လဲ ။
အဲဒီမှာ ကပ္ပတိန် က ...
“ နောက်ဆုံးအကြိ မ်အဖြစ် ကြိုးစားကြည့်ပါရစေဦး ... အရှင်ကြီး ၊ ကျွန်တော်မျိုး တို့မှာ နောက်ထပ် သတ္တဝါ တစ်မျိုး ပါလာပါသေးတယ် ၊ အဲ ... အဲဒီအကောင် ကတော့ ကြွက်ရော ကြောင်ရော နှစ်မျိုးလုံး ကို အပြတ်အသတ် နှိမ်နင်းနိုင်ပါလိမ့်မယ် အရှင်ကြီး ”
သက်ပြင်းချသံ ထွက်လာတယ် ။ ကျွန်းပိုင်ကြီး ဆီကပေါ့ ။ ဟုတ်တယ် ။ ဘယ်လိုမှ ဣန္ဒြေ မဆယ်နိုင်တော့ဘူးလေ ။ အင်း ... ဒါပေမယ့် ဒါ ပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ ။ ကဲ .. ပြော ဘာတတ်နိုင်မှာတဲ့လဲ ။
ဒီအခြေအနေ ရောက်မှတော့ ခွင့်ပြုလိုက်ဖို့ပဲ ရှိတော့တာပေါ့ ။ ကပ္ပတိ န်က သင်္ဘောပေါ်က သတ္တဝါ နှစ်ကောင်ကို ခေါ်လာပြီး ကျွန်းပိုင်ကြီး ရှေ့မှာ ကြိုးဖြေ လွှတ်ပေးလိုက်တယ် ။ အဖို နဲ့ အမ ဖြစ်ပုံရရဲ့ ။ အဲ ထူးခြားတာက ဒီသတ္တဝါ နှစ်ကောင် ဟာ ကြွက်တွေ ကြောင်တွေလို လှစ်ခနဲ လှစ်ခနဲ ခုန်ပေါက် ပြေးလွှား မနေပါဘူး ။ ခပ်ငြိမ်ငြိမ် ၊ ခပ်တည် တည်ပဲ ။ ကျွန်းပိုင်ကြီး ကို စိုက်ကြည့်နေတယ် ။ ပြီးမှ တောအုပ် ထဲကို တဖြည်းဖြည်းချင်း ဝင်သွားတယ် ။ အင်း .. လမ်းသွားတော့လည်း ဟို အကောင်တွေလို ခြေလေးဘက်စလုံးနဲ့ မသွားဘူး ။ ရှေ့ခြေ နှစ်ချောင်း ကို မြှောက်ထားပြီး နောက်ခြေနှစ်ချောင်းနဲ့ပဲ လမ်းလျှောက်တာ ။ ဟင်း !!! ကျွန်းပိုင်ကြီး ရင်ထဲမှာ အော်ဂလီဆန်သလိုမျိုး ပျို့တက်လာလေရဲ့ ။
မကြိုက်ဘူး ... မကြိုက်ဘူး ။ ဒီသတ္တဝါတွေ ရဲ့ မျက်လုံးအကြည့် ကို မကြိုက်ဘူး ။
ကပ္ပတိန် ဝင်ပြောလိုက်တဲ့ စကား က ...
“ အရှင်ကြီး ၊ ဒီသတ္တဝါတွေ ရဲ့ အမည် ကိုတော့ ' လူ ' လို့ ခေါ်ပါတယ် ”
••••• ••••• •••••
( ၆ )
အဲဒီည မှာ ကမ္ဘာမြေ ဟာ စုန်းမအိုကြီး တစ်ယောက်ရဲ့ ကျောကုန်း မွဲခြောက်ခြောက်နဲ့ တူနေတယ် ။ စုန်းမကြီး ရဲ့ အဝတ်တွေ ကို လေတိုးသံလိုမျိုး ၊ ပင်လယ်လေ ကလည်း တဖျပ်ဖျပ် လှုပ်ခါလို့ ။ ညီစို့စို့အနံ့တွေ ပွက်ပွက်ထနေတယ် ။
ဟော ... ဟိုမှာ ကြည့်စမ်း ၊ တလက်လက် နဲ့ ကမ္ဘာမြေဆီ ကို ချဉ်းကပ်လာတာ ဘာလဲ ?
ဟုတ်တယ် ၊ အဲဒါ မုန်တိုင်း ရဲ့ မျက်စိ ဖြစ်တယ် ။ တစ်ညလုံး ကျွန်းပိုင်ကြီး အိပ်မပျော်ပါဘူး ။ သက်ပြင်းမောကြီးတွေ ကို တဟည်းဟည်းချလို့ ၊ ရှည်လျားလှတဲ့ သူ့ ရဲ့လည်ပင်းကြီး ကို တဆတ်ဆတ် ညိတ်လို့ ၊ သူ တွေး ရင်း အသက်ရှူ ကျပ်သထက် ကျပ်လာလေရဲ့ ။
မနက် မိုးစင်စင်လင်းတော့ တစ်ရေး မှမအိပ်ရသေးတဲ့ ကျွန်းပိုင်ကြီး ဟာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ် ။
ပြီးတော့ ကျွန်းသူကျွန်းသားတွေ အားလုံး ကို ခေါ် ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ အားလုံးကို သင်္ဘောတွေ ပေါ် တင်ခိုင်းပြီး နေထိုင်စရာ တခြား ဂြိုဟ်သစ် တစ်ခုခု ကိုရှာဖို့ ရွက်လွှင့်ထွက်ခွာသွားကြပါတော့တယ် ။
ကိုင်း ..နေရစ်ခဲ့တော့ ကမ္ဘာမြေ ရေ ။ ( အင်းပေါ့ လည်ပင်းရှည်ရှည် နဲ့ ဂြိုဟ်သားတွေ စွန့်ခွာထားရစ်ခဲ့တဲ့ ကမ္ဘာမြေ မှာတော့ ကြွက်တွေ ရယ် ၊ ကြောင်တွေ ရယ် ၊ ပြီးတော့ လူရယ် ပဲ ကျန်ရစ်ခဲ့လေရဲ့ )
••••• ••••• •••••
( ၇ )
ဒီဇာတ်လမ်းဟာ သမိုင်းစာအုပ်တွေ ၊ ဒဏ္ဍာရီစာအုပ်တွေ မှာ မပါ သေးတဲ့ “ ကမ္ဘာမြေပေါ် လူတွေ ဘယ်လိုဘယ်ပုံ စတင်ရောက်ရှိလာရတယ် ” ဆိုတဲ့ အကြောင်းပါပဲလို့ ကျွန်တော် ပြောရင် ခင်ဗျားတို့ အနေနဲ့ ရယ်စရာ တစ်ခု သက်သက်လို့ပဲ သဘောထားစေချင်ပါတယ် ။
▢ မင်းခိုက်စိုးစန်
📖 ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment