❝ ဖက်ထုပ် မတင့် ❞
[ မန္တလေးဘူတာကြီး ကုန်ရုံရဲ့ အနောက်ဘက်ကို ညနေ ၆းဝဝ နာရီလောက် ရောက်သွားမယ် ဆိုရင် ထူးခြားတဲ့ မြင်ကွင်းတွေကို တွေ့ရမယ် ။
ပထမဆုံး မြင်ရမှာက စားပွဲတွေကို ဆက်ပြီး အရှည်လိုက်ခင်းထားတာ ၊ သုံးတန်းလောက် ရှိပြီး လူတွေ အပြည့် ထိုင်စောင့် နေကြတယ် ။ မတင့်ဖက်ထုပ်စားချင်လို့ လာစောင့်နေကြတာ ။ အဲဒီအချိန်မှာ ဖက်ထုပ်က မရသေးဘူး ။ ဒါပေမဲ့ စောင့်နေသူတွေက နေရာလာဦးပြီး ထိုင်နေကြပြီ ။ ဆိုင်က လမ်းဘေးကို တစ်ဝက် နင်းပြီး ဖွင့်ထားတာ ။
လမ်းဘေးမှာ အမိုးမပါ အကာမပါ ဟင်းလင်းပြင်မှာ ခင်းထားတဲ့ စားပွဲခုံတွေမှာ မိုးတဖွဲဖွဲ ရွာနေလည်း ဖက်ထုပ်စားမယ့် သူတွေက ဇွဲကောင်းကောင်း နဲ့ ထိုင်စောင့် နေတာပဲ ။
၇၉ လမ်း မှာ မတင့် ဖက်ထုပ် ရောင်းခဲ့တာ နှစ်ပေါင်း ၃ဝ လောက်ရှိပြီ ဆိုတော့ အစားကောင်းအသောက်ကောင်းကြိုက်တဲ့ မန္တလေးသူ ၊ မန္တလေးသားတွေက မတင့်ဖက်ထုပ်ဆိုင်ကို သိတယ် ။ ယခုအချိန်မှာ ဆိုရင် အနယ်နယ် အရပ်ရပ်က မန္တလေး လာတဲ့သူ အချို့လည်း သူ့ ဖက်ထုပ်ကို ကြိုက်လို့ မန္တလေး လာပြီးမှ မတင့်ဖက်ထုပ် မစားဘဲ ပြန်သွားရရင် မန္တလေးကို ရောက်တာ မဟုတ်သေးဘူးလို့ သူတို့ စိတ်မှာ ထင်နေတယ် ။ မတင့်ဖက်ထုပ် ဂုဏ်သတင်းကလည်း မြန်မာပြည်နယ်နိမိတ်ကို ကျော်ထွက်သွားပြီ ။ တရုတ်ပြည် ရွှေလီဘက် ကလည်း သူ့ ဖက်ထုပ်ကို သိသူတွေ ရှိတယ် ။ ဧည့်လမ်းညွှန် ဂိုက်ဘုတ် ( guide - book ) တွေ ထဲမှာလည်း မတင့်ဖက်ထုပ်ဆိုင်က ပါတော့ တိုးရစ်တွေ လည်း ဝင်စောင့်စားတယ် ။ ဖက်ထုပ်ကြိုက်တဲ့ ဂျပန်တွေ ကြားမှာ မတင့် က တော်တော် ရေပန်းစားတယ် ။
မြန်မာကို သိပ်စိတ်ဝင်စားတဲ့ လန်ဒန်တက္ကသိုလ်က အငြိမ်းစား မြန်မစာ ပါမောက္ခ မစ္စတာဂျွန်အိုကယ် ( မြန်မာအမည် ဦးလှသိန်း ) လည်း မြန်မာပြည် ရောက်တိုင်း မတင့်ဆိုင် လာပြီး ဖက်ထုပ် စားတယ် ။ အမေရိကန် တက္ကဆပ်က မနုဿဗေဒ ပညာရှင် ကိုသူရ လည်း မတင့်ဆိုင် ရဲ့ ဖောက်သည်ပဲ ။ ယခုဆိုရင် ကိုသူရ ရဲ့ သမီး တောင်မှ မြန်မာနိုင်ငံ လာတဲ့အခါ မတင့်ဖက်ထုပ်ကို တခုတ်တရ လာစားတတ်နေပြီ ။
ဆိုင်မှာ မတင့် မုန့်ပွဲ ပြင်ပေးနေပုံကို စောင့်ကြည့်ရင်လည်း ကြည့်လို့ကောင်းတယ် ။ ခေတ်ပေါ်တီးဝိုင်းက ဒရမ်သမား လက်စွမ်းပြ ဒရမ်တီးနေတာ ကြည့်ရသလိုပဲ သူ့ လက်တွေဟာ လုံးဝ အနားမနေဘဲ မုန့်ပွဲတွေ တရစပ်ပြင်ပေးနေတယ် ။ ဒါပေမဲ့ စားသုံးသူတို့ အလျဉ်မီအောင် ချက်ချင်း မပေးနိုင်ဘူး ။ မတင့်ဆိုင် လာစားသူ တိုင်း မစောင့်ဘဲ စားရတဲ့အခါ မရှိပါဘူး ။ ညနေ ၆း၀၀ နာရီလောက်ကနေ ည ၉းဝ၀ နာရီလောက် အထိ မတင့် က မတ်တတ်ရပ်လျက် မနားမနေ မုန့်ပွဲတွေ ပြင်ပေးတယ် ။ မတင့်က လက်ဆယ်ဖက် ရှိချင်တယ်လို့ ပြောတယ် ။
ခုလို နေပူမိုးရွာ ရောင်းလို့ကောင်းတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖြစ်အောင် မတင့် နှစ်ပေါင်း များစွာ ထူထောင်လာခဲ့ရတဲ့ ဘဝကို သူက ခုလို ပြောပြပါတယ် ။ မတင့် က မန္တလေး မှာ အနေကြာသူမို့ စကား ပြောတဲ့အခါ “ ကျွန်တော် ” လို့ သူ့ ကိုယ်သူ နာမ်စားသုံးပြီး ပြောတယ် ။ ]
••••• ••••• •••••
ကျွန်တော့်ကို ၁၉၆၃ ခုမှာ မွေးတယ် ။ အမေက မောင်နှမ ၁၇ ယောက်တောင် မွေးတဲ့ အထဲမှာ ကျွန်တော် တစ်ယောက်ပဲ ခြေထောက်က ဖွားတာတဲ့ ။
မောင်နှမ ၁၇ နှစ်ယောက် မှာ ခြောက်ယောက် အဖတ်မတင်ဘူး ။ ခု ၁၁ ယောက်ပဲ ကျန်တယ် ။ ၁၁ ယောက်မှာ ကျွန်တော်က နံပါတ်ကိုး ။ ကိုးယောက် မြောက်သမီးမို့ ကိုးနဝင်းကျေပြီး ဈေးရောင်းလို့ ကောင်းတာဆိုပြီး အစ်မတွေက ပြောတာပဲ ။
ကျွန်တော့်ကို မွေးတဲ့ အချိန်မှာ မြတ်မွန် ရုပ်ရှင်ကား ထွက်တယ် ။ “ ဒီအရွယ် တင့်တင့်တို့အရွယ် ” လေ ။ ဒါနဲ့ အမေ က ကျွန်တော့်ကို တင်မေတင့် လို့ နာမည်ပေးတယ် ။ မတင့် လို့ လူသိများတယ် ။
ကျွန်တော့်ကို မွေးတာက ကျောက်မဲမြို့ ၄ ရပ်ကွက်မှာ ။ ကျောင်းနေတော့ ၃ ရပ်ကွက်ထဲက မူလတန်းကျောင်း မှာ စနေတယ် ။ နောက် လေးတန်းအောင်တော့ အမှတ် ၁ အထက်တန်းကျောင်းကို ပြောင်းရတယ် ။
ကျွန်တော်က ပညာရေး ဝါသနာမပါဘူး ။ ငယ်ငယ်က ကျောင်းသွားတဲ့ အိပ်မက်မျိုးမက်ရင်တောင် လန့်နိုးတာ ။ အိမ်ကနေ ကျောင်းကို သွားတဲ့ လမ်းကတော့ သိပ်သာယာတာပဲ ၊ ရေတွေ တဝေါဝေါ စီးနေတဲ့ ချောင်းကြီးကို တံတားနဲ့ ဖြတ်သွားတယ် ။ ပြီးရင် တောင်တက်လမ်းကလေး ၊ လမ်းခွဲလေးလည်း ရှိတယ် ။ လမ်းခွဲမှာ မှတ်တိုင် တစ်ခုရှိတယ် ။ မိုင်းငေါ့သို့ ဘယ်နှမိုင် ဆိုတာမျိုး ပြထားတယ် ။ လမ်းခွဲမှတ်တိုင်ကလည်း လှတယ် ။
ကျွန်တော့် အဖေက ဦးတင်မောင် ၊ အမေက ဒေါ်ယဉ်မေ ။ ကျွန်တော့် မိဘတွေ က သားသမီး ၁၇ ယောက်တောင် မွေးထားတော့ စီးပွားရေးက အဆင်မပြေဘူး ။ အဖေက ကျောက်မဲဈေး ဈေးထောင့်မှာ ညနေဆိုရင် ခေါက်ဆွဲ ရောင်းတယ် ။ အဖေ့ခေါက်ဆွဲဆိုင်က နေ့လယ်၂းဝဝ နာရီလောက်ကနေ ညအထိ ဖွင့်တာ ။
ကျွန်တော် ငယ်ငယ်က ကျောင်းအပြန် အဖေ့ခေါက်ဆွဲဆိုင်မှာ ကူလုပ်ရတာ ။ ဆိုင်မှာ ပန်းကန်ဆေး ရေခပ်ပေါ့ ။ စားပွဲလည်း ထိုးရတယ် ။ ဒါပေမဲ့ သိမ်ငယ်တယ် မထင်ဘူး ။ ပျော်နေတာပဲ ။ တကယ့် တကယ်တော့ ခုနစ်ရက်သားသမီး ခိုင်းတာ ခံနေရတာ ။ ဆိုင်ဖွင့် ကတည်းက အချဉ်ပေးပါဦး ၊ ဟင်းချိုချပါဦး ပြောသမျှ လုပ်ပေးရတာ ။
ဘဝမှာ ဝမ်းနည်းစရာတွေလည်း ရှိခဲ့ဖူးပါတယ် ။ မိသားစုကများ ၊ စီးပွားရေး က မပြေလည်တော့ အဖေနဲ့ အမေ တကျက်ကျက် ရန်ဖြစ်နေတာပဲ ။ ကျွန်တော် ၁၂ နှစ်သမီး ၁၉၇၅ ခုမှာ အဖေ နဲ့ အမေ ရန်ဖြစ်ပြီး စီးပွားခွဲကြတယ် ။ အမေက မန္တလေး ပြောင်းခဲ့ပြီး အဖေက ကျောက်မဲ မှာ ကျန်ရစ်ပါတယ် ။
ဘဝမှာ ဝမ်းအနည်းဆုံး ကတော့ အဖေ နဲ့ အမေ စီးပွားခွဲပြီး အမေ မန္တလေး ကို ရထားနဲ့ သွားမယ့် အချိန် ။ ဘူတာပလက်ဖောင်းမှာ လက်ဖက်ရည်ချိုင့်နဲ့ ကွမ်းအစ်ကလေး ဘေးချပြီး ရထားလာမယ့် အချိန်ကို ထိုင်စောင့်နေတဲ့ အမေ့ ပုံရိပ်ကို ဒီနေ့အထိ မမေ့နိုင်သေးပါဘူး ။
ကျွန်တော်က အဖေနဲ့ အတူ ကျောက်မဲ မှာ ကျန်ရစ်ခဲ့ရတယ် ။ အမေနဲ့ အတူ အစ်ကိုကြီး နဲ့ အစ်မ ပါသွားကြတယ် ။ အမေတို့ မန္တလေး ပြောင်းပြီး စီးပွားရှာမယ် လုပ်တော့ ရပ်ကွက်ထဲက လူအချို့ရဲ့ လှောင်ရယ် အပြုံးကိုလည်း မေ့မရနိုင်ပါဘူး ။ မန္တလေး ကိုများ ဘာထင်လို့ နင်တို့က ပြောင်းပြီ စီးပွားရှာချင်ရတာလဲ ဆိုတဲ့ ပြောသံတွေ အကြည့်တွေ လှောင်ရယ် ရယ်ခဲ့ကြတာကိုလည်း မမေ့ပါဘူး ။
တကယ်လည်း မန္တလေး မှာ အမေတို့ အဆင်မပြေပါဘူး ။ စားပွဲလေးကို လှည်းလုပ်ပြီး ရှမ်းခေါက်ဆွဲ ရောင်းတယ် ။ အမေတို့မှာ နေစရာ အိမ်မရှိဘူး ။ အဲဒီ လှည်းကလေးပေါ် လမ်းနံဘေးမှာပဲ အိပ်ရတာ ။ မြူနီစီပယ်က မောင်းရင် လှည်းကလေး တွန်းပြေးကြရတာ ။
ရှမ်းခေါက်ဆွဲ ကနေ ထမင်းပေါင်း ပြောင်းရောင်းတော့ နည်းနည်း အဆင်ပြေလာတယ် ။ လမ်း ၈၀ မှာ ဘရားသားထမင်းပေါင်း ဆိုပြီး နာမည် ရလာတယ် ။
၁၉၈ဝ ခုမှာ ကျွန်တော် မန္တလေး ကို လိုက်လာတော့ အမေတို့ အိမ်ငှားနဲ့ နေနိုင်ပြီ ။ ရန်မျိုးလုံ ထဲမှာ အိမ်ငှားပြီး နေတာ ။ အိမ်လခက ကျပ် ၁ဝဝဝ ပဲ ပေးရတာ ။ ငှားနေတဲ့ အိမ်တွေလည်း ခဏခဏ ပြောင်းရတာ ။ လေးငါးခါ ။ ကျွန်တော်တို့ အလုပ်က ည ၁၁းဝ၀ နာရီလောက်မှ သိမ်းပြီး ပြန်လာတာ ဆိုတော့ အိမ်ရှင်တွေလည်း သူတို့ အိပ်ချိန် ဆူမှာပေါ့ ။ အခုမှ နားလည်တာ ။ အိမ်ပြောင်းပေး ဆိုတော့ ပစ္စည်းသိမ်းရတာ မနက် ၃းဝဝ နာရီ ၊ ၄း၀၀ နာရီအထိ သိမ်းမပြီးသေးဘူး ။ ကျွန်တော်တို့ က စဉ်းတီတုံး က အစ သယ်ရတာ ။
ကျောက်မဲ မှာ ကိုးတန်း ဖြေခဲ့ပြီး မန္တလေး အမှတ် ၆ အထက်တန်းကျောင်းမှာ ကျွန်တော် ဆယ်တန်း ဆက်တက်တယ် ။ မန္တလေးမှာ ရာသီဥတုလည်း ပူတယ် ။ သူငယ်ချင်းကလည်း အသစ် ၊ သွားရေးလာရေး ကလည်း ခက်တယ် ။
မန္တလေး ရောက်စမှာ အစ်ကိုက စက်ဘီးနဲ့ ကျောင်းကို လိုက်ပို့တယ် ။ နောက်တော့ ကိုယ့်ဟာကိုယ် စီးပြီး သွားရတာ ။ တိုက်တဲ့အခါ တိုက် ၊ လဲတဲ့အခါလဲ ၊ ကျောက်မဲ ကိုပဲ လွမ်းနေတော့တာ ။
ဆယ်တန်းမှာ စာမေးပွဲကျရော ။ နောက်နှစ် ဆက်မတက်ချင်ဘူး ။ ကျောင်းထွက်တော့မယ် အမေရယ် ၊ စီးပွားရေးပဲ လုပ်တော့မယ်ပြောတော့ အမေက လုပ်တဲ့ ။ အဲဒီမှာ တအားကို ပျော်သွားတာ ။
