❝ စာမရေးမီ ❞
“ စာရေးချင်လိုက်တာ ”
“ စာရေးတတ်အောင် ဘာလုပ်ရမလဲ ”
ဆိုတဲ့ မေးခွန်းကို စာရေးချင်တဲ့ သူ တော်တော်များများ မေးတတ်ကြပါတယ် ။
ကျွန်တော် နဲ့ ခင်မင်ရင်းနှီးတဲ့ အမျိုးသမီး အဆိုတော်ကြီး တစ်ယောက်ဆိုရင် -
“ ကျွန်မ ရင်ထဲမှာ ပရိသတ်ကို ပြောပြချင်တာတွေ ပြည့်နေတာပဲ ။ စာ မရေးတတ်လို့ ၊ ရေးတတ်ရင် ကျွန်မ ချရေးဖြစ်တာ ကြာပြီ ” လို့ပြောတယ် ။ သူက စကားပြောလည်း ကောင်းတယ် ။ သူ ပြောချင်တာ တစ်ခုကို စီကာပတ်ကုံး ပြောတတ်တယ် ။ ဒါပေမဲ့ ချ ရေးဖို့ ဝန်လေးနေတယ် ။ အဲဒီလို လူမျိုးတွေအတွက် ရည်ရွယ်ပြီး စာရေးဆရာမ ဂျင်နီသော်မဆင် ရဲ့ Before Begin To Write ဆောင်းပါးကို ဖော်ပြ ပေးလိုက်ပါတယ် ။
စာရေးဆရာမ ဂျင်နီက ပထမတုန်းကတော့ ဈေးကွက်သုတေသန ဆောင်းပါးတွေ ရေးသူပါ ။ ခုတော့ ဆောင်းပါးမျိုးစုံကို အချိန်ပြည့် ရေးသားနေပါပြီ ။ ဆရာမရဲ့ ဆောင်းပါးတွေကို Travel Life, Complete Woman, The State, Down Home in North Carolina တို့မှာ စဉ်ဆက်မပြတ် ဖော်ပြနေကြပြီး Mordern Bride ဆိုတဲ့ စာအုပ်လည်း တွဲဖက် ရေးသားခဲ့သူ ဖြစ်ပါတယ် ။
°°°°°°°°°°°°°°°
စာကောင်းကောင်း ရေးတတ်ဖို့ ၊ စာလုံးတွေကို ဝါကျ ကောင်းကောင်း ဖြစ်အောင် စီတတ်ဖို့ ၊ ဝါကျတွေကို စာပိုဒ်ဖြစ်အောင် ဖန်တီးတတ်ဖို့အတွက် လက်တွေ့ စာချ မရေးခင်မှာ လေ့လာ ဆည်းပူးစရာတွေ အများကြီး ရှိပါတယ် ။ ဒါမှသာ ကိုယ်ရေးတဲ့ ဆောင်းပါး ၊ သို့မဟုတ် ဝတ္ထုဟာ စာဖတ်သူရဲ့ နှလုံးသားမှာ ပျော်ဝင် သွားနိုင်မှာ ဖြစ်ပါတယ် ။ စာကောင်းတစ်ပုဒ် ဖန်တီးနိုင်ဖို့ အတွက် အခြေခံကျတဲ့ အချက်ကတော့ စာမူကြမ်း ရေးခြင်းပါပဲ ။ စာမူကြမ်း ရေးနေစဉ်မှာ ကိုယ်က ကိုယ်ရေးမယ့် အကြောင်းအရာကို လေ့လာရမယ် ။ သုံးသပ်ရမယ် ။ အကြမ်းထည် ကနေ အချောထည် ဖြစ်လာရအောင် ကိုယ်လိုချင်တဲ့ ရှုထောင့်ပုံစံကို ရောက်လာအောင် ပုံသွင်းသွားနိုင်ရမယ် ။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို လက်ကိုင်ထားပြီး စာမူကြမ်းကို ဖန်တီးမယ်ဆိုရင် အချိန်ကုန် သက်သာပြီး စာလည်း ပိုပြီး ညက်ညောသွားပါလိမ့်မယ် ။
◾စိတ်ကူးကို တိုးတက်ရှင်သန်စေခြင်း
