Monday, July 14, 2025

ရေနန်းသူဇာ

 

❝ ရေနန်းသူဇာ ❞
       ( ပုံပြင် )

အခါတစ်ပါးက တစ်ခုသော ပင်လယ်ရေပြင်ကြီး အောက်၌ လှပသော ကျောက်နန်းတော်ကြီး တစ်ခုရှိ၏ ။ ၎င်းတွင် အလွန်တရာ ကြီးမားလှသော ငါးဘုရင်ကြီး နှင့် ငါးဘုရင်မကြီး တို့သည် ပင်လယ်ရေသတ္တဝါ အပေါင်းတို့အား အေးချမ်းစွာ အုပ်စိုးလျက် စံမြန်းနေလေသည် ။ ထို ငါးဘုရင်မကြီးသည် ထူးဆန်းစွာ လူသတ္တဝါ သမီးရတနာတစ်ပါးကို ဖွားမြင်လေ၏ ။ ရေနန်းသူဇာ ဟု ခေါ်တွင်လေသည် ။ ငါးဘုရင် နှင့် ဘုရင်မကြီး တို့သည် မိမိတို့ ပိုင်နက် အတွင်းသို့ နစ်မြုပ်၍ လာတတ်ကြကုန်သော လှေသင်္ဘောကြီးငယ်အသွယ်သွယ်တို့မှ လူဝတ်တန်ဆာများဖြင့် သမီးတော်လေးအား ဆင်မြန်းပေးကြ၏ ။ ဤသို့ဖြင့် သမီးတော်လေး ကြီးပြင်းလာသောအခါ လူသတ္တဝါဖြစ်သည့် အားလျော်စွာ ရေအောက်၌ နေရန် မသင့်လျော်တော့သဖြင့် ကမ်းစပ်မှ ကျောက်ဆောင်ကြီး တစ်ခုတွင် ရွှေ့ပြောင်း စံနေစေလျက် အစာရေစာများ ကို နေ့စဉ် ပို့သပေးလေသည် ။ ရေနန်းသူဇာ မင်းသမီးလေး အရွယ် ရောက်လာသောအခါ အလွန် ချောမွေ့လှပသော အဆင်းနှင့် ပြည့်စုံသည် သာမက ကိုယ်နံ့မှာ လည်း ရေကြာပန်းရနံ့ သင်းလျက်ရှိ၏ ။ သို့ ရာတွင် လူတို့၏ ဘာသာစကားကိုမူ တတ်မြောက် ပြောဆိုနိုင်ခြင်း မရှိပေ ။

တစ်နေ့သ၌ မင်းသမီးကလေးသည် မိမိ စံရာ ကျောက်ဂူကြီးနှင့် မနီးမဝေး တောစပ် တစ်နေရာ၌ နွယ်ဒန်းယာဉ် စီးနေစဉ် တောလိုက်ထွက်လာသော မုဆိုးတစ်ဦးက တွေ့ရှိသဖြင့် တော်ဝင်နန်းထိုက် အလှရှင်ဖြစ်၍ ဖမ်းဆီးကာ အရှင်သခင် ဖြစ်သော ဘုရင်မင်းထံ သွားရောက် ဆက်သလေတော့သည် ။ ထို မင်းသည်လည်း ချစ်မြတ်နိုးတော်မူလှသဖြင့် ကြင်ယာတော် မြှောက် ပြီးလျှင် မုဆိုးကြီး အားလည်း ဆုလာဘ်များစွာ ပေးသနားတော်မူလိုက်၏ ။ ထို့နောက် ရေနန်းသူဇာအား ဆရာသမားများဖြင့် လူတို့ ၏ ဘာသာစကားကို သင်ကြားတတ်မြောက်စေ၏ ။ ကောင်းစွာ တတ်ကျွမ်းလျှင် မောင်တော်ဘုရင်က ၎င်း၏ မျိုးရိုးဇာတိကို မေးမြန်းခြင်း ပြုလေသည် ။ ထိုအခါ ရေနန်းသူဇာသည် ...

“ မှန်လှပါ ... နှမတော်မှာ မိုးကျရွှေကိုယ် လှဖုန်းမို ဖြစ်ပါ၍ နှမတော်ရဲ့ ဇာတိဟာ မိုး ကောင်းကင်ကသာလျှင် ဖြစ်ပါတယ် ဘုရား ” ဟု မျိုးရိုးမှန်ကို ကွယ်လျက် လိမ်၍ ဖြေကြားလိုက်၏ ။ ဤ မုသားစကားကြောင့် သူ၏ ရေကြာပန်းကိုယ်နံ့ သည်လည်း တစ်ချိန်တည်း လွင့်ပြယ်လျက် ပျောက်ကွယ် သွားကုန်လေသည် ။

တစ်နေ့သော အခါတွင် ဘုရင်မင်းသည် နယ်မြေတစ်ခုကို ချီတက် တိုက်ခိုက်ရာ၌ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လေ၏ ။ ဤသို့ အောင်နိုင်သည့် အထိန်းအမှတ်အဖြစ်ဖြင့် ကြီးကျယ်ခမ်းနားသောအောင်ပွဲသဘင်ကြီးကို ကျင်းပရန်အတွက် တိုင်းသူပြည်သားများအားလည်း မိမိတို့ တတ်ကျွမ်းသော ပညာအရပ်ရပ် တို့ဖြင့် အဖက်ဖက်မှ ကူညီကြရန် နှိုးဆော်တော် မူလေသည် ။ ဤတွင် ဖြေဖျော်မှု၌ အတီးအမှုတ်ပညာရှင်တို့သည် လည်းကောင်း ၊ အဆိုအက ပညာရှင်တို့သည်လည်းကောင်း ၊ ပန်းချီ ပန်းပု ပညာရှင်တို့ သည်လည်းကောင်း စုပေါင်း၍ မကြုံစဖူး ထူးကဲသော အနုပညာအစွမ်းတို့ဖြင့် တင်သွင်း အသုံးတော်ခံရန် လုံးပမ်းကြ၏ ။ အကျွေးအမွေး ဘက်၌ လည်း လယ်သမား ၊ ယာသမား အပေါင်းတို့သည် စုရုံးကာ မိမိတို့ သီးနှံထွက်များကို တတ်အားသမျှ တင်ဆက်ကြ၏ ။ သားငါးအရာတွင်လည်း တံငါသည်အများတို့သည် အားကျိုးမာန်တက်ပေါင်းရုံး ဖမ်းဆီးကာ ပဏ္ဏာသွင်းကြ၏ ။ ထိုအထဲတွင် တံငါသည် တစ်သိုက်သည် အလွန် ထူးဆန်းသော ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိလာသဖြင့် ဘုရင့် ရှေ့တော်သို့ တင်သွင်းဆက်သ၏ ။

ငါးကြီး မှာ ကြီးမားလွန်း၍ နန်းတော်ရင်ပြင် တစ်ခုလုံး ပြည့်လုခမန်း ဖြစ်နေသည် ။ အားလုံးသော နန်းတွင်း ပရိသတ် အပေါင်းတို့မှာ ငါးကြီး၏ ကြီးထွားမှုကို ရင်သပ်ရှုမော အံ့ဩလျက် ရှိကြသည် ။ တစ်ယောက်သောသူ သာလျှင် မအံ့ဩဘဲ ရှိ၏ ။ ၎င်းမှာ ရေနန်းသူဇာ မင်းသမီး ပင်တည်း ။ ရေနန်းသူဇာသည် သလွန်ထက်မှ နေ၍ ခမည်းတော်အား ကြည့်ကာ ဟန်မပျက် ဣန္ဒြေ ဆည်နေ၏ ။ ခမည်းတော် ငါးကြီးကလည်း ရေနန်းသူဇာအား မြင်လေသောအခါ ...

“ သမီးတော် ... သမီးတော်ရယ် ။ ဖခမည်းတော်ကို ကယ်ပါဦး ” ဟု သနားစဖွယ် ဟစ်အော်ကာ အကူအညီ တောင်းရှာ၏ ။ သို့ရာတွင် ငါးဘုရင်ကြီး၏ အသံကို ရေနန်းသူဇာ တစ်ဦးတည်းသာ ကြားနိုင်၍ မည်သူမျှ မရိပ်မိပေ ။ မောင်တော် ဘုရင်ကမူ နှစ်ထောင်း အားရလွန်းလှ သဖြင့် ...

“ နှမတော် ဒီ ငါးကြီး တစ်ကောင်ကပဲ မောင်တော်တို့ တစ်ပြည်ထောင် လုံးဝ လောက်ပေတယ် ။ အခုလို ငါးကြီးကို လက်ရ ဖမ်းပေးနိုင်စွမ်းတဲ့ ဒီပုဂ္ဂိုလ်တွေ ကိုလည်း ဆုတော်လာဘ် တော်များ ပေးသနားတော်မူရ မကောင်းပေဘူးလား ” ဟူ၍ လှည့်ကာ တိုင်ပင်၏ ။ ထိုအခါ ငါးဘုရင်ကြီးကလည်း ...

“ ရေနန်းသူဇာ သမီးတော်ရဲ့ ... ခမည်းတော်ကို ကယ်ပါဦး ” ဟု ထပ်မံ၍ အော်ကာ တောင်းပန်ပြန်၏ ။ ရေနန်းသူဇာသည် ခမည်းတော် ဤကဲ့သို့ ခဏခဏ အော်နေလျှင် တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ မောင်တော် ကြားတော့မှာပဲ ဟု တွေးမိလျက် ...

“ သင့်တော်လှကြောင်းပါ မောင်တော်ဘုရား ။ အမြန်သာ စီစဉ်တော်မူပါ ။ ဒီ ငါးကြီးကိုလည်း ဒီမှာ ကြာကြာထားရင် နန်းတော် တစ်ခုလုံး အညှီနံ့ စွဲကုန်ပါလိမ့်မယ် ” ဟု လျှောက် လေ၏ ။

ထို့ကြောင့် အောင်ပွဲမဟာသဘင်ကြီးဝယ် ငါးဘုရင်ကြီး၏ အသားဖြင့် အောင်ပွဲခံကြ၏ ။ အသား မှာလည်း ဆူဖြိုး၍ အရသာ ထူးကဲလှ သဖြင့် လူအပေါင်းတို့ မြိန်ရည်ရှက်ရည် စားသုံးကြလေသည် ။ ရေနန်းသူဇာ သာလျှင် မစားဝံ့ဘဲ မရွံ့မရဲ ဖြစ်နေ၏ ။ သို့သော် မောင်တော် မင်း က ..

“ နှမတော် မောင်တော်ရဲ့အောင်ပွဲသဘင်မှာ ဘယ့်အတွက်ကြောင့် ဤ ငါးကိုလည်း ပွဲတော်မတည်ပါသလဲ ” ဟူ၍ ပြောလာသော အခါ၌မူ မောင်တော်၏ အငြိုအငြင် ခံရမည်စိုး သဖြင့် ကျိတ်မှိတ်၍ အသား တစ်ဖတ်မျှ ဖဲ့ယူစားလိုက်လေသည် ။ ကျေးဇူးရှင် ခမည်းတော် ဘုရင်ကြီး၏ အသားဖတ် ဝမ်းတွင်းသို့ ဝင်သွားသည် နှင့် တစ်ပြိုင်နက် ရေနန်သူဇာ၏ ရင်တွင်းဝယ် မီးလောင်ဗုံးပေါက်ကွဲသည့် အလား ပူပြင်းလှသဖြင့် ဣန္ဒြေမရ မြေဝယ်လူးလှိမ့် နေတော့၏ ။

သို့သော်လည်း သက်သာမှုကား မရဘဲ တစ်စ ထက် တစ်စ ပို၍သာ လောင်ကျွမ်းလာ သဖြင့် ရေနန်းသူဇာမှာ ဆောက်တည်ရာမရ အနီးဆုံး မြစ်ဆိပ်ရှိရာသို့ ထွက်ပြေးရပြန်၏ ။ ပြေးရင်း မှပင် ခြေပိုင်းတို့မှာ ယား၍ လာသည် ။ မြစ်ဆိပ်သို့ အရောက်၌မူ ဝမ်းတွင်းမှ ပူလောင်မှုမှာ ရင်ကွဲမတတ် ရှိပြီးလျှင် ခြေပိုင်းတို့မှာလည်း မနေနိုင်လောက်အောင်ပင် ယားယံလာသဖြင့် ကမ်းစပ်မှ သဲပြင် အေးအေးဝယ် လူးလှိမ့်၍ ကုပ်ရပြန်၏ ။ ထိုသို့ ကုပ်လိုက်တိုင်းပင် အရေပြား တို့မှာ ဟက်တတ်လန်၍ လန်၍ သွား၏ ။ ထို့နောက် သူ ၏ ခြေနှစ်ဖက်မှာလည်း ပူးကပ်၍ သွားပြန်၍ ခွာမရတော့ပေ ။

မကြာမီအတွင်း သူ၏ ကိုယ်အောက်ပိုင်းမှာ ငါးတစ်ပိုင်း လုံးလုံး ဖြစ်သွားတော့သည် ။ သည့်နောက်တွင်မူ ရေနန်းသူဇာသည် မြစ်တွင်းသို့ ဆင်းကာ ပင်လယ်ဘက်သို့ ကူးသွားသည်မှာ မည်သည့်အခါမှ ပေါ်မလာတော့ပေ ။ သို့ရာတွင် သူ၏ အဆက်အနွယ်များကိုမူ ရေသူမများ အဖြစ်ဖြင့် ပင်လယ်ကမ်းခြေ ကျောက်ဆောင်များ ထဲတွင် တချို့သော လူတို့က တွေ့မြင်ကြရသည်ဟု ဆို၏ ။

⎕ တက္ကသိုလ် - ခိုင်မြတ်မွန်
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၆ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment