Tuesday, July 15, 2025

နွံထဲမှ ရုန်းထခဲ့သူ


 

❝ နွံထဲမှ ရုန်းထခဲ့သူ ❞

[ ဟုမ္မလင်းမြို့ကို ကျွန်တော် ရောက်ခိုက်မှာ ကိုသိန်းနိုင် ၊ ကိုသက်နိုင်ထွန်း တို့ နဲ့ ချင်းတွင်းမြစ် ကမ်းနားလမ်း တစ်လျှောက် လမ်းလျှောက်ဖြစ်ခဲ့ပါတယ် ။ ဟုမ္မလင်းမြို့က အထက်ချင်းတွင်းမှာ စည်ကားတဲ့ မြို့ ဖြစ်တယ် ။ ရွှေတူးဖော်ထုတ်လုပ်တဲ့ ရွှေမှော်တွေ မြို့ဝန်းကျင်မှာ အများကြီးရှိတယ် ။

ကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း မြစ်ယံကမ်းစပ်ကို လှမ်းမျှော်ကြည့် လိုက်ရင် ဆိပ်ကမ်းမှာ လူတွေ ပျားပန်းခပ် သွားလာလှုပ်ရှား နေတယ် ။ ခန္တီး ၊ မုံရွာ ၊ ကလေး ၊ ကလေးဝ ၊ မင်းကင်း က လာတဲ့ အမြန်ရေယာဉ်တွေလည်း စုပြုံ ဆိုက်ကပ် ထားတာတွေ့ရတယ် ။ အမြန်ရေယာဉ်တွေက လုံးပတ်သေးသေး ၊ အလျားရှည်ရှည် သံကိုယ်ထည် ။ ပုံစံက ရေငုပ်သင်္ဘောနဲ့ ဆင်တူတယ် ။

ကမ်းနားလမ်းမှာ “ နန်းထက် ” ဆိုတဲ့ စတိုးဆိုင် တစ်ဆိုင်ကို တွေ့ရတယ် ။ ဆိုင်က လမ်းဆုံ လမ်းထောင့်မှာ ။ ပစ္စည်းလည်းစုံတော့ ဝယ်သူတွေများတယ် ။

ဆိုင်ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်နဲ့ ကိုသိန်းနိုင် က မိတ်ဆက် ပေးတယ် ။ သူက ဆိုင်ပိုင်ရှင် ၊ အမည်က ကိုအေး တဲ့ ။ ကိုအေး ( ယခု အသက် ၅၀ နှစ် ) နဲ့ ကိုသိန်းနိုင် တို့က ခင်မင်ရင်းနှီးတယ် ။ အတွင်းသိ အစဉ်းသိ ။ ကိုအေး ဟာ အောက်ရပ်မှ အထက်ချင်းတွင်းကို တက်လာပြီး စီးပွားရှာတယ် ။ စီးပွား ဖြစ်တယ် ။ ရွှေမှော် ထဲမှာ အပျော်အပါးနဲ့ လောင်းကစားက စုံတယ် ။ ကိုအေး လေးကောင်ဂျင် ဝင် ဆော့မိတာ ရှိသမျှ ဥစ္စာ ပြုတ်ပြုတ်ပြုန်းတယ် ။

အဲဒီ အခြေအနေ ကနေ အရောင်းဝယ် ကောင်းတဲ့ စတိုးဆိုင် တစ်ဆိုင် ပြန်ပြီး ထူထောင်လာခဲ့ပုံကို ကိုအေး က ပြန်ပြောပြပါတယ် ။ ]

••••• ••••• •••••

ဆားလင်းကြီးမြို့နယ် ၊ ဆားထုံး ဆူးလေကုန်းရပ်မှာ မွေးတယ် ။ မိဘတွေက ဦးသန်းအောင် ၊ ဒေါ်ကြည် ။