စူးရှထက်မြက်တဲ့ စိတ်ကူးစိတ်သန်း ၊ ထိရောက်တဲ့ စာတစ်ပုဒ် ဆိုတာ လူတွေ ပြောနေကြတဲ့ အထဲကပဲ ပေါက်ဖွားလာတာပါ ။ ဒီတော့ လူတွေ ဘာပြောကြသလဲ ၊ သူတို့ ပြဿနာတွေက ဘာတွေလဲ ဆိုတာကို ကိုယ်က နားထောင်တတ်တဲ့ အကျင့်ရှိအောင် အရင်ဆုံး လေ့ကျင့်ပါ ။ အဲဒီလို အလေ့အကျင့် ရသွားခြင်း အားဖြင့် ဆောင်းပါးကောင်း ၊ ဝတ္ထုကောင်းတွေကို ဖန်တီးနိုင်ဖို့ ကုန်ကြမ်းတွေရလာပါလိမ့်မယ် ။
တစ်နေ့ လယ်ခင်းမှာ ကျွန်မ မိတ်ဆွေ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောရင်း သူက သူ့မိတ်ဆွေ အမျိုးသမီး တစ်ယောက်ဟာ အကျင့်ဆိုးရှိတဲ့ အမျိုးသား တစ်ယောက် နဲ့ ပတ်သက်နေတဲ့ အကြောင်း ပြောရင်း -
“ ကျွန်မက မာစီယာကို သူ့ အမျိုးသားနဲ့ ပတ်သက်ပြီး ကျွန်မ အမြင်ကို ပြောချင်ပေမယ့် မိတ်ပျက်သွားမှာ စိုးတော့ ဘယ်လို ပြောမလဲ ” လို့ မေးလာတယ် ။ ဒီ မေးခွန်း တစ်ခုက ကျွန်မ အတွက် စိတ်ကူးမျိုးစေ့ တစ်ခု ရသွားခဲ့ပါတယ် ။ နောက်တစ်ရက်လောက်ကြာတော့ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မ ဆောင်းပါးတစ်ပုဒ် ရေးတော့မယ် ဆိုတာ စိတ်ထဲမှာ သေချာသွားတယ် ။ အဲဒီ စိတ်ကူးကနေ When You Hate Your Best Friend's Man “ အရင်းနှီးဆုံး သူငယ်ချင်း ၏ အမျိုးသားကို မုန်းတဲ့ အခါ ” ဆိုတဲ့ ဆောင်းပါး ဖြစ်လာခဲ့တယ် ။ ဒီ ဆောင်းပါးရေးဖို့ အတွက် ဘာလဲ ဆိုတဲ့ မေးခွန်းနဲ့ စတယ် ။ ( စာ တစ်ပုဒ်ရေးမယ် ဆိုရင် “ ဘ ” ငါးလုံးကို သတိရပါ ။ ဘယ်သူလဲ ၊ ဘယ်မှာလဲ ၊ ဘာလဲ ၊ ဘယ်တုံးကလဲ နဲ့ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းတွေကို ရင်ထဲမှာ ထည့်ထားပါ ။ ) အဲဒီ ဆောင်းပါးရေးဖို့ အတွက် ကျွန်မ အရင်ဆုံး မေးတဲ့ မေးခွန်းက “ မိန်းမ တစ်ယောက်က သူ့ သူငယ်ချင်းရဲ့ ရည်းစားကို မုန်းတယ်ဆိုတာ ဘယ်လို ကိစ္စမျိုးတွေမှာ ဖြစ်တတ်သလဲ ” ဆိုတဲ့ မေးခွန်းပါ ။
ဘာလဲ ဆိုတဲ့ မေးခွန်း ဟာ ကိစ္စ တော်တော်များများမှာ ထိရောက်တဲ့ မေးခွန်း ဖြစ်တဲ့အတွက် ဆောင်းပါး ၊ သို့မဟုတ် ဝတ္ထု ရေးတော့မယ်ဆိုရင် ဒီမေးခွန်းနဲ့ စတာက ပိုပြီး အံဝင်ခွင်ကျ ဖြစ်တတ် ပါတယ် ။ ဒီမေးခွန်းဟာ စပ်စုတဲ့ မေးခွန်း ၊ လေ့လာတဲ့ မေးခွန်း ၊ စိတ်ဝင်စားတဲ့ မေးခွန်းပဲ မဟုတ်လား ။ ဒီမေးခွန်းနဲ့ စကြည့်ပါ ။ ကျွန်မ ကိုယ်တိုင် အဲဒီ ဆောင်းပါး မရေးခင်မှာ တကယ့် မိတ်ဆွေ ( သက်ရှိ ) တွေကို လူကိုယ်တိုင် မေးကြည့်ပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ကျွန်မ သူလို ကိုယ်လို လူမျိုးတွေကို မေးခဲ့ရာက ထွက်လာတဲ့ အဖြေတွေပါ ။
( ၁ ) ထွက်လာတဲ့ အဖြေဟာ ပြဿနာကို ပြီးပြေစေမယ့် အဖြေ ဖြစ်ချင်မှ ဖြစ်မယ် ။ ထိပ်တိုက် ရင်ဆိုင်တွေ့ရတဲ့ အဖြေမျိုးလည်း ဖြစ်ချင်ဖြစ်မယ် ။ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားကို ကိုယ်က ဘာကြောင့် မုန်းရတာလဲ ။ မဆီမဆိုင်လို့တော့ ပြောချင် ပြောလိမ့်မယ် ။ ဒါပေမဲ့ ကျွန်မက ဖြစ်နိုင်ခြေ တချို့ကို စာရင်းလုပ်ကြည့်လိုက်တယ် ။ တကယ်ပဲ ကျွန်မ ထင်တဲ့အတိုင်း ဖြစ်လာတာကို တွေ့ရတယ် ။
( ၂ ) ကိုယ့်ဘက်က လိုက်လျောညီထွေ ရှိတတ်ရမယ် ။ လူတစ်ယောက်ကို ကိုယ်က အင်တာဗျူး သဘောမျိုး မေးရမှာ ။ ဒီအခါ ကိုယ်မေးတဲ့ အမေးကို အမေး ခံရတဲ့သူက တိတိကျကျ ဖြေတတ်လိမ့်မယ်လို့ မျှော်လင့်မထားနဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ်မေးတဲ့ ကိစ္စမျိုး အမေးခံရတဲ့ သူမှာ အတွေ့အကြုံ ရှိချင်မှ ရှိမှာပေါ့ ။ ဒီတော့ ကိုယ်မေးမယ့် မေးခွန်းဟာ လူအများစု တွေ့ကြုံရတတ်တဲ့ ကိစ္စမျိုး ဖြစ်ရမယ် ။ အဖြေတွေ စုစည်းပြီးတော့မှ ကိုယ်က ဘယ်အချက်အလက်ပေါ် အခြေခံမယ်ဆိုတာ ဆုံးဖြတ်ရလိမ့်မယ် ။
( ၃ ) စကားပြောဖို့ ၊ မေးခွန်း မေးဖို့ မကြောက်နဲ့ ။ နေ့စဉ် ကြုံတွေ့ နေကျ ကိုယ့် ပတ်ဝန်းကျင်က လူတွေဆီမှာ ကိုယ်သိချင်တာနဲ့ ပတ်သက်ပြီး သဲလွန်စ ပေးနိုင်တဲ့ အတွေ့အကြုံတွေ အများကြီးရှိနိုင်ပါတယ် ။
ကျွန်မ ဆောင်းပါးအတွက် လူပုဂ္ဂိုလ် ရိုးရိုးတွေကို မေးပြီးတဲ့ နောက် ကျွန်မက စိတ်ပညာရှင် တချို့ ၊ စာရေးဆရာ တချို့နဲ့ တွေ့ပြီး မေးပြန်ပါတယ် ။ ဒီလို ဆွေးနွေးကြည့်လိုက်တဲ့အခါ ကျွန်မ သာမန် လူတွေဆီက ရထားတဲ့ အဖြေတွေဟာ စိတ်ရောဂါ ရနေတဲ့ သူတွေရဲ့ အဖြေမျိုး မဟုတ်မှန်း သိလာရပါတယ် ။ စိတ်ပညာရှင်ကို မေးတဲ့အခါ ကျွန်မက ကျွန်မ ရေးရမယ့် ဆောင်းပါးရဲ့ အခြေခံ အချက်အလက်ကိုပဲ မေးတယ် ။ ကိုယ့် သူငယ်ချင်းရဲ့ ရည်းစားကို မုန်းတဲ့သူမျိုး သူ တွေ့ဖူးသလား ။ ဒီလို မုန်းခြင်းဟာ စိတ်ရောဂါကြောင့်လား စတဲ့ မေးခွန်းတွေ မေးတယ် ။ စိတ်ပညာရှင်က သူ ကြုံတွေ့ဖူးတဲ့ လူနာတွေ အကြောင်း ၊ သူတို့ နောက်ခံသမိုင်းတွေနဲ့ ပြောပြတယ် ။ သာမန် လူတွေမှာ ဖြစ်တတ်တဲ့ စိတ်ထားမျိုးပါပဲ ။
စာရေးဆရာ ဆိုတာက လူ့ဘဝကို အမြဲတမ်း လေ့လာသုံးသပ်နေတဲ့ လူမျိုးပါ ။ ကိုယ်က သူ့ကို နည်းနည်းလေး စပ်စု ကြည့်လိုက်ရင် သူ့ဘက်က အဖြေတွေ ထွက်လာနိုင်ပါတယ် ။ သူနဲ့ ဆွေးနွေးကြည့်လိုက်ရင် ကိုယ် ယူဆထားတာတောင် ပြောင်းပြန် ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ကြုံချင်ကြုံရမှာပါ ။ ဒီတော့ ကိုယ်နဲ့ နီးစပ်ရာ စာရေးဆရာနဲ့ ဆွေးနွေးကြည့်ပါ ။ သူ့ စကား တစ်ခွန်းဟာ ကိုယ့် အတွက် အထောက်အကူ ရစေနိုင်ပါတယ် ။
( ၄ ) စာဖတ်ပါ ။ ကိုယ် ရေးမယ့် စာက ဝတ္ထု မဟုတ်ဘဲ အကြောင်းအရာ တစ်ခုကို ဦးတည် ရေးတော့မယ်ဆိုရင် အလားတူ အကြောင်းအရာမျိုး ရှေ့က ရေးခဲ့ကြတဲ့ သူတွေရဲ့စာကို ဖတ်ရမယ် ။ ဒါမှ ကိုယ် ရေးတဲ့စာဟာ ပုံတူကူးချတဲ့ ပုံစံမျိုး မဖြစ်တော့ဘဲ ပုံစံ ခွဲထွက်နိုင်ပါလိမ့်မယ် ။ မဂ္ဂဇင်းတွေထဲမှာ လောလောဆယ်ဆယ် တစ်နှစ် နှစ်နှစ်အတွင်း ကိုယ် ရေးမယ့် အကြောင်းအရာမျိုး မပါသေးဘူးဆိုမှသာ ရေးသင့်တယ် ။
ဖြစ်သင့်တာကတော့ လက်လှမ်းမီရာ စာကြည့်တိုက်က မဂ္ဂဇင်း တွေမှာ တစ်နှစ်စာ ၊ နှစ်နှစ်စာ လောက် ရှာဖတ်ကြည့်ပါ ။ အဲဒီ စာထဲမှာ ကိုယ်ရေးမယ့် အကြောင်းအရာ ခေါင်းစဉ်မျိုး မပါမှသာ ကိုယ်က ရေးသင့်တယ် ။ ဒီလို ကိုယ်က မွှေနှောက် ရှာဖွေပြီးတော့ လေ့လာလို့ ဘယ်သူမှ ရေးတာ မတွေ့ရသေးရင် ကိုယ့် စိတ်က တော်တော် ပေါ့သွားပြီ ။ ရေးဖို့ သေချာသွားပြီဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေဖတ်ပါဦး ။ သတင်းစာတွေထဲမှာ ကိုယ် ရေးမယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ အထောက်အကူ ပြုနိုင်တဲ့ အချက်အလက်တွေ ရနိုင်ပါတယ် ။
( ၅ ) မှတ်စုထုတ်ပါ ။ စာရေးဖို့ ပြင်ဆင်နေတဲ့ ကာလ တစ်လျှောက်လုံး ကိုယ်က မှတ်စု ထုတ်တဲ့ အကျင့် ရှိရမယ် ။ ကျွန်မဆိုရင် ခေါင်းထဲမှာ ပေါ်လာတဲ့ ဝါကျတချို့ ၊ စာပိုဒ်တချို့ကို ရေးချထားတတ်တဲ့ အကျင့်ရှိပါတယ် ။ တစ်ခါတလေ ခေါင်းစဉ်တွေတောင် ရေးထားတတ်ပါတယ် ။ ကျွန်မ အကျင့်က မှတ်စုစာအုပ်တွေကို ကျွန်မ အိမ်ရဲ့ အခန်းတိုင်းမှာ ထားတယ် ။ ဒါမှလည်း ခေါင်းထဲမှာ ပေါ်လာလာချင်း ကောက်ရေးနိုင်မှာပေါ့ ။ ကားထဲမှာလည်း ရှိတယ် ။ ရေးစရာ ပင် ( န် ) နဲ့ မှတ်စုစာအုပ်က အဆင်သင့် ။ တစ်ခါတလေ ကားမောင်းနေရင်း စိတ်ကူးရချင် ရလာတတ်တာပဲ ။ အဲဒါကို ကောက် ရေးထားမယ် ။ ဒီလို ရေးမထားလိုက်ရင် ပျောက်သွားတတ်ပါတယ် ။ မှတ်စုတွေ အားလုံးကို ကျွန်မက စာမူကြမ်း ဖိုင်ထဲမှာ ထည့်ထားပြီး လေ့လာလိုက်တဲ့ အခါမှာ ကျွန်မ ဘာရေးရမယ် ၊ ဘယ်အချက်အလက်တွေကို သုံးရမယ်ဆိုတာ သေချာသွားတယ် ။ မှတ်စု ထုတ်ထားတဲ့ အကျင့်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားလည်း တိုးပွားစေပါတယ် ။
( ၆ ) ခွဲခြမ်းစိတ်ဖြာခြင်း ။ စာတစ်ပုဒ် ရေးဖို့အတွက် လေ့လာမှုတွေ အများကြီး လုပ်ရပါမယ် ။ ကိုယ် လေ့လာလို့ ရလာတဲ့ အချက်အလက် တွေထဲကမှ ဘယ်ဟာ ကိုတော့ ကိုယ်က အခြေခံ ယူပြီး တင်ပြမယ် ဆိုတာကို ဆုံးဖြတ်နိုင်ရမယ် ။ ကိုယ့် တင်ပြမှုက တခြားလူတွေရဲ့ အယူအဆနဲ့ တူချင်မှ တူမယ် ။ ဒါပေမဲ့ ကိုယ့်ဘက်က အခြေခံထားတဲ့ အချက်က ကိုယ့် မှတ်စုတွေထဲမှာ အခိုင်အမာ ရှိနေတာပဲ ။
( ၇ ) အိပ်ခြင်း ။ စာတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဒါနဲ့ ပတ်သက်လို တစ်ချိန်လုံး စိတ်ဝင်စားမှု ရှိရမယ် ။ အိပ်နေသည် ဖြစ်စေ ၊ မအိပ်သည် ဖြစ်စေ သိစိတ်မှာ ရော မသိစိတ် မှာပါ ကိုယ် ရေးမယ့် အကြောင်းအရာပေါ်မှာ စိတ်ဝင်စားနေရမယ် ။ ဒီလို စိတ်ဝင်စားပြီ ဆိုရင် အိပ်ရာဘေးမှာ စာရွက်နဲ့ ခဲတံ ဆောင်ထားပါ ။ တစ်ခါတလေ အိပ်နေရင်း စကားလုံး ရချင်ရမယ် ။ ခေါင်းစဉ် ရချင်ရမယ် ။ ဒီအခါ ထထိုင်ပြီး ကောက်ရေးလိုက်လို့ ရတာပေါ့ ။
စာမရေးခင် ဒီလို ပြင်ဆင်မှုတွေ လုပ်ခြင်းက စာတကယ် ရေးတဲ့ အချိန်မှာ အချိန်ပိုရစေတာ တွေ့ရပါမယ် ။ ဒါကြောင့် လူတွေကြားမှာ လေ့လာနေတဲ့ အချိန် ၊ မှတ်စုရေးချိန် ၊ နားထောင်ချိန် ၊ စကားပြောချိန် ၊ ရေးရမယ့် အကြောင်းအရာအတွက် စိတ်ကူးနေချိန် အားလုံးဟာ အချိန်ဖြုန်း နေတာပဲလို့ မထင်လိုက်ပါနဲ့ ။ အဲဒါလည်း စာရေးနေခြင်းပါပဲ ။
°°°°°°°°°°°°°°°
စာရေးချင်တယ် ဆိုသူများ ဆရာမ ပြောတဲ့နည်းကို လက်တွေ့ သုံးကြည့်ခြင်း အားဖြင့် စာကောင်းတစ်ပုဒ် ဖန်တီးနိုင်ကြပါစေ ။
☐ ဝင်းငြိမ်း
📖 ရွှေအမြုတေမဂ္ဂဇင်း
အမှတ် ( ၆၂ )
ဒီဇင်ဘာလ ၊ ၁၉၉၄
No comments:
Post a Comment