Saturday, July 26, 2025

ဝတ္ထုရေးရင်း တန်းလန်း ဘာဆက် လုပ်ရမှန်း မသိတော့တဲ့ အခါ ...


 

❝ ဝတ္ထုရေးရင်း တန်းလန်း ဘာဆက် လုပ်ရမှန်း မသိတော့တဲ့ အခါ ...❞

စာရေးဆရာ အတော်များများ ဝတ္ထု ရေးကြတဲ့အခါမှာ ဖြစ်စေ ၊ ဆောင်းပါး ၊ ကဗျာ စသဖြင့် မိမိ သန်ရာသန်ရာ ရေးနေကြရင်း တစ်ဝက် တစ်ပျက်မှာ ဘာဆက် ရေးရမှန်း မသိတော့ဘဲ တိုးလိုးတန်းလန်း ဖြစ်တတ်ကြပါတယ် ။ အဲဒီအခါမှာ ဘယ်လို ဆက်ရှင်းကြမလဲ ဆိုတာကို စာရေးဆရာမကြီး Phyllis A. Whitney က အကြံပေး ထားပါတယ် ။ ဒီဆရာမကြီးဟာ လူငယ်များနဲ့ လူလတ်များ အတွက် စာအုပ်ပေါင်း များစွာကို ရေးသားခဲ့သူ ဖြစ်ပြီး ၂၀၀၉ ခု နှစ်ဦးပိုင်း ကမှ အသက် ၁၀၄ နှစ် အရွယ် မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။ သူ့ နည်းများကို ဒီလို ဖော်ပြထားပါတယ် ။

••••• ••••• •••••

ရေးရင်းတန်းလန်း ဘာဆက် လုပ်ရမှန်းမသိ မကြာခဏ ဖြစ်တတ် ပါတယ် ။ စာတစ်ပုဒ်ကို စ ရေးခါစမှာ စိတ်အား ထက်သန်ခဲ့သမျှ အငွေ့ပြန် ကုန်သလား မသိရလောက်အောင် ကုန်ခန်းသွားတတ်ပါတယ် ။ ဇာတ်လမ်းအသစ် ၊ ဇာတ်ကောင်အသစ်များ နဲ့ ဇာတ်အိမ်အသစ်ကို ရေးဖွဲ့ရတဲ့ အခါမှာ စာရေးဆရာ ရဲ့ စိတ်ဟာ မြူးထူးတက်ကြွ နေပါတယ် ။ ဒါပေမဲ့ တစ်ဝက်တစ်ပျက် ရောက်တဲ့ အခါမှာတော့ ငြီးငွေ့လာပြီး ဘာဆက် လုပ်ရမှန်း မသိ ဖြစ်တတ်တာကို စာရေးဆရာတိုင်း ကြုံဖူးပါလိမ့်မယ် ။

အဲဒါကို မရမက အတင်း ဖျစ်ညှစ်ပြီး ရေးဖို့ ကြိုးစားခြင်းဟာ စနစ်တကျ ဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး ။ ငြီးငွေ့လာတယ် ဆို ကတည်းက ကိုယ်ဖန်တီး နေတဲ့ ဝတ္ထုမှာ တစ်စုံတစ်ခု အမှားအယွင်း ရှိနေပြီ ဆိုတာကို ကိုယ့် ဦးနှောက်ထဲက တီထွင်နိုင်စွမ်းက သတိပေးခြင်း ဖြစ်ပါတယ် ။

ဒီလို အတွေ့အကြုံတွေ ကျွန်မ အများကြီး တွေ့ကြုံဖူးပါတယ် ။ ဒီလို အခက်အခဲ တွေ့ကြုံစဉ် ခဏမှာ ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လောက်အောင် တုန်လှုပ်ချောက်ချား မိပါတယ် ။ ဒါပေမဲ့ အခုတော့ ငြီးငွေ့မှုဟာ ကိုယ့်ကို အမှားအယွင်း တစ်စုံတစ်ခု ရှိနေတယ် လို့ အသိပေး အချက်ပြခြင်းဖြစ်တယ် ဆိုတာ သိလာတဲ့ အတွက် တုန်လှုပ်ခြင်း မရှိတော့ပါဘူး ။ ကျွန်မ လုပ်ဆောင်တဲ့ နည်းလမ်းများကို ရေးဖော် စာရေးဆရာများ အတွက် ဖော်ပြပေးချင်ပါတယ် ။

◾မိမိကိုယ် မိမိ စာရွက် ပေါ်မှာ စကား ပြောကြည့်ပါ

ကျွန်မ မကြာခဏ ကြုံတတ်တာ ကတော့ ဝတ္ထု ရေးရင်းတန်းလန်း ဘာဆက် ရေးရမှန်း မသိ ဖြစ်သွားတာပါပဲ ။ အဲဒီ အခါမှာ ဇာတ်လမ်းကို ပြင်ရမလား ၊ ဇာတ်ကောင်ကို ပြင်ရမလား မသိတော့ပါဘူး ။ ဒါဟာ ကျွန်မရဲ့ ဦးနှောက်ထဲက တီထွင်ဖန်တီးနိုင်မှု စွမ်းအားက ကျွန်မ ရေးပြီးတဲ့ အပေါ်မှာ အမှားအယွင်း ရှိနေပြီ ဆိုတာ သတိပေးလိုက်ခြင်း ဖြစ်ပါတယ် ။

ဒီတော့ ဘာလုပ်သလဲ ဆိုတော့ စာရွက်ပေါ် မှာ ကျွန်မကိုယ် ကျွန်မ ပြန် စကားပြော ကြည့်ပါတယ် ။ ခဲတံ နဲ့ရေးပြီးတော့ပဲ ဖြစ်ဖြစ် ၊ လက်နှိပ်စက် ရိုက်ပြီးတော့ပဲ ဖြစ်ဖြစ် ပြောဆိုခြင်း ဖြစ်ပါတယ် ။ ကျွန်မ ရေးလက်စဟာ ဘာမှားနေသလဲ ၊ ကျွန်မ ဇာတ်လမ်းကို ဘယ်လို ဆက်သွားရမလဲ ဆိုတာကို အဖြေ ရှာပါတယ် ။

စာရွက်ပေါ် မှာ ကိုယ့် စိတ်ကူးကို ချရေးကြည့်တယ် ။ ရှေ့ဆက်ရမယ့် ဇာတ်လမ်းမှာ ဘယ်လို ဆက်သွားရမလဲပေါ့ ။ နည်းလမ်း အသွယ်သွယ်ကို ချရေးကြည့်လိုက်ရင် တစ်ခုခု ကတော့ အဆင်ပြေ သွားနိုင်ပါတယ် ။ တစ်ခါတလေ မှာလည်း ချရေးထားတဲ့ နည်းလမ်း နှစ်ခု သုံးခုကို ပေါင်းစပ် လိုက်ခြင်းအားဖြင့် အဖြေတစ်ခု ထွက်လာပါတယ် ။ နည်းလမ်း တစ်ခုချင်းကို ဖြစ်နိုင်ခြေ ရှိ၏ ၊ မရှိ၏ သုံးသပ်ကြည့်ပါတယ် ။ ဒီ အခြေအနေမှာ ဝေဖန်ရေးတော့ လုပ်လို့ မရသေးပါဘူး ။ ဇာတ်ကို ရှေ့ဆက်ပြီး စီးဆင်း သွားနိုင်ဖို့သာ အဓိက ထားရပါတယ် ။ တကယ်လို့ အဲဒီအချိန်မှာ ဝေဖန်ရေး လုပ်လိုက်ရင် ဇာတ်လမ်း က ဆက်စီး မသွားနိုင်တော့ဘဲ ရပ်သွားနိုင်ပါတယ် ။

◾ဇာတ်ကောင်များ ကို ပြန်လည် သုံးသပ်ခြင်း

နောက် တစ်ခုက ကိုယ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်များကို တစ်ခုချင်း ပြန်လည် သုံးသပ်ကြည့်ပါတယ် ။ ရေးပြီးသား ဇာတ်ကြောင်းထက် သူ့ကို ဘယ်နည်းနဲ့ ပြင်ဆင်နိုင်သလဲ ၊ ဘယ်လို ထွက်ခွာ ပေးနိုင်သလဲ ဆိုတာကို ပြန်လည် စဉ်းစားခြင်းပါ ။ အဲဒါ အပြင် ဇာတ်ကောင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုကို ကျွန်မ မြှုပ်ထားခဲ့မိသလား ဆိုတာကိုလည်း ပြန်ပြီး သုံးသပ်ရပါတယ် ။ တစ်ခါတလေမှာ အဲဒီလို ပြန်သုံးသပ်တဲ့ အခါမှ နောက် ဆက်ရေးမယ့် ဇာတ်လမ်းမှာ အထောက်အကူ ပြုမယ့် အချက်အလက်တွေ ပေါ်လာနိုင်ပါတယ် ။ တစ်ခါတလေမှာ ကိုယ့်အဓိက ဇာတ်ကောင်က လက်ထပ်လိုက်ပြီး နှစ်တော်တော်ကြာတဲ့ အခါမှ ဒီဇာတ်လမ်းမှာ ဒုတိယ အရေးအကြီးဆုံး ဖြစ်လာမယ့် ဇာတ်ကောင်က ပေါ်ချင် ပေါ် လာပါတယ် ။

ကျွန်မ ကိုယ်တိုင်က လက်ထပ်ပေါင်းသင်းခြင်းကို ဘာမှန်းညာမှန်း မသိဘဲ အိမ်ထောင်ကျခဲ့သူ ဖြစ်ပါတယ် ။ ကျွန်မ ဇာတ်ကောင်များဟာလည်း တစ်ခါတလေ မှာ ကျွန်မ နည်းတူ ဖြစ်တတ်ပါတယ် ။ အဲဒီလို ကိုယ်နဲ့ ထပ်တူ ဖြစ်တဲ့ အချက်ကို တွေ့ လိုက်ပြီဆိုရင် ဒီဝတ္ထုကို ရှေ့ဆက်သွားဖို့ နည်းလမ်းပေါင်းများစွာ ပေါ်ထွက်လာပါလိမ့်မယ် ။

သဘောတူခြင်း ၊ သဘော မတူခြင်း စတဲ့ အချက်အလက်များဟာ ဇာတ်ကောင်များ ရဲ့ ကြားမှာ ရှိလေ့ရှိထ ဖြစ်တဲ့ အချက် တစ်ခု ဖြစ်ပါတယ် ။ ကျွန်မ စာရေးတဲ့ နေရာမှာ Brian Garfield ပြောခဲ့တဲ့ “ စာဖတ်သူနေရာက ခံစားပြီး ရေးကြည့်ပါ ” ဆိုတဲ့ စကားကို အမြဲ နှလုံးသွင်း ထားပါတယ် ။ ဇာတ်ကောင်တွေကို သူတို့ မျှော်လင့်မထားတဲ့ အခွင့်အရေးတစ်ခု ပေး လိုက်ရင် စာဖတ်သူမှာ အံ့သြတကြီး ဖြစ်သွားတတ်စမြဲပါ ။ ဒါကြောင့် ကျွန်မရေးတဲ့ ဝတ္ထုများမှာ အတိတ်ဇာတ်ကြောင်းကို ဦးစွာ အခြေခံပြီးမှ အနာဂတ် အတွက် ရေးဖွဲ့လေ့ရှိပါတယ် ။ အဲဒီလို ရေးလိုက်တဲ့ အခါမှာ စာဖတ်သူ ဘက်က မျှော်လင့် မထားတဲ့ ဇာတ်လမ်း ၊ ဇာတ်ကွက်တွေ ပေါ်ထွက်လာပါတယ် ။

◾ဇာတ်အိမ် တည်ထားရာကို ပြန်လည် သုံးသပ်ခြင်း

ကိုယ့်ဇာတ်အိမ် တည် ထားတဲ့ နေရာ အတွင်းအပြင် မြင်ကွင်းများဟာ ဇာတ်ကွက်အသစ် ပေါ်ထွန်းလာရေး အတွက် အများကြီး အထောက်အကူ ပြုပါတယ် ။ နောက်ခံ အကြောင်းအရာတိုင်းဟာ တစ်ခုချင်း ကွဲပြားခြားနားနေတဲ့ အတွက် တစ်ခုချင်း ပေါ် မူတည်ပြီး မဆုံးနိုင်တဲ့ ဇာတ်လမ်းတွေ များစွာ ရေးဖွဲ့ နိုင်ပါလိမ့်မယ် ။

အရီဇိုးနားပြည်နယ် ၊ ဆီဒိုးနားကို သွားပြီး Vermilion ဝတ္ထုရေးဖို့ သွားရောက်တဲ့အခါ ပတ်ဝန်းကျင် မြင်ကွင်းများက ကျွန်မကို ဘာသတိရစေ သလဲ ဆိုတော့ ပတ်ပတ်လည် မြင်ကွင်းများမှာ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကျောက်ဆောင်ကြီးများကြောင့် အီဂျစ်ပြည် မှ ရုပ်တုကြီးများကို သတိရစေခဲ့ပါတယ် ။ တချို့ကျောက်ဆောင်ကြီးများမှာ သဘာဝလေ တိုက်စားမှုနဲ့ လူ တစ်ယောက်ရဲ့ မျက်နှာပုံစုံမျိုး ဖြစ်ပေါ် နေတာ တွေ့ရပါတယ် ။ အဲဒီလို ရုပ်တုနဲ့ တူတဲ့ ကျောက်ဆောင်ပေါင်း များစွာ ကို ထပ်ဖန်တလဲလဲ ကျွန်မ မြင်တွေ့ လာရတဲ့ အခါ ဓာတ်ပုံရိုက် ယူခဲ့ပါတယ် ။ အိမ်မှာ အေးအေးဆေးဆေး ရှိတဲ့ အချိန် ဒီ ဓာတ်ပုံတွေကို အသေးစိတ် ပြန်ကြည့်လိုက်တော့ အင်မတန် ထူးဆန်းတဲ့ အတွေးတွေ ကျွန်မ ခေါင်းထဲ ဝင်လာပြီး နောက်ထပ် ဇာတ်တစ်ပုဒ်အတွက် ဇာတ်ကျောရိုး ရစေခဲ့ပါတယ် ။

ဒါကြောင့် ရေးရင်းတန်းလန်း ငြီးငွေ့ လာတဲ့ အခါ ၊ ဘာ ဆက် ရေးရမှန်းမသိ ဖြစ်တဲ့ အခါ ကိုယ့် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပါ ။ အဲဒီ အခါမှာ ဆက်ရေးစရာတွေ ပေါ်လာပါလိမ့်မယ် ။

◾ဇာတ်ကောင် နဲ့ မြင်ကွင်း ထိစပ်မှု ရှိပါစေ

ဇာတ်ကောင်နဲ့ မြင်ကွင်းများဟာ တစ်သားတည်း ရှိဖို့ လိုအပ်ပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Vermilion ဝတ္ထုမှာ အမျိုးသမီး ဇာတ်ဆောင်က လူမျက်နှာနဲ့ တူတဲ့ ကျောက်တုံးများကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်နေခဲ့ပါတယ် ။ ဒီ ကျောက်တုံးများ ဟာ ဝတ္ထုရဲ့အသက် အရေးကြီးတဲ့ ဇာတ်ကောင်များ နေရာက ပါဝင်လာခဲ့ပါတယ် ။ ဒါပေမဲ့ တစ်ခု သတိထားဖို့ ကတော့ ပြင်ပမြင်ကွင်းကို ရေးဖွဲ့ခြင်းက ဝတ္ထု မဖြစ်တော့ဘဲ ခရီးသွား ဆောင်းပါး ဖြစ်သွားတတ်တာလည်း ရှိပါတယ် ။ အဲဒီ အချက်ကိုတော့ အထူး သတိပြုရပါမယ် ။

Domino ဝတ္ထုကို ရေးစဉ်ကာလတုန်းက ကိုလိုရာဒိုပြည်နယ်မှ ကျောက်ဆောင်ကြီးများ ပတ်ဝန်းကျင်မှာ ဇာတ်အိမ်ကို တည်ထားပါတယ် ။ ကျွန်မ ဖန်တီးချင်တာက တစ္ဆေ ၊ သရဲတွေကြီးစိုး နေတဲ့ မြို့သေးသေးကလေး တစ်မြို့ကို ရည်ရွယ်တယ် ။ နောက်ဆုံးမှာ ဒီမြို့ကလေးက ဖုန်မှုန့်တွေကြားမှာ ပျောက်ကွယ်သွားမှာပါ ။ အဲဒီ မြို့ကလေးမှာ ကျွန်မ အမျိုးသမီးဇာတ်ကောင်က ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံတွေ ကြုံတွေ့မယ် ။ ဒါကြောင့် ကျွန်မ ဝတ္ထုခေါင်းစဉ် မှာ ကျွန်မ စိတ်ကူးထဲမှာ ဖန်တီးထားတဲ့ မြို့ကလေးရဲ့ အမည် လည်း ပါဝင်အောင် စဉ်းစားရပါတယ် ။

ကျွန်မ အတွက်တော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဇာတ်အိမ်တည်မယ့် နေရာနဲ့ ဖန်တီးမယ့် ဇာတ်ကောင်တို့ တစ်သားတည်း ဖြစ်နိုင်ဖို့ရာ တော်တော် အရေးပါပါတယ် ။ ဒါကြောင့် ဇာတ်အိမ်ကို သေသေချာချာ စဉ်းစားပြီးမှ ဘယ်နေရာမှာ တည်မယ် ဆိုတာ ဆုံးဖြတ်ရပါတယ် ။

◾မိမိ သုတေသန ပြုလုပ်ထားတဲ့ အချက်များကို ပြန်လည် ဆန်းစစ်ပါ

ဇာတ်တစ်ပုဒ်ရဲ့ နောက်ခံ ဇာတ်ကြောင်းကို ရေးနိုင်ဖို့ရာ စာရေးဆရာက ပတ်ဝန်းကျင်ကို လေ့လာရပါတယ် ။ နောက်ခံထားမယ့် နေရာမှာ ရှိနေတဲ့ သက်ရှိပုဂ္ဂိုလ် တော်တော်များများနဲ့ ကျွန်မ စကားပြောကြည့် ပါတယ် ။ ဒီလို စကားပြောတဲ့နေရာမှာ သူတို့ရဲ့ဇာတ်လမ်းတွေကို ရေးဖို့ပြောတာ မဟုတ် ပါဘူး ။ ဇာတ်လမ်း ကတော့ ကျွန်မ ကိုယ်ပိုင် တည်ဆောက်တာပါ ။ ဒါပေမဲ့ သူတို့ ပြောပြတဲ့ အထဲက ထူးခြားတဲ့ အချက်တချို့က ကျွန်မ ဇာတ်အိမ်ထဲမှာ ထည့်သွင်း အသုံးချနိုင်တာတွေ ပါလာတတ်ပါတယ် ။ ဒါပေမဲ့ ပြောနေတုန်းမှာ စိတ်ကူးရတာ မဟုတ်ဘဲ စာရေးနေတဲ့ အချိန်ကျမှ သူတို့ ပြောတဲ့ အကြောင်းအရာများက အသုံးဝင်တဲ့ အချက်အလက်များ ဖြစ်လာခြင်းပါ ။ ဥပမာ အားဖြင့် တစ်ခါတုန်းက Key West လွင်ပြင် တစ်ခုမှာ ထူးထူးခြားခြား အမျိုးသမီး တစ်ယောက် စွန်လွှတ် နေတာကို ကျွန်မ တွေ့ခဲ့ရဖူးတယ် ။ အဲဒီ မြင်ကွင်းကို ကျွန်မ ဝတ္ထုထဲမှာ ဇာတ်ဝင်ခန်း အဖြစ် ထည့်ရေးခဲ့ပါတယ် ။

ကယ်လီဖိုးနီးယားပြည်နယ် ၊ ကာမယ်လ်မြို့ကို ရောက်တော့ အသက်အရွယ် တော်တော် ကြီးရင့်တဲ့ ပန်းပုဆရာကြီး တစ်ဦးနဲ့ စာကြည့်တိုက်မှာ ဆုံတွေ့ရာက မိတ်ဆွေ ဖြစ်သွားပါတယ် ။ သူက ကျွန်မကို သူ့အိမ်သို့ ဖိတ်ခေါ် ပြီး လှလှပပ အနုပညာ မြောက်စွာ ခင်းကျင်းထားတဲ့ သူ့ဧည့်ခန်းကို ပြပါတယ် ။ ကျွန်မ ကလည်း ဒီလို ထူးခြားတဲ့ နေရာမျိုးကို ဝတ္ထုထဲမှာ ထည့်ရေးဖို့ စိတ်ဝင်စားတဲ့သူ ဖြစ်တော့ တစ်နေ့နေ့ မှာ ဒီ ဧည့်ခန်းအကြောင်း ထည့်ရေးဖို့ မှတ်သား ထားရပါတယ် ။

ကိုယ်တွေ့  ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဟာ တကူးတက လေ့လာတွေ့ရှိရတာမျိုး မဟုတ်ဘဲ အမှတ်တမဲ့ကနေ ဇာတ်ဝင်ခန်း အဖြစ် အသုံးဝင် တာတွေ ဖြစ်လာခဲ့ပါတယ် ။ ဒါတွေက နောင်မှာ ဝတ္ထု ထဲက ထူးခြားတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်လာမှာ မလွဲပါဘူး ။

◾ကိုယ် ဖန်တီးလိုက်တဲ့ ဇာတ်ကောင်များ အပေါ်မှာ ကိုယ့် စိတ်ခံစားချက်တွေ ထည့်သွင်းပေးပါ

ဇာတ်အသစ် တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် ဇာတ်ကျောရိုးကို ကျွန်မ အရင်ရေးပါတယ် ။ အဲဒီအခါမှာ အဓိကဇာတ်ကောင်ရဲ့ အခြေအနေက ပေါ်ထွက်လာပါတယ် ။ အဓိကဇာတ်ကောင်ရဲ့ ရင်ထဲမှာ ကိုယ့် ခံစားချက်တွေ ထည့်ပေးလိုက်တဲ့ အခါမှာ သူ နဲ့ အားပြိုင်မှုတွေ ၊ ပေါက်ကွဲမှုတွေ ၊ လှုပ်ရှားမှုတွေ သူ့ အလိုလို ပေါ်ထွက်လာပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Rainsong ဝတ္ထုမှာ ဇာတ်ဖွင့်ဖွင့်ချင်း အဓိက ဇာတ်ကောင် ဖြစ်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်းသည် နာမည်ကြီး အဆိုကျော်က အင်မတန် ထူးဆန်းစွာ ရုတ်တရက် ကွယ်လွန်သွားတာနဲ့ စလိုက်ပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းများက ထင်ကြေး အမျိုးမျိုး ပေးလာတဲ့ ဖိအားတွေကို သူမ မခံနိုင်တော့တဲ့ အတွက် မိတ်ဆွေ တစ်ဦး ဖိတ်ကြားတဲ့ Long Island က Gold Coast စံအိမ်ကြီးကို ထွက်လာခဲ့ပါတယ် ။ အေးချမ်းတိတ်ဆိတ်လှတဲ့ ဒီစံအိမ်ကြီးထဲမှာ နေရင် သူမ အနေနဲ့ သီချင်းတွေ ရေးသားကာ သူမ ဘဝကို တည်ငြိမ်သွားအောင် ပြန်လည် ဆောက်တည် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ် ။

ကျွန်မက ဒီနေရာမှာ စဉ်းစားရပါပြီ ။ ကျွန်မ ဇာတ်ကောင်ကို အင်မတန်ကြီးမားလှတဲ့ ဒီ အိမ်ကြီးထဲမှာ ဘယ်လို ချောက်ချားစရာတွေနဲ့ တွေ့ပေးရမလဲပေါ့ ။ တစ်ညမှာတော့ သူမနားထဲမှာ ဂီတသံတွေ ကြားလာခဲ့ရပါတယ် ။ တကယ်တော့ ဒီအိမ်ကြီးထဲမှာ တခြားသူ မရှိပါဘူး ။ ဒါပေမဲ့ ခင်ပွန်းသည် ဖြစ်သူရဲ့ အသံ နဲ့ သီချင်းသံကို ကြားလာရတယ် ။ သီချင်းက ခင်ပွန်းသည် သီဆိုနေကျ Ruinsong ဖြစ်ပြီး အဲဒီသီချင်းကို သူမကိုယ်တိုင် ရေးစပ် ပေးခဲ့တာပါ ။ ဒီလို ကြားလိုက်ရတယ် ဆိုရင်ပဲ ကြက်သီးမွေးညင်းတွေ ထလာပြီး သည်းထိတ်ရင်ဖို အဖြစ်အပျက်များနဲ့ ကြုံတွေ့ရပါတော့တယ် ။

◾ဇာတ်ကောင်များ ရဲ့ အတိတ်ကို ပြန်ကြည့်ပါ

ဇာတ်ကောင်တိုင်းမှာ အတိတ် ရှိပါတယ် ။ ပစ္စုပ္ပန်ကာလ အကြောင်း ရေးနေစဉ်မှာလည်း စာရေးသူက ဒီ ဇာတ်ကောင်ရဲ့ အတိတ်ဇာတ်ကြောင်းကို ဖန်တီးနိုင်ပါတယ် ။ သူ့ အတိတ်က သူ့လက်ရှိ အခြေအနေများကို ဖန်တီးနေတာ ဖြစ်တဲ့ အတွက် ဇာတ်ကောင် ရဲ့အတိတ် ဟာ ပစ္စုပ္ပန်ကာလ အတွက် အရေးပါ အရာရောက်လှပါတယ် ။ ဒါကြောင့် ကျွန်မ ဝတ္ထုရေးတဲ့ နေရာမှာ ဇာတ်ကောင်များရဲ့ အတိတ်က ဘယ်လို ရှိခဲ့တယ် ဆိုတာကို အနည်း နဲ့အများ ဆိုသလို ထည့်သွင်းဖော်ပြလေ့ ရှိပါတယ် ။

တစ်ခါတလေမှာ တချို့ ဇာတ်ကောင်များဟာ ဇာတ်လမ်း မစခင် ကတည်းက ကွယ်လွန်ခဲ့ပြီးသား ဇာတ်ကောင်တွေလည်း ဖြစ်တတ်ပါတယ် ။ အဲဒီ ဇာတ်ကောင်များဟာလည်း လက်ရှိ လှုပ်ရှားသက်ဝင် နေတဲ့ ဇာတ်ကောင်များ အပေါ်မှာ လွှမ်းမိုးမှုအား ကြီးမားနိုင်ပါတယ် ။ အတိတ်သမိုင်းက လျှို့ဝှက်ချက်များ ရှိနေခဲ့ရင် ပစ္စုပ္ပန်ကာလမှာ အကျိုးသက်ရောက်မှု များပြား ပြီး ဇာတ်လမ်းသစ်များ လည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ ဒီအချက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ သာဓက ပြရမယ်ဆိုရင် Rebecca ဝတ္ထုကြီးဟာ ကျွန်မ ပြောခဲ့တဲ့ အချက်များနဲ့ ကိုက်ညီတဲ့ ကမ္ဘာကျော် ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ် ။ ကျွန်မ ရေးသားခဲ့တဲ့ Dream of Orchids ဝတ္ထုမှာ ဆိုရင် အဓိကဇာတ်ကောင် အမျိုးသမီးရဲ့ ဖခင်ဟာ ဝတ္ထုဇာတ်လမ်း မစခင် ကတည်း က ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ် ။ သူ ကွယ်လွန်ပြီး တစ်နှစ် ကြာမှ ဇာတ်လမ်း စတာ ဖြစ်တဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ ဇာတ်ကောင်များရဲ့ ရင် ထဲမှာ အမှတ်တရ ဖြစ်စရာတွေ အများကြီး ကျန်ရစ် နေဆဲပါ ။ အဲဒီလို အမှတ်တရ ဖြစ်စရာတွေ ကနေ အံ့သြဖွယ်ရာ ကောင်းလောက်အောင် ဇာတ်လမ်း အသစ်တွေ ပေါက်ဖွားလာခဲ့ပါတယ် ။

ကိုယ့် ဇာတ်ကောင်တွေ က ဆုံးဖြတ်နိုင်တဲ့ ခွန်အား ရှိတဲ့ ဇာတ်ကောင်တွေလည်း ဖြစ်နေပါစေ ။ ဒီလို အရည်အချင်း ရှိမှ ဇာတ်အရှိန်မှာ စီးဆင်း မျောပါလာနိုင်မှာ ဖြစ်ပါတယ် ။ အဓိက မဟုတ်တဲ့ တခြား ဇာတ်ကောင်များ မှာလည်း ဆုံးဖြတ်ပိုင်ခွင့် ၊ ရွေးချယ်ပိုင်ခွင့်တွေ ပေးထားရပါမယ် ။ ဒီလို ပေးထားမှသာ ဇာတ်ကောင် တစ်ယောက် နဲ့ တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်တာတွေ ၊ သဘောတူညီတာတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ် ။

◾အချက်အလက်များ ထပ်မံ စုဆောင်းပါ

လက်ရှိ ရေးဖွဲ့ပြီးသား အချက်အလက်များ အပြင် ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်များ ရရှိနိုင်အောင် စာအုပ်များ ဖတ်ခြင်း ၊ စာကြည့်တိုက်မှာ လေ့လာခြင်းနည်းများနဲ့ အချက်အလက်များ ခိုင်မာအောင် ထပ်မံ စုဆောင်းသင့်ပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ Dream of Orchids ရေးဖို့ စတင်စဉ်မှာ ကျွန်မ ဘယ်နည်းနဲ့မှ သစ်ခွပန်းများ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မ ကိုယ် ကျွန်မ မထင်ခဲ့ပါဘူး ။ ကျွန်မ ကိုယ်တိုင်က သစ်ခွပန်း မြတ်နိုးသူလည်း မဟုတ်ပါဘူး ။ အဲဒါအပြင် ရေငုပ်တယ် ဆိုတာကိုလည်း ကျွန်မ ဘဝမှာ စဉ်းတောင် မစဉ်းစားခဲ့ဖူးပါဘူး ။ ဒါပေမဲ့ စာကြည့်တိုက် ကနေ သစ်ခွပန်း နဲ့ ပတ်သက်တဲ့ စာအုပ် လေးအုပ် လောက် ငှားရမ်းလာပြီး ဖတ်ပြီးချိန်မှာတော့ သစ်ခွ နဲ့ ပတ်သက်လို့ ကျွန်မ ဇာတ်ကွက်တွေ ဆင်လို့ ရပါပြီ ။ ဒီ ကြားထဲမှာ လူသ,တ်မှု တစ်ခုကို တောင် ထည့်လိုက်လို့ ရပါသေးတယ် ။ စာတွေ့ နဲ့ အားမရသေးတဲ့ အတွက် ကျွန်မ နေရပ်က သစ်ခွစိုက်ပျိုးရေးခြံ တစ်ခြံကို သွားရောက် လေ့လာခဲ့ပါသေးတယ် ။ အဲဒီလို သွားချိန်မှာ ကျွန်မ လက်ထဲမှာ မေးစရာ မေးခွန်းတွေ ရေးထားတဲ့ စာရွက်တစ်ရွက် အသင့် ကိုင်ဆောင်သွားခဲ့ပါတယ် ။

ဒီ ဝတ္ထု ရေးနေစဉ်မှာ ကျွန်မ အေးဂျင့်က ရေငုပ်တဲ့ ဇာတ်ကွက် ပါသင့်တယ်လို့ အကြံ ပေး လာပါတယ် ။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင်က ရေငုပ်တာကို လုံးဝ ဝါသနာ မပါသူ ၊ စိတ်မဝင်စားသူ ဖြစ်တဲ့ အတွက် အကြိမ်ကြိမ် အခါခါ ငြင်းခဲ့ပါတယ် ။ နောက်ဆုံးမှာ သူက ရေငုပ်တာ နဲ့ ပတ်သက်ပြီး ရေအောက် မြင်ကွင်းများကို ဖော်ပြထားတဲ့ National Georaphic စာအုပ်တွေ ယူလာပေးပြီး လေ့လာ စေတဲ့ အခါမှာတော့ ကာရေဗီယန် ပင်လယ်ကွေ့ ရေအောက် ကြမ်းပြင်ပေါ်မှာ တွေ့ရတဲ့ အပျက်အစီးများက ကျွန်မ စိတ်ကို ဆွဲဆောင်သွားပါတယ် ။ အဲဒီ မြင်ကွင်းများ ကြောင့်ပဲ ကျွန်မ ဝတ္ထုထဲမှာ ရေငုပ်တဲ့ သူတွေအကြောင်း ဇာတ်လမ်းဇာတ်ကွက် ထည့်သွင်းရေးသား သွားနိုင်ပါတယ် ။

ကာလ တော်တော်ကြာကြာ ကတည်းက ကျွန်မ လေ့လာမှတ်သားထားတဲ့ အဆို တစ်ခု ရှိပါတယ် ။ “ မသိရင် သိအောင် ရှာဖွေ လေ့လာပါ ” ဆိုတဲ့ အဆိုပဲ ဖြစ်ပါတယ် ။ အချက်အလက်ကောင်း တစ်ခု ရပြီဆိုရင် စာရေးဆရာ အနေနဲ့ စိတ်ကူး ယဉ်ချင်သလို ယဉ်ခွင့် ရှိသွားပါပြီ ။

◾မသိတာကို စဉ်းစား တွေးတောပါ

ဝတ္ထု တစ်ပုဒ် စ မရေးခင် မှာ ကျွန်မ ကတော့ မသိသေးတဲ့ အကြောင်း အရာတွေကို တွေးပြီး အဖြေ မသိတဲ့ မေးခွန်းတွေ ချရေးပါတယ် ။ ဒါဟာ ဇာတ်လမ်းဇာတ်ကွက် ချ မရေးခင်မှာ လုပ်ရမယ့် အခြေခံ အချက် တစ်ခု ဖြစ်ပါတယ် ။ အဲဒီလို အခြေခံ အချက်ကို ချရေးပြီးမှသာ မသိတဲ့ မေးခွန်းများကို သိအောင် ကြိုးစား ဖြေဆိုရင်း ကနေ စိတ်ကူးတွေ ပေါက်ဖွား လာပါလိမ့်မယ် ။

သိအောင် ကြိုးစား နေရင်း သိလာပြီ ဆိုရင် အဲဒီ မေးခွန်းကို ခြစ်ပစ် လိုက်တယ် ။ နောက်ထပ် မသိသေးတဲ့ အချက်ကို ဆက်ပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ပဲ တွေးစရာတွေ ဟာ အဆက်မပြတ် ရှိလာပါတယ် ။ ဒါဟာ ဇာတ်ကို စ မကိုင်ခင် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီအချိန်က တွေးရမယ့် အချိန်သာ ဖြစ်ပါတယ် ။ ရေးရမယ့် အချိန် မဟုတ်သေးပါဘူး ။ မေးခွန်းတွေ အားလုံး ဖြေဆိုပြီး သွားပြီ ဆိုရင်တော့ ရေးချင်တဲ့ ဇာတ်လမ်းကို စရေးလို့ ရပါပြီ ။

◾ဇာတ်ကောင်များရဲ့ ခံစားမှုကို စာဖတ်သူ သိသာပါစေ

ဇာတ်ကောင်က ပြဿနာ တစ်ခုနဲ့ ကြုံလာပြီ ဆိုရင် အဲဒီ ဇာတ်ကောင် နေရာမှာ ကျွန်မ ကတော့ ကျွန်မ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး စဉ်းစားပေးပါတယ် ။ အဲဒီလို ဖြစ်လာရင် ငါ ဘယ်လောက် ခံစားရသလဲ ၊ ဘာကြောင့် ဒေါသဖြစ်ရ တာလဲ ၊ ဘယ်အခါမှာ ပျော်သလဲ ။ ဒါတွေဟာ ဇာတ်ကောင်ရဲ့ ရင်ထဲမှာ ရှိရမယ့် အချက်တွေပဲ ဖြစ်ပါတယ် ။ အမြဲတမ်း အရေးပါ ပါတယ် ။ ဒါကြောင့် ဇာတ်ကောင် ရဲ့ ခံစားချက်ဟာ စာရေးဆရာရဲ့ခံစားချက်နဲ့ ထပ်တူထပ်မျှပါပဲ ။

••••• ••••• •••••

စာရေးဆရာ တစ်ယောက် အနေနဲ့ ကိုယ့် စိတ်ကူးတွေကို ရောပြီး မွှေလိုက်တဲ့ အခါမှာ ခွန်အားသစ်တစ်ခု ရလာပြီး ကိုယ့်ရှေ့မှာ ကာဆီးနေတဲ့ တံခါးတစ်ချပ် ပွင့်သွားသလို ခံစားရပါလိမ့်မယ် ။ တံခါး ပွင့်သွားပြီဆိုရင် ဘယ်သူမှ အဲဒီ အထဲကို ဝင်ပြီး မလေ့လာဘဲ နေနိုင်တော့မှာ မဟုတ်ပါဘူး ။ လေ့လာလိုက်ခြင်းအားဖြင့် ရေးချင်စရာ ကောင်းတဲ့ အချက်အလက်ပေါင်း များစွာကို ရှာဖွေတွေ့ရှိလာလိမ့်မယ်ဆိုတာ ကျွန်မ ကိုယ်တွေ့ပါပဲ ။

••••• ••••• •••••

ဆရာမကြီး Phyllis ရဲ့ စာရေးနည်း ဆောင်းပါး ဖြစ်ပါတယ် ။ စာရေးဖို့ ကြိုးစားနေတဲ့ ဝါသနာရှင်များ အတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

⎕ ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
     ၂ဝဝ၉ ခုနှစ် ၊ သြဂုတ်လ

No comments:

Post a Comment