❝ ရိုးသား မှ ကြီးပွားချမ်းသာ ❞
ရန်ကုန်မြို့ မှာ လူကုံထံတွေ အနေများတဲ့ ပါရမီရိပ်သာ က ဦးလှသောင်း ရဲ့ ခြံဝင်းထဲ က တိုက်အဝင်ဝ မှာ ထူးခြားမှု တစ်ခု ကတော့ ဆင်ရုပ်ကလေး နှစ်ခု ယှဉ်ထားတာပါပဲ ။ ဧည့်ခန်းနံရံ ထက်မှာလည်း စင်ကလေး နဲ့ ဆင်နှစ်ကောင် ယှဉ် တင်ထားပြန်တယ် ။ ဦးလှသောင်း က ဗုဒ္ဓဟူးသား မို့ နေ့နံသင့်ရာ ဆင်ရုပ် ကို ထားတာ ၊ အဖော် ရှိစေချင်လို့ ဆင် ကို နှစ်ကောင် ထားတာလို့ ဆိုပါတယ် ။
အိမ်ဧည့်ခန်းက သန့်ရှင်း ကျယ်ဝန်းတယ် ။ ဆက်တီထိုင်ခုံတွေ ရဲ့ ဘေးက ခုံပုပုလေးပေါ် မှာတော့ ပုသိမ်ထီးနီနီကလေး တစ်ခုကို ဖွင့်ပြီး အလှဆင် ထားပါတယ် ။ ဦးလှသောင်း က ရိုးသားမှု ကို အရင်းပြုပြီး ကုန် အရောင်းအဝယ်လုပ်ငန်း ၊ ပုသိမ်ထီးလုပ်ငန်း တွေ လုပ်ကိုင်ခဲ့ရာ က ဝန်ထမ်း ဖြစ်ချင်စိတ် ထက်သန်လို့ ဘဝကို တစ်ဆစ်ချိုး ပြောင်းခဲ့ပုံကို ယခုလို ပြောပြတယ် ။
••••• ••••• •••••
၁၉၅၁ ခုနှစ် မှာ သစ်လုပ်ငန်း အဖွဲ့ ငွေစာရင်း ဌာနမှာ အောက်တန်းစာရေး အဖြစ် စလုပ်တယ် ။ လခက ၁၂၆ ကျပ် ၇၅ ပြား ရတယ် ။ အလုပ်က အင်္ဂလိပ်လို ပြော ၊ အင်္ဂလိပ်စာ ရေးရတယ် ။ ဘင်္ဂါလီကု,လားတွေနဲ့ တွဲ လုပ်ရတာပေါ့ ။
အောက်တန်းစာရေး ကနေ ခဏလေး နဲ့ အထက်တန်းစာရေး ရာထူး ကို တိုးမြှင့် ခံခဲ့ရတယ် ။ အထက်တန်းစာရေး ကနေ ဌာနခွဲစာရေးကြီး ရာထူး တိုးပေးဖို့ ကျတော့ ဆယ်တန်း မအောင်လို့တဲ့ တိုးမပေးဘူး ။ ကျွန်တော် လည်း မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ ၁၉၅၃ ခုနှစ်မှာ ဆယ်တန်း စာမေးပွဲ ကို နှစ်ချင်း ပေါက် အောင်မြင်တယ် ။ ဆယ်တန်းအောင်ပြီးတော့ နောင်နှစ် မှာ အာရ်အေ သင်တန်းတက်တာ အပိုင်း ၁ ကို နှစ်ချင်းပေါက် အောင်ပြန်တယ် ။
အာရ်အေ အောင်တာ နဲ့ အိုးအိမ်အဖွဲ့ မှာ ခရိုင်စာရင်းကိုင် ဖြစ်တယ် ။ သမဝါယမမြို့အုပ် ရာထူး နဲ့ ခရိုင်မြို့နယ် အစုံမှာ စာရင်းကိုင်ပညာ ကို လက်တွေ့ သင်ကြား ပို့ချပေးရတယ် ။ ၁၉၅၈ ခုနှစ် မှာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးအဖွဲ့ က ခေါ်တဲ့ ငွေစာရင်းအရာရှိ ၁ ရာထူးစာမေးပွဲ အောင်တာ နဲ့ ဝင်ရောက် အမှုထမ်းပါတယ် ။
လုပ်ငန်းမှာ အောက်က လူငယ်တွေ ကလည်း တော်ကြတယ် ။ ကျွန်တော် ကလည်း ကြိုးစားတယ် ။ မျက်နှာရတယ်ပေါ့ ။ အဲသည် အချိန်မှာ ကိုလန်ဘိုစီမံကိန်း အရ ခေါ်တဲ့ ပင်လယ်ကူးသင်္ဘော စာရင်းကိုင်ပညာ ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာရှိတဲ့ Royal Mail Line တော်ဝင် ပို့ဆောင်ရေးလိုင်း ပေါ့ဗျာ ။ အဲသည်မှာ ခြောက်လ လက်တွေ့ သင်ကြားရတယ် ။ သူတို့ က သေသေချာချာ သင်ပေးတယ် ။ အတွင်းဝန်ချုပ် လက်မှတ် နဲ့ အောင်လက်မှတ် ပေး လိုက်တယ် ။ ရန်ကုန် ပြန်ရောက်တော့လည်း ဗြိတိသျှ သံအမတ်ကြီး က ဂုဏ်ပြုဧည့်ခံပွဲ လုပ်တယ် ။ သူတို့ က တော်တော် စနစ်ကျတာပဲ ။
၁၉၆၁ ခုနှစ် ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်ပြီး တစ်လ နှစ်လလောက် ကြာတော့ ကျွန်တော်တို့ ပင်လယ်ရေကြောင်း အောင်တေဇ သင်္ဘော တနင်္သာရီ ကမ်းရိုးတန်းမှာ ခရီးသည်တွေနဲ့ အတူ နစ်ရော ။ သည်မှာ ကျွန်တော်တို့ နာမည်ပျက်တာပဲ ။ ကျွန်တော်တို့ကို ဝိုင်းဝေဖန်ကြတာပေါ့ ။ အုပ်ချုပ်မှု မကောင်းဘူး ဆိုပြီး ကျွန်တော်တို့ လုပ်ငန်းကို ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းကို လွှဲပေးလိုက် ရတယ် ။
သည်နေရာ မှာ ဗေဒင် အကြောင်းလေး ပြောရဦးမယ် ။ ကျွန်တော် က ဗိုလ်တထောင် ၆၄ လမ်း မှာ နေတယ် ။ အသက်က ငယ်တုန်း ။ သုံးဆယ့်ငါးနှစ် ။ လူ ကလည်း လန်ဒန် က ပြန်ရောက်စ လျှမ်းလျှမ်းတောက် ပေါ့ ။ လက်မထောင်တုန်းအချိန် ။ ကိုယ့်ကိုယ်ကိုယ် အင်မတန် အထင်ကြီးတဲ့ အချိန်ပေါ့ ။ မိတ်ဆွေ ဗေဒင်လက္ခဏာ ဝါသနာ ပါတဲ့ လူတစ်ယောက်က ကျွန်တော့် လက္ခဏာကို အပျော်ကြည့်တယ် ။ ပြီးတော့ နှစ်လအတွင်း အလုပ်ပြုတ်မယ်တဲ့ ။ ငါ အခုမှပဲ ဘိလပ် က ပြန် လာတာ မင်း သေသေချာချာ ကြည့် လုပ်ပါဦးကွာ ။ နမိတ်မရှိ နမာမရှိ ဆိုတော့ သေချာပါတယ်တဲ့ ။ ဟုတ်တယ်ဗျာ ။ ကြယ်ငါးပွင့် က ဦးလှသောင်း ပဲ ယူမယ် ။ ကျန်တဲ့ ဝန်ထမ်းတွေ ကို မယူဘူးတဲ့ ။ ဒါနဲ့ ကျွန်တော် လည်း မလုပ်ဘူးလို့ အကြောင်းပြန်တယ် ။ အစိုးရ လုပ်ငန်းတွေ ဘဏ်တွေ က ကမ်းလှမ်းပေမယ့် အမှုထမ်းလောက ကို စိတ်ပျက်လို့ ကိုယ်ပိုင် လုပ်ငန်းပဲ လုပ်တော့မယ် လို့ ဆုံးဖြတ်လိုက်တယ် ။
အလုပ်မရှိတော့ဘူး ဆိုတော့ ထမင်း ငတ်တာပေါ့ ။ ကျွန်တော့် မှာ ကလေး လေးယောက် နဲ့ မိသားစု နဲ့ ။ အိမ်ပိုင် မရှိသေးတဲ့ အတွက် ဗိုလ်တထောင် မှာ အိမ်ငှား နဲ့ နေရပါတယ် ။
နောက် သုံးလလောက် နေတော့ လက္ခဏာ ဟောသွားတဲ့ မိတ်ဆွေ ထပ်ရောက်လာတယ် ။ ကျွန်တော့် လက္ခဏာကို ထပ်ကြည့်ပြီး ခင်ဗျား တစ်လ အတွင်း ရတနာပုံ ဆိုက်မယ်တဲ့ ။ ဟကောင် ကြည့်လည်း လုပ်ပါကွာ ။ ငါ့ မှာ တစ်ပြားမှ မရှိဘူးကွ လို့ ။
အဲသည် အချိန် မှာ ကျွန်တော့် ယောက်ဖ ဝါးခယ်မ သခင်သိန်းဖေ အိန္ဒိယ က ပြန်လာတယ် ။ သူ က Greeting card ( နှုတ်ဆက် သဝဏ်လွှာကတ် ) လေး တစ်ခု ပေးတယ် ။ ပုံကလေး တွေ အခေါက်လေး လုပ်ထားတာ ။ ဒါလေး ပေးတော့ သည်ကတ်မျိုး ကိုယ်လုပ်ရင် ဖြစ်မယ်လို့ ဆုံးဖြတ်တယ် ။ အဲသည်အချိန်မှာ စာပေဗိမာန် က ကြော်ငြာထည့်တယ် ။ ပုဂ္ဂလိကတွေ က ပုံနှိပ်ဖို့ အပ်တာတွေ ကို လက်ခံ ဆောင်ရွက်ပေးမယ်တဲ့ ။ စာပေဗိမာန်အရာရှိ က ဦးကျော်အုန်း တဲ့ ။ ကျွန်တော် သွားတွေ့တယ် ။ ကတ် ရိုက်ချင်လို့ ဆိုတော့ ရတယ်တဲ့ ။ သူတို့ က အလုပ် လိုချင်နေတာကိုး ။
ကျွန်တော် က ဓာတ်ပုံ လျှောက်ရိုက်တာ ဝါသနာပါတယ် ။ မန္တလေးကျုံး ကို ထောင့်ပေါင်းစုံက ရိုက်ထားတာ ။ အဖြူအမည်း ပုံပေါ့ ။ ဦးကျော်အုန်း က ကာလာ ထည့်ပေးမယ်တဲ့ ။ ဒါနဲ့ ခြောက်ပုံတွဲ လုပ်ဖို့ ဆုံးဖြတ်တယ် ။
ဝါးခယ်မ သခင်သိန်းဖေ က ငွေတစ်သောင်း ထုတ် ချေးတယ် ။ ကျွန်တော် စာပို့ကတ် လေးသောင်း ရိုက်တယ် ။ အလုပ်သမားတွေ ငှားပြီး ခေါက်တယ် ။ နိုဝင်ဘာ ၁ ရက် က စ ရောင်းတာ ၊ ၂ဝ ရက် နေ့ မှာ လေးသောင်း လုံး ကုန်ရော ။ တစ်ခု တစ်ကျပ်ခွဲ နဲ့ ရောင်းတာ ။ ငွေခြောက်သောင်း ဘတ်ခနဲရတယ် ။ ရတနာပုံ ဆိုက်တာပေါ့ ။ ဒါနဲ့ ယောက်ဖငွေ တစ်သောင်း ကို ဆပ် လိုက်တယ် ။ လက္ခဏာ ဟောတဲ့ ဆရာ ကိုလည်း ထမင်း ကျွေးလိုက်တယ် ။
ငွေတွေ ရှိလာပြီဆိုတော့ ကျွန်တော် ပုံနှိပ်စက်ဝယ်တယ် ။ အော်ဖစ်ဆာ လုပ်ဖူးတော့ ကျွန်တော့်မှာ မိတ်ဆွေတွေ ရှိတယ် ။ ပုံနှိပ်စက် နှစ်လုံး သုံးလုံး သွင်းခွင့် အင်ပို့စ်လိုင်စင် ရတယ် ။ ပိုက်ဆံက အများကြီး မရှိတော့ တစ်လုံး ပဲ ဝယ်နိုင်တယ် ။ ဒါနဲ့ မှာလိုက်တဲ့ ပုံနှိပ်စက်က သင်္ဘောကြီးနဲ့ ဆိပ်ကမ်း ရောက်လာပြီ ။ ကျွန်တော် တောင် အိမ်ငှားနဲ့ နေရတာ ။ ထားစရာ နေရာ မရှိဘူး ။ အခု ချော်တွင်းကုန်းမှာ ရှိ နေတဲ့ ယောက်ဖ က နေရာ ပေးလို့ အဲဒီမှာ ချရတယ် ။ နောက်တော့ ကျွန်တော့် မိတ်ဆွေ ဦးအေးကြည် က ဘားလမ်း ( မဟာဗန္ဓုလ ပန်းခြံလမ်း ) မှာ သူ ပိုင်တဲ့ နေရာ ကို တစ်သောင်း နဲ့ ရောင်းတယ် ။ အခု နေရာ အမှတ် ၃ဝ၂ ၊ မဟာဗန္ဓုလ ပန်းခြံလမ်းပေါ့ ။ တော်လှန်ရေးအစိုးရက ပြည်သူပိုင်သိမ်းတော့ စက်မှုလက်မှု မသိမ်းလို့ ပါမသွားဘူး ။ စက်ကြီးကလည်း ကောင်းလိုက်တာ ။ အခုထိ ရှိသေးတယ် ။ အလုပ်တွေ လုပ်လိုက်ရတာလည်း မပြောပါနဲ့တော့ ။
လုပ်ငန်းဖြစ်လာပြီဆိုတော့ နာမည် စဉ်းစားတယ် ။ ကျွန်တော့် မိဘပေးထားတဲ့ လှသောင်း ဆိုတဲ့ နာမည်ကို မကြိုက်ဘူး ။ ဒါပေမဲ့ မိဘပေးထားတဲ့ နာမည်ကို တန်ဖိုးထားရမယ် ။ လုပ်ငန်းနာမည်လေး ပေးမယ် ဆိုတော့ အရင်း နဲ့ အညွှန့် နဲ့ ဗုဒ္ဓဟူး ၊ ကြာသပတေး ဝင်းမောက် လို့ ပေး လိုက်တယ် ။ ပြည့်လျှံ မောက်တဲ့ သဘော ကြိုက်လို့ ဝင်းမောက် ဆိုပြီး ယူလိုက်တာ ။
ကျွန်တော် ထုတ်ခဲ့တဲ့ စာပို့ကတ်တွေ က တစ်ပင်တိုင်အက လို မင်းသမီး အလှအက ပန်းချီပုံ ၊ ဆီ ရဖို့ နှမ်း ကြိတ်တော့ ဆုံလည်နွား ရုန်းရပြီပေါ့ လို သဘာဝ ပန်းချီပုံ ၊ ကရင်ပြည်နယ် ရှုခင်းအလှ လို ဓာတ်ပုံကောင်း တွေ လည်း ပါတယ် ။ ပန်းချီဆရာတွေ ကို ကျွန်တော် က ထိုက်ထိုက်တန်တန် ပေးတယ် ။ တစ်ပုံ ကျပ် တစ်ထောင် ပေးတယ် ။ တစ်ထောင် ဆိုတာ ဟို ခေတ်က အများကြီး သုံးရတာ ။ စကက်ချ် ( sketch ) ပဲ ဆွဲပြီး ဘယ်နေရာ ဘာအရောင် သွင်းရမယ် ဆိုတာ နောက်မှလုပ်တာ ။
လူတွေ ကို ကျွန်တော် ပြောလေ့ရှိတဲ့ စကားရှိတယ် ။ အလုပ်လုပ်ရင် ဝါသနာပါတာ လုပ်ကြ ၊ ဘယ်အလုပ်မျိုး မဆို ဝါသနာပါတာ လုပ်ရင် ကြီးပွားဖို့အတွက် အခုအခံဖြစ်တယ် ။ ရှုံးရင် တောင်မှ ခံသာတယ် ။ ကျွန်တော် ရောင်းတဲ့ စာပို့ကတ် တွေဟာ ကျွန်တော် ကိုယ်တိုင် ကြိုက်နှစ်သက် မှ ပရိတ်သတ် ကို ပေးတာ ။ တစ်သောင်း နှစ်သောင်း ရိုက်ပြီး မှ မကြိုက်လို့ မီးရှို့ပစ် လိုက်တဲ့ စာပို့ကတ် တွေလည်း ရှိတယ် ။ ပန်းချီဆရာ ဆွဲလာတဲ့ ပုံ ထဲက မထုတ်ဘဲ ထားခဲ့တာတွေ လည်း အများကြီး ။
ခုနှစ် တော့ မေ့ သွားပြီ ။ ရုပ်ရှင်အစည်းအရုံး က နှစ် ၅ဝ ရုပ်ရှင် ရွှေရတု ပို့စကတ် ထုတ်ချင်လို့ ဆိုပြီး ကျွန်တော့် ကို ခေါ် ခိုင်းတယ်ဗျာ ။ အစည်းအရုံး ရန်ပုံငွေတွေ ၊ ဘာတွေ မလှူရပါဘူး ။ သူတို့ က ထုတ်ဖို့ မင်းသား မင်းသမီး ပုံတွေပေးတယ် ။ ၁၅ ပုံ ၊ ပုံ ၂ဝ လောက် ရှိတယ် ။ အဲဒါ အော့ဖ်ဆက် နဲ့ ရိုက်တာ ။ သိပ် ကောင်းတာပဲ ။ ဝင်းဦး ပုံ ၊ ညွန့်ဝင်း ၊ မြင့်မြင့်ခင် ၊ စံရှားတင် တို့ ပုံတွေ လူ သိပ်ကြိုက်တာပေါ့ ။ လူတွေ က ဝယ်ဖို့ တန်းစီကြတယ် ။ ထိန်းပေးဖို့ ရဲ ခေါ်ရတယ် ။ ပိုက်ဆံ ဆိုတာ မလိုချင် အောင်ပေးကြတယ် ။ ပိုက်ဆံ ကို ရေယူဖို့ အချိန်မရဘူး ။ တိုက်သံတံခါး ပိတ်ထားပြီး အတွင်းကို ထိုးပေးတဲ့ ပိုက်ဆံယူရတာ ။
ကျွန်တော့် ဘဝမှာ မကျော်ဖြတ်နိုင်တဲ့ ဒုက္ခတော့ မရှိခဲ့ပါဘူး ။ အဲဒါ နာမည်ကောင်း ရှိလို့ပါပဲ ။ နာမည်ကောင်း ရှိဖို့ အတွက် ၁ ။ ရိုးသားရမယ် ၊ ၂ ။ သူများ ကို မလိမ်ရဘူး ၊ ၃ ။ လုပ်ငန်း အတွက် ဆက်ဆံရာ မှာ ကိုယ် ပေးတာ တန်ရာတန်ကြေးဖြစ်ရမယ် ။
သိပ် ရောင်းကောင်းတဲ့ ပုံတွေ ဆိုရင် ပန်းချီဆရာ ဆီ က ကျွန်တော် အပြတ် ဝယ်ထား ပြီးသား ဖြစ်ပေမယ့် ငွေ ထပ် ပေးတယ် ။ ကိုယ် က သူ့ အပေါ် စေတနာ ထားတော့ သူ က လည်း နောင်ခါ ပန်းချီ ဆွဲရာ မှာ စေတနာ ထည့်ပြီး အကောင်းဆုံး ဖြစ်အောင် ဆွဲ ပေးတယ် ။ ဘာမဆို စေတနာ ပဲ ဗျ ။ တစ်ယောက် နဲ့ တစ်ယောက် အမြတ်မထုတ်ဘဲ ဆက်ဆံရင် အလုပ်ဖြစ်တာပဲ ။
အချို့ ပန်းချီဆရာတွေ ချို့တဲ့ ကြတယ် ။ မကျန်းမာဘူး ကြားရင် ကျွန်တော် ထောက်ပံ့ငွေ သွားပေးတယ် ။ အချို့ ဆုံးရှာပြီ ၊ ဆုံးတယ် ကြားရင်လည်း ကျွန်တော် တတ်နိုင်သလောက် ငွေ သွား ပေးတာပဲ ။ ကျွန်တော် ပြောတဲ့ ရိုးသားမှု ဆိုတဲ့ အထဲမှာ သူ သိသိ မသိသိ ကိုယ်က စေတနာ နဲ့ ကူညီတာလည်း ပါတယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment