❝ အဓိဋ္ဌာန် ❞
( ကျော်ခန့်လူ )
ရွှေစည်းခုံဘုရားကုန်းတော်ပေါ်ကို ‘ ဖိုးစီ ’ ရောက် တော့ မနက် ဝေလီဝေလင်းပဲ ရှိပါသေးတယ် ။ ဘုရား ရင်ပြင်တော်ပေါ်မှာ ခိုတွေ ၊ စာကလေးတွေ အစာ ကောက်တဲ့ ကောင်က ကောက် ၊ တစ်ကောင်နဲ့ တစ်ကောင် ကလူကျီစယ်တဲ့ကောင်က ကျီစယ်လို့ ။ ဘုရား ဝန်းထဲက အကြော်ပန်းတွေဟာ ဖွေးဖွေးလှုပ် ပွင့်နေတာ ၊ ဧကရာဇ်ပန်းတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေတာ ။ နံနက်ဦး လေညင်းကလေးကလည်း တသွေးသွေး ဖြန်းနေတာတွေရယ်ကြောင့် စိတ်ကြည်နူးဖို့ စိတ်ငြိမ်းချမ်းဖို့ ကောင်းပေမဲ့ ဖိုးစီရဲ့ မျက်နှာမှာတော့ မှုန် မှုန်မှိုင်းမှိုင်းပါပဲ ။
ရွှေစည်းခုံစေတီတော်ကြီးရဲ့ ထီးတော်မှာ ချိတ်ဆွဲ ထားတဲ့ ဆည်းလည်းသံလေးတွေကလည်း တချွင်ချွင်နဲ့ ။ စောင်းတန်းအမိုးပေါ်က စုလစ်မွမ်းချွန်တွေကြား မှာ ခိုကလေးတွေရဲ့ အသံဟာ အုံ့အုံ့ဆိုင်းဆိုင်း ပေါ်နေ ပြန်တယ် ။
လက်က ကိုင်လာတဲ့ ဂျပန်ဖိနပ် ခပ်နွမ်းနွမ်းကို ဘုရားတန်ဆောင်းရဲ့ တိုင်ခြေရင်းမှာ ချပြီး စေတီကြီး ရဲ့ အရှေ့ဘက်တည့်တည့် ရင်ပြင်တော်ပေါ်မှာ ဖိုးစီ ဘုရားရှိခိုးထိုင် ၊ ထိုင်ချလိုက်ပါတယ် ။ စေတီတော်ကြီးကို ထီးတော်ထိပ်ဖူးကနေ စပြီး အောက်ခြေအထိ ယုံကြည်အားကိုးစွာ ဖူးမြော်ပြီးတဲ့ နောက်တော့ နမောတဿ ဘုရားရှိခိုးကို တိုးတိုးဖွဖွ စတင် ရွတ်ဆိုပါတယ် ။ ဖိုးစီ ဘုရားမရှိခိုးဖြစ်တာ တော်တော်ကြာပါပြီ ။ ငယ်ငယ်တုန်းက ဆရာတော်ဦးကိတ္တိကျောင်းမှာ ကိုရင် သုံးဝါလောက် ဝတ်စဉ်ကတော့ သူတို့တစ်တွေ နေ့တိုင်း ဘုရားရှိခိုးတာပါ ။ ကိုရင်လူထွက်ပြီး ကတည်းက ၊ အဖေ ဆုံးပါးသွားပြီး ကတည်းက ဘုရားမရှိခိုးဖြစ်တာ အခု ဖိုးစီ အသက် ၁၅ နှစ်ထဲ ရောက်တဲ့ အထိပါပဲလေ ။
တချို့ ပါဠိလိုမျိုး နေရာတွေမှာ ခပ်မေ့မေ့ ဖြစ်နေပေမဲ့ ကိုရင်ဝတ်စဉ်က အတိုင်း အစအဆုံး ပြန်ရွတ်တာရယ် ၊ စကားအနည်းငယ် ထစ်တာရယ်တွေကြောင့် ဖိုးစီ ဘုရား ရှိခိုးတာ တော်တော်ကလေးကို အချိန်ကြာပါတယ် ။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချပြီး လက်အုပ်ချီလျက်သား ဆက်ထိုင်နေတဲ့ ဖိုးစီရဲ့ နှုတ်က တုန်တုန်ရီရီ ၊ ထစ်ထစ်အအ စကားလုံးတွေဟာ ဘုရားရင်ပြင်တစ် ဝိုက် လေးပင်စွာ စီးမျောသွားပါတယ် ။
“ တပည့်တော် ... တော်သည် .. ယ .. ယခုအ ... အချိန်မှစ၍ တ ... တပည့် ... တော်၏ ပ ... ပ ...ထွေး ဖြစ်သူ .. ဦး .. ဦးနီဂဒိုး သေ ... သေ .. သည်အထိ ... တ ... တပည့်တော်၏ ... ဆံ ပင် ... များကို ... မ ...မဖြတ်ပါ ... ဘုရား ... အ ... အရှင်ဘုရား၏ ရှေ့ ... ရှေ့မှောက်၌ ... အ ... အဓိဋ္ဌာန် ... ဝင် ... ဝင်ပါသည် ... ဘု ... ဘုရား ”
ဘုရားရှေ့မှာ အဓိဋ္ဌာန် ဝင်ပြီးသွားပြီ ဖြစ်တဲ့ ဖိုးစီရဲ့ လက်ဟာ သူ့ဦးခေါင်း ကို အလိုလို စမ်းမိသွားပါတယ် ။ ခေါင်းတုံး တုံးထားတဲ့ ဦးခေါင်းရဲ့အထိအတွေ့ဟာ ကြမ်းရှရှနဲ့ ။
ဖိုးစီ အိမ်ပြန်ရောက်တော့ သူ့အမေ မအိမ်မြဲ တောင် အိပ်ရာက နိုးနေပါပြီ ။ မအိမ်မြဲဟာ မြေကျင်း တူးပြီး လုပ်ထားတဲ့ မီးဖိုမှာ ရေနွေးတည် နေတယ် ။ မအိမ်မြဲရဲ့ ဆံပင်တွေဟာ ဆီလူးပြီး သပ်သပ်ရပ်ရပ် ထုံးထားတာ ၊ သနပ်ခါးအဖွေးသားနဲ့ ဖြစ်နေတာတွေကို မြင်တော့ ဖိုးစီ မျက်နှာလွှဲ ပစ်လိုက်တယ် ။ အိမ်အနောက်ဘက်စောင်း တဲထဲက နွားမသားအမိကို နွားနို့ညှစ်ဖို့ ပြင်ဆင်ရဦးမယ် ။
“ ဖိုးစီ ... သားလေး လာဦး ၊ လာဦး ၊ မင်းစားဖို့ အမေ ငချိတ်ပေါင်း ဝယ်ထားတယ် ၊ မနက်အစောကြီး ဘယ်သွား နေတာလဲ သားရယ် ၊ မင့်အဖေ သိရင် အဆူအငေါက် ခံရဦးမယ် ”
“ ခင် ... ခင်ဗျား ... ဒီ ... ဒီလူကြီးကို ကျုပ် ... ကျုပ်အဖေ ... ကျုပ်အဖေလို့ မပြော .. မပြောပါနဲ့ဆို ”
မအိမ်မြဲနဲ့ ဖိုးစီတို့ တိုးတိုးကြိတ်ကြိတ် ပြောနေတာ ဖြစ်ပေမဲ့ စောင်းတဲထဲက နွားမသားအမိ အော်သံကြောင့် အိမ်ထဲမှာ အိပ်နေတဲ့ ကိုနီဂဒိုး တစ်ယောက် လန့်နိုးလာပါတယ် ။ အိပ်ရာက နိုးတာနဲ့ ဆေးပေါ့လိပ် ကောက်ဖွာ လိုက်ရမှ နေသာထိုင်သာရှိတဲ့ ကိုနီဂဒိုးဟာ ဆေးလိပ်ခွက် ထဲမှာ ဆေးလိပ်လိုက်ရှာတယ် ။ အစီခံထိ တိုနေတဲ့ ဆေးလိပ်တွေပဲတွေ့တယ် ။ ဆေးလိပ်အသစ် ကုန်နေပြီ ။
“ ဖိုးစီ ... ဟေ့ကောင် ဖိုးစီ ”
ကိုနီဂဒိုး အသံကြီး ဟိန်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ဖိုးစီဟာ ကုပ်ကုပ်ကုပ်ကုပ်နဲ့ အနားကို ရောက်လာပါတယ် ။ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကိုနီဂဒိုး ရှေ့ မှာ ခပ်ရို့ရို့ကလေး ရပ်နေတယ် ။
“ သွားစမ်း ...... မမွန်ရီ့ ဆိုင်က ဆေးလိပ် တစ်ဆယ်ဖိုး ဝယ်ခဲ့ ”
“ ဟုတ် ... ဟုတ် ... ကဲ့ ”
ဖိုးစီ လှည့်ထွက်သွားပြီး အိမ်ရှေ့တံစက်မြိတ်အောက် ရောက်ခါ ရှိပါသေးတယ် ။ နောက်ကနေ ပေါ်လာတဲ့ ကိုနီဂဒိုးရဲ့ အသံကြီးကြောင့် ဖိုးစီ ခမျာ ခြေလှမ်းတွေတောင် မှားမတတ်ပါပဲ ။
“ ဟေ့ကောင် ”
ဖိုးစီ မျက်နှာငယ်လေးနဲ့ ရပ်နေတယ် ။ တစ်စုံတစ် ရာ အသံမထွက်လာဘူး ။
“ ဆေးလိပ်ဝယ်ရင် သေချာရွေးဝယ်ခဲ့ ... ဆေးလိပ်ဖက်ရဲ့ အရောင်နဲ့ ဆေးလိပ်ဖင်တွေ မကောင်းတာ ယူခဲ့ရင်တော့ မင်း သေပြီသာ မှတ် ... ဟေ့ကောင် ကြားလား ”
“ ဟုတ် ... ဟုတ် ... ကဲ့ ”
ဖိုးစီ ဆေးလိပ်ဝယ်ပြီး ပြန်လာတော့ ကိုနီဂဒိုးဟာ အကြော့သား ဖြစ်နေပါပြီ ။ မျက်နှာသစ်ပြီးပြီ ။ ခေါင်းလိမ်းဆီ လိမ်းထားတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီး သင်ပြီးပြီ ။ စတစ်ကော်လာနဲ့ အင်္ကျီဖြူကို ခေါက်ရိုး မကျိုးအောင် ကြွကြွရွရွ ဝတ်ပြီးပြီ ။ ပိုးလုံချည် အပြာ နုရောင် ကွက်စိပ်ကို ဝတ်ပြီးပြီ ။ အိမ်ရှေ့ကပြင်မှာ မအိမ်မြဲ ချပေးထားတဲ့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း သူ့ရှေ့စားပွဲပေါ်က စားတော်ပဲပြုတ်နဲ့ ထမင်း ကြော်ကို စားလိုက် ၊ ရေနွေးကြမ်းသောက်လိုက်နဲ့ ဒူးကလေးတောင် နှန့်နေပါပြီ ။ နာမည်ကသာ ကိုနီဂဒိုး လို့ ဆိုပေမဲ့ တကယ်တော့ ကိုနီဂဒိုးရဲ့ အသားအရေဟာ ဟောဒီရွာကလေးနဲ့ မလိုက်အောင်ဘဲ ဝင်းအိနေတာမျိုးပါ ။
ဖိုးစီ လာပေးတဲ့ ဆေးပေါ့လိပ်တွေကို ဖင်ပြန် ခေါင်းပြန် စစ်ဆေးရင်း အနားမှာ ရပ်နေတဲ့ ဖိုးစီကို “ သွားတော့ ” လို့ ပြောလိုက်တယ် ။ ဒါပေမဲ့ ချက်ချင်းပါ ပဲ “ ဪ ... ဟေ့ကောင် ” ဆိုတဲ့အသံကြောင့် လှည့်ထွက်ဖို့ ဟန်ပြင်နေတဲ့ ဖိုးစီဟာ ဆတ်ခနဲ ရပ်သွားရ ပြန်ပါတယ် ။
“ မင်း ... နွားနို့ညှစ်ပြီးရင် နို့ဆီရုံကို မပို့ခင်မှာ ငါ့အတွက် နွားနို့တစ်ပုလင်း ချန်ထားခဲ့ ကြားလား ”
“ ဟုတ် ... ဟုတ် ... ကဲ့ ”
နွားကြီး ... ဖွတ်ကျားကြီးက နွားနို့တောင် သောက်ဦးမတဲ့ ။ အိမ်က နွားမသားအမိကို နို့ညှစ်တာကဖြင့် နှစ်ပုလင်းစာလောက်ပဲ ရတဲ့ဟာကို ။ သူက တစ်ပုလင်း သောက်မယ်ဆိုတော့ ဘာကျန်တော့မှာလဲ ။ ဖိုးစီ စိတ် ထဲက ကိုနီဂဒိုး ဆိုတဲ့ လူကြီးကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလိုက်ပြီးတော့ ‘ ထွီခနဲ ’ တံတွေး ထွေးပစ်လိုက်ချင်ပေမဲ့ တကယ်တမ်း ဖိုးစီ ထွေးလိုက်တဲ့ တံတွေးသံဟာ ‘ ပစ်ခနဲ ’ သာ မြည်ပါတယ် ။
စောစောက မအိမ်မြဲ ဝယ်ပေးတဲ့ ငချိတ်ပေါင်း ကိုလည်း ကိုနီဂဒိုး မမြင်အောင် ခိုးကြောင်ခိုးဝှက် စားရတာပါ ။ မြင်ရင် မလွယ်ဘူး ။ ဒီလို အအကို ဘာလို့ အပိုကုန်အောင် ဝယ်ကျွေးတာလဲတွေ ၊ ခုခေတ်က ထမင်းကြမ်းတောင် အနိုင်နိုင်စားရတာတွေ ပြောဦးမယ် ။ နောက်ဆုံး ကံမကောင်းရင်တော့ မအိမ်မြဲ ရော ၊ ဖိုးစီ ရော အရိုက်ခံရဦးမယ် ။
ဖိုးစီ နွားနို့ညှစ်ပြီးတော့ ကိုနီဂဒိုး လည်း ထမင်းကြော်နဲ့ ရေနွေးကြမ်းတွေ စားသောက်ပြီးပါပြီ ။ အဲသလို ပြီးတဲ့အခါမှာ ရွာလယ်က ဈေးထဲကို သွားမယ် ။ ကိုကျော်ညွန့်လက်ဖက်ရည်ဆိုင် ထိုင်မယ် ။ လက်ဖက်ရည်ဆိုင်နဲ့ တွဲလျက် ဘိလိယက်ခုံမှာ ဘိလိယက်ထိုးမယ် ။ ဘိလိယက်ထိုးပြီး နေ့လယ် ထမင်းစားချိန် လောက်မှာ အိမ်ပြန်လာမယ် ။ ဒါက ကိုနီဂဒိုး ရဲ့ မနက်ပိုင်း ထုံးစံတွေပဲ ။
မအိမ်မြဲ ထုတ်ပေးတဲ့ ငွေတချို့ကို သားရေပိုက် ဆံအိတ်ထဲ ထည့်ပြီး ကိုနီဂဒိုး ထွက်သွားတော့ ဖိုးစီ အိမ်ရှေ့ကို ရောက်လာပါတယ် ။
အိမ်ခေါင်းရင်းကိုင်မှာ ချိတ်ထားတဲ့ သုံးထပ်သား ဘလက်ဘုတ် ပေါ်မှာ ဟိုဖွတ်ကျားကြီး ဘာတွေများ ရေးခဲ့သလဲ ။ ဖိုးစီ ဖတ်ရပေလိမ့်ဦးမယ် ။
ဖိုးစီ ယနေ့ လုပ်ရန်အလုပ်များ .. တဲ့ ။ အဲဒီစာတန်းကြီး ရေးပြီး ချိတ်ထားတဲ့ သုံးထပ်သားကြီးကို ဖိုးစီ စိတ်ထဲကတော့ သူ့ခေါင်းတုံးပြောင်ပြောင်နဲ့ အားရပါး ရ တိုက်ပစ်ချင်တယ် ။ လက်သီးနဲ့ ပယ်ပယ်နယ်နယ် ထိုးခွဲပစ်ချင်တယ် ။ ဒါပေမဲ့ မထိုးရဲဘူး ။ ဒီနေ့လည်း ဘာတွေ ရေးသွားပြန်ပြီလဲ ။
ဖိုးစီ ယနေ့လုပ်ရန် အလုပ်များ ...
၁ ။ ထင်းကုန်ခါနီးပြီ ၊ နွားကျောင်းသွားရင်း ထင်းခွေခဲ့ပါ ။
၂ ။ အိမ်နောက်ဖေး ရေကန်မှ ရေမြောင်းများကို သန့် ရှင်းပါ ။
၃ ။ ရွာမြောက်ပိုင်း ဌေးအောင်ဇော်ထံမှ အကြွေးသွားတောင်းပါ ။
၄ ။ နွားစောင်းတဲထဲမှ နွားချေးများ အမှိုက်များကို ရှင်းထားပါ ။
၅ ။ ညနေမှာ မစက်မ ဆိုင်က အရက်ကို မဝယ်နဲ့ ။ ကိုရဲညွန့်ဆိုင် က အရက်ကို ဝယ်ထားပါ ။
ဒါတွေကတော့ ဖိုးစီ အဖို့ ဒီကနေ့ကို မပြီးပြီး အောင် လုပ်ရမယ့် အလုပ်တွေပါ ။ နေ့တိုင်းပါပဲ ။ ကိုနီဂဒိုး အပြင်မထွက်ခင်မှာ ရေးထားခဲ့လေ့ရှိတယ် ။ သူ ရေးထားခဲ့တဲ့ အလုပ်တွေ ထဲက တစ်ခုခုများ မပြီးရင် ဖြစ်စေ ၊ မလုပ်မိရင် ဖြစ်စေ ဖိုးစီ အတွက် မသက်သာဘူး ။ အရိုက်ခံရပြီသာ မှတ်ပေရော့ပဲ ။
ကြာပွတ် ... ။
လက်ညှိုးလောက် လုံးပတ်ရှိတဲ့ ကြိမ်လုံးထိပ်ဖျား မှာ သားရေပင်အမျှင်လေးတွေကို စုစည်းပြီး ချည်ထား တဲ့ ကြာပွတ် ... ။ အဲဒီ ကြာပွတ်ဟာ ဖိုးစီရဲ့ကျောပေါ် မှာ အရှိုးရာတွေ မြောက်မြားစွာကို ထင်စေခဲ့တာ ဘယ်နှကြိမ် ရှိပြီလဲ ။ ဖိုးစီရဲ့ အရေပြားတွေကို ဆွဲဆုတ်ပစ်ခဲ့ ဘာ ဘယ်ခါရှိခဲ့ပြီလဲ ။
အဲဒီ ကြာပွတ်ကြီးဟာ သက်ရှိ မဟုတ်ပေမဲ့ ကိုနီဂဒိုးရဲ့ အိပ်ရာခေါင်းရင်းမှာ ထားတဲ့ အဲဒီ ကြာပွတ်ကြီး ရှိရာကို ဖိုးစီ ဘယ်တော့မှ မသွားဘူး ။ ဘယ်တော့မှ မကြည့်ဘူး ။ တစ္ဆေသရဲ တစ်ကောင်လို ကြောက်ရွံ့နေမိတယ် ။
••••• ••••• •••••
“ ဟေ့ကောင် ... မင်းက ငါ့ကို ရွဲ့နေတာလားကွ ”
ကိုနီဂဒိုးရဲ့ အာလေးလျှာလေးအသံကြီးနဲ့ တစ်ပြိုင်နက်ပါပဲ ၊ အရက်နံ့ဟာ ထောင်းခနဲ ထွက်လာတယ် ။ ဖိုးစီရဲ့ လက်တွေလည်း ကိုနီဂဒိုးရဲ့ လည်ကုပ် ပေါ်မှာ ရပ်တန့်သွားတယ် ။
“ ဟေ့ကောင် ငအ မင်း ငါပြောတာ ကြားရဲ့ လား ၊ မင်းကို ခပ်ဖွဖွနှိပ်ပါလို့ ပြောရဲ့နဲ့ ... ဘာဖြစ်လို့ ထိုးထိုးပြီး ကုတ်တာလဲကွ ”
“ မ ... မ ... မဟုတ် .. ”
“ အေး ဒါ နောက်ဆုံးပဲ ၊ နောက်တစ်ခါဆိုရင်တော့ ငါက ပါးစပ်နဲ့ ပြောမှာ မဟုတ်ဘူး ။ နားလည်လား ဟေ့ကောင် ”
“ ဟုတ် ... ဟုတ် ... ကဲ့ ”
ဖွတ်ကျားကြီး ... ကြည့်စမ်းပါဦး ။ အရက်နံ့တွေ ကလည်း ဟောင်လို့ ။ မနက်ပိုင်းမှာ ရွာထဲကို ဟိုစပ်စပ် သည်စပ်စပ် လျှောက်သွားခဲ့သမျှ ၊ ကိုကျော်ညွန့်ရဲ့ ဘိလိယက်ခုံမှာ ဘိလိယက် ထိုးခဲ့သမျှ သူ ညောင်းတာကို ငါကပဲ နှိပ်နှိပ်ပေးရ ၊ ငါကပဲ နင်းနင်းပေးရနဲ့ ။ ဟောဒီ အပွေးထ နေတဲ့ ကုပ်ပိုးကြီးကို လက်နှစ်ဖက်နဲ့ အားရှိ ပါးရှိ လိမ်ချိုးပစ်လိုက်ချင်တယ် ။
ဖိုးစီရဲ့ စိတ်ထဲက အတွေးလှိုင်းတွေဟာဖြင့် လည်ချောင်းထဲက တံတွေးကို ကိုနီဂဒိုး မကြားမိအောင် မျိုချခြင်းနဲ့ပဲ အဆုံးသတ်ရတာ များပါတယ် ။
ရွာကလေးကတော့ ညထဲမှာ ငြိမ်သက်စ ပြုနေပါ ပြီ ။ ဟိုး ... ဧရာဝတီမြစ်ထဲက စက်လှေတွေရဲ့ အသံလို မျိုး ၊ ၁၅ မိနစ်တစ်ခါ ခေါက်လေ့ရှိတဲ့ ရွာကင်းတဲ ဆီက သံချောင်းသံလိုမျိုး ၊ ရွာတောင်ပိုင်းက တောအရက် ရောင်းတဲ့ မစက်မကြီး ရဲ့ တစ်ချက်တစ်ချက် လေချဉ်တက်သံလိုမျိုး ၊ ကျန်းမာရေးမှူး ကိုတင်ဦး ရဲ့ ကက်ဆက်က နီနီဝင်းရွှေ သီချင်းသံလိုမျိုး ၊ ကိုရင်ငွေကြီး နွားစာစဉ်းရင်း တွံတေးသိန်းတန် သီချင်းကို စူးစူးရှရှ လေချွန်သံလိုမျိုး ၊ ရွာအရှေ့ဘက် ဘုရားပျက်တွေ ဆီက ခွေးအူသံလိုမျိုးတွေ ကိုတော့ တိုးတိုးတစ်ခါ ၊ ပြင်းပြင်း တစ်လှည့် ကြားနေရတယ် ။
သိပ်မကြာခင်မှာတော့ ဖိုးစီ ရှေ့က ကုလားထိုင်မှာ ငိုက်နေတဲ့ ကိုနီဂဒိုး ဆီက ဟောက်သံတွေ ထွက်လာပါ ပြီ ။ အဲသလို ဟောက်သံ ထွက်လာရင် ဖိုးစီရဲ့ တာဝန် ပြီးပြီ ။ ကိုနီဂဒိုး အနားက ခွာပြီး ဖိုးစီ ဟာ သူ့အမေ မအိမ်မြဲရှိရာကို လျှောက်သွားပါတယ် ။
မနက်ခင်း ဆွမ်း ၊ ဟင်းလောင်းဖို့အတွက် ပဲရွေး နေတဲ့ မအိမ်မြဲ အနားကို ဖိုးစီ ရောက်တော့ မအိမ်မြဲ က သားဖြစ်သူကို မော့ကြည့်တယ် ။
“ ငါ့သားလေး အိပ်ချင်နေပြီလား ”
“ မ ... မ ... အိပ်ချင် ... သေး ... ဘူး ”
“ ထန်းလျက် စားမလား ”
“ မ ... မ ... စား ... ချင် .. ဘူး ”
“ သားလေး ထိုင်ပါဦးကွယ် ၊ မင်းကို အမေ ပြောမယ် ၊ မင်း ကိုနီဂဒိုးနဲ့ ပြေပြေလည်လည် ဖြစ်အောင် နေပါကွယ် ”
“ ကျုပ် ... ကျုပ် ... က သူ့ ... သူ့ ... သား ... မ ... မ ... ဟုတ်ဘူး ”
“ သူ့သား မဟုတ်ပေမယ့် မင်းကို သူက သံယောဇဉ် ရှိပါတယ်ကွယ် ”
"ကျုပ် ... ကျုပ် ... မ ...မယုံဘူး ၊ ကျုပ် ...ကျုပ်တို့ ... ဒီ ..... ဒီလူ ... ကြီးနဲ့ ဝေး .. ဝေးရာကို ထွက် ပြေး ... ပြေး ... ရ .. ရအောင် ”
“ ထွက်ပြေးလို့ ဘယ်ဖြစ်ပါ့မလဲ သားရယ် ၊ ဒီအိမ် က အမေတို့ အိမ် ၊ အမေတို့ ပစ္စည်းတွေ ၊ နောက်ပြီး ယာခင်းတွေ ကလည်း အမေတို့ ပိုင်တာပဲဥစ္စာ ၊ သူ ရှိနေတော့ လူရိုသေ ၊ ရှင်ရိုသေ ဖြစ်တာပေါ့ သားရယ် ၊ သားလေးသာ လိမ်လိမ်မာမာ နေလိုက်စမ်းပါ ။ သူ မကြိုက်တာ ၊ သူ သဘောမတွေ့တာတွေကို အတတ်နိုင်ဆုံး ရှောင်ပေါ့ ငါ့သားရယ် ... ကဲ ညဉ့်လည်း နက်လှပြီ ၊ သားလေး အိပ်နေတော့နော် ”
“ မ ... အမေ ... လည်း .... အဲ .. အဲဒါကြောင့် ... ခက်တာ ”
ဖိုးစီရဲ့မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းနေတယ် ။ သူ့ခေါင်းတုံးပြောင်ကို ပွတ်လိုက် ၊ နှပ်တရှုံ့ရှုံ့ လုပ်လိုက် ၊ သူ့ ဒူးခေါင်းကို လက်သီးဆုပ်နဲ့ ထုလိုက်ပါပဲ ။ ခဏကြာတော့ အံတစ်ချက် ကြိတ်ပြီး သူ အိပ်နေကျ နွားစောင်းတဲ ဘေးက အိပ်ရာဆီကို ထသွားပါတယ် ။ မအိမ်မြဲ ကတော့ ဘက်ထရီမီးရောင်ကလေးနဲ့ ပဲ ရွေးရင်း သက်ပြင်းအကြိမ်ကြိမ် ချပြီး ကျန်ခဲ့ပါတယ် ။ ညဟာ တစ်စတစ်စ နက်လာပါပြီ ။ သန်းခေါင်းယံ ကြက်တွန်သံတွေ ရွာကလေးရဲ့ အရပ်ရှစ်မျက်နှာဆီက တဖွဲဖွဲ ထွက်လာပါပြီ ။
••••• ••••• •••••
နေ့လယ် ထမင်းစားချိန်လောက်မှာ ကိုနီဂဒိုး ရွာထဲက ပြန်လာတော့ လေကလေး တချွန်ချွန်နဲ့ ဖြစ်ပေမဲ့ အိမ်ထဲဝင်လို့ ဖိုးစီ ကို တွေ့လိုက်တယ် ဆိုရင်ပဲ ရုတ်တရက် လေချွန်ရပ်သွားပါတယ် ။ ကြည့်စမ်း ဖိုးစီ ငါ့ကို အာခံပြန်ပြီ ။ ငါ မနက်ပိုင်း ဈေးမသွားခင်မှာ “ ဖိုးစီ မင့်ဆံပင်တွေ ရှည်နေပြီ ဖြတ်တော့ ” ဆိုတဲ့ စာကြောင်းကို သေသေချာချာ ထည့်ရေးထားခဲ့တာပါ ။ ဒီကောင် ဘာဖြစ်လို့ မဖြတ်တာလဲ ။ မအိမ်မြဲ ကများ ဆံပင်ဖြတ်ခ ပိုက်ဆံ မပေးလို့လား ။ ဒါလည်း မဖြစ်နိုင်ပါဘူး ။ တခြား အလုပ်တွေကို အရင်ပြီးအောင် လုပ် ပြီးမှ ဆံပင်ဖြတ်တဲ့ ကိစ္စကို လုပ်မလို့လား ။
“ ဟေ့ကောင် ... မင်းက ဆံပင်သွား မညှပ်သေးဘူးလား ”
အဲသလို မေးလိုက်တဲ့ ကိုနီဂဒိုး ကို ဖိုးစီ ဟာ တွေတွေကြီး ကြည့်နေတယ် ။ သူ့ လက်ကလည်း ခေါင်းက ဆံပင်တွေကို ထိုးထိုးဖွဖွ လုပ်နေပြန်တယ် ။ ရွှေစည်းခုံ ဘုရားမှာ ဖိုးစီ အဓိဋ္ဌာန် ဝင်ခဲ့တာ ဘာလိုလိုနဲ့ ၃ လ ကျော် ၄ လထဲတောင် ရောက်နေပါပြီ ။ ဖိုးစီ ရဲ့ ဆံပင် တွေဟာ ဆံဖြူ ကျိုးတိုးကျဲတဲ ရောနေပေမဲ့ တွန့်လိမ် ရှုပ်ပွပြီး တော်တော်သန်ပါတယ် ။ ဆီမလူး ၊ ခေါင်းမဖြီး တတ်တဲ့ ဆံပင်တွေ ဆိုတော့ ဖွာရရာကျဲပြီး ဘုတ်သိုက် ဖြစ်နေတယ် ။
“ ဟေ့ကောင် ... ဖိုးစီ ငါပြောနေတာ ကြားရဲ့လား ”
“ ကျုပ် ... ကျုပ် ”
“ ဘာလဲကွ ၊ မင်းအမေ မအိမ်မြဲက ဆံပင်ညှပ်ခ မပေးလို့လား ၊ ရော့ကွာ ငါ ပေးလိုက်မယ် ၊ သွားညှပ်တော့ ”
“ ကျုပ် ... ကျုပ် မ ... မ ... ညှပ် ... ချင်ဘူး ”
“ ဘာကွ ”
ဖိုးစီ ဒီနေ့ ဘာဖြစ်နေတာလဲ ။ အရင်ဆို ဒီကောင် ဒီလိုမဟုတ်ပါဘူး ။ အေးလေ ... နီဂဒိုး အကြောင်း သိလျက်နဲ့များ ၊ တွေ့ကြပြန်ပြီပေါ့ကွာ ။
“ ကဲ ... ဟေ့ကောင် ကြာတယ်ကွာ ၊ မင်းအခု ဆံပင်သွား ညှပ်မလား မညှပ်ဘူးလား ”
“ မ ... မညှပ် ... ဘူး ”
ဖိုးစီရဲ့ ထစ်ထစ်ငေါ့ငေါ့ စကားတွေမှ မဆုံးသေး ပါဘူး ။ ကိုနီဂဒိုး ဟာ သူ့ ကြာပွတ်ရှိရာကို သွားနေပါပြီ ။ ကိုနီဂဒိုး ကြာပွတ် ယူနေစဉ် မှာတော့ မအိမ်မြဲဟာ သူ့သား ဖိုးစီကို ဆံပင်သွား ညှပ်ဖို့ တတွတ်တွတ် ကပ်ပြီး ပြောနေရှာပါတယ် ။ ဖိုးစီ ကလည်း ခေါင်းမာတယ် ။
ဘယ်လိုပဲ ချော့ပြောပြော မရပါဘူး ။ ခေါင်းယမ်းယမ်း ပြနေတဲ့ ဖိုးစီရဲ့ မေးရိုးတွေဟာ အံကြိတ်ထားတော့ တင်းမာနေပါတယ် ။
ရွှမ်းခနဲ ကြာပွတ်သံ ပေးရင်း ထွက်လာတဲ့ ကိုနီဂဒိုးရဲ့မျက်နှာဟာ နဂိုက အသားဖြူတဲ့သူ ဖြစ်တော့ နီမြန်းနေပါပြီ ။ မျက်လုံးတွေက မီးဝင်းဝင်းတောက် ။
“ ကဲ ... ဟေ့ကောင် ကြာပွတ်နဲ့ ဆံပင်ညှပ်တာကို ကြိုက်ရာရွေး ”
“ ကိုနီဂဒိုး ကျုပ်သားလေးကို ကျုပ် ပြောကြည့် ပါဦးမယ်တော် ... မရိုက်ပါနဲ့ ”
“ အိမ်မြဲ .. နင်ဖယ်စမ်း ၊ ဟေ့ကောင် ကြိုက်ရာရွေးလို့ ငါ ပြောနေတယ် ”
“ ကျုပ် ... ကျုပ် ဆံ ဆံပင် ... မ ... မညှပ်ဘူး ”
“ အေး ... ဒါဆိုရင်တော့ ထုံးစံအတိုင်းပေါ့ကွာ ၊ သွား အိမ်ရှေ့က မန်းကျည်ပင်ကို ဖက်ထား ”
ဒီတစ်ခါတော့ ဖိုးစီဟာ မဆိုင်းမတွပါပဲ ။ အိမ်ရှေ့ လူတစ်ယောက် လက်ချင်းသိုင်းဖက်လို့ရတဲ့ မန် ကျည်းပင်ဆီကို ငိုက်စိုက် ငိုက်စိုက်နဲ့ သွားတယ် ။ ကိုနီဂဒိုးက ကြာပွတ်သံပေးရင်းနဲ့ နောက်က လိုက်လာတယ် ။
ရွာထဲက ကလေးလူကြီးတွေဟာ ဖိုးစီကို ရိုက်တဲ့ပွဲ ကြည့်ဖို့ ပြူတစ်ပြူတစ် ဖြစ်နေပါပြီ ။ ဒီပွဲမျိုးကလည်း မကြာမကြာ တွေ့နေ မြင်နေရတာဆိုတော့ သူတို့အတွက် ရိုးသလိုတောင် ဖြစ်နေပါပြီ ။ ဖိုးစီကို ကိုနီဂဒိုး ရိုက်နေတုန်းမှာ ဘယ်သူမှ ဝင်မတားရဲကြဘူး ။ ဝင်မဆွဲကြဘူး ။ သူတို့နဲ့ မဆိုင်သလိုပါပဲ ။ အဲဒီနေ့ကတော့ ဖိုးစီဟာ သတိလစ်သွားတဲ့ အထိ အရိုက်ခံရတာပါ ။ ဖိုးစီကို ရိုက်နေတုန်းမှာ ကာဆီး ကာဆီးလုပ်လို့ ဆိုပြီး မအိမ်မြဲ တောင်မှ နှစ်ချက်သုံးချက် အရိုက်ခံလိုက်ရပါသေးတယ် ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ ၊ အဲဒီနေ့ကတော့ ဖိုးစီရဲ့ ဆံပင်တွေနဲ့ ကြာပွတ်ရိုက်ချက်တွေကို လဲလိုက်တဲ့ နေ့ပါပဲ ။
ဖိုးစီရဲ့ ဆံပင်တွေဟာ အဲဒီနေ့ကျမှ ထူးထူးခြား ခြား ပိုမိုသန်စွမ်း နေသလိုတောင် ထင်ရပါတယ် ။
••••• ••••• •••••
ဖိုးစီဟာ ခုတလောတော့ မှန်တကြည့်ကြည့်နဲ့ ။
ကိုနီဂဒိုး အိမ်မှာ မရှိတဲ့အခိုက် ဆိုရင်တော့ ဖိုးစီနဲ့ မှန်နဲ့ တွဲလျက်ပဲ ။ အိမ်မှာ မှန်ကြည့်လို့ အားမရတဲ့အခါ တောထဲမှာ နွားကျောင်းရင်း ရေကန်ကို မှန်အဖြစ် ကြည့်ပြန်တယ် ။
ဖိုးစီရဲ့ ဆံပင်တွေ တော်တော်ကလေးကို ရှည်နေပါပြီ ။ အခုခေတ် မြို့က လူငယ်တွေလို ဆံပင်ကို နောက် စုစည်းမယ်ဆို စည်းလို့ရနေပြီ ။ ဒါပေမဲ့ ဆီမလူး ၊ ခေါင်းမဖြီးတော့ အဝေးကများ ဖိုးစီကို မြင်ရမယ်ဆိုရင် သရဲသဘက်တစ်ကောင်လို့တောင် ထင်သွားနိုင်ပါတယ် ။
“ ဟာ ... ဖိုးစီကြီး ကေကတော့ မိုက်တယ်ကွာ ” လို့ လမ်းမှာ တွေ့တဲ့ လူတွေက စကြ နောက်ကြတယ် ။ ဖိုးစီက ပြုံးပြုံးပဲ ။ ကျောလယ်လောက်ထိ ရောက်တော့မတတ် ရှည်နေတဲ့ သူ့ဆံပင်တွေ ရောက်တဲ့အထိ ကာလကြားမှာ ဖိုးစီ ၃ ခါ အရိုက်ခံခဲ့ရတယ် ။ ကိုနီဂဒိုး က “ မင်း ... ဆံပင်နဲ့ ကြာပွတ် ကြိုက်ရာရွေး ” လို့ ခိုင်းတာပဲ ။ ဖိုးစီ ကလည်း အရိုက်ခံခဲ့တာချည်းပဲ ။
“ ကိုနီဂဒိုး သေမှ ငါ့ဆံပင် ဖြတ်မယ် ” ဆိုတဲ့ အဓိဋ္ဌာန်ဟာ မပြည့်သေးပါဘူး ။ ကိုနီဂဒိုး ကလည်း ကျန်းမာလွန်း အားကြီးပါတယ် ။ ကျန်းမာရေး ကိုလည်း အလွန် ဂရုစိုက်တဲ့လူပါ ။ နှာစေး ၊ ချောင်းဆိုးတာကလေး အစ ၊ မူးတာမော်တာ ဖြစ်ရင်တောင် ရွာလယ်က ကျန်းမာရေးမှူး ကိုတင်ဦး ဆီ ပြေးတော့တာပဲ ။
တကယ်တော့ ဖိုးစီ အခုလို အဓိဋ္ဌာန်ထားတာ ဘယ်သူမှ မသိပါဘူး ။ ဘယ်သူ့ကိုမှလည်း အသိမပေးခဲ့ဘူး ။ သူ့အမေ မအိမ်မြဲက ဘာဖြစ်လို့ ဒီလောက် ဆံပင်အရှည်ကြီး ထားရတာလဲလို့ ချော့ချော့မေးပေမဲ့ ဖိုးစီ မဖြေခဲ့ဘူး ။
အဲဒီလိုနဲ့ လရောင်ဖျန်းထားတဲ့ ရွာကလေးရဲ့ ညတစ်ည မှာတော့ အရက်ကလေး ခပ်ထွေထွေ ၊ ကိုနီဂဒိုး နဲ့ ဖိုးစီကို ပြေပြေလည်လည် စကားပြော နေကြတာကို ထူးခြားစွာ တွေ့ ရပါတယ် ။ ကိုနီဂဒိုး ရဲ့ ဇက်ကြောကို လျှော့ပေးနေရင်းက စကားတွေ ပြောနေတဲ့ ဖိုးစီရဲ့အသံတွေဟာ ကြည်လင်နေသလိုမျိုးပဲ ။
“ မင်း ... အခု ဆံပင်တွေကို ဖြတ်မယ်ဆိုတော့ ငါ ဝမ်းသာပါတယ်ကွာ .. မနက်ဖြန် မနက်စောစော သွားပါလားကွာ ၊ မင်းအမေ မအိမ်မြဲ ဆီ ပိုက်ဆံ တောင်းမနေနဲ့ ၊ ငါ့ဆီကပဲ ယူသွားပါကွာ ”
“ အင်း ... အင်း ... ပါ ... မ .... မ ... နက် ... မှ ... ပဲ ... ညှပ် ... ညှပ် ... ရ ... တော့ ... မှာ ... မှာ ... ပေါ့ ”
“ မင်း ... ငါ့စကားကို နားထောင်စမ်းပါကွာ ၊ ငါ ခိုင်းတဲ့အတိုင်း လုပ်စမ်းပါ ။ မင်းတို့ သားအမိကို စောင့်ရှောက်မယ့်လူ ဆိုလို့ ဒီတစ်ရွာလုံးမှာ ရှာကြည့်လိုက်စမ်း ၊ ငါ တစ်ယောက်ပဲ ရှိတာပါ မောင်ဖိုးစီရာ ”
ဖိုးစီ ဆီက စကားသံ ထွက်မလာဘူး ။ ဒါပေမဲ့ သတိထားကြည့်မယ် ဆိုရင်တော့ ဖိုးစီရဲ့ အသက်ရှူသံတွေဟာ မြန်နေတာကို တွေ့ ရပါလိမ့်မယ် ။ ကိုနီဂဒိုးရဲ့ အသံလေးလေးကြီးပဲ ထွက်လာပြန်ပါတယ် ။
“ ဒါနဲ့ ... မောင်ဖိုးစီ ၊ မင်း ငါ့ကို မှန်မှန်ပြောစမ်းပါကွာ ... ဘာဖြစ်လို့ ဆံပင်တွေ မဖြတ်တာလဲ ၊ ငါ့ကို အားမနာနဲ့ ပွင့်ပွင့်လင်းလင်းသာပြောပါ မောင်ဖိုးစီရာ ”
အဲဒီလိုလည်း ကိုနီဂဒိုးက ပြောလိုက်ရော ဖိုးစီရဲ့ ညာဘက်လက်ဟာ လျှပ်တစ်ပြက် လှုပ်ရှားသွားတယ် ။ လက်လှုပ်ရှားတာနဲ့ တစ်ပြိုင်နက်ပါပဲ ၊ ဖိုးစီရဲ့ ပါးစပ်ကလည်း အသံဗလံ တစ်ချို့ ထွက်ပေါ်လာတယ် ။
“ ဟောဒီဟာကို စောင့်နေလို့ ဆံပင် မဖြတ်တာကွ ”
ဖိုးစီလက်ထဲက ဓားမြှောင်ဟာ ဓားသွားတစ်ဆုံးထိ ကိုနီဂဒိုးရဲ့ နံကြားထဲကို ဝင်နေပါပြီ ။ တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလောက် အချိန်ပဲ ရှိနိုင်ပါတယ် ။ မြန်လိုက်တဲ့ဖြစ်ခြင်း ၊ လျှပ်စီးလက်သထက်တောင် မြန်လွန်းနေပါတယ် ။
ကိုနီဂဒိုး ကတော့ အီခနဲတစ်ချက် ညည်းရင်း ဖိုးစီကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေပါတယ် ။ ပါးစပ်ကလည်း ဗလုံးဗထွေး အသံတွေထွက်လာတယ် ။
“ ဖိုးစီ ... မင်း ... မင်း .. ငါ့ .... ငါ့ကို ”
ခွေပြီး လဲကျတော့မယ် ကိုနီဂဒိုးရဲ့ ခန္ဓာကိုယ်ကြီးကို ဖိုးစီဟာ ထိန်းထားလိုက်တယ် ။ ပြီးတော့မှ ကိုနီဂဒိုး နားရွက်နားကိုကပ်ပြီး ပြောတယ် ။
“ ဦးနီဂဒိုးသေမှ ဆံပင်ဖြတ်မယ်လို့ ကျုပ် အဓိဋ္ဌာန်ဝင်ထားခဲ့ပေမဲ့ ကျုပ်ဆံပင်တွေသာ ရှည်လာတယ် ။ ခင်ဗျားက မသေဘူး ။ အဲဒီတော့ ကျုပ် ဆံပင်တွေကို ဖြတ်ဖို့ ... ”
ဖိုးစီဟာ ကိုနီဂဒိုး နံကြားမှာ စိုက်ဝင်နေတဲ့ ဓားမြှောင်ကို ဆွဲနုတ်တယ် ။ ပြီးတော့မှ ကိုနီဂဒိုးရဲ့ ဝမ်းဗိုက်ထဲကို ဆင့်ကာဆင့်ကာ ထို းပစ်နေတယ် ။
တစ်စုံတစ်ယောက်ကများ မြင်ခဲ့လို့ရှိရင်တော့ ဖိုးစီ မှာ သရဲမရဲ စီးနေပြီလို့တောင် တင်သွားနိုင်ပါတယ် ။
“ မနက်ဖြန်မှာ ကျုပ် ဆံပင်ဖြတ်မယ် ”
ခရီးထွက်သွားတာ နှစ်ရက်ကြာပြီဖြစ်တဲ့ မအိမ်မြဲ သာသိရင် ဖိုးစီ တစ်ယောက် စကားပြောတာ မထစ်တော့ပါလား ဆိုပြီး အံ့ဩနေမှာ သေချာတယ် ။
▢ ကျော်ခန့်လူ
📖Trasure Land မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၄
No comments:
Post a Comment