ရွာကျောင်းမှာပဲ နေတာ ။ ငါးတန်းနဲ့ ကျောင်းထွက်တယ် ။ စာကို သိပ်စိတ်မပါတော့တာနဲ့ ထွက်တာ ။ အဖေက မော်တော်နဲ့ လိုက်ပြီး အရောင်းအဝယ် လုပ်တာ ။ သိပ်တော့ အဆင်မပြေပါဘူး ။

အိမ်မှာ သိုးတွေ မွေးထားတယ် ။ ကျောင်းထွက်တော့ သိုးကျောင်း လိုက်ရတယ် ။ သိုးက မိဘတွေပိုင်တာ ။ ပထမအစတော့ ကောင်ရေ ၃၀ ကျော်ကစတာ ။ သားကျပြီးတော့ ... ၊ တစ်နှစ်ကို နှစ်သားတစ်ဗိုက် ဆိုတော့ သိုးအုပ်က ကြီးကြီး လာခဲ့တာ ရောင်းရင်း စားရင်းနဲ့  ၇ဝ ကျော် ဖြစ်လာတယ် ။

သိုးကျောင်းတာက သူတို့ သွားရာနောက် တကောက်ကောက် လိုက်နေရတာ ။ သိုး ဆိုတဲ့ အမျိုးက ရှည်တယ် ။ ဆိတ် နဲ့ မတူဘူး ။ စားကျက်ပေါ် မူတည်ပြီး သုံးလေးမိုင် ပတ်ဝန်းကျင် လျှောက်သွားတာ ။ သိုး ထဲမှာ ခေါင်းဆောင်တဲ့ ကောင် ရှိတယ် ။ ခေါင်းဆောင်ကောင် သွားရာ နောက်က ကောင်တွေ လျှောက်လိုက်တာ ။ ခေါင်းဆောင်ကောင်ကို သိပ် မသွားအောင် ငေါက်ပေး ထားရတယ် ။

သိုးကျောင်းတာ နှစ်နှစ်ခွဲ လောက်ကြာတော့ ကျွန်တော် ဆေးရိုးစက် မှာ အလုပ်ဝင်လုပ်တယ် ။ ဆေးရိုးစက် ကလည်း ရွာထဲမှာပဲ လုပ်ခ တစ်ရက် ( ကျပ် ) ၅ဝဝ ရတယ် ။ မနက် ၆း၀၀ - ည ၆း၀၀ ။

အဲဒါ သုံးနှစ်လောက် လုပ်ပြီးတော့ မုံရွာ တက်ပြီး ပဲခွဲစက်မှာ အလုပ်လုပ်တယ် ။ သူတို့ ထမင်း မစားရင် တစ်ရက်ကို ၁၂ဝဝ ၊ ထမင်းစားရင် ၈ဝဝ ။ အဲဒါလည်း သုံးနှစ် ပဲ ။ ကျွန်တော်က တစ်နေရာ တစ်နေရာကို သုံးနှစ်လောက်ပဲ ။

ပဲခွဲစက် ရောက်စက အလုပ်ကြမ်းသမား ။ တအား ပန်းတယ် ။ ကိုယ်က သက်သာတဲ့ နေရာ ရောက်အောင် အဆင့်ဆင့် ကြိုးစားရတာ ။ ကတ္တားချိန် ၊ နောက် စာရင်းပိုင်းပေါ့ ။ ကြီးကြပ်တဲ့ ခေါင်းဆောင်လို နေရာ အထိ ရောက်လာတယ် ။ သုံးနှစ်ကျော်လို့ လုပ်ငန်း ပြောင်းမယ် ဆိုတော့ စက်ပိုင်က မထွက်စေချင်ဘူး ။ လခ တိုးပေးပါမယ် ပြောတာ ။ ဒါပေမဲ့ ကျွန်တော် ထွက်ပြီး မော်တော်လိုက်တယ် ။

မော်တော်က ပြည် ၊ ဟင်္သာတ နဲ့ မုံရွာ နဲ့ သွားတာ ။ မော်တော်ပိုင်က သူငယ်ချင်း ။ စခါစက သူငယ်ချင်း မော်တော်မှာ အလုပ်သမား သဘောမျိုး ။ မော်တော် လိုက်ရင်း ကိုယ့်ရှိတဲ့ အရင်းအနှီးလေးနဲ့ ကုန်သည် လုပ်တယ် ။ ဒီဇယ်တို့ ဆန်တို့ အဆန် မှာ ဝယ်လာတယ် ။ အစုန်မှာ ထန်းလျက်တို့ ကြိမ်တို့ တင်တယ် ။ ထန်းလျက်ဝယ် သွားပြီး ချောက် မှ စပြီး အောက် မှာ တစ်မြို့ဝင် တစ်မြို့ထွက် စုန်ရင်း ရောင်းသွားတာ ။ လေးနှစ် ကျော်ကျော် လုပ်ပြီး နောက် ဟုမ္မလင်း ဘက် ရောက်လာတာ ။

ကျွန်တော့် အစ်ကိုက ဟုမ္မလင်း ဘက်မှာ အိမ်ထောင်ကျတာ ။ သူ့ဆီ လာလည်ရင်း ရောင်းစရာ ဆန်တွေ ပါလာတယ် ။ အဲဒီတုန်းက ဟောင်ပါးမှော် က ရွှေရော ကျောက်ရော လုပ်ကြတာ ။ စည်တယ် ။ ကျွန်တော် က ဆန် နဲ့ ဟောင်ပါး တက်တယ် ။ အဲဒါ ၁၉၉ဝ ခု ။ စုန်ချည်ဆန်ချည် နဲ့ အရောင်းအဝယ် လုပ်နေတာ ။

အရောင်းအဝယ် လောကထဲ နစ်မြုပ်နေလိုက်တာ သုံးနှစ်လောက်ကြာတယ် ။ တဖြည်းဖြည်း စုမိဆောင်းမိလည်း ရှိလာတယ် ။ ဟောင်ပါး မှာ သူငယ်ချင်းတွေ ကစားတဲ့ ဝိုင်းကို ဘေးကနေ ထိုင်ကြည့်တာ ။ ထိုင်ကြည့်ရင်း အပျင်းပြေဆိုပြီး လေးကောင်ဂျင်ဝိုင်းကို ဝင်ကစားမိတာ ။ နှစ်လလောက် ကစားမိတာ တစ်သက်လုံး ရှာခဲ့သမျှ ကုန်ရော ။ စဉ်းစားသာ ကြည့် ၊ ၁၉၉၃ ခုက ငွေအမောင့် ( amount ) သိန်း ၃ - ၄ဝ နည်းတာ မဟုတ်ဘူး ။

ငွေမျော ငွေနဲ့ လိုက်ကွာဆိုပြီး လိုက်ရင်း ပါသွားတာ ။ တစ်နေကုန်ရင် ကိုယ် ရှုံးတာက သုံးသိန်း ၊ ကိုယ် ပြန်ရတာက နှစ်သိန်း ။ ပြန်ကစား ။ နောက်ရက်ကျ ငါးသိန်း လောက် ရှုံး ။ ပြန်ကစားတော့ နှစ်သိန်း ပြန်နိုင်ပါရဲ့ ၊ ငါးသိန်း ရှုံးထားတော့ ကိုယ့် ထဲ က ပါတာပဲ ။ အဲဒါနဲ့ပဲ နှစ်လလောက် မဲလိုက်တာ ရှာထားသမျှ ကုန်ရော ။

စထိုးခါစက များများကြီး မထိုးရဲဘူး ။ လက်ဖက်ရည်ဖိုးလေး ပွားလိုက်ဦး မယ်ကွာ ဆိုပြီး နှစ်ရာတန်လေး ဝင်ထိုးတာ ။ တဲ့ ထွက်ရင် သုံးဆ လျော်တယ် ။ ဝင်သာ ထိုးနေတာ ကိုယ်က နားမလည်ဘူး ။ တဲ့ ၊ ကြိုးတင်တယ် ။ မြွေခေါင်းဖားဖင် ထိုးတယ်နဲ့ ရှုပ်နေတာပဲ ။

နှစ်ရာ ကနေ တစ်ထောင် နှစ်ထောင် ထိုးလာတယ် ။ ထိသွားတော့ တစ်သောင်း နှစ်သောင်း စွတ်လိုက်တယ် ။ နောက်တော့ မိုက်တိမိုက်ကန်း ထိုးတော့တာပဲ ။ ကိုယ်က ရှုံးနေတာဆိုတော့ ငါးသိန်း ခြောက်သိန်းကို ပုံထိုးတာ ။ ငွေစက္ကူတွေ ဆိုတာ တစ်ထပ်ကြီး ။ ကျွန်တော်တို့ ရရင်လည်း တစ်ထပ်ကြီး ၊ ပါသွားလည်း တစ်ထပ်ကြီးက ပြားသွားတာပဲ ။

တစ်နေကုန်နီးပါး ထိုင်ပြီး ကစားနေတာ ။ စားရတာလည်း အရသာ မရှိတော့ ဘူး ။ စိတ်က ဒီထဲပဲ မွှန်နေတာကိုး ။ ( အရက် ကော မသောက်ဘူးလား ။ ) မသောက်တတ်လို့ပေါ့ ။ သောက်တတ်ရင် လူတောင် ပြန်ဖြစ်မှာ မဟုတ်ဘူး ။

မှော်ထဲမှာ ရွာက လူတွေ လည်း ရှိတယ် ။ ကျွန်တော် ကစားနေတာ အဖေက ကြားပြီး လိုက်လာတယ် ။ ကျွန်တော် ရှုံးနေတာ အဖေ သိတယ် ။ ကျွန်တော်ကလည်း ကျွန်တော် မှားပါတယ် ပြောတော့ အဖေက လူဆိုတာ မှားမှန်းသိရင် ပြင်လို့ ရပါတယ်တဲ့ ။ ကျွန်တော်လည်း ရပ်တော့မယ်လို့ စိတ်ကို ပိုင်းဖြတ်ပြီး အဖေ နဲ့  ရွာပြန်လိုက်သွားတယ် ။

ရွာရောက်တော့ ဒုလ္လဘ ရဟန်းခံတယ် ။ တစ်လခွဲ လောက် ရဟန်းဝတ် ပြီးတော့ ကျွန်တော် ဟောင်ပါး ပြန် တက်တယ် ။ ဒီဘက်ပြန် ရောက်တော့ သူများ စက်လှေမှာ ကျွန်တော် အလုပ်သမား အဖြစ် ပြန်လိုက်တယ် ။ ဘဝကို သုညက ပြန်စတာပေါ့ ။

အရင် ကျွန်တော် ကုန်သည် အဖြစ်နဲ့ ကုန်တင်နေတဲ့ မော်တော်မှာ အလုပ်သမား ပြန် လုပ်တာ ။ လှေရှင်က ဘယ်လောက် နှိမ်သလဲ ဆိုရင် ထုံးစံက လှေ တစ်ခေါက်တွက် အလုပ်သမားကို ( ကျပ် ) ၃ဝဝဝ ပေးတယ် ။ ကျွန်တော့် ကို ငါးရာ လျှော့ပြီး ၂၅ဝဝ ပဲ ပေးတယ် ။ ကျွန်တော် ကုန်တင်နေတုန်း က မော်တော်ပိုင်ရော မော်တော်သမားတွေကို ရော တစ်လမ်းလုံး ကျွေးသွားတာ ။ စားစရာ အပြည့်အစုံဝယ် ၊ ဘာပဲစားစား ကျွေးတာ ။ ဘဝကို ပြောရရင် အစားအသောက် ဆိုးလွန်းလို့ ကျွန်တော့် ပေးရမယ့် ပိုက်ဆံနဲ့ ကြက်ဥ ဆယ်လုံးလောက် စိုက်ဝယ်ခဲ့ပါ ၊ တစ်နေ့ တစ်လုံး စားပါ့မယ်ဆိုတာ မော်တော်ပိုင်က မင်း တစ်ယောက်တည်း မဟုတ်ဘူးကွတဲ့ ။

သွားလိုက်လာလိုက် နဲ့ ခေါက်စားရတဲ့ဟာကို စု ၊ စု စု ၊ တစ်နှစ်လောက် စုလိုက်တာ နှစ်သောင်း ၊ သုံးသောင်း ရတယ် ။ စားရင်းသောက်ရင်း စုရတာ ။ ပိုက်ဆံများ ဖြုန်းတုန်းကတော့ ကုန်တာ ခဏလေး ၊ ပြန်ရှာရတော့ ... ( ရယ်လျက် ) ။

နောက်တော့ သူငယ်ချင်းတွေ မသုံးဘဲ ပစ်ထားတဲ့ လှေခွံနဲ့ စက်တစ်လုံး ခဏငှားပြင်တယ် ။ နမ့်တော့ ရွှေမှော်ဘက် တန်ဆာတင်တယ် ။ ပစ္စည်းတင်ပြီး တန်ဆာခ ယူတာ ။ လုပ်ရင်းကိုင်ရင်းနဲ့ ငွေငါးသောင်းလောက် စုမိလာတယ် ။ အဲဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်ကလည်း စက်လှေတစ်စင်း ရောင်းချင်တယ်တဲ့ ။ ဆီပေပါ ၃၀ ကျော် နိုင်တယ် ။ လှေဖိုးက တစ်သိန်း ။ တစ်ဝက် ပေးပြီး ကျန်တာ ဖြည်းဖြည်းချင်း ပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဝယ်လိုက်တာ ။ လှေပိုင် ဖြစ်သွားတယ် ။ နမ့်တော - ဟုမ္မလင်း လိုင်းဆွဲတယ် ။

ကိုယ့်လှေနဲ့ ကိုယ် ဖြစ်လာတော့ ကုန်လည်း ဝယ်တင်ပြီး ရောင်းတယ် ။ ကုန်သည် ပြန် ဖြစ်သွားတယ် ။ ခြောက်နှစ်နီးပါးလောက် အဲဒီထဲမှာ လုံးရင်း အသက်က ၄ဝ ကျော်သွားတယ် ။ စောစောက နှစ်လနဲ့ ဆုံးရှုံးသွားတာ ခြောက်နှစ်လောက် ပြန် ရှာရတယ် ။ ဘာမှမပါဘဲ ရှာရတာ ဆိုတော့ ဒါလောက်တော့ ကြာတာပေါ့ ။

အသက် ၄၁ နှစ်မှာ ဟုမ္မလင်းသူ မသန်းသန်းဝင်း နဲ့ အိမ်ထောင်ကျတယ် ။ သူကလည်း ကုန်သည် ပဲ ။ သွားရင်းလာရင်း ရောင်းရင်းဝယ်ရင်း ဒီလိုပဲ ခင်သွားကြတာ ။ အိမ်ထောင်ကျတော့ မော်တော်တွေ ရောင်းပစ်လိုက်ပြီး ဒိုးတူပေါင်ဖက် အတူတွဲပြီး လုပ်ကိုင်စားကြတော့တာ ။

စတိုးဆိုင် ဖွင့်တယ် ။ နန်းထက်စတိုး ။ နေရာကောင်းတယ် ။ ကမ်းနားလမ်း ။ ဆိုင်ကို တဖြည်းဖြည်းချင်း ချဲ့လာခဲ့တာ ။ နေကြာစေ့ထုပ် မှသည် အချဉ်ထုပ် ၊ မုန့်စုံ ၊ သားဘူး ငါးဘူး ။ ပန်းကန်ခွက်ယောက် ။ ပစ္စည်းတွေဆိုရင် ခင်းတောင် မခင်းနိုင်ဘူး ။ ဆိုင်နေရာကလည်း ကမ်းနားလမ်းဆိုတော့ ရောင်းကောင်းပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment