Tuesday, July 8, 2025

သီကုံးပန်းသွင် နေ့တိုင်းဆင်

❝ သီကုံးပန်းသွင် နေ့တိုင်းဆင် ❞

မန္တလေး ကျုံးနံဘေးမှာ အေးအေးလူလူ ထိုင်ပြီး တစ်နေကုန် ပန်းချီဆွဲနေသူ တစ်ဦးကို မန္တလေးသူ ၊ မန္တလေးသားတွေ မြင်ဖူးကြပါတယ် ။

ပန်းချီဆွဲနေသူက နာမည်ကျော် ပန်းချီဆရာကြီး ဦးခင်မောင်သန်း ပါ ။ မန္တလေး ကျုံးမြို့ရိုးရဲ့ လေးဘက်လေးတန် မြင်ကွင်းကို တစ်နေရာ ပြီး တစ်နေရာ ရွှေ့ပြောင်းပြီး ပန်ချီဆွဲတယ် ။ မိဿ ၊ ပြိဿ ဆယ့်နှစ်လရာသီ မှာ ပြောင်းလဲသွားတဲ့ ကောင်းကင် တိမ်တိုက်တွေ ၊ သစ်ပင်သစ်ရွက်တွေရဲ့ အရောင်အသွေးတွေကို ကြည့်မြင်ပြီး ဆရာကြီး ဦးခင်မောင်သန်း က ကျုံးနံဘေးမှာ တစ်နှစ်ပတ်လုံး လှည့်ပြီး ပန်းချီကားတွေ ဆွဲတယ် ၊ နံနက် နေခြည်နုနု ၊ နေ့လယ် နေရောင်လင်းလင်း ၊ ညနေခင်း အလင်း ဖျော့ဖျော့တွေကြောင့် လှပမှုတွေ တစ်မျိုး တစ်ဖုံစီ ထူးခြားနေတဲ့ ကျုံးမြို့ရိုး ရှုခင်းတွေကို သူက တစ်နေကုန် ထိုင်ပြီး ရေးဆွဲပါတယ် ။

ပန်းချီကားတွေက တစ်ချပ် ပြီး တစ်ချပ် ၊ ဆရာကြီး ပန်းချီ ဆွဲ နေတာကို ဝိုင်းကြည့် နေသူတွေလည်း ရှိတယ် ၊ အချို့က ဝါသနာပါလို့ ၊ ပန်ချီကားတွေ ဆွဲမပြီးခင် ကတည်းက ဝယ်ယူစုဆောင်းမယ့် သူတွေက ရချင်လို့ လက်တပြင်ပြင် ၊ ပန်းချီကား ဝယ်ယူ စုဆောင်းသူ မှန်ရင် ဆရာဦးခင်မောင်သန်း ရဲ့ ပန်းချီကားရှိတယ် ။ ဆရာကြီးရဲ့ ပန်းချီကားတွေကို ပန်ချီအနုပညာ မြတ်နိုးသူတွေက လေးစားတန်ဖိုးထား ကြတယ် ။

မန္တလေးတောင်တော် အဆင်း ခြင်္သေ့ကြီး နှစ်ကောင်ရှေ့က Mandalay Hill Art Gallery မှာ ဆရာကြီး ဦးခင်မောင်သန်း ကို သွားရောက် တွေ့ဆုံပြီး သူ့ ပန်းချီကားထဲမှာ ဘာတွေ ထည့်ဆွဲလို့ ကောင်းနေသလဲဆိုတာ ကျွန်တော် မေးမြန်းပါတယ် ။

••••• ••••• •••••

ကျွန်တော့် အလုပ်ခန်းကို လာလေ့လာတဲ့ ကျောင်းသား တစ်ယောက်က ပြော တယ် ။ သူ့ဆရာက မင်း စိတ်မပါရင် မရေးနဲ့ ၊ စိတ်ပါမှ ရေးလို့ ပြောတယ်တဲ့ ။ အဲသည့် စကားကို ကျွန်တော့် အနေနဲ့ နားမဝင်ဘူး ။

ဆိုပါစို့ ၊ ကျွန်တော်က commercial art ( စီးပွားရေးပန်းချီ ) လုပ်ခဲ့တယ် ။ နောက်မှ fine art ( အနုပညာပန်းချီ ) ဆိုတဲ့ ပန်းချီကားလိုင်းကို ရောက်တယ် ။ commercial လိုင်းကို နှစ်တော်တော်ကြာကြာလုပ်လာတော့ အဲဒါကို မလုပ်ချင်ဘူး ။ ပန်းချီကားပဲ ရေးချင်တယ် ။ ပန်းချီကားရေးတာက ရောင်းဖူးသလောက် ရောင်းရပေမယ့် commercial ကို လုံးလုံး လက်လွှတ်လို့ မရသေးဘူး ။ အဲဒါ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပေါ့ ။

commercial အလုပ်ကို လက်ခံလိုက်ပြီ ဆိုတဲ့ အချိန်မှာ ရေးလက်စ ပန်းချီကားက အောက်လိုင်းတွေ ဘာတွေ ချပြီးသား ရှိနေတယ် ။ ဒါပေမဲ့ ၊ အဲဒါ ခေတ္တ ချထားရတယ် ။ ပန်းချီကားက ဝါသနာ အလုပ် ၊ အော်ဒါအလုပ် မဟုတ်ဘူးလေ ။

အလုပ်လက်ခံ လိုက်ပြီး နောက် တစ်နေ့မနက် ရောက်တော့ စက္ကူပလိန်း တစ်ချပ်ကို ဘုတ်မှာ ကလစ်နဲ့ ညှပ်တယ် ။ ပြီးတော့ အလုပ်အပ်သွားတဲ့ စာရွက်ကော်ပီလေးကို ကြည့်တယ် ။ ဘယ်လို ရေးရမှာလဲ ဆိုတာ အိုင်ဒီယာထုတ်တယ် ။ ဘယ်လိုလေး လုပ်မှာလဲ စဉ်းစားရင်း ခဲတံချွန် ၊ ခဲလေးနဲ့ ကြောင်းလိုက်တယ် ။ ဒါလေးက မိန်းစာလုံး ၊ ဒါလေးဖြင့် ကြီး ။ သည် စာလုံးက ဒုတိယအုပ်စု ။ ကာလာလေး ဘယ်လို ဝင်မယ် ။ ငါးမိနစ် မကြာဘူး စိတ်ဝင်စား သွားပြီ ။ ကိုယ် မလုပ်ချင်ဘူးဆိုတဲ့ commercial ထဲ စိတ်က ရောက်သွားပြီ ။

အဲသည်အချိန်မှာ ပစ္စည်းရှင် ရောက်လာပြီး ဘယ်ရက် ဘယ်ရက် ရအောင် ကြိုးစားပြီး ရေးပေးပါလို့ အပ်ခဲ့တာပေမယ့် အခုတော့ အခြေအနေက ပြောင်းသွားပြီ ၊ အရေးမကြီးတော့ဘူး ။ နောက်မှ လုပ်လည်း ရပါတယ် လာပြောရင် အဲဒီ စကားကို သိပ်မကြိုက်တော့ဘူး ။ ဒါပဲ လုပ်ချင်တာ ။ ပြီးအောင်ပဲ လုပ်တော့မှာ ။ သူ့ စရန်ငွေ ဘာညာ ပေးထားလို့လည်း မဟုတ်ဘူး ။ ငွေ ကြောင့်မို့ မဟုတ်ဘူး ။ ဒါလေး စကိုင်ပြီ ဆို ကတည်း က ရသခံ ရေးတာကိုး ။ အလုပ်ထဲ စိတ်ဝင်စားသွားပြီ ။ ပြီးတဲ့အထိ လုပ်ချင်တယ် ။

၁၉၅၄ ခု ၊ ကျွန်တော် ၁၃ နှစ်သားမှာ ကျွန်တော် မန္တလေး ပန်းချီကျောင်း ကို ရောက်တယ် ။ ကျွန်တော့် ဆရာ ဦးအေးကျော် က ဩဝါဒတွေ အများကြီး ပေးလိုက်တာ ။ အဲသည် အထဲမှာ တစ်ခုကတော့ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ပါတဲ့ ။ နောက်ဆုံး တံမြက်စည်း လှည်းရင်တောင် အပြောင်ဆုံး လှည်းပါတဲ့ ။ ကျွန်တော် ပထမနှစ်တုန်းက ဆရာပြောခဲ့တဲ့ စကား အဲသည် စကားကို နားထဲမှာ အမြဲကြားနေတာ ။

နံနက်လေးနာရီခွဲ ဆိုရင် ကျွန်တော် အိပ်ရာထတယ် ။ အိမ်ရှေ့မှာ တံမြက်စည်း လှည်းတယ် ။ အမှိုက် ကျုံးတယ် ။ တံမြက်စည်း လှည်းတဲ့ အလုပ်ကို နေ့တိုင်း လုပ်ရင်း ဆရာ့စကား နားထဲကြားတယ် ။

ငယ်စဉ် ကတည်းက ယနေ့ အထိ ကျွန်တော် ပန်းချီရေးခဲ့တာ ၊ ကျွန်တော့်ကား ညံ့ခါမှ ညံ့ရော အားလုံးကို ကျွန်တော် လက်ကုန်ချည်း လုပ်တာ ။ အလုပ်တစ်ခု အပ်ထားလို့ အလုပ် လုပ်ပြီဆိုရင် အဲဒါကို ငွေ က ဘယ်လောက်နဲ့ပဲ လက်ခံလိုက်တာ ၊ ငါ လုပ်နေတာ ဘယ်နှရက် ရှိနေပြီ ၊ ဒါဆို နေ့တွက်တောင် မကိုက်တော့ဘူး ။ ငွေနည်းသည် ဖြစ်စေ များသည် ဖြစ်စေ နောက်ဆုံး ငွေမပါလည်း အကောင်းဆုံး လုပ်တော့တာပဲ ။

တောင်ပုလုဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်က ရခိုင်ဆရာဝန်ကြီး တစ်ယောက် က ဉာဏ်တော် ကိုးတောင် ရှိတဲ့ ကျောက်ဆင်းတုတော်ကြီးတစ်ဆူ တောင်ပုလု မှာ ပူဇော်တယ် ။ ဆင်းတုနောက်ခံ ပန်းချီကားကြီး ဆွဲပေးဖို့ ဆရာဦးအောင်ချစ် ကို အပ်တယ် ။ ဆရာက ကျွန်တော့်ကို တာဝန်ပေးတယ် ။ ရေးပြီးတော့ ပန်းချီကားကြီးကို တောင်ပုလု သယ်သွားတယ် ။ ဆရာတော်ကြီး ကိုယ်တိုင်လည်း ပန်းချီကားကို လာကြည့်တယ် ။ ဒကာ ရခိုင်ဆရာဝန်ကြီး က ဟို ( အိန္ဒိယ ) မှာလည်း သည်အတိုင်းပဲတဲ့ ။ နေရဉ္ဇရာမြစ် နဲ့ ရှုခင်း ။ သူက ရောက်ဖူးတာကိုး ။ ကျွန်တော်က မရောက်ဖူးဘဲ စိတ်မှန်းနဲ့ ပဲ ပူဇော်ပြီး ရေးတာ ၊ တကယ် ရှိနေတဲ့ ရှုခင်းနဲ့ တူတယ်ပြောတော့ ပီတိဖြစ်လိုက်တာ ပြောမပြတတ်အောင်ပါပဲ ။ တောင်ပုလု ဆရာတော်ကြီး ရဲ့တပည့် ကျိုက်ပွန် ဇေတဝန် ဦးအိန္ဒစက္က က ပဲခူး အတွက် ပန်းချီကား လေးချပ် အပ်တယ် ။ အဲသည် အထဲမှာ ဖလ္လသမ္မာပတ် ဆိုတဲ့ ပန်းချီကားကြီးပါတယ် ။ အလျား ၁၈ ပေ ၊ အမြင့် ၉ ပေ ။

နမူနာပုံစံလေး ရေးမယ်ဆိုပြီး စားပွဲပေါ်မှာ ထပ်ထားတဲ့ သတင်းစာ စက္ကူတွေ အောက် က ဆွဲထုတ်လိုက်တော့ မြန်မာချပ်စက္ကူတစ်ရွက် ထွက်လာတယ် ။ ချပ်ကတော့ ခေါက်ထားတာ ။ ခေါက်ရိုး က ကျိုးနေတယ် ။ ကိစ္စ မရှိဘူး လေ ၊ sketch ( ပုံကြမ်း ) ကောက်မှာပဲ ။

ဖလ္လသမ္မာပတ် ဈာန်ဝင်စား နေတဲ့ပုံ အောက်လိုင်းထုတ် လိုက်တယ် ။ ခဲအောက်လိုင်းလေး ပြီးသွားတော့ ဗောဓိညောင်ပင် ၊ နေရဉ္ဇရာမြစ်တွေ ကောက်ကြောင်း composition ( အထားအသို အခင်းအကျင်း ) ဖွဲ့လိုက်တော့ တာပေါ့လေ ။ ပြီးတဲ့အခါ ဒါကို tone ( အရောင် အနုအရင့် ) ထည့်ချင်တယ် ။ ခဲ နဲ့ tone ထည့်တယ် ။ ခဲပန်းချီကားတစ်ချပ် ဖြစ်သွားတယ် ။ ခဲနဲ့ ထည့်တာကို ပန်းချီကားကြီး ရေးသလို လက်ကုန် ထည့်တာပဲ ။

ပြီးတော့ watercolor ( ရေဆေး ) လေးနဲ့ wash ( ဆေးခြယ် ) လုပ်ကြည့်ချင် လာတယ် ။ ကာလာချတယ် ။ မြန်မာချပ် ဆိုတော့ ဆေးတင်လိုက်ရင် ဆေးကို ငုံငုံသွားတယ် ။ ရေဆေး တင်လို့ ရသလောက်နဲ့ ပြီးအောင်ရေးတယ် ။ ဒါပေမဲ့ ကိုယ်က ကာလာတွေ ၊ tone တွေ ကိုယ့် စိတ်ထဲ ရှိသလောက် ထည့်ချင်တယ် ။ ဘာလုပ်သလဲ ဆိုတော့ body color နဲ့ ရေးတယ် ။ နောက်ဆုံး သည် ကား လုံးဝ ပြီးတဲ့ အထိ ရောက်သွားတယ် ။ ခဲရေးတယ် ။ လက်ကုန် ရေးတာပဲ water color အသားနဲ့ ရေးတော့လည်း လက်ကုန် ရေးတာပဲ ။ body color နဲ့ ရေးတာလဲ လက်ကုန် ရေးတာပဲ ။

ကိုအောင်သန်း တဲ့ ၊ ကျွန်တော့် တပည့်တစ်ယောက်က အဲသည်ကားလေး ရချင်တယ်တဲ့ ၊ ဝယ်သွားတယ် ။ ကိုဟန်သန်းနိုင် က ကနောင် ဆိုတဲ့ ပန်းချီပြခန်း ဖွင့်တယ် ။ ကျွန်တော့် ကားတွေ နည်း နေတာနဲ့ ကိုအောင်သန်း ဆီ က ကားကိုလည်း ယူ ချိတ်တယ် ။ ရောင်းဖို့ ဈေးနှုန်း ကပ်ပါဆိုတော့ မရောင်းပါဘူးတဲ့ ။ ဈေးမတပ်ပါရစေနဲ့တဲ့ ။ ပြခန်းဖွင့်လို့ ခုနစ်ရက် လောက် နေတော့ အမေရိကန် က ဇနီးမောင်နှံ ဝင်ကြည့်တယ် ။ ပန်းချီကားတိုင်း ဈေးနှုန်းတွေ နဲ့ ။ အဲသည် ကားပဲ ဈေးနှုန်း ကပ်မထားဘူး ။ ဒါကို သူတို့က ဒေါ်လာ ၅၀၀ ပေးပါမယ်တဲ့ ။

သည်အကြောင်းကို ကျွန်တော် ပြောတော့ ဆရာ့ဩဝါဒ နားထဲ ဝင်သွားလိုက်ပြီး ဘာလုပ်လုပ် အကောင်းဆုံး လုပ်တာရဲ့ အသီးအပွင့် ပေါ့ ။ ဆရာ့စကား ဘယ်လောက်အထိ နားထဲကို ရောက်သွားသလဲ ဆိုရင် နွေရာသီကျောင်းပိတ်ရက်မှာ မိဘတွေက ကလေးတွေကို ပန်းချီသင်ပေးပါလို့ လာအပ်တယ် ။ သူတို့က ပန်းချီဆရာ လုပ်မယ့်သူတွေလည်း မဟုတ်ဘူး ။

ကျွန်တော်က သူတို့ကို မျဉ်းပြေး ၊ မျဉ်းမတ် ၊ မျဉ်းစောင်းလေးတွေ ရေးခိုင်းတယ် ။ ပြီးရင် မီးခြစ်ဘူး ၊ အုတ်ခဲ သုံးဘက်မျက်နှာ မြင်ရတာလေး ရေးပြတယ် ။ သူတို့ ရေးတဲ့ မျဉ်းပြိုင် ၊ မပြိုင်ရင် ပြိုင်အောင်ပြရတယ် ။ သူတို့ကို ပုံစံရေးပြ ကတည်းက တကယ် ပြိုင်နေအောင် ရေးပြတယ် ။ ကလေးတွေ ရယ်လို့ ဖြစ်သလိုမလုပ်ဘူး ။ မျဉ်းမတ်ဆိုရင်လည်း သူတို့ကို သင်ပြတဲ့အချိန်မှာ တကယ့် မျဉ်းမတ်စင်စစ် ဆွဲပြတယ် ။ ကိုယ်ဆွဲပြတဲ့ မျဉ်းမတ်က ခပ်စောင်းစောင်း ဖြစ်နေပြီး ကလေးတွေ ဆွဲတာ စောင်းနေပြီ ဆိုမှ မင်းတို့ မျဉ်း စောင်းနေတယ် ပြောလို့ မဖြစ်ဘူး ။ ကလေးကို ပြတာပေမယ့် ကျွန်တော်က ဖြစ်ကတတ်ဆန်း မလုပ်ဘူး ။ သေသေချာချာပဲ ။

ဆရာ့ဩဝါဒ တစ်လုံးကို တော်တော် စွဲသွားပြီး လိုက်နာတဲ့ သဘောပါ ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံအဖုံဖုံ


 

No comments:

Post a Comment