❝ ဪ .. ဪ ... ဪ ❞
( သုမောင် )
( ၁ )
ကျွန်တော် ယခု ပြောပြမည့် အကြောင်းအရာ မှာ တကယ့်အဖြစ်အပျက် ဖြစ်ကြောင်း ဝန်ခံရပေမည် ။
ကျွန်တော် ၏ အဖေသည် စာရေးဆရာ သာဓု ဖြစ်ပါသည် ။ ကျွန်တော်၏ အမေသည် ကျောင်းဆရာမ ဒေါ်ခင်ညို ဖြစ်ပါသည် ။ အဖေ နှင့် အမေ နှစ်ယောက်စလုံးတို့၏ ဆရာသည် ဦးရန်အောင် ဖြစ်ပါသည် ။
ဦးရန်အောင် ဆိုသည်မှာ စာရေးဆရာ ရန်အောင် ကို ပြောခြင်းဖြစ်ပါသည် ။
ကျွန်တော် သည် စာရေးဆရာ သုမောင် ဖြစ်ပါသည် ။ ကျွန်တော် ၏ ဖခင်သည် စာရေးဆရာ သာဓု ဖြစ်သဖြင့် လက်ဦးဆရာ မည်ထိုက်စွာ ဆိုသည့် စကားနှင့် အညီ ဖခင်လည်း ဖြစ် ၊ ဆရာ တစ်ဆူလည်း ဖြစ်ပေသည် ။ ထိုနံရောအခါ ကျွန်တော့်ဆရာ၏ ဆရာ ဖြစ်သော ဆရာကြီး ကို ကျွန်တော်၏ ဆရာ့ဆရာ ဟု ခေါ်ရမည်မှာ သဘာဝကျလှပေတော့သည် ။
( ၂ )
ဟိုးရှေးရှေးတုန်း က အမေ ပြန်ပြောပြ၍ ကျွန်တော် သိရသလောက်ကို ကျွန်တော်က တစ်ဆင့် ပြန်ပြောပြပါမည် ။
ဆရာကြီး ဦးရန်အောင် သည် ကျွန်တော့် ဖခင် ဦးစီးထုတ်ဝေသော စာသဘင် စာအုပ်တိုက်၌ ( Proof Reader ) ခေါ် စာလုံးပေါင်း အကျအပေါက်များကို စစ်ဆေးသော ဆရာ အဖြစ် တာဝန်ယူပါသည် ။
ဆရာကြီးသည် လက်ရေးလှသလောက် သတ်ပုံသတ်ညွှန်း ကိုလည်း ပိုင်နိုင်ကျွမ်းကျင်လေသည် ။ ( ဟေ့ .. စာရေးဆရာဆိုတာ လက်ရေးမလှ စကောင်းဘူးလို့ ဘယ်ကောင်က ပြောမလဲ ဟု ) ဆရာကြီးက ပြောဖူးသည် ။
စောစောက ပြောသလို ကျွန်တော့် အဖေ၏ စာသဘင် စာအုပ်တိုက်၌ ဆရာကြီး စာပြင်ဆရာအဖွဲ့ဝင် အယ်ဒီတာ အဖြစ် လုပ်ကိုင်နေသော ကာလတွင် အဖေသည် အမေ့အား အောက်ပါအတိုင်း မှာကြားထားပါသည်တဲ့ ။
“ အညို ဆရာကြီး ကို ထမင်းကျွေးတဲ့အခါ တင့်တယ် တို့ ၊ သော်တာဆွေ တို့ ၊ အောင်လင်း တို့ ၊ အေး ... တခြား စာရေးဆရာတွေ အရင် ဦးဦးဖျားဖျား ကျွေး ”
အမေ ကလည်း အဖေ မှာသည့်အတိုင်းပင် ဟင်းကျက်သည် နှင့် အရင်ဆုံး ဆရာကြီးကို ဦးဦးဖျားဖျား ကျွေးလေသည် ။ ပြီးတော့ အမေ ကိုယ်တိုင်နှိုက် ကိုကလည်း သူ ကျောင်းသူဘဝ တုန်းက ဆရာကြီးသည် သူ၏ ကျောင်းဆရာ ။
ထို့ကြောင့်ပင် အမေ နှင့် အဖေသည် ဆရာကြီးအား အားလုံးထက် ပို၍ အလေးပေးရခြင်း ဖြစ်ပေသည် ။
စကားကြုံလို့ ပြောရဦးမယ် ။ ပျော်လည်း ပျော်စရာ ကောင်းသည် ။ လူကြီးသူမ တို့ ၏ ဓလေ့ကိုလည်း ( မြန်မာဆန်ဆန် ) မှတ်သားနာယူဖွယ်ရာ ကောင်းပါသည် ။
ထိုအကြောင်းအရာ ကို ကား အစ်ကိုအောင်လင်း ( စာရေးဆရာ အောင်လင်း ) က ပြောပြ၍ ကျွန်တော် ကြားဖူးနားဝ ရှိခဲ့ခြင်းဖြစ်ပါသည် ။
တိုက်တိုက်ဆိုင်ဆိုင် ဟူသော ဝေါဟာရ ကို သုံးရခြင်း မှာ အဖေ က မိုးလင်းမှ အိပ်ရပြီး တစ်ညလုံး အလုပ် လုပ်ရသူ ၊ အမေ က တစ်နေ့လုံး အလုပ် လုပ်ရသော ကျောင်းဆရာမ ။
တစ်နေ့တွင် ဆရာကြီး ရန်အောင် အား ဆွမ်း ၊ ခဲဖွယ် ၊ ဘောဇဉ်များ ဦးချပြီးနောက် အဖေ နှင့် အမေ သည် တိုက်တိုက်ဆိုင်ဆိုင် ထမင်းလက်ဆုံ စားဖြစ်ကြလေသည် ။
အဲ .. အဲသလို ထမင်းလက်ဆုံ စားနေခိုက် လင်မယားတို့ ၏ သဘာဝအတိုင်း ကတောက်ကဆ ဖြစ်ကြရာမှ အဖေက အမေ့အား -
“ အညို ဒါ ဘာဟင်းလဲ ”
“ ကိုဖေသန်းရယ် ချဉ်ရည်ဟင်းလေ ” ( အမေ သည် အဖေ့ ကို ကိုဖေသန်း ဟုသာ ခေါ်သည် )
“ အေး … ကိုယ် သိပါတယ် ၊ ဒါပေမဲ့ ချဉ်ရည်ဟင်း ထဲမှာ ခရမ်းချဉ်သီး ဘာကြောင့် ထည့်ရတာလဲ ”
“ ဪ ... စား ကောင်းအောင်ပေါ့ ကိုဖေသန်း ရယ် ”
“ နေစမ်းပါဦး မခင်ညို ၊ ကင်ပွန်းရွက် က မချဉ်ဘူးလား ”
“ ချဉ်တာပေါ့ ”
“ ကဲ ... ခရမ်းချဉ်သီး ကရော မချဉ်ဘူးလား ”
“ ချဉ်လို့ ခရမ်းချဉ်သီးလို့ ခေါ်တာပေါ့ ”
အဖေ သည် ကင်ပွန်းချဉ်ရွက် ကို လည်းကောင်း ၊ ခရမ်းချဉ်သီးဖတ် ကို လည်းကောင်း ဇွန်းဖြင့် တစ်လှည့်စီ ခပ်၍ အမေ့ အား လက်မြှောက်ပြပြီး “ အဲသလို အချဉ်နှစ်မျိုးကို ဘာလို့ ရော ချက်ရတာလဲတဲ့ ” ဟု ပြောလိုက်လေသည် ။
ထိုအချိန်တွင် အဖေ နှင့် အမေ ထမင်းစား နေသော စားပွဲ အနီးသို့ ရောက်ရှိနေပြီး ဖြစ်သော ဆရာကြီး ဦးရန်အောင် သည် ကျွန်တော့် အဖေ ၏ ချွန်ထွက်နေသော နောက်စေ့ ကို ဆတ်ခနဲ တစ်ချက် ပုတ်လိုက်ပြီး -
“ ဟင် ... ဟေ့ကောင် သာဓု ၊ နင့်မေဂလိန်း ချဉ်ရည်ဟင်းပါ ဆိုမှ မချဉ်ပဲ နဲ့ ချို ရမှာလားကွ ” ဟု ဆရာသမားတို့၏ ကရုဏာဒေါသောဖြင့် ပြောလိုက်လေသည် ။
ဤသည်မှာ ဆရာကြီး သည် အဖေနှင့် အမေ တို့အား မည်မျှ သြဇာ သက်ရောက်ကြောင်း ၊ မည်မျှ ဆရာသမား ပီသကြောင်း ပြလိုက်ခြင်းဖြစ်လေသည် ။
••••• ••••• •••••
ကောင်းပါပြီ ဆရာကြီး လူကြီးဆန်သည့် အကြောင်း ကို ကျွန်တော် ဆက်၍ ပြောပြပါမည် ။
••••• ••••• •••••
တစ်နေ့တွင် ကျွန်တော် ၊ ရွှေကူမေနှင်း ၊ မောင်နေမျိုး နှင့် အခြား စာရေးဆရာတစ်ဦး တို့ စာရေးဆရာတို့ ထုံးစံအတိုင်း နယ်သို့ စာပေ ဟောပြောရန် သွားဖို့ စီစဉ်ရာတွင် စီစဉ်သူများက ရွှေကူမေနှင်း နှင့် မောင်နေမျိုး တို့ကို အရင် ခေါ်ပြီးမှ ကျွန်တော့် ကို လာကြိုပါသည် ။
သွားရမည့် ခရီးမှာလည်း မော်တော်ကားလမ်းခရီး ဖြစ်သဖြင့် တစ်ခါတည်း ခရီး ထွက်ကြမည် ဟု ကျွန်တော် ထင် ထားမိသည် ။ အချိန်ကား နံနက် လေးနာရီ ။
ကျွန်တော်တို့ အိမ်မှ မော်တော်ကား စ၍ ထွက်လျှင် ထွက်ချင်း စာရေးဆရာ တို့ ထုံးစံအတိုင်း ဟိုအကြောင်း ၊ သည်အကြောင်း ၊ သူများ မကောင်းကြောင်းများ ကို ပြောကြပါသည် ။ ကျွန်တော် သတိ ပြုလိုက်မိသည့် အချက်တစ်ချက်မှာ ကားဆရာသည် မြို့ပြင်ဘက် သို့ မမောင်းသေးဘဲ အနောက်ရန်ကင်း သို့ ကွေ့ဝိုက် မောင်းနှင်ကာ တိုက်တစ်တိုက် ရှေ့တွင် ထိုး၍ ရပ်လိုက်ခြင်း ဖြစ်လေသည် ။
“ ကဲ …. ကိုသုမောင် ၊ ခင်ဗျားပါ လိုက်ခဲ့ဗျာ ” ဟု စာရေးဆရာ မောင်နေမျိုး က ဆို လေသည် ။
“ ဘာအတွက်လဲ အစ်ကိုရ ”
“ ဆရာကြီး ဦးရန်အောင် ကို ခေါ်မလို့ ”
“ ဪ ... ဆရာကြီးလည်း ပါသကိုး ”
ကိုနေမျိုး က ပြုံးဖြဲဖြဲ လုပ်ပြကာ -
“ မပါဘူးကွ ၊ ခု စာရေးဆရာ တစ်ယောက် လိုနေတာနဲ့ ဝင်ခေါ် ရတာ ”
“ ဟင် .. ဒါဖြင့် ခင်ဗျားတို့ ကြို မပြောထားဘူးလား ”
“ ဟင့်အင်း .. ”
“ ဟာ .. ဘယ်လို လုပ်လိုက်တာလဲဗျာ ၊ ဆရာကြီး တစ်ယောက် ကိုများ ”
“ အဲဒါကြောင့် ခင်ဗျားကို ခေါ်ရတာပေါ့ဗျ ။ ဆရာကြီး လက်ပေါ်မှာ ခင်ဗျား က ကြီးလာရတာ ဆိုတော့ ခင်ဗျား မျက်နှာ နဲ့ဆို လိုက်လိမ့်မယ် ထင်လို့ ”
“ မကောင်းပါဘူးဗျာ ”
နောက်ဆုံးတော့ သက်ဆိုင်ရာ ထိုနယ်မှ တာဝန်ခံများကပါ ဝိုင်းဝန်း တောင်းပန်ကြသဖြင့် ကျွန်တော်လည်း မနက် ဝေလီဝေလင်း ( ၄ ) နာရီခွဲ အချိန်လောက်ကြီးတွင် အသက် ( ၇၀ ) ကျော်နေပြီ ဖြစ်သော ဆရာကြီး ဦးရန်အောင် ၏ အိမ်ခန်းတံခါးကို သွား ခေါက်ရပါလေတော့ သည် ။
အိပ်ချင်မူးတူး ထ လာသော ဆရာကြီးသည် ကျွန်တော်က အကျိုးအကြောင်း ရှင်းပြသောအခါ ခေါင်းတစ်ချက် ညိတ်ပြရင်း ပြုံးပြုံး ကြီးဖြင့် -
“ အေးပါကွာ ရပါတယ် ” ဟုဆိုလျက် ကောက်ကာငင်ကာပင် ကျွန်တော်တို့ နှင့် လိုက်ပါလာလေတော့သတည်း ။
••••• ••••• •••••
ရန်ကုန်မြို့ အပြင်သို့ ရောက်၍ မိုးလင်းလုလု အချိန်လောက်တွင် မော်တော်ကားပေါ်၌ ကျွန်တော်က ဆရာကြီးအား တိုးတိုးတိတ်တိတ် ပြောပါသည် ။
“ ဆရာကြီး အခုလို ကြိုကြိုတင်တင် ပြောမထားဘဲနဲ့ ကပ်ပြီး တော့မှ လာ ခေါ်တာ ဘာလို့ မငြင်းလိုက်တာလဲဟင် ” ဟု ကျွန်တော်က မှ ပြောသောအခါ -
“ ဟ ... ငါက မလိုက်ဘဲ ငြင်းလိုက်လို့ရှိရင် စာရေးဆရာ တစ်ယောက် ပိုပါမလာတဲ့ အတွက် ဟိုမှာ နားထောင်ကြမယ့် စာပေပရိသတ် အတွက် နစ်နာမှာပေါ့ကွာ ” ဟု လူကြီးပီသသော အပြုံး ဖြင့် ပြန် ပြောရှာပါသည် ၊ ပြီးတော့မှ ထုံးစံအတိုင်း သူ့ နားကြပ်ကလေးကို လက်ဝါးဖြင့် ဖိပြီး -
“ ဟေ့ ... သားကြီး လူကြီး ဆိုတာ လူကြီး အလုပ် လုပ်ရတယ်ကွဲ့ ၊ စိတ်မကောက်ကောင်းဘူး ၊ ( ဆရာကြီးသည် တဟားဟားရယ်လျက် ) အေးကွ ... ဘယ် စာရေးဆရာ မှ ရှာလို့ မရတော့ဘူး ဆိုရင် ငါ့ ကို လာခေါ် နေကျပဲကွ ဟား ... ဟား ... ဟား .. ”
( ၄ )
စာပေ ဟောပြောပွဲများ ပြီးမြောက်သော ည တစ်ညတွင် လကလေး သာသာ ၊ စာရေးဆရာ နှစ်ယောက် ၊ တစ်ယောက် က အဘိုး အရွယ် ၊ တစ်ယောက် က မြေးအရွယ် ၊ စကားလက်ဆုံ ကျနေကြသည်ဟု ပြောလျှင် ဆရာကြီး ဦးရန်အောင် နှင့် ကျွန်တော် မှန်း သိလောက်ကြပါပြီ ။
ကျွန်တော်သည် ဆရာကြီး၏ လက်ပေါ်တွင် ကြီးပြင်းလာရသော လူငယ်တစ်ယောက်ပီပီ ဆရာကြီးအား ချစ်ကြင်စွာ ကလူကျီစယ်လိုသဖြင့် အောက်ပါအတိုင်း ပြောမိပါသည် ။
“ ဆရာကြီး ဒီမြို့ကို အရင်က ရောက်ဖူးသလား ”
ဆရာကြီး က -
“ အေး ... ငယ်ငယ်တုန်း ကတော့ ခဏခဏ ရောက်ဖူးတယ်ကွ ”
“ ဒါဖြင့် ဒီနယ်မှာ ဆရာကြီးရဲ့ ရည်းစားလေး ဘာလေး မရှိဘူး ဘူးလား ဟား ... ဟား ... ဟား ... ဟား .. ”
“ အေး .. မင်းမို့လို့ ငါ ပြောဦးမယ် ၊ ဒီမြို့မှာ ငါ့ ရည်းစားဟောင်း တစ်ယောက် ရှိတယ်ကွ ၊ ဒါပေမဲ့ ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့ ” ဟု ကျွန်တော့် အား တပြုံးပြုံးနှင့် ပြောပြရှာသည် ။
( ၅ )
နောက်တစ်နေ့ နံနက်စောစောတွင် ကျွန်တော်တို့ အားလုံး မပြန်မီ နယ်ခံ တာဝန်ရှိသူများ က လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံလေ၏ ။ ထိုဧည့်ခံပွဲတွင် လူတစ်ယောက် လျော့နေသည် ။
ထိုသူမှာ ဆရာကြီး ဦးရန်အောင် ပင် ဖြစ်ပါသည် ။
ဤသည် ကို ကျွန်တော် မှ တစ်ပါး မည်သူမှ သတိထားမိကြဟန် မတူပါ ။
သို့နှင့် လက်ဖက်ရည်ဝိုင်း မှ အားလုံး အသီးသီး အသက အသက ထသွားကြပြီးသောအခါ ကျွန်တော် တစ်ယောက်တည်း ဆရာကြီး ကို စောင့်ရန် လက်ဖက်ရည်စားပွဲတွင် ထိုင်လျက် ကျန်ခဲ့ပါသည် ။
အချိန်သည်ကား ဟု ဆိုလျှင် နံနက် ( ၇ ) နာရီခန့် ဖြစ်လေသည် ။
ကျွန်တော် သည် ပါးစပ် အငြိမ်မနေနိုင်သူပီပီ အနားတွင် ရောက် ရှိနေသော တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး အား -
“ ဆရာကြီး ဦးရန်အောင်ကောဗျ ”
“ မနက် ( ၅ ) နာရီ လောက်ကတည်းက မာဖလာလေး လည်ပင်း ပတ်ပြီး ထွက်သွားလေရဲ့ ၊ လမ်းလျှောက် ထွက်တယ် ထင်ပါရဲ့ဗျာ ”
ကျွန်တော် ပြုံးမိပါသည် ။
အဘယ်ကြောင့် ဆိုသော် ဆရာကြီး ဘယ်ကို သွားမှန်း ကျွန်တော် သိနေသောကြောင့် ဖြစ်ပါသည် ။
တခြား ဟုတ်ပါရိုးလား ကျွန်တော် နှင့် ဆရာကြီး မနေ့ညက ပြောခဲ့သော ကိစ္စ ဆရာကြီး၏ ငယ်ရည်းစား ကိစ္စ ။
••••• ••••• •••••
နံနက် ( ၇ ) နာရီခွဲခန့် တွင် ဆရာကြီး ဦးရန်အောင် သည် ပြုံးပြုံး ပြုံးပြုံးနှင့် တည်းခိုရိပ်သာ အတွင်းသို့ ရောက်ရှိ လာပါတော့သည် ။
ကျွန်တော်နှင့် ဘေးချင်းယှဉ်လျက်ခုံတွင် ဝင်ထိုင်ပါသည် ။
ပြီးတော့ ကျွန်တော်နှင့် တီးတိုးစကား နှစ်ယောက်တည်း ပြောကြပါသည် ။ ဒါကိုလည်း ကျွန်တော်တို့ နှစ်ယောက်သာ နားလည်နိုင်သည် ။
“ ဆရာကြီး အခြေအနေ ဘယ့်နှယ်လဲ ၊ တွေ့ခဲ့လား ”
ဆရာကြီး ဦးရန်အောင် သည် လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်ရင်း -
“ မနေ့ကပဲ သူ ဆုံးသွားပြီတဲ့ကွာ ” ဟု ပြုံးပြုံးကြီးပင် ပြောရှာပါသည် ။
( ဆရာကြီးခင်ဗျား ဤဝတ္ထု နှင့် ပတ်သက်၍ ဆရာကြီး ကျွန်တော့်ကို အိမ်တိုင်ရာရောက် လာ၍ အဆဲခံ ၊ အရိုက်ခံရန် အသင့် ရှိကြောင်းပါခင်ဗျား )
မှတ်ချက် ။ ။ အဖေက ထိုဝတ္ထုကို ဖတ်ပြီးသောအခါ “ ငါက မင်းအမေ ကို “ မခင်ညို ” လို့ မခေါ်ဘူးကွ ၊ “ အညို ” လို့ ခေါ်တာ ” ဟု ပြောသဖြင့် “ အညို ” ဟု ပြင်ဆင်ရေးသားလိုက်ပါကြောင်း ။
◾သုမောင်
📖 စာပေလုပ်သား မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၃
No comments:
Post a Comment