❝ ဖဲစက်ရာပေါ်မှာ ❞
( အောင်လင်း )
ဦးလွန်း သည် သဇင်ကြိုင် ကို ကြည့်ရင်း တစ်စုံတစ်ခု အကြံရမိသည် ။ အမှန်၌ ဦးလွန်း မှာ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက် ဖြစ်သည် ။ သူ့ကုမ္ပဏီမှ ကားများ အဆက်မပြတ် ထွက်ခဲ့သလောက် လူကြိုက်များသော ကားများကိုပင် ရိုက်ထုတ်နိုင်ခဲ့သည် ။ ယခု သူသည် ‘ ငွေလှေယဉ် ’ အမည်ရှိ ဇာတ်ကား တစ်ကားကို စတင်၍ ရိုက်ကူးနေဆဲ ဖြစ်သည် ။ ကားက စ၍ ရိုက်နေသော်လည်း အရန် မင်းသမီး တစ်လက် အခုထိ ရှာ၍ မတွေ့သေးချေ ။ အရန်မင်းသမီး ဆိုသော်လည်း ပါဝင်ရမည့် အခန်းက အရေးကြီးသည် ။ အမူအရာ ကောင်းရုံမျှနှင့်သာမက ရုပ်ရည်ကလည်း တင့်တယ်လှပဖို့ လိုသေးသည် ။ အထူးသဖြင့် ဝတ်စားတန်ဆာ ဆင်ယင်ထုံးဖွဲ့မှု စသည်တို့ ပြင်ဆင်မွမ်းမံလိုက်လျှင် တကယ့်သူဌေးသမီး ဟန်ပန်ပုံမျိုး ပေါ်လွင်မှ သဘာဝကျမည် ။
သဇင်ကြိုင် ကို ယနေ့မှ စေ့စေ့စပ်စပ် ကြည့်မိသည် ။ သည်တော့မှလည်း သူ့ ဇာတ်ကားအတွက် လိုနေသော အရန်မင်းသမီး နေရာတွင် သဇင်ကြိုင် ကို အသင့်တော်ဆုံးဟု ဆုံးဖြတ်လိုက်မိသည် ။
သင်ကြိုင် သည် ဦးလွန်းတို့ အိမ်ရှေ့ ကွက်သစ် တစ်ခုတွင် နေသော သာမန် ရုံး စာရေးကလေး၏ ဇနီးဖြစ်သည် ။ ထို့ကြောင့်လည်း သဇင်ကြိုင် ကို သူ လိုနေသော အရန် မင်းသမီးနေရာ အတွက် ထည့်သွင်း မစဉ်းစားခဲ့မိချေ ။ ယနေ့မှ ဦးလွန်း ခြံမှ ကားရိုက် အပြန် သဇင်ကြိုင်နှင့် အိမ်ပေါက်ဝတွင် သွား၍ ဆုံမိသည် ။
ရုပ်ရှင်သမားမျက်စိ အကျင့် ဖြစ်၍ သဇင်ကြိုင် ကို သေသေချာချာ အကဲခတ်၍ ကြည့်မိသည် ။ သည်တော့မှလည်း သဇင်ကြိုင်၏ အလှကို အကဲခတ်မိသည် ။
ဦးလွန်း သည် ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း သဇင်ကြိုင် ကို လှမ်း၍ ခေါ်လိုက်သည် ။
“ ဟဲ့ မိကြိုင် လာဦးဟဲ့ ၊ နင့် ကို ဦးလေး ပြောစရာ ရှိလို့ပါ ”
သဇင်ကြိုင် သည် ခပ်ကြော့ကြော့ ကော့ကော့ကလေးပင် ဦးလွန်း အနားသို့ ရောက်လာသည် ။ သူ သည် နီထွေးသော နှုတ်ခမ်းကြားမှ ဖြူဖွေးသော သွားကလေး ပေါ်အောင် ပြုံးလိုက်သည် ။
“ ဘာများလဲ ဦးလေးရဲ့ ”
“ နင် မင်းသမီး လုပ်မလား ”
ဦးလွန်း က သွယ်ဝိုက်၍ မနေဘဲ လိုရင်းကို ပြောချလိုက်သော်လည်း သဇင်ကြိုင် က မယုံနိုင်ဘဲ ဘခစ်ခစ် ရယ်လိုက်သည် ။
“ မိကြိုင်သာ မင်းသမီး လုပ်ရင် ခဲပေါက် ခံရတာနဲ့ ဦးလေး တော့ တိုက်ဆယ်လုံး လောက် ဆောက်ရတော့မှာပဲ ”
“ ဟဲ့ ၊ ငါ အကောင်း ပြောတာ ၊ ခု ငါ ရိုက်နေတဲ့ ငွေလှေယဉ်ကား ကြော်ငြာ မတွေ့ဘူးလား ”
“ တွေ့ သားပဲ ၊ မင်းသား ကိုလှမြင့် နဲ့ မဟုတ်လား ”
“ အေး ဟုတ်တယ် ၊ အဲဒီကားမှာ ဒုတိယ ခေါင်းဆောင်မင်းသမီး တစ်လက် လိုနေတယ် ၊ ခုထိ စိတ်တိုင်းကျကို မရသေးဘူး ၊ ခု နင့် ကို တွေ့ မှ ငါ သတိရတယ် ၊ နင် လုပ်မယ်ဆိုရင် ငါ ဒါရိုက်တာကို ပြောလိုက်မယ် ”
သဇင်ကြိုင် မယုံရအခက် ယုံရအခက်ဖြင့် ငိုင်၍ နေမိသည် ။ အမှန်တော့ သဇင်ကြိုင် မင်းသမီးရူး ရူးခဲ့သည်မှာ ကြာခဲ့လေပြီ ။
ယောက်ျား လုပ်သူက ခွင့်မပြု၍ လည်းကောင်း ၊ မင်းသမီးဖြစ်ရန် မည်သို့ ဆက် သွယ်ရမည်ကို မသိ၍ လည်းကောင်း ထိုအကြောင်းကြောင်းတွေကြောင့် မင်းသမီးဖြစ်ရန် မရည်မှန်းခဲ့ခြင်း ဖြစ်သည် ။ ယခုတော့ မမျှော်လင့်ဘဲ မင်းသမီးဖြစ်ရန် လမ်းစကို တွေ့ရ သောအခါ သဇင်ကြိုင် သည် မယုံနိုင်အောင် ရှိတော့သည် ။ နောက်တော့လည်း ဦးလွန်း က လေးလေးနက်နက် ပြောနေသဖြင့် အတိုင်းမသိ ဝမ်းသာမိတော့သည် ။
“ ဦးလေး တကယ်ပြောတာ ဆိုရင် အကြိုင် ဘာပဲဖြစ်ဖြစ် လုပ်မယ် ”
“ အောင်မာ ၊ နင် ပြီးလို့ ပြီးမလား ၊ နင့် ယောက်ျား မောင်စိန် က ခွင့်ပြုမှပေါ့ ”
“ အမယ် ဦးလေးက အသိသားနဲ့ ၊ ကိုစိန် ကို အကြိုင် မီးသေပါတယ် ၊ သူ လုပ်ချင်တာလည်း သူလုပ်နေတာပဲ ၊ အကြိုင် လုပ်ချင်တာကို ခွင့်မပြုဘူး ဆိုရင် မပေါင်းရုံပဲပေါ့ ”
“ အေး ဒီလိုဆိုရင် မနက်ကျတော့ ငါနဲ့ ခြံထဲ လိုက်ခဲ့ ၊ ဆယ်နာရီလောက် တို့ သွားကြမယ် ”
သဇင်ကြိုင် သည် ဦးလွန်း အား နှုတ်ဆက်ပြီး ဝမ်းသာအားရ ခပ်ကြွကြွ ထွက်၍ လာခဲ့သည် ။ သူ့ စိတ်များသည် လေဝယ် လွင့်ပါးနေသော်လည်း ဝါပွင့်ကလေးကဲ့သို့ ရွှင်လန်းမြူးထူးလျက် ရှိတော့သည် ။
••••• ••••• •••••
ည ဆယ့်နှစ်နာရီခန့်ရှိပြီ ဖြစ်သော်လည်း မောင်စိန် နှင့် သဇင်ကြိုင် သည် အိပ် မရအောင် ဖြစ်နေကြသည် ။ အိပ်မရချင်း တူသော်လည်း အိပ်မရသော အကြောင်းရင်း ကတော့ မတူပေ ။ မောင်စိန် အိပ်မရခြင်းမှာ ကြမ်းပိုး အလွန် ကိုက်သောကြောင့် ဖြစ်၏ ။ သဇင်ကြိုင် မှာကား ရုပ်ရှင်မင်းသမီး လုပ်ရတော့မည့် အရေးကို တွေး၍ အိပ်မရခြင်းပင် ဖြစ်၏ ။ ဤအရေးကို တွေး၍ ကြမ်းပိုးကိုက်မှန်း မသိအောင်ပင် စိတ်ကူးယဉ်နေမိရာသည် ။
မောင်စိန် သည် မနေသာသည့် အဆုံး ဖယောင်းတိုင် တစ်တိုင် ထွန်း၍ ကြမ်းပိုး ရှာရတော့သည် ။
“ ကိုစိန် ၊ အကြိုင် မင်းသမီးလုပ်ဖို့ သဘောတူတယ် မဟုတ်လားဟင် ”
သဇင်ကြိုင် က ဖယောင်းတိုင် တစ်တိုင်နှင့် ခေါင်းအုံးနှင့် ဖျာကိုလှန်၍ ကြမ်းပိုး ရှာနေသော မောင်စိန် ကို လှည့်မေးလိုက်သည် ။
မောင်စိန် မှာ ကြမ်းပိုး တစ်ကောင်ပြီး တစ်ကောင် မလွတ်တမ်း လက်ဖြင့် ဖိနှိပ်သ,တ်ဖြတ်နေရသဖြင့် သဇင်ကြိုင် အမေးကို မကြားလိုက်မိပေ ။
“ အကြိုင် မေးတာများ ဖြေစမ်းပါဦး ကိုစိန်ရဲ့ ”
သဇင်ကြိုင် က စိတ်မရှည်နိုင်တော့သလို ခပ်ဆတ်ဆတ်ကလေး ပြန်မေးလိုက် သည် ။ မောင်စိန် က ခြင်ထောင်အမိုး ထောင့်စွန်းများတွင် အစုလိုက် အပြုံလိုက် ရှိနေ ကြသော ကြမ်းပိုးများကို ကြည့်၍ ကြက်သီးထ နေမိသည် ။ သူသည် သဇင်ကြိုင် ကို ဂရုမစိုက်အားပေ ။
အမှန်တော့လည်း ဤခြင်ထောင် ၊ ဤအိပ်ရာနှင့် ဤဖျာတို့ကို လျှော်ဖွပ်ခြင်း ၊ နေလှန်းခြင်း မလုပ်ရသည် မှာ ဆယ်လ ဆယ့်တစ်လ ပင် ရှိနေပေပြီ ။ သဇင်ကြိုင် ကလည်း သူ့ခန္ဓာ က လွဲ၍ ဘာကိုမှ ဂရုစိုက်တတ်သူ မဟုတ်ပေ ။ ဤသည်ကို မောင်စိန် မကျေနပ်၍ ပြောတိုင်း နားမဝင်ခဲ့ပေ ။ နောက်တော့လည်း မောင်စိန် သာ လက်လျှော့ရတော့သည် ။
ယခုလည်း မောင်စိန် က သာ စကား ကို မကြားဘဲ ခြင်ထောင်အမိုး ထောင့်စွန်းတွင် ခဲနေသော ကြမ်းပိုးများကို ကြည့်ပြီး ငိုင်နေသောအခါ လုံးဝ စိတ်မရှည်နိုင်အောင် ဖြစ်၍ လာသည် ။ ထို့ကြောင့်လည်း မောင်စိန် အား လုံချည်စကို ခါးမှနေ၍ သူ့ဘက်သို့ ဆွဲလိုက် သည် ။ မောင်စိန် က မကျေနပ်သလို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည် ။
“ ဘာများလဲ အကြိုင် ရ ၊ ဒီမှာ မင်း မွေးထားတဲ့ ကြမ်းပိုးတွေ ရှင်းနေရသေးတယ် ၊ ပြောစရာရှိလည်း နောက်မှ ပြောတော့ ”
“ ရှင့် ကြမ်းပိုးတွေ က အရေးမကြီးဘူးရှင့် ၊ ဘယ်အချိန် လုပ်လုပ် ရတယ် ၊ အကြိုင် မေးနေတာပဲ ပြောစမ်းပါ ၊ အကြိုင် မင်းသမီးလုပ်ဖို့ ကိုစိန် သဘောတူတယ် မဟုတ်လားဟင် ”
မောင်စိန် က သက်ပြင်းချမိသည် ။ ဤအကြောင်းကို မရ အရ မေးနေသည်မှာ ရုံးမှ ပြန်လာကတည်းက ဖြစ်သည် ။ သူ့အနေနှင့် သဘောမတူနိုင်ပေ ။ သူ့မယားချောကလေး ရုပ်ရှင်မင်းသမီး လုပ်မှ ပျက်စီးသွားမည် ကို စိုးရိမ်နေမိသည် ။ သည်ကြားထဲ ခုတလော ရုပ်ရှင်လောကမှ ကျော်မကောင်း ကြားမကောင်း သတင်းများက နားနှင့်မဆံ့အောင် ကြားလာရသော အခါ ပို၍ သဘော မတူနိုင်အောင် ဖြစ်မိသည် ။ ထို့ကြောင့်လည်း ညနေ ရုံးမှ ပြန်လာကတည်းက ပြောလာသော သဇင်ကြိုင့် စကားများကို အင်းမလုပ် အဲမလုပ် နေခဲ့ခြင်း ဖြစ်သည် ။
ယခု သဇင်ကြိုင် က ထပ်၍ သူ့ထံမှ သဘောတူညီမှုကို မရအရ တောင်းလာ ပြန်သောအခါ စိတ်ပျက်မိသည် ။ သဇင်ကြိုင့် မျက်နှာကို ကြည့်လိုက်သောအခါ သူ့ထံမှ ခွင့်ပြုချက် မရလည်း လုပ်မည့်ပုံ ပေါ်နေသည်ကို တွေ့ ရသည် ။
“ မင်းသမီး မလုပ်ချင်စမ်းပါနဲ့ကွာ ၊ မင်းသမီး မလုပ်ရလို့လည်း တို့ ငတ်မသေနိုင်ပါဘူး ၊ ခုလည်း စားနိုင် သောက်နိုင်တယ် မဟုတ်လား ”
မောင်စိန့် စကားကို သဇင်ကြိုင် က ကျေနပ်ပုံ မရပေ ။ ခြင်ထောင် အမိုးကို မျက်လုံးကစား လိုက်ပြီး မကျေမနပ် ပြောလိုက်သည် ။
“ ငတ်တော့ မသေဘူးပေါ့ ကိုစိန် ၊ နေထိုင်ရတာ ကိုလည်း ကြည့်ဦးပေါ့ ၊ ဒီအခြေ အနေနဲ့ တစ်သက်လုံး နေသွားလို့ ဖြစ်မတဲ့လား ၊ ကိုစိန် က နေနိုင်တောင်မှ အကြိုင် မနေနိုင်ဘူးရှင့် ၊ ခု မင်းသမီး နေရာကလည်း တော်ရုံတန်ရုံလူ ရခဲတယ် ၊ ကံကောင်း ထောက်မလို့သာ ရတာ ၊ ဒါကို မုတ်ဆိတ် များလာစွဲပါတယ် ၊ ယားတယ်လို့ ပုတ်ချ ပစ်ရင် ကိုယ်က မိုက်ရာကျတော့မပေါ့ ”
သဇင်ကြိုင် က လက်ဟန် ခြေဟန် မျက်နှာအမူအရာ ပါမကျန် ရှင်းပြပြီး မော သွားသည့်အလား စကားကို ရပ်လိုက်သည် ။
မောင်စိန် က သဇင်ကြိုင် ပြောသော စကားများကို တစ်ဖက်မှ ဖယောင်းတိုင် ကိုင်ထားရင်း တွေတွေကြီး ဖြစ်နေမိသည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ သခင်ကြိုင် ပြောသည့် စကားအတိုင်းပင် လက်ထောက်မင်းသမီး နေရာရဖို့မှာ အတော်ပင် ခက်ခဲ သော အလုပ် ဖြစ်သည် ။ တော်ရုံတန်ရုံနှင့် ရနိုင်သော နေရာမဟုတ်ပေ ။ ဒါကို သိသော် လည်း တစ်ဖက်မှ သဇင်ကြိုင် အတွက် တွေး၍ စိုးရိမ်မိပြန်သည် ။ ထိုအခါ မည်သို့ ဆုံးဖြတ်ရမည်ကို မသိအောင် ဖြစ်မိသည် ။ သည်တော့လည်း ဖယောင်းတိုင်ကို ကိုင်၍ ငိုင်နေမိသည် ။
သဇင်ကြိုင် သည် မောင်စိန် ၏ ခပ်ငိုင်ငိုင် အမူအရာကို ကြည့်၍ မချင့်မရဲ ဖြစ်၍
လာသည် ။
“ ပြောပါ ကိုစိန်ရဲ့ ၊ သဘောတူတယ် မဟုတ်လားဟင် ၊ သဘောတူပါတယ်နော် ”
သဇင်ကြိုင် ၏ စကား အဆုံးတွင် မောင်စိန် က ကိုယ် တစ်ချက် တွန့်သွားသည် ။ မျက်နှာ ကလည်း ရှုံ့မဲ့သွားသည် ။
“ ဟာ ကြမ်းပိုးကြီးပါလား ”
ပြောပြောဆိုဆို မောင်စိန် က ၎င်း၏ တင်ပါးကို လက် နှင့် ပွတ်နေရာမှ ပါလာသော ကြမ်းပိုး ကို ကြည့်၍ ချေပစ်လိုက်သည် ။
“ ကိုစိန် က ကျွန်မ စကား ကို အရေးမစိုက်ဘူး ၊ ဒီကြမ်းပိုးတွေပဲ အရေးလုပ် နေတာပဲ ”
သဇင်ကြိုင် က လှဲနေရာမှ ကိုယ် ကို မတ်၍ ထိုင်လိုက်သည် ။ ကိုစိန် က ကြမ်းပိုးသွေးများ ပေနေသော သူ့ လက်ကို ပေါင်နှင့် ပွတ်သုတ်လိုက်သည် ။
“ ကြမ်းပိုး က ကိုက်တာကိုးကွ ၊ ကဲ ပြောပါ ၊ မင်း ပြောချင်တာ ”
သဇင်ကြိုင် က ကိုစိန် ၏ မျက်နှာကို အကဲခတ် သလို ကြည့်နေလိုက်ပြီးမှ ပြော လိုက်သည် ။
“ ရှင်းရှင်း ပြောစမ်းပါ ၊ ရှင် ကျွန်မ မင်းသမီးလုပ်ဖို့ သဘောမတူနိုင်တာ စိတ်မချလို့ မဟုတ်လား ၊ ရုပ်ရှင်လောက ဟာ ရှင် ထင်နေသလို မကောင်းတဲ့ လူတွေချည်း မဟုတ် ပါဘူး ၊ ကောင်းတဲ့ လူတွေလည်း ရှိပါသေးတယ် ၊ မကောင်းတဲ့ လူနဲ့ တွေ့ တောင်မှ ကိုယ် ကောင်းရင် ခေါင်းမရွေ့ပါဘူး ၊ ကျွန်မ ရှင့်အပေါ် ဒီအထိ သစ္စာမမဲ့ပါဘူး ကိုစိန်ရဲ့ ပြီးတော့ ကျွန်မ အနေနဲ့က တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရတာပေါ့ ၊ ဒါမှလည်း ကျွန်မတို့ တင့်တင့်တယ်တယ် နေနိုင်မယ် မဟုတ်လား ၊ ကိုစိန် သဘောတူတယ် မဟုတ် လား ၊ တူပါတယ်နော် ”
သဇင်ကြိုင် က စိတ်မရှည်တော့ဟန် မောင်စိန့် ပေါင်ကို လက်ကလေး နှစ်ဖက်ဖြင့် လှုပ်ခါမေးလိုက်သည် ။ မောင်စိန် သည် မည်သို့ ပြုမည် ပြောဆိုရမည် မသိတော့ သည့်အဆုံး သက်ပြင်းရှည်ကြီးချကာ ခွင့်မပြုချင်ဘဲ ပြုလိုက်ရသည် ။
“ ကဲ ကဲ ၊ မင်းသဘော မင်းသဘော ”
ထိုအခါမှ သဇင်ကြိုင် က ဝမ်းသာအားရ မောင်စိန် ၏ ကိုယ်လုံးကလေး ကို တအား ဖက်၍ နမ်းလိုက်သည် ။ ရုတ်တရက်မို့ မောင်စိန် လက်ထဲမှ ဖယောင်းတိုင်သည် လွတ်ကျသွားပြီး ဟုတ်ခနဲ ငြိမ်းသွားသည် ။ တစ်ခန်းလုံး မှောင်သွားသည် ။
ထို့အတူ မောင်စိန် ၏ မျက်လုံးအစုံ လည်း ဘာကိုမှ မမြင်ရတော့ဘဲ မှောင်အတိ ဖြစ်သွားတော့သည် ။
••••• ••••• •••••
မောင်စိန် သည် အိပ်ရာဝင် ပြုနေကျဖြစ်သော ကြမ်းပိုးရာခြင်း အလုပ်ကို ဖယောင်း တိုင် တစ်တိုင်ဖြင့် ပြုလုပ်နေလေသည် ။ ကြမ်းပိုး ရှာနေရာမှ ကားသံ ကြားတိုင်း အခန်းဝ မှ ခေါင်းပြူ၍ အပြင်သို့ ကြည့်ရသေးသည် ။ တံခါးခေါက်သံကိုလည်း နားစွင့်ရသေးသည် ။ ကားသံ မရပ်ဘဲ ဆက်သွားမှပင် ကြမ်းပိုး ပြန်ရှာရသည် ။
အစက မောင်စိန် တွင် ညအိပ်ရာဝင် ပြုနေကျ ဝတ္တရား ကြမ်းပိုးရှာ အလုပ်တစ်ခု သာ ရှိသည် ။ ယခု တာဝန်တစ်ခု တိုးလာသည် ။ ဤသည်မှာလည်း အခြားမဟုတ် ညအချိန်မတော် သဇင်ကြိုင် ပြန်လာတိုင်း တံခါးထ ဖွင့်ပေးရသော အလုပ်ဖြစ်၏ ။
ယနေ့ည လည်း မောင်စိန် သည် ကြမ်းပိုးရှာနေရာမှ ကားသံကြားတိုင်း ကြမ်းပိုး အရှာရပ်ကာ တံခါးခေါက်သံကို နားစွင့်နေမိသည် ။ ညဘက် ရှုတင်မရှိဟု ပြောသွား သော်လည်း သဇင်ကြိုင် ကား ယခုအထိ ရောက်မလာသေးပေ ။
ကားတစ်စီး ဖြတ်သွားတိုင်း သံချောင်းခေါက်သံကို ကြားရသည် ။ ညက နက်သည် ထက် နက်လာသည် ။ ကြာတော့လည်း မောင်စိန် သည် သဇင်ကြိုင် အတွက် စိတ်ပူ၍ လာသည် ။ နောက်တော့လည်း သဇင်ကြိုင် ရုပ်ရှင် ရိုက်နေသည် ဟူသော ခြံသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည် ။
မောင်စိန် သည် သုံးဘီးကား တစ်စီး ငှားကာ ရှစ်မိုင်ဘက်ရှိ ရုပ်ရှင်ခြံ တစ်ခုသို့ လိုက်သွားမိသည် ။ ကားစက်သံနှင့်အတူ သူ့ ရင်သည် တဒိတ်ဒိတ် ခုန်၍နေသည် ။
ခြံသို့ ရောက်လျှင် ခြံစောင့် အဘိုးကြီးကို တွေ့ရသည် ။
“ သဇင်ကြိုင် ပြန်သွားပြီလားဗျာ ”
မောင်စိန့် အသံက လုံးထွေး၍ ထွက်သွားသည် ။ ခြံစောင့် အဘိုးကြီး က တံခါးကို
ဖွင့်ပေးရင်း ခေါင်းခါပြသည် ။
“ မတွေ့ သေးဘူးဗျာ ၊ ရှိဦးမလား မသိဘူး ”
“ ကျွန်တော် ဝင်ရှာပါရစေ ခင်ဗျာ ကျွန်တော် သဇင်ကြိုင့် ယောက်ျားပါ ”
ထိုအခါက အဘိုးကြီးက ရိုသေလေးစားဟန်ဖြင့် ကိုယ်ကို ညွတ်ကာ လမ်းဖယ် ပေးလိုက်သည် ။ မောင်စိန် သည် တစ်ခါမှ မရောက်ဖူးသော ခြံထဲသို့ တစ်ယောက်တည်း ခပ်ကြောင်ကြောင် ဝင်လာခဲ့သည် ။
ဂိုဒေါင်ကဲ့သို့ ခပ်ရှည်ရှည် အဆောက်အဦ ရှေ့သို့ ရောက်သောအခါ ရပ်၍ အကဲ ခတ်ကြည့်မိသည် ။
ကြားဖူးနားဝ ရှိထားသည့် အတိုင်း ၎င်း အဆောက်အဦ ကို ရုပ်ရှင်ရိုက်ရာ စတူဒီယို ကြီးအဖြစ် မှတ်ထင်ရမိသည် ။
မောင်စိန် သည် ခပ်ဟဟ ပွင့်နေသော တံခါး ဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည် ။ အနားသို့ ရောက်လျှင် ဟနေသော တံခါးကြားမှ အတွင်းသို့ ချောင်းကြည့်ရန် ဟန်ပြင်လိုက်သည် ။ ထိုစဉ်မှာပင် အတွင်းမှ စကားသံကြောင့် ရုတ်တရက် တန့်သွား သည် ။
“ ခု ရိုက်ရတဲ့ အခန်း မှာ အကြိုင် နေချင်တဲ့ ဘဝမျိုး က အခန်းပဲ မဟုတ်လား ၊ ဒီ ဖဲမွေ့ရာကြီး နဲ့ ဒီခုတင်ကြီးမျိုး နဲ့ နေချင်တယ် ဆို ၊ ဒီလို နေနိုင်အောင် အစ်ကိုကြီး လုပ်ပေးပါ့မယ်ကွယ် ၊ အစ်ကိုကြီး ပြောတဲ့ အတိုင်းသာ လုပ်ပါ အကြိုင် ရာ နော် ”
စကားအဆုံးတွင် သဇင်ကြိုင် ရယ်သံလေးများကို ကြားရသည် ။ ရယ်သံလေးများ တိတ်သွားသောအခါ မောင်စိန် သည် စေ့ထားသော တံခါးမှ အတွင်းသို့ ချောင်းကြည့် လိုက်မိသည် ။
ဖဲမွေ့ရာကြီး ပေါ်တွင် ချစ်ဇနီး အကြိုင် နှင့် ကုမ္ပဏီပိုင်ရှင် ဦးလွန်း တို့ အဖြစ်ကို မြင်လိုက်ရသောအခါ မျက်စိများ ပြာဝေ၍ သွားသည် ။ ပြီးမှ စိတ်ကို ထိန်းကာ တံခါးကို ဆောင့်ဖွင့်ပြီး အတွင်းသို့ ဝင်သွားလိုက်သည် ။
ရုတ်တရက် တံခါးကို ဆောင့်ဖွင့်သံကြောင့် ဦးလွန်း သည် ပျာယီးပျာယာ လှည့် ကြည့်လိုက်သည် ။ မောင်စိန် ကို မြင်လိုက်ကြရသောအခါ နှစ်ဦးလုံး ကြက်သေ သေမိ သွားကြသည် ။ မောင်စိန် စိတ်ကို ထိန်းကာ အနားသို့ တိုးသွားသည် ။ ထိုအခါမှ နှစ်ဦးသား သတိ ဝင်လာကာ မျက်စိမျက်နှာ ပျက်ပျက်နှင့် ကိုယ်ကို ပြင်လိုက်ကြသည် ။
မောင်စိန် က သဇင်ကြိုင် ကို စူးစိုက် ကြည့်လိုက်သည် ။
“ နေချင်တဲ့ ဘဝ ဖြစ်ချင်တဲ့ အခြေအနေ ကို ရပြီ မဟုတ်လား ဟင် ဒီ ဖဲမွေ့ရာကြီး ပေါ် မှာ မှ အိပ်ချင်တဲ့ မင်း ဘဝက ဘာဖြစ်နေပြီလဲ မင်း သိရဲ့လား ၊ ကြမ်းပိုး အကိုက်မခံ ချင်တဲ့ မင်း ဟာ အခု ကြမ်းပိုး အကိုက်ခံနေရပြီ မဟုတ်လား ၊ အဆီ အသွေးတွေ ကုန်တဲ့ အထိ မင်း အကိုက်ခံပါတော့ကွာ ၊ ငါ ခွင့်ပေးပါတယ် ”
စကားအဆုံး တွင် မောင်စိန် သည် ချာခနဲ လှည့်ထွက်လာခဲ့သည် ။ အသားများလည်း တဆတ်ဆတ် တုန်နေသည် ။ သူ့ ရင်တွင်း၌လည်း ငလျင် လှုပ်သလို ခုန်နေသည် ။ နောက်ဆုံး သူသည် သူ့ ရင်တွင်း၌ ခံစားလိုက်ရသည်ကို အံကြိတ်၍ ညည်းလိုက်လေ သည် ။
“ မိန်းမတွေ ဟာ ကိုယ့်ဘဝ ကို မေ့ပြီး စိတ်ကူးယဉ်စရာ မြှူကွက်ကလေးတွေ နောက် ရောက်ရင် ဒီလိုပဲ ယောက်ျားတွေ ရဲ့ ထောင်ချောက်ထဲ ကျရမှာပဲ ”
◾အောင်လင်း
📖 ဝတ္ထုတိုများပေါင်းချုပ်
No comments:
Post a Comment