ကျောင်းက ထွက်ခဲ့ပေမယ့် ကိုယ့်ဟာကိုယ်တော့ ဆက် လေ့လာတယ် ။ အင်္ဂလိပ်စကားပြောတို့ ဘာတို့ပေါ့ ။ ကိုယ့် ဆိုင်ကို နိုင်ငံခြားသား ကလည်း လာစား နေတော့ မတတ်ရင် မဖြစ်ဘူး ။
ကျွန်တော် မန္တလေး ရောက်လာပြီးတော့ အမေနဲ့တွဲပြီး ဖက်ထုပ်ရောင်းတယ် ။ အဲဒီအချိန်က ကျောက်မဲ မှာ ဖက်ထုပ်ကြော် ၊ ဖက်ထုပ်ပေါင်း ခေတ်စားနေပြီ ။ မန္တလေးမှာ သိပ်မရှိသေးဘူး ။
၂၇ လမ်းနဲ့ ၇၉ လမ်းထောင့် မှာ စရောင်းတယ် ။ ၁၉၈ဝ ၊ ၁၉၈၁ ၊ ၁၉၈၂ သုံးနှစ် စီးပွား မဖြစ်ဘူး ။ ကြိတ်မှိတ်ပြီး ရောင်းတယ် ။ စီးပွားမဖြစ်လည်း ကျောက်မဲ တော့ မပြန်ဘူး ။ မဖြစ် ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကြိုးစားတယ် ။
တစ်နေ့မှ ဂျုံတစ်ပိဿာ ပဲ လုပ်တာ မကုန်ဘူး ။ တစ်ကျပ်ဖိုး ငါးခု ။ မကုန် တာကို အိမ်က လူတွေ ပြန်ကျွေးတော့ သူတို့က ဖက်ထုပ် ဆိုရင် ကြည့်ကိုမကြည့် ချင်တော့ဘူး ။ ( ပြောရင်း ရယ်ပါတယ် ။ )
လေး ၊ ငါး ၊ ခြောက်နှစ် လောက် ဇွဲရှိလိုက် ၊ ဒုက္ခခံလိုက်မှ အောင်မြင်မှု ရလာတယ် ။ ကျွန်တော်က ဟိုလိုဆို ပိုကောင်းမှာလား ၊ ဒီလိုဆို ပိုကောင်းမှာလား ၊ အမျိုးမျိုး စမ်း လုပ်ကြည့်တယ် ။ စရောင်းခါစက ရိုးရိုး ဖက်ထုပ်ကြော်ပဲ ၊ ဂျူးမြိတ်ကလေးထည့် စမ်းလိုက် ၊ မုန်ညင်းရွက် ထည့်ကြည့်လိုက် ၊ ချဉ်ငန်စပ် လုပ်ကြည့်လိုက် အမျိုးစုံ လုပ်ကြည့်တယ် ။ တစ်နေ့နေ့တော့ မန္တလေးမှာ ဖက်ထုပ်ကို လက်ခံလာကြလိမ့်မယ်လို့ ယုံကြည်တယ် ။
ကျွန်တော့် ဖက်ထုပ်ကို မန္တလေး က ချက်ချင်း ခံတွင်းမတွေ့ဘူး ။ ကြက်ဥကြော် လုပ်တယ် ။ ကြက်ဥ ကို ဖက်ထုပ်ထဲ ထည့်တဲ့ အဆာနဲ့ ဆီခြောက်ခြောက်လေး ကြော်လိုက်တာ အဆင်ပြေသွားတယ် ။ အခုဆိုရင် ဝိုင်းတိုင်း ကြက်ဥကြော် စားတယ် ။ ကြက်ဥကြော်က အပျင်းပြေစားတဲ့ မုန့်လို ဖြစ်သွားပြီ ။
ဖက်ထုပ်ကြော်ကို လူမျိုးမရွေး ဘာသာမရွေး စားလို့ရအောင် ငါးနဲ့လုပ် ၊ ဂျူးမြိတ် ၊ ဂေါ်ဖီထုပ် ထည့်တော့ လူတွေ လက်ခံလာတယ် ။ ဖက်ထုပ်ထဲကို ငရုတ်သီးစိမ်း ၊ ချင်း ထည့်ပြီး ချဉ်စပ် လုပ်ကြည့်တော့ နာမည်ကြီးသွားတယ် ။
ကျွန်တော်က လုပ်ပြီ ဆိုကတည်းက ဖြစ်အောင် လုပ်ချင်တယ် ။ သူများဆီက အတု မယူချင်ဘူး ၊ ကိုယ်ပိုင် ထွင်ချင်တယ် ။ အဆင်ပြေလာတော့ ငါ့စီးပွားရေး ကောင်းတာပဲ ခိုလိုက်မယ် စိတ်ထဲ မထားဘူး ။ ဒါထက် ကောင်းအောင် လုပ်ဖို့ပဲ စိတ်ကူးတာပါ ။ အရေအတွက် များများနဲ့ အကြွေးမရှိဘဲ လည်ပတ် နေရရင် ကျေနပ်နေပြီ ။
ကျွန်တော့်ဆိုင်က ညနေ ၆းဝဝ နာရီလောက်က စဖွင့်တာ ည ၉း၀၀ နာရီလောက် ဆို ကုန်ပြီ ။ ဆိုင်မဖွင့်ခင်ကတည်းက စားမယ့်သူတွေက လာထိုင် စောင့်နေတာ ။ အိမ်ကနေ လင်ပန်းကြီးတွေနဲ့ ရယ်ဒီ လုပ်သွားတာပဲ ။ ဒါပေမဲ့ အလျဉ် မမီဘူး ။ ကျွန်တော်လည်း သွက်သွက်လက်လက် ပြင်တာပဲ ။ ဒါပေမဲ့ မနိုင်ဘူး ။
လူတွေကလည်း စိတ်ရှည်လက်ရှည် လာထိုင်ပြီး စောင့်စားကြတယ် ။ သမီး ရည်းစားစုံတွဲ ကျွန်တော့် ဆိုင်မှာ ဖက်ထုပ်စားဖို့ လာထိုင်တာ စောင့်ရင်းစောင့်ရင်း ကြာသွားတာ အိမ်မပြန်ရဲတော့တာနဲ့ ခိုးပြေးပြီး ညားသွားသတဲ့ ။ မင်္ဂလာဆောင် ဖိတ်လို့ လိုက်ရသေးတယ် ။ ရယ်လည်း ရယ်ရပါတယ် ။ ဘဝမှာ အမှတ်ရစရာတွေပေါ့ ။
ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း လာစားကြတယ် ။ ဟေမာနေဝင်း တို့ ၊ ရာဇာနေဝင်း တို့ ၊ ကော်နီ တို့ ဆို ကျွန်တော့် ဖောက်သည်တွေပဲ ။ မန္တလေး ရောက်ရင် လာစားတယ် ။ သူတို့ ထိုင်စောင့်နေတာ မြင်လို့ အားနာပေမဲ့ အလှည့်ကျော်ပြီး မပေး ရဲဘူး ။
တစ်ခါကတော့ ကောင်လေး တစ်ယောက် ဖက်ထုပ် စားဖို့ လာတယ် ။ စောင့်ရင်း စိတ်မရှည်ဘူး ။ သူ့ အလှည့်ကို မရောက်နိုင်သေးဘူး ။ ကျွန်တော့် ဘက်ကလည်း အလှည့်ကျော်ပေးလို့ မဖြစ်ဘူး ။ စောင့်ရင်း စိတ်မရှည်လို့ စားပွဲခုံ မှောက်ပစ်ပြီး ထွက်သွားတယ် ။ ဘေးက လူတွေကတော့ အစားတစ်ခုနဲ့ ပတ်သက်ပြီး ဒါလောက်ဖြစ်ရသလားလို့ ဝေဖန်တာပေါ့ ။
လူတွေက သိပ်များတော့ အချို့တစ်ယောက်စ နှစ်ယောက်စ က ပိုက်ဆံ မပေးဘဲ ထွက်သွားတယ် ။ ကျွန်တော်မြင်ပေမဲ့ အားနာလို့ မတောင်းဘူး ။ အချို့ကတော့လည်း မနေ့က မပေးခဲ့ရလို့ဆိုပြီး နောက်နေ့ကျမှ ပေးတယ် ။ ကျွန်တော် မယူပါဘူး ။ အဲဒီနေ့က ကိစ္စ အဲဒီနေ့ မှာပဲ ထားခဲ့တော့ ။ မလှူတတ် ဈေးရောင်း ဆိုတဲ့ စကားလည်းရှိတာပဲ ။
လူတစ်ယောက်ကို တော့ ဆရာဝန်က လက်လျှော့ လိုက်တယ် ။ စားချင်တာ ကျွေးပါတော့တဲ့ ၊ ဘာစားချင်သလဲမေးတော့ မတင့်ဖက်ထုပ် စားချင်တယ်တဲ့ ။
သူ့ညီက မတင့်ဖက်ထုပ် မစားဖူးဘူး ။ နေမကောင်းတဲ့သူ ဆန္ဒ ပြည့်ပါစေတော့ ဆိုပြီး မတင့် ဖက်ထုပ် လာဝယ်တယ် ။ လူမမာကို ကျွေးတယ် ။ လူမမာလည်း မတင့်ဖက်ထုပ်စားပြီး ကျေနပ်သွားတယ်ထင်ပါရဲ့ အသက်ထွက် သွားရော ။
သူ့ညီမကလည်း ငါ့အစ်ကို သေခါနီးမှာတောင်မှ စားချင်တယ် ပြောရတာ ဘယ်လောက်တောင် ကောင်းလို့လဲ ဆိုပြီး ဝယ်စားကြည့်လိုက်တာ ၊ သူလည်း ကြိုက်သွားသတဲ့ ။ အဲဒါ ၂ဝဝ၈ ခုလောက်ကပေါ့ ။
ကျွန်တော်က ငယ်ကတည်းက ပိုက်ဆံကြောင့် မိဘတွေ အဆင်မပြေ ဖြစ်ခဲ့ရ တယ် ။ အခုဆိုရင် ပိုက်ဆံကို ရိုးသား ကြိုးစားစွာ ရှာဖွေတဲ့ အတွက် အနည်းငယ်တော့ ရခဲ့ပါပြီ ။ မိဘညီအစ်ကို မောင်နှမများကို သမ္မာအာဇီဝ အလုပ်နဲ့ ရှာဖွေကျွေးမွေး နိုင်လို့ ဂုဏ်ယူဝမ်းမြောက်ပါတယ် ။
စားသုံးသူတွေကို အယုတ်အလတ်အမြတ် မရွေး သံယောဇဉ်နဲ့ ဆက်ဆံခဲ့တဲ့ အတွက် မတင့်ဖက်ထုပ် ဒီနေ့အထိ လှုပ်ရှားရောင်းဝယ်နေရပြီး ဖောက်သည်များများ ရလာတာပါ ။
ကျွန်တော် ငယ်ငယ် ကတည်းက မိဘရဲ့ ဆုံးမမှု အောက်မှာပဲနေတယ် ။ အများနည်းတူ ဝတ်စားချင်ပေမဲ့လည်း မပြေလည်တဲ့ မိဘနှစ်ပါးအပေါ် လုံးဝမပူဆာ ရက်ခဲ့ပါဘူး ။ တအားကို သိတတ်လိမ္မာတဲ့ သမီးကောင်း တစ်ယောက်ပေါ့နော် ( ပြောရင်းရယ်ပါတယ် ။ ) မိဘကို ဒုက္ခ မပေးခဲ့ဖူးဘူး ။ ဒါကြောင့် ဒီနေ့ဒီအခါ အဆင်ပြေနေတာ ဖြစ်ပါလိမ့်မယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment