Thursday, July 24, 2025

ကိုပီတိ နှင့် ပွဲငှား ( ၁ )


 

❝ ကိုပီတိ နှင့် ပွဲငှား ( ၁ ) ❞
           ( ချစ်စရာ )

“ ရွှေမျက်လုံး နဲ့ ပြုံးတဲ့ သခင် ၊ မြမျက်လုံး နဲ့ ပြုံးတဲ့ သခင် အမယ်လေး မွေးသမိခင် ကျေးဇူးရှင်ပါ ဘုရား ၊ ပွဲစုံကျင်းပ၍ ပွဲစုံခင်းပါသည်ဘုရား ။ လက်ဖက်ဦး နဲ့ ဖူး လက်ဖက်ပွဲ နဲ့ နွှဲ ပါသရော့ အဟွတ် .. ဟွတ် ဟွတ် ...  ထွမ် .. အဲ .. အဲ ပွဲဦးမင်း ၊ ပွဲလယ် မင်း ၊ ပွဲသိမ်းမင်းကြီး ပါ ဘုရား ။ ကြက်ဖို ၊ ကြက်မ ၊ နှစ်ဖြာ သပါတယ် ဘုရား ။ လာသမျှ ပွဲငှား ဂုတ်ဆွဲ၍ အိမ်အတွင်း သွင်းပေးပါ ဘုရား ”

ကြက်သားကြော်ပန်းကန်ကို မြှောက်ရင်း ကလေးများ စာပြန်သလို တွတ်ပွ ၊ တွတ်ပွ နှင့် နတ်တင်နေတဲ့ နတ်ကတော် အမေရိုက် ကို ကြည့်ရင်း ကိုပီတိ  သူ့ကိုယ်စား မောနေမိတယ် ။ အထစ်အငေါ့ မရှိပါစေနဲ့ ။ ဖြောင့်ဖြူးပါစေလို့ ။ ကြိတ်ပြီး ဆုတောင်းပေးနေခိုက် အမေရိုက် သူ့ကို တစ်ချက်လှမ်းကြည့်ပြီး မေးဆက်ပြလိုက်သည် ။ ပူမနေပါနဲ့ ပီတိ ရယ် အမေလုပ်နေကြပါ ဆိုတဲ့ အသွင် အမေရိုက် ချောင်းဟန့်ပြီး ဆက်လိုက်တယ် ။

“ ရိုးရာကို ကိုးပါတယ် ဘုရား တနင်္လာသား နဲ့ ကြာသပတေးသမီး ဦးစီးတဲ့ ဒီ အငြိမ့်အဖွဲ့ကြီး အောင်မြင်ကျော်ကြား ပွဲငှားတွေ ခြေချင်းလိမ် နေအောင် ဆောင်ရွက်ပေးတော်မူပါဘုရား ။ မစ ပေးတော်မူပါဘုရား ။ ရှမ်းပြည်နယ်က ပွဲငှား ကိုးမြို့ ရှင်အဖေကြီး ဆွဲထားတော်မူပါ ။ မကွေးတိုင်းက ပွဲငှား ပခန်းအဖေကျော် ခေါ် ထားပါ ။ မန္တလေးတိုင်း တာဝန် မန္တလေးဘိုးဘိုးကြီး ကျေပွန်ပါစေ ။ မတ္တရာ ပွဲငှား တောင်ပြုံး အရှင်နှစ်ပါး တာဝန်ပါ ဘုရား ...”

အံ့ဩစရာ ကောင်းလှချည်လား အမေရိုက် ရယ် ၊ ( ၃၇ ) မင်းကို ဂျူတီချပေးနေလိုက်တာ ခင်ဗျားက မြန်မာနိုင်ငံလုံးဆိုင်ရာ ဒေဝတာ လုပ်ငန်း ခွဲဝေရေး ညွှန်ချုပ်များ လားဗျာ ။ ကိုပီတိ မျက်စိထဲ ရှမ်းနီခေါင်းပေါင်းတွေ တလွှားလွှား ၊ တောင်ရှည် တဖားဖား နှင့် ပွဲငှားကို အမိအရ လိုက်ရှာ နေကြတဲ့ ( ၃၇ ) မင်းတို့ ရုပ်ပုံလွှာတွေ ပေါ် နေလေရဲ့ ။ အမေရိုက် ကတော့ သူ့တာဝန် သူ ဆက် ဆောင်ရွက်နေပေမယ့် ကိုပီတိ ရဲ့ အာရုံတွေက အဲဒီ ဖြစ်ရပ်ရဲ့ ပထမကာလဆီကို ဘက်ဂီယာထိုးပြီး ချီတက် သွားကြပါပြီ ။

   •••••   •••••   •••••

“ တောက် ... ပွဲငှားတွေ သေများ သေကုန်ကြပြီလားကွာ ..” 

အောက်တိုဘာ နှင်းနုတွေ သွေးပျက်သွားလောက် အောင် ပူပူလောင်လောင်ကြီး ညည်းချလိုက်တယ် ။ အငြိမ့်ထောင် ဦးဘကျန် မျက်နှာကို ကိုပီတိ ငေးကြည့်ရင်း အကဲခတ်နေလိုက်တယ် ။ အင်း ...  အငြိမ့်ထောင်သက်တမ်း တလျောက်လုံး အလုပ်သမတွေ ၊ သဘင်ပညာရှင်တွေ ၊ ကြိုသုံးငွေ ပေးရမှာစိုးလို့ စာရင်းလိမ်တွေ ပေါ်မှာစိုးလို့ ၊ ခြေတော်တင်ထားတဲ့ အငြိမ့်သမက တရားစွဲမှာ စိုးလို့ အချိန်နဲ့ အမျှ ရှုတ်ထား ၊ မဲ့ထား ၊ တင်းထားရလေတော့ သူ့မျက်နှာအရေပြား ပျော့တွဲတွဲပေါ် မှာ အရေးအကြောင်းတွေ ရှုပ်ရှုတ်ခတ် နေပုံမှာ လင်းနို့ကို ကြောင်ကုတ် ထားသလိုပါပဲလား ။ ကြည့်နေရင်း အရေးအကြောင်းတွေ တွန့်ကွေးပူးကပ် ကုန်တယ် ဪ .. ထပ်ပြီး မျက်နှာကို ရှုတ် တော်မူလိုက်တာကိုး  ... 

“ မင်းတို့ ကလည်း ဘာမှ ကြိုးစားမှု မရှိကြဘူး ”

အလိုဗျာ .. ကိုယ်ဟာ ကိုယ် ပေါချောင်ကောင်းတွေ ရှာပြီး သက်သာသလို ထောင်ထားတာ အလကား လူကြိုက်ပါ့မလား ။ ဒီအဖွဲ့ထဲမှာ အလုပ် လုပ်ဖို့ က ကျုပ်ကို လာခေါ် ကတည်းက ခင်ဗျားရဲ့ အယူအဆကို ကြေငြာ ပြီးသားလေ  ... 

“ မင်းက နာမည်လည်း ရှိ ပွဲချီလည်း ရှိ ဆိုတော့ မင်းနာမည် နဲ့ ရိုက်စား လုပ်ရမှာပဲလေကွာ ၊ ကျန်တာကတော့ မီးခြစ်ကျောက် ပရုပ်လုံး သုံးမျိုး တစ်ကျပ်တန်တွေပဲ ခေါ်တော့မယ် ”

ပြန် သတိရ လိုက်စမ်း ဦးဘကျန် ခင်ဗျားဟာ ဦးဘကျန် ကနေ ဦးဘအကျန်အဖန် လို့ ပြောင်းခေါ်ဘို့ ကောင်းနေပြီဗျ ၊ နာမည်ကြီး လူရွှင်တော် တစ်ယောက်ကို ခေါ် ၊ သူ့ဓာတ်ပုံကြီးကြီးနဲ့ ပိုစတာရိုက် ကျန်တာတွေကို အချောင်နှိုက်ပြီး တီးလုံးတိုက် က တာပဲကွာ ၊ တစ်ချီ ဟန် မကျရင် တစ်ချီ ဟန်ကျမှာပါ ဆိုတဲ့ လေချိုသွေးလို့ ပလာတာ အလုပ်သမားလူထွက် ကွမ်းယာသည် တစ်ဖြစ်လဲ ဝါသနာရှင်လေးတွေ ကို လူရွှင်တော် တင်ပြီး ကျုပ် ခရီးနှင် လာတာ တကယ့်ပညာရှင်တွေ မဟုတ်တော့ မလုပ်တတ် မကိုင်တတ် ၊ အဖြတ် မသိ ၊ စည်းကမ်း မရှိ ဆိုတော့ ပွဲ မကြိုက် ၊ ပွဲ မလိုက်တော့ဘူး ၊ အဲဒါ ကျုပ် အပြစ်လားဟင် ၊ ခင်ဗျားကြီး အချောင်ကြိုက်လို့ အကြပ် တွေ့ နေတာ မဟုတ်ဘူးလား ။

အဲဒီ စကားစုတွေ ကိုပီတိ ရင်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေ ရာက နှုတ်ဖျားဆီကို ထိုးထွက် လာတာကတော့ ... 

“ အဟယ် ... အဟယ် ကျွန်တော့် ကောင်လေးတွေကို ထပ် မောင်းပေးပါဦးမယ် ၊ အဟဲ ”

“ အမှန်က မင်းမှာလဲ အပြစ် မရှိပါဘူး ”

အော် ... ဒီလိုတော့လည်း ခင်ဗျားမှာ လူစိတ် ရှိသေးသားပဲ ၊ ဝန်ခံ ၊ ဝန်ခံလိုက် ၊ ငါ့ ဘက်က လိုအပ်ချက်တွေပါ ၊ ငါ အလွယ်လမ်း လိုက်မိတဲ့ အပြစ်ပါ ၊ နောက်ကို ဒီလို အဖြစ်မျိုး မဖြစ်စေရပါဘူး မောင်ပီတိရယ် လို့ ...

“ ငါ့ မိန်းမ အသုံးမကျတာကွ ”

မင်းသာ အကြားအမြင် ဟောစားရင် ငတ်သေ သွားနိုင်တယ် ပီတိ ၊ ထင်မြင်ယူဆချက်နဲ့ လက်တွေ့ ဖြစ်ပေါ်မှုဟာ ဆန့်ကျင်ဘက်တွေ ချည်းပါလားဗျ ။ ဦးဘကျန် သူ့ခေါင်းပေါ် က ကြာဆံဟင်းကို တဗျင်းဗျင်း ကုတ်ရင်း ...

“ ဝါ မဝင်ခင် ကတည်းက ရိုးရာ တင်ပါ ၊ ရိုးရာ တင်ပါလို့ ငါ အတန်တန် ပြောရက်နဲ့ ၊ ပေါ့တာလကွ ... ဟော ဝါ လည်း ဝင်ရော မတင်လိုက်ရတော့ဘူး ၊ ခု ဝါကျွတ်ပြီ နတ်တင်ပါဟ ဆိုတော့ နေ့ ရွှေ့ ၊ ညရွှေ့ လုပ်နေပြန်ရော ၊ မင်းလဲ သိပြီးသားပဲ နတ်ဆိုတာ ကောင်းကျိုး သာ နှေးမယ် ၊ ဆိုးကျိုး ကျ ချက်ချင်း ပေးတတ်တာကွ ၊ ခုလည်း အမျိုးတွေဆီက ပြန်မှပဲ သူ့ကို စောင့်နေရင်း သုံးဆယ့် ခုနစ်မင်းသာ နတ်သက် ကြွေသွားမယ် ၊ တင်ဖြစ်မှာ မဟုတ်ဘူး ၊ သန်ဘက်ခါ လောက်ကျရင် ငါ ...  သောက်ပွဲကျင်းပပြီး ရိုးရာတင်မယ် ၊ မင်း အသိ နတ်ကတော် တစ်ယောက်လောက်ခေါ်ခဲ့ကွာ ၊ ပေါချောင်ကောင်းထဲကပေါ့ ”

   •••••   •••••   •••••

“ ဟေ့ ...  ညီဘွား တနင်္လာသားကြီး လာကွ ”

တုန်စူးအက်ပြာ အသံကြီးက ကိုပီတိရဲ့ အတွေးတွေကို ဆွဲဆောင့် ခေါ်ယူလိုက်တယ် ...  အော် အမေရိုက် တောင် သရုပ်ဆောင် နေပါပကော ။ မျက်စိ စုံမှိတ်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေတဲ့ အမေရိုက် အနီးကို ဦးဘကျန် ရို့ရို့လေး လက်အုပ်ချီပြီး ကပ်သွားတယ် အမေရိုက် ကိုပီတိ ဘက် လှည့်ရင်း

“ ငါ့ညီ အင်္ဂါသားက ပင့် လို့ ကိုကြီး မင်းဆီ ကြွလာတာနော် ”

“ ဟုတ်ကဲ့ ... အဲ .. အဲ မှန်လှပါ ကိုကြီး ”

“ မင်းတို့ ပေါ့ဆတာတွေ သိသမှုတ်လား ကွ ”

“ သိ ... သိပါတယ် ကိုကြီး ၊ အဲဒါ တောင်းပန်ချင်လို့ ” 

“ ခလုတ် ထိမှ အမိတ ၊ ဒုက္ခကြုံ မှ နတ်စုံပသတယ်လေ ... ငါ ”

ဟိုး ... ဟိုး အမေရိုက် အိုဗာ အက်ရှင် ဖြစ်ကုန်လိမ့်မယ် ။ ဒီလောက်ဆိုရင် ကွက်တိပဲ ၊ ကိုပီတိ ထိပ်က လှမ်းပြီး တားနေတုန်း

“ အိမ်တော်ပါ အင်္ဂါသား ... ရော့ ဟေ့ ၊ နတ်ငွေနဲ့ လာဘ်ချွေစမ်း ”

ငွေဖလားထဲက နှိုက်ပြီး ပြစ်ပေးလိုက်တယ် ၊ ငါးရာတန် သုံးရွက်ကို ကြည့်ရင်း ကိုပီတိ အံ့ဩနေတုန်း ကောက်ယူသင့် မယူသင့် စဉ်းစား နေတုန်း ဦးဘကျန် ခပ်ပြုံးပြုံး အရေပြားကို မျက်နှာပေါ် ခဏ ငှားဝတ် ထားရင်း

“ ယူလေကွာ ... ငါ ပေးတာ မဟုတ်ဘူး ၊ ကိုကြီး စွန့်တဲ့ ဥစ္စာ ”

“ ဒါမှ ပခမ်းမင်းညီဘွား ကွ ၊ ထောင်မြင်ရင် ရာ စွန့် ရဲရမှာပေါ့ ဟေ့ ညီတော် မကြာခင် ပွဲငှား ကို ခေါ်ပေးမယ်ကွ သုံးဖို့ တစ်ဖို့ သုံးခိုင် တစ်ခိုင် ငါ့ ကို လှူနိုင်ပါ့မလား ”

“ လှူ ... လှူနိုင်ပါတယ် ကိုကြီး ... လှူပါ့မယ် ဘုရား ”

“ ကြံ သုံးချောင်း နဲ့ ပေါက်ပန်းဖြူ တင်စမ်းကွ သောက်တော်ရေ မပြတ်စေ နဲ့  ... ကိုင်း ဝတ်လဲတော်ဖိုး ... ဘောင်းတော်ဖိုး ဆက်စမ်းကွာ ...”

နာမည် နဲ့ လိုက်အောင် ရိုက်ချ သွားတဲ့ အမေရိုက် ပါဘဲလား ခင်ဗျာ ။ တစ်သက်လုံး ကုပ်ကပ်စီစစ် လာခဲ့သမျှ ဦးဘကျန် ဒီတစ်ချီ ဦးဘခံ ဖြစ်သွားရှာပါပေါ့လား ။ လိုချင်တာတွေ အကုန်ရပြီဆိုမှ အမေရိုက် ဝါးခနဲ သမ်းပြီး သူ့ လုပ်ငန်းကို တခန်းရပ်လိုက်တယ် ။

“ ပခန်းမင်းကြီး က ဘာများ မိန့်သွားတုန်း ”

ဟော ...  မသိချင်ယောင် ဆောင်ပြီး မေးနေပြန်ပြီ အော် သူ့ခမြာလည်း ကျရာတာဝန် ပီပြင်အောင် ဆောင်ရွက်ရရှာတာဘဲ လေ ။ ဦးဘကျန် ပြန် ဖြေဘို့ ပါးစပ်ပြင် နေတုန်းမှာ အမေရိုက် ဆက်ပြောတယ်

“ သူ ခိုင်းတာသာ လုပ်ပါလေ မကြာခင် အဆင်ပြေသွားမှာပါ ”

လက်ကလည်း ကြက်ကြော်ပန်းကန်ကို ကောက်ယူပြီး ကျွတ်ကျွတ်အိတ်ထည်း ကို ထည့်တယ် ...

“ အခုတော့ နတ်ပြစ် .. နတ်ဒါဏ်လဲ ကင်းသွားပါပြီကွယ် ”

လက်ဖက်သုတ် ၊ ငှက်ပျောသီး ၊ အုန်းသီးတွေ ကောက်ထည့်တယ်

“ နတ် နာလိုတော့ ဂြိုဟ် မတာပေါ့ ကွယ် ... ”

စီးကရက်ဘူး ဘိလပ်ရည် အရက်ပုလင်းတွေ ပါသွားပြီ ။

“ ပီတိ ဒါတွေ နင်ယူခဲ့ အိမ်ကျမှ ဆက်ပြီး တင်ရမယ် အမေက အပိုလည်း မပြောတတ်ဖူး ဖြစ်မယ် ဆိုရင် ဖြစ်ကို ဖြစ်ရမယ် ... လွန်ခဲ့တဲ့ သုံးနှစ် လောက် အမေ့ ရပ်ကွက်မှာ မီးလောင်ကိန်း ရှိတယ် ကိုယ်တော်တွေ က မီးမြင်လို့ ပြောတာ ဘယ်သူမှ မယုံကြဘူး အပြောင်အပျက်တွေ ပြောပြီး ရယ်နေကြတာ ဘာ ကြာလို့လဲ တစ်ရပ်ကွက်လုံး မီးဘေး သင့်ပြီး ၊ ပြာကျ သွားပါရောလားကွဲ့ အဟက် .. ဟက် ...  ဟက် ... ”

ဦးဘကျန် ပါးစပ် အဟောင်းသားနဲ့ အထင်တကြီး ငေးကြည့်နေတုန်း အမေရိုက် ထိုင်ရာက ထရင်း

“ အမေလည်း မီး မရိုသေမှုနဲ့ ထောင် သုံးနှစ်ကျရော အမေ့ အိမ်က စလောင်တာလေ  ...  အဟက် ...  ဟက် ဟဲ့ ပီတိ သွားကြစို့ ...”

   •••••   •••••   •••••

“ ပီတိ .. ဟေ့ ပီတိ .. ဟီဟီ .. ပွဲ .. ပွဲငှား .. ပွဲငှား .. ပွဲ တည့် သွားပြီကွ ပီတိ ရ ဟီ ... ဟီ ... ”

ပြုံးဖြီးဖြီးနဲ့ မြူးမြူးကြီး ပြောရင်း ဝင်လာတဲ့ ဦးဘကျန် ရဲ့ အပျော် မျက်နှာကို ကိုနီကာဖလင် ကြော်ငြာ ထဲက ကျားကြီးနဲ့ တူတယ် ။ ခင်ဗျားရဲ့ ရွှင်ပျမှုတွေ ဟာ ကျုပ် ရင်ထဲမှာ ကြောက်ရွံ့မှုတွေအဖြစ် စီးဝင်နေပါပြီဗျာ ... ဘာပဲ ဖြစ်ဖြစ် အမေရိုက် နဲ့ ငါ နဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်ပေါ့လေ

“ မြို့ပေါ် ပွဲလား နယ်ပွဲလားဗျာ ... ”

“ မြို့ပေါ် ကွ ဒါပေမဲ့ ငါ နယ်မှာ ကတဲ့ကြေးနဲ့ လက္ခံလိုက်တာ တစ်နေ့ နဲ့ တစ်ည ကို တစ်သိန်းလေးသောင်း ... ”

ဘုရား ... ဘုရား တစ်ည လေးသောင်းနှုန်းတောင် မနည်း အသနားခံပြီး တောင်းရတဲ့ အဖွဲ့က အခုတော့

“ အလှူလား ...ဘုရားပွဲလား ... ”

“ နတ်ကနားကွ ... ”

“ ဗျာ ”

ကိုပီတိရဲ့ ထူပိန်းပိန်း မျက်ခုန်း နှစ်ခု အမြင့်ခုန် ပြိုင်ကုန်ကြတယ် ။ ဦးဘကျန် မျက်စေ့ကလေးတွေ ခပ်စင်းစင်း နဲ့

“ ဒီလိုလေကွာ .. မနက်က မင်း နတ်ကတော် ဒေါ်ရွှေရိုက် ရောက်လာတယ် ၊ သူ့ တပည့် အိမ်မှာ ကိုကြီးကျော် ပုံတော် လိပ်ပြာသိပ်ပွဲနဲ့ နန်းတက် ကနားတီးဖို့ ဆိုင်းလာငှားတာတဲ့ ၊ ဒီ ရာသီမှာ ပွဲချီ လှိုင်လှိုင် ရတဲ့ အဖွဲ့တွေချည်းပဲ မဟုတ်လား ၊ ငါတို့သာ ပေါချောင်ကောင်းတွေ များနေလို့ အငှား နည်းပြီး ပွဲကြဲ နေတာလေ ၊ ဒါနဲ့ ငါ့ ခွင်ပဲ ဆိုပြီး နှစ်သိန်း အော ချလိုက်ရော မိန်းမကြီး ပြာကို သွားတာဟေ့ ၊ နာရီဝက်လောက် ငိုမလို ရယ်မလို အသနားခံလွန်းလို့ ငါ တစ်သိန်းလေးသောင်း နဲ့ လုပ်ပေးလိုက်တာ တစ်ဖွဲ့လုံးမှ လေးသောင်း ရတာ အခုဟာ က ဆိုင်းသမားတွေ နဲ့ မင်း နဲ့ ခုနစ်ယောက်တည်း ဆိုတော့ ဟီဟိ ...  ဟိုနေ့က ငါ ကုန်တဲ့ ငွေသုံးသောင်းကို သုံးဆ နီးပါး ပြန်မြတ်သွားတာပေါ့ ...  မင်းက အဖွဲ့ဦးစီးဆိုတော့ လိုက်သွားဦး ၊ ဘယ် အဆိုတော်မှ ငှား မထည့်ဘူး ၊ မင်းဟာ မင်း ကြည့်လုပ်ခဲ့ ။ အော် ... သူတို့က ရိုးရိုး နတ်သီချင်းတွေထက် ခေတ်သီချင်း မြှောက်တွေ ပို ကြိုက်သတဲ့ ကိုကြီးကျော်ရဲ့ ပွဲမို့လို့ ဟိုနေ့က မင်းကို စွန့်တဲ့ ထောင့်ငါးရာကို ကြိုသုံး မှတ်လိုက်ပြီ ဟီဟိ ”

တိမ်ပုဝါခြုံ လွှမ်းပြီး လခြမ်းကွေးက ကြယ်ကလေးကို ပန်းလို ပန်ထားတယ် ၊ စောင်မည်းလေးနဲ့ မှေးစင်းနေတဲ့ လောက ဟာ လမင်းရဲ့ အလင်းမြှင်တွေ ကျီစယ်မှုကြောင့် လူးလွန့်စ ၊ ရင်ဖိုမြူးကြွ ၊ ပတ်မတီးချက်တွေ ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲ ဖွာလွင့် နှင်းပွင့်တွေ ထိတ်လန့်နေခိုက် ၊ ကွဲရှရှ ပြာလဲ့လဲ့ ကိုပီတိ ရဲ့ အသံ ညဉ့်ဦးယံရဲ့ အလှအပတွေကို ဝါးမြိုစားသုံးလိုက်တယ် ... ခဏ... ခဏ ...  ခဏ ... ခဏနဲ့ပေါ့ ။

“ ကနားရဲ့ဘေးနားမှာ ငေးပြီး ကြည့်တာတောင်
နတ်ပူးပြီး ရည်းစားစကားတွေ ပြောတာ
ရမ် ၊ ဂျင်တွေ အတုရွေး ဆက်တဲ့ နတ်ဆရာ ၊
အရှင်သခင်တွေ ဒဏ်ခတ်တော့ မှာလား ...
အနားတိုးပြီး ကြက်ခြောက်ကြော် စားဖို့ ကြံတာတောင်
ရှင် ကတော့ အမိအရ လိုက်ဆွဲတာ ...
တကယ်ပါပဲ ရှင့် သောက်တော်ပွဲမှာ သိပ် ချစ်တယ် ၊
ပွဲဦးမင်းကြီး ရာ ... 
ခဏ .. ခဏ .. ရမ်သောက်လိုက်ရ ၊
ခဏ .. ခဏ ခဏ ကြက်လောင်းလိုက်ရ ..
ခဏ .. ခဏ ထန်းရည်မော့လိုက်ရ ။
ဒီမှာ မူးနေပြီသိရဲ့လား ၊ ဒီမှာ မွဲနေပြီသိရဲ့လား ”

အခုလို နားဆင်တာ ကျေးဇူး တင်ပါတယ် ... ကျွန်တော် ဆုန်သင်းပီတိ ပါ ခင်ဗျာ ...

◾ချစ်စရာ
📖 ကိုပီတိ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment