Wednesday, July 16, 2025

တစ်ယောက်ကျေးဇူး တစ်ဦးမေတ္တာ

 

❝ တစ်ယောက်ကျေးဇူး တစ်ဦးမေတ္တာ ❞
               ( ပုံပြင် )

ရှေးသရောအခါ သူဌေးကြီးတစ်ဦးတွင် သားယောက်ျား ငါးယောက် ရှိလေသည် ။ သူဌေးကြီးသည် ရွှေ ၊ ငွေ ၊ ပစ္စည်းတိုက်တာ အဆောက်အဦး များစွာပိုင်ဆိုင်လျက် အလွန်ကြွယ်ဝချမ်းသာသူ ဖြစ်သည် ။ သူသည် အသက်အရွယ် ကြီးပြင်းလာလေသော် သားငါးဦးကို အမွေခွဲဝေပေးရန် စဉ်းစားမိ၏ ။ သားငါးဦးကို အမွေ မခွဲဝေမီ ရှေ့မှောက်သို့ ခေါ်ယူလျက် “ အဖေ တော့ အသက်ကြီးပြီကွယ် ၊ အဖေ မသေခင် သားတို့ ပိုင်ဆိုင်ခွင့် ရှိတဲ့ အမွေပစ္စည်းတွေကို အညီအမျှ ရကြစေချင်လို့ အခုတည်းက အဖေ ကိုယ်တိုင် ခွဲဝေပေးထားမယ် ၊ အဖေဟာ ပျိုရွယ်စဉ် ကတည်းက ခုထိ သမ္မာအာဇီဝ အလုပ်နဲ့ သာ ပစ္စည်းဥစ္စာ ရှာဖွေ စုဆောင်းခဲ့သလို သားတို့ လည်း ရိုးသားဖြောင့်မှန်တဲ့ အလုပ်နဲ့ ပစ္စည်းဥစ္စာကို တိုးပွားအောင် ကြိုးစားရှာဖွေကြပေတော့ ၊ ဒါပေမယ့် ငါ့သား တို့ အထူးသတိပြုရမယ့် အချက်တစ်ခုက ပစ္စည်း ဆိုတာ သင်္ခါရပဲ ၊ အဲဒါကြောင့် ပစ္စည်းနဲ့ ပတ်သက်ပြီး မာန်မာန တက်ပြီး မမော်ကြွားကြနဲ့ ၊ သူတစ်ပါးကို ကြင်နာစိတ်ထားပြီး ပေးကမ်းလှူဒါန်းကြပါ ” ဟု ပြောဆိုဆုံးမပြီး အမွေပစ္စည်းတို့ကို အညီအမျှ ခွဲဝေ ပေးလိုက်လေသည် ။

သားငါးယောက် စလုံးကလည်း “ ပစ္စည်းနှင့် ပတ်သက်၍ မာန်မာန မထားပါ ၊ သူတစ်ပါးအပေါ် အမြဲကြင်နာစိတ် မွေးပါမည် ” စသည့် ကတိများ ပြုကြလျက် အမွေပစ္စည်းများကို ဝမ်း မြောက်စွာလက်ခံ ယူကြလေသည် ။ သူဌေးကြီးသည် ပစ္စည်းဥစ္စာ အလွန် ကြွယ်ဝခဲ့သော်လည်း မောက်မာကြွားဝါခြင်း ရှိသူ မဟုတ် ၊ အခွင့်ကြုံအခါ သင့်တိုင်းလည်း ပေးကမ်းစွန့်ကြဲ လှူဒါန်းတတ်သူ တစ်ဦးဖြစ်ပေသည် ။ သားငါးဦးသည်လည်း ဖခင် သူဌေးကြီး နည်းတူ စိတ်ထားမွန်မြတ် ဖြူစင်သူများ ဖြစ်ကြ၍ အမွေပစ္စည်းများ လက်ခံရပြီးလျှင် ညီနောင်ငါးဦး တိုင်ပင် ဆွေးနွေးပြီး ခုနစ်ရက် တိတိ လှူဒါန်းပွဲကြီး ပြုလုပ်လှူဒါန်းရန် စီစဉ်ကြလေသည် ။

ရက်များမကြာမီ ကြီးကျယ်ခမ်းနားသော အလှူမဏ္ဍပ်ကြီးဆောက်လုပ်လျက် စည်သံ ၊ ဗြောသံ တခြိမ့်ခြိမ့်ဖြင့် စည်ကားသိုက်မြိုက်စွာ အလှူပွဲကြီး ကျင်းပကြလေသည် ။ ညီနောင် ငါးဦးမှာ အလှူကိစ္စ အဝဝ အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် နေကြသဖြင့် မအားမလပ်အောင် ရှိနေလေသည် ။ အိမ်တွင် ကျန်ရစ်နေသော ဖခင် သူဌေးကြီးအားလည်း အခိုက်အတန့် အားဖြင့် မေ့လျော့နေကြတော့သည် ။ ထိုအခါ အိမ်တွင် ကျန်ရှိနေသော သူဌေးကြီးသည်လည်း “ အင်း ... ငါ့ သားတွေ အမွေပစ္စည်းတွေ ရရှိလို့ စေတနာအလျောက် အလှူပေးပွဲကြီး ပြုလုပ်နေကြပြီး ငါ့ကို ပြုစုရမယ့် တာဝန်ဝတ္တရားတွေ ပျက်ကွက် မေ့လျော့ကြလေပြီ ၊ တကယ်ဆိုလျှင် ငါ့ကို မေ့လျော့ရန် မသင့် ” ဟု တွေးတောပြီး သားငါးယောက်ကို တစ်နည်းတစ်လမ်းအားဖြင့် ဆုံးမရန် စဉ်းစားမိ၍ အိမ်မှ တိတ်တဆိတ် ထွက်ခွာသွားလေသည် ။

အလှူမဏ္ဍပ်တွင်းမှ ညီနောင်ငါးဦးမှာ အိမ်တွင် ကျန်ရှိနေသည့် ဖခင်သူဌေးကြီး ရုတ် တရက် ပျောက်ဆုံးနေကြောင်း အစေခံတို့ လာရောက် အကြောင်းကြားလျှင် ပူပင်သောက ရောက်ကြလေသည် ။ ဖခင်ဖြစ်သူ သွားတတ် ၊ လာတတ်သော မြို့တွင်း နေရာအနှံ့အပြားတို့ကို လူလွတ်ပြီး ရှာဖွေစေလေသည် ။ သို့သော် ရှာဖွေသူ တစ်ဦးတစ်ယောက်မျှ သူဌေးကြီးအား မတွေ့ဘဲ ရှိနေတော့သည် ။

အိမ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သော သူဌေးကြီးမှာမူ မြို့ပြင်ဘက်ရှိ တောလမ်း ကလေးတလျှောက် ရွှင်လန်းချမ်းမြေ့စွာ လျှောက်သွားနေသည် ။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီး တစ်ပင်အောက် ရောက်လျှင် အမောပြေ နားလေတော့သည် ။ မကြာမီ သူဌေးကြီး အပန်းဖြေ ထိုင်ရာ သစ်ပင်အောက်သို့ လူရွယ် တစ်ဦး ဝင်ရောက်လာသည်ကို တွေ့ရလေသည် ။ လူရွယ်၏ ကိုယ်တွင် ဝတ်စားဆင်ယင်ထားပုံကို ကြည့်မြင်ရခြင်းဖြင့် ရရစားစား နှင့် ဆင်းရဲသား တစ်ဦး ဖြစ်ကြောင်း သူဌေးကြီးက အကဲခတ်မိသည် ။ လူရွယ်ကလည်း တော်ရုံသင့်ရုံ ဝတ်စားထားသော သူဌေးကြီးကို သာမန် ခရီးသည် အဘိုးကြီး တစ်ဦးအဖြစ် ထင်မှတ်နေမိသည် ။

ထို့ကြောင့် လူရွယ်က စတင်လျက် “ ဦးကြီး ၊ ဘယ်သွားမလို့ပါလဲခင်ဗျာ ” ဟု နှုတ်ဆက် မေးမြန်းလေသည် ။

“ ဘာကိစ္စ မေးရတာလဲကွယ့် မောင်ရင် ၊ မောင်ရင်က ဘယ်သွားမလို့လဲ ”

သူဌေးကြီးက လူရွယ်၏ အမေးကို မဖြေသေးဘဲ ပြန် မေးလိုက်၏ ။

“ ကျွန်တော် မြို့က သူဌေးသား ငါးဦးရဲ့ အလှူ ကို သွားမလို့ပါ ခင်ဗျာ ၊ ဦးကြီးနဲ့ များ ခရီးကြုံရင် လိုက်ခဲ့ဖို့ ခေါ်မလို့ပါ ” ဟု လူရွယ်က ဆို၏ ။

“ တော်ပါပြီကွာ ၊ ငါ အခုပဲ အဲဒီ အလှူက ပြန်လာတာပါပဲ ၊ သူဌေးသား ညီအစ်ကိုတွေဟာ အတော်ကို မိုက်သေးတဲ့ လူတွေပဲ ၊ သူတို့ ကြီးကျယ်တဲ့ အလှူပွဲကြီး လုပ်နေပေမယ့် သူတို့ အဖေကြီးတစ်ယောက်လုံးကို အိမ်မှာ ထားရစ်ပြီး ပြုစုဖို့ တာဝန်ဝတ္တရား ပျက်ကွက်ပြီး မေ့ထားကြတယ်ကွယ့် ”

“ ဟာ ... ဟုတ်လား ၊ အေးပေါ့ဗျာ ၊ အဖေ ရှိတဲ့ လူတွေ ကတော့ အဖေ့တန်ဖိုး ဘယ်သိကြပါ့မလဲ ၊ မရှိတဲ့ လူတွေကျတော့ အဖေ သိပ်တောင့်တမိကြတယ် ၊ ဪ ... ဒါထက် ဦးကြီးက ဘယ်မှာ နေပါသလဲ ”

“ ငါ ကတော့ ဘယ်မှာ နေတယ်လို့ ပြောရမှာ ခပ်ခက်ခက်ပဲကွယ့် ၊ နေစရာ အိမ်မရှိ တော့ ခြေဦးတည့်ရာ လျှောက်သွားနေတာပဲကွယ် ” ဟု သူဌေးကြီးက ဆို၏ ။

ထိုအခါ လူရွယ်သည် သူဌေးကြီး အပေါ် ခင်မင်စိတ်ရှိပြီး သနားကြင်နာစိတ် တဖွားဖွား ပေါ်ပေါက်လာသဖြင့် ..

“ ဒါဖြင့်လည်း ကျွန်တော်နဲ့ လိုက်နေပါလား ဦးကြီးရဲ့ ၊ ဦးကြီးကို အဖ အရာမှာ ထားပြီး ပြုစု စောင့်ရှောက်ပါ့မယ် ၊ ဘယ့်နှယ်လဲဟင် ၊ လိုက်နေမယ် မဟုတ်လား ” ဟု မေးလေရာ သူဌေးကြီးလည်းအတန်ကြာမျှ စဉ်းစားလိုက်သည် ။

“ အေး ၊ မင်းနဲ့ လိုက် မနေခင် မင်းကို မေးစရာရှိတာ မေးရဦးမယ် ၊ မင်း ဘယ်မှာ နေပြီး ဘာလုပ်ကိုင်စားသလဲ ”

“ ကျွန်တော် ဟောဟိုနားက ရွာကလေးမှာ နေပါတယ် ၊ မိဘလည်း မရှိ ၊ တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ကတော့ မြို့မှာ အမဲသား ထမ်းရောင်းတာပါပဲ ”

“ ကိုင်း ... ဒါဖြင့် ကောင်းပြီ ၊ မင်း ငါ့ကို ကတိတစ်ခု ပေးရမယ် ၊ တခြားတော့ မဟုတ်ဘူး ၊ မင်း ငါ့ကို အဖအရာ ထားတဲ့အတွက် အမဲသား တစ်နေ့ ငါးဆယ်သား ငါစားဖို့ သီးသန့် ပေးရမယ် ၊ သဘောတူနိုင်ပါ့မလား ၊ ဒါကို သဘောတူရင် မင်းကို ငါကလည်း သားတစ်ယောက် အနေနဲ့ အသိအမှတ်ပြုပြီး မင်း နဲ့ လိုက်နေမယ် ”

သူဌေးကြီး၏ စကားကို ကြားရသောအခါ လူရွယ်က “ ကောင်းပါပြီ ဦးကြီး ၊ တစ်နေ့ကို အမဲသား ငါးဆယ်သားစီ မငြိုမငြင် ပေးပါ့မယ် ၊ ကျွန်တော့် နောက်သာ လိုက်ခဲ့ပါတော့ ” ဟုဆို၏ ။

သူတို့ နှစ်ဦးသည် သဘောတူညီမှု ရကြပြီ ဖြစ်၍ လူရွယ်လည်း သူဌေးသား ငါးဦး အလှူသို့ မသွားတော့ဘဲ သူဌေးကြီးကို ခေါ်ဆောင်ပြီး အိမ် ပြန်လေတော့သည် ။

ထို့နောက် လူရွယ်လည်း နေ့စဉ် အမဲသားရောင်းမထွက်မီ အသားကောင်းကောင်း ငါးဆယ်သားကို သူဌေးကြီး အတွက် ထားခဲ့ရှာသည် ။ တစ်ရက် မဟုတ် ၊ နှစ်ရက် မဟုတ် ၊ နေ့စဉ်နှင့်အမျှ အမဲသား ငါးဆယ်သားစီ နှုတ်ထားရသဖြင့် လူရွယ် မှာ အမြတ်ငွေ မဆိုထားနှင့် အရင်း ငွေကိုပင် တဖြည်းဖြည်း ထိခိုက်လာသည် ။ အိမ်တွင် စားသောက်သူ တစ်ဦး လည်း တိုးနေသည် ဖြစ်၍ နောက်ဆုံးတွင် လူရွယ် အရင်းအနှီးငွေ ကုန်ဆုံးသွားခဲ့တော့သည် ။ မုဆိုးတို့ ထံမှ အမဲသားကိုလည်း ယူ မရောင်းနိုင်ရှာတော့ပေ ။ သူဌေးကြီးအား အဖေရင်းလို ချစ်ခင်ပြီး ပြုစုစောင့်ရှောက် ထားသည်ဖြစ်၍ အရင်းအနှီး မရှိသည့် အကြောင်းနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် မဖြစ်စေရန် တစ်ကိုယ်တည်းသာ မှိုင်တွေ နေတော့သည် ။ သူဌေးကြီး အတွက် နေ့စဉ် အမဲသားငါး ဆယ်သားစီ ကိုမူ မုဆိုးတို့ ထံ မှ အသနားခံကာ အကြွေး ယူ ပေးနေသည် ။ သူဌေးကြီး သည် လူရွယ် ၏ အဖြစ်စုံ ကို သိရှိနေပြီ ဖြစ်သော်လည်း မသိယောင်ပြုကာ ...

“ ဟေ့ ... ဘာပြုလို့ တစ်နေ့တစ်နေ့  မှိုင်ငေး နေတာလဲ သားရဲ့ ” ဟု မေး၏ ။

“ ဘာမှ မဖြစ်ပါဘူး အဖေ ရယ် ၊ ခုတလော ဘယ်လိုမှန်း မသိပါဘူး ၊ အလုပ်အကိုင် လုပ်ရင်းကိုင်ရင်း ဟန်မကျ ဖြစ်နေတာကြောင့်ပါ ” ဟု အေးဆေးစွာ ပြန်ဖြေလေ၏ ။

“ အလုပ်အကိုင် ဟန်မကျဘူး ဆိုတာ အရင်း ကုန်ဆုံးသွားလို့ မဟုတ်လားကွယ့် ၊ ကိုင်း ... ဒီအရင်းအနှီး အတွက် ငါ့သား ဘာမှ မပူနဲ့ ၊ ရော့ ... ဟောဒီလက်စွပ်ကို ယူပြီး မြို့က သူဌေးကြီး ရဲ့ သားတွေဆီမှာ ငါးရာနဲ့ သွားရောင်းချေ ” ဟု သူဌေးကြီး က ပြောပြောဆိုဆို လက် တွင် ဝတ်ထားသော လက်စွပ်ကို ချွတ်ပေး လိုက်လေသည် ။ လက်စွပ်တန်ဖိုး အမှန်မှာ ငါးဆယ် သော်မျှ မတန်ချေ ။ အမှတ်တရ ဝတ်ဆင်သော လက်စွပ် တစ်ကွင်း မျှသာ ဖြစ်ချေသည် ။ လက်စွပ်တန်ဖိုးကို နားမလည်ရှာသော လူရွယ်မှာ သူဌေးကြီး ပြောသည့် ငါးရာ နှင့် ရောင်းချရန် မြို့သို့ သွားလေတော့သည် ။

ပျောက်ဆုံး နေသော ဖခင်ကြီးကို လူလွှတ် ရှာဖွေနေသော်လည်း အစအနမျှပင် သတင်း မရသဖြင့် စိတ်မကျေနပ်ဘဲ ညီနောင်ငါးဦး ကိုယ်တိုင် လိုက်လံ ရှာဖွေကြပြန်လေသည် ။ သို့ရာတွင် ဖခင် ၏ သတင်း အစွန်းအစကိုမျှ မကြားရပြန် သဖြင့် မတတ်နိုင်ကြတော့ဘဲ လက်မှိုင်ချရတော့သည် ။ သတင်း စုံစမ်းမေးမြန်းရင်း ဖခင် အတွက် ပူပင်သောက ရောက်နေကြရသည် ။

ထိုသို့ ရှိနေကြစဉ် လူရွယ် တစ်ဦးက လက်စွပ်တစ်ကွင်းကို ငါးရာ နှင့် လာရောင်းကြောင်း အစေခံတို့ က ပြောကြား၍ ညီနောင်ငါးဦးမှာ လက်စွပ်ရောင်းသူ လူရွယ်အား ခေါ်ခဲ့စေသည် ။ ထို့နောက် လူရွယ် ရောင်းသည့် လက်စွပ်ကို မြင်လိုက်လျှင်ပင် ဖခင်ဖြစ်သူ အမြဲ ဝတ်လေ့ ရှိသော လက်စွပ် ဖြစ်မှန်း ချက်ချင်းသိကြတော့၏ ။ ထိုအခါ လူရွယ်အား လက်စွပ်ကို ဘယ်နေရာ မှ ရရှိခဲ့သနည်းဟု မေးမြန်းတော့ရာ လူရွယ်ကလည်း သူ့ဖခင် လက်စွပ် ဖြစ်ကြောင်း ဖြေလေသည် ။

သူဌေးကြီး သား ညီနောင်ငါးဦးတို့က အကြိမ်ကြိမ် အဖန်ဖန် မေးသော်လည်း လူရွယ်က သူ့ဖခင်၏ လက်စွပ် သာဖြစ်ကြောင်း အတွင်တွင် ပြောဆို နေတော့သည် ။ ညီနောင်ငါးဦး တို့သည် လက်စွပ်ရောင်းသည့် လူရွယ်သည် သူတို့၏ ဖခင်ကို သ,တ်ဖြတ်ပြီး လက်စွပ်ကို ယူဆောင်လာရခြင်း ဖြစ်ရမည်ဟု ယူဆမိသဖြင့် အစိုးရိမ်ကြီး စိုးရိမ်လာကြ၏ ။ နောက်ဆုံးတွင် လူရွယ်၏ ဖခင် ဆိုသူသည် လက်စွပ် ဘယ်ကရသည်ကို ပြောဆိုနိုင်မည်ဟု စဉ်းစားမိကြ၍ လူရွယ်အား ခေါ်ဆောင်လျက် လူရွယ်၏ အိမ်သို့ သွားကြလေသည် ။

သူဌေးကြီးသည် လူရွယ် နှင့်အတူ လိုက်ပါလာကြသည့် သားငါးယောက်ကို တွေ့ မြင်ရသော်လည်း မသိဟန် ပြုနေလေသည် ။ ညီနောင်ငါးဦးမှာ လူရွယ်၏ ဖခင် ဆိုသူမှာ ပျောက်ဆုံးနေသော သူတို့၏ ဖခင် သူဌေးကြီး ဖြစ်နေမှန်း သိရ၍ အတိုင်းထက် အလွန် ဝမ်းမြောက်သွားကြလေသည် ။ ဖခင် အနီး၌ ဝိုင်းလျက် ဖခင် အိမ်မှ ထွက်ခွာသွားသည်နှင့် သူတို့ ဘယ်ကဲ့သို့ ရှာဖွေစုံစမ်းကြောင်း ၊ မည်မျှစိတ်ပူပင်သောက ရောက်ရကြောင်း ပြောဆိုကြလေသည် ။ သူဌေးကြီးကမူ သားငါးဦးကို စကား တစ်ခွန်းမှ ပြန်မပြောဘဲ နေတော့သည် ။ ညီနောင် ငါးဦးမှာ လူရွယ်အား ကျေးဇူးဆပ်သောအားဖြင့် ငွေငါးရာ ပေးပြီး ဖခင် သူဌေးကြီးအား အိမ်သို့ ပြန်ကြရန် ခေါ်ငင်လေသည် ။ သားငါးယောက် က ဘယ်လိုပင် ခေါ်ငင်ကြသော်လည်း သူဌေးကြီးက အိမ် ပြန်ရန် အတန်တန် ငြင်းပယ်လေသည် ။ သားများက ဖခင်အား အဘယ်ကြောင့် ပြန်မလိုက်လိုသည်ကို သနားစဖွယ် မေးမြန်းကြလေရာ သူဌေးကြီးက “ အဖေ ၊ အဘယ်ကြောင့် ပြန်မလိုက်သလဲဆို တော့ သားတို့ဟာ အလှူကြီးကျယ်စွာ လှူဒါန်းနေခဲ့ပေမယ့် အဖေဖြစ်သူ တစ်ယောက်လုံး ကို လုံးဝ မေ့လျော့နေခဲ့ကြတယ် ၊ ယခုလို မမေ့သင့်သည့် အခိုက်အတန့် မှာပင် မေ့လျော့ပြီး လစ် လျူရှုထားတော့မှာ မလွဲပါဘူး ၊ နောက်ပြီး ဟောဒီ လူရွယ် ဟာ အဖေအရင်း မဟုတ်ပေမယ့် အနွံတာခံပြီး ပြုစုခဲ့တယ် ၊ နောက်ဆုံး သူ့ ဝမ်းရေး အတွက် အမှီပြုနေရတဲ့ ရင်းနှီးငွေ ကုန်ဆုံးရတာ တောင် အဖေ့ ကို စိတ်ဆင်းရဲမှု မပေးခဲ့ဘူး ၊ ဒီတော့ သားအရင်းတွေ ထက်သာတဲ့ လူရွယ်နဲ့ပဲ အဖေ နေတော့မယ် ” ဟု ဆိုလေသည် ။

ညီနောင် ငါးဦးမှာ အလှူ ပြုနေခိုက် ဖခင်ကြီးကို မေ့လျော့ပြီး ခြေဆုပ်လက်နယ် မှ အစ ဝတ်ကြီးဝတ်ငယ် ပြုစုဖို့ ခုနစ်ရက်လုံးလုံး ပျက်ကွက်ခဲ့သည်ကို တွေးမိပြီး စိတ်မကောင်းခြင်း ဖြစ်ကြရတော့သည် ။ နောင်အခါတွင် ဖခင်အား ဤကဲ့သို့ အဖြစ်မျိုး မကြုံရအောင် မမေ့မလျော့ ဝတ်ကြီးဝတ်ငယ် ပြုစုမည် ဖြစ်ကြောင်း အကြိမ်ကြိမ်အဖန်ဖန် ကတိပြုပြီး ခေါ်ငင်ကြတော့သည် ။

ထိုအခါ သူဌေးကြီးသည်လည်း ..

“ ကိုင်း ... သားတို့ ဒီလောက် ခေါ်နေရင်တော့ အဖေ ပြန်လိုက်ရတာပေါ့ ၊ ဒါပေမယ့် အဖေ့ ရဲ့လိုလားချက် တစ်ရပ် ကိုအရင် ဖြည့်စွမ်းကြရမယ် ” ဟုပြောဆိုလိုက်၏ ။ သား ငါးယောက်ကလည်း ဖြည့်စွမ်းပါမည်ဟု ဝန်ခံကြသည် ။

“ အဖေဟာ အိမ်က ထွက်လာပြီး ခြေဦးတည့်ရာ သွားနေခိုက်မှာ ဒီသူငယ်က အဖေ့ကို သူ့အိမ် ခေါ်ပြီး ပြုစုခဲ့တဲ့ ကျေးဇူးတွေလည်း ရှိတယ် ၊ တစ်ယောက် ကျေးဇူး ၊ တစ်ဦးမေတ္တာ ဆိုသလို သူ့ ကျေးဇူးတွေ အဖေ့အပေါ်မှာ ရှိသလို အဖေကလည်း သူ့ ကို သားရင်း တစ်ယောက်လို ချစ်ခင်ပြီး မေတ္တာထားတယ် ၊ သူ့ကို လူတန်းစေ့ နေနိုင်အောင် သားတို့ အမွေရထားတဲ့ အထဲက ခွဲဝေပေးကြရမယ် ” ဟု ဆိုပေရာ ညီနောင်ငါးဦးမှာလည်း ဖခင်ကြီး၏ လိုအင်ဆန္ဒအတိုင်း ခွဲဝေပေးရန် သဘောတူကြလေသည် ။

သူဌေးကြီးလည်း သားများနှင့်အတူ အိမ်သို့ ပြန်လိုက်ခဲ့ပြီး အေးချမ်းစွာ နေထိုင် တော့သည့်နည်းတူ လူရွယ်မှာလည်း သူဌေးကြီး သားငါးယောက် ခွဲဝေပေးသော ပစ္စည်းဥစ္စာများနှင့် ချမ်းမြေ့သာယာစွာ နေထိုင်နိုင်လေတော့သတည်း ။

⎕ အေးမိုး - အထောင်
📖ရှုမဝ မဂ္ဂဇင်း
      ၁၉၆၆ ၊ မတ်

No comments:

Post a Comment